သာသနာပြုအမှုတော်ဆောင်တာဝန်များ
အခန်း၃၊ သင်ခန်းစာ ၄—ယေရှုခရစ်တော်၏တစ်သက်တာတပည့်တော်များ ဖြစ်လာခြင်း


“အခန်း၃၊ သင်ခန်းစာ ၄—ယေရှုခရစ်တော်၏တစ်သက်တာတပည့်တော်များ ဖြစ်လာခြင်း၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်းအတွက် လမ်းညွှန် (၂၀၂၃)

“အခန်း၃၊ သင်ခန်းစာ ၄၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့

အခန်း၃၊ သင်ခန်းစာ ၄

ယေရှုခရစ်တော်၏တစ်သက်တာတပည့်တော်များ ဖြစ်လာခြင်း

ရုပ်ပုံ
ဒဲလ်ပါဆန်၏ ပျောက်သောသိုးသငယ်

ဤသင်ခန်းစာကို သွန်သင်ခြင်း

ဗတ္တိဇံသည် ဝမ်းမြောက်ဖွယ်မျှော်လင့်ခြင်း ဘိသိက်မင်္ဂလာတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံခံသောအခါ၊ ဘုရားသခင်နောက်ကို လိုက်လျှောက်ရန်နှင့် ထာဝရအသက်ဆီသို့ ပို့ဆောင်သည့် လမ်းကြောင်းသို့ ဝင်ရောက်ရန် ကျွန်ုပ်တို့၏ ဆန္ဒကို ပြကြပါသည်။ ယေရှုခရစ်တော်၏တစ်သက်တာတပည့်တော်များ ဖြစ်လာခြင်းအတွက် ကျွန်ုပ်တို့၏ကတိကဝတ်ကိုလည်း ပြကြပါသည်။

ဤသင်ခန်းစာကို ကျွန်ုပ်တို့ဗတ္တိဇံ၌ ပြုသည့် ပဋိညာဉ်များအတိုင်း စီစဉ်ထားပါသည်။ အောက်ပါအဓိက ကဏ္ဍများ ပါဝင်ပါသည်၊ တစ်ခုချင်းစီတွင် ကဏ္ဍခွဲများ ရှိပါသည်။

  • ယေရှုခရစ်တော်၏နာမတော်ကို ကျွန်ုပ်တို့အပေါ်ခံယူရန် လိုလိုလားလားရှိစေဖို့ ကျွန်ုပ်တို့၏ပဋိညာဉ်

  • ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းစေဖို့ ကျွန်ုပ်တို့၏ပဋိညာဉ်

  • ဘုရားသခင်နှင့်အခြားသူများကို အစေခံစေဖို့ ကျွန်ုပ်တို့၏ပဋိညာဉ်

  • အဆုံးတိုင်အောင်တည်ကြည်စေဖို့ ကျွန်ုပ်တို့၏ပဋိညာဉ်

လူတို့အား သင်တို့ သွန်သင်ပေးသည့် ကျင့်ဝတ်စည်းကမ်းများနှင့် ပညတ်တော်များသည် ဗတ္တိဇံ၌ သူတို့ပြုမည့် ပဋိညာဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း နားလည်စေရန် ကူညီပါ။ ဤသင်ခန်းစာတစ်ပိုင်းချင်းစီသည် သူတို့အား မည်သို့အားဖြင့် “ခရစ်တော်ထံသို့ လာရန်၊ သူ၏ကယ်တင်ခြင်းကို သုံးဆောင်ရန်”ကူညီပေးနိုင်ကြောင်းပြပါ (ဩမနိ ၁း၂၆၊ လည်းရှု ၁ နီဖိုင်း ၁၅း၁၄)။

သင်သည် ဤသင်ခန်းစာကို အလည်အပတ်များစွာတွင် သွန်သင်လိုပေမည်။ သွန်သင်ခြင်း အလည်အပတ်တစ်ခုသည် မိနစ် ၃၀ ထက်မကျော်သင့်ပါ။ သွန်သင်ခြင်းအပိုင်းငယ်များကို ခြုံငုံသည့် အချိန်တိုအလည်အပတ်များကို အကြိမ်ကြိမ်ပြုလုပ်ခြင်းသည် အများအားဖြင့် ပိုကောင်းပါသည်။

သင်သွန်သင်မည့်အရာ၊ သွန်သင်မည့်အချိန်၊ ယူမည့်အချိန်တို့ကို စီစဉ်ပါ။ သင် သွန်သင်နေသည့် သူတို့၏လိုအပ်ချက်များကို စဉ်းစားပါ၊ ဝိညာဉ်တော်၏လမ်းညွှန်မှုကို ရှာပါ။ သင်သည် လူတို့အား ဗတ္တိဇံနှင့် အတည်ပြုခြင်းအတွက် ပြင်ဆင်ရန် အကောင်းဆုံးအကူအညီဖြစ်မည့်အရာအတိုင်း သွန်သင်ရန် ပြုလွယ်ပြင်လွယ်မှုရှိပါသည်။

ဤသင်ခန်းစာရှိအချို့ကဏ္ဍများတွင် သတ်မှတ်ထားသော ဖိတ်ခေါ်ချက်များရှိပါသည်။ ဖိတ်ခေါ်ချက်များကို မည်သို့ပြုရန် နှင့် မည်သည့်အချိန်တွင်ပြုရန် ဆုံးဖြတ်ရာ၌ ဝိညာဉ်တော်၏ လမ်းပြပို့ဆောင်မှုကို ရှာပါ။ လူတစ်ဦးချင်းစီ၏နားလည်မှုအဆင့်ကို သတိပြုပါ။ သူ သို့မဟုတ် သူမကို ဧဝံဂေလိတရားတော်ကို တစ်ဆင့်ချင်းကျင့်သုံးရန် ကူညီပါ။

ရုပ်ပုံ
ပွဲတော်သုံးဆောင်နေသောအမျိုးသမီး

ယေရှုခရစ်တော်၏နာမတော်ကို ကျွန်ုပ်တို့အပေါ်ခံယူရန် လိုလိုလားလားရှိစေဖို့ ကျွန်ုပ်တို့၏ပဋိညာဉ်

ကျွန်ုပ်တို့သည် ဗတ္တိဇံခံသောအခါ၊ “စိတ်နှလုံးရည်ရွယ်ချက်အပြည့်နှင့်” ယေရှုခရစ်တော်နောက်လိုက်လျှောက်ရန် ပဋိညာဉ်ပြုကြပါသည်။ “ယေရှုခရစ်တော်၏နာမတော်ကို [ကျွန်ုပ်တို့]အပေါ်ခံယူရန် လိုလိုလားလားရှိ” ၂ နီဖိုင်း ၃၁း၁၃၊ လည်းရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀◌း၃၇ ကြကြောင်းကို လည်း သက်သေခံကြပါသည်။

ယေရှုခရစ်တော်၏နာမတော်ကို ကျွန်ုပ်တို့အပေါ်ခံယူခြင်းဆိုသည်မှာ ကျွန်ုပ်တို့ ကိုယ်တော်ကို သတိရကြောင်းနှင့် ကိုယ်တော်၏တစ်သက်တာတပည့်တော်များအဖြစ် နေထိုင်ရန် ကြိုးစားကြောင်း ကို ဆိုလိုပါသည်။ ကျွန်ုပ်တို့အားဖြင့် ကိုယ်တော်၏အလင်းကို အခြားသူများဆီသို့ ရောက်စေပါသည်။ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ကိုယ်တော်ပိုင်သောသူများအဖြစ် မြင်ကြပါသည်၊ ကျွန်ုပ်တို့ဘဝ၌ ကိုယ်တော်ကို ပထမဦးစားပေးကြပါသည်။

အောက်ပါကဏ္ဍများတွင် ကျွန်ုပ်တို့ ယေရှုခရစ်တော်ကို သတိရပြီး လိုက်လျှောက်ရာ နည်းလမ်းနှစ်ခုကို ဖော်ပြပါသည်။

အကြိမ်ကြိမ်ဆုတောင်းခြင်း

ဆုတောင်းခြင်းသည် စိတ်နှလုံးမှလာသည့်၊ ကောင်းကင်ဘုံရှင်အဘနှင့် ရိုးရှင်းသော စကားပြောခြင်းတစ်ခုဖြစ်ပါသည်။ ဆုတောင်းခြင်းတွင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ပွင့်လင်းစွာ၊ ရိုးသားစွာ စကားပြောကြပါသည်။ ကိုယ်တော်ကို ချစ်ခြင်းနှင့် ကျွန်ုပ်တို့၏ကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးတင်ခြင်းကို ဖော်ပြကြပါသည်။ အကူအညီ၊ အကာအကွယ်နှင့် လမ်းညွှန်မှုကိုလည်း တောင်းကြပါသည်။ ဆုတောင်းခြင်းကို ပိတ်သည့်အခိုက်တွင် ခဏစောင့်၍ နားထောင်ရန် အချိန်ယူသင့်ပါသည်။

ယေရှုက သွန်သင်ခဲ့ပါသည်၊ “သင်တို့သည် ငါ၏နာမတော်ဖြင့် ခမည်းတော်ထံ အမြဲဆုတောင်းရမည်” (၃ နီဖိုင်း ၁၈း၁၉၊ အထူးပြုချက် ထည့်သွင်းထားသည်၊ လည်းရှု မောရှေ ၅း၈)။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏နာမတော်ဖြင့် ဆုတောင်းစဉ်တွင် ကိုယ်တော်နှင့် ကောင်းကင်ဘုံရှင်အဘ နှစ်ဦးစလုံးကို သတိရကြပါသည်။

ယေရှုသည် ကျွန်ုပ်တို့ဆုတောင်းရာတွင် လိုက်လျှောက်ရမည့် ပုံသက်သေကို ပြထားပါသည်။ ကျွန်ုပ်တို့သည် ကျမ်းစာများ၌ ကယ်တင်ရှင်၏ဆုတောင်းခြင်းများအကြောင်းကို လေ့လာခြင်းဖြင့် ဆုတောင်းခြင်းအကြောင်းကို ပို၍လေ့လာနိုင်ပါသည် (ရှု ရှင်မဿဲ ၆း၉-၁၃ရှင်ယောဟန် ၁၇)။

ကျွန်ုပ်တို့၏ဆုတောင်းခြင်းများတွင် အောက်ပါအပိုင်းများ ပါဝင်နိုင်ပါသည်၊

  • ကောင်းကင်ဘုံရှင်အဘကို တိုင်တည်ခြင်းဖြင့် စတင်ပါ။

  • ကျွန်ုပ်တို့ ရရှိခဲ့သည့် ကောင်းချီးမင်္ဂလာများ အတွက် ကျေးဇူးတင်ခြင်းကဲ့သို့သော၊ ကျွန်ုပ်တို့ စိတ်နှလုံး၏ခံစားချက်များကို ဖော်ပြပါ။

  • မေးခွန်းများမေးပါ၊ လမ်းညွှန်မှုကို ရှာပါ၊ ကောင်းချီးမင်္ဂလာများ တောင်းပါ။

  • “ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်”ဟုဆို၍ အဆုံးသတ်ပါ။

ကျမ်းစာများက ကျွန်ုပ်တို့ကို မနက်၊ ညနေတို့တွင် ဆုတောင်းရန် ဆုံးမပါသည်။ သို့သော်လည်း၊ ကျွန်ုပ်တို့သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အခြေအနေတွင်မဆို ဆုတောင်းနိုင်ပါသည်။ ကျွန်ုပ်တို့ ကိုယ်ပိုင်နှင့် မိသားစုဆုတောင်းခြင်းများအတွက်၊ ကျွန်ုပ်တို့ ဆုတောင်းသောအခါ၊ ဒူးထောက်ခြင်းသည် အဓိပ္ပာယ်ရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် စိတ်နှလုံးတွင် ဆုတောင်းခြင်းတစ်ခု အမြဲရှိသင့်ပါသည်။ (ရှု အယ်လမာ ၃၄း၂၇၃၇း၃၆-၃၇၃ နီဖိုင်း ၁၇း၁၃၁၉း၁၆။)

ကျွန်ုပ်တို့၏ဆုတောင်းခြင်းများသည် စဉ်းစဉ်းစားစားနှင့် စိတ်နှလုံးမှ လာသင့်ပါသည်။ ကျွန်ုပ်တို့သည် ဆုတောင်းသောအခါ၊ အလားတူအရာများကို အလားတူနည်းများဖြင့် ပြောခြင်းကို ရှောင်သင့်ပါသည်။

