အထွေထွေညီလာခံ
တောင်းလော့၊ ရှာလော့၊ ခေါက်လော့
အောက်တိုဘာ ၂၀၂၀ အထွေထွေညီလာခံ


တောင်းလော့၊ ရှာလော့၊ ခေါက်လော့

ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်မှ အရေးအကြီးဆုံးအပိုင်းမှာ ကျွန်တော်တို့ အလိုရှိတဲ့အချိန် ဘယ်အချိန်မှာမဆို သူနဲ့ ဆက်သွယ်ဖို့ အခွင့်အရေးပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးလတုန်းက၊ ကျွန်တော်ကျမ်းစာလေ့လာချိန်၊ အမ္မုန်နိဟပြည်မှာ အယ်လမာရဲ့ သာသနာပြုခြင်းအကြောင်းကို ဖတ်နေရင်းနဲ့ လာ၍ငါ့နောက်သို့ လိုက်လော့မှာ ပါတဲ့ “သင်သည် နီဖိုင်းလူမျိုးတို့ကို ဘုရားသခင်က ကြီးစွာသောကောင်းချီးမင်္ဂလာတွေပေးသည့် အကြောင်းကို ဖတ်ရသည့်အခါ၊” (အယ်လမာ ၉း၁၉-၂၃ တွင် ကြည့်ပါ) သင့်ကို သူပေးခဲ့သည့် ကြီးစွာသောကောင်းချီးမင်္ဂလာများကို စဉ်းစားဆင်ခြင်ပါဆိုတဲ့ အကြံပြုချက်ကို တွေ့တော့၊ ကျွန်တော့ကို ပေးခဲ့တဲ့ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာစာရင်းတစ်ခုလုပ်ဖို့နဲ့ အဲဒါကို ဒစ်ဂျစ်တယ်လမ်းညွှန်ထဲမှာ မှတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်အနည်းငယ်အတွင်းမှာပဲ ကောင်းချီးမင်္ဂလာ ၁၆ ခုကို စာရင်းသွင်းခဲ့ပါတယ်။

အဲဒါတွေထဲက အရေးအကြီးဆုံးတွေဟာ ကျွန်တော့အတွက် ကယ်တင်ရှင်ရဲ့ ကရုဏာနဲ့ အပြစ်ဖြေခြင်းယဇ်တို့ရဲ့ ကြီးစွာသောကောင်းချီးမင်္ဂလာတွေဖြစ်ပါတယ်။ ပေါ်တူဂီမှာ လူငယ်သာသနာပြုတစ်ယောက်အနေနဲ့၊ အဲဒီနောက် ကျွန်တော့ရဲ့ ထာဝရလက်တွဲဖော်၊ ပက်ထရစ်ရှာနဲ့ အတူ အားကောင်းတဲ့၊ အလွန်တော်တဲ့ သာသနာပြု ၅၂၂ ဦးတို့နဲ့ ဘရာဇီးလ် ပေါ်တို အလီဂရီတောင်ပိုင်း သာသနာမှာ ကယ်တင်ရှင်ကို ကိုယ်စားပြုဖို့ ရခဲ့တဲ့ ကောင်းချီးမင်္လာကိုလည်း ကျွန်တော်ရေးခဲ့ပါတယ်။ ပက်ထရစ်ရှာအကြောင်း ပြောရာမှာ၊ အဲဒီနေ့က ကျွန်တော်မှတ်သားခဲ့တဲ့ ကောင်းချီးမင်္ဂလာများစွာဟာ ကျွန်တော်တို့ရဲ့ အိမ်ထောင်သက် အနှစ် ၄၀ တစ်လျှောက် အတူခံစားခဲ့ကြရတဲ့ ကောင်းချီးမင်္ဂလာတွေ ဖြစ်ပါတယ်—စောင်ပိုလို ဘရာဇီးလ်ဗိမာန်တော်မှာ၊ ကျွန်တော်တို့ရဲ့ချစ်စရာ ကလေးသုံးယောက်၊ သူတို့ရဲ့ အိမ်ထောင်ဖက်တွေ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ မြေး ၁၃ ယောက်နဲ့ တံဆိပ်ခတ်ခြင်းလည်း ပါဝင်ပါတယ်။

