ကျမ်းစာများ
ဟေလမန် ၁၀


အခန်းကြီး ၁၀

ကိုယ်တော်ရှင်သည် နီဖိုင်းအား စည်း​နှောင်ခြင်း​တန်ခိုးကို ပေး၏—သူသည် မြေကြီးပေါ်နှင့် ကောင်းကင်ဘုံ၌ ချည်​နှောင်စေရန်နှင့် ဖြေလွှတ်​စေရန် အခွင့်​လွှဲအပ်ခံရ၏—သူသည် လူတို့ကို နောင်တရရန်၊ သို့မဟုတ်လျှင်၊ ပျက်စီးမည့်​အကြောင်း မိန့်မှာ၏—ဝိညာဉ်တော်​သည် သူ့ကို လူအစု​အဝေး​တစ်ခုမှ လူ​အစု​အဝေး​တစ်ခုသို့ ဆောင်ယူ​တော်မူ၏။ ဘီစီ ၂၁–၂၀ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့၌ ကွဲပြားခြင်း​ရှိသဖြင့်၊ အရပ်​ရပ်သို့​ကွဲသွား၍၊ သူတို့​လမ်း​သူတို့​သွားလျက်၊ နီဖိုင်းကို သူတို့​အလယ်၌ ရပ်နေစဉ် တစ်ယောက်တည်း ထား​ခဲ့ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းသည် သူ့ကို ကိုယ်တော်ရှင် ပြတော်မူ​လေသည့် အရာတို့ကို မှတ်ကျုံး၍ စဉ်း​စား​ဆင်ခြင်လျက် မိမိ​အိမ်သို့ သူ့လမ်းသူသွား၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် ထိုကဲ့သို့ မှတ်​ကျုံး၍​စဉ်းစား​ဆင်ခြင်​နေစဉ်၌—သူသည် နီဖိုင်း​လူမျိုးတို့၏ ဆိုးညစ်ခြင်း၊ သူတို့​၏​လျှို့ဝှက်သော မှောင်မိုက်ခြင်း​အမှုများ၊ သူတို့၏​လူ့အသက်​သတ်ခြင်းများ၊ သူတို့၏​လုယက်ခြင်းများနှင့် အမျိုး​မျိုးသော ဒုစရိုက်​များကြောင့် အလွန်​စိတ်​ပျက်၏—ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့​စိတ်နှလုံး၌ ထိုကဲ့သို့ မှတ်​ကျုံး၍ စဉ်း​စား​ဆင်ခြင်​နေစဉ် အသံ​တော်​တစ်ခု သူ့ထံသို့ ရောက်​လာ၍ မြွက်ဆို​လေ​သည်ကား၊

အသင်​နီဖိုင်းသည် ပြုခဲ့သော ထို​အမှုများကြောင့် မင်္ဂလာ​ရှိ၏။ အကြောင်း​မူကား၊ ငါသည် သင့်ကို ပေး​တော်မူသည့် နှုတ်ကပတ်တော်ကို ဤလူမျိုးတို့အား သင်အဘယ်​ကဲ့သို့ မမော​မပန်းဘဲနှင့် ဟော​ကြားသည်ကို မြင်​တော်မူ၏။ သင်သည် သူတို့ကို မကြောက်​လန့်၊ သင့်​အသက်ကို မငဲ့​ကွက်၊ ငါ၏​အလိုတော်ကို ဆောင်ရန်နှင့် ငါ၏​ပညတ်တော်​များကို စောင့်ထိန်းရန်သာ ကြိုးစား​အားထုတ်​လေ​ပြီ​။

ယခုမူကား၊ သင်သည် ထိုကဲ့သို့ မမော​မပန်းဘဲနှင့်​ဆောင်​ရွက်သော​ကြောင့်၊ ရှုလော့၊ ငါသည် သင့်ကို ကာလ​အစဉ်​အဆက် ကောင်းချီး​ပေးတော်​မူမည်။ သင့်ကို စကား​အရာနှင့် အကျင့်​အရာ၊ ယုံကြည်ခြင်း​အရာနှင့် အမှု​အရာတို့၌​လည်း အားကြီး​စေမည်။ ထိုမှတစ်ပါး၊ ခပ်သိမ်းသော​အရာတို့ကို သင့်ထံသို့ သင်၏​စကားများ​အတိုင်းပင် ဖြစ်စေ​တော်မူမည်။ အကြောင်း​မူကား၊ သင်သည် ငါ၏​အလိုနှင့် ဆန့်ကျင်​သော​အရာကို တောင်း​ဆိုမည်​မဟုတ်။

