ကျမ်းစာများ
မော်ရော်နိုင်း ၉


မော်မုန်မှ သူ၏သား မော်ရော်နိုင်းသို့ ဒုတိယ​အမှာစာ

အခန်းကြီး ၉ ဖွဲ့​စည်း​ပါဝင်၏။

အခန်းကြီး ၉

နီဖိုင်း​အမျိုးသားများနှင့် လာမန်​အမျိုးသားများ နှစ်မျိုး​စလုံးတို့သည် အကျင့်​စာရိတ္တပျက်ပြားလျက်၊ ဖောက်​ပြန်ကြ၏—သူတို့သည် တစ်ယောက်ကို​တစ်ယောက် နှိပ်​စက်ပြီး သတ်ကြ၏—ကျေးဇူးတော်နှင့် ကောင်း​မြတ်ခြင်းတို့ မော်ရော်နိုင်း​အပေါ်၌ ကာလ​အစဉ်​အဆက် ကိန်း​ဝပ်​တော်မူ​ပါမည့်​အကြောင်း မော်မုန်က​ဆု​တောင်း၏။ အေဒီ ၄၀၁ ခန့်။

ငါ၏​ချစ်သား၊ ငါ​အသက်​ရှင်လျက်​ရှိ​သေးကြောင်းကို သင်သိ​နိုင်​စေခြင်းငှာ သင့်ထံသို့ တစ်ဖန်​ရေး၏။ သို့ရာတွင်၊ စိတ်​ပူစရာကို ငါ​အတော်​အသင့်​ရေး၏။

အကြောင်း​မူကား၊ ရှုလော့၊ ငါသည် လာမန်​အမျိုးသားတို့နှင့် ပြင်း​ထန်သော​တိုက်​ပွဲ​ဖြစ်ပြီး၊ ထိုတိုက်ပွဲ၌ ငါတို့ အနိုင်​မရကြ။ အာချေတု၊ ထို့အတူ လူရမ်နှင့် ဧမရုန်တို့​သည်​လည်း ဓား​ဘေးဖြင့် ကျ​ဆုံးကြ၏။ ထိုမှတစ်ပါး၊ ငါတို့၏​သန်မြန်သော​သူ အရေ​အတွက်​များစွာ​ကို​လည်း ငါတို့ ဆုံး​ရှုံး​ရ၏။

ယခုမူကား၊ ရှုလော့၊ ငါ့သား၊ ဤလူမျိုးတို့ကို လာမန်​အမျိုးသားတို့ ဖျက်ဆီးမည်ကို ငါ​စိုး​ရိမ်၏။ အကြောင်း​မူကား၊ သူတို့သည် နောင်တ​မရကြ။ စာတန်​ကလည်း သူတို့ကို အချင်း​ချင်း​အမျက်​ထွက်​စေခြင်းငှာ အစဉ်​မပြတ်​နှိုး​ဆော်၏။

ရှုလော့၊ ငါသည် သူတို့၌ အစဉ်​မပြတ် အလုပ်​လုပ်​လျက်​ရှိ၏။ ငါသည် ဘုရားသခင်၏​နှုတ်​ကပတ်တော်ကို ပြင်း​ထန်စွာ​ဟော​ပြောသော​အခါ၊ သူတို့သည် တုန်၍ ငါ့ကို​ဆန့်​ကျင်ပြီး အမျက်​ထွက်ကြ၏။ ငါက​ပြင်း​ထန်စွာ​မဟော​ပြောသော​အခါ၊ သူတို့သည် ထိုနှုတ်​ကပတ်တော်ကို ဆန့်​ကျင်ပြီး စိတ်နှလုံးကို မာကျော​စေကြ၏။ သို့​ဖြစ်၍၊ သူတို့ကို ကိုယ်တော်ရှင်၏​ဝိညာဉ်တော်ပဲ့ပြင်​ဆုံးမ​တော်မူခြင်းမှ ရပ်တန့်​တော်မူလေသည်​ကို ငါ​စိုး​ရိမ်၏။

