အထွေထွေညီလာခံ
သည်းခံခြင်း စုံလင်မှုကိုပြုပါစေ၊ ဝမ်းမြောက်စရာသာမှတ်ပါလေ
အောက်တိုဘာ ၂၀၂၀ အထွေထွေညီလာခံ


သည်းခံခြင်း စုံလင်မှုကိုပြုပါစေ၊ ဝမ်းမြောက်စရာသာမှတ်ပါလေ

ကျွန်တော်တို့ သည်းခံခြင်းကို ကျင့်သုံးတဲ့အခါ၊ ကျွန်တော်တိုရဲ့ယုံကြည်ခြင်း တိုးလာပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းတိုးပွားလာတဲ့အခါ၊ ဝမ်းမြောက်ခြင်းလည်းတိုးပွားလာပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်တုန်းက၊ ကျွန်တော့်ညီအငယ်ဆုံး၊ ချက်ဒ်၊ ကန့်လန့်ကာတစ်ဖက်ကို လှမ်းသွားခဲ့ပါပြီ။ အခြားဘက်သို့ သူ့ရဲ့ကူးပြောင်းခြင်းက၊ ကျန်တဲ့မိသားစုဝင်တွေနဲ့အတူ၊ ကျွန်တော့်ခယ်မ စတက်ဖနီ၊ သူတို့ကလေးငယ်နှစ်ယောက်ဖြစ်တဲ့၊ ဘရေဒင်နဲ့ ဘယ်လာတို့ရဲ့ နှလုံးသားမှာဟာကွက်တစ်ခု ဖြစ်စေခဲ့ပါတယ်။ ချက်ဒ်မသေမီသတင်းပတ်မှာ အသင်းလူကြီး နီးလ် အယ်လ်၊ အန်ဒါဆင်ရဲ့ အထွေထွေညီလာခံမှ စကားတွေနဲ့ နှစ်သိမ့်မှုရခဲ့ကြပါတယ်၊ “လောကီဒုက္ခတွေရဲ့ ပြင်းထန်သောစမ်းသပ်မှုမှာ၊ သည်းခံပြီးရှေ့ဆက်လျှောက်ပါ၊ ကယ်တင်ရှင်ရဲ့ အနာငြိမ်းစေခြင်းတန်ခိုးက သင်တို့ဆီကို အလင်း၊ နားလည်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ မျှော်လင့်ခြင်းတွေ ဆောင်ယူလာပါလိမ့်မယ်” (“ဒဏ်ရာရသူများ၊Liahona, နို၊ ၂၀၁၈၊ ၈၅)။

ရုပ်ပုံ
ချက်ဒ် ဂျာဂီနှင့် မိသားစု

ကျွန်တော်တို့မှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းရှိကြပါတယ်၊ ချက်ဒ်နဲ့ တစ်ဖန်ပြန်ဆုံရမယ်ဆိုတာကို သိပါတယ်၊ ဒါပေမယ့်သူ့ကိုယ်ခန္ဓာရှိနေခြင်းကို ဆုံးရှုံးရတာက နာကျင်ပါတယ်။ များစွာသောသူတွေ ချစ်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ကြပါတယ်။ ကျွန်တော်တို့ သူတို့နဲ့ပြန်ဆုံရမယ့်အချိန်အတွက် သည်းခံဖို့နဲ့ စောင့်ဖို့ဆိုတာ ခက်ပါတယ်။

သူသေပြီးနောက်နှစ်မှာ၊ ကျွန်တော်တို့အပေါ်မှာ အမှောင်တိမ်တိုက်ဖုံးထားသလို ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ ကျမ်းစာတွေလေ့လာရင်း၊ ပိုပြီးအလေးအနက်ဆုတောင်းရင်း၊ ပြီးတော့ ဗိမာန်တော်ကို ပိုပြီးမကြာမကြာ တက်ရောက်ခြင်းတို့ဖြင့် ခိုလှုံရာကို ရှာခဲ့ကြပါတယ်။ ဒီဓမ္မတေးရဲ့စာကြောင်းတွေက အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ခံစားချက်ကို ဖော်ကျူးပါတယ်။ “နံနက်ခင်းအရုဏ်ကျင်း ၊ ကမ္ဘာလောကအလင်း၊ မှောင်မိုက်ခြင်း ညဉ့် တိမ်တိုက်များ ထွက်ပြေး အဝေး” (“နံနက်ခင်းအရုဏ်ကျင်း၊” ဓမ္မတေး၊ နံပါတ်၊ ၅၂)။

