အထွေထွေညီလာခံ
ဘဝသစ်တစ်ခု
အောက်တိုဘာ ၂၀၂၀ အထွေထွေညီလာခံ


ဘဝသစ်တစ်ခု

သင်တို့ရဲ့နှလုံးသား၊ စိတ်နဲ့ ဝိညာဉ်ကို ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ သူ့သားတော်၊ ယေရှုခရစ်တော်တို့ဆီ တိုး၍တိုး၍ လှည့်လာကြဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။

ကျွန့်တော့်ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ ဒီအထွေထွေညီလာခံနှစ်ရက်မှာ အသရေထင်ရှားခဲ့ပါပြီ။ အသင်းလူကြီး ဂျဖရီ အာ၊ ဟော်လန်နဲ့ ကျွန်တော်သဘောတူပါတယ်။ သူဖော်ပြခဲ့သလိုပါပဲ၊ အမှာစကားတွေ၊ ဆုတောင်းခြင်းတွေ၊ ပြီးတော့ တေးဂီတ အားလုံးကို ကိုယ်တော်ရှင်လမ်းပြလှုံ့ဆော်ထားတာဖြစ်ပါတယ်။ ဘက်ပေါင်းစုံမှ ပါဝင်ဆင်နွှဲခဲ့သူအားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။

ဒီပွဲတစ်လျှောက်မှာ၊ သင်တို့တတွေ ညီလာခံကိုနားထောင်ကြတာကို ကျွန်တော့်စိတ်ထဲမှာ မြင်ယောင်ခဲ့ပါတယ်။ သင်တို့ခံစားနေရတာတွေ၊ စိုးရိမ်နေရတာတွေ၊ သို့မဟုတ် ဖြေရှင်းဖို့ကြိုးစားနေရတာတွေကို နားလည်စေရန် ကျွန်တော့်ကို ကူညီဖို့ ကိုယ်တော်ရှင်ဆီကျွန်တော်ဆုတောင်းခဲ့ပါတယ်။ ဒီညီလာခံကို နိဂုံးချုပ်ရာမှာ ကျွန်တော်သိတဲ့အရာတစ်ခုဖြစ်တဲ့ ကိုယ်တော်ရှင်က သင်တို့ကို ခံစားစေလိုတဲ့ အနာဂတ်နဲ့ပတ်သက်လို့ အကောင်းမြင်စိတ်ကိုရှိစေမယ့်အရာအဖြစ် ဘာကို ပြောရမလဲလို့ ကျွန်တော် တွေးမိခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ပရောဖက်တွေ ဆယ်စုနှစ်များစွာက ကြိုမြင်ခဲ့တဲ့ အသရေထင်ရှားတဲ့ ခေတ်မှာနေကြပါတယ်။ ဒီသာသနာဟာ ဖြောင့်မတ်တဲ့သူတွေဆီကနေ ဘယ်ဝိညာဉ်ပကတိကောင်းချီးမင်္ဂလာကိုမှ မဆီးတားမယ့်သာသနာဖြစ်ပါတယ်။ လောကရဲ့ ပုန်ကန်ခြင်း ရှိသော်လည်း၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို အနာဂတ်ကို “ဝမ်းမြောက်ဖွယ်မျှော်လင့်စောင့်စားချက်နဲ့” မျှော်လင့်ကြစေလိုပါတယ်။ ကျွန်တော်တို့တတွေ အတိတ်ရဲ့အရိပ်မှာ လည်မနေကြပါနဲ့စို့။ ဣသရေလအမျိုးသားတို့စုဝေးခြင်းဟာ ရှေ့ကို ဆက်သွားနေပါတယ်။ ကိုယ်တော်ရှင်ယေရှုခရစ်တော်က သူ့အသင်းတော်ရဲ့အမှုအရာတွေကို လမ်းညွှန်ပါတယ်၊ အသင်းတော်ရဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေကို ပြီးမြောက်စေမှာဖြစ်ပါတယ်။

