ကျမ်းစာများ
ဟေလမန် ၁၃


နီဖိုင်း​အမျိုးသားများသို့ လာမန်​အမျိုး​သား​ရှမွေလ၏ ပရောဖက်​ပြု​ဟောချက်။

အခန်းကြီး ၁၃ မှ ၁၅ အထိ​ဖွဲ့စည်း​ပါဝင်၏။

အခန်းကြီး ၁၃

လာမန်​အမျိုးသား​ရှမွေလသည် နီဖိုင်း​အမျိုးသားတို့ နောင်တ​မရလျှင်၊ သူတို့၏​ပျက်​စီးခြင်းကို ပရောဖက်​ပြု၍ ဟော၏—သူတို့နှင့် သူတို့၏​စည်း​စိမ်​ဥစ္စာများသည် အကျိန်​ခံရ၏—သူတို့သည် ပရောဖက်တို့ကို ငြင်း​ပယ်၍၊ ကျောက်ခဲနှင့်​ပစ်​သဖြင့် နတ်ဆိုးတို့၏​ဝိုင်း​ပတ်ခြင်းကို ခံရ၏၊ ဒုစရိုက်ကို ပြုရာ၌ ပျော်​ရွှင်ခြင်းကို ရှာဖွေ​ကြ၏။ ဘီစီ ၆ ခန့်။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ ရှစ်ဆယ်​ခြောက်​နှစ်​မြောက်၌၊ လာမန်​အမျိုးသားတို့သည် ဘုရားသခင်၏​ပညတ်တော်များကို မောရှေ၏​ညတ်​တရား​အတိုင်း၊ တင်းကျပ်စွာ စောင့်ထိန်းရန် အား​ထုတ်ကြ​စဉ်၊ နီဖိုင်း​အမျိုး​သားတို့မှာ ဆိုး​ညစ်ခြင်း၌ အမှန်​စင်စစ်၊ ကြီးစွာသော​ဆိုးညစ်ခြင်း၌ ဆက်၍​ရှိ​နေကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ဤနှစ်၌၊ ရှမွေလ​အမည်​ရှိသော လာမန်​အမျိုးသား​တစ်ဦးသည် ဇရဟင်မလ​ပြည်ထဲသို့ ရောက်​လာ၍၊ လူတို့ကို ဟော​ပြော​စပြု၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် လူတို့အား နောင်တ​ရခြင်းကို နေ့ပေါင်းများ​စွာ​ကြာအောင်၊ ဟော​ပြော၍ သူတို့က နှင်​ထုတ်သဖြင့်၊ မိမိနေရင်း​ပြည်သို့ ပြန်​သွားတော့​မည်​ပြု၏။

သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်၏​အသံ သူ့ထံသို့ ရောက်​လာ၍ ကြား​ရသည်​ကား၊ သူ​တစ်ဖန် ပြန်​သွား၍ စိတ်နှလုံး​ထဲသို့ ဝင်​လာသမျှသော အရာတို့ကို လူတို့အား ပရောဖက်​ပြု၍ ဟော​ရမည့်​အကြောင်း​ပေတည်း။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် သူ့ကို မြို့ထဲသို့ ဝင်​ရောက်ရန် အခွင့်​မပေးကြ။ ထို့ကြောင့်၊ သူသည် သွား၍ ထိုမြို့​တံ​တိုင်း​ပေါ်သို့​တက်၏၊ လက်ကို ဆန့်၍၊ ကျယ်သော​အသံနှင့် ဟစ်​ကြွေးလျက်၊ သူ၏​စိတ်နှလုံး​ထဲသို့ ကိုယ်တော်ရှင်​သွင်း​ပေးတော်​မူသော အရာ​မှန်သမျှကို လူတို့အား ပရောဖက်​ပြု၍ ဟော၏။

