သာသနာပြုအမှုတော်ဆောင်တာဝန်များ
အခန်း ၃၊ သင်ခန်းစာ ၃—ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်


“အခန်း ၃၊ သင်ခန်းစာ ၃—ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်းအတွက် လမ်းညွှန် (၂၀၂၃)

“အခန်း ၃၊ သင်ခန်းစာ ၃၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊

အခန်း ၃၊ သင်ခန်းစာ ၃

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်

ရုပ်ပုံ
ဒုတိယအကြိမ်ကြွလာတော်မူခြင်း၊ ဟယ်ရီအန်ဒါဆင်၏

လူတို့ သိချင်ကောင်းသိချင်မည်

  • ယေရှုခရစ်တော်သည် မည်သူနည်း။ ကိုယ်တော်သည် ကျွန်ုပ်နှင့် ကျွန်ုပ်မိသားစုကို မည်သို့ကူညီနိုင်မည်နည်း။

  • ယေရှုခရစ်တော်၌ ယုံကြည်ခြင်းရှိဖို့ဆိုသည်မှာ မည်သို့ဆိုလိုပါသနည်း။ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းရှိခြင်းက ကျွန်ုပ်ဘဝကို မည်သို့ကောင်းချီးပေးနိုင်ပါသနည်း။

  • နောင်တရခြင်းဆိုသည်မှာ သင့်အဖို့ အဘယ်သို့ အဓိပ္ပာယ်ရှိပါသနည်း။

  • ကျွန်ုပ်သည် ဆိုးသောရွေးချယ်မှုများပြုလုပ်ပြီးနောက် ဘုရားသခင်၏ငြိမ်းချမ်းခြင်းနှင့် ခွင့်လွှတ်ခြင်းကို မည်သို့ခံစားနိုင်ပါသနည်း။

  • ဗတ္တိဇံ၏ရည်ရွယ်ချက်မှာ မည်သည့်အရာနည်း။

  • သန့်ရှင်းသောဝိညာဥ်တော်၏ ဆုကျေးဇူးမှာ မည်သည့်အရာနည်း။

  • အဆုံးတိုင်အောင်တည်ကြည်ခြင်းဆိုသည်မှာ မည်သို့ဆိုလိုပါသနည်း။

ယေရှုခရစ်တော်၏ဧဝံဂေလိတရားဆိုသည်မှာ ကျွန်ုပ်တို့ ခရစ်တော်ထံမည်သို့ လာနိုင်သည့်အကြောင်းဖြစ်ပါသည်။ ကလေးတစ်ယောက်နားလည်နိုင်သည်အထိ အလုံအလောက်ရိုးရှင်းပါသည်။ ဤသင်ခန်းစာသည် ယေရှုခရစ်တော်၌ ယုံကြည်ခြင်း၊ နောင်တရခြင်း၊ ဗတ္တိဇံ၊ သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး၊ အဆုံးတိုင်အောင်တည်ကြည်ခြင်းတို့အပါအဝင်၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်နှင့် ဩဝါဒကို အာရုံစိုက်ပါသည်။ ဘုရားသခင်၏သားသမီးအားလုံးကို ဧဝံဂေလိတရားတော်မည်သို့ ကောင်းချီးပေးသည်ကိုလည်း အာရုံစိုက်ပါသည်။

နှုတ်ကပတ်တော် ဧဝံဂေလိတရားတော် သည် “သတင်းကောင်း” ဟုတိုက်ရိုက်အဓိပ္ပာယ်ရပါသည်။ ယေရှုခရစ်တော်၏ဧဝံဂေလိတရားသည် သတင်းကောင်းဖြစ်ပါသည်၊ ကျွန်ုပ်တို့ကိုယ်တော်ထံလာပြီးကယ်တင်ခြင်းသို့ရောက်ရန်လိုအပ်သည့်ဩဝါဒ—ထာဝရသမ္မာတရား—ကို ပံ့ပိုးပေးသောကြောင့်ဖြစ်ပါသည် (ရှု ၁ နီဖိုင်း ၁၅း၁၄)။ ဧဝံဂေလိတရားတော်သည် ကျွန်ုပ်တို့အား ကောင်းမွန်သော၊ အဓိပ္ပာယ်ရှိသောဘဝကို မည်သို့နေထိုင်ရမည့်အကြောင်း သွန်သင်ပေးပါသည်။ ဧဝံဂေလိတရားတော်သတင်းကောင်းက ကျွန်ုပ်တို့ကို အပြစ်များမှ ခွင့်လွှတ်ခြင်းကို ရရန်၊ သန့်ရှင်းစေရန်၊ ဘုရားသခင်ထံပြန်သွားရန် နည်းလမ်းကို ပံ့ပိုးပေးပါသည်။

သွန်သင်ခြင်းအတွက်အကြံပြုချက်များ

ဤကဏ္ဍသည် သင့်အား သွန်သင်ဖို့ပြင်ဆင်ရန် နမူနာအကျဉ်းချုပ်တစ်ခုပေးပါသည်။ သင်အသုံးပြုနိုင်သည့် မေးခွန်းများနှင့် ဖိတ်ခေါ်ခြင်းများ၏ ဥပမာများလည်းပါဝင်ပါသည်။

သင်သည် သွန်သင်ရန် ပြင်ဆင်သောအခါ၊ လူတစ်ဦးချင်းစီ၏ အခြေအနေနှင့် ဝိညာဉ်ပကတိလိုအပ်အပ်ချက်များကို ဆုတောင်းခြင်းထက်သန်စွာစဉ်းစားပါ။ သွန်သင်ရန် အကူအညီအဖြစ်ဆုံးရှိမည့်အရာကို ဆုံးဖြတ်ပါ။ လူတို့နားမလည်နိုင်မည့် ဝေါဟာရများကို ‌အဓိပ္ပာယ်ဖွင့်ရန် ပြင်ဆင်ပါ။ သင်ခန်းစာများကို အကျဉ်းချုပ်ထားရန်သတိရလျက်၊ သင့်တွင်ရှိမည့်အချိန်ပမာဏအတိုင်း စီစဉ်ပါ။

သင်သွန်သင်သောအခါ အသုံးပြုမည့် ကျမ်းစာများကို ရွေးချယ်ပါ။ သင်ခန်းစာ၏ “ဩဝါဒအုတ်မြစ်” ကဏ္ဍတွင် အကူအညီရသောကျမ်းစာများစွာပါဝင်ပါသည်။

သင်သွန်သင်သောအခါ မေးမည့် မေးခွန်းများကို စဉ်းစားပါ။ လူတစ်ဦးချင်းစီတိုင်းလုပ်ဆောင်ရန် အားပေးမည့် ဖိတ်ခေါ်ခြင်းများကို ကမ်းလှမ်းရန် စီစဉ်ပါ။

ဘုရားသခင်၏ကတိထားသောကောင်းချီးမင်္ဂလာများကို အထူးအလေးထားပါ၊ သင်သွန်သင်သည့်အရာအကြောင်း သက်သေခံချက် ဝေငှပါ။

ရုပ်ပုံ
မိသားစုကို သွန်သင်နေသည့် သာသနာပြုများ

၁၅-၂၅ မိနစ်အတွင်းတွင်လူတို့အားသင် သွန်သင်ပေးနိုင်သောအရာ

သွန်သင်ရန် အောက်ပါအခြေခံသဘောတရားများထဲမှ တစ်ခု သို့မဟုတ် ထို့ထက်ပိုသောအရာကို ရွေးချယ်ပါ။ အခြေခံသဘောတရားတစ်ခုချင်းစီ၏ ဩဝါဒအုတ်မြစ်ကို ဤအကျဉ်းချုပ်အပြီးတွင် ပေးထားပါသည်။

ယေရှုခရစ်တော်၏မြင့်မြတ်သောအထူးတာဝန်

  • ဘုရားသခင်သည် ကျွန်ုပ်တို့ကို အပြစ်နှင့် သေခြင်းမှ ရွေးနှုတ်ရန် ကိုယ်တော့်ချစ်သား၊ ယေရှုခရစ်တော်ကို မြေကြီးသို့ စေလွှတ်ခဲ့ပါသည်။

  • ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ ကျွန်ုပ်တို့သည် အပြစ်များမှ သန့်စင်စေနိုင်ပြီး၊ နောင်တရကြသည်နှင့်အမျှ သန့်ရှင်းစင်ကြယ်စေနိုင်ကြပါသည်။

  • ယေရှုကိုယ်တော်သည် ကားတိုင်ပေါ်ကွပ်မျက်ခံရပြီးနောက်တွင်၊ ရှင်ပြန်ထမြောက်ခဲ့ပါသည်။ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းကြောင့်၊ ကျွန်တော်တို့အားလုံးသည် သေပြီးနောက်တစ်ဖန် ရှင်ပြန်ထမြောက်ကြလိမ့်မည်။ ဤအရာမှာ၊ လူတစ်ဦးချင်းစီ၏ ဝိညာဉ်နှင့် ကိုယ်ခန္ဓာပေါင်းစည်းလိမ့်မည်၊ ကျွန်ုပ်တို့အယောက်တိုင်း စုံလင်သည့်၊ ရှင်ပြန်ထမြောက်သော ကိုယ်ခန္ဓာဖြင့် ကာလအစဉ်အဆက် အသက်ရှင်ကြလိမ့်မည်။

ယေရှုခရစ်တော်၌ယုံကြည်ခြင်း

  • ယုံကြည်ခြင်းသည် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၏ပထမဆုံးအခြေခံသဘောတရားဖြစ်ပါသည်။

  • ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ယုံကြည်မှုရှိခြင်းနှင့် ကိုယ်တော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင်အဖြစ် ယုံကြည်စိတ်ချခြင်း ပါဝင်ပါသည်။

  • ယေရှုခရစ်တော်၌ ယုံကြည်ခြင်းသည် လုပ်ဆောင်ခြင်းနှင့် တန်ခိုး၏အခြေခံသဘောတရားတစ်ခုဖြစ်ပါသည်။

  • ကျွန်ုပ်တို့သည် ဆုတောင်းခြင်း၊ ကျမ်းစာများကို လေ့လာခြင်း၊ ပညတ်တော်များကို စောင့်ထိန်းခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးကြပါသည်။

နောင်တရခြင်း

  • ‌ယေရှုခရစ်တော်၌ယုံကြည်ခြင်းသည် နောင်တရရန် ပို့ဆောင်ပါသည်။ နောင်တရခြင်းသည် ဘုရားသခင်ထံသို့ လှည့်ခြင်းနှင့် အပြစ်မှဝေးရာသို့ လှည့်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နောင်တရကြသည်နှင့်အမျှ၊ ကျွန်ုပ်တို့၏အပြုအမူများ၊ ဆန္ဒများနှင့် အတွေးများသည် ဘုရားသခင်၏အလိုတော်နှင့် ပို၍ကိုက်ညီစေဖို့ ပြောင်းလဲကြပါသည်။

