ကျမ်းစာများ
ဟေလမန် ၆


အခန်းကြီး ၆

ဖြောင့်မတ်သော​လာမန်​အမျိုး​သားတို့သည် ဆိုးညစ်သော​နီဖိုင်း​အမျိုး​သားတို့ကို ဟော​ပြော​ကြ၏—လူမျိုး​နှစ်မျိုး​စလုံးသည် ငြိမ်း​ချမ်းခြင်းနှင့် ပေါများခြင်း​ကာလ​တစ်ခု​အတွင်း၌ အောင်မြင်ကြ၏—အပြစ်​ကို​ဖန်တီးသူ လူစီဖာသည် ဆိုး​ညစ်သူတို့နှင့် ဂါဒျန်တန်​ဓားပြတို့၏​စိတ်နှလုံးကို လူ့အသက်​သတ်ခြင်းနှင့် ဆိုး​ညစ်ခြင်းတို့၌ နှိုးဆော်၏—ဓားပြတို့သည် နီဖိုင်း​အမျိုးသား​အစိုးရကို လွှဲ​ယူကြ၏။ ဘီစီ ၂၉–၂၃ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း ခြောက်ဆယ်​နှစ်​နှစ်မြောက်​ပြီးဆုံးသော​အချိန်၌၊ ဤအရာခပ်သိမ်းတို့ ဖြစ်​ပျက်၏၊ လာမန်​အမျိုး​သားများ၊ သူတို့မှ အများစုသည် ဖြောင့်မတ်သော​လူမျိုးများ ဖြစ်​လာ၍၊ ယုံကြည်ခြင်း၌ သူတို့၏​ခိုင်မြဲခြင်းနှင့် သူတို့၏​တည်ငြိမ်​မြဲမြံခြင်းတို့ကြောင့်၊ သူတို့၏​ဖြောင့်​မတ်ခြင်းမှာ နီဖိုင်း​အမျိုး​သားတို့၏​ဖြောင့်​မတ်ခြင်းထက် သာလွန်သည့်​တိုင်​အောင်ပင်​တည်း။

အကြောင်းမူကား၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့အထဲမှ များစွာသောသူတို့ မာကျော၍ နောင်တမရဘဲ အလွန်​အမင်း​ဆိုးညစ်လာကြလေသည်မှာ၊ သူတို့၌ ရောက်​လာသည့် ဘုရားသခင်၏​နှုတ်ကပတ်တော်၊ ခပ်သိမ်းသော​ဟော​ပြောခြင်းနှင့် ပရောဖက်​ပြု၍​ဟော​ပြောခြင်းတို့ကို ငြင်း​ပယ်ကြသည့်​တိုင်​အောင်ပင်တည်း။

သို့သော်လည်း၊ လာမန်​အမျိုး​သားတို့၏​ပြောင်း​လဲခြင်းကြောင့်၊ ထိုမှတစ်ပါး၊ သူတို့၌ တည်​ထောင်​ထားသည့် ဘုရားသခင်၏​အသင်း​တော်​ကြောင့်၊ အသင်း​တော်၏​လူတို့သည် ကြီးစွာ​ဝမ်း​မြောက်ကြ၏။ ထို့အတူ၊ သူတို့သည် အချင်း​ချင်း​မိဿဟာယဖွဲ့၍၊ အချင်း​ချင်း ရွှင်လန်း​ဝမ်း​မြောက်​လျက် ကြီးစွာ​ဝမ်း​မြောက်​ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ များစွာသော​လာမန်​အမျိုး​သားတို့သည် ဇရဟင်မလ​ပြည်ထဲသို့ ဆင်း​လာကြ၏၊ သူတို့၏​ပြောင်းလဲ​ပုံကို နီဖိုင်း​လူမျိုးတို့​အား ပြော​ကြားလျက်၊ ယုံ​ကြည်ခြင်းနှင့် နောင်တ​ရခြင်း​ရှိစေရန် နှိုး​ဆော်ကြ၏။

