အထွေထွေညီလာခံ
စမ်းသပ်ပြီး၊ အတည်ပြုပြီး၊ အရောင်တင်ပြီး
အောက်တိုဘာ ၂၀၂၀ အထွေထွေညီလာခံ


စမ်းသပ်ပြီး၊ အတည်ပြုပြီး၊ အရောင်တင်ပြီး

ကျွန်တော်တို့ရဲ့စုံစမ်းခြင်းကာလမှာ ကျွန်တော်တို့ရဲ့ပဋိညာဉ်တွေအပေါ် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ သစ္စာရှိကြောင်း သက်သေပြတဲ့အခါ ဖြစ်လာမယ့် အကြီးမားဆုံး ကောင်းချီးမင်္ဂလာကတော့ ကျွန်တော်တို့ရဲ့သဘာဝတွေမှာ ပြောင်းလဲမှုတစ်ခု ဖြစ်ပါလိမ့်မယ်။

ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျား၊ ဒီနေ့မှာ သင်တို့နဲ့ စကားပြောရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် မျှော်လင့်ချက်ကတော့ ဘဝမှာ အထူးသဖြင့် ခက်ခဲပြီး မသေချာတဲ့ပုံပေါက်တဲ့အချိန်မှာ အားပေးမှုကို ပေးဖို့ဖြစ်ပါတယ်။ သင်တို့ထဲမှ အချို့အတွက်၊ အဲဒီအချိန်ဟာ ယခုပဲဖြစ်ပါတယ်။ ယခု မဟုတ်ဘူးဆိုရင်တော့၊ အဲဒီလိုမျိုး အချိန် ရောက်လာပါလိမ့်မယ်။

အဲဒါက မကောင်းတဲ့အမြင်မဟုတ်ပါဘူး။ အစစ်အမှန်ဖြစ်ပါတယ်—အကောင်းမြင်ခြင်းလည်းဖြစ်ပါတယ်—ဘာဖြစ်လို့လဲဆိုရင် ဒီကမ္ဘာကို ဖန်ဆင်းရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ဖြစ်လို့ပါပဲ။ အဲဒီ ရည်ရွယ်ချက်ဆိုတာ သူ့သားသမီးတွေကို ခက်ခဲတဲ့အချိန်မှာ မှန်တာကို ရွေးချယ်နိုင်စွမ်းရှိကြောင်းနဲ့ ရွေးချယ်လိုစိတ်ရှိကြောင်း သူတို့ကိုယ်သူတို့ သက်သေပြဖို့ အခွင့်အရေးပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုပြုခြင်းအားဖြင့်၊ သူ့တို့ရဲ့ သဘာဝတွေပြောင်းလဲလာမယ်၊ သူနဲ့ပိုပြီးတူလာနိုင်ပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ သူ့ကို မတုန်လှုပ်သောယုံကြည်ခြင်းရှိဖို့လိုကြောင်း သူသိတော်မူပါတယ်။

ကျွန်တော်သိတဲ့အရာ အများစုဟာ ကျွန်တော့်မိသားစုဆီကနေလာတာဖြစ်ပါတယ်။ ကျွန်တော်ရှစ်နှစ်သားလောက်တုန်းက၊ အမြော်အမြင်ရှိတဲ့ ကျွန်တော့်အမေက ကျွန်တော့အစ်ကိုနဲ့ ကျွန်တော့ကို ကျွန်တော်တို့မိသားစုရဲ့ အိမ်နောက်ဖေးခြံထဲမှာ ပေါင်းနှုတ်ခိုင်းပါတယ်။ ယခုဆိုရင် အဲဒါက ရိုးရှင်းတဲ့ လုပ်ငန်းတစ်ခုပုံပေါက်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နယူဂျာစီမှာ နေခဲ့ကြတာပါ။ မိုးခဏခဏရွာပါတယ်။ မြေကြီးက အလွန်စေးတဲ့ရွှံ့စေးမြေဖြစ်ပါတယ်။ ပေါင်းပင်တွေက ဟင်းသီးဟင်းရွက်ပင်တွေထက် အကြီးမြန်ပါတယ်။