သူဆို​လေသည်ကား၊ ရှုလော့၊ လာမန်​အမျိုး​သား​တစ်ဦး​ဖြစ်သော ငါ​ရှမွေလသည် ငါ၏​စိတ်နှလုံး​ထဲသို့ ကိုယ်တော်ရှင်​သွင်း​ပေးတော်မူ​သည့် သူ၏​နှုတ်ကပတ်​တော်တို့ကို ဟော​ပြော၏။ ရှုဦးလော့၊ အပြစ်​ပေးခြင်း​ဓားသည် ဤလူမျိုးတို့​အပေါ်၌ မိုးမည့်​အကြောင်း၊ ဤလူ​မျိုးတို့ကို ဟော​ပြောရန် နှုတ်ကပတ်တော်ကို ငါ၏​စိတ်နှလုံး​ထဲသို့ သွင်း​ပေးတော်မူခဲ့၏။ နှစ်​ပေါင်း​လေးရာသည်လည်း ဤလူမျိုးတို့​အပေါ် အပြစ်​ပေးခြင်း​ဓား မကျ​ရောက်မီ မကုန်လွန်ရ။

ထိုမှတစ်ပါး၊ ပြင်း​ထန်​သော​ဖျက်​ဆီးခြင်း​သည် ဤလူမျိုးတို့ကို စောင့်​နေ၏၊ ထိုအမှုသည် ဤလူမျိုးသို့ ဧကန်​အမှန်​ရောက်​လာလိမ့်မည်။ နောင်တ​ရခြင်း၊ ထို့အတူ လောက​ထဲသို့ ဧကန်​အမှန် ကြွလာ​တော်မူ၍၊ များစွာသော​အရာတို့ကို ခံစား​တော်မူ၍၊ သူ၏​လူမျိုးတို့​အတွက် ကွပ်​မျက်​ခံရမည့် ကိုယ်တော်ရှင်​ယေရှု​ခရစ်တော်​အပေါ် ယုံကြည်ခြင်းတို့​မှတစ်ပါး၊ အဘယ်​အရာကမျှ ဤလူမျိုးတို့ကို မကယ်​တင်နိုင်။

ရှုဦးလော့၊ ကိုယ်တော်ရှင်၏​ကောင်းကင်​တမန်​တစ်ပါးက ထိုအမှုကို ငါ့အား ဟော​ကြား၍၊ သူသည် ဝမ်းသာ​စရာ​သတင်းကို ငါ၏​စိတ်ဝိညာဉ်ဆီသို့ ဆောင်​ယူ၏။ ရှုဦးလော့၊ ဝမ်းသာ​စရာ​သတင်းကို သင်တို့​ရရှိ​နိုင်ကြ​စေခြင်းငှာ၊ ထိုအရာကို သင်တို့​ထံသို့​လည်း ဟော​ပြောစေရန် ငါ့ကို စေလွှတ်​တော်မူ၏။ သို့ရာတွင်၊ ရှုလော့၊ သင်တို့​သည် ငါ့ကို လက်​မခံ​လိုကြ။

ထို့ကြောင့်၊ ကိုယ်တော်ရှင် မိန့်တော်မူ​သည်ကား၊ နီဖိုင်း​လူမျိုးတို့၏ စိတ်​နှလုံး​မာကျောခြင်း​ကြောင့်၊ သူတို့​နောင်တ​မရလျှင်၊ ငါ၏​နှုတ်ကပတ်တော်ကို သူတို့​ထံမှ ငါ​ဖယ်ရှား​တော်မူမည်။ ငါ၏​ဝိညာဉ်တော်ကို​လည်း သူတို့​ထံမှ ငါ​နှုတ်​ယူတော်မူ​မည်။ ငါသည် သူတို့ကို သည်း​ခံတော့​မည်​မဟုတ်ဘဲ၊ သူတို့​ညီအစ်ကိုတို့၏​စိတ်နှလုံးကို သူတို့အား ဆန့်ကျင်​ဘက်ပြု​စေမည်။

ငါသည် သူတို့ကို ဒဏ်​ခတ်ခြင်း​မဖြစ်​စေမီ​တွင်လည်း နှစ်ပေါင်း​လေးရာ ကုန်​လွန်​လိမ့်မည်​မဟုတ်။ ထိုမှတစ်ပါး၊ ငါသည် သူတို့ကို ဓား​ဘေးဖြင့်​လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါးခြင်း​ဘေးဖြင့်​လည်း​ကောင်း၊ ကာလ​နာဘေးဖြင့်​လည်း​ကောင်း ဆုံး​မတော်​မူမည်။

