ကျမ်းစာများ
ဟေလမန် ၇


ဟေလမန်၏​သား​နီဖိုင်း၏ ပရောဖက်​ပြုဟောချက်—ဘုရားသခင်သည် နီဖိုင်း​လူမျိုးတို့ကို၊ သူတို့၏​ဆိုးညစ်ခြင်းမှ နောင်တမရလျှင်၊ သူတို့၏ရှင်းရှင်း​ပျက်စီးခြင်းသို့​တိုင်အောင် အမျက်​ထွက်၍ ဆုံးမ​တော်မူ​မည်​ဖြစ်ကြောင်း ခြိမ်း​ခြောက်၏။ ဘုရားသခင်သည် နီဖိုင်း​လူမျိုးတို့ကို ကာလ​နာဘေးဖြင့် ဒဏ်ခတ်​တော်မူ၏။ သူတို့​နောင်တရ၍၊ သူ့ထံသို့ ပြန်​လာကြ၏။ လာမန်​အမျိုးသား ရှမွေလသည် နီဖိုင်း​အမျိုး​သားတို့ကို ပရောဖက်​ပြု၍​ဟော၏။

အခန်းကြီး ၇ မှ ၁၆ အထိ ဖွဲ့စည်းပါဝင်၏။

အခန်းကြီး ၇

နီဖိုင်းသည် မြောက်ဘက်တွင် ငြင်းပယ်ခံရ၍ ဇရဟင်မလပြည်သို့ ပြန်လာ၏—သူသည် သူ၏ဥယျာဉ်ရှိ လင့်စင်ပေါ်၌ ဆုတောင်းပြီးလျှင်၊ လူတို့ကို နောင်တရရန်တောင်းဆို၏၊ သို့မဟုတ်လျှင် ပျက်စီးကြလိမ့်မည်။ ဘီစီ ၂၃–၂၁ ခန့်။

ရှုလော့၊ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း ခြောက်ဆယ်​ကိုးနှစ်​မြောက်တွင်၊ ဟေလမန်၏သား ထိုနီဖိုင်းသည် မြောက်​ဘက်​လားရာ​ပြည်မှ ဇရဟင်မလ​ပြည်သို့ ပြန်​သွား၏။

အကြောင်းမူကား၊ သူသည် အပြင်သို့​ရောက်၍၊ မြောက်​ဘက်​လားရာ​ပြည်၌ ရှိသော လူမျိုးတို့​ကြား၌၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဟောပြောလျက်၊ များစွာသော​အရာတို့ကို ပရောဖက်​ပြု၍​ဟော၏။

သူတို့သည်လည်း သူ၏​စကားခပ်သိမ်းတို့ကို ငြင်း​ပယ်သဖြင့် သူသည် သူတို့​ကြား၌​မနေနိုင်၊ သူ့ကို​ဖွားရာ​ပြည်သို့သာ တစ်ဖန်​ပြန်​လာ၏။

လူတို့ကိုလည်း ထိုကဲ့သို့​အလွန်​ဆိုးရွားသော ဆိုးညစ်ခြင်း​အခြေ​အနေ၌ မြင်ရလျက်၊ ထိုဂါဒျန်တန်​ဓား​ပြတို့က တရား​ပလ္လင်၌ ထမ်းဆောင်၍—ထိုပြည်​အပေါ် တန်ခိုးနှင့် အခွင့်​အာဏာကို အနိုင်​အထက်​သိမ်းယူလျက်၊ ဘုရားသခင်၏​ပညတ်တော်များကို ငြင်းပယ်လျက်၊ ရှေ့တော်၌ အသေး​ငယ်ဆုံးကိုပင် မှန်ကန်စွာ​မပြုဘဲ လူသားတို့ကို တရား​မျှတစွာ​မပြု​ဘဲနှင့်၊