ပေါင်းပင်တွေ ကျွန်တော့်လက်ထဲမှာ ပြတ်ပြီး၊ အမြစ်တွေရွှံ့ထဲမှ စွဲစွဲမြဲမြဲကျန်နေတဲ့အခါ ကျွန်တော့်ပေါက်ကွဲမှုကို ကျွန်တော်အမှတ်ရပါတယ်။ ကျွန်တော့်အမေနဲ့ ကျွန်တော့်အစ်ကိုက မကြာခင်မှာ ကျွန်တော့်ရှေ့ကို အများကြီးကျော်တက်သွားခဲ့ကြပါတယ်။ ကျွန်တော်ပိုပြီး ကြိုးစားလေ၊ ပိုပြီးနောက်ကျ ကျန်ခဲ့လေပါပဲ။

“ဒီဟာက ခက်လွန်းတယ်” လို့ ကျွန်တော်အော်ငိုလိုက်ပါတယ်။

ကိုယ်ချင်းစာမှုပေးမယ့်အစား၊ ကျွန်တော့်အမေက ပြုံးပြီးတော့ ပြောပါတယ် “အို၊ ဟောလ်၊ ဟုတ်ပါ့၊ ခက်တာပေါ့။ အဲသလိုပဲဖြစ်ရမှာ။ ဘဝဆိုတာ စာမေးပွဲ တစ်ခုပဲ”

အဲဒီအချိန်မှာ၊ သူ့စကားတွေမှန်တယ်၊ ကျွန်တော့်အနာဂတ်မှာလည်း မှန်လိမ့်မယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။

နောက်နှစ်တွေကြာလာတဲ့အခါ ကောင်းကင်ဘုံရှင်အဘနဲ့ သူ့ချစ်သား ဒီကမ္ဘာကို ဖန်ဆင်းခြင်းနဲ့ ဝိညာဉ်သားသမီးတွေကို လူဇာတိဘဝ အခွင့်အရေးပေးခြင်းမှာ သူတို့ရဲ့ ရည်ရွက်ချက်အကြောင်း ပြောနေတာကို ကျွန်တော်ဖတ်ရတဲ့အခါ ကျွန်တော့်အမေရဲ့ ချစ်စရာအပြုံးရဲ့ အကြောင်းရင်းဟာ ပိုပြီးရှင်းလာခဲ့ပါတယ်။

“သူတို့၏ဘုရားသခင်ကိုယ်တော်ရှင် မိန့်မှာလေသည့် ခပ်သိမ်းသောအရာမှန်သမျှကို သူတို့လုပ်ဆောင်ခြင်းရှိမရှိ ဤနည်းအားဖြင့် ငါတို့စမ်းသပ်ကြမည်။

မိမိတို့၏ ပထမအရိပ်အရာကို စောင့်ထိန်းသည့် သူတို့အပေါ် ထပ်လောင်း၍ ပေးလိမ့်မည်။ မိမိတို့၏ ပထမအရိပ်အရာကို “စောင့်ထိန်းခြင်းမရှိသူတို့သည် မိမိတို့၏ ပထမအရိပ်အရာကို စောင့်ထိန်းသူတို့နှင့်အတူ တူသည့်နိုင်ငံ၌ ဘုန်းတော်ကို မရကြလတ္တံ့။ မိမိတို့၏ ဒုတိယအရိပ်အရာကို စောင့်ထိန်းသူတို့သည် ဘုန်းတော်ကို ဦးခေါင်းများပေါ်၌ ထပ်လောင်း၍ ကာလအစဉ်အဆက် အမြဲ ရရှိကြ လိမ့်မည်။”

ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘရဲ့မျက်မှောက်မှာ မရှိကြတော့တဲ့အခါ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို စောင့်ထိန်းဖို့ရွေးချယ်ကြမှာဖြစ်တဲ့အကြောင်း အစမ်းသပ်ခံဖို့နဲ့ သက်သေပြကြမယ့်အကြောင်း အဲဒီဖိတ်ခေါ်ချက်ကို သင်တို့နဲ့ကျွန်တော် လက်ခံခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘဆီက အဲသလို ချစ်စရာဖိတ်ခေါ်ချက်ရှိတာတောင်မှ၊ လူစီဖာဟာ ဝိညာဉ်သားသမီး သုံးပုံတစ်ပုံကို သူ့နောက်လိုက်ဖို့နဲ့၊ ကျွန်တော်တို့ရဲ့ တိုးတက်မှုနဲ့ ထာဝရပျော်ရွှင်မှုအတွက် ခမည်းတော်ရဲ့ အစီအစဉ်ကို ငြင်းပယ်ကြဖို့ ဖျောင်းဖျသွားခဲ့ပါတယ်။ စာတန်ဟာ သူ့ပုန်ကန်မှုကြောင့်၊ နောက်လိုက်တွေနဲ့အတူ နှင်ထုတ်ခံခဲ့ရပါတယ်။ ယခုဆိုရင်၊ သူဟာ ဒီလူ့ဘဝမှာ ဘုရားသခင်ကို ကျောခိုင်းကြစေဖို့ သူတတ်နိုင်သမျှကြိုးစားပါတယ်။