  • ကျွန်တော်တို့ ရိုးသားစွာနောင်တရကြသောအခါ၊ ဘုရားသခင်က ကျွန်တော်တို့ကို ခွင့်လွှတ်ပါသည်။ ကျွန်ုပ်တို့အပြစ်များအတွက် ယေရှုခရစ်တော်အပြစ်ဖြေထားသောကြောင့်၊ ခွင့်လွှတ်ခြင်းသည် ဖြစ်နိုင်ပါသည်။

  • ကျွန်ုပ်တို့သည် နောင်တရကြသောအခါ၊ ကျွန်ုပ်တို့၏အပြစ်ရောက်ခြင်းနှင့် ဝမ်းနည်းမှုများ အနာငြိမ်းစေသဖြင့် ငြိမ်းချမ်းခြင်းကို ခံစားကြရပါသည်။

  • နောင်တရခြင်းသည် တစ်သက်တာလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နောင်တရသည့်အခါတိုင်းပြန်လာရန် ကြိုဆိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်တော့မျှ စွန့်လွှတ်မည်မဟုတ်ပါ။

ဗတ္တိဇံ၊ ကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပထမဆုံးပဋိညာဉ်

  • ဗတ္တိဇံသည် ကျွန်ုပ်တို့ ဘုရားသခင်နှင့်ပဋိညာဉ်ဆက်ဆံရေးသို့ ပထမဆုံးဝင်ရောက်ရာဖြစ်ပါသည်။

  • ဗတ္တိဇံတွင်နှစ်ပိုင်းရှိပါသည်၊ ရေအားဖြင့်ဗတ္တိဇံနှင့် ဝိညာဉ်တော်အားဖြင့် ဗတ္တိဇံဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံခံပြီးအတည်ပြုခံရပြီးသောအခါ၊ ကျွန်ုပ်တို့၏အပြစ်များမှ သန့်စင်စေကြပြီးလျှင်၊ ဘဝ၌အသစ်စခြင်းတစ်ခုပေးသည်ကိုလည်း ရရှိကြပါသည်။

  • ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏ပုံသက်သေနောက်ကိုလိုက်လျှောက်လျက် နှစ်မြှုပ်ခြင်းအားဖြင့် ဗတ္တိဇံကို ခံကြပါသည်။

  • ကလေးများသည် အသက်ရှစ်နှစ်မရောက်မချင်းဗတ္တိဇံမခံရပါ။ ထိုအသက်အရွယ်မရောက်မီ သေဆုံးသွားသည့်ကလေးများသည် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ရွေးနှုတ်ခံရပါသည်။

  • ကျွန်ုပ်တို့သည် ယေရှု၏ယဇ်ကို အောက်မေ့ခြင်းနှင့် ကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်များကို အသစ်တိုးရန် သီတင်းပတ်တိုင်းတွင် ပွဲတော်ကို သုံးဆောင်ကြပါသည်။

သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူး

  • သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဂုဏ်၏ တတိယမြောက်သောအဖွဲ့ဝင်ဖြစ်ပါသည်။

  • ကျွန်ုပ်တို့သည် ဗတ္တိဇံခံပြီးသောအခါ အတည်ပြုခြင်း ဘိသိက်မင်္ဂလာအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို လက်ခံရရှိကြပါသည်။

  • ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို လက်ခံရရှိကြသောအခါ၊ သစ္စာရှိကြလျှင်၊ ကျွန်ုပ်တို့ဘဝတစ်လျှောက်တွင် ကိုယ်တော်၏အဖော်ပြုမှုကို ရရှိနိုင်ကြပါသည်။

  • သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစင်ကြယ်စေနိုင်၊ လမ်းညွှန်နိုင်၊ နှစ်သိမ့်နိုင်၊ သမ္မာတရားကို သိနိုင်ရန် ကျွန်ုပ်တို့ကို ကူညီနိုင်ပါသည်။

အဆုံးတိုင်အောင်တည်ကြည်ခြင်း

  • တည်ကြည်ခြင်းတွင် ခရစ်တော်၌ ယုံကြည်ခြင်းကို နေ့တိုင်းဆက်၍ကျင့်သုံးခြင်းပါဝင်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘုရားသခင်နှင့်ပဋိညာဉ်ကို စောင့်ထိန်းရန်၊ နောင်တရရန်၊ သန့်ရှင်းသောဝိညာဉ်တော်၏အဖော်ပြုခြင်းကို ရှာရန်၊ ပွဲတော်ကို သုံးဆောင်ရန် ဆက်၍ပြုကြပါသည်။

  • ကျွန်ုပ်တို့သည် ယေရှုခရစ်တော်နောက်လိုက်လျှောက်ရန် သစ္စာရှိစွာကြိုးစားကြသည်နှင့်အမျှ၊ ထာဝရအသက်ကို ရမည့်အကြောင်း ဘုရားသခင်ကတိထားတော်မူပါသည်။

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်သည် ဘုရားသခင့်သားသမီးအားလုံးကို ကောင်းချီးပေးပါသည်။

  • ဧဝံဂေလိတရားတော်၌နေထိုင်ခြင်းသည် ကျွန်ုပ်တို့၏ဝမ်းမြောက်မှုများကို လေးနက်စေပါသည်၊ ကျွန်ုပ်တို့၏အပြုအမူများကို လမ်းပြလှုံ့ဆော်ပေးပါသည်၊ ကျွန်ုပ်တို့၏ဆက်ဆံရေးများကို တိုးတက်စေပါသည်။

  • ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏သွန်သင်ခြင်းအတိုင်းနေထိုင်သောအခါ—တစ်ဦးချင်းအလိုက်ရောမိသားစုလိုက်ပါ—ပျော်ရွှင်နိုင်ခြေအများဆုံးရှိကြပါသည်။

  • ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားဖြင့် ဤဘဝတွင် ကောင်းချီးခံစားကြရပါသည်၊ ထာဝရစည်းလုံးနိုင်ပါသည်၊ ဘုရားသခင့်မျက်မှောက်တော်တွင်နေနိုင်ကြပါသည်။

လူများကို သင်မေးနိုင်သောမေးခွန်းများ

အောက်ပါမေးခွန်းများသည် လူများကို သင်မေးနိုင်သည့်မေးခွန်းဥပမာများဖြစ်ပါသည်။ ဤမေးခွန်းများသည် သင့်အား အဓိပ္ပာယ်ရှိသောစကားဝိုင်းရှိရန်၊ လူတစ်ဦး၏လိုအပ်ချက်များနှင့် အမြင်ကို နားလည်ရန် ကူညီနိုင်ပါသည်။

  • ယေရှု၏အကြောင်း သင်ဘာကိုသိပါသလဲ။

  • ယေရှုခရစ်တော်၌ ယုံကြည်ခြင်းရှိရန် ဆိုသည်မှာ သင့်အဖို့ မည်သို့ဆိုလိုပါသနည်း။

  • သင်၏ဘဝတွင် မည်သည့်ပြောင်းလဲမှုများကို ပြုလုပ်လိုပါသနည်း။

  • နောင်တရခြင်းအကြောင်း သင်၏နားလည်ခြင်းမှာ မည်သည့်အရာနည်း။

  • ဗတ္တိဇံအကြောင်း သင်၏နားလည်ခြင်းမှာ မည်သည့်အရာနည်း။ ဗတ္တိဇံအတွက်ပြင်ဆင်ရန် သင်သည် မည်သည့်အရာကို လုပ်ဆောင်နိုင်ပါသနည်း။

  • ဘုရားသခင်၏မျက်မှောက်တော်သို့ ပြန်သွားရန် သင်၏ခရီးတွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို မည်သို့ ကူညီနိုင်ပါသနည်း။

  • သင်သို့မဟုတ် သင်၏မိသားစုရင်ဆိုင်နေရသည့်စိန်ခေါ်ခြင်းမှာ မည်သည့်အရာနည်း။ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကူညီနိုင်သည့် နည်းလမ်းအချို့ကို ကျွန်ုပ်တို့ ဝေငှလို့ရပါသလား။

သင်ကမ်းလှမ်းနိုင်သော ဖိတ်ခေါ်ချက်များ

  • သင်သည် ကျွန်ုပ်တို့သွန်သင်ခဲ့ပြီးသည့်အရာ မှန်ကန်ကြောင်းသင်သိဖို့ ကူညီရန် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို မေးပါမလား။ (ရှု “အတွေးအမြင်များကို သွန်သင်ခြင်း၊ ဆုတောင်းခြင်း” သင်ခန်းစာ ၁ ၏နောက်ဆုံးကဏ္ဍ၌။)

  • သင်သည် ကျွန်ုပ်တို့သွန်သင်ခဲ့ပြီးသည့်အရာကို ပို၍သင်ယူရန် ဤတနင်္ဂနွေနေ့တွင် ဘုရားကျောင်းတက်ပါမည်လား။

  • သင်သည် မော်မုန်ကျမ်းကို ဖတ်မလား၊ ထိုကျမ်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်း သိရန် ဆုတောင်းပါမလား။ (သင်သည် အတိအကျအခန်းကြီးများ သို့မဟုတ် အခန်းငယ်များကို အကြံပြုနိုင်ပါသည်။)

  • သင်သည် ယေရှု၏ပုံသက်သေနောက်လိုက်လျှောက်ပြီး ဗတ္တိဇံခံပါမလား။ (ရှု “ဗတ္တိဇံခံရန်နှင့် အတည်ပြုခံရန် ဖိတ်ခေါ်ခြင်း၊” သင်ခန်းစာ ၁ ၏ရှေ့ကပ်လျက်တွင်ရှိပါသည်။)

  • ကျွန်ုပ်တို့၏နောက်တကြိမ်အလည်လာခြင်းအတွက် အချိန်တစ်ခုသတ်မှတ်လို့ရမလား။

ဩဝါဒအုတ်မြစ်

ဤကဏ္ဍသည် ဧဝံဂေလိတရားတော်အကြောင်းသင်၏အသိပညာနှင့် သက်သေခံချက်ကို ခွန်အားဖြည့်ပေးရန်၊ သွန်သင်ဖို့ သင့်ကိုကူညီရန် သင့်အတွက်လေ့လာရမည့် ဩဝါဒနှင့် ကျမ်းစာများကို ပေးထားပါသည်။

