ကျမ်းစာများ
ဧသာ ၄


အခန်းကြီး ၄

မော်ရော်နိုင်း​သည် ယာရက်​အစ်ကို၏ စာများကို တံဆိပ်​ခတ်ရန် မိန့်မှာခံရ၏—ထိုအရာတို့ကို လူသားတို့ ယာရက်၏​အစ်ကို​ကဲ့သို့ ယုံကြည်ခြင်း​ရှိကြသည့်​အချိန်​အထိ၊ ဖော်​ပြလိမ့်မည်​မဟုတ်—ခရစ်တော်​သည် လူသားတို့ကို သူ၏​စကားများနှင့် သူ့​တပည့်​တော်တို့၏​စကားများကို ယုံကြည်ရန် မိန့်မှာ၏—လူသားတို့သည် နောင်တ​ရရန်၊ ဧဝံဂေလိ​တရား​တော်ကို ယုံကြည်​ရန်၊ ထို့အတူ ကယ်​တင်ခြင်းသို့ ရောက်​ရန် မိန့်မှာခံရ၏။

ကိုယ်တော်ရှင်ကလည်း ယာရက်၏​အစ်ကိုအား ကိုယ်တော်ရှင်၏​မျက်​မှောက်တော် တောင်​ပေါ်မှ ဆင်း​သွားရန်၊ သူ​မြင်ခဲ့​ရလေသည့်​အရာတို့ကိုလည်း ရေးရန် မိန့်တော်မူ၏။ သူလက်​ဝါး​ကပ်​တိုင်​ပေါ်၌ မြှောက်​ထားမခံ​ရ​မီအထိ ထို​အရာတို့ကို လူ​သားတို့​ထံ​ရောက်​လာခြင်းမှ တား​မြစ်​ထားတော်မူ၏။ ဤ​အကြောင်း​ရင်း​ကြောင့်ပင် မောဇိယ​မင်းကြီးသည် ခရစ်တော် သူ၏လူမျိုးတို့ထံ ကိုယ်ထင်ပြ​တော်​မမူ​မီ​အထိ ထိုအရာတို့ကို လောကသို့​ရောက်​မလာ​ရ​စေခြင်းငှာ သိမ်း​ဆည်း​ထား၏။

ခရစ်တော်မိမိ​လူမျိုးတို့ကို အမှန်ကိုယ်ထင်​ပြ​တော်မူ​လေပြီးမှ၊ ထိုအရာတို့ကို ထင်ရှား​စွာ​ပြရမည့်​အကြောင်း သူမိန့်​တော်မူ၏။

ယခုမူကား၊ ထိုကာလ​နောက်၌ သူတို့​အားလုံးသည် ယုံကြည်မှု​လျော့​ပါး​ဆုတ်​ယုတ်​လာ​လေပြီ။ လာမန်​အမျိုး​သားတို့​မှတစ်ပါး အဘယ်​သူမျှ​မရှိ။ သူတို့​သည် ခရစ်တော်၏​ဧဝံဂေလိ​တရား​တော်​ကို ငြင်း​ပယ်ကြ၏။ ထိုကြောင့်၊ ငါ​သည် ထိုအရာတို့ကို မြေကြီး​ထဲ၌ တစ်ဖန်​ဝှက်​ထား​ရမည့်​အကြောင်း မိန့်​တော်မူခံ​ရ၏။

ရှုလော့၊ ငါသည် ယာရက်၏​အစ်ကို​မြင်သည့် အရာတို့ကို ဤ​ပုရပိုက်​ပြားများ​ပေါ်၌ ရေး​လေ၏။ ယာရက်၏​အစ်ကို​ထံသို့ ထင်ရှားစွာ​ပြတော်မူသည့်​အရာများထက် သာ၍​ကြီးစွာသော ထင်​ရှားစွာ​ပြ​ဖူးသည့်​အရာများ​လည်း​မရှိ။

