ကျမ်းစာများ
မော်ရော်နိုင်း ၈


အခန်းကြီး ၈

ကလေး​သူငယ်တို့၏​ဗတ္တိဇံသည် ဆိုးသော​စက်ဆုပ်​ရွံရှာဖွယ်​အမှု​ဖြစ်၏—ကလေး​သူငယ်တို့သည် အပြစ်​ဖြေခြင်း​မင်္ဂလာကြောင့် ခရစ်တော်​အားဖြင့် အသက်​ရှင်ကြ၏—ယုံကြည်ခြင်း၊ နောင်တ​ရခြင်း၊ သိမ်​မွေ့အောက်ကျို့​ခြင်းနှင့် စိတ်​နှလုံး​နှိမ့်ချခြင်း၊ သန့်​ရှင်းသော​ဝိညာဉ်တော်ကို လက်ခံ​ရရှိခြင်းနှင့် အဆုံး​တိုင်​အောင်​တည်ကြည်ခြင်းတို့​သည် ကယ်တင်ခြင်းသို့ ဦးဆောင်၏။ အေဒီ ၄၀၁–၄၂၁ ခန့်။

ဤ​အရာ​သည်​ကား၊ ငါ၏​အဘ​မော်မုန်က ငါ​မော်ရော်နိုင်း​ထံသို့ ရေး​ထားသည့် အမှာ​စာ​ဖြစ်၏။ အမှုတော်​ဆောင်ခြင်းသို့ ငါ့ကို ခေါ်သွင်း​ပြီးနောက် မကြာ​မြင့်​မီတွင် ထို​အမှာ​စာကို ရေး၏။ ဤသို့​အားဖြင့် သူသည် ငါ့ထံသို့ ရေး၍​ဆိုလေ​သည်ကား၊

ငါ၏​ချစ်သား၊ မော်ရော်နိုင်း၊ သင့်ကို သင်၏​ကိုယ်တော်ရှင်​ယေရှု​ခရစ်တော်က အောက်မေ့​တော်မူလျက်၊ သင့်ကို သူ၏​အမှုတော်​ဆောင်ခြင်းနှင့် သူ၏​သန့်​ရှင်းသော​အမှုတော်၌ ခန့်​အပ်တော်မူ၍၊ ငါသည် လွန်စွာ​ရွှင်​လန်း​ဝမ်း​မြောက်၏။

ငါသည် သင့်ကို ငါ၏​ဆုတောင်းခြင်းများ၌ အစဉ်​မပြတ်​အောက်​မေ့၍၊ ခမည်းတော်​ဘုရားသခင်​ထံသို့ သူ၏​သန့်ရှင်းသော​သား ယေရှု၏​နာမတော်​အားဖြင့်၊ အစဉ်​မပြတ် ဆုတောင်းလျက်​ရှိသည်မှာ၊ သူ၏​အတိုင်း​မသိသော ကောင်း​မြတ်ခြင်းနှင့် ကျေးဇူးတော်တို့​အားဖြင့်​လည်း​ကောင်း၊ သူ၏​နာမတော်ကို ယုံကြည်ခြင်း၌ အဆုံး​တိုင်​အောင်​တည်ကြည်ခြင်း​အားဖြင့်​လည်း​ကောင်း သင့်ကို ကာကွယ်​စောင့်မ​တော်မူပါမည့် အကြောင်း​ပေတည်း။

ယခုမူကား၊ ငါ့သား၊ ငါ့ကို အလွန်​ဝမ်းနည်း​ပူဆွေးစေသည့်​အရာနှင့်​စပ်လျဉ်း၍ သင့်ကို ငါဆို၏။ အကြောင်း​မူကား၊ သင်တို့၌ ငြင်းခုံခြင်းများ​ပေါ်​ပေါက်​လာ၍ ငါ့ကို ဝမ်းနည်း​ပူဆွေး​စေ၏။