၂၀၂၀ ခုနှစ်ဟာ အားသစ်လောင်းတဲ့နှစ်ဖြစ်ရမယ်လို့ ကျွန်တော်တို့မိသားစု သန္နိဌာန်ချခဲ့ကြပါတယ်။ ကျွန်တော်တို့အဖို့ ခေါင်းစဉ်သူ့ဘာသာသူ ပေါ်လာခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာနောက်ပိုင်းမှာ ဓမ္မသစ်ကျမ်း ယာကုပ်ဩဝါဒစာရှိ ကျွန်တော်တို့ရဲ့ လာ၍၊ ငါ့နောက်သို့လိုက်လော့ သင်ခန်းစာကို လေ့လာနေခဲ့ ကြပါတယ်။ ယာကုပ်ဩဝါဒစာ အခန်းကြီး၁ အခန်းငယ် ၂ မှာ ဖော်ပြထားတာက၊ “ငါ့ညီအစ်ကိုတို့၊ စုံစမ်းနှောင့်ယှက်ခြင်း များစွာနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့” (ဂျိုးဇက်စမစ် ဘာသာပြန်၊ ရှင်ယာကုပ် ၁:၂ [မှာ ရှင်ယာကုပ် ၁:၂, ရှင်းလင်းချက် a])။ ကျွန်တော်တို့ရဲ့ဆန္ဒနဲ့၊ ၂၀၂၀ မှာ နှစ်သစ်တစ်ခု၊ ဆယ်စုနှစ်တစ်ခုကို၊ ဝမ်းမြောက်ခြင်းနဲ့ စဖို့ “ဝမ်းမြောက်စရာသာဖြစ်တယ်လို့မှတ်ကြမယ်လို့” ကျွန်တော်တို့ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအကြောင်းကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ခံစားမိလို့၊ ပြီးခဲ့တဲ့ခရစ္စမတ်မှာ ကျွန်တော်တို့အမျိုးရင်းတွေကို “ဝမ်းမြောက်စရာသာမှတ်ပါလေ” ဆိုတဲ့ ထင်ရှားတဲ့စာလုံးတွေပါတဲ့ တီရှပ်တွေ လက်ဆောင်ပေးခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ်ဟာ တကယ့် ဝမ်းမြောက်စရာနဲ့ ရွှင်လန်းဝမ်းမြောက်စရာနှစ်ဖြစ်မှာပါ။

ဟုတ်ပါပြီ၊ အခုဆိုရင်—၂၀၂၀ မှာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ မြို့ပြအုံကြွမှု၊ ပိုပြီးများလာတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ စီးပွားရေးစိန်ခေါ်မှုတွေသာ ဖြစ်လာခဲ့ပါတယ်။ သည်းခံခြင်းအကြောင်း ကျွန်တော်တို့ရဲ့ နားလည်မှုနဲ့ ဝမ်းမြောက်ခြင်းအတွက် သတိရှိတဲ့ ရွေးချယ်ခြင်းတို့ကို နှလုံးသွင်းစဉ်းစားဖို့ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ကို အချိန်ပေးနေတာ ဖြစ်နိုင်ပါတယ်။

အဲဒီအချိန်ကစပြီး၊ ယာကုပ်ဩဝါဒစာဟာ ကျွန်တော်တို့အတွက် အဓိပ္ပာယ် အသစ် ရှိစပြုလာပါပြီ။ ယာကုပ်ဩဝါဒစာ အခန်းကြီး ၁ အခန်းငယ် ၃ နဲ့ ၄ မှာ ဆက်ပြောပါတယ်။

“သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊

“သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင်ပါစေ။”

ကျွန်တော်တို့ရဲ့ဒုက္ခတွေအလယ်၌ ဝမ်းမြောက်ခြင်းကို ရှာဖို့ ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေမှာ၊ သည်းခံမှုရှိခြင်းဆိုတာ၊ ကျွန်တော်တို့အကျိုးအတွက် အဲဒီဒုက္ခတွေကနေပြုပြင်စေခြင်းအဖို့ အဓိကသော့ချက်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့မေ့နေခဲ့ကြပါတယ်။