ရုပ်ပုံ
ဤတစ်ဆယ့်နှစ်ပါးကို ယေရှုစေလွှတ်တော်မူခဲ့၏၊ ဝေါ်လတာရိန်းမှ

ယေရှုခရစ်တော်၏မြင့်သောအထူးတာဝန်

ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့အားလုံးအတွက် ဤကမ္ဘာတွင် ဝမ်းမြောက်ခြင်းနှင့် နောက်ကမ္ဘာတွင်ထာဝရအသက်ကို တွေ့ကြုံခြင်းဖြစ်နိုင်စေရန် ကိုယ်တော်၏သားတော်၊ ယေရှုခရစ်တော်ကို မြေကြီးသို့ စေလွှတ်ခဲ့ပါသည်။ “ဤအရာသည်ကား၊ ဧဝံဂေလိတရားတော်၊ ဝမ်းသာစရာသတင်း၊ ယေရှုခရစ်တော်၊ လောကထဲသို့ကြွလာတော်မူခဲ့၏၊ လောကအတွက် လက်ဝါးကပ်တိုင်မှာကွပ်မျက်ခံရဖို့၊ ထို့အတူ လောကီသားတို့၏အပြစ်များကို ခံခြင်းငှာ၊ ထို့အတူ လောကကို သန့်ရှင်းစေခြင်းငှာ၊ ထို့အတူ ခပ်သိမ်းသော မတရားမှုမှ သန့်စင်စေခြင်းငှာ၊ သူအားဖြင့် ခပ်သိမ်းသောသူတို့ ကယ်တင်ခြင်းသို့ ရောက်နိုင်စေခြင်းငှာပေတည်း” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၇၆း၄၀-၄၂)။

သေခြင်းရှိသောသူများအဖြစ်၊ ကျွန်ုပ်တို့အားလုံးအပြစ်ပြုကြပါသည်၊ ကျွန်ုပ်တို့အားလုံးသေကြပါသည်။ ကျွန်ုပ်တို့တွင် ရွေးနှုတ်ရှင်တစ်ဦး မရှိလျှင် အပြစ်နှင့် သေခြင်းက ကျွန်ုပ်တို့ကို ဘုရားသခင်နှင့်အတူ ထာဝရအသက်ရရှိခြင်းကို တားမြစ်လိမ့်မည် (ရှု ၂ နီဖိုင်း ၉)။ ကမ္ဘာကို မဖန်ဆင်းမီက၊ ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကို ရွေးနှုတ်ရန် ယေရှုခရစ်တော်ကို ရွေးချယ်ခဲ့ပါသည်။ ချစ်ခြင်းကို အမြင့်ဆုံးဖော်ပြချက်တစ်ခုအဖြစ်၊ ယေရှုသည် မြေကြီးသို့ ကြွလာခဲ့ပြီး၊ ဤမြင့်မြတ်သောအထူးတာဝန်ကို ပြီးပြည့်စုံစေခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အပြစ်များမှ ရွေးနှုတ်ခံရဖို့ ဖြစ်နိုင်စေခဲ့ပါသည်၊ ကျွန်ုပ်တို့သေပြီးနောက် ကျွန်ုပ်တို့အားလုံး ရှင်ပြန်ထမြောက်မည်ကိုလည်း ကိုယ်တော်က သေချာစေခဲ့ပါသည်။

ယေရှုသည် အပြစ်မရှိသောအသက်တာဖြင့်နေခဲ့ပါသည်။ ကိုယ်တော်၏သေခြင်းရှိရာအမှုတော်ဆောင်ခြင်းအဆုံးတွင်၊ ကိုယ်တော်သည် ဂေသရှေမန်၌ ကိုယ်တော်၏ခံစားခြင်းဖြင့်၊ ကိုယ်တော်လက်ဝါးကပ်တိုင်ပေါ်ကွပ်မျက်ခံရသောအခါ ကျွန်ုပ်တို့၏အပြစ်များကို ကိုယ်တော်အပေါ်၌ ခံယူခဲ့ပါသည် (ရှု ၁ နီဖိုင်း ၁၁း၃၃)။ ယေရှု၏ခံစားရခြင်းမှာ အလွန်ကြီးမားလှသဖြင့် ကိုယ်တော်ကို “နာကျင်မှုကြောင့် တုန်စေ၊ ချွေးပေါက်မှန်သမျှမှ အသွေးတော်ထွက်စေ” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၉း၁၈) ပါသည်။ ကိုယ်ကားတိုင်ပေါ်ကွပ်မျက်ခံရအပြီးတွင်၊ ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပါသည်၊ သေခြင်းအပေါ် အောင်နိုင်ခဲ့ပါသည်။ အတူတကွပင်၊ ဤအဖြစ်အပျက်များသည် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာဖြစ်ပါသည်။

ကျွန်ုပ်တို့၏အပြစ်များသည် ကျွန်ုပ်တို့ကို ဝိညာဉ်ပကတိမစင်ကြယ်ခြင်းကို ဖြစ်စေပါသည်၊ “မစင်ကြယ်သောအရာသည် ဘုရားသခင်နှင့်အတူ မနေထိုင်နိုင်” (၁ နီဖိုင်း ၁၀း၂၁)။ ထပ်လောင်းခြင်းအနေဖြင့်၊ ဖြောင့်မတ်ခြင်းပညတ်သည် ကျွန်ုပ်တို့၏အပြစ်များအတွက် အကျိုးဆက်တစ်ခုကို လိုအပ်ပါသည်။

ယေရှု၏အပြစ်ဖြေခြင်းယဇ်သည် ကျွန်ုပ်တို့အတွက် အပြစ်များမှ သန့်ရှင်းလာစေ၍၊ ကျွန်ုပ်တို့ နောင်တရကြသည်နှင့်အမျှ သန့်ရှင်းစင်ကြယ်စေသည့် နည်းကို ပံ့ပိုးပေးပါသည်။ ဖြောင့်မတ်ခြင်း၏လိုအပ်ချက်ကိုလည်း ကျေနပ်စေရန် နည်းလမ်းကိုလည်း ပံ့ပိုးပေးပါသည် (ရှု အယ်လမာ ၄၂း၁၅၊ ၂၃-၂၄)။ ကယ်တင်ရှင်မိန့်တော်မူခဲ့ပါသည်၊ “ခပ်သိမ်းသောသူတို့ နောင်တရကြမည်ဆိုလျှင်၊ ဒုက္ခဝေဒနာမခံစားကြရနိုင်စေခြင်းငှာ၊ ငါ၊ ဘုရားသခင်သည် သူတို့အတွက် ဤအရာတို့ကို ခံစားတော်မူလေပြီ။ သို့ရာတွင်၊ သူတို့သည် နောင်တမရကြလျှင်၊ ငါကဲ့သို့ပင် ခံစားကြရမည်” ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၉း၁၆-၁၇)။ ယေရှုခရစ်တော်ကြောင့်မဟုတ်လျှင်၊ အပြစ်သည် ကောင်းကင်ဘုံရှင်အဘနှင့် အနာဂတ်တည်ရှိခြင်းအတွက် မျှော်လင့်ချက်အားလုံးကို ဆုံးစေလိမ့်မည်။

ယေရှုသည် ကျွန်ုပ်တို့အတွက် ယဇ်တစ်ခုအဖြစ် ပူဇော်ရာတွင်၊ ကျွန်ုပ်တို့၏ကိုယ်ပိုင်တာဝန်ကို မပယ်ဖျက်ခဲ့ပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်၌ ယုံကြည်ခြင်းရှိရန်၊ နောင်တရရန်၊ ပညတ်တော်များကို စောင့်ထိန်းဖို့ ကြိုးစားရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့ နောင်တရကြသည်နှင့်အမျှ၊ ယေရှုသည် ကိုယ်တော်၏အဘထံ ကိုယ်တော်၏ကရုဏာအခွင့်ကို ကျွန်ုပ်တို့ကိုယ်စား တောင်းဆိုလိမ့်မည် (ရှု မော်ရော်နိုင်း ၇း၂၇-၂၈)။ ကယ်တင်ရှင်၏ဖြန်ဖြေမှုကြောင့်၊ ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကို ခွင့်လွှတ်ပါသည်၊ ကျွန်ုပ်တို့အပြစ်များ၏ဝန်နှင့် အပြစ်ရောက်ခြင်းမှ သက်သာစေပါသည် (ရှု မောဇိယ ၁၅း၇-၉)။ ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိသန့်ရှင်း၍၊ နောက်ဆုံးတွင် ဘုရားသခင်၏မျက်မှောက်တော်သို့ ကြိုဆိုခံရနိုင်ပါသည်။

ယေရှု၏မြင့်မြတ်သောအထူးတာဝန်မှာ ကျွန်ုပ်တို့ကို ‌သေခြင်းမှ ကယ်တင်ရန်ဖြစ်ပါသည်။ ကိုယ်တော်ရှင်ပြန်ထမြောက်ခဲ့သောကြောင့်၊ ကျွန်ုပ်တို့အားလုံး သေပြီးနောက်တွင် ရှင်ပြန်ထမြောက်လိမ့်မည်။ လူတိုင်း၏ဝိညာဉ်နှင့် ခန္ဓာကိုယ်ပြန်လည်ပေါင်းစည်းလိမ့်မည်၊ ကျွန်ုပ်တို့အယောက်တိုင်း စုံလင်သော၊ ရှင်ပြန်ထမြောက်သည့်ခန္ဓာကိုယ်နှင့် ကာလအစဉ်အဆက်နေလိမ့်မည်ဟု ဆိုလိုပါသည်။ ယေရှုခရစ်တော်ကြောင့်မဟုတ်လျှင်၊ အပြစ်သည် ကောင်းကင်ဘုံရှင်အဘနှင့် အနာဂတ်တည်ရှိခြင်းအတွက် မျှော်လင့်ချက်အားလုံးကို ဆုံးစေလိမ့်မည်။

ကျမ်းစာလေ့လာခြင်း

ဘုရားသခင်သည် သူ၏သားတော်အားစေလွှတ်ခဲ့သည်

ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ယေရှုခရစ်တော်၌ယုံကြည်ခြင်း

ဧဝံဂေလိတရား၏ပထမဆုံးဥပဒေမှာ ကိုယ်တော်ရှင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းဖြစ်ပါတယ်။ ယုံကြည်ခြင်းသည် အခြားဧဝံဂေလိတရားတော်အခြေခံသဘောတရားများအတွက် အုတ်မြစ်ဖြစ်ပါသည်။