ရှုလော့၊ သင်သည် နီဖိုင်း​ဖြစ်၏။ ငါသည် ဘုရားသခင်​ဖြစ်၏။ ရှုလော့၊ ငါ၏​ကောင်းကင်​တမန်တို့​ရှေ့၌ သင့်ကို ဟော​ကြား​သည်ကား၊ သင်သည် ဤလူမျိုးတို့​အပေါ် တန်ခိုးရှိလိမ့်မည်။ ဤလူမျိုး​တို့၏ ဆိုး​ညစ်ခြင်း​အတိုင်း မြေကြီးကို ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးဖြင့်၊ ထို့အတူ ကာလ​နာဘေးနှင့် ဖျက်​ဆီးခြင်း​ဘေးတို့​ဖြင့်လည်း ဒဏ်ခတ်​လိမ့်မည်။

ရှုလော့၊ ငါသည် သင့်အား တန်ခိုးကို​ပေး၍၊ မြေကြီး​ပေါ်၌ သင်​တံဆိပ်ခတ်သမျှသည် ကောင်း​ကင်ဘုံ၌ တံဆိပ်ခတ်လျက်​ရှိလိမ့်မည်။ မြေကြီး​ပေါ်၌ သင်​ဖြေ​လွှတ်သမျှသည် ကောင်းကင်​ဘုံ၌ ဖြေ​လွှတ်လျက်​ရှိလိမ့်မည်။ ထိုကဲ့သို့​အားဖြင့်၊ သင်သည် ဤလူမျိုးတို့၌ တန်ခိုး​ရှိလိမ့််မည်။

ထိုကဲ့သို့​အားဖြင့်၊ ဤဗိမာန်တော်ကို နှစ်ခြမ်း​ကွဲလိမ့်​မည်ဟု သင်ဆိုလျှင်၊ ထိုအမှု​ဖြစ်လိမ့်မည်။

ဤတောင်ကို ပြိုကျ၍ ညီညာ​လာစေ​လော့ဟု သင်ဆို​လျှင်လည်း၊ ထိုအမှု​ဖြစ်လိမ့်မည်။

၁၀ ရှုဦးလော့၊ ဘုရားသခင်သည် ဤလူမျိုးတို့ကို ဒဏ်​ခတ်​တော်မူ​လိမ့်​မည်ဟု သင်​ဆိုလျှင်၊ ထိုအမှု ဖြစ်​လာ​လိမ့်မည်။

၁၁ ယခုမူကား၊ ရှုလော့၊ သင်သည် ဤလူမျိုးတို့​ထံသို့ သွား၍၊ ဟော​ကြားရမည့်​အကြောင်း၊ သင့်ကို ငါ​မိန့်မှာ၍၊ အနန္တ​တန်ခိုး​ရှင်​ဖြစ်​တော်မူသော ကိုယ်တော်ရှင်​ဘုရားသခင် မိန့်တော်မူလေ​သည်ကား၊ သင်တို့သည် နောင်တ​မရလျှင်၊ ပျက်စီးခြင်းသို့​တိုင်​အောင်ပင် ဒဏ်ခတ်​တော်မူခြင်းကို ခံရ​လိမ့်မည်။

