ကျမ်းစာများ
ဟေလမန် ၅


အခန်းကြီး ၅

နီဖိုင်းနှင့် လေဟိသည် ဟောပြောခြင်း၌ သူတို့​ကိုယ်ကို ဆက်​ကပ်ကြ၏—သူတို့၏​အမည်များက သူတို့​အသက်​တာကို သူတို့​ဘိုးဘေးတို့​အတိုင်း စံနမူ​နာယူစေရန် ဖိတ်ခေါ်၏—ခရစ်တော်သည် နောင်တရသော​သူတို့ကို ရွေးနှုတ်တော်မူ၏—နီဖိုင်းနှင့် လေဟိသည် များစွာသော​သူတို့ကို ပြောင်းလဲ​စေ၏။ ထောင်ထဲ၌​လှောင်​ထားခံ​ရ၏၊ မီးသည်လည်း သူတို့ကို ဝိုင်းပတ်၏—မှောင်မိုက်ခြင်း​တိမ်တိုက်သည် လူသုံးရာကို လွှမ်းမိုး၏—မြေကြီးလှုပ်၍၊ အသံက လူတို့ကို နောင်တရရန် မိန့်တော်မူ၏—နီဖိုင်းနှင့် လေဟိတို့သည် ကောင်းကင်​တမန်တို့နှင့် စကား​ပြောကြ၏၊ လူ​အစုအဝေးသည် မီးဘေးဖြင့် ဝိုင်းပတ်​ခံရကြ၏။ ဘီစီ ၃၀ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤတစ်နှစ်​တည်းတွင်၊ ရှုလော့၊ နီဖိုင်းသည် တရား​ပလ္လင်ကို ကေဇောရမ်ဟု​အမည်​ရှိသော​သူ၏​လက်သို့ လွှဲအပ်၏။

သူတို့၏​ဥပဒေများနှင့် အစိုးရကို လူတို့၏​မဲဆန္ဒဖြင့် တည်​ထောင်၏၊ မကောင်းမှုကို ရွေးချယ်သော​သူတို့မှာ ကောင်းမှုကို​ရွေးချယ်သော​သူတို့ထက် ပို၍​မြောက်မြားစွာ​ရှိ၏။ ထို့ကြောင့်၊ သူတို့သည် ပျက်စီးချိန်​တန်လာ​ကြလေပြီ။ အကြောင်း​မူကား၊ ဥပဒေများ​ဖောက်​ပြန်​လာကြ၏။

ထိုမှတစ်ပါး၊ ဤအမှုမှာ အလုံးစုံ​မဟုတ်သေး။ သူတို့သည် လည်ပင်း​ခိုင်မာသော​လူမျိုး​ဖြစ်၍၊ သူတို့ကို ဖျက်ဆီးခြင်း​မှတစ်ပါး၊ ဥပဒေသို့​မဟုတ် အပြစ်​ပေးခြင်းဖြင့်လည်း အုပ်​ချုပ်၍​မရနိုင်ပေ။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်းသည် သူတို့၏​ဒုစရိုက်ကြောင့်၊ ငြီးငွေ့လာ၏။ တရား​ပလ္လင်ကို စွန့်​လွှတ်၍၊ သူ့​အသက်​တာ၏ကျန်ကြွင်းချိန်​တစ်လျှောက်​လုံး၌ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဟော​ပြောရန် သူ့​အပေါ်မှာ ခံယူ၏၊ သူ၏ညီလေဟိ​သည်လည်း သူ့အသက်​တာ၏​ကျန်ကြွင်းချိန်​တစ်လျှောက်​လုံး၌၊ ထိုကဲ့သို့ ခံယူ၏။

အကြောင်းမူကား၊ သူတို့သည် သူတို့၏​အဘ​ဟေလမန် သူတို့ကို ပြောသည့် စကားများကို သတိ​ရကြ၏။ သူပြောသည့် ဤစကားများ​သည်ကား၊