ဧဝံဂေလိတရားတော် အခြေခံသဘောတရားတွေနဲ့ ကျွန်တော့်ကို ပြုစုပျိုးထောင်ခဲ့တဲ့ ကျွန်တော့်ရဲ့ ဖြောင့်မတ်သောမိဘများဆီကိုလည်း ကျွန်တော့အတွေးတွေ ရောက်ခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော် ၁၀ နှစ်သားအရွယ်တုန်းက ကျွန်တော့်ရဲ့ ချစ်စရာ အမေက ကျွန်တော်နဲ့အတူ ဆုတောင်းဖို့ ကျွန်တော့်ဘေးမှာ ဒူးထောက်ခဲ့တဲ့ အခိုက်အတန့်တစ်ခုကို ကျွန်တော်သတိတရ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဆုတောင်းခြင်းတွေ ကောင်းကင်ဘုံရှင်အဘဆီကို ရောက်တော့မယ်ဆိုလျှင်၊ ပိုကောင်းအောင်လုပ်ဖို့ လိုသေးတယ်လို့ သူမ ခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူမက ပြောတယ်၊ “ငါအရင်ဆုတောင်းမယ်၊ ငါ့ ဆုတောင်းပြီးမှ၊ မင်းဆုတောင်း။” သူမက ဒီပုံစံနဲ့ ညများစွာဆက်ပြီးဆုတောင်းခဲ့တယ်၊ ကောင်းကင်ဘုံရှင် အဘဆီကို ဘယ်လို ပြောရမယ်ဆိုတာ အခြေခံသဘောတရားအားဖြင့်၊ လေ့ကျင့်ခြင်းအားဖြင့် ကျွန်တော် သင်ယူပြီးပြီလို့ သူမ ယုံကြည်မှုရှိတဲ့အချိန်အထိပါပဲ။ ကျွန်တော့်ကို ဆုတောင်းတာ သင်ပေးလို့၊ ကျွန်တော့်ကောင်းကင်ဘုံရှင် အဘက ကျွန်တော့်ဆုတောင်းတွေကို ကြားတယ်၊ အဖြေပေးတယ်ဆိုတာကို ကျွန်တော် သိခဲ့ရလို့ သူမကို အမြဲကျေးဇူးတင်နေမှာပါ။

အမှန်ပြောရရင်၊ အဲဒါက ကျွန်တော့်စာရင်းထဲမှာ ထည့်ခဲ့တဲ့ တခြားကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပါတယ်— ကိုယ်တော်ရှင်ရဲ့ အလိုတော်ကို ကြားနိုင်စွမ်း၊ သိနိုင်စွမ်းရှိစေတဲ့ ဆုကျေးဇူးဖြစ်ပါတယ်။ ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်မှ အရေးအကြီးဆုံးအပိုင်းမှာ ကျွန်တော်တို့ အလိုရှိတဲ့အချိန် ဘယ်အချိန်မှာမဆို သူနဲ့ ဆက်သွယ်ဖို့ အခွင့်အရေးပဲဖြစ်ပါတယ်။

ကိုယ်တော်ရှင်ထံမှ ဖိတ်ခေါ်ချက်တစ်ခု

ကယ်တင်ရှင်ဟာ သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းပြီးတဲ့နောက် အမေရိကကို ကြွရောက်တဲ့အခါ၊ ဂါလိလဲရှိသူ့တပည့်တော်တွေကို ဖိတ်ခေါ်ခဲ့တဲ့ ဖိတ်ခေါ်ချက်ကို ထပ်ပြီးပြုလုပ်ခဲ့ပါတယ်။ မိန့်တော်မူတာက၊

“တောင်းကြလော့။ တောင်းလျှင် သင်တို့ထံသို့ ပေးလိမ့်မည်။ ရှာကြလော့၊ ရှာလျှင် သင်တို့တွေ့ကြမည်။ ခေါက်ကြလော့၊ ခေါက်လျှင် သင်တို့အား ဖွင့်ပေးလိမ့်မည်။