အကြောင်း​မူကား၊ သူတို့သည် ထိုမျှ​လွန်စွာ​အမျက်​ထွက်ကြ​သဖြင့်၊ သူတို့၌ သေခြင်းကို ကြောက်ရွံ့ခြင်း​မရှိဟု ငါ​မှတ်ယူစရာ​ရှိ၏။ သူတို့၌ တစ်ယောက်ကို​တစ်ယောက်​ချစ်ခြင်း​သည်​လည်း ပျောက်​ဆုံး၏။ သူတို့သည် အသွေး​ကို​လည်း တောင့်​တလျက်၊ အစဉ်​မပြတ်​လက်​တုံ့​ပြန်ကြ၏။

ယခု​မူကား၊ ငါ၏​ချစ်သား၊ သူတို့၌ မာကျောခြင်း​ရှိ​သော်​ငြား​လည်း၊ ငါတို့​သည် လုံ့လဝီရိယ​ထက်​သန်စွာ အလုပ်​လုပ်ကြ​ကုန်အံ့။ အကြောင်း​မူကား၊ ငါတို့​သည် အလုပ်​လုပ်ခြင်းကို ရပ်တန့်လျှင်၊ ပြစ်​ဒဏ်ချ​မှတ်ခြင်း​အောက်သို့ ဆောင်ခြင်းကို ခံရလိမ့်မည်။ အကြောင်း​မူကား၊ ငါတို့သည် ဖြောင့်​မတ်ခြင်း​ခပ်သိမ်း၏​ရန်သူကို အနိုင်​ရပြီး၊ ငါတို့၏​စိတ်ဝိညာဉ်တို့ကို ဘုရားသခင်၏​နိုင်ငံတော်၌ အနား​ပေး​ရနိုင်ကြ​စေရန် မြေဖြင့်​ပြုသော​ဤတဲ​ကိုယ်ခန္ဓာ၌​ရှိစဉ်တွင်၊ ငါတို့၌ ဆောင်​ရွက်စရာ​အလုပ်​ရှိ၏။

ယခုမူကား၊ ဤလူမျိုးတို့၏ ဒုက္ခ​ဝေဒနာ​ခံစားခြင်း​များအကြောင်းကို ငါ​အတော်​အသင့်​ရေး၏။ အကြောင်း​မူကား၊ အာမော်ရုန်ထံမှ ငါရရှိထားသည့် အသိ​ပညာအရ၊ ရှုလော့၊ လာမန်​အမျိုးသားတို့၌ ရှေ​ရိဇရဲ​တိုက်မှ ခေါ်​ယူခဲ့သည့် စစ်​အကျဉ်းသားများစွာ​ရှိ၏။ ယောက်ျား၊ မိန်းမနှင့် ကလေးများ​ရှိ၏။

ထိုမိန်းမများနှင့် ကလေးများ၏ ခင်ပွန်းများနှင့် အဘတို့ကို သူတို့​ကွပ်မျက်​ကြ၏။ သူတို့သည် မိန်းမတို့​အား သူတို့​ခင်ပွန်းတို့၏​အသားနှင့် ကျွေး​ပြီး၊ ကလေးတို့​အား သူတို့​အဘတို့၏​အသားနှင့် ကျွေးကြ၏။ အနည်းငယ်​မှတစ်ပါး၊ သူတို့အား ရေကို​လည်း​မပေးကြ။

လာမန်​အမျိုးသားတို့၌ ဤကြီးစွာသော​စက်ဆုပ်​ရွံရှာဖွယ်​အမှုများ ရှိသော်​ငြား​လည်း မော်ရန်တမ်​ရှိ ငါတို့​လူမျိုးတို့၏​စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့​ထက် မသာလွန်ပေ။ အကြောင်း​မူကား၊ ရှုလော့၊ လာမန်​အမျိုးသားတို့၏​သမီးတို့​အထဲမှ များစွာတို့ကို အမြတ်​နိုးဆုံးနှင့် ခပ်သိမ်းသောအရာ​တို့​ထက်​အဖိုး​အထိုက်​ဆုံး​ဖြစ်သည့်၊ ကာမ​အပြစ်​ကင်း​စင်ခြင်းနှင့် အပျိုရည်ကို ရှုတ်​ချကြပြီးမှ စစ်​အကျဉ်း​သားများ​အဖြစ် သူတို့​ဖမ်းဆီး​သွားကြလေပြီ—