ရှုလော့၊ ငါ့သားတို့၊ ငါ​အလို​ရှိသည်မှာ၊ သင်တို့သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းရန် သတိ​ရကြ​ရမည့်​အကြောင်း​ဖြစ်၏။ ထို့အတူ၊ ငါ​အလို​ရှိသည်မှာ၊ သင်တို့သည် ဤစကားများကို လူတို့အား ဟော​ပြောရမည့်​အကြောင်း​ဖြစ်၏။ ရှုလော့၊ ငါသည် သင်တို့အား ယေရုရှလင်​နယ်မြေမှ ထွက်​လာခဲ့သည့် ငါတို့၏​ပထမ​ဦးဆုံး​မိဘတို့၏​အမည်များ​အတိုင်း အမည်​ပေး၏။ ဤသို့ ငါ​ပြုလေ​သည်​မှာလည်း၊ သင်တို့၏​အမည်များကို သင်တို့​အောက်မေ့သည့်​အခါတိုင်း၊ သူတို့ကို အောက်မေ့​နိုင်ကြ​စေခြင်းငှာ၊ သူတို့ကို သင်တို့​အောက်မေ့သည့်​အခါတိုင်း သူတို့၏​အကျင့်များကို အောက်မေ့နိုင်၍၊ သူတို့၏​အကျင့်များကို သင်တို့​အောက်မေ့သည့်​အခါတိုင်း ၎င်းတို့​ကောင်းမြတ်​လေကြောင်းကို အဘယ်ကဲ့သို့ ပြောထား​လေကြောင်းနှင့် ရေးထား​လေကြောင်း​ကိုလည်း သင်တို့​သိနိုင်ကြ​စေခြင်းငှာ​ပေတည်း။

ထို့ကြောင့်၊ ငါ့သားတို့၊ ငါသည် သူတို့​အကြောင်းကို ပြောလေခဲ့၊ ရေးလေခဲ့​သကဲ့သို့ပင် သင်တို့​အကြောင်း​ကိုလည်း ပြောစေ၊ ရေး​စေခြင်းငှာ၊ ကောင်းမြတ်သည့်​အရာကို သင်တို့​ပြုရမည့်​အကြောင်း အလို​ရှိ၏။

ယခု​မူကား၊ ငါ့​သားတို့၊ ရှုလော့၊ သင်တို့​ထံမှ ထပ်၍​တောင်းဆို​စရာ​အချို့ ငါ့၌​ရှိ၏။ ထိုတောင်းဆို​စရာ​သည်ကား၊ သင်တို့သည် ဝါကြွားနိုင်ရန် ဤအရာတို့ကို မပြုကြမည့်​အကြောင်း၊ သို့ရာတွင်၊ သင်တို့​အတွက် ဘဏ္ဍာကို ကောင်းကင်ဘုံ၌ သိုထားနိုင်ရန်၊ အထူးသဖြင့်၊ ထာဝရ​ဖြစ်သည့်၊ ပျောက်ပျက်​မသွားသည့်၊ ထိုမှတစ်ပါး၊ ငါတို့​ဘိုးဘေးတို့အား ပေး​ထားသည်ဟု ငါတို့​ထင်မှတ်စရာ အကြောင်း​ရှိသည့် ထိုအဖိုး​ထိုက်သည့် ထာဝရ​အသက်​ဆုကျေးဇူးကို သင်တို့​ရရှိနိုင်ကြစေရန် ဤအရာတို့ကို သင်တို့​ပြုနိုင်ကြမည့်​အကြောင်း ပေတည်း။

အို ငါ့သားတို့ ဗင်္ယာမိန်​မင်းကြီး သူ့လူမျိုးတို့ကို ပြော​ထားခဲ့သည့်​စကားများကို သတိရကြလော့၊ သတိ​ရကြလော့။ ထိုမှတစ်ပါး၊ ကြွရောက်​လာတော်မူမည့် ယေရှုခရစ်တော်၏ အပြစ်​ဖြေသော​အသွေးတော်​အားဖြင့်​မှတစ်ပါး လူသား​ကယ်တင်ခြင်းသို့​ရောက်နိုင်ရာ အခြားလမ်း သို့မဟုတ်၊ အခြား​နည်း​လမ်း​တစ်ခုမျှ​မရှိသည်ကို သတိရကြလော့။ ထိုမှတစ်ပါး၊ လောကကို ရွေးနှုတ်​တော်မူခြင်းငှာ သူ​ကြွရောက်​လာ​တော်မူ​ကြောင်းကို သတိ​ရကြလော့။