ထိုမှတစ်ပါး၊ များစွာသော​သူတို့သည် အလွန်​ကြီးစွာသော တန်ခိုးနှင့် အခွင့်​အာဏာ​တို့ဖြင့် ဟော​ပြောသဖြင့်၊ သူတို့မှ များစွာသော​သူတို့ကို ဘုရားသခင်နှင့် သိုး​သငယ်၏ နှိမ့်ချသော​တပည့်​တော်များ​ဖြစ်စေရန် နက်လှ​သော​နှိမ့်ချခြင်းသို့ ရောက်စေသည့်​တိုင်အောင်​ပင်တည်း။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ များစွာသော​လာမန်​အမျိုး​သားတို့သည် မြောက်​ဘက်​လားရာ​ပြည်ထဲသို့ သွားကြ၏။ ထို့အတူ၊ နီဖိုင်းနှင့် လေဟိတို့​သည်လည်း လူတို့အား ဟော​ပြောခြင်းငှာ၊ မြောက်​ဘက်​လားရာ​ပြည်ထဲသို့ သွားကြ၏။ ထိုကဲ့သို့​အားဖြင့်၊ ခြောက်ဆယ်သုံး​နှစ်မြောက်​ပြီးဆုံး၏။

ရှုဦးလော့၊ ထိုပြည်​တစ်ခုလုံး၌ ငြိမ်းချမ်းခြင်း​ရှိသဖြင့်၊ နီဖိုင်း​အမျိုး​သားတို့သည် နီဖိုင်း​အမျိုး​သားတို့၌​ဖြစ်စေ၊ သို့မဟုတ် လာမန်​အမျိုး​သားတို့၌​ဖြစ်စေ၊ မိမိတို့​သွား​လိုသည့် ထိုပြည်၏​အရပ်​မှန်​သမျှထဲသို့ သွားကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လာမန်​အမျိုး​သားတို့​သည်လည်း လာမန်​အမျိုး​သားတို့၌​ဖြစ်စေ၊ သို့မဟုတ်၊ နီဖိုင်း​အမျိုး​သားတို့၌​ဖြစ်စေ မိမိတို့​သွားလိုရာ​အရပ်​မှန်သမျှသို့ သွားကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် မိမိတို့​အလို​ဆန္ဒ​အတိုင်း ရောင်း​ဝယ်ရန်နှင့် အကျိုး​အမြတ်​ရရန် အချင်းချင်း လွတ်လပ်သော​ဆက်ဆံ​ရေး​ရှိ​ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့​လာမန်​အမျိုးသားနှင့် နီဖိုင်း​အမျိုး​သား​နှစ်မျိုး​စလုံး အလွန်​ကြွယ်ဝ​လာကြ၏။ ထို့အတူ၊ တောင်​ဘက်​ပြည်နှင့် မြောက်​ဘက်​ပြည်​နှစ်ခု​စလုံးတွင်၊ သူတို့၌ အလွန်​များစွာသော ရွှေ၊ ငွေနှင့် အမျိုး​မျိုးသော အဖိုး​ထိုက်သည့် သတ္တုများ​ရှိကြ၏။

၁၀ ယခုတွင်၊ တောင်​ဘက်ပြည်ကို လေဟိဟု​ခေါ်၏၊ မြောက်​ဘက်​ပြည်ကို ဇေဒကိ၏​သား​အမည်​အတိုင်း မြူးလက်ဟု ခေါ်၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် မြူးလက်ကို မြောက်​ဘက်​ပြည်သို့​လည်း​ကောင်း၊ လေဟိကို တောင်​ဘက်​ပြည်သို့​လည်းကောင်း ဆောင်​ယူ​တော်မူခဲ့၏။

၁၁ ရှုဦးလော့၊ ဤပြည်​နှစ်ခု​စလုံးတွင်၊ အမျိုး​မျိုးသော​ရွှေ၊ ငွေနှင့် အဖိုး​တန် သတ္တု​ရိုင်း​မှန်သမျှတို့ ရှိ၏။ သတ္တု​ရိုင်း​အမျိုး​မျိုးတို့ကို ထုတ်​လုပ်၍ သန့်​စင်ပြီးလျှင် အနုစိတ်​လက်ရာကို လုပ်​တတ်သော​သူများ​လည်း​ရှိ၏။ ထိုကဲ့သို့အားဖြင့် သူတို့သည် ကြွယ်ဝလာခဲ့ကြ၏။