ဖြောင့်မတ်သော​သူတို့ကို သူတို့၏​ဖြောင့်မတ်ခြင်းကြောင့် ပြစ်ဒဏ်​ချမှတ်လျက်၊ အပြစ်​ရောက်သော​သူနှင့် ဆိုးညစ်​သူတို့ကို သူတို့၏​ငွေကြောင့် အပြစ်​ဒဏ်​မပေးဘဲ​လွှတ်၍၊ ထိုမှတစ်ဖန်၊ လောကထံမှ အကျိုး​အမြတ်နှင့် ချီးမွမ်းခြင်းကို ရရှိ​နိုင်ခြင်းငှာ၊ ထိုမှတစ်ဖန်၊ သူ့သား​မယားအား ပြစ်မှားခြင်းကို ပို၍​လွယ်ကူစွာ​ကျူးလွန်ခြင်း၊ ခိုးယူခြင်း၊ အသက်​သတ်ခြင်းနှင့် သူတို့​ကိုယ်တိုင်၏​အလို​ဆန္ဒ​အတိုင်း ပြု​နိုင်ခြင်းငှာ၊ သူတို့၏​အလို​ဆန္ဒ​အတိုင်း အုပ်စိုး၍​ပြုမူရန် အစိုးရ၏​အကြီး​အကဲ​နေရာကို​ယူ၍—

ယခုတွင်၊ များစွာ​မကြာသော​နှစ်များ​အတွင်း၌ ဤကြီးစွာသော​ဒုစရိုက်သည် နီဖိုင်း​အမျိုးသားတို့​အပေါ် ရောက်​လာ၏။ နီဖိုင်း​သည်လည်း ထိုအမှုကို မြင်ရလျှင်၊ သူ့​စိတ်နှလုံးသည် သူ့ရင်​တွင်း၌ ဝမ်းနည်းမှုနှင့်​ပြည့်၏။ သူ၏​စိတ်​ဝိညာဉ်၌​လည်း ပြင်းစွာသော​ဝေဒနာကို​ခံလျက် ဟစ်​ကြွေး​လေ​သည်​ကား၊

အို၊ ငါသည် ငါ၏​ဘိုးဘေး​နီဖိုင်း ယေရုရှလင်​နယ်မြေမှ ပထမ​ဦးဆုံး​ထွက်​လာသော​ကာလက အသက်​ရှင်နိုင်၍၊ ကတိတော်​မြေ၌ သူနှင့်​အတူ​ဝမ်း​မြောက်နိုင်ခဲ့လေမည်။ ထိုအချိန်၌ သူ၏​လူမျိုးတို့သည် ဖျောင်းဖျ​လွယ်၏၊ ဘုရားသခင်၏​ပညတ်တော်များကို စောင့်​ထိန်းရာ၌ ခိုင်မြဲ၍၊ ဒုစရိုက်ကို​ပြုစေရန် ပို့ဆောင်​ခံရာ၌ နှေး​ကွေး​ကြလေမည်။ ကိုယ်တော်ရှင်၏​နှုတ်ကပတ်​တော်တို့ကို စေ့စေ့နား​ထောင်ခြင်း​ငှာလည်း လျင်​မြန်ကြ​လေမည်—

ထိုမှတစ်ပါး၊ ယင်း​ကာလတို့၌ ငါ​အသက်​ရှင်နိုင်ခဲ့လျှင်၊ ငါ၏​စိတ်​ဝိညာဉ်သည် ငါ့​ညီအစ်ကိုတို့၏ ဖြောင့်​မတ်ခြင်းကြောင့် ဝမ်း​မြောက်ခြင်း​ရှိလိမ့်မည်။

သို့ရာတွင်၊ ရှုလော့၊ ဤအရာတို့​သည်ကား၊ ငါ၏​အသက်​တာ​ဖြစ်ကြောင်းနှင့် ငါ့​ညီအစ်ကိုတို့၏​ဤဆိုး​ညစ်ခြင်းကြောင့်၊ ငါ၏​စိတ်ဝိညာဉ်သည် ဝမ်း​နည်းခြင်းနှင့် ပြည့်ရ​လိမ့်မည်​ဖြစ်ကြောင်း ငါ့ကို လွှဲအပ်​ထား​လေပြီ။

၁၀ ရှုဦးလော့၊ ယခုတွင်၊ အချိန်တန်​လာသော​အခါ ထိုအမှုမှာ ဇရဟင်မလမြို့​ထဲ၌​ရှိသည့် ဈေးသို့​သွားရာ​လမ်း​မဘေးရှိ နီဖိုင်း၏​ဥယျာဉ်ထဲရှိ လင့်​စင်ပေါ်၌​ဖြစ်၏။ ထိုကြောင့်၊ နီဖိုင်းသည် သူ၏​ဥယျာဉ်ထဲရှိ လင့်​စင်ပေါ်၌ ဦး​ညွှတ်၏။ ထိုလင့်​စင်သည်​လည်း လမ်းမသို့ ဖြတ်၍​သွားရာ ဥယျာဉ်​တံခါး​အနီး၌ ရှိ၏။