၁၀ အမ္မုန်နိဟ​မြို့ ၌ အာမြူးလက် ဇေဇရုမ်ကို ပြောခဲ့သည့်​စကားများကိုလည်း သတိ​ရကြလော့။ အကြောင်းမူကား၊ ကိုယ်တော်ရှင် ဧကန်အမှန်ကြွလာ​တော်မူမည်​ဖြစ်ကြောင်း၊ သို့ရာတွင် သူ၏​လူမျိုးတို့ကို သူတို့​၏ အပြစ်များ၌ ရွေးနှုတ်တော်မူရန်​မဟုတ်၊ သူတို့၏​အပြစ်များမှ ရွေးနှုတ်တော်မူရန်သာ ကြွလာ​တော်မူမည်​ဖြစ်ကြောင်း ပြောခဲ့၏။

၁၁ နောင်တရခြင်းကြောင့်၊ သူတို့၏​အပြစ်များမှ သူတို့ကို ရွေးနှုတ်​တော်မူခြင်းငှာ၊ ခမည်းတော်​ထံမှ ပေးထား​တော်မူသည့် တန်ခိုးလည်း သူ့၌​ရှိ၏။ ထို့ကြောင့်၊ သူတို့၏​စိတ်ဝိညာဉ်များ ကယ်တင်ခြင်းသို့ ရောက်ခြင်း​အတွက်၊ ရွေးနှုတ်ရှင်၏ တန်ခိုးကို ဖြစ်စေသော၊ နောင်တရခြင်း​အခွင့်​များ၏​သတင်းကို ဟောကြား​စေခြင်းငှာ သူသည် မိမိ​ကောင်းကင်​တမန်တို့ကို စေလွှတ်​တော်မူလေ၏။

၁၂ ယခုမူကား၊ ငါ့သားတို့၊ ဘုရားသခင်၏​သားတော်၊ ခရစ်တော်​ဖြစ်သည့် ငါတို့​ရွေးနှုတ်​ရှင်၏ ကျောက်ပေါ်၌ သင်တို့၏​အုတ်မြစ်ကို တည်ဆောက်​ရမည့်​အကြောင်း၊ သတိရ​ကြလော့၊ သတိရ​ကြလော့။ လူသားတို့တည်ဆောက်လျှင် လဲကျ​နိုင်ခြင်း​မရှိရာ အုတ်မြစ်​တည်း​ဟူ​သော မြဲမြံသော​အုတ်မြစ်​ဖြစ်သည့် ထိုကျောက်​ပေါ်၌ သင်တို့ကို တည်ဆောက်​ထားသောကြောင့်၊ နတ်ဆိုးသည် သူ၏​ပြင်းစွာသော​လေ၊ အမှန်စင်စစ်၊ လေပွေထဲ၌ သူ၏​မြားတံတို့ကို လွှတ်သဖြင့်၊ အမှန်စင်စစ်၊ သူ၏​အလုံး​စုံသော​မိုးသီးနှင့် မုန်တိုင်းတို့က သင်တို့​အပေါ် တိုက်လေသော​အခါ၊ သင်တို့ကို ဝမ်းနည်း​ပူဆွေးခြင်း​ချောက်နှင့် အဆုံး​မရှိသည့်​အမင်္ဂလာများ​ထံသို့ ဆွဲ၍​ချရန် တန်ခိုး​ရှိလိမ့်မည်​မဟုတ်။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤအရာများမှာ၊ ဟေလမန်က သူ၏​သားတို့ကို သွန်သင်သော​စကားများ ဖြစ်၏။ ထိုမှတစ်ပါး၊ ရေး​မထားသော​အရာ​များစွာနှင့် ရေး​ထားသော​အရာ​များစွာတို့​ကိုလည်း သူတို့ကို သွန်သင်​ပေး၏။

၁၄ သူတို့သည်လည်း သူ၏​စကားများကို သတိရကြ၏။ ထို့ကြောင့် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းလျက်၊ အလျှံပယ်​မြို့မှ​စတင်၍၊ လူတို့၌ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို သွန်သင်​ပေးခြင်းငှာ၊ ထွက်​သွားကြ၏။

၁၅ ထိုနေရာမှ​စ၍၊ ဂိဒမြို့သို့၊ ထို့အတူ၊ ဂိဒမြို့မှ မြူးလက်မြို့သို့ ထွက်​သွားကြ၏။