သင်တို့နဲ့ ကျွန်တော့်အတွက် စိန်ခေါ်မှုကတော့ ကျွန်တော်တို့ အယောက်တိုင်း သူ သို့မဟုတ် သူမရဲ့ မြင့်မြတ်တဲ့ အလားအလာ ပြီးမြောက်စေမယ်ဆိုတာကို သေချာစေဖို့ဖြစ်ပါတယ်။ ယခုကာလမှာ “ဘဝသစ်တစ်ခု” အကြောင်းကို ကျွန်တော်တို့ ခဏခဏကြားရပါတယ်။ သင်တို့ဟာ ဘဝသစ်တစ်ခု ကို အမှန်တကယ်ထွေးပွေ့လိုကြရင်၊ သင်တို့ရဲ့နှလုံးသား၊ စိတ်နဲ့ ဝိညာဉ်ကို ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ သူ့သားတော်၊ ယေရှုခရစ်တော်တို့ဆီ တိုး၍တိုး၍ လှည့်လာကြဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ အဲဒါကို သင်တို့ရဲ့ ဘဝသစ် ဖြစ်ပါစေ။

နေ့စဉ်နောင်တရခြင်းအားဖြင့် သင်တို့ရဲ့ ဘဝသစ် ကို ထွေးပွေ့ပါ။ သင်တို့ရဲ့ အတွေး၊ စကားနဲ့ အပြုအမူတွေမှာ တိုး၍တိုး၍ စင်ကြယ်လာစေဖို့ ကြိုးစားပါ။ အခြားသူတွေကို အမှုတော်ဆောင်ပါ။ ထာဝရရှုထောင့်နဲ့ကြည့်ပါ။ သင်တို့ရဲ့အမှုတော်ဆောင်တာဝန်တွေကို တိုးမြှင့်ဆောင်ရွက်ပါ။ သင်တို့ရဲ့ စိန်ခေါ်မှုတွေက ဘယ်လိုအရာပဲဖြစ်ပါစေ၊ ကျွန်တော့်ရဲ့ ချစ်သောညီ အစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့ဟာ သင်တို့ရဲ့ ဖန်ဆင်းရှင်နဲ့ တွေ့ဖို့ ပိုပြီးပြင်ဆင်ပြီးသားဖြစ်စေဖို့ နေ့တိုင်း နေထိုင်ကြပါ။

အဲဒါက ကျွန်တော်တို့မှာ ဗိမာန်တော်တွေရှိကြတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ကိုယ်တော်ရှင်ရဲ့ ဘိသိက်မင်္ဂလာတွေနဲ့ ပဋိညာဉ်တွေက ကျွန်တော်တို့ကို ထာဝရအသက်၊ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေအားလုံးထဲက အကြီးမြတ်ဆုံးအတွက် ပြင်ဆင်ပါတယ်။ သင်တို့သိကြတဲ့အတိုင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် ကျွန်တော်တို့ရဲ့ ဗိမာန်တော်တွေကို ယာယီပိတ်ထားဖို့ လိုအပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ တစ်ဆင့်ချင်းပြန်ဖွင့်တာကို ကျွန်တော်တို့ ဂရုတစိုက်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ယခုဆိုလျှင် ဗိမာန်တော်များစွာမှာ အဆင့် ၂ အနေဖြင့်၊ ထောင်ပေါင်းများစွာသော စုံတွဲတွေ တံဆိပ်ခတ်ပြီးခဲ့သလို လွန်ခဲ့တဲ့လအနည်းငယ်ကပဲ ထောင်ပေါင်းများစွာတို့ဟာလည်း ကိုယ်ပိုင်ဝိညာဉ်ပကတိ အပ်နှင်းခြင်းကို ရရှိခဲ့ပြီးပါပြီ။ အသင်းတော်မှ ထိုက်တန်သူအသင်းသားအားလုံး မိမိတို့ဘိုးဘေးတွေကို တစ်ဖန် အစေခံနိုင်ကြ၊ ပြီးတော့ သန့်ရှင်းတဲ့ဗိမာန်တော်မှာ ကိုးကွယ်နိုင်ကြမယ့်နေ့ကို ကျွန်တော်တို့မျှော်လင့်ကြပါတယ်။