၁၂ သူတို့သည် မြောက်​ဘက်နှင့် တောင်​ဘက်​နှစ်ခု​စလုံး၌ ဆန်စပါးကို အမြောက်​အမြား စိုက်​ပျိုးကြ၏။ မြောက်​ဘက်နှင့်​တောင်​ဘက် နှစ်ခု​စလုံး၌​လည်း လွန်စွာဖွံ့ဖြိုး​တိုးတက်​ကြ၏။ ပွား​များလျက်၊ ထိုပြည်ထဲ၌ အလွန်​အားကြီး​လာကြ၏။ များစွာသော သိုးစုနှင့် နွားစု၊ ထိုမှတစ်ပါး၊ ဆူ​အောင်​ကျွေးသည့် အကောင်​များစွာတို့​ကိုလည်း မွေး​မြူ​ကြ၏။

၁၃ ရှုလော့၊ သူတို့၏​အဝတ်​မရှိသော​ကိုယ်ကို အဝတ်​တန်ဆာ​ဆင်ခြင်းငှာ၊ သူတို့၏​မိန်းမတို့သည် အလုပ်​လုပ်၍၊ ချည်ငင်၍၊ အမျိုးမျိုးသော​အဝတ်​တန်ဆာ၊ ပိတ်ချောနှင့် အဝတ်​တန်ဆာ​အမျိုး​မျိုးတို့ကို ပြု​လုပ်ကြ၏။ ထိုကဲ့သို့​အားဖြင့် ခြောက်ဆယ်လေး​နှစ်မြောက်သည် ငြိမ်းချမ်းစွာ ကုန်​လွန်၏။

၁၄ ခြောက်ဆယ်​ငါး​နှစ်​မြောက်​တွင်လည်း သူတို့၌ ကြီးစွာသော​ဝမ်း​မြောက်ခြင်းနှင့် ငြိမ်း​ချမ်းခြင်း၊ ထိုမှတစ်ပါး၊ များစွာ​ဟောပြောခြင်း၊ ဖြစ်​လာမည့်​အရာတို့နှင့်​စပ်လျဉ်းသည့် ပရောဖက်​ပြု​ဟောချက်များ​ရှိ၏။ ထိုကဲ့သို့​အားဖြင့်၊ ခြောက်ဆယ်​ငါး​နှစ်မြောက်​ကုန်​လွန်၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း ခြောက်ဆယ်​ခြောက်​နှစ်​မြောက်တွင်၊ ရှုလော့၊ ကေဇောရမ်သည် တရား​ပလ္လင်​ပေါ်၌ ထိုင်လျက်​ရှိစဉ်၊ အမည်​မသိသော​သူတစ်ဦး​အားဖြင့် အသတ်​ခံရ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုတစ်နှစ်​တည်းတွင်၊ သူ၏​နေရာ၌ လူတို့​အားဖြင့် ခန့်အပ်​ထား​ခံရသည့်၊ သူ့​သား​သည်လည်း အသတ်​ခံရ၏။ ထိုကဲ့သို့​အားဖြင့် ခြောက်ဆယ်​ခြောက်​နှစ်မြောက် ပြီးဆုံး၏။

၁၆ ခြောက်ဆယ်​ခုနစ်​နှစ်မြောက်၏​အစ​တွင်လည်း လူတို့သည် တစ်ဖန်​လွန်စွာ​ဆိုးညစ်​စပြု​ပြန်၏။

၁၇ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်က သူတို့ကို လောက​စည်းစိမ်​ဥစ္စာတို့ဖြင့် အလွန်​ကြာမြင့်စွာ ကောင်းချီး​ပေးတော်​မူသဖြင့်၊ သူတို့သည် အမျက်​ထွက်စေရန်၊ စစ်တိုက်စေရန်နှင့် အသွေး​သွန်းလောင်းစေရန် နှိုးဆော်မခံရ။ ထို့ကြောင့်၊ စိတ်နှလုံးကို သူတို့၏​စည်းစိမ်​ဥစ္စာများ​အပေါ်၌ ထား​စပြုကြ၏။ ထိုမှတစ်ပါး၊ တစ်ဦး​ထက်​တစ်ဦး အရာ​ရောက်နိုင်ခြင်းငှာ၊ အကျိုး​အမြတ်​ရရှိရန် ကြိုးစား​စပြုကြ၏။ ထို့ကြောင့်၊ အကျိုး​အမြတ်​ရရှိ​နိုင်ခြင်းငှာ၊ လျှို့ဝှက်သော လူ့​အသက်​သတ်ခြင်း​အမှုကို ကျူးလွန်ရန်၊ အနိုင်​အထက်​လုယူရန်၊ လုယက်ရန် အစ​ပြုကြ၏။

