ကျမ်းစာများ
ဧသာ ၁၁


အခန်းကြီး ၁၁

စစ်တိုက်ခြင်းများ၊ ငြင်း​ခုံခြင်း​များ​နှင့် ဆိုး​ညစ်ခြင်းတို့​သည် ယာရက်​အမျိုး​သား​အသက်​တာကို လွှမ်း​မိုး၏—ယာရက်​အမျိုး​သားတို့ နောင်တ​မရလျှင်၊ သူတို့၏ ရှင်း​ရှင်း​ပျက်​စီးခြင်းကို ပရောဖက်တို့က ကြို​တင်၍​ဟော​ကိန်း​ထုတ်၏—လူတို့သည် ပရောဖက်တို့၏​စကားများကို ငြင်း​ပယ်ကြ၏။

ကုမ်၏​လက်​ထက်​တွင်​လည်း၊ ပရောဖက်​များစွာတို့ ရောက်​လာကြပြီး၊ များစွာသောလူ​တို့ နောင်တ​မရ၊ ထို့အတူ ကိုယ်တော်ရှင်​ထံသို့​ပြန်​မလာ၊ ထို့အတူ သူတို့၏​လူ့​အသက်​သတ်ခြင်းနှင့် ဆိုး​ညစ်ခြင်းတို့​ကို စွန့်​ပစ်ခြင်း​မရှိလျှင်၊ သူတို့​ပျက်စီးခြင်း​အကြောင်းကို ပရောဖက်​ပြု၍​ဟောကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ပရောဖက်တို့​သည် လူတို့၏​ငြင်း​ပယ်ခြင်းကို ခံ​ရ၍၊ အကာ​အကွယ်​အတွက် ကုမ်ထံသို့ ထွက်​ပြေးကြ၏။ အကြောင်း​မူကား၊ လူတို့သည် သူတို့ကို ဖျက်​ဆီးခြင်းငှာ ကြိုး​စားအားထုတ်ကြ၏။

သူတို့​သည်​လည်း ကုမ်​အား များစွာသော​အရာတို့ကို ပရောဖက်​ပြု၍ ဟောကြ၏။ သူ​သည်​လည်း သူ့​အသက်​တာ၏​ကျန်​ကြွင်းချိန်​တစ်လျှောက်​လုံးတွင် ကောင်းချီး​ခံ​စား​ရ၏။

သူသည် အသက်​ကြီး​ရင့်သည်​အထိ အသက်ရှင်ခဲ့ပြီး၊ ရှိဗလုံကို ဖွား​မြင်စေ၏။ ရှိဗလုံ​သည်​လည်း သူ၏​နေရာ၌ နန်း​စံ၏။ ရှိဗလုံ၏​အစ်ကိုသည် သူ့ကို ဆန့်ကျင်၍ ပုန်ကန်​ပြီး၊ ထိုပြည်​တစ်လျှောက်လုံး၌ အလွန်​ကြီးစွာသော စစ်​တိုက်ခြင်း​ဖြစ်​စ​ပြု၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ရှိဗလုံ၏​အစ်ကိုသည် လူတို့၏​ပျက်စီးခြင်း​အကြောင်းကို ပရောဖက်​ပြု၍ ဟောသည့်ပရောဖက်ခပ်သိမ်းတို့ကို အသေ​သတ်ခံရစေ၏။

ပြည်​တစ်ခုလုံး၌​လည်း ကြီးစွာသော ဘေး​ဒုက္ခ​ဖြစ်၏။ အကြောင်း​မူကား၊ သူတို့​သက်​သေခံ​ကြ​သည်မှာ၊ ထို​ပြည်​အပေါ်နှင့် လူတို့​အပေါ် ကြီးစွာသော​ကျိန်ခြင်း ကျ​ရောက်​လာမည့်​အကြောင်း၊ မြေကြီး​မျက်နှာ​ပြင်​ပေါ်မှာ မရှိ​စဖူးသည့် ကြီးစွာသော​ပျက်စီးခြင်း သူတို့မှာ ရှိလျက်၊ သူတို့၏​ဆိုးညစ်ခြင်းမှ နောင်တ​မရလျှင်၊ သူတို့၏​အရိုး​များ​သည်​လည်း ထိုပြည်၏​မျက်နှာ​ပြင်​ပေါ်တွင် မြေကြီး​အစု​အပုံ​ကဲ့သို့​ဖြစ်​လာမည့်​အကြောင်းတို့​ပေတည်း။