၁၀ ထိုမှတစ်ပါး၊ ငါသည် သူတို့ကို ငါ၏​ပြင်းစွာသော​အမျက်ဖြင့် ဆုံးမ​တော်မူ၍၊ သင်တို့၏​ရှင်း​ရှင်း​ပျက်စီးခြင်းကို မြင်ရဖို့ သင်တို့​ရန်သူတို့မှ အသက်​ရှင်လျက်​ရှိမည်​ဖြစ်သော လေးဆက်​မြောက်​မျိုးဆက် ရှိလိမ့်မည်။ သင်တို့​နောင်တ​မရလျှင်၊ ဤအမှု​ဧကန်​အမှန် ဖြစ်​လာလိမ့်မည်။ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ လေးဆက်​မြောက်​မျိုးဆက်မှ ထိုသူတို့​သည်လည်း သင်တို့၏​ပျက်​စီးခြင်းကို စီရင်ကြ​လိမ့်မည်။

၁၁ သို့ရာတွင်၊ သင်တို့သည် နောင်တရ၍ သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​ထံသို့ ပြန်​လာ​ကြမည်​ဆိုလျှင်၊ ငါ၏​အမျက်တော်ကို လွှဲ​တော်မူမည်။ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်​မိန့်တော်မူ​လေသည်​ကား၊ နောင်တ​ရ၍ သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​ထံသို့ ပြန်​လာသော​သူတို့သည် မင်္ဂလာ​ရှိ၏။ သို့ရာတွင်၊ နောင်တ​ရခြင်း​မရှိသော​သူသည် အမင်္ဂလာ​ရှိ၏။

၁၂ ထိုမှတစ်ပါး၊ ဤဇရဟင်မလ​မြို့​ကြီးသည် အမင်္ဂလာ​ရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ ထိုသို့​ဖြစ်ရ​သည်မှာ ကယ်​တင်ခြင်း​သို့​ရောက်သည့် ဖြောင့်​မတ်သော​သူများ​ကြောင့်​ဖြစ်၏။ ထိုမှတစ်ပါး၊ ဤမြို့​ကြီးသည် အမင်္ဂလာ​ရှိ၏။ အကြောင်း​မူကား၊ ငါ​သိ​မြင်၏။ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ များစွာသော​သူတို့၊ အမှန်စင်စစ်၊ ငါ့ကို​ဆန့်ကျင်၍ စိတ်နှလုံးကို မာကျော​စေမည့်​သူများ​ဖြစ်သည့် ဤမြို့​ကြီးမှ အများစု​သော​သူတို့​ပင်​ရှိ၏ဟု ကိုယ်တော်ရှင်​မိန့်တော်​မူ၏။

၁၃ သို့ရာတွင်၊ နောင်တ​ရမည့်​သူတို့သည် မင်္ဂလာ​ရှိကြ၏။ အကြောင်းမူကား၊ သူတို့ကို ငါသည်​ချမ်းသာ​ပေးမည်။ သို့ရာတွင်၊ ရှုလော့၊ ဤမြို့​ကြီး၌ ရှိသည့် ဖြောင့်​မတ်သော​သူတို့​အတွက် မဟုတ်လျှင်၊ ရှုလော့၊ ငါသည် မီးကို ကောင်းကင်မှ ကျ​ဆင်း​လာစေ၍၊ မြို့ကို ဖျက်​ဆီးစေမည်။

၁၄ သို့ရာတွင်၊ ရှုလော့၊ ဖြောင့်​မတ်သော​သူတို့​အတွက်၊ ချမ်း​သာ​ပေး၏။ သို့ရာတွင်၊ ရှုလော့၊ အချိန်​ကျ​ရောက်​လာ၍၊ ကိုယ်တော်ရှင်​မိန့်တော်​မူသည်​ကား၊ ဖြောင့်​မတ်သော​သူတို့ကို သင်တို့​အထဲမှ သင်တို့​နှင်​ထုတ်သော​အချိန်၌၊ သင်တို့သည် ပျက်​စီးခြင်း​အတွက် အချိန်​တန်​ပေ​လိမ့်မည်။ ထိုမှတစ်ပါး၊ ဤမြို့​ကြီးသည် ၎င်း၌​ရှိသော ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့်၊ အမင်္ဂလာရှိ၏။

၁၅ ထိုမှတစ်ပါး၊ ဂိဒေါင်မြို့သည် မိမိ၌​ရှိသည့် ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ​ကြောင့် အမင်္ဂလာ​ရှိ၏။

