ကျမ်းစာများ
မော်ရော်နိုင်း ၇


အခန်းကြီး ၇

ကိုယ်တော်ရှင်၏​ချမ်းသာ​ထဲသို့​ဝင်ဖို့ ဖိတ်​ခေါ်ခြင်းကို ဟစ်​ကြော်၏—စစ်မှန်သော​ရည်ရွယ်ချက်နှင့် ဆုတောင်းလော့—ခရစ်တော်၏​ဝိညာဉ်တော်သည် လူ​သားတို့ကို အကောင်းနှင့်​အဆိုးကို ခွဲခြား၍​သိနိုင်​စွမ်း​ရှိစေ၏—စာတန်သည် လူသားတို့ကို၊ ခရစ်တော်အား ငြင်းဆန်​စေခြင်းငှာနှင့် မကောင်းမှု​ပြုစေခြင်းငှာ သွေး​ဆောင်၏—ပရောဖက်တို့​သည် ခရစ်တော်၏​ကြွ​လာတော်မူခြင်းကို ထင်ရှားစွာ​ပြကြ၏—ယုံကြည်ခြင်း​အားဖြင့်၊ အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့ကို ပြုပြင်​စီရင်​ထားပြီး၊ ကောင်းကင်​တမန်တို့သည် အမှုတော်​ဆောင်ကြ၏—လူသားတို့သည် ထာဝရ​အသက်​တာကို မျှော်လင့်လျက်၊ မေတ္တာ၌ စွဲ​မြဲကြ၏။ အေဒီ ၄၀၁–၄၂၁ ခန့်။

ယခုမူကား၊ ငါ​မော်ရော်နိုင်းသည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတို့​အကြောင်း ငါ၏​အဘ​မော်မုန်​ပြောသည့် စကားများမှ အနည်းငယ်တို့ကို ရေး၏။ အကြောင်း​မူကား၊ ကိုး​ကွယ်ရာ​နေရာ​အတွက် လူတို့​တည်​ဆောက်ကြသည့် တရား​ဇရပ်၌ သူတို့ကို သူသွန်​သင်​စဉ်မှာ ဤကဲ့သို့​အားဖြင့် ဟော​ပြော၏။

ယခုမူကား၊ ငါ၏​ချစ်​လှစွာ​သော​ညီအစ်ကိုတို့၊ ငါ​မော်မုန်သည် သင်တို့ကို ဟော​ပြော၏။ ငါ့​ထံသို့ သူ၏​ခေါ်သွင်းတော်မူခြင်းဆု​ကျေးဇူး​ကြောင့်၊ ခမည်းတော်​ဘုရားသခင်နှင့် ကိုယ်တော်ရှင်​ယေရှု​ခရစ်တော်၏ ကျေးဇူး​တော်​အားဖြင့်၊ ထို့အတူ သူ၏​သန့်ရှင်းသော​အလိုတော်​အားဖြင့်၊ ငါသည် ယခု​အချိန်တွင် သင်တို့ကို ဟော​ပြောဖို့ အခွင့်​ရ၏။

သို့​ဖြစ်၍၊ အသင်းတော်မှ လူများ​ဖြစ်သော၊ ခရစ်တော်၏ ငြိမ်း​ချမ်းသည့် တပည့်တော်များ​ဖြစ်သော၊ ထို့အတူ၊ ကိုယ်တော်ရှင်၏​ချမ်းသာထဲသို့​ဝင်နိုင်ရာ လုံလောက်​သည့်​မျှော်လင့်ခြင်းကို ဤအချိန်​ယခု​မှစ၍၊ ရ​ရှိလျက်၊ သူနှင့်​အတူ ကောင်းကင်ဘုံ၌ နားနေသည့်​တိုင်​အောင်​ရှိမည့် အသင်တို့ကို ငါ​ဟော​ပြော​လို၏။

ယခု​မူကား၊ ငါ၏​ညီအစ်ကိုတို့၊ လူသားတို့နှင့်​အတူ သင်တို့၏​ငြိမ်း​ချမ်းသော​အကျင့်တို့​ကြောင့် သင်တို့၏ ဤအမှုများကို ငါ​တရား​စီရင်၏။

သူတို့၏​အကျင့်များ​အားဖြင့် သူတို့ကို သင်တို့​သိ​ရလိမ့်မည်ဟု မိန့်တော်​မူ​သော ဘုရားသခင်၏​နှုကပတ်တော်ကို ငါ​သတိ​ရ​၏။ အကြောင်း​မူကား၊ သူတို့၏​အကျင့်များ ကောင်း​မြတ်ကြ​မည်​ဆိုလျှင်၊ သူတို့​သည်​လည်း ကောင်း​မြတ်ကြ၏။