၁၆ တောင်ဘက်​လားရာ​ပြည်မှာ​ရှိသည့်၊ နီဖိုင်း​လူမျိုး​ခပ်သိမ်းတို့​ကြား ထွက်​သွားသည့်​တိုင်အောင် မြို့​တစ်မြို့မှ တခြား​တစ်မြို့သို့ ထွက်​သွား​ကြ၏။ ထိုနေရာမှ​နေ၍၊ လာမန်​အမျိုး​သားတို့​အကြား၊ ဇရဟင်မလ​ပြည်ထဲသို့ ထွက်​သွား​ကြ၏။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် နှုတ်ကပတ်တော်ကို ကြီးစွာသော​တန်ခိုးဖြင့် ဟော​ပြောသဖြင့်၊ နီဖိုင်း​အမျိုး​သားတို့ထံမှ ထွက်​သွားခဲ့သည့် များစွာသော ထိုသဘော​ကွဲလွဲသော​သူများကို နှိမ့်ချ​စေ၍၊ သူတို့သည် ထွက်​လာ၍၊ သူတို့၏​အပြစ်များကို ဝန်ခံ၍၊ နောင်တ​ရခြင်း အလို့ငှာ၊ ဗတ္တိဇံ​ခံ၍၊ နီဖိုင်း​အမျိုးသားတို့​အပေါ် သူတို့​ပြုခဲ့သည့် မှားယွင်းမှုများကို ပြုပြင်ရန် သူတို့ထံသို့ ချက်ချင်း ပြန်​လာကြ၏။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်းနှင့်​လေဟိတို့သည် လာမန်​အမျိုး​သားတို့အား၊ ထိုကဲ့သို့​ကြီးစွာသော​တန်ခိုးနှင့် အခွင့်​အာဏာတို့ဖြင့် ဟော​ပြောကြ၏။ အကြောင်း​မူကား၊ သူတို့​ဟော​ပြော​နိုင်ကြ​စေခြင်းငှာ၊ သူတို့ကို ပေး​ထားလေသော တန်ခိုးနှင့် အခွင့်​အာဏာ ရှိကြ၏၊ သူတို့ ကို​ပေးထားသော ပြောရမည့်​အရာလည်း ရှိ၏—

၁၉ ထို့ကြောင့်၊ သူတို့သည် လာမန်​အမျိုး​သားတို့ကို ဟော​ပြော၍၊ ကြီးစွာ​အံ့ဩ​စေ၍၊ နား​သွင်းသဖြင့်၊ ဇရဟင်မလ​ပြည်နှင့် ပတ်ဝန်းကျင်​ဒေသရှိ လာမန်​အမျိုး​သား​ရှစ်ထောင်​တို့သည် နောင်တရခြင်း​အလို့ငှာ ဗတ္တိဇံ​ခံလျက်၊ သူတို့​ဘိုးဘေးတို့​နည်း​ဥပဒေသများ၏ ဆိုး​ညစ်ခြင်း​အကြောင်း နား​သွင်း​ခံရ၏။

၂၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းနှင့်​လေဟိတို့သည် ထို​အရပ်မှ​နေ၍၊ နီဖိုင်း​ပြည်သို့ ဆက်၍​သွားကြ၏။

၂၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် လာမန်​အမျိုး​သားတို့၏ တပ်​တစ်တပ်​အားဖြင့် ဖမ်းဆီး​ခံရ၍၊ ထောင်ထဲ၌၊ အထူးသဖြင့်၊ အမ္မုန်နှင့် သူ၏​ညီအစ်ကိုတို့ လင်မဟိ၏​ကျွန်တို့​အားဖြင့် လှောင်ထား​ခံရသည့် ထိုထောင်၌ပင် လှောင်​ထား ခံရကြ၏။

၂၂ ထောင်ထဲ၌​လှောင်​ထား​ခံ၍၊ စားစရာ​မရှိဘဲ နေ့ပေါင်း​များစွာ​ကြာလေ​ပြီးနောက်၊ ရှုလော့၊ သူတို့ကို ခေါ်ယူ၍ ကွပ်မျက်​နိုင်ခြင်းငှာ၊ လာမန်​အမျိုး​သားတို့သည် ထောင်ထဲသို့​ဝင်​လာကြ၏။