ယေရှုခရစ်တော်၌ယုံကြည်ခြင်းတွင်၊ ကိုယ်တော်သည် ဘုရားသခင်၏တစ်ပါးတည်းသောသားတော်ဖြစ်ကြောင်းယုံကြည်မှုရှိခြင်းပါဝင်ပါသည်။ ကိုယ်တော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင်အဖြစ် ယုံကြည်စိတ်ချခြင်း၊ ကိုယ်တော်သည် ဘုရားသခင်၏မျက်မှောက်တော်သို့ပြန်သွားရန် ကျွန်ုပ်တို့၏တစ်ခုတည်းသောနည်းလမ်းဖြစ်ပါသည် (ရှု တမန်တော်ဝတ္ထု ၄း၁၀-၁၂မောဇိယ ၃း၁၇၄း၆-၈)။ ကျွန်ုပ်တို့သည် “ကိုယ်တော်၌ မတုန်လှုပ်သောယုံကြည်ခြင်းနှင့်၊ ကယ်တင်ရန် တန်ခိုးကြီးသောသူ၏ ကောင်းမှုတို့ကို လုံးလုံးခိုလှုံခြင်း”(၂ နီဖိုင်း ၃၁း၁၉) ကို ကျင့်သုံးရန် ဖိတ်ခေါ်ခံကြရပါသည်။

ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတွင်၊ ကိုယ်တော်သည် ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာဖြင့် ကျွန်ုပ်တို့၏အပြစ်များအတွက် ခံစားခဲ့ကြောင်းကို ယုံကြည်ခြင်း ပါဝင်ပါသည်။ ကိုယ်တော်၏ယဇ်ကြောင့်၊ ကျွန်ုပ်တို့သည် သန့်ရှင်းစေနိုင်ပြီး၊ နောင်တရကြသည်နှင့်အမျှ ရွေးနှုတ်ခံရနိုင်ပါသည်။ ဤသန့်ရှင်းခြင်းသည် ကျွန်ုပ်တို့ကို ဤဘဝတွင် ငြိမ်းချမ်းခြင်းနှင့် မျှော်လင့်ခြင်းကို ရှာတွေ့ရန် ကူညီပါသည်။ ကျွန်ုပ်တို့သေပြီးနောက် ပြည့်စုံသောဝမ်းမြောက်ခြင်းရရှိဖို့လည်း အခွင့်ပေးပါသည်။

ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတွင်၊ ကိုယ်တော်အားဖြင့်၊ ကျွန်ုပ်တို့ သေပြီးနောက် ရှင်ပြန်ထမြောက်မည့်အကြောင်း ယုံကြည်စိတ်ချခြင်းပါဝင်ပါသည်။ ဤယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို ပျောက်ဆုံးသည့်အချိန်များတွင် ထောက်မနှစ်သိမ့်နိုင်ပါသည်။ သေခြင်း၏ဝမ်းနည်းမှုသည် ရှင်ပြန်ထမြောက်ခြင်းကတိကြောင့် လွင့်ပြယ်သွားနိုင်ပါသည်။

ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတွင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဒုက္ခများနှင့် ချည့်နဲ့ခြင်းတို့ကို ကိုယ်ပေါ်၌ ခံယူကြောင်း ယုံကြည်ခြင်းနှင့် ယုံကြည်စိတ်ချခြင်း ပါဝင်ပါသည် (ရှု ဟေရှာယ ၅၃း၃-၅)။ ကိုယ်တော်သည် ကိုယ်တော်၏အတွေ့အကြုံဖြင့် ကျွန်ုပ်တို့ကို ဘဝစိန်ခေါ်မှုများတစ်လျှောက် မည်သို့ ကရုဏာကြီးစွာ ထောက်မရမည်ကို သိပါသည် (ရှု အယ်လမာ ၇း၁၁-၁၂ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၂း၈)။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကို ကျင့်သုံးကြသည်နှင့်အမျှ၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အခက်အခဲများတစ်လျှောက်ရှေ့ဆက်ကြိုးစားရန် ကူညီပါသည်။

ကိုယ်တော်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအားဖြင့်၊ ယေရှုသည် ကျွန်ုပ်တို့ကို ဇာတိပကတိနှင့် ဝိညာဉ်ပကတိ၌ အနာငြိမ်းစေနိုင်ပါသည်။ ကျွန်ုပ်တို့သည် “အတွေးအကြံမှန်သမျှ၌ ငါ့ကို မှီခိုအားကိုးလော့။ ယုံမှားသံသယမရှိနှင့်။ ကြောက်ခြင်းမရှိနှင့်” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၆း၃၆)ဟူသော ကိုယ်တော်၏ဖိတ်ခေါ်ချက်ကို သတိရကြသည်နှင့်အမျှ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကူညီရန် အမြဲအဆင်သင့်ရှိပါသည်။

လုပ်ဆောင်ချက်နှင့် တန်ခိုးအခြေခံသဘောတရား

‌ယေရှုခရစ်တော်၌ယုံကြည်ခြင်းသည် လုပ်ဆောင်ချက်သို့ ပို့ဆောင်ပါသည်။ ကျွန်ုပ်တို့သည် ပညတ်တော်များကို နာခံခြင်းနှင့် ကောင်းမြတ်သောအရာကို နေ့တိုင်းလုပ်ဆာင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဖော်ပြကြပါသည်။ ကျွန်ုပ်တို့၏အပြစ်များမှနောင်တရကြပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်အပေါ်သစ္စာရှိကြပါသည်။ ကိုယ်တော်နှင့်ပိုတူလာစေရန်ကြိုးစားကြပါသည်။

ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကို ကျင့်သုံးကြသည်နှင့်အမျှကျွန်ုပ်တို့၏နေ့စဉ်ဘဝတွင် ယေရှု၏တန်ခိုးကို တွေ့ကြုံနိုင်ကြပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အကောင်းဆုံးအားထုတ်မှုများကို တိုးမြှင့်ပေးလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို တိုးတက်ရန်နှင့် သွေးဆောင်ခြင်းကို ခုခံနိုင်ရန် ကူညီလိမ့်မည်။

ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးခြင်း

ယုံကြည်ခြင်းကို တည်ဆောက်ခြင်းသည် ရိုးရှင်သော “ယုံကြည်လိုသည့်ဆန္ဒ”(အယ်လမာ ၃၂း၂၇)တစ်ခုနှင့် စတင်နိုင်ကြောင်း ပရောဖက် အယ်လမာက သွန်သင်ခဲ့ပါသည်။ ထို့နောက်၊ ယေရှုခရစ်တော်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးတက်စေရန်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်များကို သင်ယူခြင်း၊ ကိုယ်တော်၏သွန်သင်ချက်များကို အသုံးချခြင်းနှင့် ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းခြင်းဖြင့် ခွန်အားဖြည့်ပေးရန်လိုအပ်ပါသည်။ အယ်လမာက သွန်သင်ခဲ့သည်မှာ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့စိတ်နှလုံးတွင်၊ စိတ်ရှည်စွာ၊ လုံ့လဝီရိယထက်သန်စွာပြုစုပျိုးထောင်ကြသမျှ၊ “၎င်းသည် အမြစ်ထွင်၍ ထာဝရတည်မြဲသည့်အသက်သို့တိုင်အောင်ဖွဲ့ဖြိုးသည့်အပင်ဖြစ်လိမ့်မည်”—ထိုကဲ့သို့အားဖြင့် သင်၏ယုံကြည်ခြင်းကိုလည်း ခွန်အားဖြည့်ပေးပါသည် (အယ်လမာ ၃၂း၄၁၊ ရှု အခန်းငယ် ၂၆-၄၃)။

ကျမ်းစာလေ့လာခြင်း

ယုံကြည်ခြင်း၊ တန်ခိုးနှင့် ကယ်တင်ခြင်း

ယုံကြည်ခြင်းဩဝါဒ

ယုံကြည်ခြင်း၏ဥပမာများ

အလုပ်နှင့် နာခံခြင်း

နောင်တရခြင်းအထိယုံကြည်ခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

နောင်တရခြင်း

ယုံကြည်ခြင်းကဘာလဲ။

နောင်တရခြင်းသည် ဧဝံဂေလိတရားတော်၏ဒုတိယအခြေခံသဘောတရားဖြစ်ပါသည်။ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းနှင့် ကိုယ်တော်အပေါ်ကျွန်ုပ်တို့၏ချစ်ခြင်းက ကျွန်ုပ်တို့ကို နောင်တရခြင်းသို့ ပို့ဆောင်ပါသည် (ရှု ဟေလမန် ၁၄း၁၃)။ နောင်တရခြင်းသို့ ဘုရားသခင်ထံသို့လှည့်ခြင်းနှင့် အပြစ်မှဝေးရာသို့လှည့်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါသည်။ ကျွန်ုပ်တို့နောင်တရကြသည်နှင့်အမျှ၊ ကျွန်ုပ်တို့၏အပြုအမူများ၊ ဆန္ဒများနှင့် အတွေးများသည် ဘုရားသခင်၏အလိုတော်နှင့် ပိုပြီးကိုက်ညီစေရန် ပြောင်းလဲကြပါသည်။ အပြစ်မှခွင့်လွှတ်ခြင်းကို ယေရှုခရစ်တော်နှင့် ကိုယ်တော်၏အပြစ်ဖြေခင်းယဇ်အားဖြင့် ဖြစ်နိုင်စေပါသည်။

နောင်တရခြင်းသည် အပြုအမူတစ်ခုကို ပြောင်းလဲရန် သို့မဟုတ် အားနည်းချက်တစ်ခုကို ကျော်လွှားရန် စိတ်စွမ်းအားကျင့်သုံးခြင်းထက်များစွာပိုပါသည်။ နောင်တရခြင်းသည် ကျွန်ုပ်တို့ကို စိတ်နှလုံး၌ “ကြီးစွာသောပြောင်းလဲခြင်း”ကို တွေ့ကြုံစေရန် တန်ခိုးကိုပေးသူ ခရစ်တော်ထံ ရိုးသားစွာလှည့်ခြင်းဖြစ်ပါသည် (အယ်လမာ ၅း၁၂-၁၄)။ ကျွန်ုပ်တို့သည် စိတ်နှလုံး၏ဤပြောင်းလဲခြင်းကို တွေ့ကြုံကသည်နှင့်အမျှ၊ ဝိညာဉ်ပကတိ၌တစ်ဖန်မွေးဖွားကြပါသည် (ရှု မောဇိယ ၂၇း၂၄-၂၆)။

နောင်တရခြင်းဖြင့်ဘုရားသခင်၊ ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုယ် နှင့်ကမ္ဘာကိုအမြင်သစ်ဖြင့်ရှုမြင်ကြပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏သားသမီးများအဖြစ် ကိုယ်တော်၏ချစ်ခြင်း—ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့ကယ်တင်ရှင်၏ ချစ်ခြင်းကို အသစ်တစ်ဖန်ခံစားကြရပါသည်။ နောင်တရရန်အခွင့်အရေးသည် ဘုရားသခင်၏သားတော်အားဖြင့် ကျွန်ုပ်တို့ကို ကိုယ်တော်ပေးသည့် အကြီးမြတ်ဆုံး ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်ပါသည်။