အကြောင်း​မူကား၊ ရှုလော့၊ လူ​သား​သည် အဆိုး​ဖြစ်လျက် ကောင်း​မြတ်သော​အရာကို မပြု​နိုင်​ကြောင်း ဘုရားသခင်​မိန့်တော်မူ၏။ ထို​သူ​သည် ဘုရားသခင်​ထံသို့ ပူဇော်​သက္ကာကို ပူဇော်ရာ၌၊ သို့မဟုတ်၊ ဆုတောင်းရာ၌ စစ်​မှန်သော​ရည်ရွယ်ချက်နှင့် မပြုလျှင်၊ သူ့​အတွက် ဘာမျှ​အကျိုး​မရှိ။

အကြောင်း​မူကား၊ ရှုလော့၊ ထိုအမှုကို သူ့​အတွက် ဖြောင့်​မတ်ခြင်းဟု မမှတ်​ယူ။

အကြောင်းမူကား၊ ရှုလော့၊ လူ​သားသည် အဆိုး​ဖြစ်လျက် ပူဇော်​သက္ကာကို လှူရာတွင် နှမြောသော​စိတ်နှင့်​ပြုလျှင်၊ သို့​ဖြစ်၍ ထို​သူအား ပူဇော်​သက္ကာကို ထိန်း​သိမ်း​ထားလေ​သကဲ့သို့ မှတ်​ယူ၏။ သို့​ဖြစ်၍ သူ့ကို ဘုရားသခင်​ရှေ့၌ အဆိုး​အဖြစ် မှတ်​ယူ၏။

အကြင်​လူသည် ဆုတောင်း​သော်​လည်း၊ စိတ်​နှလုံး၏ စစ်​မှန်သော ရည်ရွယ်ချက်နှင့်​မဟုတ်လျှင်၊ သူ့ကို ထို​နည်းတူ အဆိုးအဖြစ် မှတ်​ယူ၏။ ထို​မှတစ်ပါး၊ သူ့​အတွက် ဘာမျှ​အကျိုး​မရှိ။ အကြောင်း​မူကား၊ ဘုရားသခင်သည် ထိုကဲ့သို့​သော​သူမျိုးကို လက်​မခံ။

၁၀ သို့ဖြစ်၍၊ လူ​သားသည် အဆိုး​ဖြစ်လျက် ကောင်း​မြတ်သော​အရာကို မပြုနိုင်။ ကောင်း​မြတ်သော​ပူဇော်​သက္ကာကို​လည်း သူ​လှူ​မည်​မဟုတ်။

၁၁ အကြောင်း​မူကား၊ ရှုလော့၊ ခါးသော​စမ်း​ရေ​တွင်းသည် ကောင်း​မြတ်သော​ရေကို မထွက်​စေနိုင်။ ကောင်းသော​စမ်းရေ​တွင်း​သည်​လည်း ခါးသော​ရေကို မထွက်​စေနိုင်။ သို့​ဖြစ်၍၊ လူ​သားသည် နတ်​ဆိုး၏​ကျွန်​ဖြစ်လျက်၊ ခရစ်တော်၏​နောက်သို့ မလိုက်နိုင်။ ထို​သူသည် ခရစ်တော်၏​နောက်သို့​လိုက်လျှင်၊ နတ်​ဆိုး၏​ကျွန် မဖြစ်နိုင်။

၁၂ သို့ဖြစ်၍၊ ကောင်း​မြတ်သော​အရာ​ခပ်သိမ်းတို့​သည် ဘုရားသခင်​ထံမှ လာ၏။ ဆိုးသော​အရာသည် နတ်ဆိုး​ထံမှ လာ၏။ အကြောင်း​မူကား၊ နတ်ဆိုးသည် ဘုရားသခင်အဖို့ ရန်​သူတစ်ဦး​ဖြစ်​၏၊ သူ့ကို အစဉ်​မပြတ် ဆန့်​ကျင်​တိုက်​ခိုက်၍၊ လူတို့ကို အပြစ်​ပြု​စေရန်နှင့် ဆိုးသော​အရာကို အစဉ်​မပြတ်​ပြုစေရန် ဖိတ်​ခေါ်​၍ သွေးဆောင်၏။

၁၃ သို့ရာတွင်၊ ရှုလော့၊ ဘုရားသခင်​ထံမှ ဖြစ်သော​အရာသည် ကောင်း​မြတ်​သည်ကို အစဉ်​မပြတ်​ပြုစေရန် ဖိတ်ခေါ်၍ သွေးဆောင်၏။ သို့​ဖြစ်၍၊ ကောင်း​မြတ်သည်ကို ပြုစေဖို့၊ ထို့အတူ၊ ဘုရားသခင်ကို ချစ်စေဖို့၊ ထို့အတူ၊ သူ့​အစေကို ခံစေရန်၊ ဖိတ်​ခေါ်၍၊ သွေးဆောင်သော​အရာတိုင်းသည် ဘုရားသခင်​အားဖြင့် လမ်း​ပြ​လှုံ့​ဆော်သော​အရာ ဖြစ်၏။