၁၀ သူတို့သည် ဤအမှုကို ပြုကြလေ​ပြီးနောက်၊ ထို​သမီးတို့ကို သေသည့်​တိုင်​အောင်ပင်၊ ကိုယ်ခန္ဓာကို နှိပ်စက်လျက် အကြမ်း​ကြုတ်​ဆုံး​နည်းဖြင့် သတ်ကြ၏။ သူတို့သည် ဤအမှုကို ပြုကြ​ပြီး​နောက်တွင်​လည်း သူတို့​စိတ်နှလုံး၏​မာကျောခြင်း​ကြောင့်၊ ထို​သမီးတို့၏​အသားကို တောသားရဲများ​ကဲ့သို့ ကိုက်​စားကြ၏။ သူတို့သည် ရဲရင့်ခြင်း၏​လက္ခဏာ​သက်သေ​အဖြစ်လည်း ထိုအမှုကို​ပြုကြ၏။

၁၁ အို ငါ၏​ချစ်သား၊ ဤကဲ့သို့ ယဉ်​ကျေးမှု​မရှိသော​လူမျိုး အဘယ်သို့​အားဖြင့်​ရှိနိုင်​ပြီး—

၁၂ (သူတို့သည် ယဉ်​ကျေးပြီး နှစ်​သက်ဖွယ်သော​လူမျိုး​ဖြစ်လေ​သည်​မှာ နှစ်​အနည်းငယ်​သာလျှင်၊ ကြာ​မြင့်၏)

၁၃ သို့ရာတွင်၊ ငါ့သား၊ ဤကဲ့သို့ အလွန်​များစွာသော စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့၌ မွေ့လျော်သည့် လူမျိုး အဘယ်သို့​အားဖြင့်​ရှိနိုင်​ပြီး—

၁၄ ဘုရားသခင်သည် ငါ့တို့​တစ်ဖက်၌ တရား​စီရင်​တော်မူရာတွင် သူ့​လက်တော်ကို ရုပ်သိမ်း​လိမ့်မည်ဟု အဘယ်သို့​အားဖြင့် ငါတို့​မျှော်လင့်​နိုင်ကြ​သနည်း။

၁၅ ရှုလော့၊ ငါ၏​စိတ်နှလုံးက ဟစ်​ကြွေး​သည်​ကား၊ ဤ​လူမျိုးသည် အမင်္ဂလာ​ရှိ၏။ အို ဘုရားသခင်၊ တရား​စီရင်​တော်မူခြင်းဖြင့် ကြွ​လာ​တော်မူပြီး၊ သူတို့၏​အပြစ်များကို​လည်း​ကောင်း၊ ဆိုးညစ်ခြင်း​ကို​လည်း​ကောင်း၊ စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့ကို​လည်း​ကောင်း ကိုယ်တော်၏​မျက်နှာ​ရှေ့မှ ကွယ်​ဝှက်​တော်မူပါ။

၁၆ ထို​မှတစ်ဖန်၊ ငါ့သား၊ ရှေရိဇ၌ ဆက်၍​ရှိနေသူ မုဆိုး​မများနှင့် သူတို့၏​သမီးများစွာ​ရှိ၏။ လာမန်​အမျိုးသားတို့ သယ်​ဆောင်​မသွားသည့် ရိက္ခာ​အချို့ ရှိသော်လည်း၊ ရှုလော့၊ ဇေနေဖိ၏​တပ်က သယ်ယူ​သွား၍၊ ထို​သူတို့ကို စားစရာ​အတွက် သူတို့​တတ်နိုင်သမျှ အရပ်​ရပ်သို့​လည်​စေဖို့ ထားခဲ့ကြ၏။ အသက်​ကြီးသော​မိန်းမ​များစွာ​တို့​သည် လမ်း​ခရီးမှာ မိန်းမော၍​သေ၏။

၁၇ ငါနှင့်​အတူ​ရှိသည့်​တပ်မှာ အား​နည်း၏။ လာမန်​အမျိုးသားတို့၏​တပ်များ​သည်​လည်း ရှေရိဇနှင့် ငါ့​ကြားတွင်​ရှိကြ၏။ အာရုန်၏​တပ်သို့ ထွက်​ပြေး​သူ​မှန်သမျှ​သည်​လည်း ထို​သူတို့၏ ကြောက်​ရွံ့ဖွယ်​ကောင်းသော ရက်စက်​ကြမ်း​ကြုတ်ခြင်းကို ခံရ၏။