၁၈ ယခုမူကား၊ ရှုလော့၊ လူ့အသက်ကို​သတ်သော​ထိုသူတို့နှင့် လုယက်​သူများမှာ၊ ခိရှခူမင်နှင့် ဂါဒျန်တန်တို့ တည်ထောင်​ထားသည့် အဖွဲ့​တစ်ဖွဲ့​ဖြစ်၏။ ယခု​မူကား၊ အချိန်​တန်​လာသော​အခါ၊ နီဖိုင်း​အမျိုး​သားတို့၌ပင် ဂါဒျန်တန်​အဖွဲ့မှ များစွာသော​သူတို့ ရှိ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် လာမန်​အမျိုးသားတို့၏ ပို၍​ဆိုးညစ်သော​အစု၌ ပို၍​မြောက်​မြားစွာ​ရှိ၏။ သူတို့ကိုလည်း ဂါဒျန်တန်၏ ဓားပြများနှင့် လူ့​အသက်​သတ်​သူများဟု ခေါ်၏။

၁၉ ထိုသူတို့​သည်ကား၊ တရား​သူကြီး​ချုပ်​ကေဇောရမ်ကို​လည်းကောင်၊ သူ၏​သားကို​လည်းကောင်း တရား​ပလ္လင်၌​ရှိစဉ် သတ်သော​သူများ​ဖြစ်၏။ ရှုဦးလော့၊ သူတို့ကို မတွေ့​ရှိရ။

၂၀ ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ လာမန်​အမျိုး​သားတို့သည် မိမိတို့၌ ဓားပြများ​ရှိကြောင်းကို သိရလျှင်၊ အလွန်​ဝမ်းနည်းကြ၏။ ထိုသူတို့ကို မြေကြီး​မျက်နှာ​ပြင်မှ ဖျက်ဆီးရန် သူတို့​တန်ခိုးဖြင့် နည်းလမ်း​မှန်သမျှကို အသုံး​ပြုကြ၏။

၂၁ သို့ရာတွင်၊ ရှုလော့၊ စာတန်သည် နီဖိုင်း​အမျိုး​သားတို့မှ အများ​စု၏​စိတ်နှလုံးကို နှိုးဆော်သဖြင့်၊ သူတို့သည် ထိုဓားပြ​အဖွဲ့များနှင့် ပူးပေါင်း၍၊ သူတို့၏​လူ့အသက်​သတ်ခြင်းများ၊ သူတို့၏​လုယက်ခြင်းများနှင့် သူတို့၏​ခိုးယူခြင်းတို့​အတွက် မခံစားရ​စေခြင်းငှာ၊ သူတို့​ရောက်ရှိမည့် ခက်ခဲသော​အခြေ​အနေ​မှန်သမျှ၌ တစ်ယောက်ကို​တစ်ယောက် ကာကွယ်၍ စောင့်​ရှောက်ကြမည်​ဟူသော သူတို့၏​ပဋိညာဉ်များနှင့် သူတို့၏​ကျိန်​ဆိုခြင်းများကို ပြုကြ၏။

၂၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့၌ အမှတ်​လက္ခဏာများ၊ အထူးသဖြင့်၊ သူတို့၏​လျှို့ဝှက်သော​အမှတ်​လက္ခဏာများနှင့်၊ သူတို့၏​လျှို့ဝှက်သော​စကားများ ရှိလျက်၊ ဤအမှု​သည်ကား၊ အကြင်​သူသည် ညီအစ်ကို​ပြုသမျှသော ဆိုးညစ်ခြင်း​အတွက် မိမိ​ညီအစ်ကို​အားဖြင့်​သော်​လည်းကောင်း၊ မိမိ​အဖွဲ့နှင့် ဆိုင်ခဲ့သောသူများ​ဖြစ်သည့်၊ ဤပဋိညာဉ်ကို​ပြုသည့် ထိုသူတို့​အားဖြင့်​သော်​လည်း​ကောင်း၊ မထိခိုက်စေမည့်​အကြောင်း၊ ပဋိညာဉ်​ပြုခဲ့သည့် ညီအစ်ကို​တစ်ဦးကို သူတို့​ခွဲခြား၍​သိနိုင်ခြင်းငှာ ပေတည်း။