ထိုသူတို့​သည်​လည်း မိမိတို့၏​ဆိုး​ညစ်သောဂိုဏ်းများ​ကြောင့် ကိုယ်တော်ရှင်၏​အသံကို စေ့စေ့နား​ထောင်ခြင်း​မရှိကြ။ သို့​ဖြစ်၍၊ ထိုပြည်​တစ်ခုလုံး၌ စစ်​တိုက်ခြင်း​များ​နှင့် ရန်တွေ့ခြင်းများ အစ​ပြုကြ​ပြီး၊ ငတ်​မွတ်​ခေါင်းပါးခြင်း​ဘေးများစွာနှင့် ကာလ​နာတို့​လည်း​ရှိ၍၊ မြေကြီး​မျက်နှာ​ပြင်​ပေါ်၌ ထိုကဲ့သို့​မတွေ့ကြုံ​ဖူးလေ​သည့် ကြီးစွာသော​ဖျက်ဆီးခြင်း ရှိ​လေ၏။ ဤအရာ​အားလုံး​သည်​လည်း ရှိဗလုံ၏​လက်​ထက်၌ ဖြစ်​လာ၏။

လူတို့​သည်​လည်း မိမိတို့၏​ဒုစရိုက်များမှ နောင်တ​ရ​စပြုလျက်၊ သူတို့​နောင်တ​ရကြ​သမျှ၊ ကိုယ်တော်ရှင်သည် သူတို့ကို ကရုဏာထား​တော်မူ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ရှိဗလုံသည် ကွပ်မျက်​ခံရ၏။ ရှေသ​သည်​လည်း ဖမ်း​ဆီး​ချုပ်​နှောင်ခြင်းသို့ ဆောင်ခြင်းကို ခံရပြီး၊ အသက်​တာ​တစ်လျှောက်လုံး ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း​ထဲမှာ နေ​ထိုင်၏။

၁၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူ၏သား အာဟသည် နိုင်ငံကို ရ​ရှိ၏။ သူ၏​လက်​ထက်​တစ်လျှောက်လုံး လူတို့​အပေါ် သူ​အုပ်စိုး၏။ သူ၏​လက်​ထက်​တစ်လျှောက်​လုံး​တွင် အမျိုး​မျိုးသော ဒုစရိုက်ကို​ပြုခြင်း​အား​ဖြင့်​လည်း၊ အသွေး​သွန်း​လောင်းခြင်း​များစွာကို ဖြစ်​စေ၏။ သူ၏​နေ့​ရက်တို့​သည်​လည်း အနည်း​ငယ်​မျှ​သာ​ရှိ၏။

၁၁ ဧသမ်​သည်​လည်း အာဟ၏​အမျိုး​အနွယ်​ဖြစ်၍ နိုင်ငံကို ရ​ရှိ၏။ သူ​သည်​လည်း ဆိုးညစ်သော​အရာကို သူ၏​လက်​ထက်၌ ပြု၏။

၁၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဧသမ်၏​လက်​ထက်တွင်၊ ပရောဖက်​များစွာတို့ ရောက်​လာလျက်၊ လူတို့အား တစ်ဖန်​ပရောဖက်​ပြု၍​ဟောကြ၏။ ထိုမှတစ်ပါး၊ သူတို့၏​ဒုစရိုက်များမှ နောင်တ​မရလျှင်၊ သူတို့ကို မြေကြီး​မျက်နှာ​ပြင်​ပေါ်မှ ကိုယ်တော်ရှင် ရှင်း​ရှင်း​ဖျက်​ဆီး​တော်မူမည့်​အကြောင်း ပရောဖက်​ပြု၍ ဟောကြ၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လူတို့သည် စိတ်နှလုံးကို မာကျော​စေလျက်၊ သူတို့၏​စကားများကို စေ့စေ့နား​မထောင်​လိုကြ။ ပရောဖက်တို့​သည်​လည်း ငိုကြွေးမြည်​တမ်း၍၊ လူတို့​ထံမှ ထွက်​ခွာ​သွားကြ၏။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဧသမ်သည် သူ၏​လက်​ထက်​တစ်လျှောက်​လုံး​တွင် ဆိုးညစ်ခြင်းဖြင့် တရား​စီရင်​ပြီး၊ မော်ရုန်ကို ဖွား​မြင်​စေ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ မော်ရုန်သည် သူ၏​နေရာ၌ နန်း​စံ၏။ မော်ရုန်​သည်​လည်း ကိုယ်တော်ရှင်​ရှေ့မှာ ဆိုး​ညစ်သော​အရာကို ပြု၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ အစိုး​ရခြင်းနှင့် အကျိုး​အမြတ်​ရခြင်းငှာ တည်​ထောင်​ထားသည့် လျှို့​ဝှက်ဂိုဏ်း​ကြောင့်၊ လူတို့၌ ပုန်​ကန်ခြင်း ရှိ​လာ၏။ ဒုစရိုက်၌ အား​ကြီး​သူ​တစ်​ဦး​သည်​လည်း သူတို့၌​ရှိ​လာပြီး၊ မော်ရုန်ကို​စစ်​တိုက်၍၊ ထို​တိုက်​ပွဲ​တွင် နိုင်ငံ၏​တစ်ဝက်ကို သိမ်း​ယူ၏။ ထိုသူသည် နိုင်ငံ၏​တစ်ဝက်ကို နှစ်​ပေါင်း​များစွာ ထိန်း​သိမ်း၏။