၁၈ အို ငါ၏​လူမျိုးတို့သည် ဆိုး​ယုတ်​လှပေစွတကား၊ သူတို့၌ တရား​မရှိကြ၊ ကရုဏာ​လည်း​မရှိကြ။ ရှုလော့၊ ငါသည် လူ​သား​တစ်ဦး​သာလျှင်​ဖြစ်၏။ ငါ့၌ လူသား၏​ခွန်​အား​သာလျှင်​ရှိ​ပြီး၊ ငါ၏​အမိန့်တို့ကို နာခံကြ​စေကြောင်း နောက်​ထပ်၍ ငါ​မပြုနိုင်တော့။

၁၉ သူတို့​သည်လည်း ဖောက်​ပြန်ခြင်း၌ အား​ကြီး​လာကြ၏။ သူတို့သည် ရက်​စက်​ကြမ်း​ကြုတ်ရာ၌ တူ​ညီကြ၏။ အသက်​ကြီး​သူကို​ဖြစ်စေ၊ အသက်​ငယ်​သူကို​ဖြစ်စေ အဘယ်သူ့​ကို​မျှ ချမ်း​သာမပေး။ သူတို့သည် ကောင်း​မြတ်သော​အရာ​မှတစ်ပါး၊ အရာ​တိုင်း၌ မွေ့​လျော်ကြ၏။ ဤပြည်၏​မျက်နှာ​ပြင်​တစ်ခုလုံး​ပေါ်၌ ငါတို့၏ မိန်းမများနှင့် ကလေးများ၏ ဒုက္ခ​ဝေဒနာ​ခံစား​ခြင်း​သည်​ကား အရာ​တိုင်း​ထက် သာ​လွန်၏။ အကြောင်း​မူကား၊ ထို​ခံစား​ရခြင်းကို လူတို့ ပြော​မပြနိုင်။ ရေး၍​လည်း မရနိုင်။

၂၀ ယခု​မူကား၊ ငါ့သား၊ ငါသည် ဤကြောက်​ရွံစရာ​မြင်​ကွင်းကို ထပ်၍​မပြော​မရေး​တော့။ ရှုလော့၊ သင်သည် ဤလူမျိုးတို့၏​ဆိုးညစ်ခြင်းကို သိ၏။ သူတို့ ၌ ကျင့်​ဝတ်​စည်း​ကမ်း​မရှိကြ​ကြောင်း၊ ထို့အတူ ခံစား​တတ်​စွမ်း​မရှိကြ​တော့​ကြောင်းကို သင်​သိ၏။ သူတို့၏​ဆိုး​ညစ်ခြင်း​သည်​လည်း လာမန်​အမျိုးသားတို့၏​ဆိုး​ညစ်ခြင်း​ထက် သာ​လွန်၏။

၂၁ ရှုလော့၊ ငါ့​သား၊ ငါ့ကို ဘုရားသခင်​ဒဏ်​ခတ်တော်မူ​မည်ကို စိုးရိမ်​သဖြင့် ငါသည် ထို​သူတို့​အတွက် သူ့ထံသို့ ထောက်​ခံခြင်း​မပြုနိုင်။

၂၂ သို့ရာတွင်၊ ရှုလော့၊ ငါ့သား၊ ငါသည် သင့်ကို ဘုရားသခင်​ထံသို့ ထောက်​ခံ​မှု​ပေးလျှင်၊ ကယ်​တင်ခြင်းသို့ သင်​ရောက်မည့်​အကြောင်း ခရစ်တော်ကို ငါ​ကိုး​စား၏။ ဘုရားသခင်၏​လူမျိုးတို့ သူ့ထံသို့​ပြန်​လာခြင်းကို သို့မဟုတ်၊ သူတို့၏ ရှင်း​ရှင်း​ပျက်စီးခြင်းကို သက်သေ​ခံ​စေခြင်းငှာ သင်၏​အသက်ကို သူချမ်းသာ​ပေးတော်မူမည့်​အကြောင်းကိုလည်း သူ့ထံသို့ ငါ​ဆုတောင်း၏။ အကြောင်း​မူကား၊ သူတို့​နောင်တ​ရပြီး ငါ့ထံသို့​ပြန်​မလာကြလျှင် ပျက်စီးကြ​ရမည်ကို ငါ​သိ၏။