၁၆ ထိုမှတစ်ပါး၊ နီဖိုင်း​အမျိုးသားတို့က ပိုင်သည့် ထိုပြည်၏​ပတ်ဝန်း​ကျင်ရှိ ခပ်သိမ်း​သော​မြို့များသည် မိမိတို့မှာ​ရှိသည့် ဆိုး​ညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကြောင့် အမင်္ဂလာ​ရှိ၏။

၁၇ ရှုဦးလော့၊ ကောင်းကင်​ဗိုယ်ခြေ​ကိုယ်တော်ရှင် မိန့်တော်မူ​သည်ကား၊ ထိုပြည်၌​ရှိသော​လူမျိုးတို့၏​အကျင့်ကြောင့်၊ အထူးသဖြင့်၊ သူတို့၏​ဆိုးညစ်ခြင်းနှင့် သူတို့၏​စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့​ကြောင့် ကျိန်ခြင်းသည် ထိုပြည်​အပေါ်သို့ ကျရောက်​လိမ့်မည်။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်လာ​လတ္တံ့သော​အခါ၊ ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်၊ အမှန်စင်စစ်၊ ငါတို့၏​ကြီး​မြတ်​မှန်​ကန်သော​ဘုရားသခင် မိန့်တော်မူ​သည်ကား၊ အကြင်​သူသည် ဖြောင့်​မတ်လျက်၊ ဘဏ္ဍာကို ကိုယ်တော်ရှင်​ထံသို့ ဝှက်​ထားခြင်း​မရှိလျှင်၊ ထိုပြည်၌ ရှိသည့် ကြီးစွာသော ကျိန်ခြင်း​ကြောင့်၊ ဘဏ္ဍာများကို မြေကြီး​ထဲ၌ ဝှက်​ထားသူ​အဘယ်သူ​မဆို ထိုအရာတို့ကို တစ်ဖန် မတွေ့ရတော့ လတ္တံ့။

၁၉ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ ငါသည် သူတို့​၏ဘဏ္ဍာများကို ငါ့​အဖို့​ဝှက်​ထားစေရန် အလို​ရှိ၏။ သူတို့၏​ဘဏ္ဍာများကို ငါ့​အဖို့​ဝှက်​ထားခြင်း​မရှိသော​သူတို့​သည်လည်း ကျိန်ခြင်းကို ခံရ၏။ အကြောင်း​မူကား၊ ဖြောင့်​မတ်သော​သူတို့​မှတစ်ပါး၊ အဘယ်​သူမျှ သူတို့၏​ဘဏ္ဍာကို ငါ့​အဖို့ ဝှက်​ထားခြင်း​မရှိ။ မိမိ​ဘဏ္ဍာများကို ငါ့​အဖို့ ဝှက်​ထားခြင်း​မရှိသော​သူနှင့် ဘဏ္ဍာ​သည်လည်း ကျိန်ခြင်းကို ခံရ၏။ ထိုပြည်၌​ရှိသည့် ကျိန်ခြင်းကြောင့် အဘယ်​သူမျှလည်း ထိုအရာကို ရွေး​ယူ​ရ​မည် မဟုတ်။