၂၃ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် သူတို့​တိုင်းပြည်၏​ဥပဒေများနှင့်၊ သူတို့​ဘုရားသခင်၏​ပညတ်​တရားများကို ဆန့်ကျင်၍၊ လူ့​အသက်ကို​သတ်ခြင်း၊ လုယက်ခြင်း၊ ခိုးယူခြင်း၊ မတရားသော​မေထုန်​အမှုများကို ကျူးလွန်ခြင်းနှင့် အမျိုးမျိုးသော​ဆိုးညစ်ခြင်းတို့ကို ပြုနိုင်ကြ၏။

၂၄ ထို့အတူ၊ သူတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့နှင့်​စပ်လျဉ်း၍ လောကသို့​ဖော်ပြသည့်၊ သူတို့​အဖွဲ့နှင့်ဆိုင်သည့် ထိုသူတို့​အထဲမှ​အဘယ်​သူ​ပင်​ဖြစ်စေ၊ သူတို့​တိုင်းပြည်၏​ဥပဒေများ​အတိုင်း​မဟုတ်၊ ဂါဒျန်တန်နှင့် ခိရှခူမင်တို့က ပေး​ထားသည့်၊ သူတို့၏​ဆိုးညစ်ခြင်း​ဥပဒေများ​အတိုင်းသာ စီရင်ခြင်းကို ခံရ​စေ၏။

၂၅ ယခုတွင်၊​ရှုလော့၊ ဤလျှို့ဝှက်သော​ကျိန်​ဆိုခြင်းများနှင့် ပဋိညာဉ်များ​သည်ကား၊ လူတို့အား ပျက်စီးခြင်းသို့​ပို့ဆောင်သည့် လက်နက်များ​မဖြစ်နိုင်​စေခြင်းငှာ၊ လောက၌ မပြု​ရမည့်​အကြောင်း၊​အယ်လမာက သူ့​သားများကို မှာထားသည့် အရာများ​ပေတည်း။

၂၆ ယခုမူကား၊ ရှုလော့၊ ထိုလျှို့ဝှက်သော​ကျိန်ဆိုခြင်းများနှင့် ပဋိညာဉ်များ​သည်ကား၊ ဟေလမန်သို့ ပေးအပ်သည့်​မှတ်တမ်းများ​မှနေ၍ ဂါဒျန်တန်ထံသို့ ရောက်လာ​သည်​မဟုတ်။ သို့ရာတွင်၊ ရှုလော့၊ ငါတို့၏​ပထမ​ဦးဆုံးသော​မိဘများအား တားမြစ်​ထားသော​အသီးကို သုံးဆောင်​စေခြင်းငှာ၊ သွေးဆောင်သည့်​သူကပင် ၎င်းတို့ကို ဂါဒျန်တန်၏​စိတ်နှလုံးထဲသို့ သွတ်​သွင်း၏—

၂၇ ထိုမှတစ်ပါး၊ ထိုသူကပင် ကာဣနအား ညီအာဗေလကို​သတ်လျှင်၊ ထိုအမှုကို လောကသို့ သိစေလိမ့်မည်​မဟုတ်ဟု လျှို့ဝှက်စွာ​အကြံ​ပေးခဲ့၏။ ကာဣနနှင့် သူ၏​နောက်လိုက်များ​ကိုလည်း ထိုအချိန်မှ​စ၍ လျှို့ဝှက်စွာ​အကြံ​ပေးခဲ့၏။

၂၈ ကောင်းကင်သို့ လူတို့​ရောက်ရနိုင်​စေခြင်းငှာ၊ လုံလုံ​လောက်လောက်​မြင့်သည့် ရဲတိုက်​တစ်ခုကို ဆောက်ရန် သူတို့၏​စိတ်နှလုံးထဲသို့ သွတ်​သွင်းခဲ့​သူမှာလည်း ထို​သူပင်​ဖြစ်၏။ ထိုရဲတိုက်မှ ဤပြည်ထဲသို့ လာသည့်​လူတို့ကို သိမ်းသွင်းသူ၊ လူတို့ကို အလုံး​စုံသော​ပျက်စီးခြင်းနှင့် ထာဝရ​တည်မြဲသော​ငရဲသို့ ဆွဲချသည့်​တိုင်အောင်၊ မှောင်မိုက်ခြင်းအမှုများနှင့် စက်ဆုပ်​ရွံရှာဖွယ်အမှုများကို ထိုပြည်၏​မျက်နှာ​ပြင်တစ်ခုလုံးသို့ ဖြန့်ကြက်​သူမှာလည်း ထိုသူ​ပင်​ဖြစ်၏။