၂၃ ထို့အတူ၊ သူတို့သည် ပျက်စီးကြလျှင်၊ အသွေးနှင့် လက်တုံ့​ပြန်ခြင်းကို​ရှာလျက် သူတို့​စိတ်နှလုံး၏​လို​လားခြင်းကြောင့်၊ ယာရက်​အမျိုးသားများကဲ့သို့ ဖြစ်ကြ​လိမ့်မည်။

၂၄ သူတို့​ထိုကဲ့သို့ ပျက်စီးကြလျှင်၊ ငါတို့၏​ညီအစ်ကို​များထဲမှ များစွာသော​သူတို့သည် လာမန်​အမျိုးသားများ​ထံသို့ ကူး​ပြောင်း​သွားကြသည်ကို ငါတို့​သိကြ၏။ များစွာသော​သူတို့​သည်လည်း နောက်​ထပ်၍ သူတို့​ထံသို့ ကူး​ပြောင်း​ပေ​ဦးမည်။ သို့​ဖြစ်၍၊ သင်သည် အသက်​ချမ်းသာ​ရလျက်၊ ငါ​ပျက်စီး၍ သင့်ကို မမြင်​ရလျှင်၊ အနည်း​ငယ်သော​အရာကို အတော်​အသင့် ရေးလော့။ သို့ရာတွင်၊ ငါသည် မကြာ​မြင့်မီ သင့်ကို မြင်နိုင်​ရမည့်​အကြောင်း ယုံကြည်​စိတ်ချ၏။ အကြောင်း​မူကား၊ ငါ့မှာ သင့်ထံသို့ ပေးအပ်​လိုသည့် သန့်ရှင်း​မွန်​မြတ်သော မှတ်​တမ်းများ​ရှိ၏။

၂၅ ငါ့သား၊ ခရစ်တော်ကို သစ္စာ​ရှိလော့။ ငါ​ရေးလေသည့်​အရာများက သင့်ကို သေခြင်းသို့​တိုင်အောင် ဝန်​လေး​စေဖို့ ဝမ်းနည်း​ပူဆွေးခြင်း မရှိစေနှင့်။ သို့ရာတွင်၊ ခရစ်တော်သည် သင့်ကို ချီး​မြှောက်​တော်မူ​ပါစေ။ သူ၏​ဒုက္ခဝေဒနာ​ခံစားခြင်းနှင့် သေခြင်း၊ ထို့အတူ ငါတို့​ဘိုး​ဘေးတို့​အား သူ၏​ကိုယ်​ခန္ဓာကို ပြ​တော်မူခြင်း၊ ထို့အတူ သူ၏​ကရုဏာတော်နှင့် စိတ်​ရှည်​တော်မူခြင်း၊ ထို့အတူ သူ၏​ဘုန်းတော်ကို​လည်း​ကောင်း၊ ထာဝရ​အသက်ကို​လည်း​ကောင်း မျှော်လင့်ခြင်းတို့​သည်​လည်း သင်၏​စိတ်၌ ကာလ​အစဉ်​အဆက်​ကိန်း​ဝပ်ပါစေ။

၂၆ ကောင်းကင်၌ မြင့်မား​လှသည့် ပလ္လင်တော်ကို​ပိုင်​တော်မူသော ခမည်းတော်​ဘုရားသခင်၏၊ ထို့အတူ သူ့​တန်ခိုးတော်၏​လက်ယာဘက်၌ ထိုင်​တော်မူသည့် ငါတို့၏​ကိုယ်တော်ရှင်​ယေရှု​ခရစ်တော်၏ ကျေးဇူး​တော်သည် ခပ်သိမ်းသော​အရာများ သူ၏​ဩဇာခံများ​ဖြစ်​လာသည့်​အချိန်​တိုင်​အောင် သင်နှင့်​အတူ ကာလ​အစဉ်​အဆက် ရှိပါ​စေသ​တည်း။ အာမင်။