၂၀ သူတို့​သည်လည်း မိမိတို့​စိတ်နှလုံးကို စည်းစိမ်​ဥစ္စာတို့​အပေါ်မှာ​ထားသော​ကြောင့်၊ သူတို့​ဘဏ္ဍာများကို သူတို့​ဝှက်​ထားမည့်​နေ့သည် ကျရောက်​လာပေမည်။ သူတို့သည် မိမိတို့​စိတ်နှလုံးကို မိမိတို့၏​စည်းစိမ်​ဥစ္စာတို့​အပေါ်မှာ​ထားသော​ကြောင့်၊ သူတို့၏​ရန်သူများ​ရှေ့မှ ထွက်​ပြေး​ကြသော​အခါ​၌လည်း သူတို့​ဘဏ္ဍာ​များကို ဝှက်​ထားကြ​လိမ့်မည်။ သူတို့သည် ထိုအရာ​တို့ကို ငါ့​အဖို့ ဝှက်​ထားကြ​မည်​မဟုတ်​သောကြောင့်၊ ကျိန်ခြင်း​ခံရမည်မှာ သူတို့နှင့် သူတို့၏​ဘဏ္ဍာများ ဖြစ်၏။ ထိုနေ့၌ သူတို့သည် ဒဏ်​ခတ်သည်​ကို​လည်း ခံရလိမ့််​မည်ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၂၁ အသင်၊ ဤမြို့ ကြီးမှ​လူတို့၊ ရှုလော့၊ ငါ၏​စကားများ​ကိုလည်း စေ့စေ့နား​ထောင်ကြ​လော့။ ကိုယ်တော်ရှင်​မိန့်တော်မူသည့် စကားများ​ကိုလည်း စေ့စေ့နားထောင်​ကြလော့။ အကြောင်း​မူကား၊ ရှုလော့၊ သူမိန့်တော်မူသည်မှာ၊ သင်တို့သည် သင်တို့၏​စည်းစိမ်​ဥစ္စာ​များကြောင့် ကျိန်ခြင်းကို ခံကြရ၏။ သင်တို့၏​စည်းစိမ်​ဥစ္စာများ​သည်လည်း ကျိန်ခြင်းကို ခံရ​သည်ကား၊ သင်တို့​သည် သင်တို့​စိတ်နှလုံးကို ထိုအရာတို့​အပေါ်၌ ထား၍၊ သင်တို့​ထံသို့ ထိုအရာတို့ကို ပေး​တော်မူသော​သူ၏​စကားများကို စေ့စေ့နား​မထောင်​သောကြောင့်​ပေတည်း။

၂၂ သင်တို့သည် သင်တို့ကို ကောင်းချီး​ပေးတော်​မူလေသည့်​အရာတို့ ၌ သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို မအောက်​မေ့ကြ၊ သို့ရာတွင် သင်တို့၏​စည်းစိမ်​ဥစ္စာများကို အစဉ်​အမြဲ​အောက်မေ့​သော်လည်း၊ ထိုအရာတို့​အတွက် သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို ကျေးဇူး​တော်မ​ချီးမွမ်းကြ။ ထိုမှတစ်ပါး၊ သင်တို့၏​စိတ်နှလုံးသည် ကိုယ်တော်ရှင်​ထံသို့ အာရုံ​မပြုကြ၊ ကြီးစွာသော​မာနနှင့် ပြည့်လျက် ဝါ​ကြွားခြင်းသို့​ရောက်၍၊ ကြီးစွာသော​ထောင်​လွှားခြင်း၊ ဂုဏ်​ပြိုင်ခြင်းများ၊ ရန်​တွေ့ခြင်းများ၊ ရန်​ငြိုး​ထားခြင်း၊ ညှဉ်း​ဆဲခြင်းများ၊ ထို့အတူ လူ့​အသက်ကို​သတ်ခြင်း​များနှင့် အမျိုး​မျိုးသော ဒုစရိုက်​များသို့သာ ရောက်​ကြ၏။

၂၃ ဤအကြောင်း​ရင်း​ကြောင့်၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် ကျိန်ခြင်းကို ထိုပြည်​အပေါ်သို့၊ ထို့အတူ၊ သင်တို့၏​စည်းစိမ်​ဥစ္စာများ​အပေါ်သို့​လည်း ကျရောက်​စေတော်မူ၏၊ ဤအမှုမှာ သင်တို့၏​ဒုစရိုက်​များကြောင့်​ပေတည်း။

၂၄ ထိုမှတစ်ပါး၊ သင်တို့သည် ရှေး​လွန်လေ​ပြီးသော​ကာလ​ကသူများ ပြု​ကြသကဲ့​သို့ပင် ပရောဖက်တို့ကို​နှင်ထုတ်ကြ၊ ထို့အတူ သူတို့ကို ပြက်​ရယ်​ပြုကြ၊ ထို့အတူ သူတို့ကို ကျောက်​ခဲနှင့်​ပစ်ကြ၊ ထို့အတူ သူတို့ကို ကွပ်​မျက်ကြ၊ ထို့အတူ သူတို့အား အမျိုး​မျိုးသော ဒုစရိုက်ကို ပြုကြသည့် ဤကျ​ရောက်​လာသော​အချိန်​ကြောင့် ဤလူမျိုး​တို့သည် အမင်္ဂလာ​ရှိ၏။