၁၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အနီးမှ​လျှောက်​သွားသော​လူ​အချို့​သည် နီဖိုင်းအား၊ လင့်​စင်ပေါ်၌ သူ၏​စိတ်ဝိညာဉ်ကို ဘုရားသခင်​ထံသို့ သွန်း​လောင်းနေသည်ကို မြင်ကြ၏။ သူတို့​မြင်ခဲ့​ရလေသည့်​အရာကို လူတို့​ထံ​ပြေး၍ ပြော​ပြကြလျှင်၊ လူတို့၏​ဆိုး​ညစ်ခြင်းကြောင့်၊ အလွန်​ကြီးစွာသော ငိုကြွေး​မြည်တမ်းခြင်း၏​အကြောင်း​ရင်းကို သိ​နိုင်ကြခြင်းငှာ၊ လူတို့သည် အစုအဝေး​လိုက် အတူ​တကွ​လာကြ၏။

၁၂ ယခုမူကား၊ နီဖိုင်းသည် ထ၍​လာလျှင်၊ အတူတကွ​စုဝေးသည့် လူ​အစုအဝေးတို့ကို တွေ့​မြင်၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းသည် သူ၏​နှုတ်ကို​ဖွင့်၍ ဆိုလေ​သည်ကား၊ ရှုလော့၊ သင်တို့သည် သင်တို့​ကိုယ်သင်တို့ အဘယ်ကြောင့်၊ အတူတကွ​စုဝေးကြ​သနည်း။ သင်တို့၏​ဒုစရိုက်များ​အကြောင်း သင်တို့ကို ငါ​ပြော​ပြနိုင်​စေခြင်းငှာ ဖြစ်သလော။

၁၄ အကြောင်းမူကား၊ သင်တို့၏​ဒုစရိုက်​များကြောင့်​ဖြစ်သည့် ငါ့​စိတ်နှလုံး၏ ကြီးစွာသော​ဝမ်း​နည်းခြင်းကြောင့်၊ ငါ့​စိတ်​ဝိညာဉ်ကို ငါ၏​ဘုရားသခင်​ထံသို့ သွန်း​လောင်း​နိုင်ခြင်းငှာ၊ ငါ၏​လင့်စင်ပေါ် ငါ​တက်​လေသော​ကြောင့်​ပင်တည်း။

၁၅ ထို့အတူ၊ ငါ၏​ငိုကြွေး​မြည်​တမ်းခြင်းနှင့် မြည်​တမ်းခြင်းကြောင့်၊ သင်တို့သည် သင်တို့​ကိုယ်တိုင်​အတူတကွ စုဝေး၍၊ အံ့ဩကြ၏။ ထိုမှတစ်ပါး၊ ကြီးစွာ​အံ့ဩ​ရမည်။ အကြောင်း​မူကား၊ သင်တို့သည် နတ်ဆိုးအား သင်တို့​စိတ်နှလုံးကို ကြီးစွာ​လွှမ်းမိုးစေရန် အလျှော့​ပေးသောကြောင့်၊ အံ့ဩရကြ​ပေမည်။

၁၆ ထိုမှတစ်ပါး၊ သင်တို့၏​စိတ်ဝိညာဉ်များကို ထာဝရ​တည်မြဲသော​ဝမ်းနည်း​ပူဆွေးမှုနှင့် အဆုံး​မရှိသည့် အမင်္ဂလာထံ လွှင့်ပစ်၍ချရန်၊ ကြိုးစား​အားထုတ်​နေသူ၏ သွေးဆောင်ခြင်းသို့ အဘယ်သို့​အားဖြင့် အလျှော့​ပေးနိုင်​ကြသနည်း။

၁၇ အို သင်တို့​နောင်တ​ရကြလော့၊ သင်တို့​နောင်တ​ရကြလော့၊ သင်တို့ အဘယ်ကြောင့် သေ​ရလိမ့်​မည်နည်း။ ပြန်​လာကြလော့၊ သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​ထံသို့ သင်တို့ ပြန်​လာကြလော့။ သူသည် သင်တို့ကို အဘယ်ကြောင့် စွန့်ပစ်​တော်မူ​လေသနည်း။