အစီအစဉ်တော်ကို လက်ခံခဲ့ကြတဲ့ ကျွန်တော်တို့ဟာ၊ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်ဖြစ်လာဖို့ ကမ်းလှမ်းခဲ့သူ၊ ယေရှုခရစ်တော်၌ ရှိသော ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကြောင့် လက်ခံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ဟာ ရှိလာနိုင်တဲ့ လူ့ဇာတိအားနည်းချက်က ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကို တိုက်ခိုက်မယ့် မကောင်းမှုအားက ဘာပဲဖြစ်ဖြစ်၊ ကောင်းမြတ်ခြင်းအားတွေက ကြီးစွာလွှမ်းမိုးမှာ ဖြစ်တဲ့အကြောင်းကို ယုံကြည်ကြရမှာဖြစ်ပါတယ်။

ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်က သင်တို့ကို သိပါတယ်၊ ချစ်လည်းချစ်ပါတယ်။ သင်တို့ကို သူတို့ဆီ ပြန်လာစေချင်ကြပါတယ်၊ သူတို့လိုဖြစ်လာကြစေချင်ကြပါတယ်။ သင်တို့ရဲ့အောင်မြင်မှုဟာ သူတို့ရဲ့အောင်မြင်မှုဖြစ်ပါတယ်။ သင်တို့ဟာ “အကြောင်းမူကား၊ ရှုလော့၊ ဤအရာသည်—လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေရန်မှာ ငါ၏အမှုတော်နှင့် ငါ၏ဘုန်းတော်ဖြစ်၏။” လို့ဆိုတဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်ပြီး၊ ကြားပြီးကြတဲ့အခါ၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အတည်ပြုထားတဲ့ အဲဒီချစ်ခြင်းကို ခံစားခဲ့ကြပြီးဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ခရီးကို ပိုပြီးလွယ်အောင်လုပ်တဲ့တန်ခိုး ဘုရားသခင်မှာ ရှိပါတယ်။ သူက ဣသရေလအမျိုးသားတွေကို ကတိတော်မြေဆီသွားရင်း မျက်စိလည်နေကြတဲ့အချိန်မှာ မန္နကို ကျွေးခဲ့ပါတယ်။ ကိုယ်တော်ရှင်ဟာ သူ့ရဲ့ လူ့ဇာတိအမှုတော်ဆောင်ခြင်းမှာ ဖျားနာသူတွေကို အနာကင်းစေခဲ့၊ သေသူတွေကို ထမြောက်စေခဲ့ပါတယ်၊ ပင်လယ်ကိုလည်း ငြိမ်သက်စေခဲ့ပါတယ်။ သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းပြီးတဲ့နောက်မှာ၊ သူဟာ “ချုပ်နှောင်ခံရသောသူများအဖို့ ထောင်ကို” ဖွင့်ပေးခဲ့ပါတယ်။