၂၅ ယခုမူကား၊ သင်တို့​စကား​ပြော၍ ဆိုကြ​သည်ကား၊ ငါတို့၏​နေ့​ရက်သည် ငါတို့​ရှေးဘိုး​ဘေးတို့၏​နေ့​ရက်၌ ရှိလေလျှင်၊ ငါတို့​သည် ပရောဖက်တို့ကို ကွပ်​မျက်ကြ​လိမ့်မည်​မဟုတ်။ သူတို့ကို ကျောက်​ခဲဖြင့်​ပစ်ခြင်းနှင့် နှင်​ထုတ်ခြင်းတို့ ရှိလိမ့်မည်​မဟုတ်။

၂၆ ရှုလော့၊ သင်တို့သည် သူတို့ထက် သာ၍​ဆိုးကြ၏။ အကြောင်း​မူကား၊ ကိုယ်တော်ရှင်​အသက်​ရှင်​တော်​မူသည့်​အတိုင်း၊ ပရောဖက်​တစ်ပါးသည် သင်တို့​ထံသို့​လာ၍၊ သင်တို့၏​အပြစ်များနှင့် ဒုစရိုက်များ​အကြောင်း သက်သေ​ခံသည့် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်ကို သင်တို့အား ဟော​ကြားလျှင်၊ သင်တို့​သည် သူ့ကို အမျက်​ထွက်​လာ၍၊ သူ့ကို​နှင်ထုတ်၍၊ သူ့ကို​ဖျက်ဆီးရန် အမျိုး​မျိုးသော နည်း​လမ်းများကို ရှာကြ၏။ ထိုမှတစ်ပါး၊ သူသည် မိစ္ဆာ​ပရောဖက်​ဖြစ်​သည်ဟု​လည်း​ကောင်း၊ သူသည် အပြစ်​ရှိ​သူ​ဖြစ်၍၊ သင်တို့၏​အကျင့်များဆိုး​ကြောင်းကို သက်​သေခံ​သောကြောင့်၊ နတ်ဆိုး၏​လူ​ဖြစ်​သည်ဟု​လည်း​ကောင်း သင်တို့​ဆိုကြ​ပေမည်။

၂၇ သို့ရာတွင်၊ ရှုလော့၊ အကြင်​လူတစ်ဦးက သင်တို့​ထံသို့​လာ၍၊ ဤအရာကို​ပြုလော့၊ ဒုစရိုက်​မရှိ။ ထိုအရာကို​ပြုလော့၊ သင်တို့​ခံစား​ရမည်​မဟုတ်ဟု​ဆို၍၊ ထိုမှတစ်ပါး၊ သူက ဆိုမည်ကား၊ သင်တို့၏မာန​စိတ်နှလုံး​အတိုင်း လိုက်လော့၊ ထိုမှတစ်ပါး၊ သင်တို့၏မာန​မျက်လုံး​အတိုင်း လိုက်၍၊ သင်တို့​စိတ်နှလုံး​အလို​ရှိသည်​အတိုင်း ပြုကြလော့—အကြင်​လူတစ်ဦးက သင်တို့​ထံသို့​လာ၍ ဤသို့​ပြောလျှင်၊ သင်တို့သည် သူ့ကို​လက်ခံ၍ သူသည် ပရောဖက်​တစ်ပါး​ဖြစ်သည်ဟု ဆိုကြ​ပေမည်။

၂၈ ထိုမှတစ်ပါး၊ သင်တို့သည် သူ့ကို ချီးမြှောက်၍၊ သူ့ကို သင်တို့၏​ဥစ္စာ​အချို့ကို ပေးကြမည်။ သူ့ကို သင်တို့၏​ရွှေနှင့် သင်တို့၏​ငွေတို့ကို ပေး၍၊ သူ့ကို အဖိုး​ထိုက်သော​အဝတ်ဖြင့် ဝတ်​ဆင်ကြမည်။ သူက သင်တို့ကို မြှောက်ပင့်​သော​စကားများ ပြောသော​ကြောင့်၊ ဖြစ်သ​မျှသည် ကောင်း​ပါ၏ဟု သူက​ဆိုလျှင်၊ သင်တို့​သည် သူ့ ၌ အမှားကို ရှာကြ​မည်​မဟုတ်။