၁၄ သို့ဖြစ်၍၊ ငါ၏​ချစ်လှစွာ​သော​ညီအစ်ကိုတို့၊ သင်တို့သည် ဆိုးသော​အရာကို ဘုရားသခင်၏​အရာ​အဖြစ်​လည်း​ကောင်း၊ ကောင်း​မြတ်​ပြီး၊ ဘုရားသခင်​ထံ​မှ​ဖြစ်သည့်​အရာကို နတ်ဆိုး၏​အရာ​အဖြစ်​လည်း​ကောင်း တရား​မစီရင်​ရမည့်​အကြောင်းကို သတိ​ပြုကြ​လော့။

၁၅ အကြောင်း​မူကား၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ တရား​စီရင်စေဖို့ သင်တို့ကို အခွင့်​ပေး​ထားသည်မှာ၊ အကောင်းနှင့်​အဆိုးကို ခွဲခြား၍ သိနိုင်​စေခြင်းငှာ​ဖြစ်၏။ စုံလင်သော​အသိ​ပညာဖြင့် သင်တို့​သိနိုင်ကြ​စေခြင်းငှာ၊ တရား​စီရင်ရာ​နည်း​လမ်းမှာ၊ နေ့​အလင်း​ရောင်နှင့် မှောင်မိုက်​ညတို့ ကွဲ​ပြား​သကဲ့သို့ပင် ရှင်း​လင်း၏။

၁၆ အကြောင်း​မူကား၊ ရှုလော့၊ ခရစ်တော်၏​ဝိညာဉ်တော်ကို လူတိုင်းကို ပေး​ထား​သည်မှာ၊ အကောင်းနှင့်​အဆိုးကို ခွဲခြား၍​သိနိုင်​စေခြင်းငှာ ဖြစ်၏။ သို့ဖြစ်၍၊ တရား​စီရင်ရာ​နည်း​လမ်းကို သင်တို့အား ငါ​ပြမည်။ အကြောင်း​မူကား၊ ကောင်း​မြတ်သည်ကို ပြုစေရန်ဖိတ်ခေါ်သည့်၊ ထို့အတူ ခရစ်တော်ကို ယုံကြည်စေရန် ဖျောင်းဖျသည့်​အရာတိုင်းသည် ခရစ်တော်၏ တန်ခိုးတော်နှင့် ဆုကျေးဇူးတို့​အားဖြင့် စေလွှတ်သော​အရာ​ဖြစ်၏။ သို့ဖြစ်၍၊ သင်တို့သည် ထိုအရာကို ဘုရားသခင်​ထံမှ​ဖြစ်​ကြောင်း စုံလင်သော​အသိ​ပညာဖြင့် သိ​နိုင်၏။

၁၇ သို့ရာတွင်၊ မကောင်းမှုကို​ပြုပြီး၊ ခရစ်တော်၌ ယုံကြည်ခြင်း​မရှိ၊ ထို့အတူ သူ့ကို ငြင်း​ဆိုပြီး၊ ဘုရားသခင်ကို အစေ​ခံခြင်း​မရှိစေရန် လူသားတို့ကို ဖျောင်း​ဖျသော​အရာ​မှန်​သမျှသည် နတ်​ဆိုးထံမှ ဖြစ်​ကြောင်းကို စုံလင်သော​အသိ​ပညာဖြင့် သင်တို့​သိနိုင်ကြ၏။ အကြောင်း​မူကား၊ နတ်​ဆိုးသည် ဤကဲ့သို့​အားဖြင့် ကျင့်၍၊ ကောင်း​မြတ်သည်ကို​ပြုစေရန် လူသားကို မဖျောင်း​ဖျ။ တစ်ယောက်ကိုမျှ မဖျောင်းဖျသော​ကြောင့်​ပေတည်း။ သူ၏​တမန်တို့​ကလည်း မဖျောင်းဖျ။ မိမိတို့​ကိုယ်ကို သူ့ထံသို့ ဩဇာခံသော​သူတို့​သည်လည်း မဖျောင်း​ဖျကြ။

၁၈ ယခု​မူကား၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့ တရား​စီရင်မည့်​အလင်းကို သိ၍၊ ထိုအလင်းမှာ ခရစ်တော်၏​အလင်း ဖြစ်၏။ သင်တို့​သည် မှား​ယွင်းစွာ တရား​မစီ​ရင်နှင့်။ အကြောင်း​မူကား၊ သင်တို့တရားစီရင်သည့် ထိုအလားတူ​တရား​စီရင်ခြင်းဖြင့် သင်တို့​တရား​စီရင်​ခံရကြ​လိမ့်မည်။