သူ့ရဲ့ အကြီးမြတ်ဆုံး ပရောဖက်တွေထဲက တစ်ယောက်ဖြစ်တဲ့၊ ပရောဖက်ဂျိုးဇက်စမစ်တောင်မှ၊ ထောင်ထဲမှာ ဒုက္ခခံခဲ့ရပါတယ်၊ ကျွန်တော်တို့အတွက် အကျိုးရှိတဲ့၊ ပြီးတော့ ယုံကြည်ခြင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ထပ်တလဲလဲ စမ်းသပ်ခြင်းတွေမှာ လိုအပ်တဲ့ သင်ခန်းစာ သင်ပေးတာကိုလည်း ခံခဲ့ရပါတယ်၊ “သင်သည် တွင်းထဲသို့၊ သို့မဟုတ် လူ့အသက်ကို သတ်သောသူများ၏လက်ထဲသို့ အပစ်ခံရ၊ ထို့အတူ သေဒဏ်သည် သင့်အပေါ်ရောက်လာလျှင်၊ သင်သည် နက်ရာထဲသို့ ပစ်ချခံရလျှင်၊ ဂယက်ထနေသောလှိုင်းက သင့်ကို ပုတ်ခတ်လျှင်၊ ပြင်းစွာသောလေက သင်၏ရန်သူဖြစ်လာလျှင်၊ ကောင်းကင်နက်မှောင်လာပြီး၊ လမ်းကို ဆီးကာရန် ခပ်သိမ်းသောလောကဓာတ်တို့ ပူးပေါင်းကြလျှင်၊ အားလုံးတို့ထက်၊ ငရဲ၏မေးရိုးများက သင့်ကို မျိုရန် နှုတ်ကိုဟ၍ ကျယ်ကျယ်ဖွင့်လျှင်၊ ခပ်သိမ်းသော ဤအရာတို့သည် သင့်အား အတွေ့အကြုံကို ပေးလိမ့်မည်၊ ထို့အတူ သင်၏ကောင်းကျိုးအတွက် ဖြစ်လိမ့်မည့်အကြောင်း၊ သင်သိလော့၊ ငါ့သား။”

ချစ်သော၊ အလုံးစုံသောတန်ခိုးရှိသော ဘုရားသခင်က ကျွန်တော်တို့ရဲ့ လူ့ဇာတိစာမေးပွဲကို ဘာကြောင့်များ ဒီလောက်ကြီးခက်စေတာလဲလို့ သင်တို့အကျိုးသင့်အကြောင်းသင့် စဉ်းစားကောင်း စဉ်းစားခဲ့ကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ သူ့မျက်မှောက်မှာ မိသားစုများနဲ့ ထာဝရနေနိုင်စွမ်းရှိစေဖို့ ဝိညာဉ်ပကတိ သန့်ရှင်းခြင်းနဲ့ အားကြီးခြင်းတို့မှာ တိုးတက်ရမှာဖြစ်တဲ့အကြောင်း သူသိလို့ပဲဖြစ်ပါတယ်။ အဲဒါကို ဖြစ်နိုင်စေဖို့၊ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ကို ကယ်တင်ရှင်တစ်ပါး၊ ပြီးတော့ ယုံကြည်ခြင်းဖြင့် သူ့ပညတ်တော်တွေကို စောင့်ထိန်းကြရန်နဲ့ နောင်တရပြီးနောက် သူ့ဆီလာကြရန် ကျွန်တော်တို့ဘာသာကျွန်တော်တို့ ရွေးချယ်ဖို့ တန်ခိုးကို ပေးခဲ့ပါတယ်။

ခမည်းတော်ရဲ့ ပျော်ရွှင်ခြင်းအစီအစဉ်မှာ ကျွန်တော်တို့ကို သူရဲ့ ချစ်သား၊ ယေရှုခရစ်တော်လို နောင်အစဉ်အမြဲဖြစ်လာစေခြင်း ဆိုတဲ့ ဗဟိုချက်ရှိပါတယ်။ အရာခပ်သိမ်းမှာ၊ ကယ်တင်ရှင်ရဲ့ပုံသက်သေဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးလမ်းညွှန်ဖြစ်ပါတယ်။ သူ့ကိုယ်သူသက်သေပြရမယ့် လိုအပ်ချက်ကနေ လွတ်ငြိမ်းခွင့်မရခဲ့ပါဘူး။ သူဟာ ကျွန်တော်တို့ရဲ့ အပြစ်အားလုံးအတွက် အဖိုးအခကို ပေးရင်း၊ ကောင်းကင်ဘုံရှင်အဘရဲ့ သားသမီးအားလုံးအတွက် ကြံ့ကြံ့ခံခဲ့ပါတယ်။ လူ့ဇာတိမှာ ရှိပြီးသားနဲ့ ရောက်လာမယ့်သူ အားလုံးအတွက် ဒုက္ခဝေဒနာကို ခံစားခဲ့ပါတယ်။