“အကြောင်းမူကား၊ တောင်းသောသူတိုင်း ရကြ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်ပေး၏”။ (၃ နီဖိုင်း ၁၄း ၇-၈မဿဲ ၇း၇-၈)

ကျွန်တော်တို့ရဲ့ ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က၊ ကျွန်တော်တို့ခေတ်မှာ အလားတူ ဖိတ်ခေါ်ချက်တစ်ခုကို ပြုခဲ့ပါတယ်။ သူကပြောပါတယ်၊ “သင်၏စိုးရိမ်မှုများ၊ သင်၏ကြောက်ရွံ့မှုများ၊ သင်၏အားနည်းချက်များ—ဟုတ်ကဲ့ သင့်နှလုံးသားရဲ့ အမှန်တောင့်တမှုများအကြောင်းကို ယေရှုခရစ်တော်၏နာမတော်ဖြင့် ဆုတောင်းပါ။ အဲဒီနောက် နားထောင်ပါ။ သင့်စိတ်ထဲကို ရောက်လာတဲ့ အတွေးတွေကို ရေးချပါ။ သင့်ခံစားချက်တွေကို မှတ်သားပြီးတော့၊ သင်လုပ်ဆောင်ဖို့ လှုံ့ဆော်ခံရတဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်ပါ။ သင်ဟာ ဒီလုပ်ငန်းကို တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် ထပ်ပြီးလုပ်ဆောင်တာနဲ့အမျှ၊ ‘ဗျာဒိတ်တော်အခြေခံသဘောတရားဆီကို တိုးတက်’လာမှာဖြစ်ပါတယ်။”

ဥက္ကဌနယ်လဆင်က ထပ်ပြောပါတယ်၊ “လာမယ့်ကာလတွေမှာ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ပို့ဆောင်မှု၊ လမ်းပြမှု၊ နှစ်သိမ့်မှုနဲ့ ပုံမှန်လွှမ်းမိုးမှုတို့ မပါဘဲ ဝိညာဉ်ပကတိအားဖြင့် ရှင်သန်ဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်ပါဘူး။”

ဗျာဒိတ်တော်ဟာ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိရှင်သန်မှုမှာ ဘာကြောင့် အလွန်မရှိမဖြစ် လိုအပ်ပါသလဲ။ လောကဟာ လှည့်စားခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတွေနဲ့ပြည့်ပြီး၊ ရှုပ်ထွေးဆူညံနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ ဆက်သွယ်ခြင်းက ကျွန်တော်တို့ကို မှန်တာနဲ့ မှားတာ၊ ကျွန်တော်တို့အတွက် ကိုယ်တော်ရှင်ရဲ့ အစီအစဉ်နဲ့ သင့်လျော်တာနဲ့ မသင့်လျော်တာကို ခွဲခြားရွေးထုတ်နိုင်စွမ်းရှိစေပါတယ်။ လောကက ကြမ်းတမ်းပြီး၊ နှလုံးကြေကွဲဖွယ်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆုတောင်ခြင်းမှာ ကျွန်တော်တို့နှလုံးသားကို ဖွင့်ပြတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘဆီက လာတဲ့ နှစ်သိမ့်ခြင်းနဲ့၊ ကျွန်တော်တို့ကို သူချစ်ကြောင်း၊ တန်ဖိုးထားကြောင်း အာမခံချက်ကို ခံစားကြရမှာဖြစ်ပါတယ်။