၁၉ သို့ဖြစ်၍၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့သည် အကောင်းနှင့်​အဆိုးကို ခွဲခြား၍ သိနိုင်ကြ​စေခြင်းငှာ၊ ခရစ်တော်၏​အလင်း​အားဖြင့် လုံ့လဝီရိယ​ထက်​သန်စွာ ရှာရမည့်​အကြောင်း သင်တို့ကို ငါတိုးလျှိုး​တောင်း​ပန်၏။ ထို့အတူ၊ သင်တို့သည် ကောင်း​မြတ်သော​အရာ​တိုင်းကို ဆွဲ​ကိုင်ကြပြီး၊ ပြစ်​တင်​ရှုတ်​ချခြင်း​မရှိလျှင်၊ ခရစ်တော်၏​သား​အမှန်ပင်​ဖြစ်​လိမ့်မည်။

၂၀ ယခု​မူကား၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့သည် ကောင်း​မြတ်သော​အရာတိုင်းကို ဆွဲကိုင်​နိုင်ကြခြင်း​ဟူ​သည်ကား အဘယ်သို့​အားဖြင့် ဖြစ်နိုင်​မည်နည်း။

၂၁ ယခုမူကား၊ ငါ​ဟော​ပြောမည်ဟု ဆိုသည့် ထို​ယုံကြည်ခြင်း​အကြောင်းကို ဆိုရ​ပေအံ့။ ထို့အတူ၊ ကောင်း​မြတ်သော​အရာတိုင်းကို သင်တို့​ဆွဲကိုင်နိုင်​စေမည့်​နည်း​လမ်းကို သင်တို့​အား ငါ​ပြော​ပြမည်။

၂၂ အကြောင်း​မူကား၊ ရှုလော့၊ ဘုရားသခင်သည် အရာ​ခပ်သိမ်းတို့ကို သိ​တော်မူလျက်၊ ထာဝရ​တည်မြဲခြင်းမှ ထာဝရ​တည်မြဲခြင်းသို့ ရှိ​တော်မူ၍၊ ကောင်းကင်​တမန်တို့ကို လူ​သားတို့အား အမှုတော်​ဆောင်​စေခြင်းငှာ​လည်း​ကောင်း၊ ခရစ်တော် ကြွ​လာ​တော်မူခြင်း​အကြောင်း ထင်ရှားစွာ​ပြ​စေခြင်းငှာ​လည်း​ကောင်း စေလွှတ်​တော်မူ၏။ ထို့အတူ ခရစ်တော်​အားဖြင့် ကောင်း​မြတ်သော​အရာတိုင်း ရောက်​လာ​လိမ့်မည်။

၂၃ ထို့အတူ၊ ဘုရားသခင်သည် ခရစ်တော်​ကြွ​လာ​တော်မူမည့်​အကြောင်းကို သူ၏​နှုတ်တော်​အားဖြင့် ပရောဖက်တို့အား ဟော​ကြား​တော်မူ၏။

၂၄ ရှုဦးလော့၊ ကောင်း​မြတ်သော​အရာတို့ကို လူ​သားတို့ထံ သူ​ထင်ရှားစွာ​ပြတော်မူရာ အထူး​ထူး​အပြား​ပြား​သော​နည်း​လမ်းများ​ရှိ၏။ ကောင်း​မြတ်သော​အရာ​မှန်သမျှသည် ခရစ်တော်​ထံမှ လာ၏။ သို့​မဟုတ်လျှင်၊ လူသားတို့​ကျရှုံးပြီး၊ သူတို့​ထံသို့ ကောင်း​မြတ်သော​အရာ ရောက်​မလာနိုင်။

၂၅ သို့ဖြစ်၍၊ ကောင်းကင်​တမန်များ​အမှုတော်​ဆောင်ခြင်း​အားဖြင့်၊ ထို့အတူ ဘုရားသခင်၏​နှုတ်တော်​မှ​ထွက်သည့် နှုတ်ကပတ်တော်​မှန်သမျှတို့​အားဖြင့် လူ​သားတို့သည် ခရစ်တော်ကို ယုံကြည်မှုပြုခြင်းကို စတင်ခဲ့ကြ၏။ ထိုကဲ့သို့ ယုံကြည်ခြင်း​အားဖြင့်၊ သူတို့သည် ကောင်း​မြတ်သော​အရာတိုင်းကို ဆွဲ​ကိုင်ကြ၏။ ထိုကဲ့သို့​ပြုသည်မှာ၊ ခရစ်တော်​ကြွ​လာတော်မူခြင်းသို့​တိုင်​အောင် ဖြစ်​လေသတည်း။