နောင်တရခြင်းလုပ်ငန်းစဉ်

ကျွန်ုပ်သည် နောင်တရကြသောအခါ၊ ကျွန်ုပ်တို့၏အပြစ်များကို အသိအမှတ်ပြု၍ စစ်မှန်သောနောင်တကို ရကြပါသည်။ ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်ထံဝန်ခံပြီးကိုယ်တော်၏ခွင့်လွှတ်ခြင်းကို တောင်းကြပါသည်။ ကျွန်ုပ်တို့သည် နောင်တရကြသောအခါ အလွန်ကြီးလေးသောအပြစ်များအတွက် ကျွန်ုပ်တို့ကိုထောက်ပံ့ကူညီမည့်အခွင့်အာဏာရှိသောအသင်းတော်ခေါင်းဆောင်များထံလည်း ဝန်ခံကြပါသည်။ ကျွန်ုပ်တို့သည် ပြေပျောက်ခြင်းကိုဖြစ်စေရန်၊ တတ်နိုင်သည့်အရာကို ပြုကြပါသည်၊ ကျွန်ုပ်တို့အပြုအမူများကဖြစ်စေသည့် ပြဿနာများကို ပြေလည်စေရန်ကြိုးစားခြင်းကို ဆိုလိုပါသည်။ စစ်မှန်သောနောင်တရခြင်းကို အချိန်ကာလတစ်ခုကြာအောင်ဖြောင့်မတ်သောအပြုအမူများဖြင့် အကောင်းဆုံးသရုပ်ဖော်ပါသည်။

နောင်တရခြင်းသည် ကျွန်ုပ်တို့ဘဝများတစ်လျှောက်နေ့စဉ်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ “လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ” (ရောမဩဝါဒစာ ၃း၂၃)။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကို “ခွန်အားဖြည့်ပေးသည့် ခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကိုပြုနိုင်သည်” ကိုသတိရလျက်ဤနောင်တရရန် အစဉ်မပြတ်ကြိုးစားသင့်ပါသည် (ဖိလိပ္ပိ ၄း၁၃)။ “ငါ၏လူတို့သည် အကြိမ်ကြိမ် နောင်တရသမျှ၊ သူတို့၏လွန်ကျူးခြင်းများကို ငါခွင့်လွှတ်တော်မူမည်” (မောဇိယ၂၆း၃၀)။

နောင်တရခြင်း၏ကောင်းချီးမင်္ဂလာများ

နောင်တရခြင်းသည် ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို ဖြစ်စေသည့် အကောင်းမြင်သော အခြေခံသဘောတရားတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့ကို “[ကျွန်ုပ်တို့၏]စိတ်ဝိညာဉ်များကို ကယ်တင်ခြင်းသို့ ရောက်ခြင်းအတွက်၊ ရွေးနှုတ်ရှင်၏ တန်ခိုးသို့“ (ဟေလမန် ၅း၁၁)သို့ ဆောင်ယူပါသည်။

ကျွန်ုပ်တို့သည် နောင်တရသောအခါ၊ ကျွန်ုပ်တို့၏အပြစ်ရောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့သည် ကာလကြာသောအခါ အနာငြိမ်းကြပါသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏သြဇာလွှမ်းမိုးမှုကို ပို၍များပြားစွာခံစားရပါသည်။ ဘုရားသခင်နောက်သို့လိုက်လိုသည့်ကျွန်ုပ်တို့၏ဆန္ဒသည် ပို၍အားကောင်းလာပါသည်။

ရုပ်ပုံ
ဥက္ကဌရပ်ဆယ် အမ် နယ်လ်ဆင်

“လူအတော်များများဟာ နောင်တရခြင်းကို အပြစ်ပေးခြင်းတစ်ခု—ရှောင်ရမယ့်အရာတစ်ခု အဖြစ်ယူဆကြပါတယ်။ … ဒါပေမယ့် အပြစ်ဒဏ်ခံရခြင်းခံစားချက်ဟာ စာတန်ဖန်တီးထားတာဖြစ်ပါတယ်။ သူက ကျွန်တော်တို့ကို ယေရှုခရစ်တော်ကို ကြည့်ခြင်းကို ပိတ်ပင်ဖို့ကြိုးစားပါတယ်၊ ကိုယ်တော်ဟာ ဖွင့်ထားတဲ့လက်တွေနဲ့ကြိုနေတဲ့၊ ကျွန်တော်တို့ကို အနာငြိမ်းစေဖို့၊ ခွင့်လွှတ်ဖို့၊ သန့်ရှင်းစေဖို့၊ ခွန်အားဖြည့်ဖို့၊ စင်ကြယ်စေဖို့နဲ့ သန့်စင်စေဖို့ မျှော်လင့်နေ၊ လိုလားနေတဲ့သူဖြစ်ပါတယ်” (ရပ်ဆဲလ်အမ်၊ နယ်လဆင်၊ ”ကျွန်တော်တို့ ပိုပြီးကောင်းကောင်းလုပ်နိုင်တယ်၊ ပိုကောင်းလာနိုင်ပါတယ်၊” အင်ဇိုင်း သို့မဟုတ် လီယဟိုနာ၊ မေ ၂၀၁၉၊ ၆၇)။

ကျမ်းစာလေ့လာခြင်း

နောင်တရခြင်း

ရွေးနှုတ်ခြင်းနှင့် ခွင့်လွှတ်ခြင်း

နောင်တရသောသူများအတွက် ကရုဏာ

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ရုပ်ပုံ
ဗတ္တိဇံခံနေသည့် လူငယ်အမျိုးသမီး

ဗတ္တိဇံ၊ ကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပထမဆုံးပဋိညာဉ်

ယေရှုခရစ်တော်၌ ယုံကြည်ခြင်းနှင့် နောင်တရခြင်းသည် ကျွန်ုပ်တို့ကို ဗတ္တိဇံနှင့်အတည်ပြုခြင်းဘိသိက်မင်္ဂလာများအတွက် ပြင်ဆင်ပေးပါသည်။ ဗတ္တိဇံသည် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၏ပထမဆုံးကယ်တင်ခြင်းဘိသိက်မင်္ဂလာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤဝမ်းမြောက်ဖွယ်မျှော်လင့်ခြင်းဘိသိက်မင်္ဂလာကို ရရှိရင်း ကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပထမဆုံးပဋိညာဉ်ကို ပြုကြပါသည်။

ဘိသိက်မင်္ဂလာတစ်ခုသည် ယဇ်ပုရောဟိတ်အခွင့်အာဏာအားဖြင့် လုပ်ဆောင်သည့် သန့်ရှင်းမွန်မြတ်သော ဆောင်ရွက်ချက်တစ်ခု သို့မဟုတ် အခမ်းအနားတစ်ခုဖြစ်ပါသည်။ ဗတ္တိဇံကဲ့သို့၊ အခြားဘိသိက်မင်္ဂလာများသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ပါသည်။

ဘိသိက်မင်္ဂလာများအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြပါသည်။ ထိုဘိသိက်မင်္ဂလာများသည် ကျွန်ုပ်တို့နှင့် ဘုရားသခင်ကြား သန့်ရှင်းမွန်မြတ်သည့် ကောင်းချီးမင်္ဂလာများဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ ကိုယ်တော်နှင့် ကတိများကို စောင့်ထိန်းကြသမျှ ကျွန်ုပ်တို့ကို ကောင်းချီးပေးမည်ဟု ကတိထားတော်မူပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပြုသည့် ကတိများကို စောင့်ထိန်းရန် ခိုင်မာသောကတိကဝတ်တစ်ခုကို ပြုရပါမည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့လာရန်နှင့် ထာဝရအသက်ကို ရရန်ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များ ပေးထားပါသည်။ ကျွန်ုပ်တို့သည် ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများကို ရရှိပြီး၊ ဆက်စပ်သည့် ပဋိညာဉ်များကို စောင့်ထိန်းကြသည်နှင့်အမျှ၊ ကျွန်ုပ်တို့ဘဝများတွင် “ဘုရားဝတ်၌မွေ့လျော်ခြင်းတန်ခိုး”ကို ရရှိနိုင်ပါသည် (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၄း၂၀)။

ဗတ္တိဇံပဋိညာဉ်

ဗတ္တိဇံသည် ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရန်အတွက် လိုအပ်ပါသည် (ရှု ရှင်ယောဟန် ၃း၅)။ ကျွန်ုပ်တို့ ယေရှုခရစ်တော်၏အသင်းတော်အသင်းသားများဖြစ်လာရန်အတွက်လည်း လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် ဗတ္တိဇံခံခြင်းဖြင့် ပုံသက်သေပြခဲ့ပါသည် (ရှု ရှင်မဿဲ ၃း၁၃-၁၇)။

ကျွန်ုပ်တို့သည် ဗတ္တိဇံခံပြီး ကျွန်ုပ်တို့၏ပဋိညာဉ်များကို စောင့်ထိန်းကြသောအခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ရန် ကတိထားတော်မူပါသည် (ရှု တမန်တော်ဝတ္ထု ၂၂း၁၆၃ နီဖိုင်း ၁၂း၁-၂)။ ဤကောင်းချီးမင်္ဂလာကို ယေရှုခရစ်တော်၏အပြစ်ဖြေသောယဇ်အားဖြင့် ဖြစ်နိုင်စေပါသည်၊ ကိုယ်တော်သည် “ကျွန်ုပ်တို့ကို ချစ်ပါသည်၊ သူ့အသွေးတော်ဖြင့် ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကို ဆေးကြောခဲ့ပါသည်” (ဗျာဒိတ်ကျမ်း ၁း၅)။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၏အဖော်ပြုခြင်းဖြင့် ကောင်းချီးပေးရန်လည်း ကတိထားတော်မူပါသည်၊ ထိုကဲ့သို့အားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းစေနိုင်၊ လမ်းညွှန်ခံရနိုင်၊ နှစ်သိမ့်ခံရနိုင်ပါသည်။