ယုံကြည်ခြင်း၊ ရိုးသားခြင်းနှင့်အတူ ကျွန်ုပ်တို့ရရှိသည့်အဖြေအတိုင်း လုပ်ဆောင်ရန် စစ်မှန်သော ရည်ရွယ်ချက်ဖြင့် ဆုတောင်းကြပါသည်။ ဤသို့ပြုကြသည်နှင့်အမျှ၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကောင်းသောဆုံးဖြတ်ချက်များ ပြုလုပ်ရန် လမ်းညွှန်ကူညီပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ပိုနီးလာသည်ဟု ခံစားရလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နားလည်ခြင်းနှင့် သမ္မတရားကို ပေးလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နှစ်သိမ့်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ခွန်အားတို့ဖြင့် ကောင်းချီးပေးလိမ့်မည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍သင်ယူခြင်း

ကျမ်းစာများကို လေ့လာပါ

နီဖိုင်းက သွန်သင်ခဲ့ပါသည်၊ “ခရစ်တော်၏နှုတ်ကပတ်တော်များကို ပွဲခံပျော်မွေ့လော့၊ အကြောင်းမူကား ၎င်းတို့သည် သင်လုပ်ဆောင်ရမည့် အရာအားလုံးကို ပြောပြလိမ့်မည်” (၂ နီဖိုင်း ၃၂း၃၊ လည်းရှု ၃၁း၂၀)။

ကျမ်းစာများကို လေ့လာခြင်းသည် ယေရှုခရစ်တော်ကို သတိရပြီးလိုက်လျှောက်ရန် အရှိမဖြစ်လိုအပ်သောနည်းလမ်းတစ်ခုဖြစ်ပါသည်။ ကျမ်းစာများတွင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အသက်တာ၊ အမှုတော်ဆောင်ခြင်းနှင့် သွန်သင်ခြင်းတို့အကြောင်းများကို သင်ယူရပါသည်။ ကိုယ်တော်၏ကတိတော်များအကြောင်းကိုလည်း သင်ယူရပါသည်။ ကျွန်ုပ်တို့သည် ကျမ်းစာများကို ဖတ်သည်နှင့်အမျှ ကိုယ်တော်၏ချစ်ခြင်းကို တွေ့ကြုံရပါသည်။ ကျွန်ုပ်တို့၏စိတ်ဝိညာဉ်များ ကျယ်ပြန့်လာ၊ ကိုယ်တော်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းတိုးလာ၊ ကျွန်ုပ်တို့၏စိတ်များ အလင်းသို့ ရောက်လာကြပါသည်။ ကိုယ်တော်၏ဘုရားသာသနာအကြောင်း ကျွန်ုပ်တို့၏သက်သေခံချက်များ ခိုင်မာလာပါသည်။

ကျွန်ုပ်တို့သည် ဘဝတွင် ကိုယ်တော်၏နှုတ်ကပတ်တော်များကို အသုံးချကြသည်နှင့်အမျှ ယေရှုကို သတိရပြီးလိုက်လျှောက်ကြပါသည်။ ကျွန်ုပ်တို့သည် ကျမ်းစာများကို နေ့စဉ်လေ့လာရပါမည်၊ အထူးသဖြင့် မော်မုန်ကျမ်းကို လေ့လာရပါမည်။

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ ကျမ်းစာများမှာ၊ သန့်ရှင်းသောသမ္မာကျမ်းစာ၊ မော်မုန်ကျမ်း၊ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၊ မြတ်ပုလဲကျမ်းတို့ဖြစ်ပါသည်။ ဤအရာတို့ကို “စံနှုန်းအမှုများ” ဟုလည်းခေါ်ပါသည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • ကျမ်းစာများသို့လမ်းညွှန်၊ “ကျမ်းစာများ။”

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “ကျမ်းစာများ

ရုပ်ပုံ
လူအုပ်ကို သွန်သင်နေသည့် ယေရှုခရစ်တော်

ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းစေဖို့ ကျွန်ုပ်တို့၏ပဋိညာဉ်

မှတ်စု ဤကဏ္ဍတွင် ပညတ်တော်များကို သွန်သင်ရာနည်းလမ်းများစွာရှိပါသည်။ ဥပမာ၊ သင်သည် ၎င်းတို့ကို အလည်အပတ်အနည်းငယ်တွင် သွန်သင်ကောင်းသွန်သင်နိုင်ပါသည်။ သို့မဟုတ် ၎င်းတို့အထဲမှ အချို့ကို ပထမသင်ခန်းစာ သုံးခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သွန်သင်နိုင်ပါသည်။ ပညတ်တော်များကို သွန်သင်သောအခါ၊ ၎င်းတို့ကို ဗတ္တိဇံပဋိညာဉ်များ၊ ကယ်တင်ခြင်းအစီအစဉ်တို့နှင့် ဆက်စပ်ကြောင်း သေချာပါစေ။

ကျွန်ုပ်တို့သည် ဗတ္တိဇံခံသောအခါ၊ “ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်း” (မောဇိယ ၁၈း၁၀အယ်လမာ ၇း၁၅)မည်ဖြစ်ကြောင်း ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြပါသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ချစ်သောကြောင့် ပညတ်တော်များ ပေးခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ယခုနှင့် ထာဝရကာလနှစ်ခုလုံးအတွက် အကောင်းဆုံးကို ဖြစ်စေလိုပါသည်။ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘအဖြစ်၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဝိညာဉ်ပကတိနှင့် ဇာတိပကတိကောင်းကျိုးအတွက် လိုအပ်ချက်ကို သိပါသည်။ ကျွန်ုပ်တို့ကို အကြီးဆုံးပျော်ရွှင်မှုကို ဖြစ်စေမည့်အရာကိုလည်း သိပါသည်။ ပညတ်တော်တစ်ခုချင်းစီတိုင်းသည် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များကို လမ်းညွှန်ရန်၊ ကျွန်ုပ်တို့ကို ကာကွယ်ရန်၊ ကျွန်ုပ်တို့ တိုးတက်ဖို့ ကူညီရန် ပေးထားသည့် ဘုရားဆုကျေးဇူးတစ်ခုဖြစ်ပါသည်။

ကျွန်ုပ်တို့ မြေကြီးသို့လာခဲ့ခြင်း၏အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့၏ ရွေးချယ်ပြုမူနိုင်ခွင့်ကို ဉာဏ်ရှိစွာအသုံးပြုခြင်းဖြင့်၊ သင်ယူတိုးတက်ရန် ဖြစ်ပါသည် (ရှု အာဗြဟံ ၃း၂၅)။ ဘုရားသခင်၏ပညတ်တော်များကို နာခံရန်— ကျွန်ုပ်တို့ အဆင့်မမီသောအခါ နောင်တရရန်—ရွေးချယ်ခြင်းက ကျွန်ုပ်တို့ကို ဤစိန်ခေါ်မှုအကြိမ်ကြိမ်ရှိသည့် လူ့ဇာတိခရီးတွင် လမ်းကြောင်းကို ထိန်းဖို့ ကူညီပါသည်။

ဘုရားသခင်၏ပညတ်တော်များသည် ခွန်အားနှင့် ကောင်းချီးမင်္ဂလာတို့၏ ရင်းမြစ်တစ်ခုဖြစ်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၂း၈-၉)။ ပညတ်တော်များကို စောင့်ထိန်းခြင်းဖြင့်၊ ကျွန်ုပ်တို့သည် ထိုပညတ်တော်များမှာ ကျွန်ုပ်တို့၏ လွတ်လပ်မှုကိုကန့်သတ်သည့် ဖိစီးသောဥပဒေများ မဟုတ်ကြောင်း ကျွန်ုပ်တို့ သင်ယူရပါသည်။ စစ်မှန်သောလွတ်လပ်မှုသည် ပညတ်တော်များကို စောင့်ထိန်းခြင်းမှ လာပါသည်။ နာခံခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်၊ အလင်းနှင့် အသိဉာဏ်ကို ကျွန်ုပ်တို့ထံဆောင်ယူလာသည့် ခွန်အား၏အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ ထိုအရာက ကျွန်ုပ်တို့ထံ သာ၍ကြီးသောပျော်ရွှင်ခြင်းကို ဆောင်ယူလာပါသည်၊ ဘုရားသခင်၏သားသမီးများအဖြစ် ကျွန်ုပ်တို့၏ မြင့်မြတ်သော အလားအလာသို့ရောက်စေရန်လည်း ကျွန်ုပ်တို့ကို ကူညီပါသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အား ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းသမျှ ကောင်းချီးပေးရန် ကတိထားတော်မူပါသည်။ အချို့ကောင်းချီးမင်္ဂလာများသည် အချို့သောပညတ်တော်များအတွက် သတ်သတ်မှတ်မှတ်ရှိပါသည်။ ကိုယ်တော်၏အဆုံးစွန်သော ကောင်းချီးမင်္ဂလာများမှာ ဤဘဝနှင့် နောင်လာမည့်ထာဝရအသက်၌ ငြိမ်းချမ်းခြင်းဖြစ်ပါသည်။ (ရှု မောဇိယ ၂း၄၁အယ်လမာ ၇း၁၆ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၄း၇၅၉း၂၃၉၃း၂၈၁၃၀း၂၀-၂၁။)

ဘုရားသခင်၏ကောင်းချီးမင်္ဂလာများသည် ဝိညာဉ်ပကတိနှင့် ဇာတိပကတိနှစ်မျိုးစလုံးဖြစ်ပါသည်။ အချို့အချိန်များတွင်၊ ကျွန်ုပ်တို့သည် ၎င်းတို့ကို စောင့်ရာ၌ သည်းခံရန် လိုအပ်ပါသည်၊ ကိုယ်တော်၏အလိုတော်နှင့် အချိန်အတိုင်း ရောက်လာလိမ့်မည်ဟု ယုံကြည်စိတ်ချလျက်ရှိရပါမည် (ရှု မောဇိယ ၇း၃၃ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၈း၆၈)။ အချို့ကောင်းချီးမင်္ဂလာများကို ခွဲခြားသိမြင်ရန်၊ ကျွန်ုပ်တို့သည် ဝိညာဉ်ပကတိ၌အာရုံစိုက်သတိပြုရန်လိုအပ်ပါသည်။ ဤအရာသည် ရိုးရှင်း၍သာမာန်ဟုထင်ရဖွယ်ရှိသည့် နည်းလမ်းများဖြင့်ရောက်လာသည့် ကောင်းချီးမင်္ဂလာများနှင့် ပတ်သက်၍ အထူးသဖြင့် မှန်ကန်ပါသည်။

အချို့ကောင်းချီးမင်္ဂလာများသည် လွန်ပြီးမှသာထင်ရှားကောင်းထင်ရှားပါလိမ့်မည်။ အခြားကောင်းချီးမင်္ဂလာများသည် ဤဘဝပြီးသည့်နောက်တိုင်အောင် ရောက်ချင်မှ ရောက်လာလိမ့်မည်။ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများ၏အချိန် သို့မဟုတ် သဘာဝက မည်သို့ပင်ရှိပါစေ၊ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ကို ကျင့်သုံးကြသမျှ၊ ထိုမင်္ဂလာများ ရောက်လာမည်ကို အာမခံရနိုင်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၂း၁၀)။

ဘုရားသခင်သည် ကိုယ်တော်၏သားသမီးအားလုံးကို စုံလင်စွာချစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အားနည်းချက်များကို သည်းခံပါသည်၊ ကျွန်ုပ်တို့ နောင်တရသည့်အခါ ခွင့်လွှတ်ပါသည်။

ကြီးစွာသောပညတ်တော်နှစ်ခု

ယေရှုဟာ “ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းလို့အမေးခံရတဲ့အခါ” သူဖြေခဲ့သည်မှာ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့။”

ထို့နောက်တွင် ယေရှုသည် ပထမပညတ်နည်းတူ၊ ဒုတိယကြီးစွာသောပညတ်တော်ကို မိန့်တော်မူခဲ့ပါသည်၊ “ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” (ရှင်မဿဲ ၂၂း၃၆-၃၉)။ “ဤအရာတို့ထက် သာ၍ကြီးမြတ်သည့် အခြားပညတ်တော်မရှိ” (ရှင်မာကု ၁၂း၃၁)။

ဘုရားသခင်၏ဝိညာဉ်သားသမီးအဖြစ် ကျွန်ုပ်တို့သည် အင်မတန်ကြီးသည့် ချစ်ခြင်းစွမ်းအားတစ်ခုရှိပါသည်။ ထိုအရာမှာ ကျွန်ုပ်တို့၏ ဝိညာဉ်ပကတိအမွေ၏တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ဘုရားသခင်ကို ပထမဆုံးချစ်၍၊ ကျွန်ုပ်တို့၏စပ်ဆိုင်သူကို ချစ်ရန် ဟူသည့်—ဤကြီးမြတ်သောပညတ်နှစ်ခုကို ကျင့်သုံးခြင်းသည်—ယေရှုခရစ်တော်၏တပည့်တော်များ၏ သတ်မှတ်ရာလက္ခဏာတစ်ခုဖြစ်ပါသည်။