၂၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းနှင့် လေဟိကို မီး​ဘေးဖြင့် ပတ်လည်​ဝိုင်း​ထားသကဲ့သို့​ဖြစ်ရာ၊ လောင်မြိုက်မည်ကို ကြောက်​လန့်သဖြင့်၊ မဖမ်း​ဆီးဝံ့ကြ။ သို့သော်လည်း၊ နီဖိုင်းနှင့် လေဟိတို့​မူကား မလောင်မြိုက်ကြ။ မီးများ​အလယ်၌ ရပ်လျက် မလောင်မြိုက်ကြ။

၂၄ ထို့အတူ၊ သူတို့သည် မီးတန်းဖြင့်​ဝိုင်းပတ်​ထား​ခံရလျက်၊ လောင်မြိုက်ခြင်း​မရှိသည်​ကို​မြင်​ရလျှင်၊ စိတ်နှလုံး​ရဲရင့်​ကြ၏။

၂၅ အကြောင်း​မူကား၊ လာမန်​အမျိုး​သားတို့သည် သူတို့ကို မဖမ်း​ဆီး​ဝံ့ကြ။ သူတို့​အနီး​သို့​လည်း မလာ​ဝံ့ကြဘဲ၊ အံ့​ဩမှုဖြင့် ထိခိုက်​ခံရပြီး ဆွံ့​အသွား​သကဲ့သို့ ရပ်ကြ​သည်ကို သူတို့​မြင်၏။

၂၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းနှင့်​လေဟိသည် ထွက်၍​ရပ်လျက် သူတို့ကို ပြော​စပြုလေ​သည်ကား၊ ကြောက်​လန့်ခြင်း​မရှိကြနှင့်၊ အကြောင်း​မူကား၊ ရှုလော့၊ သင်တို့သည် ငါတို့ကို ကွပ်မျက်ရန် မဖမ်းဆီး​နိုင်ကြောင်း ဤ​အံ့ဩဖွယ်​ကောင်းသော​အရာကို သင်တို့​အား ပြလေ​သူမှာ ဘုရားသခင်​ဖြစ်တော်​မူ၏ဟု ဆိုကြ၏။

၂၇ ရှုဦးလော့၊ သူတို့က ဤစကားများကို ပြောကြ​ပြီးလျှင်၊ မြေကြီးသည် လွန်စွာ​လှုပ်၍၊ ထောင်​နံရံများ​သည်​လည်း မြေကြီးသို့ ပြိုလဲ​တော့မည်​ကဲ့သို့ လှုပ်၏။ သို့ရာတွင်၊ ရှုလော့၊ ၎င်းတို့ လဲမကျပေ။ ရှုဦးလော့၊ ထောင်​ထဲ၌​ရှိ​သူတို့​မှာ၊ လာမန်​အမျိုးသားတို့၊ သဘော​ကွဲလွဲ​သူ​နီဖိုင်း​အမျိုးသားတို့​ပင်တည်း။

၂၈ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် မှောင်မိုက်ခြင်း​တိမ်တိုက်ဖြင့် လွှမ်းမိုး​ခံရ၏၊ အလွန်​ဆိုးရွား​ပြင်းထန်သော ကြောက်ရွံ့ခြင်းသည်လည်း သူတို့​အပေါ်​ကျရောက်​လာ၏။

၂၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အသံ​တော်သည် မှောင်မိုက်ခြင်း​တိမ်​တိုက်၏ အပေါ်မှ​လာလေ​သကဲ့သို့ ရောက်​လာလျက်၊ သင်တို့ နောင်တ​ရကြလော့၊ သင်တို့ နောင်တ​ရကြလော့၊ ဝမ်း​မြောက်​စရာ​သတင်းကို သင်တို့အား ဟောကြားစေရန် သင်တို့​ထံသို့ ငါ​စေလွှတ်လေသည့် ငါ၏​ကျွန်တို့ကို ဖျက်ဆီးခြင်းငှာလည်း၊ မကြိုးစား​တော့နှင့်ဟု မြွက်​ဆိုလေ၏။