သို့​ဖြစ်၍၊ ကိုယ်တော်ရှင်သည် ငါ့ကို ထိုအရာတို့ကို ရေးရန်မိန့်တော်မူ​လေ၏။ ငါ​လည်းရေးလေ၏။ သူသည် ငါ့ကို ထိုအရာတို့ကို တံဆိပ်​ခတ်​ရမည့်​အကြောင်းကို​လည်း မိန့်​တော်မူ၏။ ထိုအရာတို့၏​အနက်​ဖွင့်​ပြခြင်း​ကို ငါတံဆိပ်​ခတ်၍​ထားရမည့်​အကြောင်းကိုလည်း မိန့်​တော်မူ​၏။ သို့​ဖြစ်၍၊ ငါသည် အနက်​ဖွင့်​ပြသော​အရာများကို တံဆိပ်​ခတ်၏၊ ကိုယ်တော်ရှင်၏​မိန့်မှာ​ချက်​အတိုင်းပင်တည်း။

အကြောင်း​မူကား၊ ငါ့ကို ကိုယ်တော်ရှင်​မိန့်တော်မူ​လေ​သည်မှာ၊ တပါး​အမျိုး​သားတို့ သူတို့၏​ဒုစရိုက်မှ နောင်တ​ရ၍၊ ကိုယ်တော်ရှင်​ရှေ့၌ သန့်ရှင်း​လာမည့်​ကာလ​မတိုင်မီ​အထိ သူတို့​ထံသို့ ထိုအရာများ ထွက်​မသွားရ။

ကိုယ်တော်ရှင်​မိန့်တော်မူ​လေ​သည်မှာ၊ သူတို့​သည် ယာရက်၏​အစ်ကို ပြု​သကဲ့သို့ပင် ငါ့ကို ယုံကြည်မှု​ပြုကြမည့်​ကာလ၌ ငါ​အားဖြင့် သန့်​ရှင်းစင်ကြယ်​လာနိုင်​ကြ​စေ၍၊ ထို့နောက်​တွင်၊ ငါသည် ငါ၏​ဗျာဒိတ်တော်​ခပ်သိမ်းကို သူတို့အား ဖွင့်​ပြခြင်းသို့​တိုင်​အောင်ပင်၊ ယာရက်၏​အစ်ကို မြင်သော​အရာတို့ကို သူတို့အား ထင်ရှားစွာ​ပြတော်မူ​မည်​ဟု ယေရှု​ခရစ်တော်၊ ဘုရားသခင်၏​သားတော်၊ ကောင်းကင်နှင့် မြေကြီး ထို့အတူ ၎င်းတို့​အထဲ၌​ရှိသမျှသော​အရာတို့၏ ခမည်းတော်က မိန့်တော်မူ၏။

ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို ခုခံ​တွန်း​လှန်မည့်​သူသည် ကျိန်ခြင်းကို ခံစေ။ ဤ​အရာတို့ကို ငြင်းဆို​မည့်​သူ​သည်​လည်း ကျိန်ခြင်းကို ခံစေ။ အကြောင်း​မူကား၊ ထိုသူတို့ကို ငါသည် သာ၍​ကြီးစွာသော​အရာတို့ကို ပြမည်​မဟုတ်ဟု ယေရှု​ခရစ်တော် မိန့်တော်မူ၏။ အကြောင်း​မူကား၊ ငါသည် ဟော​ပြော​သော​သူ​ဖြစ်၏။

ငါ့​အမိန့်​အားဖြင့် ကောင်းကင်တို့​သည် ပွင့်ကြ၊ ပိတ်ကြ၏။ ငါ့​စကား​အားဖြင့်လည်း မြေကြီး​လှုပ်လိမ့်မည်။ ငါ့​အမိန့်​အားဖြင့်​လည်း ၎င်းတို့၌ နေထိုင်ကြ​သော​သူတို့သည် မီး​ဘေးဖြင့်ပင် ကွယ်​လွန်​သွားကြ​လိမ့်မည်။

၁၀ ငါ၏​နှုတ်​ကပတ်တော်တို့ကို မယုံကြည်​သော​သူ​သည် ငါ၏​တပည့်​တော်တို့ကို မယုံကြည်ကြ။ ငါ​ဟော​ပြောကြောင်း ဟုတ်​မဟုတ်ကို သင်တို့​မစီ​ရင်ကြနှင့်။ အကြောင်း​မူကား၊ သင်တို့သည် ဟော​ပြောသော​သူမှာ ငါ​ဖြစ်​ကြောင်းကို နောက်​ဆုံး​သော​နေ့၌ သိကြ​လိမ့်မည်။