ဘုရားသခင်၏ချစ်ခြင်း

ဘုရားသခင်အပေါ်ကျွန်ုပ်တို့၏ချစ်ခြင်းကို ပြနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းနိုင်ပါသည် (ရှု ရှင်ယောဟန် ၁၄း၁၅-၂၁)။ ကျွန်ုပ်တို့သည် ကိုယ့်အလိုကို ကိုယ်တော်၏အလိုတော်သို့ လိုက်၍ ဘဝတွင် ကိုယ်တော်ကို ပထမဦးစားပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ ဆန္ဒများ၊ အတွေးများနှင့် စိတ်နှလုံးကို ကိုယ်တော်အပေါ် ဗဟိုပြုနိုင်ပါသည်(ရှု အယ်လမာ ၃၇း၃၆)။ ကျွန်ုပ်တို့ကို ကိုယ်တော်ပေးတော်မူခဲ့သည့် ကောင်းချီးမင်္ဂလာများအတွက် ကျေးဇူးသိတတ်ခြင်းဖြင့် နေနိုင်ပါသည်—ထိုကောင်းချီးမင်္ဂလာများကို ဝေငှရာ၌ သဒ္ဒါတရား ထက်သန်နိုင်ပါသည် (ရှု မောဇိယ ၂း၂၁-၂၄၄း၁၆-၂၁)။ ဆုတောင်းခြင်း၊ အခြားသူများကို အစေခံခြင်းတို့အားဖြင့်၊ ကျွန်ုပ်တို့သည် ကိုယ်တော်အပေါ်ချစ်ခြင်းကို ဖော်ပြနိုင်၊ ပိုပြီးလေးနက်စေနိုင်ပါသည်။

အခြားပညတ်တော်များကဲ့သို့ပင်၊ ဘုရားသခင်ကို ချစ်ရန် ပညတ်တော်သည် ကျွန်ုပ်တို့ကောင်းကျိုးအတွက် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ချစ်သည့်အရာက ကျွန်ုပ်တို့ရှာသည့်အရာကို သတ်မှတ်ပါသည်။ ကျွန်ုပ်တို့ရှာသည့်အရာက ကျွန်ုပ်တို့ စဉ်းစားသည့်၊ လုပ်ဆောင်သည့်အရာကို သတ်မှတ်ပါသည်။ ကျွန်ုပ်တို့ စဉ်းစားသည့်၊ လုပ်ဆောင်သည့်အရာက ကျွန်ုပ်တို့ မည်ကဲ့သို့သောသူတွေဖြစ်ကြောင်း—မည်ကဲ့သို့သောသူတွေ ဖြစ်လာမည့်အကြောင်းကို သတ်မှတ်ပါသည်။

အခြားသူများကို ချစ်ပါ

အခြားသူများကို ချစ်ခြင်းသည် ဘုရားသခင်အပေါ် ကျွန်ုပ်တို့ ချစ်ခြင်း၏ ဆင့်ပွားခြင်းတစ်ခု ဖြစ်ပါသည်။ ကယ်တင်ရှင်သည် ကျွန်ုပ်တို့အား အခြားသူများကို ချစ်ရာနည်းလမ်းများစွာကို သွန်သင်ပေးခဲ့ပါသည် (ရှု၊ ဥပမာအားဖြင့်၊ ရှင်လုကာ ၁၀း၂၅-၃၇ နှင့် ရှင်မဿဲ ၂၅း၃၁-၄၆)။ ကျွန်ုပ်တို့သည် ၎င်းတို့ဆီဖြန့်ကျက်ကြ၊ ကျွန်ုပ်တို့ စိတ်နှလုံးနှင့် ဘဝထဲသို့လည်း ကြိုဆိုကြပါသည်။ ကျွန်ုပ်တို့သည် အစေခံခြင်း—သေးငယ်သောနည်းလမ်းများဖြင့် ကျွန်ုပ်တို့ကိုယ်ကို ပေးဆပ်ခြင်းတို့ဖြင့် ချစ်ကြပါသည်။ ကျွန်ုပ်တို့သည် အခြားသူများကို ကောင်းချီးပေးရန် ကျွန်ုပ်တို့ကို ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးများကို အသုံးပြုခြင်းဖြင့် သူတို့ကို ချစ်ကြပါသည်။

အခြားသူများကို ချစ်ခြင်းတွင် သည်းခံခြင်း၊ ကြင်နာခြင်းနှင့် ရိုးသားခြင်းတို့ ပါဝင်ပါသည်။ လွတ်လပ်စွာ ခွင့်လွှတ်ခြင်း ပါဝင်ပါသည်။ လူအားလုံးကို လေးစားစွာဆက်ဆံခြင်းဟု ဆိုလိုပါသည်။

ကျွန်ုပ်တို့ တစ်စုံတစ်ဦးကို ချစ်သည့်အခါ၊ ကျွန်ုပ်တို့နှင့် ထိုလူ နှစ်ဖက်စလုံး ကောင်းချီးခံစားရပါသည်။ ကျွန်ုပ်တို့ စိတ်နှလုံး ကြီးထွား၍၊ ကျွန်ုပ်တို့၏ဘဝများ ပို၍ အဓိပ္ပာယ်ရှိလာပြီး၊ ကျွန်ုပ်တို့၏ ဝမ်းမြောက်ခြင်း တိုးလာပါသည်။

ကောင်းချီးမင်္ဂလာများ

ကြီးမြတ်သောပညတ်တော်နှစ်ခု—ဘုရားသခင်ကို ချစ်ရန်နှင့် ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ရန်—တို့သည် ဘုရားသခင်၏ပညတ်တော်အားလုံး၏ အုတ်မြစ်ဖြစ်ပါသည် (ရှု ရှင်မဿဲ ၂၂း၄၀)။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပထမဦးစွာချစ်လျှင်၊ အခြားသူများကိုလည်း ချစ်လျှင် ကျွန်ုပ်တို့ ဘဝ၌ အရာရာတိုင်းသည်သူ့သင့်လျော်ရာနေရာတွင် ရှိလိမ့်မည်။ ဤချစ်ခြင်းသည် ကျွန်ုပ်တို့၏အမြင်၊ ကျွန်ုပ်တို့၏အချိန်သုံးစွဲမှု၊ ကျွန်ုပ်တို့ လိုက်သည့် စိတ်ဝင်စားမှုများ၊ ကျွန်ုပ်တို့၏ဦးစားပေးမှုများ၏အစီအစဉ်တို့အပေါ် သက်ရောက်မှုရှိပါလိမ့်မည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • ကျမ်းစာလမ်းညွှန်၊ “မေတ္တာ၊” “ချစ်ခြင်း

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “မေတ္တာ၊” “ချစ်ခြင်း

ပရောဖက်နောက်လိုက်လျှောက်လော့

ဘုရားသခင်သည် ပရောဖက်များကို မြေကြီးပေါ်၌ ကိုယ်တော်၏ကိုယ်စားလှယ်များအဖြစ် ခေါ်သွင်းပါသည်။ ကိုယ်တော်၏ပရောဖက်များမှတစ်ဆင့်၊ ကိုယ်တော်သည် သမ္မာတရားကို ဖော်ပြ၍၊ လမ်းညွှန်ချက်များနှင့် သတိပေးခြင်းများကို ပေးပါသည်။

ဘုရားသခင်သည် ဂျိုးဇက်စမစ်ကို နောက်ပိုင်းကာလများအတွက် ပထမဆုံးပရောဖက်အဖြစ် ခေါ်သွင်းခဲ့ပါသည် (ရှု သင်ခန်းစာ ၁)။ ယနေ့တွင် ဦးဆောင်နေသည့် ပရောဖက်အပါအဝင်၊ ဂျိုးဇက်စမစ်နောက်မှ လူတို့သည် ကိုယ်တော်၏အသင်းတော်ကို ဦးဆောင်ရန် ဘုရားသခင်အားဖြင့် ထိုနည်းတူ ခေါ်သွင်းခံခဲ့ကြရပါသည်။ ကျွန်ုပ်တို့သည် အသက်ရှင်သောပရောဖက်၏မြင့်မြတ်သောခေါ်သွင်းခြင်းနှင့် ပတ်သက်၍ နားသွင်းခြင်းတစ်ခုကို ရရှိရမည်၊ သူ၏သွန်သင်ချက်များကို လိုက်လျှောက်ရမည်။

အသက်ရှင်သောပရောဖက်များနှင့် တမန်တော်တို့၏သွန်သင်ခြင်းများသည် တန်ဖိုးများ ပြောင်းရွှေ့နေသည့် လောကတွင် ထာဝရသမ္မာတရား၏ ခိုင်မြဲခြင်းတစ်ခုကို ပေးပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပရောဖက်များနောက်ကို လိုက်လျှောက်ကြသည်နှင့်အမျှ၊ လောက၏ရှုပ်ထွေးခြင်းနှင့် ပဋိပက္ခတို့သည် ကျွန်ုပ်တို့ကို အနိုင်ရမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဤဘဝတွင် သာ၍ကြီးသည့် ပျော်ရွှင်မှုကို ရှာတွေ့လိမ့်မည်၊ ကျွန်ုပ်တို့ထာဝရခရီး၏ ဤအပိုင်းအတွက် လမ်းညွှန်မှုကို ရရှိလိမ့်မည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ပညတ်တော်ဆယ်ပါးကို စောင့်ထိန်းပါ

ဘုရားသခင်သည် ရှေးပရောဖက်မောရှေအား သူ၏လူမျိုးတို့ကို လမ်းညွှန်ရန် ပညတ်တော်ဆယ်ပါး ကို ဖော်ပြခဲ့ပါသည်။ ဤပညတ်တော်ဆယ်ပါးသည် ကျွန်ုပ်တို့ခေတ်တွင်လည်း ကိုက်ညီပါသည်။ ကျွန်ုပ်တို့အား ဘုရားသခင်ကို ကိုးကွယ်ရန်နှင့် ရိုသေမှုကို ပြရန်သွန်သင်ပါသည်။ တစ်ဦးနှင့်တစ်ဦး မည်သို့ ဆက်ဆံရမည်ကိုလည်း ကျွန်ုပ်တို့ကို သွန်သင်ပါသည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ရုပ်ပုံ
အမျိုးသမီးကို ပွေ့ချီလာသည့် အမျိုးသား

ကာမစင်ကြယ်ခြင်းပညတ်ကို ကျင့်သုံးပါ

ကာမစင်ကြယ်ခြင်းပညတ်သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအတွက် ဘုရားသခင့်အစီအစဉ်၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ခင်ပွန်းနှင့် ဇနီးကာမနှီးနှောခြင်းသည် ကလေးများဖြစ်ပွားစေခြင်းအတွက်နှင့် အိမ်ထောင်အတွင်းချစ်ခြင်းကို ပြခြင်းအတွက် ဘုရားသခင်ခန့်ထားသည့်အရာ ဖြစ်ပါသည်။ ဤနှီးနှောခြင်းနှင့် လူသားဘဝကို ဖြစ်ပွားစေသည့် စွမ်းအားတို့သည် လှပသန့်ရှင်းမွန်မြတ်စေဖို့ ရည်ရွယ်ထားပါသည်။

ဘုရားသခင်၏ကာမစင်ကြယ်ခြင်းပညတ်သည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တရားဝင်လက်ထပ်ခြင်းမရှိဘဲ ကာမဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်ပါသည်။ ဤပညတ်သည် လူတစ်ဦး လက်ထပ်အပြီးတွင် မိမိအိမ်ထောင်ဘက်အပေါ် လုံးဝသစ္စာရှိစောင့်ထိန်းခြင်းကိုလည်း ဆိုလိုပါသည်။

ကျွန်ုပ်တို့အား ကာမစင်ကြယ်ခြင်းပညတ်ကို စောင့်ထိန်းရန် ကူညီဖို့ ပရောဖက်များက ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏အတွေးများနှင့် စကားလုံးများကို သန့်ရှင်းစေဖို့ ဆုံးမထားပါသည်။ ကျွန်ုပ်တို့သည် ကာမရာဂစိတ်ကြွစေခြင်း ပုံစံမှန်သမျှကို ရှောင်ကြဉ်ရမည်။ ကာမစင်ကြယ်ခြင်းပညတ်ကို စောင့်ထိန်းခြင်းတွင်၊ ကျွန်ုပ်တို့သည် အပြုအမူအသွင်အပြင်တွင် ဩတ္တပ္ပတရားရှိရပါမည်။