၃၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် ဤအသံကို ကြား​ရ၍၊ မိုးချုန်း​သံမဟုတ်၊ ကြီးစွာသော အုတ်​အုတ်​ကျက်​ကျက်​အသံ​ဗလံ​လည်း​မဟုတ်၊ သို့ရာတွင်၊ ရှုလော့၊ တိုး​တိုး​ပြောသည့်​အသံဖြစ်လေသ​ကဲ့သို့​၊ စုံလင်သော​ညင်​သာခြင်း၏ ဖြည်း​ညှင်းသော​အသံ​ဖြစ်၍၊ စိတ်ဝိညာဉ်ကို အမှန်​ထိုး​ဖောက်ကြောင်း သိ​ရလျှင်—

၃၁ ထို့အတူ၊ အသံ​တော်၏ ညင်​သာခြင်း​ရှိသော်​ငြား​လည်း၊ ရှုလော့၊ မြေကြီးသည် လွန်စွာ​လှုပ်၍၊ ထောင်​နံရံများ​သည်လည်း မြေကြီးသို့ ပြိုကျတော့မည်ကဲ့သို့ တစ်ဖန်​တုန်၏။ ရှုဦးလော့၊ သူတို့​အပေါ်၌​လွှမ်းမိုးသည့် မှောင်မိုက်ခြင်း​တိမ်တိုက်သည် ပြန့်လွင့်​မသွားပေ—

၃၂ ရှုဦးလော့၊ အသံ​ကလည်း တစ်ဖန်​ရောက်​လာ၍၊ သင်တို့ နောင်တရ​ကြလော့၊ သင်တို့​နောင်တ​ရကြလော့၊ အကြောင်းမူကား၊ ကောင်းကင်​နိုင်ငံ​တော်​တည်​လုနီးပြီ။ ငါ၏​ကျွန်တို့ကို ဖျက်​ဆီးခြင်း​ငှာ​လည်း၊ မကြိုး​စား​တော့နှင့်ဟု မြွက်ဆို​လေ၏။ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ မြေကြီးသည် တစ်ဖန်​လှုပ်ပြန်၍၊ နံရံများ​တုန်၏။

၃၃ ထို့အတူ၊ အသံသည် တတိယ​အကြိမ်​တစ်ဖန်​ရောက်​လာ၍၊ လူသား​အနေဖြင့် မပြော​နိုင်သည့် အံ့ဩဖွယ်​ကောင်းသော​စကားများကို သူတို့ကို မြွက်​ဆို၏။ နံရံတို့​သည်လည်း တစ်ဖန်​တုန်၍၊ မြေကြီးသည် အစိတ်​စိတ်​ကွဲ​တော့မည်ကဲ့သို့ လှုပ်၏။

၃၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ လာမန်​အမျိုး​သားတို့​သည်​လည်း မိမိတို့ကို လွှမ်းမိုးသည့် မှောင်မိုက်ခြင်း​တိမ်တိုက်ကြောင့်၊ ထွက်​မပြေးနိုင်ကြ။ ထိုမှတစ်ပါး၊ သူတို့သည် မိမိတို့​အပေါ်၌ ကျ​ရောက်​လာသည့် ကြောက်ရွံ့ခြင်း​ကြောင့်လည်း မရွေ့​လျား​နိုင်ကြ။

၃၅ ယခုတွင်၊ နီဖိုင်း​အမျိုးသား​ဇာတိ​ဖြစ်သူ၊ ဘုရားသခင်၏​အသင်းတော် နှင့်ဆိုင်ခဲ့​ဖူးသော်​လည်း သူတို့ထံမှ ခွဲထွက်​ခဲ့​သူ​တစ်ဦး သူတို့ ၌​ရှိ၏။

၃၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထို​သူ​သည်​ကိုယ်ကို​လှည့်၍​ကြည့်လျှင်၊ မှောင်မိုက်ခြင်း​တိမ်​တိုက်​ကို​ဖြတ်၍၊ နီဖိုင်းနှင့် လေဟိတို့၏​မျက်နှာကို မြင်၏။ ရှုဦးလော့၊ သူတို့သည် ကောင်းကင်​တမန်တို့၏​မျက်နှာ​ကဲ့သို့ပင် လွန်စွာ​တောက်ပ၏။ သူတို့၏​မျက်စိဖြင့် ကောင်းကင်သို့ သူတို့​မော့ကြည့်​ကြသည်​ကိုလည်း သူမြင်​တွေ့၏။ သူတို့သည် သူတို့​မြင်တွေ့ခဲ့​သူ တစ်စုံ​တစ်ဦးထံသို့ ပြောဆိုနေ၊ သို့မဟုတ် ကြွေး​ကြော်​နေသ​ကဲ့သို့လည်း ရှိ၏။