၁၈ ထိုအမှုသည်ကား၊ သည်တို့သည် သင်တို့​စိတ်နှလုံးကို မာကျော​စေသော​ကြောင့်​ဖြစ်၏။ ထိုမှတစ်ပါး၊ သင်တို့သည် ကောင်းသော​သိုးထိန်း၏​အသံကို စေ့စေ့နား​မထောင်​လိုကြ။ ထိုမှတစ်ပါး၊ သင်တို့သည် သူကို့ သင်တို့​တစ်ဖက်၌​အမျက်​ထွက်စေရန် နှိုးဆော်​ကြလေပြီ။

၁၉ ရှုဦးလော့၊ သင်တို့​နောင်တ​မရလျှင်၊ သင်တို့ကို စုဝေး​စေမည့်​အစား၊ ရှုလော့၊ သူသည် သင်တို့ကို ကွဲပြား​ပြန့်ကျဲ​သွားစေ၍၊ သင်တို့သည် ခွေးများနှင့် တောသားရဲတို့​အဖို့ စားစရာ​ဖြစ်​လိမ့်​မည်။

၂၀ အို၊ သင်တို့သည် သင်တို့၏ဘုရားသခင်အား၊ သင်တို့ကို ကယ်လွှတ်တော်မူလေသည့် ထိုကာလ၌ပင် အဘယ်သို့အားဖြင့် မေ့နိုင်ကြလေသနည်း။

၂၁ သို့ရာတွင်၊ ရှုလော့၊ ထိုသို့​ဖြစ်​ရသည်မှာ အကျိုး​အမြတ်​ရရန်၊ လူတို့၏​အချီး​မွမ်း​ခံရရန်၊ ထိုမှတစ်ပါး၊ သင်တို့သည် ရွှေနှင့်​ငွေကို ရရှိနိုင်ရန် ပြုသော​ကြောင့်​ပင်တည်း။ သင်တို့​စိတ်နှလုံးကို​လည်း စည်းစိမ်​ဥစ္စာများနှင့် ဤလောက၏ အချည်း​နှီးသော​အရာတို့​အပေါ်၌​ထား၍၊ ထိုအရာ​အတွက်၊ လူ့အသက်ကို​သတ်ကြ၊ လုယက်ကြ၊ ခိုးယူကြ၊ ကိုယ်နှင့်​စပ်ဆိုင်သော​သူ​တစ်ဖက်၌ မမှန်သော​သက်သေကို​ခံကြ၊ အမျိုး​မျိုးသော​ဒုစရိုက်ကို ပြုကြ၏။

၂၂ ဤ​အကြောင်း​ရင်း​ကြောင့်ပင်၊ သင်တို့​နောင်တ​မရလျှင်၊ အမင်္ဂလာသည် သင်တို့ထံ ကျရောက်​လာလိမ့်မည်။ အကြောင်း​မူကား၊ သင်တို့​နောင်တ​မရလျှင်၊ ရှုလော့၊ ဤမြို့ကြီးနှင့် ငါတို့​ပိုင်ဆိုင်ရာ​ပြည်၌​ရှိသည့် ပတ်ဝန်း​ကျင်ရှိ ထိုမြို့​ကြီး​ခပ်သိမ်းတို့​သည်လည်း သိမ်းယူ​သွား ခံရ​လိမ့်မည်​ဖြစ်၍၊ သင်တို့သည် ထိုမြို့တို့၌ နေစရာ​မရှိ​ဖြစ်​လိမ့်မည်။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် ယခင်က သူ​ပြု​တော်မူ​လေသကဲ့သို့ သင်တို့​ရန်သူများ​တစ်ဖက်၌ ခုခံရန်​ခွန်အားကို သင်တို့အား ပေး​တော်မူ​လိမ့်မည်​မဟုတ်။