၁၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ မော်ရုန်သည် ထိုသူကို အနိုင်​ရပြီး၊ နိုင်ငံကို တစ်ဖန်​ပြန် ရ၏။

၁၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တ​ခြားသော အား​ကြီး​သူ​တစ်ယောက်​ရှိ​လာ၏။ ထို​သူ​သည်​လည်း ယာရက်​အစ်ကို၏ အမျိုး​အနွယ်​တစ်​ဦး​ဖြစ်၏။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုသူသည် မော်ရုန်ကို အနိုင်​ရပြီး၊ နိုင်ငံကို ရ​ရှိ၏။ သို့​ဖြစ်၍၊ မော်ရုန်သည် သူ့​အသက်​တာ၏​ကျန်​ကြွင်း​ချိန်​တစ်လျှောက်​လုံးတွင် ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း၌ နေ​ထိုင်၏။ ကော်ရန်တာကို​လည်း ဖွား​မြင်​စေ၏။

၁၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန်တာ​သည် သူ့​အသက်​တာ​တစ်လျှောက်​လုံး​တွင် ဖမ်း​ဆီး​ချုပ်​နှောင်ခြင်း၌ နေ​ထိုင်၏။

၂၀ ကော်ရန်တာ၏​လက်​ထက်​တွင်လည်း ပရောဖက်​များစွာတို့ ရောက်​လာ၍၊ ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်းသော​အရာတို့ကို ပရောဖက်​ပြု၍​ဟောလျက်၊ နောင်တ​ရခြင်းကို လူတို့အား ဟစ်​ကြော်ကြ၏။ သူတို့​နောင်တ​မရလျှင်၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် သူတို့ကို ရှင်း​ရှင်း​ပျက်​စီးသည့်​တိုင်​အောင် သူတို့​တစ်ဖက်မှာ တရား​စီရင်​တော်မူ​လိမ့်မည့် အကြောင်းကို​လည်း ပရောဖက်​ပြု၍ ဟောကြ၏။

၂၁ ကိုယ်တော်ရှင်​ဘုရားသခင်က​လည်း သူတို့​ဘိုးဘေးတို့ကို ဆောင်​ယူ​တော်မူ​သည့်​နည်းတူ၊ သူ၏​တန်ခိုးတော်​အားဖြင့် တခြားသော​လူမျိုး​အား ထိုပြည်ကို ပိုင်​ဆိုင်​စေခြင်းငှာ၊ လွှတ်တော်မူ​လိမ့်မည်၊ သို့မဟုတ်၊ ဖြစ်​ပေါ်​စေတော်မူ​လိမ့်မည်။

၂၂ သူတို့၏​လျှို့​ဝှက်သော​အဖွဲ့နှင့် ဆိုးညစ်သော​စက်ဆုပ်​ရွံရှာဖွယ်​အမှုများကြောင့်၊ ပရောဖက်တို့၏​ခပ်သိမ်းသော​စကားများကို သူတို့​ငြင်း​ပယ်ကြ၏။

၂၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ကော်ရန်တာသည် ဧသာကို ဖွား​မြင်​စေလျက်၊ သူ၏​ဘဝ​တစ်လျှောက်​လုံး ဖမ်းဆီးချုပ်​နှောင်ခြင်း၌ နေထိုင်ပြီး၊ သေ၏။