၂၆ သူ​ကြွ​လာ​တော်မူ​ပြီးနောက်တွင်၊ လူ​သားတို့​သည်​လည်း သူ၏​နာမတော်ကို ယုံကြည်ခြင်း​အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြ၏။ ယုံကြည်ခြင်း​အားဖြင့်​လည်း၊ သူတို့သည် ဘုရားသခင်၏ သားများ​ဖြစ်​လာကြ၏။ ထို့အတူ၊ ခရစ်တော်သည် ဧကန်​အမှန် အသက်​ရှင်​တော်မူသည့်​အတိုင်း၊ ဤစကားများကို ငါတို့​ဘိုး​ဘေးတို့​အား မိန့်​တော်မူ၍ ဆိုလေ​သည်​ကား၊ သင်တို့​ရ​ရှိလိမ့်မည်ဟု​ယုံကြည်လျက်၊ ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ ယုံကြည်ခြင်းဖြင့် တောင်းသည့် ကောင်း​မြတ်သော​အရာ​မှန်သမျှကို၊ ရှုလော့၊ သင်တို့​ထံသို့ ပေး​တော်မူ​လိမ့်မည်။

၂၇ သို့ဖြစ်၍၊ ငါ၏​ချစ်လှစွာ​သော​ညီအစ်ကိုတို့၊ ခရစ်တော်သည် လူ​သားတို့​အပေါ် ၌ သူ၏​ကရုဏာတော်​ထား​ပိုင်ခွင့်ကို ခမည်းတော်​ထံမှ တောင်း​ဆိုခြင်းငှာ ကောင်းကင်သို့ တက်​သွား​တော်မူ​ပြီး၊ ဘုရားသခင်၏​လက်ယာတော်​ဘက်၌ ထိုင်​တော်မူသော​ကြောင့်၊ အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့ ရပ်​တန့်​သွားလေ​ပြီလော။

၂၈ အကြောင်း​မူကား၊ သူသည် ပညတ်​တရား၏​အလိုသို့ ပြည့်စုံ​စေ​တော်မူ​ပြီး၊ သူ့ကို ယုံကြည်သော​သူ​မှန်သမျှတို့ကို တောင်း​ဆို၏။ သူ့ကို ယုံကြည်သော​သူတို့​သည်​လည်း ကောင်း​မြတ်​သော​အရာ​တိုင်း၌ စွဲမြဲကြ​လိမ့်မည်။ သို့​ဖြစ်၍၊ သူသည် လူ​သားတို့၏​အမှုကို လျှောက်လဲ၏။ ကောင်းကင်ဘုံ၌လည်း အစဉ်​ထာဝရ နေ​ထိုင်​တော်မူ၏။

၂၉ ငါ၏​ချစ်လှစွာ​သော​ညီအစ်ကိုတို့၊ ဤသို့ သူ​ပြုသော​ကြောင့်လည်း အလွန်​တရာ​အံ့ဩဖွယ်​အမှုများ ရပ်​တန့်​သွား​လေ​ပြီလော။ ရှုလော့၊ မဟုတ်​ပေဟု သင်တို့ကို ငါ​ဆို၏။ လူ​သားတို့ကို ကောင်းကင်​တမန်တို့ အမှု​တော်​ဆောင်ခြင်း​သည်​လည်း ရပ်​တန့်​မသွား။

၃၀ အကြောင်း​မူကား၊ ရှုလော့၊ ထို​ကောင်းကင်​တမန်တို့သည် သူ၏​အမိန့်​စကား​အတိုင်း အမှုတော်​ဆောင်ကြခြင်းငှာ၊ အားကြီးသောယုံကြည်ခြင်း​ရှိ​ပြီး၊ ဘုရား​ဝတ်၌ မွေ့​လျော်ခြင်း​အမျိုး​မျိုးတွင် ခိုင်​မြဲသော​စိတ်​ရှိ​သူတို့​ထံသို့ သူတို့​ကိုယ်​တိုင်​ထင်​ရှားစွာ​ပြလျက် သူ၏​ဩဇာခံများ ဖြစ်ကြ၏။

၃၁ ထို့အတူ၊ သူတို့​အမှုတော်​ဆောင်ခြင်း၏ အမှု​အရာမှာ လူ​သားတို့ကို နောင်တရခြင်း​သို့​ခေါ်ရန်၊ လူ​သားတို့ထံ ပြု​ထားသည့် ခမည်းတော်၏ ပဋိညာဉ်မှ အမှုတို့ကို ပြီးပြည့်စုံ​စေရန်နှင့် ဆောင်​ရွက်စေရန်၊ ကိုယ်တော်ရှင်​ရွေး​ကောက်​ထားတော်မူ​သော​တန်​ဆာတို့ သူ့​အကြောင်းကို သက်​သေ​ခံနိုင်ကြ​စေခြင်းငှာ၊ သူတို့​ထံသို့ ခရစ်တော်၏​နှုတ်က​ပတ်တော်ကို ဟော​ကြားခြင်း​အားဖြင့်၊ လူ​သားတို့ ၌ လမ်းကို ပြင်​ဆင်​စေခြင်းငှာ​ပေတည်း။