အကြောင်း​မူကား၊ ငါသည် သမ္မာ​တရားကို သိရ​လေသဖြင့်၊ သင်တို့၏​ကလေး​သူငယ်တို့၏ ဗတ္တိဇံ​နှင့်​စပ်လျဉ်း​ပြီး၊ သင်တို့၌ ငြင်းခုံခြင်း​များ​ရှိလေ​ပြီ။

ယခုမူကား၊ ငါ့သား၊ ငါ​အလို​ရှိ​သည်​ကား၊ ဤဆိုးရွားသော​မှား​ယွင်းမှုကို သင်တို့​ထံမှ ဖယ်ရှားခြင်း​အလို့ငှာ၊ လုံ့လ​ဝီရိယ​ထက်​သန်စွာ သင်တို့​အလုပ်​လုပ်ကြ​စေကြောင်း​ပေတည်း။ အကြောင်း​မူကား၊ ဤရည်ရွယ်ချက်​အတွက် ဤအမှာ​စာကို ငါရေး​လေ​ပြီ။

အကြောင်း​မူကား၊ ငါသည် သင်တို့​ထံမှ ဤအရာတို့ကို သိရ​ပြီးလျှင်​ပြီးချင်း၊ ထိုအမှုနှင့်​စပ်လျဉ်း၍ ကိုယ်တော်ရှင်ထံ မေး​လျှောက်၏။ ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်​သည်​လည်း သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ငါ့​ထံသို့ ရောက်​လာ​ပြီး၊ မိန့်တော်မူ​လေ​သည်ကား၊

သင်တို့၏​ရွေးနှုတ်​ရှင်၊ သင်တို့၏​ကိုယ်တော်ရှင်နှင့် သင်တို့၏​ဘုရားသခင် ခရစ်တော်၏​နှုတ်ကပတ်တော်တို့ကို နား​ထောင်ကြ​လော့။ ရှုလော့၊ ဖြောင့်​မတ်သော​သူတို့ကို နောင်တရခြင်းသို့ ခေါ်ခြင်းငှာ လောကထဲသို့ ငါကြွလာတော်မူသည်​မဟုတ်။ အပြစ်​ရှိ​သူတို့ကို ခေါ်ခြင်းငှာ​လာ၏။ ကျန်းမာသော​သူတို့သည် ဆေး​သမား​မလိုအပ်ကြ။ ဖျားနာသော​သူတို့​သာလျှင် လို​အပ်ကြ၏။ သို့​ဖြစ်၍၊ ကလေး​သူငယ်တို့​သည် စင်​ကြယ်ကြ၏။ အကြောင်း​မူကား၊ သူတို့သည် အပြစ်​ကျူး​လွန်နိုင်​စွမ်း မရှိကြ။ သို့​ဖြစ်၍၊ အာဒံ၏​ကျိန်ခြင်းကို ငါ့​ကြောင့် သူတို့​ထံမှ ဖယ်ရှား​သဖြင့်၊ ထို​ကျိန်ခြင်းက သူတို့​အပေါ်​အစိုး​မရတော့။ အရေ​ပြား​လှီးခြင်း​တရား​သည်လည်း ငါ့​ကြောင့် ရပ်​စဲ​သွားပေ​ပြီ။

ဤကဲ့သို့​အားဖြင့် သန့်​ရှင်းသော​ဝိညာဉ်တော်သည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ငါ့ထံသို့ ထင်ရှားစွာ​ပြတော်မူ၏။ သို့ဖြစ်၍၊ ငါ၏​ချစ်သား၊ သင်တို့သည် ကလေး​သူငယ်တို့ကို ဗတ္တိဇံ​ပေး​ရမည်​ဟူ​သည်မှာ၊ ဘုရားသခင်​ရှေ့ ၌ ပြင်းစွာသော ပြက်​ရယ်​ပြုခြင်း​ဖြစ်​ကြောင်း ငါသိ​၏။