၃၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤလူသည် လူ​အစု​အဝေးအား၊ သူတို့​လှည့်၍​ကြည့်နိုင်ကြစေခြင်းငှာ ကြွေး​ကြော်၏။ ရှုဦးလော့၊ သူတို့လှည့်၍​ကြည့်ကြစေခြင်းငှာ သူတို့ကို ပေးထားသော တန်ခိုးရှိ၏။ သူတို့​သည်လည်း နီဖိုင်းနှင့်​လေဟိ၏​မျက်နှာကို မြင်ကြ၏။

၃၈ သူတို့ကလည်း ထိုလူကို ဆိုလေ​သည်ကား၊ ရှုလော့၊ ဤအရာခပ်သိမ်းတို့​သည်ကား၊ အဘယ်သို့ ဆိုလိုသနည်း၊ ဤလူတို့ နှင့်​စကား​ပြောသည့် သူကား အဘယ်​သူနည်း။

၃၉ ယခုတွင်၊ ထိုလူ၏​အမည်မှာ အမိနဒပ်​ဖြစ်၏။ အမိနဒပ်ကလည်း သူတို့ကို ဆိုလေ​သည်မှာ သူတို့သည် ဘုရားသခင်၏​ကောင်းကင်​တမန်တို့နှင့် စကား​ပြောကြ၏။

၄၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုး​သားတို့က သူ့ကို ဆိုလေ​သည်ကား၊ ဤမှောင်မိုက်ခြင်း​တိမ်တိုက်ကို ငါတို့​အပေါ်​လွှမ်းမိုး​ထားခြင်းမှ ဖယ်ရှားနိုင်ခြင်းငှာ ငါတို့ အဘယ်​အရာကို ပြုရ​မည်နည်း။

၄၁ အမိနဒပ်ကလည်း သူတို့ကို ဆိုလေ​သည်​ကား၊ သင်တို့သည် နောင်တ​ရ၍၊ အယ်လမာ၊ ထို့အတူ အာမြူးလက်၊ ထို့အတူ ဇေဇရုမ်တို့​အားဖြင့်​လည်း သွန်​သင်ခြင်းကို သင်တို့​ခံရသည့် ခရစ်တော်၌​ယုံကြည်ခြင်း ရှိလာသည့်​တိုင်အောင်ပင် တောင်း​လျှောက်​ရမည်။ ဤသို့ ပြုကြ​ပြီးလျှင်၊ မှောင်မိုက်ခြင်း​တိမ်တိုက်ကို သင်တို့​အပေါ်​လွှမ်းမိုး​ထားခြင်းမှ ဖယ်ရှား​လိမ့်မည်။

၄၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် မြေကြီးကို လှုပ်လေသော​သူ၏​အသံထံသို့ တောင်းလျှောက်​စပြုကြ၏။ ထိုမှတစ်ပါး၊ မှောင်မိုက်ခြင်း​တိမ်တိုက် ပြန့်လွင့်​သွားသည့်​တိုင်အောင်ပင် တောင်း​လျှောက်ကြ၏။

၄၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် အရပ်ရပ်သို့ မျှော်ကြည့်လျှင်၊ မှောင်မိုက်ခြင်း​တိမ်တိုက် သူတို့​အပေါ် လွှမ်းမိုး​ထားခြင်းမှ ပြန့်လွင့်​သွားသည်ကို တွေ့မြင်ကြ၏။ ရှုလော့၊ သူတို့သည်၊ အထူးသဖြင့် လူတိုင်းသည် မီးတန်းဖြင့် ဝိုင်းပတ်​ထား​ခံရကြောင်း တွေ့​မြင်ကြ၏။