၂၉ အို အသင် ဆိုး​ညစ်၍၊ ဖောက်​ပြန်သော​အမျိုးတို့၊ အသင် မာကျော၍၊ လည်ပင်း​ခိုင်မာသော လူမျိုးတို့ ကိုယ်တော်ရှင်သည် သင်တို့ကို အဘယ်မျှ​ကြာအောင် သည်းခံ​တော်မူ​လိမ့်မည်ဟု ထင်မှတ်​ကြ​သနည်း။ ထိုမှတစ်ပါး၊ သင်တို့​သည် သင်တို့​ကိုယ်သင်တို့ မိုက်မဲ၍ မျက်စိ​မမြင်သည့် လမ်း​ပြတို့​အားဖြင့် ပို့ဆောင်​ခံရစေရန် အဘယ်မျှ​ကြာအောင် အခွင့်​ပေးကြ​မည်နည်း။ ထိုမှတစ်ပါး၊ သင်တို့​သည် အဘယ်​မျှကြာ​အောင် အလင်း​ထက် မှောင်​မိုက်ကို ရွေးချယ်ကြ​မည်နည်း။

၃၀ ထိုမှတစ်ပါး၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သင်တို့ကို အမျက်​ထွက်နှင့်​လေပြီ။ ရှုလော့၊ သူသည် သင်တို့၏​ဒုစရိုက်​ကြောင့် မြေကို ကျိန်​လေပြီ။

၃၁ ရှုဦးလော့၊ သင်တို့၏​စည်းစိမ်​ဥစ္စာတို့ကို သူကျိန်သည့်​အချိန်သည် ကျ​ရောက်​လာသဖြင့် ထို​အရာ​တို့သည် ချော်​တတ်​လာ၍၊ သင်တို့​မကိုင်​နိုင်ကြ။ သင်တို့​ဆင်းရဲ​နွမ်းပါးသည့်​ကာလ၌လည်း ထိုအရာတို့ကို သင်တို့​ထိန်း​သိမ်း​မထားနိုင်ကြ။

၃၂ သင်တို့​ဆင်းရဲ​နွမ်းပါးသည့်​ကာလ၌ သင်တို့​သည်လည်း ကိုယ်တော်ရှင်​ထံသို့ တောင်း​လျှောက်​ကြ​လိမ့်မည်။ အချည်း​နှီးတောင်း​လျှောက်ကြ​လိမ့်မည်။ အကြောင်း​မူကား၊ သင်တို့၏​ဆိတ်​ညံခြင်းသည် သင်တို့​ထံသို့ ရောက်နှင့်လျက်၊ သင်တို့၏​ပျက်စီးခြင်းကို ဧကန်​အမှန်​ဖြစ်​စေပြီ။ သင်တို့​သည်​လည်း ထိုကာလ၌ ငိုကြွေး၍၊ ညည်း​တွား​မြည်​တမ်းကြ​လိမ့်မည်ဟု ကောင်း​ကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင် မိန့်တော်မူ၏။ ထို့နောက်တွင်၊ သင်တို့​မြည်တမ်း၍ ဆိုကြ​မည်ကား၊

၃၃ အို ငါသည် နောင်တ​ရ၍၊ ပရာဖက်တို့ကို သတ်ခြင်း၊ ကျောက်ခဲနှင့်​ပစ်ခြင်းနှင့် နှင်​ထုတ်ခြင်းတို့ မရှိ​ပါ​ရစေနှင့်။ ထိုမှတစ်ပါး၊ ယင်း​ကာလ၌ သင်တို့​ဆိုကြ​မည်ကား၊ အို ငါတို့သည် ငါတို့၏​ဘုရားသခင်​ကိုယ်တော်ရှင် ငါတို့အား ငါတို့၏​စည်းစိမ်​ဥစ္စာများကို ပေးတော်မူသော​ကာလ၌ သူ့ကို အောက်မေ့​ကြ​သဖြင့်၊ ထိုအရာတို့ကို ဆုံးရှုံး​ရစေရန် ချော်​တတ်​လာခြင်း​မရှိ​ပါစေနှင့်။ အကြောင်း​မူကား၊ ရှုလော့၊ ငါတို့၏​စည်းစိမ်​ဥစ္စာများသည် ငါတို့​ထံမှ ထွက်​သွားလေပြီ။