ဇာတိပကတိလူ၏ ကိုယ်ကို ချွတ်ပယ်ပြီး၊ “ခရစ်တော်ကိုယ်တော်ရှင်၏ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် သန့်ရှင်းသူတစ်ယောက်ဖြစ်လာခြင်း၊ ထို့အတူ ကျိုးနွံသော၊ နူးညံ့သိမ်မွေ့သော၊ နှိမ့်ချသော၊ သည်းခံတတ်သော၊ ချစ်ခြင်းနှင့်ပြည့်ဝသော ကလေးငယ်တစ်ယောက်ကဲ့သို့ [ဖြစ်လာခြင်း]၊ ခပ်သိမ်းသောအရာတို့ကို လိုက်နာရန်လိုလိုလားလားရှိ” (မောဇိယ ၃း၁၉ )ဖို့ ဗင်္ယာမိန်မင်းကြီးကကျွန်တော်တို့ကိုသွန်သင်ခဲ့ပါတယ်။

ငါ၏ဧဝံဂေလိတရားကို ဟောပြောလော့ရဲ့ အခန်း ၆ က ကျွန်တော်တို့အတုယူနိုင်တဲ့ ခရစ်တော်ရဲ့ ဂုဏ်ရည်တွေကို သွင်သင်ပေးပါတယ်၊ “သည်းခံခြင်းဆိုတာ ကြံ့ကြာမှု၊ ဒုက္ခ၊ ဆန့်ကျင်မှုတို့ကို ကြံ့ကြံ့ခံနိုင်စွမ်း၊ ဒေါသထွက်မလာဘဲ၊ မပေါက်ကွဲဘဲ၊ သို့မဟုတ် သောကရောက်မနေဘဲ ခံစားခြင်းဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့၊ သူ့အချိန်အခါကို လက်ခံတဲ့ စွမ်းရည်ဖြစ်ပါတယ်။ သင်တို့ဟာ သည်းခံတဲ့အခါ၊ ဖိအားအောက်မှာ ဆက်ပြီးကြံ့ခိုင်ကြ၊ ဒုက္ခကို တည်ငြိမ်စွာနဲ့ မျှော်လင့်ချက်ကြီးစွာဖြင့် ရင်ဆိုင်နိုင်စွမ်း ရှိကြပါတယ်” (Preach My Gospel: A Guide to Missionary Service, rev. ed. [၂၀၁၉]၊ ၁၂၆)။

သည်းခံခြင်းရဲ့ စုံလင်မှုကို ခရစ်တော်ရဲ့ အစောပိုင်းတပည့်တော်တွေထဲကတစ်ဦးဖြစ်တဲ့၊ ကနနိတ်လူရှိမုန်အားဖြင့်လည်း သရုပ်ဖော်ပြနိုင်ပါတယ်။ ဇေလုတ်တွေဟာ ရောမဥပဒေကို ပြင်းထန်စွာဆန့်ကျင်ကြတဲ့ ဂျူးအမျိုးသားစိတ်ဓာတ်ရှိတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဇေလုပ်လှုပ်ရှားမှုက ရောမလူမျိုးတို့အား အကြမ်းဖက်မှုကို ထောက်ခံခဲ့ပါတယ်၊ သူတို့ရဲ့ ဂျူးအပေါင်းပါတွေ၊ ပြီးတော့ ဇဒ္ဒုကဲတွေဟာ ရိက္ခာတွေကို စီးနင်းတိုက်ခိုက်ခြင်းနဲ့ အခြားလှုပ်ရှားမှုတွေကို လုပ်ခြင်းဖြင့် သူတို့အရေးကို ထောက်ပံ့ခဲ့ကြပါတယ်။(Encyclopedia Britannica, “Zealot,” britannica.com တွင်ကြည့်ပါ)။ ကနနိတ်လူရှိမုန်ဟာ ဇေလုတ်တစ်ဦးဖြစ်ပါတယ် (လုကာ ၆း၁၅ တွင်ကြည့်ပါ)။ ကယ်တင်ရှင်ကို လက်နက်စွဲကိုင်ဖို့၊ စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်ဖို့၊ ချော့နေတဲ့ ရှိမုန်၊ သို့မဟုတ် ယေရုရှလင်မှာ ပရမ်းပတာဖြစ်အောင်လုပ်ဖို့ ချော့နေတဲ့ ရှိမုန်ကို မြင်ယောင်ကြည့်စမ်းပါ။ ယေရှုကသွန်သင်ခဲ့ပါတယ်။

“စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေခံရကြလတ္တံ့။…

“ကရုဏာကြီးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ကရုဏာကို ခံရကြလတ္တံ့။…

“ရန်ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်၏သားသမီးများဟု ခေါ်ဝေါ်ခံရကြလတ္တံ့။” (မဿဲ ၅း၅၊ ၇၊၉)။

ရှိမုန်ဟာ သူ့အတွေးအခေါ်ကို ထက်သန်တဲ့ဇောစိတ်နဲ့ လက်ခံထောက်မခဲ့တာဖြစ်နိုင်ပါတယ်၊ ဒါပေမယ့်ကျမ်းစာတွေမှာ ဖော်ပြတာက၊ ကယ်တင်ရှင်ရဲ့ လွှမ်းမိုးမှုနဲ့ ပုံသက်သေကြောင့်၊ သူ့ရဲ့ အာရုဏ်စိုက်မှု ပြောင်းသွားခဲ့ပါတယ်။ သူ့မှာရှိတဲ့ ခရစ်တော်ရဲ့တပည့်တော်ဖြစ်ခြင်းဟာ သူ့ဘဝအားထုတ်မှုတွေရဲ့ ဗဟိုအာရုံစိုက်ရာ ဖြစ်လာခဲ့ပါတယ်။

ကျွန်တော်တို့ ဘုရားသခင်နဲ့ ပဋိညာဉ်တွေပြုပြီး၊ စောင့်ထိန်းကြတဲ့အခါ၊ ကယ်တင်ရှင်က ကျွန်တော်တို့ကို “တစ်ဖန်မွေးခြင်းခံရ ။ အထူးသဖြင့်၊ ဘုရားသခင်ဖြစ်ဖွားစေတော်မူ၍၊ သူတို့၏လောကီဆိုင်ရာနှင့် ကျရှုံးရာအခြေအနေမှ၊ ဖြောင့်မတ်ခြင်းအခြေအနေသို့ ပြောင်းလဲလျက်၊ ဘုရားသခင်အားဖြင့် ရွေးနှုတ်တော်မူခြင်းကို ခံရလျက်၊ သူ၏သားသမီးများဖြစ်လာလျက်ရှိကြဖို့ ကူညီနိုင်ပါတယ်” (မောဇိယ ၂၇း၂၅ )။

ကျွန်တော်တို့ခေတ်ရဲ့ ထက်သန်သော လူမှုရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးကြိုးပမ်းမှုအားလုံးမှာ ယေရှုခရစ်တော်ရဲ့ တပည့်တော် ဆိုတာကို ကျွန်တော်တို့ရဲ့ အထင်ရှားဆုံးနဲ့ အရေးအကြီးဆုံး နှီးနွှယ်မှုဖြစ်ပါစေ။ “အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးသည်လည်း ရောက်တတ်၏” (မဿဲ ၆း၂၁)။ သစ္စာရှိသောတပည့်တော်များဟာ “ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်”ခဲ့ကြပြီးတာတောင်မှ “သည်းခံခြင်းရှိဖို့လို[ခဲ့ကြ]” (ဟေဗြဲဩဝါဒစာ ၁၀း၃၆)တယ်ဆိုတာကိုလည်း ကျွန်တော်တို့ မမေ့ကြပါနဲ့။

ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို စုံစမ်းခြင်းအရာဟာ သည်းခံခြင်းကို ပွားစေတတ်သလို၊ သည်းခံခြင်းကို ကျင့်သုံးတဲ့အခါ၊ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းတိုးပွားလာပါတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းတိုးပွားလာတဲ့အခါ၊ ဝမ်းမြောက်ခြင်းလည်းတိုးပွားလာပါတယ်။