၄၄ နီဖိုင်းနှင့် လေဟိ​သည်​လည်း သူတို့​အလယ်၌ ရှိ၏။ ထိုမှတစ်ပါး၊ သူတို့သည် ဝိုင်း​ပတ်​ထား​ခံရ၏။ ထိုမှတစ်ပါး၊ သူတို့သည် မီးလျှံ​အလယ်၌ရှိသ​ကဲ့သို့ ဖြစ်သော်လည်း၊ သူတို့ကို ဘေး​ရောက်​စေခြင်း​မရှိ။ ထောင်​နံရံများ​ကိုလည်း ထိခိုက်ခြင်း​မရှိ။ သူတို့သည် ပြော​မပြနိုင်သော၊ ဂုဏ်​အသ​ရေနှင့်​ပြည့်ဝသော ထို​ဝမ်းမြောက်ခြင်းနှင့်​လည်း ပြည့်လေ၏။

၄၅ ရှုဦးလော့၊ ဘုရားသခင်၏​သန့်ရှင်းသော​ဝိညာဉ်တော်သည် ကောင်းကင်ဘုံမှ ဆင်းလာ​တော်မူ၍၊ သူတို့​စိတ်နှလုံး​ထဲသို့ ဝင်​ရောက်သဖြင့်၊ သူတို့သည် မီးနှင့်​ကဲ့သို့ပင် ပြည့်၍၊ အံ့ဩဖွယ်​ကောင်း​သော​စကားများကို ပြော​ထွက်နိုင်​ကြ၏။

၄၆ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ အသံ၊ အထူးသဖြင့်၊ တိုး​တိုး​ပြောသော​အသံ​ကဲ့သို့ နှစ်သက်​ဖွယ်သော​အသံ ရောက်​လာ၍၊ မိန့်တော်မူ​လေသည်ကား၊

၄၇ ကမ္ဘာတည်ကတည်းက​ရှိလေသူ၊ ငါ၏​အလွန်​ချစ်လှစွာ​သော​သားကို သင်တို့၏​ယုံကြည်ခြင်းကြောင့်၊ ငြိမ်းချမ်းခြင်း၊ ငြိမ်းချမ်းခြင်းသည် သင်တို့ထံသို့ ရောက်​စေသ​တည်း။

၄၈ ယခုမူကား၊ သူတို့သည် ဤသို့​ကြား​ရလျှင်၊ အသံ အဘယ်​အရပ်မှ​လာသည်ကို မြင်​ရခြင်းငှာ၊ မျက်စိဖြင့် မော့​ကြည့်ကြ၏။ ရှုဦးလော့၊ သူတို့သည် ကောင်းကင်ပွင့်သည်ကို မြင်၏။ ကောင်းကင်​တမန်တို့​သည်လည်း ကောင်း​ကင်ဘုံမှ ဆင်းလာ၍ သူတို့ကို အမှုတော်​ဆောင်ကြ၏။

၄၉ ဤအရာတို့ကို မြင်ရ၊ ကြားရ​သူတို့​သည်ကား၊ အယောက်​သုံးရာခန့်​ရှိလေ၏။ ထွက်​သွား၍၊ အံ့ဩခြင်း​မရှိရန်နှင့် ယုံမှား​သံသယ​မဖြစ်ရန် မိန့်တော်မူ​သည်ကိုလည်း ခံရ​ကြ၏။

၅၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​သည်လည်း ထွက်​သွား၍၊ လူတို့ကို အမှု​တော်​ဆောင်လျက်၊ သူတို့​ကြားရ၊ မြင်ရသည့် အရာ​ခပ်သိမ်းတို့ကို ပတ်ဝန်း​ကျင်​ဒေသ​တစ်ခုလုံး၌ ဟော​ပြောလျက် သူတို့​လက်ခံ​ရရှိသည့် သက်သေတို့၏​ကြီးမားခြင်းကြောင့်၊ လာမန်​အမျိုးသား​အများ​စုသည် သူတို့၏​နား​သွင်းခြင်းကို ခံရကြ၏။

၅၁ နား​သွင်း​ခံရ​သူ​မှန်သမျှ​သည်လည်း သူတို့၏​စစ်တိုက်ရာ​လက်နက်များ၊ ထို့အတူ၊ သူတို့၏​အမုန်း​တရားနှင့် သူတို့​ဘိုးဘေးတို့၏ နည်း​ဥပဒေသ​များ​ကို​လည်း စွန့်​ကြ၏။

၅၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် နီဖိုင်း​အမျိုး​သားတို့ထံ သူတို့၏​ပိုင်ဆိုင်ရာ​ပြည်များကို ပေး​အပ်​ကြ၏။