ဗတ္တိဇံခံမည့်သူများသညိ ကာမစင်ကြယ်ခြင်းပညတ်ကို ကျင့်သုံးရမည်။

နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်း

ဘုရားသခင်၏အမြင်တွင်၊ ကာမစင်ကြယ်ခြင်းပညတ်ကို ချိုးဖောက်ခြင်းသည် အလွန်ပြင်းထန်ပါသည် (ရှု ထွက်မြောက်ရာကျမ်း ၂၀း၁၄ဧဖက်ဩဝါဒစာ ၅း၃)။ ထိုအရာသည် ဘဝကို ဖန်တီးရန် ကိုယ်တော်ပေးထားသည့် သန့်ရှင်းမွန်မြတ်သော စွမ်းအားကို အလွဲသုံးခြင်းဖြစ်ပါသည်။ သို့ရာတွင်၊ ကျွန်ုပ်တို့ ဤပညတ်ကို ချိုးဖောက်ခဲ့လျှင်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဆက်၍ ချစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နောင်တရရန်နှင့် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် သန့်ရှင်းလာစေရန် ဖိတ်ခေါ်ပါသည်။ အပြစ်ကြောင့် စိတ်ပျက်မှုကို ဘုရားသခင့် ခွင့်လွှတ်ခြင်း၏ ချိုမြိန်သော ငြိမ်းချမ်းခြင်းဖြင့် အစားထိုးနိုင်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၅၈း၄၂-၄၃)။

ကောင်းချီးမင်္ဂလာများ

ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် မြေကြီးသို့ ကိုယ်တော်စေလွှတ်ခဲ့သည့် ဝိညာဉ်သားသမီးများကို ကောင်းချီးပေးရန် ကာမစင်ကြယ်ခြင်းပညတ်ကို ပေးခဲ့ပါသည်။ ဤပညတ်ကို နာခံခြင်းသည် ကိုယ်ပိုင်ငြိမ်းချမ်းခြင်းအတွက်၊ ကျွန်ုပ်တို့မိသားစု ဆက်ဆံရေးများတွင် ချစ်ခြင်း၊ ယုံကြည်စိတ်ချခြင်းနှင့် စည်းလုံးခြင်းရှိခြင်းတို့အတွက် မရှိမဖြစ်လိုအပ်ပါသည်။

ကျွန်ုပ်တို့သည် ကာမစင်ကြယ်ခြင်းပညတ်ကို ကျင့်သုံးကြသည်နှင့်အမျှ၊ လက်ထပ်ခြင်းပြင်ပ၌လိင်နှီးနှောခြင်းမှ ရရှိသည့် ဝိညာဉ်ပကတိအန္တရာယ်မှ ကာကွယ်ခံကြရလိမ့်မည်။ ကျွန်ုပ်တို့သည်ထိုကဲ့သို့သောဆက်ဆံရေးများနှင့် အတူပါလာလေ့ရှိသည့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာပြဿနာများကိုလည်းရှောင်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့၌ ယုံကြည်မှုတိုးလာလိမ့်မည်။ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၁၂၁း၄၅)။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏လွှမ်းမိုးမှုသို့ ပို၍ပွင့်လင်းလိမ့်မည်။ ကျွန်ုပ်တို့မိသားစုများကို ထာဝရစည်းလုံးစေမည့် သန့်ရှင်းမွန်မြတ်သည့် ပဋိညာဉ်များကို ဗိမာန်တော်ထဲ၌ ပြုလုပ်ရန် ပို၍ကောင်းစွာပြင်ဆင်ပြီးဖြစ်လိမ့်မည်။

ကျမ်းစာလေ့လာပါ

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာပါ

  • ကျမ်းစာများသို့လမ်းညွှန်၊ “ကာမစင်ကြယ်ခြင်း။”

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “ကာမစင်ကြယ်ခြင်း

ဆယ်ဖို့တစ်ဖို့ပညတ်ကို စောင့်ထိန်းပါ

အသင်းတော်၌ အသင်းသားဖြစ်ရခြင်း၏ကြီးမြတ်သောအထူးအခွင့်အရေးမှာ ဆယ်ဖို့တစ်ဖို့ပေးရသည့် အခွင့်အရေးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဆယ်ဖို့တစ်ဖို့ ပေးသည်နှင့်အမျှဘုရားသခင်၏အမှုတော်တိုးပွားရန် ကိုယ်တော်၏ သားသမီးများကို ကောင်းချီးပေးရန်ကူညီကြပါသည်။

ဆယ်ဖို့တစ်ဖို့ပညတ်သည် ဓမ္မဟောင်းခေတ်၌ မူရင်းရှိပါသည်။ ဥပမာအားဖြင့်၊ ပရောဖက် အာဗြဟံသည် သူပိုင်သမျှ၏ဆယ်ဖို့တစ်ဖို့ကို ပေးပါသည် (ရှု အယ်လမာ ၁၃း၁၅ကမ္ဘာဦးကျမ်း ၁၄း၁၈-၂၀)။

ဆယ်ဖို့တစ်ဖို့ စကားလုံးသည် ဆယ်ပုံတစ်ပုံဟု တိုက်ရိုက်အဓိပ္ပာယ်သက်ရောက်ပါသည်။ ကျွန်ုပ်တို့သည် ဆယ်ဖို့တစ်ဖို့ ပေးရာတွင်၊ ကျွန်ုပ်တို့ဝင်ငွေ၏ ဆယ်ပုံတစ်ပုံကို အသင်းတော်သို့ လှူပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၁၉း၃-၄အတိုး ဆိုသည်မှာဝင်ငွေကို ဆိုလိုသည်ဟု နားလည်ရပါသည်)။ ကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ထံမှ ဆုကျေးဇူးတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဆယ်ဖို့တစ်ဖို့ပေးသောအခါ၊ ကျွန်ုပ်တို့ကို ကိုယ်တော်ပေးခဲ့သည့်အထဲမှ တစ်စိတ်တစ်ပိုင်းကို ပြန်ပေးခြင်းဖြင့် ကိုယ်တော်အား ကျေးဇူးတင်ခြင်းကို ပြကြပါသည်။

ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ပြသခြင်းတစ်ခုဖြစ်ပါသည်။ ဘုရားသခင်ကို ရိုသေရာနည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏နိုင်ငံတော်ကို ပထမ … ရှာ” ရန်ယေရှုကသွန်သင်ပေးခဲ့ပြီး (ရှင်မဿဲ၆း၃၃)၊ ဆယ်ဖို့တစ်ဖို့သည် ထိုအရာကိုလုပ်ဆောင်ရာနည်းလမ်းတစ်ခုဖြစ်ပါသည်။

ရုပ်ပုံ
မုဆိုးမ၏တပဲတန်၊ စန္ဒြာရက်စ်၏လက်ရာ

ဆယ်ဖို့တစ်ဖို့ရန်ပုံငွေများအသုံးပြုခြင်း

ဆယ်ဖို့တစ်ဖို့ ရန်ပုံငွေများသည် သန့်ရှင်းမွန်မြတ်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဆယ်ဖို့တစ်ဖို့ကို သင်းအုပ်အတိုင်ပင်ခံအဖွဲ့တစ်ဦးသို့ ပေးကြပါသည်၊ သို့မဟုတ် နေရာများစွာတွင် ကျွန်ုပ်တို့ အွန်လိုင်းမှပေးနိုင်ကြပါသည်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် ဆယ်ဖို့တစ်ဖို့ကို ရရှိသည့်အခါ၊ အသင်းတော်ရုံးချုပ်များသို့ လွှဲပေးရမည်။

ပထမဥက္ကဋ္ဌအဖွဲ့၊ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၊ ဦးစီးသင်းအုပ်အတိုင်ပင်ခံအဖွဲ့တို့ ကောင်စီတစ်ခုသည် ပါဝင်သည့်ကောင်စီတစ်ခုသည် ဘုရားသခင်၏အမှုတော်အတွက် ဆယ်ဖို့တစ်ဖို့ ရန်ပုံငွေများကို မည်သို့ အသုံးပြုရမည်ကို ဆုံးဖြတ်ကြပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၀◌း၁)။ ဤအသုံးများ၌ပါဝင်သည်များမှာ၊

  • ဗိမာန်တော်များနှင့် အစည်းအဝေးအိမ်များတည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်း။

  • ကျမ်းစာများဘာသာပြန်ခြင်းနှင့် ထုတ်ဝေခြင်း။

  • ဒေသန္တရအသင်းတော်ပရိတ်သတ်များ၏ လှုပ်ရှားမှုများနှင့် လုပ်ဆောင်မှုများကို ကူမခြင်း။

  • ကမ္ဘာတဝန်းသာသနာပြုလုပ်ငန်းကို ကူမခြင်း။

  • မိသားစုသမိုင်းအမှုကို ကူမခြင်း။

  • ကျောင်းများနှင့် ပညာရေးရန်ပုံငွေရှာခြင်း။

ဆယ်ဖို့တစ်ဖို့ကို ဒေသန္တရအသင်းတော်ခေါင်းဆောင်များကို ပေးဖို အသုံးမပြုပါ။ သူတို့သည် မည်သည့်ပေးချေခြင်းမျှမပါဘဲ စေတနာ့ဝန်ထမ်း အစေခံကြပါသည်။

ကောင်းချီးမင်္ဂလာများ

ကျွန်ုပ်တို့ ဆယ်ဖို့တစ်ဖို့ပေးသောအခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့ပေးသည့်အရာထက် များစွာပိုများသည့် ကောင်းချီးမင်္ဂလာများကို ကတိထားပါသည်။ ကိုယ်တော်သည် “မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာ သွန်းလောင်း၍၊ ထားစရာနေရာမလောက်ဖြစ်လိမ့်မည်” (မာခလိ ၃း၁၀၊ ရှု အခန်းငယ် ၇-၁၂)။ ဤကောင်းချီးမင်္ဂလာများသည် ဝိညာဉ်ပကတိနှင့် ဇာတိပကတိနှစ်မျိုးလုံးဖြစ်နိုင်ပါသည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ဉာဏ်ပညာစကားကို နာခံပါ

ကိုယ်တော်ရှင်၏ကျန်းမာရေးပညတ်

ကျွန်ုပ်တို့ကိုယ်ခန္ဓာများသည် ဘုရားသခင်ထံမှ သန့်ရှင်းမွန်မြတ်သည့်ဆုကျေးဇူးများဖြစ်ပါသည်။ ကျွန်ုပ်တို့အယောက်တိုင်းသည် ကိုယ်တော်နှင့် ပိုတူလာစေရန် ရုပ်ကိုယ်ခန္ဓာတစ်ကို လိုအပ်ပါသည်။ ကျွန်ုပ်တို့ကိုယ်ခန္ဓာများသည် အလွန်အရေးကြီးသဖြင့် ကျမ်းစာများတွင် ဗိမာန်တော်များနှင့် နှိုင်းယှဉ်ပါသည် (ရှု ကောရိန္သုဩဝါဒစာပထမစောင် ၆း၁၉-၂၀)။

ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့ကို မိမိကိုယ်ခန္ဓာများကို လေးစားစွာပြုမူစေလိုပါသည်။ ကျွန်ုပ်တို့ကို ဤသို့လုပ်‌ဆောင်ရာ၌ကူညီရန်၊ ကိုယ်တော်သည် ဉာဏ်ပညာစကားဟုခေါ်သည့် ကျန်းမာရေးပညတ်တစ်ခုကို ဖော်ပြခဲ့ပါသည်။ ဤဗျာဒိတ်တော်သည် ကျွန်ုပ်တို့အား ကျန်းမာသောအစာများစားခြင်းနှင့် ကျွန်ုပ်တို့ကိုယ်ခန္ဓာကိုထိခိုက်စေသည့်အရာများ—အထူးသဖြင့် အရက်၊ ဆေးရွက်ကြီး၊ နှင့် ပြင်းသောအရည်များ (လက္ဘက်ရည်နှင့် ကော်ဖီဆိုလိုပါသည်) ကိုမသုံးခြင်းအကြောင်းကို သွန်သင်ပေးပါသည်။

ထိခိုက်သည့်၊ တရားမဝင် သို့မဟုတ် စွဲလမ်းစေသည့် အခြားအရာများအသုံးပြုခြင်းကို ဉာဏ်ပညာစကားစိတ်ဖြင့်၊ ယနေ့ခေတ်ပရောဖက်များက သတိပေးပါသည်။ ဆေးညွှန်းပါဆေးများကို အလွဲသုံးစားပြုခြင်းကိုလည်း ပရောဖက်များက သတိပေးပါသည်။ (သင့်၏ရေမြေဒေသရှိအခြားအရာများကို အသုံးပြုသင့်မသင့်နှင့်ပတ်သက်သည့်မေးခွန်းများကို သင်၏သာသနာပြုဥက္ကဋ္ဌကဖြေလိမ့်မည်)