ကျွန်ုပ်တို့၏ ဗတ္တိဇံပဋိညာဉ်အပိုင်းတွင်၊ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏အမည်ကို ကျွန်ုပ်တို့အပေါ်တွင် ခံယူရန် လိုလိုလားလားရှိကြောင်း သက်သေပြုကြပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို အမြဲအောက်မေ့ရန်နှင့် ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းရန်လည်း ကတိပြုကြပါသည်။ ကျွန်ုပ်တို့သည် အခြားသူများကို ချစ်ရန်နှင့် အစေခံရန်၊ “ငိုကြွေးမည်တမ်းသူတို့နှင့်အတူ ငိုကြွေးမြည်တမ်းရန်၊ …နှစ်သိမ့်ခြင်းကို လိုအပ်လျက်ရှိသူတို့ကို နှစ်သိမ့်၍၊ ခပ်သိမ်းသော ကာလတို့ ၌လည်းကောင်း၊ ခပ်သိမ်းသောအရာတို့ ၌လည်းကောင်း၊ ခပ်သိမ်းသောအရပ်တို့၌လည်းကောင်း ဘုရားသခင်၏ သက်သေများအဖြစ် ရပ်တည်ရန်” ကတိပြုကြပါသည် (မောဇိယ ၁၈း၉၊ ရှု အခန်းငယ် ၈-၁၀၊ ၁၃3)။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘဝအဆုံးထိ ယေရှုခရစ်တော်ကို အစေခံရန် သန္နိဋ္ဌာန်ကိုဖော်ပြကြပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၃၇မောဇိယ ၂း၁၇)။

ဗတ္တိဇံနှင့် ဆက်စပ်သည့် ကျွန်ုပ်တို့၏ပဋိညာဉ်ကတိကဝတ်များသည် ကြီးမြတ်သောတာဝန်တစ်ခုဖြစ်ပါသည်။ ၎င်းတို့သည် လမ်းပြလှုံ့ဆော်သော၊ ဝမ်းမြောက်စရာကောင်းသောအရာများလည်းဖြစ်ပါသည်။ ကျွန်ုပ်တို့နှင့် ကောင်းကင်ဘုံရှင်အဘကြား ထူးခြားသောဆက်ဆံရေးတစ်ခုကိုလည်း ဖန်တီးပါသည်၊ ထိုအရာအားဖြင့် ကိုယ်တော်က ကိုယ်တော်၏ချစ်ခြင်းကို မရပ်မနားကမ်းလှမ်းပါသည်။

နှစ်မြှုပ်ခြင်းဖြင့် ဗတ္တိဇံ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်များမှ လွှတ်ခြင်းအတွက် နှစ်မြှုပ်ခြင်းဖြင့် ဗတ္တိဇံခံရန်လိုအပ်ကြောင်း ယေရှုက သွန်သင်ခဲ့ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၇၂-၇၄)။ နှစ်မြှုပ်ခြင်းဖြင့် ဗတ္တိဇံသည် သေခြင်း၊ မြှုပ်ခြင်းနှင့် ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းတို့၏ သင်္ကေတဖြစ်ပါသည် (ရှု ရောမဩဝါဒစာ ၆း၃-၆)။

နှစ်မြှုပ်ခြင်းဖြင့် ဗတ္တိဇံတွင် ကျွန်ုပ်တို့အတွက် ကိုယ်တွေ့အားကောင်းသောသင်္ကေတတစ်ခုလည်းရှိပါသည်။ ၎င်းသည် ကျွန်ုပ်တို့ဘဝဟောင်း၏သေခြင်း၊ ထိုဘဝကို မြှုပ်ခြင်း၊ ကျွန်ုပ်တို့၏ဝိညာဉ်ပကတိတစ်ဖန်ဖွားခြင်းထွက်ပေါ်လာခြင်းကိုလည်း ကိုယ်စားပြုပါသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံခံသောအခါ၊ တစ်ဖန်ဖွားခြင်း၊ ခရစ်တော်၏ဝိညာဉ်ပကတိသားများနှင့်သမီးများဖြစ်လာခြင်းလုပ်ငန်းစဉ်ကို စတင်ကြပါသည် (ရှု မောဇိယ၅း၇-၈ရောမဩဝါဒစာ ၈း၁၄-၁၇)။

ကလေးများ

ကလေးများသည် တာဝန်ရှိသည့် အသက်ဖြစ်သည့် အသက် ၈ နှစ်သို့မရောက်မချင်း ဗတ္တိဇံမခံရ( ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၆၈း၂၇)။ ထိုအသက်သို့မရောက်မီ သေသည့်ကလေးများသည် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ရွေးနှုတ်ခံရပါသည် (ရှု မော်ရော်နိုင်း ၈း၄-၂၄ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၇း၁၀)။ ကလေးများသည် ဗတ္တိဇံမခံမီတွင်၊ ဧဝံဂေလိတရားတော်ကို သွန်သင်ခံရမည်၊ သို့မှသာ သူတို့ဘဝတွင် ဘုရားသခင်နှင့် ပဋိညာဉ်တစ်ခုပြုရန် ဤအရေးကြီးသည့်အဆင့်အတွက် ပြင်ဆင်ထားပြီးဖြစ်လိမ့်မည်။

ပွဲတော်

ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကို ကိုယ်တော်နှင့်ပြုသည့်ပဋိညာဉ်များအပေါ်သစ္စာရှိစေလိုတော်မူပါသည်။ ကျွန်ုပ်တို့ကို ဤအရာကိုပြုလုပ်ဖို့ကူညီရန်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပွဲတော်သုံးဆောင်ဖို့ မကြာခဏတွေ့ဆုံကြရန် မိန့်တော်မူခဲ့ပါသည်။ ပွဲတော်သည် ယေရှုခရစ်တော်က ကိုယ်တော်၏တမန်တော်တို့အား ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာမတိုင်မီတွင် မိတ်ဆက်ပေးခဲ့သည့် ယဇ်ပုရောဟိတ်အခွင့် ဘိသိက်မင်္ဂလာတစ်ခုဖြစ်ပါသည်။

ပွဲတော်သုံးဆောင်ခြင်းသည် သီတင်းပတ်တိုင်းပွဲတော်အစည်းအဝေး၏အဓိကရည်ရွယ်ချက်ဖြစ်ပါသည်။ မုန့်နှင့်ရေကို ကောင်းချီးပေးပြီး ပရိတ်သတ်သို့ ဝေငှပါသည်။ မုန့်သည် ကျွန်ုပ်တို့အတွက် ကယ်တင်ရှင်၏ခန္ဓာကိုယ်ယဇ်ဖြစ်ပါသည်။ ရေသည် ကျွန်ုပ်တို့အတွက် ကိုယ်တော်သွန်းလောင်းခဲ့သည့် ကိုယ်တော်၏အသွေးတော်ကို ကိုယ်စားပြုပါသည်။

ကျွန်ုပ်တို့သည် ကယ်တင်ရှင်၏ယဇ်ကို အောက်မေ့ခြင်းနှင့် ကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပြုထားသည့် ပဋိညာဉ်များကို သက်တမ်းတိုးရန် ဤအထိမ်းအမှတ်များကို သုံးဆောင်ကြပါသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော် ကျွန်ုပ်တို့နှင့်အတူရှိမည်ဟူသောကတိတော်အသစ်ပြုခြင်းကို ရရှိကြပါသည်။

ကျမ်းစာလေ့လာခြင်း

ခရစ်တော်၏ပုံသက်သေ

ဗတ္တိဇံပဋိညာဉ်

ဗတ္တိဇံအတွက်အရည်အချင်းပြည့်မီခြင်းများ

ဗတ္တိဇံ၏ကတိထားသောကောင်းချီးမင်္ဂလာများ

အခွင့်အာဏာလိုအပ်ခြင်း

ယေရှုသည် ပွဲတော်ကို အစပြုတည်ထောင်ခဲ့ပါသည်

ပွဲတော်ဆုတောင်းခြင်းများ

ပွဲတော်သုံးဆောင်ခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ရုပ်ပုံ
အမျိုးသမီးတစ်ဦးအပေါ် လက်တင်မင်္ဂလာပေးသည့်ခရစ်တော်

သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူး

သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို ရရှိခြင်း

ဗတ္တိဇံတွင် နှစ်ပိုင်းရှိပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ရန် (ရှင်ယောဟန် ၃း၅၊ အထူးပြုချက်ထည့်သွင်းထားသည်) “ရေဖြင့်မွေးရန် နှင့် ဝိညာဉ်တော်ဖြင့်မွေးရန်” လိုအပ်ကြောင်း ယေရှုက သွင်သင်ခဲ့ပါသည်။ ဂျိုးဇက်စမစ်က သွန်သင်ခဲ့ပါသည်၊ “ရေဖြင့်ဗတ္တိဇံသည် တစ်ဝက်ဗတ္တိဇံသာဖြစ်ပါသည်၊ အခြားတစ်ဝက်—ဆိုလိုသည်မှာ၊ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဗတ္တိဇံမပါလျှင် အဘယ်အကျိုးမျှမရှိပါ” (အသင်းတော်ဥက္ကဋ္ဌများ၏သွန်သင်ချက်များ၊ ဂျိုးဇက်စမစ် [၂၀၀၇]၊ ၉၅)။

ရေဖြင့်ဗတ္တိဇံပြည့်စုံစေရန် ဝိညာဉ်တော်ဖြင့်ဗတ္တိဇံကနောက်ကရှိရမည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံနှစ်မျိုးစလုံး ရရှိကြသောအခါ၊ ကျွန်ုပ်တို့၏အပြစ်များမှ သန့်ရှင်းကြပြီး၊ ဝိညာဉ်ပကတိတစ်ဖန်မွေးဖွားကြပါသည်။ ထို့နောက်တွင်ယေရှုခရစ်တော်၏တပည့်တော်များအဖြစ် ဝိညာဉ်ပကတိဘဝသစ်တစ်ခုကို စတင်ကြပါသည်။

ကျွန်ုပ်တို့သည် အတည်ပြုခြင်းဟုခေါ်သည့် ဘိသိက်မင်္ဂလာတစ်ခုအားဖြင့် ဝိညာဉ်တော်ဖြင့်ဗတ္တိဇံကို ရရှိကြပါသည်။ ဤဘိသိက်မင်္ဂလာကို ကျွန်ုပ်တို့ခေါင်းပေါ်လက်တင်သည့် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူ တစ်ဦးသို့မဟုတ် ထိုထက်ပိုသောသူတို့အားဖြင့် ဆောင်ရွက်ပါသည်။ ပထမတွင်၊ သူတို့သည် ကျွန်ုပ်တို့ကို အသင်းတော်အသင်းသားများအဖြစ် အတည်ပြုကြပါသည်၊ ထို့နောက်တွင် ကျွန်ုပ်တို့အပေါ်၌ သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို ပေးကြပါသည်။ ဤအရာမှာ ဓမ္မသစ်ကျမ်းနှင့် မော်မုန်ကျမ်းတို့တွင် ညွှန်းထားသည့် အလားတူဘိသိက်မင်္ဂလာဖြစ်ပါသည် (ရှု တမန်တော်ဝတ္ထု ၈း၁၄-၁၇၃ နီဖိုင်း ၁၈း၃၆-၃၇)။