၃၄ ရှုလော့၊ ငါတို့သည် ဤအရပ်၌ ကိရိယာကို​ချထား၍ နက်ဖြန်​နေ့၌ ထိုအရာသည် ထွက်​သွား၏။ ရှုဦးလော့၊ တိုက်ပွဲ​အတွက် ငါတို့၏​ဓားများကို ရှာသော​ကာလ၌ ငါတို့​ထံမှ သိမ်း​ယူ​သွားခံရ၏။

၃၅ ထိုမှတစ်ပါး၊ ငါတို့၏​ဘဏ္ဍာများကို ဝှက်​ထားသော်လည်း၊ ထိုပြည်၌​ရှိသည့် ကျိန်ခြင်းကြောင့်၊ ငါတို့​ထံမှ​ချော်​ထွက်​သွား​လေပြီ။

၃၆ အို ငါတို့သည် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော် ငါတို့​ထံသို့​ရောက်သည့် ကာလ၌ နောင်တ​ရကြ​ပါ​စေသော်။ အကြောင်း​မူကား၊ ရှုလော့၊ ထိုပြည်သည် ကျိန်ခြင်းကို ခံရ၍ အရာ​တို့သည် ချော်​တတ်​လာသဖြင့်၊ ငါတို့​ကိုင်​မထား​နိုင်ကြ။

၃၇ ရှုလော့၊ ငါတို့သည် နတ်​ဆိုးတို့ဖြင့် ဝိုင်း​ထား​ခံရ၏၊ ထိုမှတစ်ပါး၊ ငါတို့​စိတ်​ဝိညာဉ်တို့ကို ဖျက်​ဆီးရန်​ကြိုးစား​အား​ထုတ်သော ထိုသူ၏​တမန်တို့ဖြင့် ဝိုင်း​ပတ်​ထား​ခံရကြ၏။ ရှုလော့၊ ငါတို့၏ ဒုစရိုက်များမှာ၊ ကြီး​မား​လှ၏။ အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် ကိုယ်တော်၏​အမျက်​တော်ကို အကျွန်ုပ်တို့​ထံမှ မလွှဲနိုင်​သလော။ ဤအရာ​သည်​လည်း ထို​ကာလများ၌ သင်တို့၏​ဘာသာ​စကား​ဖြစ်​လိမ့်​မည်။

၃၈ သို့ရာတွင်၊ ရှုလော့၊ သင်တို့၏​အစမ်း​သပ်ခံ​ကာလများ​ကုန်​လွန်​ပေပြီ။ သင်တို့၏​ကယ်​တင်ခြင်း​ကာလကို အစဉ်​ထာဝရ​အလွန်​နောက်​ကျသည့်​တိုင်အောင် သင်တို့​ဖင့်နွှဲလျက်၊ သင်တို့၏​ပျက်​စီးခြင်းကို ဧကန်​အမှန်​ဖြစ်စေ၏။ အကြောင်း​မူကား၊ သင်တို့သည် သင်တို့​မရရှိ​နိုင်သည့်​အရာကို သင်တို့​အသက်​တာ၏​ကာလ​တစ်ခု​လုံး၌ ကြိုးစား​အားထုတ်​ကြလေပြီ။ ထို့အတူ၊ သင်တို့သည် ငါတို့၏​ထာဝရ​အကြီး​အကဲ၏ ဖြောင့်​မတ်ခြင်း​သဘောနှင့် ဆန့်​ကျင်သည့်​အရာ​ဖြစ်သည့် ဒုစရိုက်ကို​ပြုခြင်း၌ ပျော်​ရွှင်ခြင်းကို ရှာကြ​လေပြီ။

၃၉ အို အသင် ထိုပြည်၏​လူမျိုးတို့၊ သင်တို့သည် ငါ၏​စကားများကို ကြားကြ​ပါစေ။ ငါသည်လည်း ကိုယ်တော်ရှင်၏​အမျက်​တော်ကို သင်တို့​ထံမှ ငြိမ်း​စေခြင်းငှာ၊ ထို့အတူ သင်တို့နောင်တရ၍ ကယ်တင်ခြင်းသို့ ရောက်ကြ​စေခြင်းငှာ ဆု​တောင်း၏။