၁၂ ရှုဦးလော့၊ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်းအား ဤစကားများကို ကိုယ်တော်ရှင် မိန့်​တော်မူ​လေပြီး​လျှင်၊ သူ​သည်လည်း ရပ်တန့်၍ မိမိ​အိမ်သို့​မသွား၊ ထို​ပြည်၏​မျက်နှာ​ပြင်ပေါ်၌ ကွဲပြား​ပြန့်ကျဲ​လျက်​ရှိသော လူ​အစု​အဝေးတို့ထံသို့သာ ပြန်​လာ၍၊ သူတို့​နောင်တ​မရလျှင်၊ သူတို့၏​ပျက်​စီးခြင်းနှင့်​စပ်လျဉ်း၍၊ သူ့ကို မိန့်တော်​မူသည့် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်​များကို သူတို့အား ဟော​ကြား​စပြု၏။

၁၃ ယခုတွင် ရှုလော့၊ တရား​သူကြီး​ချုပ်​သေခြင်း​အကြောင်းကို ပြော​ပြရာ၌ နီဖိုင်း​ပြုလေသည့် ကြီးစွာသော ထို​အလွန်​တရာ​အံ့ဩဖွယ်​အမှု​ရှိ​သော်​ငြား​လည်း၊ သူတို့သည် စိတ်​နှလုံးကို မာကျော​စေလျက်၊ ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်​များကို စေ့စေ့နား​မထောင်​ကြ။

၁၄ ထို့ကြောင့်၊ နီဖိုင်းက သူတို့အား ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်ကို ဟော​ကြား၍ ဆိုလေ​သည်ကား၊ သင်တို့​နောင်တ​မရလျှင်၊ ကိုယ်တော်ရှင်​မိန့်​တော်မူ​သည်မှာ၊ သင်တို့သည် ပျက်​စီးခြင်းသို့​တိုင်​အောင်ပင် ဒဏ်​ခတ်​တော်မူခြင်းကို ခံရ​လိမ့်မည်။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းက သူတို့အား ထိုစကားကို ဟော​ကြား​ပြီးလျှင်၊ ရှုလော့၊ သူတို့သည် စိတ်နှလုံးကို မာကျော​စေသေးလျက်​ရှိ၍၊ သူ၏​စကားများကို စေ့စေ့နား​မထောင်​လိုကြ။ ထို့ကြောင့်၊ သူ့ကို ဆန့်​ကျင်၍ ကဲ့ရဲ့​ပြော​ဆိုလျက်၊ ထောင်​ထဲ၌ လှောင်​ထား​နိုင်ခြင်းငှာ၊ ဖမ်းဆီးရန် ကြိုး​စားကြ၏။

၁၆ သို့ရာတွင်၊ ရှုလော့၊ ဘုရားသခင်၏​တန်ခိုး​တော်သည် သူနှင့်​အတူ ရှိတော်မူ၍၊ သူ့ကို ထောင်ထဲ၌​လှောင်​ထားရန် မဖမ်း​ဆီး​နိုင်ကြ။ အကြောင်း​မူကား၊ သူသည် ဝိညာဉ်တော်​အားဖြင့် ခေါ်​ဆောင်​ခံရ၍၊ သူတို့​အလယ်မှ ဝေးရာသို့ ပို့​ဆောင်​ခံရ၏။

၁၇ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ထိုကဲ့သို့ ဝိညာဉ်တော်​အားဖြင့် ထွက်​သွား၍၊ လူ​အစု​အဝေး​တစ်ခုမှ လူ​အစု​အဝေး​တစ်ခုသို့၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဟော​ကြားလျက်၊ သူတို့​အားလုံးသို့ ဟော​ကြား​ပြီးလေသည့်​တိုင်အောင် သို့မဟုတ်၊ လူမျိုး​ခပ်သိမ်းတို့၌ ပျံ့နှံ့​စေသည့်​တိုင်အောင်​ပင်တည်း။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် သူ၏​စကား​များကို စေ့စေ့​နား​မထောင်​လိုကြ။ ရန်​တွေ့ခြင်း​များလည်း အစ​ပြုသဖြင့်၊ သူတို့​အချင်း​ချင်း ကွဲ​ပြား၍ တစ်ယောက်ကို​တစ်ယောက် ဓားဖြင့် ကွပ်​မျက်​စ​ပြုကြ၏။

၁၉ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း ခုနစ်ဆယ်​တစ်​နှစ်​မြောက် ပြီး​ဆုံး၏။