ဒီလွန်ခဲ့တဲ့ မတ်လတုန်းက၊ ကျွန်တော်တို့ရဲ့ ဒုတိယသမီး၊ အီမာဟာ၊ အသင်းတော်က သာသနာပြုတွေလို၊ မဖြစ်မနေ သီးသန့်နေခဲ့ရပါတယ်။ သာသနာပြုများစွာ အိမ်ပြန်ခဲ့ကြပါတယ်။ သာသနာပြုများစွာ ပြန်လည်ခန့်အပ်ခြင်းကို စောင့်နေကြပါတယ်။ များစွာတို့ဟာ အလုပ်ကွင်းဆီကို မထွက်ခွာမီ သူတို့ရဲ့ ဗိမာန်တော် ကောင်းချီးမင်္ဂလာတွေကို မရရှိခဲ့ကြပါဘူး။ ကျေးဇူးတင်ပါတယ်၊ အသင်းလူကြီးများနဲ့ ညီအစ်မများခင်ဗျာ။ သင်တို့ကို ကျွန်တော်တို့ချစ်ပါတယ်။

အီမာနဲ့ သူ့အဖော်ဟာ၊ နယ်သာလန်မှာ ပထမသတင်းပတ်တွေမှာ ပင်ပန်းကြပါတယ်—အချိန်များစွာမှာ ပင်ပန်းလို့မျက်ရေကျကြပါတယ်။ လူချင်းတွေ့ဖို့အခွင့်အရေးနည်းနည်းလေးသာရှိခြင်းနဲ့၊ အပြင်ထွက်ရတာကလည်းကန့်သတ်ထားလို့၊ အီမာရဲ့ ဘုရားသခင်အပေါ်အားကိုးခြင်းတိုးလာခဲ့ပါတယ်။ ကျွန်တော်တို့သူမနဲ့အတူ အွန်လိုင်းကနေဆုတောင်းကြတယ်၊ ဘယ်လိုကူညီရမလဲမေးခဲ့ပါတယ်။ အွန်လိုင်းကနေသူသင်ပေးနေတဲ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ကျွန်တော်တို့ကို တောင်းဆိုခဲ့ပါတယ်။

ကျွန်တော်တို့မိသားစုလည်း နယ်သာလန်မှာရှိတဲ့ အီမာရဲ့သူငယ်ချင်းတွေနဲ့ အွန်လိုင်းကနေ၊ တစ်ယောက်ချင်းစီတွေ့စပြုခဲ့ကြပါတယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ အပတ်စဉ်၊ လာ၍ငါ့နောက်သို့လိုက်လော့ မိသားစုလိုက် အွန်လိုင်းကနေ လေ့လာခြင်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဖလော၊ လော်ရာ၊ ရင်စကီ၊ ဖရက်၊ ဗင်ဂျမင်၊ စတယ်လ်နဲ့ မူဟာမက်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါပြီ။ နယ်သာလန်က ကျွန်တော်တို့သူငယ်ချင်းအချို့ဟာ “ကျပ်တည်းသောတံခါး” ကနေ ဝင်ရောက်ခဲ့ကြပါပြီ (၃ နီဖိုင်း ၁၄း၁၃)။ အခြားသူတွေဟာလည်း သူတို့ဝင်ရကြမည့် “လမ်းခရီးတော်၏ ကျပ်တည်းခြင်းနှင့် တံခါး၏ကျဉ်းမြောင်းခြင်းအား သူတို့ကို ပြတာ ခံနေကြရပါတယ်။” (၂ နီဖိုင်း ၃၁း၉)။ သူတို့ဟာ ခရစ်တော်၌ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ သတင်းပတ်တိုင်းမှာ ကျွန်တော်တို့ရဲ့ ပဋိညာဉ်လမ်းကြောင်းပေါ်မှာ တိုးတက်ခြင်း၌ အတူတူအလုပ်လုပ်ကြရင်း “အားလုံးကို ဝမ်းမြောက်ခြင်းအဖြစ်မှတ်ယူ” ကြပါတယ်။