သန့်ရှင်းသောဝိညာဉ်တော်သည်ဘုရားဂုဏ်၌ တတိယမြောက်အဖွဲ့ဝင်ဖြစ်ပါသည်။ ကိုယ်တော်သည် ကောင်းကင်ဘုံရှင်အဘ၊ ယေရှုခရစ်တော်နှင့် စည်းလုံးစွာလုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို ရရှိကြသောအခါ၊ သစ္စာရှိကြသမျှ ကျွန်ုပ်တို့ဘဝတစ်လျှောက်တွင် ကိုယ်တော်၏အဖော်ပြခြင်းကို ရရှိနိုင်ပါသည်။

ကျွန်ုပ်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ကောင်းချီးပေးပုံ

သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးသည် ကောင်းကင်ဘုံရှင်အဘ၏အကြီးမြတ်ဆုံးဆုကျေးဇူးများထဲမှတစ်ခုဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို သန့်စင်စေ၊ သန့်ရှင်းစင်ကြယ်စေပါသည်၊ ကျွန်ုပ်တို့ကို ပိုပြီးသန့်ရှင်းစေ၊ ပိုပြီးပြည့်စုံစေ၊ ဘုရားသခင်နှင့် ပိုတူစေပါသည် (ရှု ၃ နီဖိုင်း ၂၇း၂၀ ကျွန်ုပ်တို့ ဘုရားသခင်၏ပညတ်များကို လိုက်လျှောက်ရန် ကြိုးစားကြသည်နှင့်အမျှ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပြောင်းလဲရန်နှင့် ဝိညာဉ်ပကတိတိုးတက်ရန် ကူညီပါသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို သင်ယူရန်နှင့် သမ္မာတရားကို အသိအမှတ်ပြုစေဖို့ ကူညီပါသည် (ရှု မော်ရော်နိုင်း ၁၀း၅)။ ကိုယ်တော်သည် ကျွန်ုပ်တို့၏နှလုံးသားနှင့်စိတ်သို့ သမ္မာတရားကိုလည်း အတည်ပြုပါသည်။ ထပ်လောင်း၍၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို သမ္မာတရားကို သွန်သင်ရန် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၂း၁၄) ကူညီပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် သမ္မာတရားကို သင်ယူကြ၊ သွန်သင်ကြသောအခါ၊ ကိုယ်တော်သည် ထိုတရားကို ကျွန်ုပ်သို့ နှလုံးသားများသို့ ဆောင်ယူပါသည် (ရှု ၂ နီဖိုင်း ၃၃း၁)။

ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုကို နှိမ့်ချစွာရှာကြသည်နှင့်အမျှ၊ ကိုယ်တော်က ကျွန်ုပ်တို့ကို လမ်းညွှန်ပါလိမ့်မည် (ရှု ၂ နီဖိုင်း ၃၂း၅)။ ဤအရာတွင် ကျွန်ုပ်တို့အခြားသူများကို မည်သို့အစေခံနိုင်ကြောင်း ကျွန်ုပ်တို့ကို လှုံ့ဆော်ခြင်းပါဝင်ပါသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို အားနည်းချက်ကျော်လွှားဖို့ ကူညီရန် ဝိညာဉ်ပကတိခွန်အားကို ပံ့ပိုးပေးပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား သွေးဆောင်ခြင်းကို ခုံခံရန် ကူညီပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဝိညာဉ်ပကတိနှင့် ဇာတိပကတိအန္တရာယ်ကို သတိပေးနိုင်ပါသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဘဝစိန်ခေါ်မှုများတစ်လျှောက်ကူညီပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဒုက္ခသို့မဟုတ် ဝမ်းနည်းခြင်းအချိန်များ၌ နှစ်သိမ့်ပါလိမ့်မည်၊ မျှော်လင့်ခြင်းနှင့်လည်းဖြည့်ပေးပါလိမ့်မည် (ရှု မော်ရော်နိုင်း ၈း၂၆)။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်၊ ကျွန်ုပ်တို့သည် မိမိတို့အပေါ်ဘုရားသခင်၏ချစ်ခြင်းကို ခံစားနိုင်ကြပါသည်။

ကျမ်းစာလေ့လာခြင်း

သန့်ရှင်းသောဝိညာဉ်တော်၏သဘာဝ

သန့်ရှင်းသောဝိညာဉ်တော်ထံမှ ကောင်းချီးမင်္ဂလာများနှင့် လွှမ်းမိုးမှု

သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးအရေးကြီးခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ရုပ်ပုံ
ကလေးများကိုချီထားသည့်ယေရှု

အဆုံးတိုင်အောင်တည်ကြည်ခြင်း

ကျွန်ုပ်တို့သည် ဗတ္တိဇံခံပြီးအတည်ပြုခံကြသောအခါ၊ ဘုရားသခင်နှင့် ပဋိညာဉ်တစ်ခုသို့ ဝင်ရောက်ကြပါသည်။ အခြားအရာများကြားတွင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းရန်နှင့် ကျွန်ုပ်တို့ဘဝ၏ကျန်သည့်အပိုင်းတွင် ကိုယ်တော်ကို အစေခံရန် ကတိပြုကြပါသည် (ရှု မောဇိယ ၁၈း၈-၁၀၊ ၁၃ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၃၇)။

ကျွန်ုပ်တို့သည် ဗတ္တိဇံနှင့် အတည်ပြုခြင်းတို့အားဖြင့် ဧဝံဂေလိတရားတော်လမ်းကြောင်းသို့ ဝင်ရောက်ခဲ့ပြီးနောက်တွင်၊ ထိုလမ်းကြောင်းပေါ်၌နေရန် အားထုတ်မှုမှန်သမျှကို ပြုကြပါသည်။ ကျွန်ုပ်တို့သည် လမ်းကြောင်းမှ အနည်းငယ်ပင်ဖြစ်စေ လွဲသောအခါ၊ နောင်တရရန် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို ကျင့်သုံးကြပါသည်။ နောင်တရခြင်းကောင်းချီးမင်္ဂလာက ကျွန်ုပ်တို့ကို ဧဝံဂေလိတရားတော်လမ်းကြောင်းသို့ ပြန်လာရန်နှင့် ကျွန်ုပ်တို့၏ဘုရားသခင်နှင့်ပြုထားသည့် ပဋိညာဉ်များ၏ကောင်းချီးမင်္ဂလာများကို ပြန်လည်ရရှိဖို့ အခွင့်ပေးပါသည်။ ကျွန်ုပ်တို့စစ်မှန်စွာ နောင်တရကြသည်နှင့်အမျှ၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန်နှင့် ပြန်လည်ကြိုဆိုရန် အမြဲလိုလိုလားလားရှိတော်မူပါသည်။

အဆုံးတိုင်အောင်တည်ကြည်ခြင်းဆိုသည်မှာ—ကောင်းသောအချိန်များနှင့် ခက်သောအချိန်များတစ်လျှောက်၊ အောင်မြင်ခြင်းနှင့် ဒုက္ခများတစ်လျှောက် ကျွန်ုပ်တို့ဘဝအဆုံးအထိ ဘုရားသခင်အပေါ်သစ္စာရှိနေခြင်းကို ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ကျွန်ုပ်တို့အား ပုံသွင်းရန်နှင့် ကျွန်ုပ်တို့အား ကိုယ်တော်နှင့်ပိုတူလာစေရန် ပြုတော်မူဖို့ နှိမ့်ချစွာအခွင့်ပေးကြပါသည်။ ကျွန်ုပ်တို့ဘဝတွင် မည်သည့်အရာပင်ဖြစ်လာပါစေ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်း၊ စိတ်ချခြင်းနှင့် မျှော်လင့်ခြင်းတို့ဖြင့် မျှော်ကြည့်ကြပါသည်။

အဆုံးတိုင်အောင်တည်ကြည်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့သေသည့်တိုင်အောင် ဆွဲကိုင်ထားရုံရှိခြင်းကို မဆိုလိုပါ။ ၎င်းအစား၊ ကျွန်ုပ်တို့၏ဘဝများ၊ အတွေးများနှင့် အပြုအမူများကို ယေရှုခရစ်တော်အပေါ် အာရုံစိုက်ခြင်းကို ဆိုလိုပါသည်။ နေ့တိုင်း ယေရှုခရစ်တော်၌ယုံကြည်ခြင်းကို ဆက်၍ကျင့်သုံးခြင်းပါဝင်ပါသည်။ ကျွန်ုပ်တို့သည် ဆက်၍လည်း နောင်တရကြ၊ ဘုရားသခင်နှင့်ပြုထားသည့် ကျွန်ုပ်တို့၏ပဋိညာဉ်များကို စောင့်ထိန်းကြ၊ သန့်ရှင်းသောဝိညာဉ်တော်၏အဖော်ပြုမှုကိုလည်းရှာကြပါသည်။

အဆုံးတိုင်အောင်တည်ကြည်ခြင်းတွင် “စုံလင်သောမျှော်လင့်ခြင်းရောင်ခြည်နှင့်အတူ ဘုရားသခင်နှင့် ခပ်သိမ်းသောလူသားတို့ကို ချစ်ခြင်းရှိလျက်၊ ခရစ်တော်၌ မြဲမြံခြင်းနှင့် ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်ခြင်း” ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် အဆုံးတိုင်အောင်တည်ကြည်ကြသည်နှင့်အမျှ၊ “ထာဝရအသက်ကိုရမည့်” (၂ နီဖိုင်း ၃၁း၂၀) အကြောင်း ကောင်းကင်ဘုံရှင်အဘက ကတိထားတော်မူပါသည်။

ကျမ်းစာလေ့လာခြင်း

အဆုံးတိုင်အောင်တည်ကြည်ခြင်း

အဆုံးတိုင်အောင်တည်ကြည်သူများအတွက် ကောင်းချီးမင်္ဂလာများ

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ရုပ်ပုံ
ပြုံးနေသည့်မိသားစု

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်သည် ဘုရားသခင်၏သားသမီးအားလုံးကို ကောင်းချီးပေးပါသည်။

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်သည် ဘုရားသခင်၏သားသမီးအားလုံးကို ကောင်းချီးပေးပါသည်။ ကျွန်ုပ်တို့၏နောက်ခံအကြောင်းသို့မဟုတ် အခြေအနေမည်သို့ပင်ရှိစေ “ဘုရားသခင်အဖို့ အားလုံးအတူတူ”ဖြစ်ကြောင်း ကျမ်းစာများက သွန်သင်ပါသည်။ ကိုယ်တော်သည် “အားလုံးကို သူ့ထံသို့လာရန်၊ ကိုယ်တော်၏ကောင်းမြတ်ခြင်းကို သုံးဆောင်ရန်၊ ဖိတ်ခေါ်ပါသည်၊ ကိုယ်တော်ထံသို့လာသူမည်သူ့ကိုမျှမငြင်းပါ” (၂ နီဖိုင်း ၂၆း၃၃)။