ကောင်းချီးမင်္ဂလာများ

ကိုယ်တော်ရှင်သည် ဉာဏ်ပညာစကားကို သင်၏ဇာတိပကတိနှင့် ဝိညာဉ်ပကတိကောင်းကျိုးအတွက်ပေးထားပါသည်။ ကျွန်ုပ်တို့ ဤပညတ်ကို စောင့်ထိန်းသည်နှင့်အမျှ ကိုယ်တော်သည် ကြီးစွာသောကောင်းချီးမင်္ဂလာများကို ကတိထားပါသည်။ ဤကောင်းချီးမင်္ဂလာများတွင် ကျန်းမာရေး၊ ဉာဏ်ပညာ၊ အသိဉာဏ်ရတနာများနှင့် ကာကွယ်မှု (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၉း၁၈-၂၁) ပါဝင်ပါသည်။

ဉာဏ်ပညာစကားကို နာခံခြင်းသည် ကျွန်ုပ်တို့အား သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုကို ပို၍လက်ခံရရှိစေရန် ကူညီပါလိမ့်မည်။ ကျွန်ုပ်တို့အားလုံး ကျန်းမာရေးစိန်ခေါ်မှုများ တွေ့ကြုံကြသော်လည်း၊ ဤပညတ်ကို နာခံခြင်းက ကျွန်ုပ်တို့အား ကိုယ်၊ စိတ်နှင့် ဝိညာဉ်၌ ပို၍ကျန်းမာစေရန် ကူညီလိမ့်မည်။

ဗတ္တိဇံခံဖို့ လျှောက်ထားသူများသည် ဉာဏ်ပညာစကားကို နာခံရမည်။

စွဲလမ်းခြင်းနှင့် ရုန်းကန်နေရသည့် လူတို့အားကူညီခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်မှုအတွက်၊ ရှု အခန်း ၁၀

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ဥပုသ်နေ့ကိုသန့်ရှင်းစွာထားခြင်း

အနားယူခြင်းနှင့် ကိုးကွယ်ခြင်းအတွက် နေ့တစ်နေ့

ဥပုသ်နေ့သည် ဘုရားသခင်က ကျွန်ုပ်တို့အတွက် သီတင်းပတ်တိုင်းတွင် ကျွန်ုပ်တို့၏ နေ့စဉ်အလုပ်များမှ အနားယူရန်နှင့် ကိုယ်တော်ကို ကိုးကွယ်ခြင်းအတွက် ခွဲခန့်ထားသည့် သန့်ရှင်းသောနေ့တစ်နေ့ဖြစ်ပါသည်။ မောရှေကိုပေးထားသည့် ပညတ်တော်ဆယ်ပါးထဲမှ တစ်ခုမှာ “ဥပုသ်နေ့ကို အောက်မေ့ရန်၊ သန့်ရှင်းစွာထားရန်” ဖြစ်သည် (ထွက်မြောက်ရာကျမ်း ၂၀း၈၊ လည်းရှု အခန်းငယ် ၉-၁၁)။

ယနေ့ခေတ်ဗျာဒိတ်တော်တွင်၊ ကိုယ်တော်ရှင်ထပ်မံအတည်ပြုထားသည်မှာ ဥပုသ်နေ့သည် “သင့်အဖို့ သင်၏အလုပ်များမှ အနားယူရန်၊ ထို့အတူ၊ အမြင့်ဆုံးသောဘုရားကို ကိုးကွယ်ရန် စီရင်ထားသောနေ့ဖြစ်၏” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၅၉း၁၀)။ ဥပုသ်နေ့သည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်း၊ ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် ဆုတောင်းခြင်းနေ့တစ်နေ့ (ရှု အခန်းငယ် ၁၄-၁၅) ဖြစ်ရမည့်အကြောင်းကိုလည်း မိန့်တော်မူခဲ့ပါသည်။

ကျွန်ုပ်တို့ ဥပုသ်နေ့ကိုးကွယ်ခြင်း၏တစ်စိတ်တစ်ပိုင်းအဖြစ်၊ ကျွန်ုပ်တို့သည် သီတင်းပတ်တိုင်းတွင် ပွဲတော်အစည်းအဝေးကို တက်ကြပါသည်။ ဤအစည်းအဝေးတွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကိုးကွယ်ကြပါသည်၊ ယေရှုခရစ်တော်နှင့် ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကို အောက်မေ့ရန် ပွဲတော်ကို သုံးဆောင်ကြပါသည်။ ကျွန်ုပ်တို့သည် ပွဲတော် သုံးဆောင်သည့်အခါ၊ ကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်များကို သက်တမ်းတိုးကြ၊ ကျွန်ုပ်တို့၏အပြစ်များမှနောင်တရလိုကြောင်းကို ပြကြပါသည်။ ပွဲတော်ဘိသိက်မင်္ဂလာသည် ကျွန်ုပ်တို့ ဥပုသ်စောင့်ခြင်း၏ဗဟိုချက်ဖြစ်ပါသည်။

ဘုရားကျောင်းတွင် ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်အ‌ကြောင်းကို ပို၍သင်ယူသည့် အတန်းများ၌လည်း ပါဝင်ကြပါသည်။ ကျွန်ုပ်တို့ ကျမ်းစာများကို အတူတကွလေ့လာကြသည်နှင့်အမျှ ကျွန်ုပ်တို့၏ယုံကြည်ခြင်းတိုးပွားပါသည်။ ကျွန်ုပ်တို့ အချင်းချင်းအစေခံပြီးခွန်အားဖြည့်ပေးကြသည်နှင့်အမျှ ကျွန်ုပ်တို့၏ချစ်ခြင်းတိုးပွားပါသည်။

ဥပုသ်နေ့တွင် ကျွန်ုပ်တို့၏အလုပ်များမှ အနားယူခြင်းကို ထပ်လောင်းခြင်းအဖြစ်၊ ကျွန်ုပ်တို့သည် သာမန်နေ့တစ်နေ့ပမာအထင်ရောက်စေသည့် ဈေးဝယ်ခြင်းနှင့် အခြားလှုပ်ရှားမှုများကို ရှောင်ရပါမည်။ ကျွန်ုပ်တို့သည် လောကီလှုပ်ရှားမှုများကို သီးသန့်ဖယ်ထားပြီး၊ ကျွန်ုပ်တို့၏အတွေးများနှင့် အပြုအမူများကို ဝိညာဉ်ပကတိကိစ္စများအပေါ် အာရုံစိုက်ကြပါသည်။

ကောင်းမြတ်သောအရာကို ပြုခြင်းအတွက်နေ့တစ်နေ့

ဥပုသ်နေ့တွင်ကောင်းမြတ်သောအရာကိုပြုခြင်းမှာ သန့်ရှင်းစေခြင်းအတွက် ပြုခြင်းမှ ကျွန်ုပ်တို့ရှောင်သည့်အရာကဲ့သို့ပင် အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် မိသားစုနှင့် မိတ်ဆွေများနှင့် ဧဝံဂေလိတရားတော်ကို သင်ယူကြ၊ ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးကြ၊ ဆက်ဆံရေးတည်ဆောက်ကြ၊ အစေခံခြင်းပေးကြ၊ အခြားမြှင့်တင်သည့် လှုပ်ရှားမှုများတွင် ပါဝင်ကြပါသည်။

ရုပ်ပုံ
ကျမ်းစာများ‌ဖတ်နေသည့်ဇနီးမောင်နှံ

ကောင်းချီးမင်္ဂလာများ

ဥပုသ်နေ့ကို သန့်ရှင်းစွာထားခြင်းသည် ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်သို့ ကျွန်ုပ်တို့၏ဆက်ကပ်ခြင်းကို ဖော်ပြချက်တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဥပုသ်နေ့လှုပ်ရှားမှုများကို နေ့အတွက်ဘုရားသခင်၏ရည်ရွယ်ချက်နှင့် သဟဇာတဖြစ်စေသည်နှင့်အမျှ ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို ခံစားရလိမ့်မည်။ ဝိညာဉ်ပကတိ၌ခွန်အားဖြည့်ပေးခံရလိမ့်မည်၊ ဇာတိပကတိ၌ လန်းဆန်းစေလိမ့်မည်။ ဘုရားသခင်နှင့် ပိုနီးသည်ဟုလည်းခံစားရ၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် ဆက်ဆံရေးကိုလည်း လေးနက်စေလိမ့်မည်။ ကျွန်ုပ်တို့ကိုယ်ကျွန်ုတို့ “လောကီအစွန်းအထင်းနှင့် ပို၍ပြည့်စုံစွာကင်းစင်စေ” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၅၉း၉) လိမ့်မည်။ ဥပုသ်နေ့သည် “မွေ့လျော်ရာတစ်ခု” (ဟေရှာယ ၅၈း၁၃၊ လည်းရှု အခန်းငယ် ၁၄)။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “ဥပုသ်နေ့

  • ကျမ်းစာလမ်းညွှန်၊ “ဥပုသ်နေ့

ဥပဒေကို နာခံလေးစားခြင်း

နောက်ပိုင်းကာလသန့်ရှင်းသူများသည် ဥပ‌ဒေကို နာခံခြင်းနှင့် နိုင်ငံသားကောင်းများအဖြစ်ရှိခြင်း (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၄ယုံကြည်ခံယူချက်များ ၁း၁၂)တို့ကို ယုံကြည်ကြပါသည်။ အသင်းတော်အသင်းသားများကို မိမိတို့ ပတ်ဝန်းကျင်နှင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် အစေခံခြင်းပေးရန် တိုက်တွန်းပါသည်။ လူ့အသိုက်အဝန်းနှင့် အစိုးရ၌ ကောင်းမြတ်သောစာရိတ္တအတွက် လွှမ်းမိုးမှုတစ်ခုဖြစ်စေဖို့လည်း တိုက်တွန်းပါသည်။

အသင်းတော်အသင်းသားများအား အစိုးရနှင့် နိုင်ငံရေးဖြစ်စဉ်များ၌ ဥပဒေနှင့်အညီပါဝင်ရန် ဖိတ်ခေါ်ပါသည်။ အစိုးရရာထူးရှိသည့် အသင်းသားများသည် ထိုဌာနများတွင် နိုင်ငံသားများအဖြစ်ဖြင့် လုပ်ဆောင်ကြပါသည်၊ အသင်းတော်ကိုယ်စားလှယ်များအဖြစ်မဟုတ်ပါ။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • နိုင်ငံရေးနှင့် အရပ်သားလှုပ်ရှားမှုအထွေထွေလက်စွဲစာအုပ် အခန်း ၃၈၊ ၈

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “နိုင်ငံသားဖြစ်ခြင်း

ရုပ်ပုံ
ဂျေ၊ ကာ့ရစ်ချတ်၏၊ နိုင်ငံတော်၌အကြီးမြတ်ဆုံး

ဘုရားသခင်နှင့် အခြားသူများကို အစေခံရန် ကျွန်ုပ်တို့၏ပဋိညာဉ်

အစေခံခြင်း

ကျွန်ုပ်တို့သည် ဗတ္တိဇံခံသောအခါ၊ ဘုရားသခင်ကို အစေခံရန်နှင့် အခြားသူများကို အစေခံရန် ပဋိညာဉ်ပြုကြပါသည်။ အခြားသူများကို အစေခံခြင်းသည် ဘုရားသခင်ကို ကျွန်ုပ်တို့အစေခံရာအဓိကနည်းများထဲမှတစ်ခုဖြစ်ပါသည် (ရှု မောရှေ ၂း၁၇)။ ဗတ္တိဇံခံလိုသည့်သူများ ဖြစ်သင့်သည့်အရာကို ပရောဖက်အယ်လမာသွန်သင်ထားသည်မှာ “တစ်ယောက်နှင့်တစ်ယောက်၏ဝန်များကို ပေါ့စေခြင်းငှာ၊ ထမ်းဆောင်ရန်၊ ငိုကြွေးမြည်တမ်းသူတို့နှင့်အတူ ငိုကြွေးမြည်တမ်းရန် လိုလိုလားလားရှိကြရမည်“ (မောဇိယ ၁၈း၈-၉)။