ဘယ်လောက်နာကျင်မှုကို သင်ကောင်းကောင်းကြံ့ကြံ့ခံနိုင်မလဲလို့ တွေးမိတဲ့အခါ၊ သူ့ကို သတိရပါ။ သူဟာ သင်တို့ကို ဘယ်လို ဆွဲတင်ရမလဲဆိုတာကို သိဖို့ သင်တို့ခံစားရတဲ့အရာကို ခံစားခဲ့ပါတယ်။ သူက ဝန်ထုပ်ကို ဖယ်ရှားပေးချင်မှ ပေးမှာပါ၊ ဒါပေမယ့် သင်တို့ကို ခွန်အား၊ နှစ်သိမ့်မှုနဲ့ မျှော်လင့်ခြင်းကို ပေးပါလိမ့်မယ်။ သူက ခရီးကို သိပါတယ်။ ခါးတဲ့ဖလားကို သောက်ခဲ့ပါတယ်။ အားလုံးရဲ့ ဒုက္ခဝေဒနာကို ခံစားခဲ့ပါတယ်။

သင်တို့ဟာ ရင်ဆိုင်ရတဲ့ စမ်းသပ်ခြင်းမှန်သမျှမှာ သင်တို့ကို ဘယ်လိုမစရမယ်ဆိုတာကို သိတဲ့၊ ချစ်စရာကောင်းတဲ့ ကယ်တင်ရှင်အားဖြင့် အားဖြည့်ခံရ၊ နှစ်သိမ့်ခံရလျက်ရှိပါတယ်။ အယ်လမာက သွန်သင်ခဲ့ပါတယ်၊

“သူသည်လည်း နာကျင်မှုများ၊ ဆင်းရဲဒုက္ခများနှင့် စုံစမ်းခြင်းအမျိုးမျိုးကို ခံစားလျက် ထွက်သွားလိမ့်မည်။ ဤအရာသည်ကား၊ သူ့လူမျိုးတို့၏နာကျင်မှုများနှင့် ဖျားနာခြင်းတို့ကို သူ့အပေါ်၌ ခံယူလိမ့်မည်ဟု မိန့်တော်မူသော နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေခြင်းငှာပေတည်း။

“သူသည် မိမိလူမျိုးတို့ကို ချည်နှောင်သည့် သေခြင်း၏ကြိုးများကို ဖြေလွှတ်နိုင်တော်မူခြင်းငှာ၊ သေခြင်းကိုလည်း သူ့အပေါ်၌ ခံယူတော်မူလိမ့်မည်။ လူ့ဇာတိအတိုင်း သူ၏ဝမ်းကို ကရုဏာတော်နှင့် ပြည့်စေခြင်းငှာလည်းကောင်း၊ မိမိလူမျိုးတို့ကို သူတို့၏အနာရောဂါဝေဒနာများအလျောက်၊ လူဇာတိအတိုင်း အဘယ်သို့အားဖြင့် မစရမည်ကိုသိနိုင်ခြင်းငှာလည်းကောင်း၊ သူတို့၏အနာရောဂါဝေဒနာများကို သူ့အပေါ်၌ ခံယူတော်မူလိမ့်မည်။”

သင်တို့ကို သူ မစမယ့်နည်းလမ်းတစ်ခုကတော့၊ သူ့ကို အစဉ်အမြဲသတိရဖို့နဲ့၊ သူ့ဆီကိုလာဖို့ ဖိတ်ခေါ်တာဖြစ်ပါလိမ့်မယ်။ သူက ကျွန်တော်တို့ကို အားပေးခဲ့ပါတယ်။

“ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် သင်တို့ကို ချမ်းသာပေးမည်။

“ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့၊ ငါ့ထံ၌ နည်းခံကြလော့။ အကြောင်းမူကား၊ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။”

သူ့ဆီကို လာဖို့ လမ်းဆိုတာ၊ သူ့ နှုတ်ကပတ်တော်တွေကို ပွဲခံပျော်မွေ့ဖို့၊ နောင်တရခြင်းသို့ ယုံကြည်ခြင်းကို ကျင့်သုံးဖို့၊ ဗတ္တိဇံခံဖို့နဲ့ သူရဲ့ အခွင့်အာဏာရှိ အစေခံအားဖြင့် အတည်ပြုခံရန် ရွေးချယ်ဖို့၊ ပြီးတော့ ဘုရားသခင်နဲ့ပြုထားတဲ့ သင်တို့ရဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းဖို့ဖြစ်ပါတယ်။ သူက သန့်ရှင်းတော်ဝိညာဉ်တော်ကို သင်တို့ရဲ့ အဖော်၊ နှစ်သိမ့်သူနဲ့ လမ်းညွှန်သူအဖြစ် စေလွှတ်ခဲ့ပါတယ်။