တောင်းပါ

“တောင်းသောသူတိုင်း ရရှိ၏” လို့ ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါတယ်။ တောင်းခြင်းဟာ ရိုးရှင်းသယောင်ရှိပေမယ့်၊ ကျွန်တော်တို့ရဲ့ ဆန္ဒများနဲ့ ယုံကြည်ခြင်းကို ဖော်ပြတာကြောင့် တန်ခိုးကြီးပါတယ်။ သို့သော်လည်း၊ ကိုယ်တော်ရှင်ရဲ့ အသံကို သိရဖို့နဲ့ နားလည်ရဖို့ အချိန်နဲ့ သည်းခံခြင်းလိုပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်စိတ်နဲ့ နှလုံးသားဆီကို ရောက်လာတဲ့ အတွေးများနဲ့ ခံစားချက်များကို အာရုံစိုက်ကြပါတယ်၊ ပြီးတော့ အဲဒါတွေကို ရေးချကြပါတယ်၊ လုပ်ဆောင်ကြဖို့ ကျွန်တော်တို့ရဲ့ ပရောဖက် အကြံပေးတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ ထင်မြင်ချက်တွေကို မှတ်သားခြင်းဟာ ရရှိခြင်းအတွက် အရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ကို ကိုယ်တော်ရှင် သွန်သင်နေတဲ့အရာကို ပြန်သတိရ၊ ပြန်ဆန်းစစ်၊ ပြီးတော့ ပြန်ခံစားရစေဖို့ ကူညီပါတယ်။

ချစ်တဲ့သူတစ်ယောက်က မကြာသေးမီက ကျွန်တော့ကို ပြောခဲ့ပါတယ်၊ “ကိုယ်ပိုင်ဗျာဒိတ်တော် မှန်ကန်တယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်ပြုရမယ့်အရာမှန်သမျှကို သန့်ရှင်းသောဝိညာဉ်တော် ပြလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော့်ရင်မှာ သံသယကင်းသောခံယူချက်နဲ့ ပြင်းစွာခံစားမှုကို ခံစားရတဲ့အခါ ယုံကြည်ဖို့ လွယ်ကူပါတယ်။ ဒီအခြေအနေမှာ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့်ကို အမြဲပြောတာကို ကျွန်တော်ဘယ်လိုများ ရရှိနိုင်ပါသလဲ။

ကျွန်တော်ချစ်တဲ့သူတွေကိုနဲ့ သင်တို့အားလုံးကို ပြောချင်တာက၊ ကျွန်တော်လည်းပဲ ဝိညာဉ်တော်ဆီက အဲဒီအားကောင်းတဲ့ထင်မြင်ချက်တွေ ပုံမှန်ခံစားလိုကြောင်းနဲ့ လိုက်ရမယ့်လမ်းကို အမြဲတမ်းရှင်းရှင်းလင်းလင်းမြင်ရလိုကြောင်းဖြစ်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ ခဏခဏ ခံစားရနိုင်တာက ကျွန်တော်တို့စိတ်နဲ့ နှလုံးသားဆီကို ကိုယ်တော်ရှင် တိုးတိုးလေးပြောတဲ့ ဖြည်းညှင်းတဲ့အသံဖြစ်ပါတယ်၊ “ငါဒီမှာ။ သင်တို့ကို ချစ်တယ်။ ဆက်သွား၊ အကောင်းဆုံးလုပ်။ သင်တို့ကို ထောက်မတော်မူမည်။” ကျွန်တော်တို့ဟာ အရာတိုင်းကို အမြဲတမ်း သိဖို့မလို၊ အရာတိုင်းကို မြင်ဖို့လည်း မလိုပါဘူး။

ဖြည်းညှင်းသောအသံက ပြန်လည်အတည်ပြုပေးနေ၊ အားပေးနေ၊ နှစ်သိမ့်ပေးနေပါတယ်— အချိန်များစွာမှာ အဲဒါက တစ်နေ့တာအတွက် ကျွန်တော်တို့လိုအပ်တဲ့အရာသာဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ အစစ်အမှန်ဖြစ်ပါတယ်၊ သူ့ရဲ့ ထင်မြင်ချက်တွေက အစစ်အမှန်ဖြစ်ပါတယ်—ကြီးတာတွေရော၊ သေးတာတွေရောပါပဲ။