ဗတ္တိဇံခံပြီးမကြာမီတွင်၊ အသင်းသားအသစ်တို့သည် ပုံမှန်အားဖြင့် အသင်းတော်၌အစေခံရန် အမှုတော်ဆောင်တာဝန်တစ်ခုကို ရရှိကြပါသည်။ ဤအမှုတော်ဆောင်တာဝန်များသည် စေတနာ့ဝန်ထမ်းဖြစ်ပါသည်၊ အခမရပါ။ ကျွန်ုပ်တို့သည် ထိုတာဝန်များကို လက်ခံပြီး၊ လုံ့လဝီရိယထက်သန်စွာ အစေံကြသည်နှင့်အမျှ၊ ယုံကြည်ခြင်းတိုးပွားကြ၊ ပင်ကိုယ်အရည်အချင်းများဖွံ့ဖြိုးလာကြပြီး၊ အခြားသူများကို ကောင်းချီးပေးကြပါသည်။

အသင်းတော်၌ ကျွန်ုပ်တို့အစေခံခြင်း၏အခြားအစိတ်အပိုင်းတစ်ခုမှာ “အမှုတော်ဆောင်ညီအစ်ကို“တစ်ဦး သို့မဟုတ် “အမှုတော်ဆောင်ညီအစ်မ“တစ်ဦးအဖြစ်ရှိခြင်းဖြစ်ပါသည်။ ဤတာဝန်တွင်၊ ကျွန်ုပ်တို့သည် တာဝန်ပေးထားသည့် တစ်ဦးချင်းများနှင့် မိသားစုများကို အစေခံကြပါသည်။

ယေရှုခရစ်တော်၏တပည့်တော်များအဖြစ်၊ ကျွန်ုပ်တို့သည် အစေခံရန်အခွင့်အရေးများကို နေ့တိုင်းရှာကြပါသည်။ ကိုယ်တော်ကဲ့သို့ပင်၊ ကျွန်ုပ်တို့သည် “ချမ်းသာကိုပေးလျက်“(တမန်တော်ဝတ္ထု ၁၀း၃၈) လှည့်လည်ကြပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများနှင့် အခြားသူများကို အစေခံကြပါသည်။ ကျွန်ုပ်တို့သည် ရနိုင်သည့်နေရာတွင် JustServeဖြင့် အစေခံခြင်းအခွင့်အရေးများ၌ ပါဝင်နိုင်ကြပါသည်။ ကျွန်ုပ်တို့သည် အသင်းတော်လူသားခြင်းစာနာမှုအားထုတ်မှုများတွင် ကူညီနိုင်ပါသည်၊ ကပ်ဘေးကယ်ဆယ်ရေးတွင် ပါဝင်နိုင်ပါသည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • ကျမ်းစာများသို့လမ်းညွှန်၊ “အစေခံခြင်း

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ “အစေခံခြင်း

ရုပ်ပုံ
စကားပြောနေသည့်လူများ

ဧဝံဂေလိတရားတော်ကို ဝေငှခြင်း

ကျွန်ုပ်တို့၏ဗတ္တိဇံပဋိညာဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ်၊ ကျွန်ုပ်တို့သည် “ဘုရားသခင်၏သက်သေတစ်ဦးအဖြစ် ရပ်တည်” (မောဇိယ ၁၈း၉) ရန် ကတိပြုကြပါသည်။ ကျွန်ုပ်တို့သက်သေတစ်ဦးအဖြစ်ရပ်တည်ရန်နည်းတစ်ခုမှာ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်းဖြစ်ပါသည်။ အခြားသူများကို ဧဝံဂေလိတရားတော်ရရှိစေရန် ကူညီခြင်းသည် ကျွန်ုပ်တို့ပေနိုင်သည့် ဝမ်းမြောက်စရာအကောင်းဆုံးအစေခံခြင်းများထဲမှ တစ်ခုဖြစ်ပါသည်။ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၈း၁၅-၁၆)။ ထိုအရာမှာ ကျွန်ုပ်တို့၏အားကောင်းသော ချစ်ခြင်းဖော်ပြချက်တစ်ခု ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဧဝံဂေလိတရားတော်၌ နေထိုင်ခြင်း၏ကောင်းချီးမင်္ဂလာများနှင့် တွေ့ကြုံကြသောအခါ၊ ထိုကောင်းချီးမင်္ဂလာများကို အလိုအလျောက်ဝေငှလိုကြပါသည်။ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အသိအကျွမ်းများသည် ကျွန်ုပ်တို့ သစ္စာရှိသောပုံသက်သေများအဖြစ်ပြကြသည်နှင့်အမျှ စိတ်ဝင်စားလာလေ့ရှိပါသည်၊ ကျွန်ုပ်တို့ဘဝကို ဧဝံဂေလိတရားတော် မည်သို့ကောင်းချီးပေးသည်ကို သူတို့မြင်ကြပါသည်။ ကျွန်ုပ်တို့သည် ဧဝဂေလိတရားတော်ကို ပုံမှန်သဘာဝကျသောနည်းများဖြင့် ဝေငှနိုင်ကြပါသည် (ရှု အထွေထွေလက်စွဲစာအုပ်အခန်း ၂၃)။

ကျွန်ုပ်တို့သည် အခြားသူများကို အစေခံခြင်း၊ ပတ်ဝန်းကျင်၊ အပန်းဖြေခြင်းနှင့် အသင်းတော် လှုပ်ရှားမှုများတွင် ကျွန်ုပ်တို့နှင့်အတူ ပါဝင်ရန် ဖိတ်ခေါ်ကြပါသည်။ သူတို့ကို အသင်းတော်အစည်းအဝေးတစ်ခု သို့မဟုတ် ဗတ္တိဇံအခမ်းအနားတစ်ခုသို့ ဖိတ်ခေါ်နိုင်ပါသည်။ သူတို့ကို ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ရှင်းပြသည့် အွန်လိုင်းဗီဒီယိုတစ်ခု ကြည့်ရန်၊ မော်မုန်ကျမ်းကို ဖတ်ရန်၊ သို့မဟုတ် ဗိမာန်တော်ဖွင့်ပွဲအခမ်းအနားတစ်ခုသို့ လာလည်ရန် ဖိတ်ခေါ်နိုင်ပါသည်။ ကျွန်ုပ်တို့ကမ်းလှမ်းနိုင်သည့် ဖိတ်ခေါ်ခြင်းရာပေါင်းများစွာရှိပါသည်။ အကြိမ်ကြိမ်ပင်၊ ဖိတ်ခေါ်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့မိသားစုအပါအဝင်၊ မိတ်ဆွေများ၊ အိမ်နီးချင်းများကို ကျွန်ုပ်တို့ ပြုလုပ်နေပြီးဖြစ်သည့်အရာများ၌ ဖိတ်ခေါ်ခြင်းကို ဆိုလိုပါသည်။

ကျွန်ုပ်တို့တောင်းလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဧဝံဂေလိတရားတော်ဝေငှရန် အခွင့်အရေးများကို သတိပြုမိစေရန်နှင့် ထိုတရားက ကျွန်ုပ်တို့ဘဝများကို မည်သို့ ကောင်းချီးပေးကြောင်းအခြားသူများများကို ပြောပြရန် ကူညီပါလိမ့်မည်။

ချစ်ခြင်း၊ ဝေငှခြင်းနှင့် ဖိတ်ခေါ်ခြင်းအခြေခံသဘောတရားများကို အသုံးချခြင်းနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်အတွက်၊ ရှု “အသင်းသားများနှင့် စည်းလုံးပါ” အခန်း ၉ တွင်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • ကျမ်းစာလမ်းညွှန်၊ “သာသာနာပြုအမှုတော်

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “သာသာနာပြုအမှုတေ

အစာရှောင်ခြင်းနှင့် အစာရှောင်အလှူတော်စု

ဘုရားသခင်သည် အစာရှောင်ခြင်းပညတ်ကို ကျွန်ုပ်တို့အတွက် ဝိညာဉ်ပကတိခွန်အားကို ဖွံ့ဖြိုးစေရန်နှင့် ချို့တဲ့သူများကို ကူညီရန် တည်ထောင်ထားပါသည်။

အစာရှောင်ခြင်းဆိုသည်မှာ အချိန်အပိုင်းအခြားတစ်ခုအထိ အစာမစားအရည်မသောက်ဘဲနေခြင်းကို ဆိုလိုပါသည်။ အသင်းတော်သည် ပုံမှန်အားဖြင့် လတိုင်း၏ပထမတနင်္ဂနွေနေ့ကို အစာရှောင်နေ့အဖြစ် သီးသန့်ထားပါသည်။ အစာရှောင်နေ့တွင် ပုံမှန်အားဖြင့် ကျွန်ုတို့ ကိုယ်စွမ်းအားရှိလျှင် ၂၄ နာရီကြာ အစာမစားအရည်မသောက်ဘဲနေခြင်းပါဝင်ပါသည်။ အစာရှောင်တနင်္ဂနွေနေ့၏အခြားအရေးကြီးသောအစိတ်အပိုင်းများတွင် ဆုတောင်းခြင်းနှင့် သက်သေခံချက်ဝေငှခြင်းပါဝင်ပါသည်။ လိုအပ်သည်ဟု ကျွန်ုပ်တို့ထင်သည့် အခြားအချိန်များတွင်လည်း အစာရှောင်ရန် အားပေးပါသည်။

ဝိညာဉ်ပကတိခွန်အားကို တည်ဆောက်ခြင်း

အစာရှောင်ခြင်းသည် ကျွန်ုပ်တို့ကို နှိမ့်ချလာရန်၊ ဘုရားသခင်နှင့် ပိုနီးလာစေရန်၊ ဝိညာဉ်ပကတိအားသစ်လောင်းရန် ကူညီနိုင်ပါသည်။ ယေရှုခရစ်တော်သည် ၊ ကိုယ်တော်၏အမှုတော်ခြင်းမစမီ အစာရှောင်ခဲ့ပါသည် (ရှု ရှင်မဿဲ ၄း၁-၂)။ ပရောဖက်များနှင့် အခြားသူများ သူတို့၏ဝိညာဉ်ပကတိခွန်အားတိုးနိုင်ရန်၊ သူတို့ကိုယ်တိုင်နှင့် အခြားသူများအတွက် အထူးကောင်းချီးမင်္ဂလာများရရှိနိုင်ရန် အစာရှောင်ခြင်းအကြောင်းမှတ်စာများကို ကျမ်းစားများ၌ မှတ်တမ်းတင်ထားပါသည်။

အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းအတူတကွပြုပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် အစာရှောင်ဆုတောင်းကြသည့်အခါ၊ ကိုယ်ပိုင်ဗျာဒိတ်တော်ရရှိခြင်းနှင့် ပို၍သဟဇာတဖြစ်ပါသည်။ သမ္မာတရားကိုအသိအမှတ်ပြုခြင်းနှင့် ဘုရားသခင့်အလိုတော်ကို နားလည်ခြင်းတို့အတွက်လည်း ပို၍လက်ခံလွယ်ကြပါသည်။

ချို့တဲ့သူများကို ကူညီခြင်း

ကျွန်ုပ်တို့သည် အစာရှောင်သည့်အခါ၊ ချို့တဲ့သောလူများကို ဂရုစိုက်ခြင်းအတွက် ကူညီရန် အသင်းတော်သို့ ငွေကို လှူကြပါသည်။ ဤအရာကို အစာရှောင်အလှူတော်စုဟု ခေါ်ပါသည်။ အနည်းဆုံးအနေဖြင့် မစားသည့်အစားအစာနှင့် တန်ဖိုးချင်းတူသည့်အလှူတော်စုတစ်ခုကိုပေးရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်ထားပါသည်။ ရက်ရောရန်နှင့် တတ်နိုင်လျှင် ထိုတန်ဖိုးထက်ပို၍ပေးရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားပါသည်။ အစာရှောင်အလှူတော်စုပေးခြင်းသည် ကျွန်ုပ်တို့အခြားသူများကို အစေခံနိုင်သည့် နည်းတစ်ခုဖြစ်ပါသည်။

ဒေသန္တရနှင့် ကမ္ဘာတစ်ဝန်းရှိ ချို့တဲ့သူများအတွက် အစားအစာနှင့်အခြားလိုအပ်ချက်များကို ပံ့ပိုးရန် အစာရှောင်အလှူတော်စုများကို အသုံးပြုပါသည်။ အစာရှောင်အလှူတော်စုများကို မည်သို့ထည့်ဝင်ကူညီခြင်းနှင့် ပတ်သက်သည့် အချက်အလက်အတွက်၊ ဤသင်ခန်းစာရှိ “ဆယ်ဖို့တစ်ဖို့နှင့် အခြားအလှူတော်စုများလှူခြင်း” ကို ကြည့်ပါ။

ကျမ်းစာလေ့လာခြင်း

အစာရှောင်ခြင်း

ချို့တဲ့သူများကို ဂရုစိုက်ခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • ကျမ်းစာလမ်းညွှန်၊ “အစာရှောင်သည်၊ အစာရှောင်ခြင်း