သင်တို့ဟာ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူနဲ့ ထိုက်တန်အောင်နေထိုင်ကြတာနဲ့အမျှ၊ လမ်းကို မမြင်ကြရရင်တောင်မှ ကိုယ်တော်ရှင်က သင်တို့ကို ဘေးလွတ်ရာကို လမ်းညွှန်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့၊ သူက နောက်လှမ်းရမယ့်ခြေလှမ်းတွေကို ခဏဏ ပြတော်မူခဲ့ပါတယ်။ သူက ဝေးလှတဲ့ ရိုးတိုးရိပ်တိတ်အနာဂတ်ကို ရှားရှားပါးပါးပြခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီဖြစ်ခဲတဲ့ ရိုးတိုးရိပ်တိတ်တွေကတောင်မှ နေ့စဉ်ဘဝမှာ ပြုလုပ်ဖို့ ကျွန်တော်ရွေးချယ်ရမယ့်အရာကို လမ်းညွှန်ပါတယ်။

ကိုယ်တော်ရှင်က ရှင်းပြခဲ့ပါတယ်။

“သင်တို့သည် နောင်ကာလ၌ ဖြစ်လာမည့် အရာတို့နှင့် စပ်လျဉ်းသည့် ဘုရားသခင်၏ အကြံအစည်၊ ထို့အတူ များစွာသော အတိဒုက္ခနောက်က လိုက်လာမည့် ဘုန်းအသရေကို မျက်မှောက်ကာလတွင်၊ သင်တို့၏ ပကတိမျက်စိဖြင့် မမြင်နိုင်ကြ။

“အကြောင်းမူကား၊ များစွာသောအတိဒုက္ခ၏နောက်တွင် ကောင်းချီးမင်္ဂလာများ ရောက်လာ၏။”

ကျွန်တော်တို့ရဲ့စုံစမ်းခြင်းကာလမှာ ကျွန်တော်တို့ရဲ့ပဋိညာဉ်တွေအပေါ် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ သစ္စာရှိကြောင်း သက်သေပြတဲ့အခါ ဖြစ်လာမယ့် အကြီးမားဆုံး ကောင်းချီးမင်္ဂလာကတော့ ကျွန်တော်တို့ရဲ့သဘာဝတွေမှာ ပြောင်းလဲမှုတစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းဖို့ ကျွန်တော်တို့ရဲ့ ရွေးချယ်ခြင်းအားဖြင့်၊ ယေရှုခရစ်တော်ရဲ့ တန်ခိုးတော်နဲ့၊ သူ့ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာ၏ကောင်းချီးမင်္ဂလာများက ကျွန်တော်တို့အထဲမှာ အလုပ်လုပ်နိုင်ပါတယ်။ ကျွန်တော်တို့နှလုံးသားတွေဟာ အခြားသူတွေကို ချစ်ဖို့၊ ခွင့်လွှတ်ဖို့နဲ့ ကယ်တင်ရှင်ဆီကိုလာရန် ဖိတ်ခေါ်ဖို့ ပျော့ပျောင်းလာနိုင်ပါတယ်။ ကိုယ်တော်ရှင်၌ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတိုးလာပါတယ်။ ကျွန်တော်တို့ရဲ့ အကြောက်တရားတွေ လျော့သွားပါတယ်။

ယခုဆိုလျှင်၊ ကျွန်တော်တို့ဟာ အတိဒုက္ခများအားဖြင့် အဲသလို ကောင်းချီးမင်္ဂလာတွေရှိတာတောင်မှ၊ အတိဒုက္ခကို မရှာကြပါဘူး။ လူ့ဇာတိအတွေ့အကြုံ၌၊ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ သက်သေပြဖို့၊ ကယ်တင်ရှင်နဲ့၊ ပြီးတော့ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘနဲ့ ပိုပြီးတူလာစေဖို့ အလုံအလောက်ခက်ခဲတဲ့ စမ်းသပ်မှုတွေကိုအောင်မြင်ဖို့ အခွင့်အလမ်း လုံလောက်စွာရှိကြမှာ ဖြစ်ပါတယ်။