၁၁ သို့ရာတွင်၊ ငါ​ဟော​ပြောသည့် ဤအရာတို့ကို ယုံကြည်သော​သူထံသို့ ငါ့​ဝိညာဉ်တော်၏ ထင်​ရှားစွာ​ပြ​တော်မူခြင်းဖြင့် ငါ​အကြည့်​အရှု​ကြွ​တော်မူ​လျှင်၊ ထို​သူ​သည် သိ၍ သက်​သေ​ခံလိမ့်မည်။ ငါ၏​ဝိညာဉ်တော်​ကြောင့်၊ သူသည် ဤအရာတို့​မှန်​ကန်ကြောင်းကို သိလိမ့်မည်။ အကြောင်း​မူကား၊ ထိုအရာသည် လူသားတို့ကို ကောင်း​မြတ်သည်​ကို​ပြု​ကြ​စေခြင်းငှာ ဖျောင်း​ဖျ၏။

၁၂ ထို့အတူ၊ ကောင်း​မြတ်​သည်ကို ပြုကြ​စေခြင်းငှာ၊ လူသားတို့ကို ဖျောင်း​ဖျသော​အရာ​မှန်သ​မျှ​သည် ငါ့ထံ​မှ​ဖြစ်​၏။ အကြောင်း​မူကား၊ ကောင်း​မြတ်သော​အရာ​သည် ငါ့​ထံ​မှတစ်ပါး၊ အဘယ်​သူ့​ထံမှ မလာ။ ငါ​သည်ကား၊ လူ​သားတို့ ကောင်း​မြတ်သော​အရာ​အားလုံးကို ပြုကြ​စေခြင်းငှာ၊ လမ်း​ညွှန်သော​သူ​ပေတည်း။ ငါ၏​နှုတ်က​ပတ်တော်တို့ကို မယုံ​ကြည်မည့်​သူသည် ငါ့ကို မယုံကြည်—ငါ​ရှိ​ကြောင်းကို​လည်း မယုံကြည်။ ငါ့ကို မယုံကြည်သော​သူသည် ငါ့ကို​စေလွှတ်​တော်မူသည့် ခမည်းတော်​ကို​လည်း ယုံကြည်​လိမ့်မည်​မဟုတ်။ အကြောင်း​မူကား၊ ရှုလော့၊ ငါသည် ခမည်းတော်​ဖြစ်၏။ ငါသည် အလင်း၊ ထို့အတူ အသက်၊ ထို့အတူ လောက၏​အမှန်​တရား ဖြစ်​တော်မူ၏။

၁၃ အို အသင်​တပါး​အမျိုး​သားတို့၊ ငါ့​ထံသို့ လာကြ​လော့၊ ငါသည် သင်တို့အား သာ၍​ကြီးစွာသော​အရာတို့ကိုပြတော်မူမည်၊မယုံကြည်ခြင်း​ကြောင့် ဝှက်​ထားသည့် အသိ​ပညာပေတည်း။

၁၄ အို ဣသရေလ​အမျိုး​သားတို့ ငါ့ထံသို့ လာ​ကြလော့။ သင်တို့​အတွက် ကြီးစွာသော​အမှုများကို ကမ္ဘာ​တည်ကတည်းက ခမည်းတော်​အဘယ်​မျှ​အထိ ပြင်​ဆင်​ထား​တော်မူ​လေ​ကြောင်းကို သင်တို့အား ထင်​ရှားစွာ ပြ​လိမ့်​မည်။ မယုံကြည်မှု​ကြောင့်၊ ထို​အရာ​သည် သင်တို့​ထံသို့ မလာ။