  • အထွေထွေလက်စွဲစာအုပ်၂၂၊ ၂၊၂

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “အစာရှောင်ခြင်းနှင့် အစာရှောင်အလှူတော်စုများ

ရုပ်ပုံ
ဗိမာန်တော်အပြင်ဘက်မှမိသားစု

အဆုံးတိုင်အောင်တည်ကြည်ရန် ကျွန်ုပ်တို့၏ပဋိညာဉ်

ကျွန်ုပ်တို့သည် ဗတ္တိဇံခံသောအခါ၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၌ နေထိုင်ခြင်းတွင် “အဆုံးတိုင်အောင်တည်ကြည်” ရန် (၂ နီဖိုင်း ၃၁း၂၀၊ လည်းရှု မောဇိယ ၁၈း၁၃) ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြပါသည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏ တစ်သက်တာတပည့်တော်များဖြစ်ရန် ကြိုးစားကြပါသည်။

ဗတ္တိဇံကို ကျွန်ုပ်တို့ ဧဝံဂေလိတရားတော်လမ်းကြောင်းသို့ဝင်ရာ တံခါးအဖြစ် မော်မုန်ကျမ်းပရောဖက် နီဖိုင်းက ဖော်ပြခဲ့ပါသည် (ရှု ၂ နီဖိုင်း ၃၁း၁၇)။ ဗတ္တိဇံနောက်တွင်၊ ကျွန်ုပ်တို့သည် “ခရစ်တော်၌ မြဲမြံခြင်းဖြင့်ရှေ့သို့ဆက်၍ကြိုးစားအားထုတ်” (၂ နီဖိုင်း ၃၁း၂၀) ကြပါသည်။

ကျွန်ုပ်တို့သည် တပည့်တော်လမ်းကြောင်းပေါ်၌ “ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်ကြရင်း၊” ဗိမာန်တော်တို့သွားရန် ပြင်ဆင်ကြပါသည်။ ထိုနေရာ၌ ဗိမာန်တော်ပဋိညာဉ်များကို ရရှိ၍ ဘုရားသခင်နှင့် ပဋိညာဉ်များပြုကြပါသည်။ ဗိမာန်တော်ထဲတွင်၊ ကျွန်ုပ်တို့သည် တန်ဖိုးနှင့်အပ်နှင်းခံရလိမ့်မည်၊ မိသားစုများအဖြစ် ထာဝရတံဆိပ်ခတ်ခံရနိုင်ပါသည်။ ကျွန်ုပ်တို့ဗိမာန်တော်ထဲ၌ပြုသည့် ပဋိညာဉ်များကို စောင့်ထိန်းခြင်းသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၌ရှိသည့် ဝိညာဉ်ပကတိအထူးအခွင့်အရေးနှင့် ကောင်းချီးမင်္ဂလာတိုင်းကို ဖွင့်ပေးလိမ့်မည်။

ကျွန်ုပ်တို့သည် ဧဝံဂေလိတရားတော်လမ်းကြောင်းတစ်လျှောက် ဆက်၍သစ္စာရှိကြသည်နှင့်အမျှ၊ နောက်ဆုံးတွင် ဘုရားသခင်၏အကြီးမြတ်ဆုံးဆုကျေးဇူး—ထာဝရအသက်ဆုကျေးဇူးကို ရရှိလိမ့်မည် (ရှု ၂ နီဖိုင်း ၃၁း၂၀ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၄း၇)။

ကျွန်ုပ်တို့၏သေခြင်းရှိရာခရီးအဆုံးထိကျွန်ုပ်တို့တည်ကြည်ဖို့—နှင့်ထိုခရီး၌ ဝမ်းမြောက်ခြင်းကို ရှာတွေ့ဖို့ ကူညီရန် ဘုရားသခင်ပံ့ပိုးပေးထားသည့် အချက်အချို့ကို အောက်ပါအခန်းများက ရှင်းပြပါသည်။

ယဇ်ပုရောဟိတ်ခွင့်နှင့် အသင်းတော်အဖွဲ့အစည်းများ

ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏တန်ခိုး နှင့် အခွင့်အာဏာ ဖြစ်သည်။ ယဇ်ပုရောဟိတ်ခွင့်အားဖြင့်၊ ကောင်းကင်ဘုံရှင်အဘသည် ကိုယ်တော့်သားသမီးများ၏ “သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်စေသည့်” (မောရှေ ၁း၃၉) ကိုယ်တော်၏အမှုတော်ကို ပြီးမြောက်စေပါသည်။ ဘုရားသခင်သည် ကိုယ်တော်၏သားများနှင့် သမီးများတို့အား မြေကြီးပေါ်၌ ဤအမှုတော်ကို ဆောင်ရွက်ဖို့ ကူညီရန် အခွင့်အာဏာနှင့် တန်ခိုးကို ပေးပါသည်။

ယဇ်ပုရောဟိတ်အခွင့်သည် ကျွန်ုပ်တို့အားလုံးကို ကောင်းချီးပေးပါသည်။ ဗတ္တိဇံနှင့် ပွဲတော်ကဲ့သို့သော ဘိသိက်မင်္ဂလာများကို ယဇ်ပုရောဟိတ်အခွင့်အမှုအရာကို ကိုင်ဆောင်သည့်သူတို့အားဖြင့် ရရှိပါသည်။ ကျွန်ုပ်တို့လည်း အနာငြိမ်းစေခြင်း၊ နှစ်သိမ့်စေခြင်းနဲ့ လမ်းပြခြင်းကောင်းချီးမင်္ဂလာများကို ရရှိနိုင်ကြပါသည်။

ယဇ်ပုရောဟိတ်အခွင့်၊ အသင်းတော်ခေါင်းဆောင်မှုနှင့် အမှုတော်ဆောင်တာဝန်များ

အသင်းတော်ကို ပရောဖက်များနှင့် တမန်တော်မျာမှတစ်ဆင့် ယေရှုခရစ်တော်က ဦးဆောင်ပါသည်။ ဤခေါင်းဆောင်များကို ဘုရားသခင်က ခေါ်သွင်းထား၊ ခန့်ထားပြီး ကယ်တင်ရှင်၏နာမတော်ဖြင့် လုပ်ဆောင်ကြရန် ယဇ်ပုရောဟိတ်အခွင့်အာဏာကိုပေးထားပါသည်။

ရှေးခေတ်တွင်၊ ခရစ်တော်သည် ကိုယ်တော်၏တမန်တော်များကို ဤအလားတူယဇ်ပုရောဟိတ်အခွင့်အာဏာကိုပေးခဲ့ပါသည်၊ ထိုအခွင့်အာဏာက သူတို့ကို ကိုယ်တော်ကောင်းကင်သို့ ကြွသွားပြီးနောက် ကိုယ်တော်၏အသင်းတော်ကို ဦးဆောင်ရန် အခွင့်ပေးခဲ့ပါသည်။ ဧဝံဂေလိတရားတော်ကို လူတို့ ငြင်းပယ်ကြ၊ တမန်တော်များကွယ်လွန်သောအခါ နောက်ဆုံးတွင် ထိုအခွင့်အာဏာသည်ပျောက်ဆုံးခဲ့ပါသည်။

ကောင်းကင်တမန်များသည် ၁၈၂၉ တွင် ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ယဇ်ပုရောဟိတ်အခွင့်ကို ပြန်လည်ဆောင်ယူခဲ့ပါသည်၊ ကိုယ်တော်ရှင်သည် ကိုယ်တော်၏အသင်းတော်ကို တမန်တော်များ၊ ပရောဖက်များနှင့် တစ်ဖန် တည်ထောင်ခဲ့ပါသည်။ (ရှု သင်ခန်းစာ ၁။)

ဒေသန္တရအဆင့်တွင်၊ သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌများသည် အသင်းတော်ပရိတ်သတ်ကို ဦးဆောင်ရန် ယဇ်ပုရောဟိတ်အခွင့်အာဏာရှိပါသည်။

အမျိုးသားနှင့် အမျိုးသမီးတို့ အသင်းတော်၌ အစေခံရန် ခေါ်သွင်း၍၊ ခွဲခန့်ခံရသောအခါ၊ ထိုအမှုတော်ဆောင်တာဝန်၌ ဆောင်ရွက်ရန် ဘုရားသခင်ထံမှ အခွင့်အာဏာကို ပေးထားပါသည်။ ဤအခွင့်အာဏာကို သာသနာပြုများ၊ ခေါင်းဆောင်များ၊ ဆရာများနှင့် အခြားသူတို့အား သူတို့၏ အမှုတော်ဆောင်တာဝန်များမှ ဖြေလွှတ်မခံရမချင်း ပေးထားပါသည်။ ထိုအခွင့်အာဏာကို ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်သည့်သူတို့၏လမ်းညွှန်မှုဖြင့် လွှဲပေးထားပါသည်။

ယဇ်ပုရောဟိတ်အခွင့်အာဏာကို ဖြောင့်မတ်ခြင်းဖြင့်သာ အသုံးပြုနိုင်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၁း၃၄-၄၆)။ ဤအခွင့်အာဏာသည် ကယ်တင်ရှင်ကို ကိုယ်စားပြုရန်နှင့် ကိုယ်တော်၏နာမဖြင့် ဆောင်ရွက်ရန် သန့်ရှင်းမွန်မြတ်သည့် ယုံကြည်စိတ်ချမှုတစ်ခုဖြစ်ပါသည်။ အခြားသူများကို ကောင်းချီးပေးရန်နှင့် အစေခံရန် အမြဲရည်ရွယ်ပါသည်။

ရုပ်ပုံ
တနင်္ဂနွေကျောင်းရှိလူငယ်အမျိုးသားများ

အာရုန်ယဇ်ပုရောဟိတ်အခွင့်နှင့် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်

အသင်းတော်တွင်၊ ယဇ်ပုရောဟိတ်အခွင့်သည် အာရုန်ယဇ်ပုရောဟိတ်အခွင့်နှင့် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ပါဝင်ပါသည်။ ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်သည့်သူတို့၏လမ်းညွှန်မှုဖြင့် အာရုန်ယဇ်ပုရောဟိတ်အခွင့်နှင့် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ထိုက်တန်သည့် အသင်းတော်အမျိုးသားအသင်းသားတို့ကို အပ်နှင်းထားပါသည်။ သင့်လျော်သည့် ယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်းပြီးနောက်၊ ထိုသူသည် သင်းထာက်သို့မဟုတ် အသင်းလူကြီး အစရှိသည့် ထိုယဇ်ပုရောဟိတ်အခွင့်ရှိ အမှုအရာတစ်ခုသို့ ခန့်ထားခံရပါသည်။ ထိုသူသည် လိုအပ်သည့်အခွင့်အာဏာရှိသူတစ်စုံတစ်ဦးအားဖြင့် ခန့်ထားခံရမည်။

အမျိုးသား သို့မဟုတ် လူငယ်အမျိုးသားတစ်ဦးသည် ယဇ်ပုရောဟိတ်အခွင့်ကို ရရှိသည့်အခါ၊ သန့်ရှင်းမွန်မြတ်သည့် တာဝန်များကို ပြီးပြည့်စုံစေရန်၊ အခြားသူများကို အစေခံရန်၊ အသင်းတော်ကို တည်ဆောက်ရန် ဘုရားသခင်နှင့် ပဋိညာဉ်တစ်ခုပြုပါသည်။

လူငယ်အမျိုးသားများသည် အသက် ၁၂ နှစ်သို့ရောက်သည့်နှစ် ဇန္နဝါရီလမှစ၍ အာရုန်ယဇ်ပုရောဟိတ်အခွင့်ကို ရရှိနိုင်ပြီး၊ သင်းထောက်များအဖြစ် ခန့်ထားခံရနိုင်ပါသည်။ အသက် ၁၄ နှစ်ရောက်သည့်နှစ်တွင် ဆရာများအဖြစ်၊ အသက် ၁၆ နှစ်ရောက်သည့်နှစ်တွင် ယဇ်ပုရောဟိတ်များအဖြစ် ခန့်ထားခံရနိုင်ပါသည်။ အရွယ်ရောက်သည့် အမျိုးသား ပြောင်းလဲသူတစ်ဦးသည် ဗတ္တိဇံနှင့် အတည်ပြုခြင်းပြီးနောက်မကြာမီတွင် အာရုန်ယဇ်ပုရောဟိတ်အခွင့်ကို ရရှိနိုင်ပါသည်။ အာရုန်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများသည် ပွဲတော်နှင့် ဗတ္တိဇံကဲ့သို့သော ဘိသိက်မင်္ဂလာများကို စီမံဆောင်ရွက်နိုင်ပါသည်။