ကျွန်တော်တို့ဟာ ကာလတစ်ခုမှာ အသင်းတော်စု မိသားစုတစ်ခုအနေနဲ့၊ လူကိုယ်တိုင်တွေ့ဆုံဖို့ မစွမ်းဆောင်နိုင်ခြင်းမှာ “သည်းခံခြင်း စုံလင်မှုကိုပြုပါစေ” (ယာကုပ်ဩဝါဒစာ ၁း၄)။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် နည်းပညာသစ်ဆက်သွယ်ရေးအားဖြင့်၊ ပြီးတော့ မော်မုန်ကျမ်းလာ၍ ငါ့နောက်သို့ လိုက်လော့ လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ မိသားစုရဲ့ ယုံကြည်ခြင်းတိုးလာတာကို ဝမ်းမြောက်ခြင်းအဖြစ် မှတ်ယူကြပါတယ်။

ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က ကတိပေးထားပါတယ်၊ “ဤအားထုတ်မှု၌ သင်၏ပုံမှန် ကြိုးပမ်းမှုများသည်—အထူးသဖြင့် သင်အောင်မြင်ခြင်းမရှိဘူးလို့ ခံစားရတဲ့အချိန်တွေမှာတောင်မှ—သင်၏ဘဝ၊ သင့်မိသားစုရဲ့ဘဝ ပြီးတော့ ကမ္ဘာကို ပြောင်းလဲပေးပါလိမ့်မယ်” (“Go Forward in Faith,” Liahona,မေ ၂၀၂၀၊ ၁၁၄)။

ကျွန်တော်တို့ ဘုရားသခင်နဲ့ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်တွေပြုတဲ့နေရာ—ဗိမာန်တော်—ကို ယာယီပိတ်ထားပါတယ်။ ကျွန်တော်တို့ ဘုရားသခင်ရဲ့ပဋိညာဉ်တွေစောင့်ထိန်းတဲ့နေရာ—အိမ်—ကို ဖွင့်ထားပါတယ်။ ကျွန်တော်တို့မှာ ဗိမာန်တာ်ပဋိညာဉ်တွေရဲ့ အင်မတန်ထူးခြားတဲ့ အလှတရား အကြောင်း အိမ်မှာလေ့လာဖို့နဲ့ နှလုံးသွင်းဖို့ အခွင့်အရေးတစ်ခုရှိကြပါတယ်။ သန့်ရှင်းမွန်မြတ်တဲ့ တကယ့်နေရာထဲကို ဝင်ရောက်ခွင့်မရချိန်မှာတောင်၊ ကျွန်တော်တို့ရဲ့ “စိတ်နှလုံး တွေဟာ…သွန်းလောင်းမည့် ကောင်းချီးမင်္ဂလာတို့၏၊ အကျိုးဆက်အဖြစ် ကြီးစွာ ရွှင်လန်း ဝမ်းမြောက်ကြမှာဖြစ်ပါတယ်” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၁၀း၉)။

လူများစွာအလုပ်လက်မဲ့ဖြစ်ခဲ့ကြတယ်။ အခြားသူတွေ အခွင့်အရေးတွေဆုံးရှုံးခဲ့ကြတယ်။ သို့သော်လည်း၊ ကျွန်တော်တို့ ဥက္ကဌနယ်လဆင်နဲ့အတူ၊ ဝမ်းမြောက်ကြပါတယ်၊ သူ မကြာသေးမီက ဖော်ပြခဲ့တာက “ကျွန်တော်တို့အသင်းသားတွေဆီက၊ စေတနာပေါက်အစာရှောင်အလှူတော်စုတွေ အမှန်တိုးလာခဲ့၊ ကျွန်တော်တို့ရဲ့ လူမှုကူညီရေး ရန်ပုံငွေလည်း တိုးလာခဲ့ပါတယ်။ … ဒီခက်ခဲတဲ့အချိန်ကို ကျွန်တော်တို့အတူကျော်လွှားကြပါမယ်။ သင်တို့ဟာ အခြားသူတွေကို ဆက်ပြီးကောင်းချီးပေးကြတာနဲ့အမျှ၊ ကိုယ်တော်ရှင်က သင်တို့ကို ကောင်းချီးပေးပါလိမ့်မယ်” (ရပ်ဆဲလ် အမ်၊ နယ်လဆင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၊ ဩဂုတ် ၁၆၊ ၂၀၂၀ တင်ထားခြင်းမှ၊ facebook.com/russell.m.nelson).