ထပ်လောင်းချက်အနေဖြင့်၊ ကျွန်တော်တို့ဟာ အခြားသူတွေရဲ့ အတိဒုက္ခကို သတိပြုကြရမှာ၊ ကူညီဖို့ကြိုးစားကြရမှာလည်းဖြစ်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အပြင်းအထန်စမ်းသပ်ခံနေကြရတဲ့အချိန်မှာ အထူးသဖြင့် ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တခြားသူရဲ့ဝန်ကို၊ ကူပြီးမ ပေးတဲ့အခါ၊ သေးသေးကလေးဖြစ်ပါစေ၊ ကျွန်တော်တို့ရဲ့ ကျောကုန်းတွေ ခွန်အားပြည့်လာကြောင်း၊ အမှောင်ထဲမှာ အလင်းကို သိရကြောင်း တွေ့ကြပါလိမ့်မယ်။

ဒီနေရာမှာ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ရဲ့ ပုံသက်သေဖြစ်ပါတယ်။ ဂေါလဂေါသကားတိုင်ထက်မှာ၊ သူဟာ ဘုရားသခင်ရဲ့ ချစ်သားမဟုတ်လေသည့်ပမာ သေလောက်အောင် အလွန်ကြီးမားတဲ့ နာကျင်မှုကို ခံစားလျက်ရှိခဲ့ပြီး၊ သူ့ကိုစီရင်တဲ့သူတွေကို ကြည့်ပြီးတော့၊ ခမည်းတော်ဆီကို ပြောခဲ့ပါတယ်၊ “သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို သိခြင်းမရှိကြပါ။” အသက်ရှင်ဖူးသမျှသောသူများတွက် ဒုက္ခဝေဒနာခံစားစဉ်မှာ၊ သူဟာ ယောဟန်ကို ၊ ပြီးတော့ ဝမ်းနည်းနေတဲ့ သူ့အမိကို၊ ကားတိုင်ပေါ်ကနေကြည့်ပြီး၊ သူမရဲ့ ဒုက္ခကာလမှာ အမှုတော်ဆောင်ခဲ့ပါတယ်။

“ထိုအခါ မယ်တော်နှင့် ချစ်တော်မူသော တပည့်တော်သည် အနားမှာရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍လည်းကောင်း၊ မိန့်တော်မူ၏

“တပည့်တော်အားလည်း သင်၏အမိကို ကြည့်ပါဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၏ သိမ်းထား၏။”

ထိုသန့်ရှင်းအမွန်မြတ်ဆုံးကာလများ၌၊ သူ၏လုပ်ဆောင်ချက်များအားဖြင့်၊ သူသည် ကျွန်တော်တို့တစ်ယောက်ချင်းစီအတွက်၊ ဤဘဝ၌သာမက၊ လာမည့် ထာဝရအသက်ကိုလည်း ပေးရန် ကမ်းလှမ်းလျက်၊ သူ၏ဘဝကို လိုလားစွာပေးခဲ့ပါတယ်။

အလွန်ဆိုးရွားတဲ့ဒုက္ခများ၌ သစ္စာရှိကြောင်း သက်သေပြခြင်းအားဖြင့် ကြီးစွာသောအမြင့်သို့ တက်သွားခဲ့ကြသူတွေကို ကျွန်တော်မြင်ခဲ့ရပါတယ်။ ဒီနေ့ အသင်းတော်တဝန်းမှာရှိကြသူတွေဟာ ပုံသက်သေတွေဖြစ်ပါတယ်။ လူတွေဟာ ဒုက္ခကြောင့် ဒူးထောက်ကြရပါတယ်။ သူတို့ရဲ့ သစ္စာရှိသော ကြံ့ကြံ့ခံခြင်းနဲ့ အားထုတ်မှုများကြောင့်၊ သူတို့ဟာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ ပိုပြီးတူလာကြပါတယ်။

ကျွန်တော့်အမေဆီကနေ တခြားသင်ခန်းစာတစ်ခုကို ရခဲ့ပါတယ်။ မိန်းကလေးငယ်ဘဝမှာ သူ့မှာ ဆုံဆို့နာရှိခဲ့ပြီး သေလုနီးပါးဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ကျောရိုးအာရုံကြောအမြှေးပါးရောင် ရောဂါရခဲ့ပါတယ်။ သူမအဖေက ငယ်ငယ်နဲ့ သေသွားခဲ့တယ်၊ ဒါကြောင့် ကျွန်တော့အမေနဲ့ အစ်ကိုတွေမောင်တွေက သူတို့အမေကို ထောက်မခဲ့ကြရပါတယ်။