၁၀ ရှုလော့၊ သင်တို့ကို ငါ​ဆိုသည်မှာ၊ သင်တို့​သွန်သင်​ရမည့် ဤအရာတို့​သည်ကား—အပြစ်​ကျူး​လွန်နိုင်​စွမ်း​ရှိသော​သူနှင့် တာဝန်​ရှိသော​သူတို့​အား နောင်တ​ရခြင်းနှင့် ဗတ္တိဇံ​အကြောင်း​ပေတည်း။ ထိုမှတစ်ပါး၊ မိဘတို့​သည် နောင်တ​ရပြီး​ဗတ္တိဇံ​ခံ၍၊ သူတို့၏​ကလေးသူ​ငယ်များကဲ့သို့ သူတို့ကိုယ်​သူတို့​နှိမ့်ချ​ရမည့်​အကြောင်းကို သင်တို့ သွန်သင်​ပေးကြလော့။ သူတို့​သည်​လည်း သူတို့၏​ကလေး​သူငယ်များနှင့်​အတူ ကယ်တင်ခြင်းသို့ ရောက်ကြ​လိမ့်မည်။

၁၁ သူတို့၏​ကလေး​သူငယ်တို့​သည် နောင်တ​ရခြင်း မလို​အပ်ကြ။ ဗတ္တိဇံ​လည်း မလို​အပ်။ ရှုလော့၊ နောင်တ​ရခြင်း​ကြောင့်၊ ဗတ္တိဇံ​ခံ၍၊ ပညတ်တော်များကို ပြီးပြည့်စုံ​စေခြင်း​အတွက် ဖြစ်လေ​ပြီး၊ အပြစ်များမှ​လွှတ်ခြင်းသို့​တိုင်​အောင်ပင်​တည်း။

၁၂ သို့ရာတွင်၊ ကလေး​သူငယ်တို့​သည် ကမ္ဘာတည်​ကတည်းကပင် ခရစ်တော်​အားဖြင့် အသက်​ရှင်ကြ၏။ ထိုသို့​မဟုတ်လျှင်၊ ဘုရားသခင်သည် ဘက်​လိုက်သော​ဘုရားသခင်​ဖြစ်ပြီး၊ ပြောင်းလဲ​နိုင်သော​ဘုရားသခင်လည်း​ဖြစ်၏။ လူကို မျက်နှာ​လိုက်သော​သူလည်း​ဖြစ်၏။ အကြောင်း​မူကား၊ အဘယ်မျှ​များစွာသော ကလေး​သူငယ်တို့​သည် ဗတ္တိဇံ​မခံဘဲ သေကြ​လေ​ပြီနည်း။

၁၃ သို့ဖြစ်၍၊ ကလေး​သူငယ်တို့​သည် ဗတ္တိဇံ​မခံဘဲ ကယ်​တင်ခြင်းသို့ မရောက်နိုင်​လျှင်၊ အဆုံး​မရှိသည့်​ငရဲသို့ သွား​ပြီးကြ​ပြီး​ဖြစ်​ရလေ​မည်။

၁၄ ရှုလော့၊ သင်တို့ကို ငါဆို​သည်ကား၊ ကလေး​သူငယ်တို့မှာ ဗတ္တိဇံလိုအပ်​သည်ဟု ထင်​မှတ်သော​သူသည် ခါးစွာသော​သည်း​ခြေ၌​လည်း​ကောင်း၊ ဒုစရိုက်​အနှောင်​အဖွဲ့တို့​၌​လည်း​ကောင်း ရှိကြ၏။ အကြောင်း​မူကား၊ ထိုသူ၌ ယုံကြည်ခြင်း​မရှိ၊ မျှော်လင့်ခြင်း​မရှိ၊ မေတ္တာ​လည်း​မရှိ။ သို့​ဖြစ်၍၊ ထိုသူသည် တွေး​တောလျက်​ရှိစဉ်တွင်၊ ငရဲသို့ ဆင်း​သွား​ရမည်။