ရှာပါ

ကိုယ်တော်ရှင်က ကတိတော်ကို ဆက်ပြောပါတယ်၊ “ရှာသောသူသည် တွေ့၏။” ရှာခြင်းဆိုတာ စိတ်နှင့် ဝိညာဉ်ပကတိအားထုတ်မှုကို ဆိုလိုပါတယ်—စဉ်းစားဆင်ခြင်ခြင်း၊ စမ်းသပ်ခြင်းနဲ့ လေ့လာခြင်းတို့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့ ကတိတော်တွေကို ယုံကြည်စိတ်ချလို့ ရှာကြပါတယ်။ “အကြောင်းမူကား ဘုရားသခင်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ သူ့ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်”(ဟေဗြဲဩဝါဒစာ ၁၁း၆)။ ကျွန်တော်တို့ဟာ ရှာကြတဲ့အခါ၊ သင်ယူစရာတွေများစွာရှိသေးတဲ့အကြောင်း နှိမ့်ချစွာ အသိအမှတ်ပြုနေကြပါတယ်၊ ကိုယ်တော်ရှင်ကလည်း ကျွန်တော်တို့ရဲ့ နားလည်ခြင်းကို ကျယ်ပြန့်စေမှာ၊ ပိုပြီးရရှိစေဖို့ ကျွန်တော်တို့ကို ပြင်ဆင်ပေးနေမှာဖြစ်ပါတယ်။ “အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည်ကား၊ ငါသည် လူသားတို့အား ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခု၊ သည်ဘက်မှာအနည်းငယ်၊ ဟိုဘက်မှာအနည်းငယ် ပေးတော်မူမည်။… အကြောင်းမူကား၊ ရရှိတတ်သောသူအား ငါထပ်၍ပေးတော်မူမည်”(၂ နီဖိုင်း ၂၈း၃)။

ခေါက်ပါ

နောက်ဆုံးမှာ၊ ကိုယ်တော်ရှင်မိန့်တော်မူပါတယ်၊ “ခေါက်သောသူအားလည်း တံခါးကို ဖွင့်ပေး၏။” ခေါက်တယ်ဆိုတာ ယုံကြည်ခြင်းနဲ့လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့နောက်ကို တက်တက်ကြွကြွလိုက်လျှောက်ကြတဲ့အခါ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ရှေ့မှာ လမ်းကို ဖွင့်ပေးပါတယ်။ ကျွန်တော်တို့ကို “နိုးထကြဖို့နဲ့၊ ကျွန်တော်တို့ရဲ့ အထက်နေစရာအခန်းများ အကြောင်း အိမ်မက်ထက်ပိုပြီး တစ်ခုခုကို လုပ်ဆောင်ကြဖို့ သွန်သင်ပေးတဲ့ ကောင်းသော ဓမ္မသီချင်း တစ်ပုဒ်ရှိပါတယ်။ ကောင်းတာကို လုပ်ဆောင်ခြင်းဟာ ကျေနပ်စရာပါ၊ တိုင်းတာမရနိုင်တဲ့ဝမ်းမြောက်မှုပါ၊ တာဝန်နဲ့အချစ်ရဲ့ ကောင်းချီးမင်္ဂလာဖြစ်ပါတယ်။” ကျွန်တော်တို့တတွေ ကောင်းမှုလုပ်ဆောင်စဉ်မှာ ဗျာဒိတ်တော် မကြာခဏ ရောက်လာတဲ့အကြောင်း တစ်ဆယ်နှစ်ပါးအဖွဲ့ဝင် အသင်းလူကြီး ဂဲရစ်ဒဗလျူ၊ ဂေါင်န်က မကြာသေးမီက ရှင်းပြခဲ့ပါတယ်။ သူကပြောပါတယ်၊ “ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေဆီကို အစေခံခြင်းဖြင့် ဖြန့်ကျက်ကြတဲ့အခါ၊ ကိုယ်တော်ရှင်က သူတို့အတွက် သူ့ချစ်ခြင်းအပိုတစ်ခုကိုပေးတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့အတွက်လည်းပါ ပါတယ်။ ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်ကလူတွေကို ကူညီဖို့ ဆုတောင်းကြစဉ်မှာသူ့အသံကို ကျွန်တော်တို့ ကြားကြတယ်—သူ့ကို မတူတဲ့နည်းလမ်းနဲ့ ကျွန်တော်တို့ ခံစားကြတယ်—လို့ ကျွန်တော်ထင်ပါတယ်၊ အဲဒါက ဆုတောင်းခြင်းတွေထဲက သူအဖြေချင်ဆုံးအရာတစ်ခုဖြစ်လို့ပါပဲ။”