၃၂ ထိုကဲ့သို့ ပြုခြင်း​အားဖြင့်၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် ကျန်ကြွင်းသော​သူတို့ ခရစ်တော်ကို ယုံကြည်ခြင်း ရှိနိုင်ကြ​စေခြင်းငှာ နည်း​လမ်းကို ပြင်​ဆင်​ပေးတော်မူ၍၊ တန်ခိုးတော်​အတိုင်း၊ သူတို့​စိတ်နှလုံး၌ သန့်ရှင်းသော​ဝိညာဉ်တော် နေရာ​ရနိုင်​စေခြင်းငှာ​ဖြစ်၏။ ဤကဲ့သို့​အားဖြင့်၊ ခမည်းတော်​သည် လူသားတို့ထံ ပြု​ထားတော်မူသော ပဋိညာဉ်များကို ပြီးပြည့်​စေ​တော်မူ၏။

၃၃ ခရစ်တော်​က​လည်း၊ မိန့်တော်မူ​လေ​သည်မှာ သင်သည် ငါ့ကို ယုံကြည်ခြင်း​ရှိမည်​ဆိုလျှင်၊ ငါ့မှာ​ရှိသည့်​ကောင်း​မြတ်သော​အရာ​မှန်သမျှကို ပြုဖို့ တန်ခိုးကို ရလိမ့်မည်။

၃၄ ထို့အတူ၊ သူ​မိန့်တော်မူ​လေ​သည်​ကား၊ နောင်တရကြလော့ ခပ်သိမ်းသော အသင်မြေ​ကြီး​စွန်း​သားတို့၊ ငါ့​ထံသို့​လာ၍​လည်း ငါ၏​နာမတော်၌ ဗတ္တိဇံခံကြပြီး၊ ငါ့ကို ယုံကြည်ခြင်း ရှိကြလော့။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်​နိုင်ကြ​၏။

၃၅ ယခု​မူကား၊ ငါ၏​ချစ်လှစွာ​သော​ညီအစ်ကိုတို့၊ ဤသို့​ဖြစ်၍၊ သင်တို့ကို ငါ​ပြောသည့်​အရာများ မှန်​ကန်​ပြီး၊ ထိုအရာတို့​မှန်​ကန်​ကြောင်းကို ဘုရားသခင်သည် တန်ခိုး​တော်​အရှိန်နှင့် ကြီးစွာသော​ဘုန်းတော်တို့​ဖြင့် နောက်ဆုံးသော​နေ့၌ သင်တို့ကို ပြတော်မူလိမ့်မည်။ ထိုအရာတို့ မှန်ကန်လျှင်၊ အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့၏​ကာလ ကုန်ဆုံးလေ​ပြီလော။

၃၆ သို့မဟုတ်၊ ကောင်းကင်​တမန်တို့​သည် လူ​သားတို့​ထံ ရောက်​လာခြင်းကို ရပ်တန့်​လေ​ပြီလော။ သို့မဟုတ်၊ သူသည် သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုးကို ထိုသူတို့​ထံမှ ရုပ်​သိမ်း​လေ​ပြီလော။ သို့မဟုတ်၊ သူသည် အချိန်​ကြာ​ရှည်သမျှ၊ သို့မဟုတ် ကမ္ဘာ​မြေကြီး​တည်​ရှိသမျှ၊ သို့​မဟုတ် လူ​တစ်ဦး မြေကြီး​မျက်နှာ​ပြင်​ပေါ်၌ ကယ်တင်ခြင်းသို့​ရောက်ဖို့ ရှိလေ​သမျှ သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုးကို ရုပ်​သိမ်း​မည်လော။

၃၇ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါ​ဆို၏။ အကြောင်း​မူကား၊ ယုံကြည်ခြင်း​အားဖြင့် အလွန်​တရာ​အံ့ဩဖွယ်​အမှုများကို ပြုပြင်​စီရင်​ထား၏။ ထို့အတူ၊ ယုံကြည်ခြင်း​အားဖြင့် ကောင်းကင်​တမန်တို့သည် လူသားတို့​ထံသို့ ရောက်​လာပြီး အမှုတော်​ဆောင်ကြ၏။ သို့​ဖြစ်၍၊ ဤအရာတို့ ရပ်တန့်​သွား​လေလျှင်၊ လူသားတို့သည် အမင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ ထိုအရာတို့​ရပ်တန့်ခြင်းမှာ မယုံကြည်ခြင်း​ကြောင့်​ဖြစ်၍၊ အားလုံး​အချည်း​နှီး​ဖြစ်၏။