၁၅ အကြောင်း​မူကား၊ ကလေး​သူငယ်​တစ်ဦးကို ဗတ္တိဇံ​ကြောင့် ဘုရားသခင် ကယ်တင်​တော်မူပြီး၊ အခြား​တစ်ဦးသည် ဗတ္တိဇံ​မရှိသော​ကြောင့် ပျက်စီး​ရမည်ဟု ထင်​မှတ်ခြင်းမှာ အလွန်​ဆိုးရွားသော ဆိုးညစ်ခြင်း​ပေတည်း။

၁၆ ကိုယ်တော်ရှင်၏​လမ်းစဉ်များကို ဤကဲ့သို့​အားဖြင့် မှောက်​လှန်ကြ​သော​သူတို့သည် အမင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ သူတို့သည် နောင်တ​မရလျှင်၊ ပျက်စီးကြ​လိမ့်မည်။ ရှုလော့၊ ငါသည် ဘုရားသခင်ထံမှ အခွင့်​အာဏာကို ရရှိလျက် ရဲရင့်စွာ​ဟော​ပြော၏။ ငါသည် လူ​ပြုနိုင်​သည့်​အရာကို ကြောက်ခြင်း​လည်း​မရှိ။ အကြောင်း​မူကား၊ စုံလင်သော​ချစ်ခြင်းသည် အကြောက်​တရား​အားလုံးကို ပယ်​ရှား​တတ်၏။

၁၇ ငါသည် ထာဝရ​တည်မြဲသော​ချစ်ခြင်း​ဖြစ်သည့် မေတ္တာ​ဖြင့်​လည်း ပြည့်​ဝ၏။ သို့​ဖြစ်၍၊ ခပ်သိမ်းသော​ကလေးတို့သည် ငါနှင့်​တူကြ၏။ သို့​ဖြစ်၍၊ ငါသည် ကလေး​သူငယ်တို့ကို စုံလင်သော​ချစ်ခြင်း​ဖြင့် ချစ်၏။ သူတို့​အားလုံး​သည်​လည်း အတူ​တူ​ဖြစ်ကြ​ပြီး၊ ကယ်တင်ခြင်းကို ခံယူကြ​သော​သူများ​ပေတည်း။

၁၈ အကြောင်း​မူကား၊ ဘုရားသခင်သည် ဘက်​လိုက်သော​ဘုရားသခင်​မဟုတ်၊ ပြောင်းလဲ​တတ်သော​ဘုရားလည်း​မဟုတ်ဘဲ၊ ထာဝရ​ကာလတစ်ခုလုံးမှ ထာဝရ​ကာလတစ်ခုလုံးသို့​တိုင် မပြောင်း​လဲ​တတ်သော​သူ​ဖြစ်ကြောင်း ငါ​သိ၏။

၁၉ ကလေး​သူ​ငယ်တို့​သည် နောင်တ​မရနိုင်ကြ။ သို့​ဖြစ်၍၊ သူတို့​ထံသို့ ဘုရားသခင်၏​စင်ကြယ်သော ကရုဏာတော်​တို့​ကို ငြင်းဆိုခြင်းသည် အလွန်​ဆိုးရွားသော ဆိုးညစ်ခြင်း​ပေတည်း။ အကြောင်း​မူကား၊ သူ၏​ကရုဏာတော်​ကြောင့်၊ သူတို့​အားလုံး​သည် သူ့​အားဖြင့် အသက်​ရှင်ကြ၏။

၂၀ ကလေး​သူငယ်များ ဗတ္တိဇံ​လိုအပ်​သည်​ဟု ဆိုသော​သူ​သည်​လည်း ခရစ်တော်၏​ကရုဏာတော်တို့ကို ငြင်း​ဆို၍၊ သူ၏​အပြစ်​ဖြေခြင်း​မင်္ဂလာနှင့် သူ၏​ရွေးနှုတ်ခြင်း​တန်ခိုးတို့ကို အလေး​မထားဘဲ​လျစ်​လျူ​ရှု၏။