သူ့မဘဝတစ်လျှောက်လုံးမှာ၊ ရောဂါဝေဒနာများရဲ့ ရိုက်ခတ်မှုတွေကို ခံခဲ့ရပါတယ်။ သူမဘဝရဲ့ နောက်ဆုံး ၁၀ နှစ်မှာ ခွဲစိတ်မှုများစွာကို ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒါအားလုံးကို ကျော်ဖြတ်ပြီးတော့၊ သူမဟာ အိပ်ရာထဲမှာ လဲနေရတာတောင်မှ ကိုယ်တော်ရှင်အပေါ် သစ္စာရှိခြင်းကို သက်သေပြခဲ့ပါတယ်။ သူမအိပ်ခန်းရဲ့ နံရံမှာတစ်ခုတည်းသော ပန်းချီကားဟာ ကယ်တင်ရှင်ရဲ့ ပန်းချီကားဖြစ်ပါတယ်။ သူမ သေခါနီးမှာ ကျွန်တော့်ကို ပြောခဲ့စကားတွေကတော့ “ဟောလ်ရေ၊ မင်းအအေးပတ်တော့မယ်ထင်တယ်။ မင်းကိုယ်မင်း ဂရုစိုက်ရမယ်။”

သူမရဲ့ နာရေးမှာ နောက်ဆုံးဟောပြောသူက အသင်းလူကြီး စပင်ဆာ ဒဗလျူ ကင်းဘောလ်ဖြစ်ပါတယ်။ သူမရဲ့ဒုက္ခများနဲ့ သစ္စာရှိခြင်းအကြောင်းတွေကို ပြောပြီးနောက်၊ ဒီဟာကို အခြေခံအားဖြင့် ပြောခဲ့ပါတယ် “မေးလ်ဒရက်ဘာကြောင့် အများကြီးနဲ့ အကြာကြီးခံစားခဲ့ရတာလဲလို့ တွေးကောင်းတွေးကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတာ ကျွန်တော်ပြောပြပါမယ်။ ကိုယ်တော်ရှင်က သူမကို နည်းနည်းလေးပိုပြီးတော့ အရောင်တင်ပေးချင်လို့ပဲဖြစ်ပါတယ်။”

ဝန်တွေကို တည်ငြိမ်သောယုံကြည်ခြင်းနဲ့ ထမ်းဆောင်ကြသူများ၊ ပြီးတော့ ကိုယ်တော်ရှင်က နည်းနည်းလေးပိုပြီးအရောင်တင်ပေးဖို့ ရှာတဲ့အချိန်မှာ အခြားသူတွေရဲ့ ဝန်ကိုထမ်းရာမှာ ကူညီသူများဖြစ်တဲ့ ယေရှုခရစ်တော်၏အသင်းတော်မှ သစ္စာရှိသောအသင်းသားများစွာအတွက် ကျွန်တော့်ရဲ့ကျေးဇူးတင်မှုကို ဖော်ပြပါတယ်။ မိမိတို့နဲ့ မိသားစုများ အဲသလို အရောင်တင်ခြင်းကို ကြံ့ကြံ့ခံနေတဲ့အချိန်မှာ အခြားသူတွေကို အစေခံကြတဲ့ ကမ္ဘာတစ်ဝန်းရှိ ကူညီစောင့်ရှောက်သူများနဲ့ ခေါင်းဆောင်းများအတွက် ချစ်ခြင်းနဲ့ လေးစားမှုကိုလည်း ကျွန်တော်ဖော်ပြပါတယ်။

ကျွန်တော်တို့ဟာ ချစ်တဲ့ ကောင်းကင်ဘုံရှင်အဘရဲ့ သားသမီးတွေဖြစ်တယ်ဆိုတာ သက်သေခံပါတယ်။ ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်ရဲ့ ကျွန်တော်တို့ အားလုံးအတွက် ချစ်ခြင်းကို ကျွန်တော်ခံစားရပါတယ်။ သူဟာ ဒီနေ့ကမ္ဘာမှာ ကိုယ်တော်ရှင်ရဲ့ ပရောဖက်ဖြစ်ပါတယ်။ ကိုယ်တော်ရှင် ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်။