အယ်လမာ၏ ပုံသက်သေ

ကျွန်တော့်ကောင်းချီးမင်္ဂလာတွေအကြောင်း စဉ်းစားဖို့ လာ၍ငါ့နောက်သို့ လိုက်လော့မှ ရိုးရှင်းတဲ့ အကြံပြုချက်က၊ ချိုမြိန်သောဝိညာဉ်နဲ့ မမျှော်လင့်သောဝိညာဉ်ပကတိအတွေးအမြင်အချို့ကို ဖြစ်စေခဲ့ပါတယ်။ ကျွန်တော် အယ်လမာရဲ့ အမ္မုန်နိဟပြည်၌ သူ့အမှုတော်ဆောင်ခြင်းကို ဆက်ဖတ်ရင်းနဲ့၊ တောင်းလော့၊ ရှာလော့၊ ခေါက်လော့ဆို့တဲ့ အရာနဲ့ ပတ်သက်လို့ ပုံသက်သေကောင်းတစ်ခုကို အယ်လမာကပေးကြောင်း ကျွန်တော်တွေ့ခဲ့ပါတယ်။ “အယ်လမာသည် ဘုရားသခင်ထံသို့ အားကြီးသောဆုတောင်းခြင်းဖြင့် ရုန်းကန်လျက် စိတ်ဝိညာဉ်ဖြင့် အလွန်ကြိုးစား၍ အလုပ်လုပ်ခဲ့သည်မှာ မြို့ထဲ၌ရှိသောလူတို့အပေါ် ဝိညာဉ်တော်ကို သွန်းလောင်းတော်မူစေကြောင်း” လို့ ကျွန်တော်တို့ဖတ်ရပါတယ်။ သို့သော်လည်း၊ အဲဒီဆုတောင်းခြင်းဟာ သူမျှော်လင့်သလိုအဖြေမရခဲ့ပါဘူး၊ အယ်လမာဟာ မြို့ကနေနှင်ထုတ်ခံခဲ့ရပါတယ်။ ကောင်းကင်တမန်တစ်ပါးက “အသင်အယ်လမာသည် မင်္ဂလာရှိ၏။ ထိုကြောင့်၊ သင့်၌ ရွှင်လန်းဝမ်းမြောက်ရန် ကြီးစွာသောအကြောင်းရှိသဖြင့်၊ သင်၏ဦးခေါင်းကိုမော့၍၊ ရွှင်လန်းဝမ်းမြောက်လော့” လို့ဆိုတဲ့ သတင်းစကားကို ပြောတဲ့အချိန်မှာ အယ်လမာဟာ “ဝမ်းနည်းခြင်းနဲ့ ဝန်လေးနေပြီး” လက်လျှော့လုနီးဖြစ်နေပါပြီ၊ အဲဒီနောက်မှာ ကောင်းကင်တမန်က သူ့ကို အမ္မုန်နိဟဆီပြန်သွားဖို့ ပြောခဲ့ပါတယ်၊ အယ်လမာကလည်း “အလျင်အမြန်ပြန်သွားခဲ့ပါတယ်။”