၃၈ အကြောင်း​မူကား၊ ခရစ်တော်၏​နှုတ်ကပတ်တော်တို့​အတိုင်း၊ သူ၏​နာမတော်ကို သူတို့​ယုံကြည်ခြင်း​မရှိလျှင်၊ ကယ်တင်ခြင်းသို့ အဘယ်သူမျှ မရောက်နိုင်။ သို့ဖြစ်၍၊ ဤအရာတို့​ရပ်​တန့်​သွားလျှင်၊ ယုံကြည်ခြင်း​သည်​လည်း ရပ်​တန့်​သွား၏။ လူ​သား၏​အခြ​အနေ​မှာ​လည်း အလွန်​ဆိုးရွား၏။ သူတို့​သည်​ကား၊ ရွေးနှုတ်ခြင်းကို ပြု​မထားခဲ့လေ​သကဲ့သို့ ဖြစ်ကြ၏။

၃၉ သို့ရာတွင်၊ ရှုလော့၊ ငါ၏​ချစ်လှစွာ​သော​ညီအစ်ကိုတို့၊ ငါသည် သင်တို့၏​သာ၍​ကောင်း​မြတ်သော​အရာများကို တရား​စီရင်၏။ အကြောင်း​မူကား၊ သင်တို့၏​သိမ်​မွေ့​အောက်ကျို့ခြင်းကြောင့်၊ သင်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်း​ရှိကြ​ကြောင်း ငါ​စီရင်၏။ သင်တို့​သည် သူ့ကို ယုံကြည်ခြင်း​မရှိလျှင်၊ သူ့​အသင်းတော်၏​လူများ၌ ရေတွက်​ခံရဖို့ မသင့်လျော်။

၄၀ ထိုမှတစ်ဖန်၊ ငါ၏​ချစ်လှစွာသော​ညီအကိုတို့၊ မျှော်လင့်ခြင်း​အကြောင်းကို သင်တို့အား ငါ​ပြော​လို၏။ သင်တို့၌ မျှော်လင့်ခြင်း​မရှိကြလျှင်၊ ယုံကြည်ခြင်းကို အဘယ်သို့​အားဖြင့်၊ ရ​ရှိနိုင်ကြ​မည်နည်း။

၄၁ ထို့အတူ၊ သင်တို့သည် အဘယ်​အရာကို မျှော်​လင့်ကြ​မည်နည်း။ ရှုလော့၊ သင်တို့ကို ငါ​ဆို​သည်မှာ၊ သင်တို့​သည် ခရစ်တော်၏​အပြစ်​ဖြေခြင်း​မင်္ဂလာနှင့် သူ၏​ရှင်​ပြန်​ထမြောက်ခြင်း​တန်ခိုးတော်​တို့​အားဖြင့် အသက်​ထာဝရ​ရှင်ရာသို့ ထမြောက်စေဖို့ မျှော်လင့်ခြင်း​ရှိကြ​လိမ့်မည်။ ဤ​အမှု​သည်​ကား၊ ကတိတော်​အတိုင်း သူ့​ကို သင်တို့၏​ယုံကြည်ခြင်း​ကြောင့်​ပေတည်း။

၄၂ သို့ဖြစ်၍၊ အကြင်​လူသည် ယုံကြည်ခြင်း​ရှိလျှင်၊ မျှော်​လင့်ခြင်း​ရှိဖို့ လို​အပ်၏။ အကြောင်း​မူကား၊ ယုံကြည်ခြင်း​မရှိဘဲနှင့် အဘယ်​မျှော်လင့်ခြင်း​မျှ​မရှိနိုင်။

၄၃ ထို​မှတစ်ဖန်၊ ရှုလော့၊ သင်တို့ကို ငါ​ဆို​သည်မှာ၊ ထိုသူသည် သိမ်​မွေ့အောက်ကျို့​ခြင်း၊ ထို့အတူ စိတ်နှလုံး​နှိမ့်ချခြင်း​မရှိလျှင် ယုံကြည်ခြင်း​နှင့်​မျှော်လင့်ခြင်း မရှိနိုင်။

၄၄ ထို​သို့​ဖြစ်လျှင်၊ သူ၏​ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း​သည် အချည်း​နှီး​ဖြစ်၏။ အကြောင်း​မူကား၊ သိမ်​မွေ့အောက်ကျို့သော​သူနှင့် စိတ်နှလုံး​နှိမ့်​ချသော​သူတို့​မှတစ်ပါး၊ ဘုရားသခင်​ရှေ့၌ အဘယ်​သူမျှ​နှစ်​သက်​ဖွယ်​မရှိ။ လူသည် သိမ်မွေ့အောက်ကျို့၍၊ စိတ်နှလုံး​နှိမ့်ချလျက်၊ ယေရှုအား ခရစ်တော်​ဖြစ်​ကြောင်းကို သန့်​ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ဝန်​ခံလျှင်၊ ထိုသူသည် မေတ္တာ​ရှိဖို့​လို​အပ်၏။ အကြောင်း​မူကား၊ ထိုသူ​သည်​မေတ္တာ​မရှိလျှင်​အချည်း​နှီး​သက်​သက်​ဖြစ်၏။ သို့​ဖြစ်၍၊ ထိုသူသည် မေတ္တာ​ရှိဖို့ လို​အပ်၏။