၂၁ ထိုကဲ့သို့​သော​သူတို့သည် အမင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ သူတို့သည် သေခြင်း၊ ငရဲနှင့် အဆုံး​မရှိသည့် စိတ်​ဆင်းရဲ​ကိုယ်​ဆင်းရဲ​ဖြစ်ခြင်းတို့၏ ဘေး​အန္တရာယ်၌ ရှိကြ၏။ ငါသည် ထို​စကားများကို ရဲရင့်စွာ​ဟော​ပြော၏။ ဘုရားသခင်သည် ငါ့ကို မိန့်တော်မူ၏။ ထိုစကားများကို နားထောင်၍ ပမာဏပြုကြ​လော့၊ သို့မဟုတ်လျှင်၊ ထိုစကားများသည် ခရစ်တော်၏​တရား​ပလ္လင်၌ သင်တို့​တစ်ဖက်၌ တည်လိမ့်မည်။

၂၂ အကြောင်း​မူကား၊ ရှုလော့၊ ကလေး​သူငယ်​ခပ်သိမ်းနှင့်၊ ဥပဒေ​မရှိသော သူ​ခပ်သိမ်းတို့​သည်​လည်း ခရစ်တော်​အားဖြင့် အသက်​ရှင်ကြ၏။ အကြောင်း​မူကား၊ ရွေး​နှုတ်ခြင်း​တန်ခိုးသည် ဥပဒေ​မရှိသော​သူတို့​အပေါ်သို့ ကျ​ရောက်၏။ သို့​ဖြစ်၍၊ ပြစ်​ဒဏ်​ချ​မှတ်ခြင်းကို မခံရသော​သူ၊ သို့မဟုတ် ပြစ်​ဒဏ်ချ​မှတ်ခြင်း​အောက်၌ မရှိသော​သူသည် နောင်တ​မရနိုင်။ ထိုကဲ့သို့​သော​သူတို့​အဖို့ ဗတ္တိဇံ​သည် အကျိုး​မရှိ—

၂၃ သို့ရာတွင်၊ ခရစ်တော်၏ ကရုဏာတော်များနှင့် သူ၏​သန့်ရှင်းသော​ဝိညာဉ်တော်ကို ငြင်း​ဆိုလျက်၊ သေခြင်းနှင့်​ဆိုင်သော​အကျင့်တို့ကို ကိုး​စားခြင်း​သည် ဘုရားသခင်​ရှေ့၌ ပြက်​ရယ်​ပြုခြင်း​ပေတည်း။

၂၄ ရှုလော့၊ ငါ့သား၊ ဤအမှု မဖြစ်​သင့်။ အကြောင်း​မူကား၊ နောင်တ​ရခြင်းမှာ၊ ပြစ်​ဒဏ်​ချ​မှတ်ခြင်း​အောက်နှင့် ပညတ်​တရားကို ချိုး​ဖောက်၍​ကျိန်ခြင်း​အောက်၌ ရှိကြ​သော​သူများ​အတွက်​ဖြစ်၏။

၂၅ နောင်တ​ရခြင်း၏​ပထမ​ဦးဆုံး​အကျိုးမှာ ဗတ္တိဇံ​ဖြစ်၏။ ဗတ္တိဇံ​သည်လည်း ယုံကြည်ခြင်း​အားဖြင့်၊ ပညတ်တော်​များကို ပြီးပြည့်စုံ​စေသည့်​တိုင်​အောင် ဖြစ်၏။ ပညတ်တော်များကို ပြီးပြည့်စုံ​စေခြင်းကလည်း အပြစ်များမှ​လွှတ်ခြင်းကို ဖြစ်စေ၏။