ဧဝံဂေလိတရားတော်သည် ကျွန်ုပ်တို့ကို သေခြင်းရှိရာဘဝတစ်လျှောက်နှင့် ထာဝရကာလတစ်လျှောက် ကောင်းချီးပေးပါသည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏သွန်သင်ခြင်းများအတိုင်း နေထိုင်ကြသောအခါ၊—တစ်ဦးချင်းအလိုက်ရောမိသားစုများ အလိုက်—ပျော်ရွှင်ဖွယ်ရှိပါသည် (ရှု မောဇိယ ၂း၄၁၊ “မိသားစု၊ လောကသို့ကြေညာချက်၊” ChurchofJesusChrist.org)။ ဧဝံဂေလိတရားတော်ကိုကျင့်သုံးခြင်းသည် ကျွန်ုပ်တို့၏ပျော်ရွှင်မှုများကို လေးနက်စေပါသည်၊ ကျွန်ုပ်တို့၏လှုပ်ရှားမှုများကို လမ်းပြလှုံ့ဆော်ပါသည်၊ ကျွန်ုပ်တို့၏ဆက်ဆံရေးများကို တိုးတက်စေပါသည်။

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့ကို ဇာတိပကတိသို့မဟုတ် ဝိညာဉ်ပကတိ၌ထိခိုက်စေမည့် ရွေးချယ်မှုများပြုလုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ ဒုက္ခနှင့် ဝမ်းနည်းခြင်းအချိန်များ၌ ကျွန်ုပ်တို့ကို ခွန်အားနှင့် နှစ်သိမ့်ခြင်းကို ရှာတွေ့ရန်ကူညီပါသည်။ ဝမ်းမြောက်ဖွယ်ထာဝရအသက်သို့သွားရာလမ်းကို ပံ့ပိုးပေးပါသည်။

ပြန်လည်ဆောင်ယူထားသည့် ဧဝံဂေလိတရားတော်၏ကြီးစွာသောအမှာစကားများထဲမှ တစ်ခုမှာ ကျွန်ုပ်တို့သည် ဘုရားသခင့်မိသားစု၏အစိတ်အပိုင်းအားလုံးဖြစ်ကြောင်းပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ချစ်သားများနှင့် ချစ်သမီးများဖြစ်ကြပါသည်။ မြေကြီးပေါ်၌ကျွန်ုပ်တို့မိသားစု၏အခြေအနေ မည်သို့ပင်ရှိစေ၊ ကျွန်ုပ်တို့အယောက်တိုင်းသည် ဘုရားသခင့်မိသားစုဝင်တစ်ဦးဖြစ်ပါသည်။

ကျွန်ုပ်တို့အမှာစကား၏တခြားကြီးစွာသောအပိုင်းတစ်ခုမှာ၊ မိသားစုများ ထာဝရစည်းလုံးနိုင်သည့်အကြောင်းဖြစ်ပါသည်။ မိသားစုသည် ဘုရားသခင်ခန့်ထားသည့်အရာဖြစ်ပါသည်။ ကောင်းကင်ဘုံရှင်အဘ၏ပျော်ရွှင်ခြင်းအစီအစဉ်သည် မိသားစုဆက်ဆံရေးများကို သင်္ချိုင်းတစ်ဖက်ကိုကျော်ပြီးသည်အထိရှိနိုင်စွမ်းစေပါသည်။ သန့်ရှင်းမွန်မြတ်သည့် ဗိမာန်တော်ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များသည် မိသားစုများကို ကာလအစဉ်အဆက်အတူတကွရှိစေဖို့ ဖြစ်နိုင်စေပါသည်။

ဧဝံဂေလိတရားတော်၏အလင်းအားဖြင့်၊ မိသားစုများသည် နားလည်မှုလွဲခြင်းများ၊ ရန်တွေ့ခြင်းများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ပါသည်။ သဘောထားကွဲခြင်းကြောင့် ပြိုကွဲသည့်မိသားစုများသည် နောင်တရခြင်း၊ ခွင့်လွှတ်ခြင်း၊ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ၏တန်ခိုး၌ ယုံကြည်ခြင်းတို့ဖြင့် အနာငြိမ်းစေနိုင်ပါသည်။

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်သည် ကျွန်ုပ်တို့ကို ပို၍ခိုင်မာသည့်မိသားစုဆက်ဆံရေးများဖွံ့ဖြိုးစေဖို့ ကူညီပါသည်။ အိမ်သည် ဧဝံဂေလိတရားတော်အခြေခံသဘောတရားများကို သွန်သင်ရန်နှင့် သင်ယူရန် အကောင်းဆုံးနေရာဖြစ်ပါသည်။ ဧဝံဂေလိတရားတော်အခြေခံသဘောတရားများအပေါ်အခြေခံတည်ဆောက်ထားသည့် အိမ်တစ်အိမ်သည် ခိုလှုံရာနှင့် ဘေးကင်းရာနေရာတစ်ခုဖြစ်လိမ့်မည်။ ကိုယ်တော်ရှင်၏ဝိညာဉ်တော်တည်နေရာနေရာတစ်ခုဖြစ်လိမ့်မည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

သင်ခန်းစာ အတိုနှင့်အလတ်တို့အတွက် အကြမ်းဖော်ပြချက်

သင့်၌အချိန်အနည်းငယ်သာရှိလျှင်၊ အောက်ပါအကျဉ်းချုပ်သည် တစ်စုံတစ်ဦးကို သင်သွန်သင်နိုင်သည့် အရာပုံစံတစ်ခုဖြစ်ပါသည်။ ဤအကျဉ်းချုပ်ကို အသုံးပြုသောအခါ၊ သွန်သင်ရမည့် အခြေခံသဘောတရား တစ်ခု သို့မဟုတ် ထိုထက်ပိုသည့်အရာကို ရွေးချယ်ပါ။ အခြေခံသဘောတရားတစ်ခုချင်းအတွက် ဩဝါဒဆိုင်ရာအုတ်မြစ်ကို ဤသင်ခန်းစာအစောပိုင်းတွင် ပေးထားပါသည်။

သင် သွန်သင်သည့်အခါ၊ မေးခွန်းများမေးပါ၊ နားထောင်ပါ။ လူတို့ကို ဘုရားသခင်နှင့် ပိုနီးရာသို့ မည်သို့ချဉ်းကပ်ရန်သင်ယူဖို့ ကူညီမည့်ဖိတ်ခေါ်ချက်များကမ်းလှမ်းပါ။ ထိုသူအတွက် အရေးကြီးသောဖိတ်ခေါ်ချက်တစ်ခုမှာ သင်နှင့် တစ်ဖန်ပြန်တွေ့ဖို့ဖြစ်ပါသည်။ သင်ခန်းစာကြာချိန်မှာ သင်မေးသည့်မေးခွန်းများနှင့် သင်ပြုသည့် နားထောင်ခြင်းအပေါ် မူတည်ပါလိမ့်မည်။

ရုပ်ပုံ
အမျိုးသမီးများကို သွန်သင်နေသည့် သာသနာပြုများ

၃-၁၀ မိနစ်အတွင်းတွင်လူတို့အားသင်ကြားပေးနိုင်သောအရာ

  • ဘုရားသခင်သည် ကျွန်ုပ်တို့ကို အပြစ်နှင့်သေခြင်းမှ ရွေးနှုတ်ရန် ကိုယ်တော်၏သားတော်၊ ယေရှုခရစ်တော်ကို မြေကြီးသို့ စေလွှတ်ခဲ့ပါသည်။

  • ယေရှုခရစ်တော်၌ယုံကြည်ခြင်းသည် လှုပ်ရှားမှုနှင့် တန်ခိုးအခြေခံသဘောတရားတစ်ခုဖြစ်ပါသည်။ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို ဘဝတွင် ကယ်တင်ရှင်၏ခွန်အားဖြည့်ပေးခြင်းတန်ခိုးကို တွေ့ကြုံစေရန် ကူညီပါသည်။

  • ‌ယေရှုခရစ်တော်၌ယုံကြည်ခြင်းသည် နောင်တရခြင်း သို့ပို့ဆောင်စေပါသည်။ နောင်တရခြင်းသည် ဘုရားသခင်ဆီသို့လှည့်ခြင်းနှင့် အပြစ်မှဝေးရာသို့ လှည့်ခြင်းလုပ်ငန်းစဉ်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နောင်တရကြသည်နှင့်အမျှ၊ ကျွန်ုပ်တို့၏ လှုပ်ရှားမှုများ၊ ဆန္ဒများနှင့် အတွေးများသည် ဘုရားသင်၏အလိုတော်နှင့် ပိုကိုက်ညီစေဖို့ ပြောင်းလဲကြပါသည်။

  • ကျွန်ုပ်တို့နောင်တရသောအခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်ပါသည်။ ကျွန်ုပ်တို့၏အပြစ်များအတွက် ယေရှုခရစ်တော်အပြစ်ဖြေခဲ့သောကြောင့်၊ ခွင့်လွှတ်ခြင်းသည် ဖြစ်နိုင်ပါသည်။

  • ဗတ္တိဇံတွင် နှစ်ပိုင်းရှိပါသည်၊ ရေဖြင့် ဗတ္တိဇံနှင့် ဝိညာဉ်တော်ဖြင့် ဗတ္တိဇံ။ ကျွန်ုပ်တို့သည် ဗတ္တိဇံခံပြီးအတည်ပြုခံသောအခါ၊ ကျွန်ုပ်တို့၏အပြစ်များမှ သန့်စင်စေကြပါသည်၊ ကျွန်ုပ်တို့ကို ဘဝတွင်စတင်ခြင်းအသစ်တစ်ခုကိုလည်းပေးပါသည်။

  • ကျွန်ုပ်တို့သည် ဗတ္တိဇံခံပြီးသောအခါ အတည်ပြုခြင်းဘိသိက်မင်္ဂလာအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို လက်ခံရရှိကြပါသည်။

  • ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဘဝ၏အဆုံးအထိ ဧဝံဂေလိတရားတော်လမ်းကြောင်းကို သစ္စာရှိစွာလိုက်လျှောက်ကြသည်နှင့်အမျှ၊ ထာဝရအသက်ကို ရမည့်အကြောင်း ဘုရားသခင်ကတိထားတော်မူပါသည်။