၄၅ မေတ္တာ​သည်​ကား၊ စိတ်ရှည်​တတ်၏၊ ထို့အတူ ကြင်​နာ​တတ်၏၊ ထို့အတူ ငြူစူခြင်း​မရှိ၊ ထို့အတူ မာန​ထောင်​လွှားခြင်း မရှိ၊ ကိုယ်​ကျိုး​မ​ရှာ​တတ်၊ လွယ်ကူစွာ အမျက်​မထွက်​စေတတ်၊ မကောင်းမှုကို မတွေး​တတ်၊ ထို့အတူ ဒုစရိုက်၌ ရွှင်​လန်း​ဝမ်း​မြောက်ခြင်း​မရှိ၊ သို့ရာတွင် သမ္မာ​တရား၌ ရွှင်​လန်း​ဝမ်း​မြောက်​တတ်၏။ ခပ်သိမ်းသော​အရာတို့ကို သည်း​ခံ​တတ်၏။ ခပ်သိမ်းသော​အရာတို့ကို ယုံ​တတ်၏။ ခပ်သိမ်းသော​အရာတို့ကို မျှော်လင့်​တတ်၏။ ခပ်သိမ်းသော​အရာတို့ကို ကြံ့​ကြံ့​ခံ​တတ်၏။

၄၆ သို့ဖြစ်၍၊ ငါ၏​ချစ်လှစွာ​သော​ညီအစ်ကိုတို့၊ သင်တို့၌ မေတ္တာ​မရှိလျှင်၊ သင်တို့သည် အချည်း​နှီး​သက်​သက်​ဖြစ်၏။ အကြောင်း​မူကား၊ မေတ္တာသည် အဘယ်တော့မျှ မချို့တဲ့။ သို့​ဖြစ်၍၊ အရာ​ခပ်သိမ်းတို့ထက်​အကြီး​မြတ်​ဆုံး​ဖြစ်သည့် မေတ္တာ၌ စွဲမြဲခြင်း​ရှိကြလော့။ အကြောင်း​မူကား၊ ခပ်သိမ်းသော​အရာတို့ ချို့တဲ့ရကြပေမည်—

၄၇ သို့ရာတွင်၊ မေတ္တာသည် ခရစ်တော်၏ စင်​ကြယ်သော​ချစ်ခြင်း​ဖြစ်ပြီး၊ ကာလ​အစဉ်​အဆက် တည်၏။ နောက်​ဆုံးသော​နေ့၌ ထိုအရာကို ပိုင်​ဆိုင်လျက် တွေ့ရသော​သူ​မှန်သမျှသည် ကောင်းသောအကျိုးခံရလိမ့်မည်။

၄၈ သို့​ဖြစ်၍၊ ငါ၏​ချစ်လှစွာ​သော​ညီအစ်ကိုတို့၊ ခမည်းတော်ထံသို့ စိတ်​နှလုံး​အစွမ်း​ရှိသမျှ​ဖြင့် ဆုတောင်း​ကြလော့၊ သူ့သားတော်၊ ယေရှု​ခရစ်တော်၏ စစ်မှန်သော​တပည့်တော်များ​အား ပေးတော်မူသည့် ဤ​ချစ်ခြင်းဖြင့် သင်တို့၌ ပြည့်​နိုင်ကြ​စေကြောင်း​ပေတည်း၊ သင်တို့သည် ဘုရားသခင်၏​သားများ ဖြစ်​လာနိုင်ကြ​စေခြင်းငှာ​၊ ငါတို့သည် သူ့အား ဖြစ်​တော်မူသည့်​အတိုင်း မြင်​ရမည်​ဖြစ်၍၊ သူ​ပေါ်​ထွန်း​လာ​တော်မူ​သော​အခါ၌ သူနှင့် တူကြ​စေခြင်းငှာ​၊ ငါတို့၌ ဤမျှော်လင့်ခြင်း ရှိနိုင်ကြ​စေခြင်းငှာ​၊ သူ​စင်​ကြယ်​တော်မူ​သကဲ့သို့ပင် ငါတို့​စင်​ကြယ်နိုင်ကြ​စေခြင်းငှာ​လည်းဖြစ်ပေ၏။ အာမင်။