ယခုဆိုလျှင်၊ အောက်ပါဒေသတွေမှာ ဗိမာန်တော်အသစ် ခြောက်ခုတည်ဆောက်ခြင်း အစီအစဉ်တွေကို ကြေညာရတာ ကျွန်တော်ဝမ်းသာပါတယ်။ တရာဝ၊ ခီရီဘာတီ။ ပေါ့ဗီလာ၊ ဗနွားတူ။ လင်ဒန်၊ ယုတ။ ဂရိတ်တား ဂွါတီမာလာ စီတီ၊ ဂွါတီမာလာ။ အရှေ့ ဆောပိုလို၊ ဘရာဇီးလ်။ ပြီးတော့ ဆန်တာခရုစ်၊ ဘိုလီးဗီးယား တို့ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီဗိမာန်တော်တွေကို တည်ဆောက်၊ ပြုပြင်စဉ်မှာ၊ သင်တို့အယောက်တိုင်း သန့်ရှင်းတဲ့ဗိမာန်တော်ကို ဝင်ရောက်ရန် ထိုက်တန်နိုင်စေဖို့ သင်တို့ကိုယ်သင်တို့ တည်ဆောက်ပြုပြင်ကြမယ့်အကြောင်း ကျွန်တော်တို့ဆုတောင်းပါတယ်။

ယခုဆိုရင်၊ ကျွန်တော့်ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ သင်တို့ကို ကိုယ်တော်ရှင်ယေရှုခရစ်တော်ရဲ့ ငြိမ်းချမ်းခြင်းနဲ့ ပြည့်စေဖို့ ကျွန်တော်ကောင်းချီးပေးပါတယ်။ သူ့ရဲ့ငြိမ်းချမ်းခြင်းဟာ လူ့ဇာတိသားနားလည်ခြင်းအားလုံးရဲ့ တစ်ဖက်မှာရှိပါတယ်။ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို လိုက်နာလိုစိတ်နဲ့ လိုက်နာနိုင်စွမ်းတိုးလာစေမည့်အကြောင်း သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။ သင်တို့ဟာ အဲသလိုပြုကြတာနဲ့အမျှ၊ မသေချာခြင်းရဲ့အလယ်မှာ ရှိတာတောင်မှ ပိုကြီးတဲ့သတ္တိ၊ တိုးလာတဲ့ကိုယ်ပိုင်ဗျာဒိတ်တော်၊ သင်တို့အိမ်တွင်း၌ ပို၍ ချိုသာတဲ့လိုက်ဖက်ခြင်း၊ ပြီးတော့ ဝမ်းမြောက်ခြင်းတို့အပါအဝင် ကောင်းချီးမင်္ဂလာတွေ့နဲ့ သွန်းလောင်းခံရမယ်ဆိုတာ ကျွန်တော်ကတိပေးပါတယ်။

ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့အခွင့်ဖြစ်တဲ့—ကိုယ်တော်ရှင်ရဲ့ ဒုတိယအကြိမ် ကြွလာတော်မူခြင်းအတွက် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့နဲ့ လောကကို ပြင်ဆင်ခြင်းကို ပြီးပြည့်စုံစေဖို့ အတူတကွရှေ့ကို ချီတက်နိုင်ကြပါစေ။ သင်တို့အတွက် ကျွန်တော့်ချစ်ခြင်းဖော်ပြချက်နဲ့ ကျွန်တော်ဆုတောင်းပါတယ်၊ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်ဖြင့်၊ အာမင်။