၁၅ ရှုလော့၊ သင်တို့၏​ဆိုး​ညစ်ခြင်း၊ ထို့အတူ၊ စိတ်​နှလုံး​မာကျောခြင်း၊ ထို့အတူ အသိ​စိတ်​ကွယ်ခြင်းတို့၏​အလွန်​ဆိုး​ရွားသော​အခြေ​အနေ၌ သင်တို့ကို​ဆက်၍​ရှိ​နေ​စေသည့် မယုံကြည်ခြင်း​ကန့်​လန့်​ကာကို သင်တို့​ခွဲကြမည့်​အချိန်၏​နောက်၌၊ ကမ္ဘာတည်​ကတည်းက သင်တို့​ထံမှ လျှို့​ဝှက်​ထားသော ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်းသော​အရာများ—ထို​မှတစ်ပါး၊ သင်တို့​သည် ကျိုးပဲ့သော​နှလုံး​သားနှင့် ကြေကွဲ​သော​စိတ်​ဖြင့် ခမည်းတော်​ထံသို့ ငါ၏​နာမတော်​အားဖြင့် ပဌနာ​ပြု​ကြ​ပြီးမှ၊ ခမည်းတော်​သည် သင်တို့​ဘိုး​ဘေး​များထံ ပြု​တော်မူသည့် ပဋိညာဉ်ကို အောက်​မေ့​တော်မူ​လိမ့်မည်​ဖြစ်​ကြောင်း သိကြ​လိမ့်မည်။ အို ဣသရေလ​အမျိုး​သားတို့။

၁၆ ထို့​နောက်တွင်၊ ငါ့​ကျွန်​ယောဟန်​အားဖြင့် ရေးသည့် ငါ၏​ဗျာဒိတ်​တော်များကို လူခပ်သိမ်းတို့၏​မျက်စိ​ရှေ့၌ ဖွင့်​ပြ​တော်မူ​မည်။ ဤအရာတို့ကို သင်တို့​မြင်​ရသော​အခါ၊ ထို​ဗျာဒိတ်​တော်​များကို ဧကန်​အမှန်​ထင်​ရှားစွာ​ပြမည့်​အချိန်​သည် နီး​ကပ်​လာ​ပြီ​ဖြစ်​ကြောင်း သင်တို့ သိ​ရမည်​ကို သတိ​ရကြ​လော့။

၁၇ ထို့ကြောင့်၊ သင်တို့​သည် ဤ​မှတ်​တမ်းကို လက်​ခံ​ရ​ရှိသော​အခါ၊ ထိုပြည်၏​မျက်​နှာ​ပြင်​တစ်ခု​လုံး​ပေါ်၌ ခမည်းတော်၏​အမှု​တော်​စတင်​လေ​ပြီ​ဖြစ်​ကြောင်း သိ​နိုင်ကြ​မည်။

၁၈ ထို့ကြောင့်၊ နောင်တရကြလော့ ခပ်သိမ်းသော အသင်မြေကြီး​စွန်း​သား​တို့။ ငါ့ထံ​သို့​လာကြ​လော့၊ ငါ၏​ဧဝံဂေလိ​တရား​တော်​ကို​လည်း ယုံကြည်ကြ​လော့၊ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံကြလော့။ အကြောင်း​မူကား၊ ယုံကြည်၍ ဗတ္တိဇံ​ခံသော​သူသည် ကယ်တင်ခြင်းသို့ ရောက်​လိမ့်မည်။ ယုံကြည်ခြင်း​မရှိသော​သူ​သည်​ကား၊ အပြစ်​စီရင်​ခံရ​လိမ့်မည်။ ငါ၏​နာမတော်ကို ယုံကြည်သော​သူတို့​၌ နိမိတ်​လက္ခဏာများ ဖြစ်​လိမ့်မည်။

၁၉ နောက်​ဆုံးသော​နေ့၌ ငါ၏​နာမတော်​အဖို့ သစ္စာ​ရှိလျက်​တွေ့​ရသော​သူသည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူကား၊ ထိုသူသည် သူ့​အတွက်​ကမ္ဘာတည်​ကတည်းက ပြင်​ဆင်​ထားသည့် နိုင်ငံတော်၌ နေ​ထိုင်ရန် ချီး​မြှောက်​ခံရလိမ့်မည်။ ရှုဦးလော့၊ ထိုအမှုကို ဟော​သူမှာ ငါ​ဖြစ်၏။ အာမင်။