၂၉ ထိုမှတစ်ပါး၊ မှောင်မိုက်ခြင်းအမှုနှင့် လျှို့ဝှက်သော​လူ့အသက်ကို​သတ်ခြင်း​အမှုကို ဆက်၍​ပြုနေ​သေးလျက်​ရှိစေရန် ဂါဒျန်တန်၏​စိတ်နှလုံးထဲသို့ သွတ်​သွင်းသူမှာ ထိုသူပင်​ဖြစ်၏။ ထိုအမှုကို လူသား၏​အစမှ ယခု​ကာလ​တိုင်အောင်ပင် ဖြစ်စေ​သူလည်း​ဖြစ်၏။

၃၀ ရှုဦးလော့၊ သူသည် ခပ်သိမ်းသော​အပြစ်များကို ဖန်တီး​သူ​ဖြစ်၏။ ရှုဦးလော့၊ သူသည် မိမိ၏မှောင်​မိုက်ခြင်းအမှုများနှင့် လျှို့​ဝှက်သော​လူ့အသက်​သတ်ခြင်း​ကို ဆက်၍​ပြုလျက်၊ လူသားတို့၏​စိတ်နှလုံးကို လွှမ်းမိုးခြင်း​ရှိနိုင်သည့်​အတိုင်း၊ သူတို့၏​လျှို့ဝှက်​အကြံ​အစည်များ၊ သူတို့၏​ကျိန်ဆိုခြင်းများ၊ သူတို့၏​ပဋိညာဉ်များနှင့် သူတို့၏​အလွန်​ဆိုးရွားသော​ဆိုးညစ်ခြင်းအကြံ​အစည်များကို လူမျိုး​အစဉ်​အဆက် လက်​ဆင့်​ကမ်း​ပေး​သွား၏။

၃၁ ယခုမူကား၊ ရှုလော့၊ သူသည် နီဖိုင်း​အမျိုး​သားတို့၏​စိတ်နှလုံး​အပေါ်၌ ကြီးစွာသော​လွှမ်းမိုးခြင်း​ရှိ၍၊ ထိုမှတစ်ပါး၊ သူတို့လည်း အလွန်​ဆိုးညစ်​လာကြ၏။ ထိုမှတစ်ပါး၊ သူတို့မှ အများ​စုသည် ဖြောင့်​မတ်ခြင်း၏​လမ်းမှ လွှဲသွားကြ၏၊ ဘုရားသခင်၏​ပညတ်တော်များကို သူတို့​ခြေဖြင့်​နင်း၍၊ ကိုယ့်လမ်း​ကိုယ်လိုက်၍၊ သူတို့၏​ရွှေနှင့် သူတို့၏​ငွေတို့ကို သူတို့​ကိုယ်တိုင်​အတွက် ကိုးကွယ်ကြ၏။

၃၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ များစွာ​မကြာသော​နှစ်များ​အတွင်း ခပ်သိမ်းသော​ဤဒုစရိုက်များ သူတို့​ထံသို့​ရောက်​လာသဖြင့်၊ အများစုမှာ နီဖိုင်း​လူမျိုးတို့​အပေါ်​တရား​သူကြီးများ​အုပ်စိုးခြင်း ခြောက်ဆယ်​ခုနစ်​နှစ်မြောက်၌ ရောက်​လာ၏။

၃၃ သူတို့သည် ခြောက်ဆယ်​ရှစ်​နှစ်​မြောက်၌​လည်း သူတို့၏​ဒုစရိုက်များ၌ တိုးပွား​သဖြင့်၊ ဖြောင့်မတ်သော​သူတို့၏ ကြီးစွာ​ဝမ်းနည်းခြင်းနှင့် ငိုကြွေး​မြည်​တမ်းခြင်းကို ဖြစ်စေ၏။