“ရွှင်လန်းကြလော့” ဆိုတာ ကိုယ်တော်ရှင်ဆီက မိန့်မှာချက်ဖြစ်ပါတယ်၊ အလွန်ကြောက်ရမှာ မဟုတ်ပါဘူး (မဿဲ ၁၄း၂၇ )။

ကျွန်တော်တို့ဟာ “အရာရာတိုင်းကို အမှန်လုပ်နေကြ” ရဲ့သားနဲ့ လိုချင်တဲ့ ကောင်းချီးမင်္ဂလာတွေ မရသေးဘူးလို့ စဉ်းစားကြတဲ့အခါ တစ်ခါတစ်လေမှာ စိတ်မရှည်ကြပါဘူး။ ဧနောက်ဟာ သူနဲ့ သူ့လူမျိုးတွေ ဘဝမပြောင်းခင်မှာ ဘုရားသခင်နဲ့အတူ ၃၆၅ နှစ် သွားလာခဲ့ပါတယ်။ အရာရာတိုင်းကို အမှန်လုပ်ဖို့ သုံးရာခြောက်ဆယ်ငါးနှစ် ကြိုးစားပြီးမှ ဖြစ်လာခဲ့တာပါ။ (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၇း၄၉ တွင်ကြည့်ပါ။)

ကျွန်တော့်ညီ ချက်ဒ်ရဲ့ကွယ်လွန်ခြင်းက ကျွန်တော်တို့ကို ယုတ အော့ဂ်ဒင် သာသနာအပေါ် ဦးစီးခြင်းကနေ ဖြေလွှတ်ခြင်းအပြီး လအနည်းငယ်အချိန်မှာ ဖြစ်သွားခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့ ခန့်အပ်ခံရနိုင်တဲ့ သာသနာ ၄၁၇ ခုလုံးရှိတဲ့အချိန် ၊ ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ ကျွန်တော်တို့ နေတုန်း၊ ယုတမြောက်ပိုင်းကို ခန့်အပ်ခံရတာဟာ အလွန်တရာ အံ့ဩဖွယ်ဖြစ်ပါတယ်။ သာသနာပြုအိမ်က၊ ချက်ဒ်ရဲ့အိမ်နဲ့ဆိုရင် ၃၀ မိနစ်ကားခရီးအကွာ မှာရှိပါတယ်။ ကျွန်တော်တို့ သာသနာပြုခန့်အပ်ခြင်းကို ရရှိပြီးနောက် ချက်ဒ်ရဲ့ ကင်ဆာကို တွေ့ရှိခဲ့ပါတယ်။ စုံစမ်းမှုအများဆုံးအခြေအနေမှာတောင်မှ၊ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘဟာ ကျွန်တော်တို့ကို သတိထားကြောင်းနဲ့ ဝမ်းမြောက်ခြင်းကိုရှာဖို့ ကူညီကြောင်း ကျွန်တော်တို့သိပါတယ်။

ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ ရွေးနှုတ်သော၊ သန့်ရှင်းစေကြယ်စေသော၊ နှိမ့်ချသော၊ ပြီးတော့ ဝမ်းမြောက်စရာကောင်းသော တန်ခိုးတော်အကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ ရွေးနှုတ်သော၊ သန့်ရှင်းစေကြယ်စေသော၊ နှိမ့်ချသော၊ ပြီးတော့ ဝမ်းမြောက်စရာကောင်းသော တန်ခိုးတော်အကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်တို့တတွေဟာ ကိုယ်တော်ရှင်နဲ့ သူ့ရဲ့ အသက်ရှင်တဲ့ပရောဖက်၊ ဥက္ကဌရပ်ဆဲလ် အမ်၊ နယ်လဆင်ရဲ့ အသံကို ၊ ကြားနာကြ၊ နားထောင်ကြ၊ အာရုံစိုက်ကြတာနဲ့အမျှ၊ “သည်းခံခြင်း စုံလင်မှုကိုပြုနိုင်စေ၊” ပြီးတော့“ ဝမ်းမြောက်စရာသာမှတ်နိုင်မှာ”ဖြစ်တဲ့အကြောင်း ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။