၂၆ အပြစ်များမှ​လွှတ်ခြင်းက သိမ်မွေ့​အောက်ကျို့ခြင်းနှင့် စိတ်နှလုံး​နှိမ့်ချခြင်းတို့​ကို ဖြစ်စေ၏။ သိမ်မွေ့​အောက်ကျို့ခြင်းနှင့် စိတ်နှလုံး​နှိမ့်ချခြင်းတို့​ကြောင့်၊ မျှော်လင့်ခြင်းနှင့် စုံလင်သော​ချစ်ခြင်းတို့​ဖြင့်​ဖြည့်​ပေးသည့် နှစ်သိမ့်​သူ​တည်း​ဟူသော သန့်ရှင်းသော​ဝိညာဉ်တော်၏ အကြည့်​အရှု​ကြွ​ရောက်​တော်မူခြင်းကို ဖြစ်စေ၏။ ထိုချစ်ခြင်း​သည်​ကား၊ လုံ့လဝီရိယ​ထက်​သန်သော ဆုတောင်းခြင်း​အားဖြင့်၊ သန့်ရှင်းသော​သူခပ်သိမ်းတို့ ဘုရားသခင်နှင့် အတူ​နေ​ထိုင်ကြ​သည့် ပြီး​ဆုံးခြင်းသို့ ရောက်သည့်​တိုင်​အောင်​တည်၏။

၂၇ ရှုလော့၊ ငါ့သား၊ ငါသည် မကြာ​မြင့်မီ၌ လာမန်​အမျိုးသားတို့ကို သွား၍ မတိုက်​ခိုက်​ရ​သေးလျှင်၊ သင့်​အဖို့ တစ်ဖန်​ရေး​ဦးမည်။ ရှုလော့၊ သူတို့ နောင်တ​မရလျှင်၊ ဤလူမျိုး၏​မာန၊ သို့​မဟုတ် နီဖိုင်း​လူမျိုးတို့၏​မာနက သူတို့၏​ပျက်စီးခြင်းကို ဖြစ်စေ၏။

၂၈ ငါ့သား၊ သူတို့​ထံသို့ နောင်တ​ရခြင်း ရောက်​လာနိုင်​စေခြင်းငှာ သူတို့​အတွက် ဆုတောင်းလော့။ သို့ရာတွင်၊ ရှုလော့၊ သူတို့ကို ဝိညာဉ်တော်ပဲ့ပြင်ဆုံးမ​တော်မူခြင်းမှ ရပ်​တန့်​တော်မူလေသည်ကို ငါ​စိုး​ရိမ်၏။ ပြည်၏ ဤအရပ်တွင်၊ သူတို့သည် ဘုရားသခင်​ထံမှ​လာသည့် ခပ်သိမ်းသော တန်ခိုးနှင့် အခွင့်​အာဏာတို့ကို အနိုင်​ယူဖို့ ကြိုးစားလျက်​ရှိကြ၏။ သူတို့သည် သန့်​ရှင်းသော​ဝိညာဉ်တော်​ကိုလည်း ငြင်း​ဆိုလျက်​ရှိကြ၏။

၂၉ ငါ့သား၊ ထိုကဲ့သို့ အလွန်​ကြီးစွာသော​အသိ​ပညာကို ငြင်း​ပယ်​ပြီးနောက်၊ ပရောဖက်တို့​အားဖြင့် ဟော​ပြောသည့် ပရောဖက်​ပြု၍​ဟောခြင်းတို့နှင့် ငါတို့၏​ကယ်တင်ရှင်​ကိုယ်တိုင်၏ နှုတ်​ကပတ်တော်တို့ကို ပြီးပြည့်စုံ​စေသည့်​တိုင်အောင်ပင်၊ မကြာ​မြင့်မီ၊ သူတို့​ပျက်စီးကြ​ရမည်။

၃၀ ငါ့သား၊ သင့်ထံသို့ ငါ​ရေးမည့်၊ သို့မဟုတ်၊ သင့်ကို တစ်ဖန်တွေ့ဆုံမည့်အချိန်ထိ မင်္ဂလာရှိပါစေ။ အာမင်။