၃၄ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြ​သည်မှာ၊ နီဖိုင်း​အမျိုး​သားတို့ ယုံကြည်မှု​လျော့ပါး​ဆုတ်ယုတ်​လာ၍၊ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၌ တိုးပွားလျက်၊ ထိုအချိန်တွင်၊ လာမန်​အမျိုး​သားတို့သည် သူတို့၏​ဘုရားသခင်​အကြောင်းကို သိခြင်း၌ လွန်စွာ​တိုးပွား​စပြု၍၊ ထိုမှတစ်ပါး၊ သူ၏​ထုံး​ဥပဒေသများနှင့် ပညတ်တော်များကို စောင့်ထိန်းရန်၊ ထို့အတူ၊ ရှေ့တော်၌ သမ္မာ​တရားနှင့် တော်တည့်ဖြောင့်​မတ်ခြင်းသို့ လိုက်ရန် အစ​ပြုကြ​ကြောင်း​ပေတည်း။

၃၅ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြသည်မှာ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်သည် နီဖိုင်း​အမျိုး​သားတို့၏ ဆိုးညစ်ခြင်းနှင့် စိတ်နှလုံး၏​မာကျောခြင်းကြောင့်၊ သူတို့ထံမှ စွန့်ခွာ​တော်မူ​စပြု​ကြောင်း​ပေတည်း။

၃၆ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်​ကြသည်မှာ၊ ကိုယ်တော်ရှင်သည် သူ၏​နှုတ်ကပတ်တော်များကို လာမန်​အမျိုးသားတို့ ယုံကြည်ရန် လွယ်ကူခြင်းနှင့် လိုလို​လားလား​ရှိခြင်းတို့​ကြောင့် သူ၏​ဝိညာဉ်တော်ကို သူတို့​အပေါ် သွန်းလောင်း​စပြုတော်မူ​ကြောင်း​ပေတည်း။

၃၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် ဂါဒျန်တန်​ဓားပြများ​အဖွဲ့ကို လိုက်​ရှာကြ၏။ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ထိုသူတို့၏​ပို၍​ဆိုးညစ်သော​အစု၌​လည်း ဟောပြောကြသဖြင့်၊ ဤဓားပြများ​အဖွဲ့သည် လာမန်​အမျိုးသားတို့​ကြားမှ ရှင်းရှင်း​ဖျက်ဆီး​ခံရ၏။

၃၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အခြား​တစ်ဖက်တွင်၊ နီဖိုင်း​အမျိုး​သားတို့က ထိုသူတို့၏​ပို၍​ဆိုးညစ်သော​အစုမှ အစ​ပြု၍၊ တိုးတက်​စေပြီး၊ ထောက်​မကြသဖြင့်၊ ထိုသူတို့မှာ နီဖိုင်း​အမျိုး​သားတို့၏​ခပ်သိမ်းသော​ပြည်များ၌ နှံ့ပြားလျက်၊ ဖြောင့်မတ်သော​သူ​အများစုအား၊ သူတို့​အမှုများကို ယုံကြည်၍၊ သူတို့၏​လုယူရာ​များကို သုံးဆောင်၍ သူတို့၏​လျှို့ဝှက်သော လူ့အသက်​သတ်ခြင်းနှင့် ဂိုဏ်းများနှင့် ပူးပေါင်း၍၊ ကျဆင်း​လာသည့်​တိုင်အောင် သွေး​ဆောင်ကြ၏။

၃၉ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် အစိုး​ရ၏ အထူး​စီမံ​အုပ်ချုပ်မှုကို ရယူ​သဖြင့်၊ ဆင်းရဲသားများနှင့် သိမ်မွေ့အောက်ကျို့သော​သူများ၊ ထို့အတူ၊ ဘုရားသခင်၏​နှိမ့်ချသော တပည့်​တော်များကို ခြေဖြင့်​နင်း၍၊ ရိုက်နှက်​ဆုတ်ဖြဲ၍၊ ကျော​ခိုင်းကြ၏။

၄၀ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြသည်မှာ သူတို့သည် အလွန်​ဆိုးရွားသော​အခြေ​အနေ၌ ရှိလျက်၊ ထာဝရ​တည်မြဲသော​ပျက်စီးခြင်း​အတွက် အချိန်​တန်​လာပြီ​ဖြစ်​ကြောင်း​ပေတည်း။

၄၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီး​များအုပ်​စိုးခြင်း ခြောက်ဆယ်​ရှစ်​နှစ်​မြောက် ထိုကဲ့သို့​အားဖြင့် ပြီး​ဆုံး၏။