၂၃ အကြောင်း​မူကား၊ ရှုလော့၊ ကိုယ်တော်ရှင်​မိန့်တော်မူသည်ကား၊ သူတို့၏​အပြစ်များမှ နောင်တ​ရ၍၊ ငါ၏​စကားများကို စေ့စေ့နား​ထောင်သော​သူတို့ကို မှတစ်ပါး၊ ငါ၏​ခွန်အားကို ဆိုးညစ်သော​သူတို့အား တစ်ဦး​ထက်​တစ်ဦး​ပို၍ ငါ​ပြမည်​မဟုတ်ဟု ဖြစ်လေ​သတည်း။ ယခုတွင်၊ ထို့ကြောင့်၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့သည် နောင်တ​မရလျှင်၊ သင်တို့​အတွက်ထက် လာမန်​အမျိုး​သားတို့​အတွက် ပို၍​ကောင်း​လိမ့်​မည်​ဖြစ်ကြောင်း သင်တို့​သိ​မြင်ကြရန် ငါ​အလို​ရှိ၏။

၂၄ အကြောင်း​မူကား၊ ရှုလော့၊ သူတို့သည် သင်တို့​လက်​ခံရ​ရှိသည့် ထိုကြီး​စွာသော​အသိ​ပညာကို ဆန့်ကျင်၍၊ အပြစ်​မပြုသောကြောင့်၊ သင်တို့​ထက်​ပို၍ ဖြောင့်​မတ်ကြ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် သူတို့ကို ကရုဏာ​ကြီးတော်မူ​လိမ့်မည်။ ထိုမှတစ်ပါး၊ သင်တို့​နောင်တ​မရ၍ ရှင်းရှင်း​ဖျက်ဆီး​ခံရ​စဉ်၌ပင်၊ သူတို့​အသက်ကို တာရှည်​စေ၍၊ သူတို့၏​အမျိုး​အနွယ်ကို တိုး​ပွား​စေလိမ့်မည်။

၂၅ ထိုမှတစ်ပါး၊ သင်တို့ထံ ရောက်​လာသည့် ထိုကြီး​စွာသော စက်ဆုပ်​ရွံရှာဖွယ်​အမှုကြောင့်၊ သင်တို့​ပေါ်သို့ အမင်္ဂလာ ကျ​ရောက်၏။ ထို့အတူ၊ သင်တို့သည် သင်တို့ကိုယ်​သင်တို့ ထိုအမှုနှင့်၊ အမှန်စင်စစ်၊ ဂါဒျန်တန်​အားဖြင့် တည်​ထောင်လေသည့် ထို​လျှို့ဝှက်သော​အဖွဲ့နှင့် ပူး​ပေါင်းကြလေပြီ။

၂၆ ထိုမှတစ်ပါး၊ သင်တို့​စိတ်နှလုံး​ထဲသို့ ဝင်စေရန်၊ သင်တို့​အခွင့်​ပေးသည့်၊ သင်တို့၏​အလွန်​ကြီးစွာသော စည်းစိမ်​ဥစ္စာများကြောင့် ကောင်း​မြတ်သော​အရာကို​ကျော်၍ ဘဝင်​မြင့်​စေသည့် ထိုမာနကြောင့် အမင်္ဂလာသည် သင်တို့ထံ ကျ​ရောက်​လာလိမ့်မည်။

၂၇ ထိုမှတစ်ပါး၊ သင်တို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကြောင့်၊ အမင်္ဂလာသည် သင်တို့​အပေါ်သို့ ကျ​ရောက်၏။

၂၈ ထို့အတူ၊ သင်တို့သည် နောင်တ​မရလျှင်၊ ပျက်​စီးကြ​လိမ့်မည်။ ထိုမှတစ်ပါး၊ သင်တို့​ပြည်များကို သင်တို့​ထံမှ သိမ်းယူ​လိမ့်မည်။ သင်တို့သည် မြေကြီး​မျက်နှာ​ပြင်မှ ဖျက်​ဆီးခြင်း​ကိုလည်း ခံရ​လိမ့်မည်။

၂၉ ရှုလော့၊ ယခုတွင်၊ ငါသည် ဤအရာတို့ကို ကိုယ်​အလို​အလျောက် သိသည် မဟုတ်သော​ကြောင့်၊ ဤအရာတို့​ဖြစ်​လာလိမ့်မည်ကို ကိုယ်​အလို​အလျောက်​မပြော။ သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်​ဘုရားသခင် ဤအရာတို့ကို ငါ့အား ဖော်​ပြတော်​မူလေသော​ကြောင့်၊ ငါသည် ဤအရာတို့​မှန်ကန်​ကြောင်းကို သိ၏။ ထို့ကြောင့်၊ ငါသည် ထို​အရာတို့​ဖြစ်​လာမည့်​အကြောင်းကို သက်​သေခံ၏။