တောင်းခြင်း၊ ရှာခြင်းနဲ့ ခေါက်ခြင်းတို့နဲ့ ပတ်သက်လို့ အယ်လမာဆီက နေ ကျွန်တော်တို့ ဘာကို သင်ယူခဲ့ရပါသလဲ။ ဆုတောင်းခြင်းမှာ ဝိညာဉ်ပကတိ အလုပ်လိုအပ်ကြောင်း၊ ကျွန်တော်တို့မျှော်လင့်တဲ့ရလဒ်ဆီကို အမြဲ ဦးမတည်တဲ့အကြောင်း ကျွန်တော်တို့ သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စိတ်ပျက်တဲ့အခါ၊ ဝမ်းနည်းမှုနဲ့ဝန်လေးတဲ့အခါ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို နှစ်သိမ့်ခြင်းနဲ့ ခွန်အားကို နည်းအမျိုးမျိုးနဲ့ ပေးတော်မူပါတယ်။ သူက ကျွန်တော်တို့ရဲ့ မေးခွန်းအားလုံးကို ဖြေချင်မှဖြေမယ်၊ ကျွန်တော်တို့ရဲ့ ပြဿနာအားလုံးကို ချက်ချင်းဖြေရှင်းချင်မှလည်း ဖြေရှင်းလိမ့်မယ်၊ ဆက်ပြီးကြိုးစားနေဖို့ကိုသာ ကျွန်တော်တို့ကို အားပေးပါလိမ့်မယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့ အစီအစဉ်ကို သူ့အစီအစဉ်နဲ့ အလျင်အမြန်ညှိမယ်ဆိုရင်၊ အယ်လမာအတွက် လုပ်ပေးခဲ့သလို ကျွန်တော်တို့အတွက် လမ်းကို ဖွင့်ပေးမှာဖြစ်ပါတယ်။

ဒီအချိန်ဟာ ဧဝံဂေလိတရားတော်ပြည့်စုံခြင်း သာသနာဖြစ်တဲ့အကြောင်း ကျွန်တော့်သက်သေခံချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝတွေမှာ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာရဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ ပျော်မွေ့နိုင်ကြပါတယ်။ ကျွန်တော်တို့မှာ ကျမ်းစာတွေကျယ်ပြန့်စွာရရှိနိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ ရှင်သန်ရတဲ့ ခက်ခဲတဲ့အချိန်တွေအတွက် ကျွန်တော်တို့ကို ကိုယ်တော်ရှင်ရဲ့အလိုတော်ကို သွန်သင်ပေးတဲ့ ပရောဖက်များအားဖြင့် ပို့ဆောင်ခံကြရပါတယ်။ ထပ်လောင်းခြင်းအနေဖြင့်၊ ကျွန်တော်တို့ကို ကိုယ်တော်ရှင်ကိုယ်တိုင် နှစ်သိမ့်နိုင်၊ လမ်းပြနိုင်တဲ့ ကိုယ်ပိုင်ဗျာဒိတ်တော်တွေဆီသို့ တိုက်ရိုက်အခွင့်အလမ်း ကျွန်တော်တို့မှာ ရှိကြပါတယ်။ အယ်လမာကို ကောင်းကင်တမန် ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့မှာ ရွှင်လန်းဝမ်းမြောက်ရန် “ကြီးစွာသောအကြောင်း”ရှိကြပါတယ်။အယ်လမာ ၈း၁၅ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. Come, Follow Me—for Sunday School: Book of Mormon 2020 (၂၀၁၉) ၊၉၁။

  2. ရပ်ဆဲလ် အမ်၊ နယ်လဆင်“Revelation for the Church, Revelation for Our Lives,” Liahona, မေ၊ ၂၀၁၈၊ ၉၅၊ ကိုးကားချက်Teachings of Presidents of the Church: Joseph Smith (၂၀၀၇)၊ ၁၃၂။

  3. ရပ်ဆဲလ် အမ်၊ နယ်လဆင် “Revelation for the Church, Revelation for Our Lives,” ၉၆။

  4. ၂ နီဖိုင်း ၃၂း၅ တွင်ကြည့်ပါ ။

  5. သြဝါဒနှင့် ပဋိညာဥ်ကျမ်း ၉း၈တွင်ကြည့်ပါ။

  6. “Have I Done Any Good?” (ဓမ္မသီချင်းများနံ၊ ၂၂၃။

  7. How I #HearHim: Elder Gerrit W. Gong” (video), ChurchofJesusChrist.org/media.

  8. အယ်လမာ ၈း၁၀-၁၈ တွင်ကြည့်ပါ။