အာရုန်ယဇ်ပုရောဟိတ်အခွင့်တွင် ယဇ်ပုရောဟိတ်တစ်ဦးအဖြစ် အချိန်တစ်ခုအထိအစေခံပြီးနောက်တွင်၊ အသက်အနည်းဆုံး ၁၈ နှစ်ရှိသည့် အသင်းသားတစ်ဦးသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ရရှိနိုင်ပြီး၊ အသင်းလူကြီးတစ်ဦးအဖြစ် ခန့်ထားခံရနိုင်ပါသည်။ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ရရှိသည့်အမျိုးသားများသည် မိသားစုဝင်များနှင့် အခြားသူတို့အား အနာငြိမ်းစေခြင်းနှင့် နှစ်သိမ့်ခြင်းကောင်းချီးမင်္ဂလာများပေးခြင်း အစရှိသည့် ယဇ်ပုရောဟိတ်အခွင့် ဘိသိက်မင်္ဂလာများကို ဆောင်ရွက်နိုင်ပါသည်။

ရှု အထွေထွေလက်စွဲစာအုပ်၃၈၊ ၂၊ ၉၊ ၁၊ အသင်းသားအသစ်များ ယဇ်ပုရောဟိတ်အခွင့် ရရှိခြင်း အကြောင်းအချက်အလက်အတွက်။

အဖွဲ့များနှင့် အသင်းတော်အဖွဲ့အစည်းများ

ယဇ်ပုရောဟိတ်အခွင့် အဖွဲ့များ အဖွဲ့တစ်ခုသည် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများဖြင့်ဖွဲ့စည်းထားသည့် အစုအဖွဲ့တစ်ခုဖြစ်ပါသည်။ အသင်းတော်စုတစ်ခုချင်းတွင်၊ အရွယ်ရောက်အမျိုးသားများအတွက် အသင်းလူကြီးအဖွဲ့တစ်ဖွဲ့ရှိပါသည်။ သင်းထောက်များ၊ ဆရာများနှင့် ယဇ်ပုရောဟိတ်အဖွဲ့များသည် လူငယ်အမျိုးသားများအတွက် ဖြစ်ပါသည်။

လူမှုသက်သာရေးအဖွဲ့ လူမှုသက်သာရေးအဖွဲ့တွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသမီးများပါဝင်ပါသည်။ လူမှုသက်သာရေးအဖွဲ့ အသင်းသားများသည် မိသားစုများ၊ တစ်ဦးချင်းများနှင့် ပတ်ဝန်းကျင်ကို ခွန်အားဖြည့်ပေးပါသည်။

လူငယ်အမျိုးသမီးများ။ လူငယ်အမျိုးသမီးများသည် အသက် ၁၂ နှစ်သို့ရောက်သည့်နှစ် ဇန္နဝါရီလမှစ၍ လူငယ်အမျိုးသမီးဖွဲ့အစည်းတွင် ပါဝင်ကြပါသည်။

ရုပ်ပုံ
သင်တန်း သွန်သင်နေသည့်အမျိုးသမီး

မူလတန်းအဖွဲ့အစည်း။ အသက် ၃ နှစ်မှ ၁၁ နှစ်အထိကလေးများသည် မူလတန်းအဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

တနင်္ဂနွေကျောင်း။ အရွယ်ရောက်သူများနှင့် လူငယ်များအားလုံးသည် တနင်္ဂနွေ ကျောင်းကို တက်ရောက်ကြပါသည်၊ ထိုနေရာတွင် ကျမ်းစာများကို အတူလေ့လာရန် တွေ့ဆုံကြပါသည်။

ယဇ်ပုရောဟိတ်အခွင့် အကြောင်း နောက်ထပ်အချက်အလက်အတွက်၊ ရှု အထွေထွေလက်စွဲစာအုပ်အခန်း ၃

ယဇ်ပုရောဟိတ်အခွင့်အဖွဲ့များနှင့် အသင်းတော် အဖွဲ့အစည်းများအကြောင်း နောက်ထပ်အချက်အလက်အတွက်၊ ရှု အထွေထွေလက်စွဲစာအုပ်အခန်း ၈-၁၃

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • အထွေထွေလက်စွဲစာအုပ်၊ အခန်း ၃၊ “ယဇ်ပုရောဟိတ်အခွင့် ကျင့်ဝတ်စည်းကမ်းများ

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “အာရုန်ယဇ်ပုရောဟိတ်အခွင့်”၊ “မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်”၊ “ယဇ်ပုရောဟိတ်အခွင့်

လက်ထပ်ခြင်းနှင့် မိသားစုများ

လက်ထပ်ထိမ်းမြားခြင်း

အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး လက်ထပ်ခြင်းသည် ဘုရားသခင်အားဖြင့် အပ်နှင်းထားသည့်အရာဖြစ်ပါသည်။ ထိုအရာသည် ကိုယ်တော့်သားသမီးများ၏ထာဝရတိုးတက်ခြင်းအတွက်ကိုယ်တော့်အစီအစဉ်၏ဗဟိုဖြစ်ပါသည်။

လက်ထပ်ခြင်း၌ ခင်ပွန်းတစ်ဦးနှင့် ဇနီး၏ စည်းလုံးမှုသည် သူတို့၏အချစ်အမြတ်နိုးဆုံးလောကီဆက်ဆံရေးတစ်ခု ဖြစ်သင့်ပါသည်။ သူတို့သည် အချင်းချင်းသစ္စာရှိရန်နှင့် သူတို့၏လက်ထပ်ပဋိညာဉ်ကို သစ္စာရှိရန် သန့်ရှင်းမွန်မြတ်သည့် တာဝန်တစ်ခုရှိပါသည်။

ခင်ပွန်းတစ်ဦးနှင့် ဇနီးသည် ဘုရားသခင့်မျက်လုံးများတွင် တူညီကြပါသည်။ တစ်ဦးကအခြားတစ်ဦးကို မလွှမ်းမိုးသင့်ပါ။ သူတို့၏ဆုံးဖြတ်ချက်များကို စည်းလုံးခြင်းနှင့် ချစ်ခြင်းတို့ဖြင့်၊ နှစ်ဦးစလုံးအပြည့်အဝပါဝင်ခြင်းဖြင့် ပြုရပါမည်။

ခင်ပွန်းတစ်ဦးနှင့် ဇနီးအဖြစ် အချင်းချင်းချစ်၍ အတူတကွအလုပ်လုပ်ကြပါသည်၊ သူတို့၏လက်ထပ်ခြင်းသည် သူတို့၏အကြီးမြတ်ဆုံးပျော်ရွှင်မှု၏ရင်းမြစ်ဖြစ်နိုင်ပါသည်။ သူတို့သည် အချင်းချင်းကူညီနိုင်ကြပါသည်၊ သူတို့၏သားသမီးများသည်လည်း ထာဝရအသက်ဆီသို့ တိုးတက်ကြပါသည်။

မိသားစု

လက်ထပ်ခြင်းကဲ့သို့၊ မိသားစုသည် ဘုရားသခင်ခန့်အပ်ထားသည့်အရာဖြစ်ပါသည်၊ ကျွန်ုပ်တို့၏ထာဝရပျော်ရွှင်မှုအတွက် ကိုယ့်တော့်အစီအစဉ်၏ဗဟိုဖြစ်ပါသည်။ ကျွန်ုပ်တို့ယေရှုခရစ်တော်၏သွန်သင်ခြင်းအတိုင်းနေထိုင်ကြသည့်အခါ ကျွန်ုပ်တို့မိသားစုများသည် ပျော်ရွင်ခြေအရှိနိုင်ဆုံးဖြစ်ပါသည်။ မိဘများသည် သူတို့၏သားသမီးများကို ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို သွန်သင်ပေးကြပါသည်၊ ထိုတရားတော်၌နေခြင်းတွင် ပုံသက်သေပြကြပါသည်။ မိသားစုများသည် အချင်းချင်းချစ်ရန်နှင့် အစေခံရန် ကျွန်ုပ်တို့အတွက် အခွင့်အရေးများကို ပံ့ပိုးပေးပါသည်။

မိဘများသည် မိမိတို့မိသားစုများကို မိမိတို့၏အမြင့်ဆုံးဦးစားပေးခြင်းပြုရပါမည်။ မိဘများအနေဖြင့် မိမိတို့မွေးဖွား သို့မဟုတ် မွေးစားထားသည့် သားသမီးများကို ဂရုစိုက်ရန်မှာ သန့်ရှင်းမွန်မြတ်သည့် အထူးအခွင့်အရေး၊ တာဝန်တစ်ခုဖြစ်ပါသည်။

မိသားစုအားလုံးတွင် စိန်ခေါ်မှုများ ရှိကြပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်အကူအညီကို တောင်း၍၊ ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းကြသည်နှင့်အမျှ၊ မိသားစုစိန်ခေါ်မှုများသည် ကျွန်ုပ်တို့ကို သင်ယူရန်နှင့် တိုးတက်ရန် ကူညီနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ဤစိန်ခေါ်မှုများသည် ကျွန်ုပ်တို့ကို နောင်တရရန်နှင့်ခွင့်လွှတ်ရန် ကူညီကြပါသည်။

ရုပ်ပုံ
မိသားစုကို သွန်သင်နေသည့် ဖခင်

အသင်းတော်ခေါင်းဆောင်များသည် မိသားစုများကို အပတ်စဉ်မိသားစုအိမ်တွင်းညနေကျင်ပရန် တိုက်တွန်းထားပါသည်။ မိဘများသည် ဤအချိန်ကို မိမိတို့သားသမီးများကို ဧဝံဂေလိတရားတော်သွန်သင်ရန်၊ မိသားစုဆက်ဆံရေးကို ခွန်အားဖြည့်ပေးရန်၊ အတူတကွပျော်ရွှင်ကြရန်အသုံးပြုကြပါသည်။ အသင်းတော်ခေါင်းဆောင်များသည် မိသားစုနှင့် ပတ်သက်သည့် သမ္မာတရားများကို သွန်သင်သည့် ကြေညာချက်တစ်ခုကိုလည်း ထုတ်ထားပါသည် (ရှု “မိသားစု၊ လောကသို့ကြေညာချက်တစ်ခု၊” ChurchofJesusChrist.org)။

မိသားစုကို ခွန်အားဖြည့်ပေးရန် အခြားနည်းလမ်းများတွင်၊ မိသားစုဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့် အသင်းတော်တွင် အတူတကွကိုးကွယ်ခြင်းတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် မိသားစုသမိုင်းသုတေသနကိုလည်းပြုနိုင်၊ မိသားစုအဖြစ်အပျက်များကို စုဆာင်နိုင်၊ အခြားသူများကို အစေခံနိုင်ကြပါသည်။

လူများစွာတို့၌ လက်ထပ်ခြင်းနှင့် မိသားစုဆက်ဆံရေးကိုချစ်ခြင်းတို့အတွက် ကန့်သတ်သောအခွင့်အရေးများရှိပါသည်။ များစွာတို့သည် အိမ်ထောင်ကွဲခြင်းနှင့် အခြားခက်ခဲသောမိသားစုအခြေအနေများ ရှိကြပါသည်။ သို့သော်လည်း၊ ကျွန်ုပ်တို့၏မိသားစုအခြေအနေမည်သို့ပင်ရှိစေ ဧဝံဂေလိတရားတော်သည် ကျွန်ုပ်တို့ကို တစ်ဦးချင်းလိုက် ကောင်းချီးပေးပါသည်။ ကျွန်ုပ်တို့သစ္စာရှိကြသည်နှင့်အမျှ၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဤဘဝ၌ဖြစ်စေ၊ လာမည့်ဘဝ၌ဖြစ်စေ ချစ်စရာမိသားစုများ၏ကောင်းချီးမင်္ဂလာများကို ရရှိစေရန်နည်းလမ်းတစ်ခုကိုပေးလိမ့်မည်။

ကျမ်းစာလေ့လာခြင်း

လက်ထပ်ခြင်း

မိသားစု

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • ကျမ်းစာလမ်းညွှန်၊ “မိသားစု၊” “လက်ထပ်ခြင်း၊ လက်ထပ်သည်

  • အထွေထွေလက်စွဲစာအုပ်၊ အခန်း ၂၊ “ကယ်တင်ခြင်းနှင့်ချီးမြှောက်ခြင်းအမှု၌ တစ်ဦးချင်းများနှင့် မိသားစုများကို ထောက်မခြင်း

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “လက်ထပ်ခြင်း၊” “မိသားစု၊” “မိဘအုပ်ထိန်းမှု

ကွယ်လွန်သွားသောဘိုးဘေးတို့အတွက် ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှု

ကောင်းကင်ဘုံရှင်အဘသည် ကိုယ်တော်၏သားသမီးအားလုံးကို ချစ်ပါသည်၊ သူတို့၏ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းကိုလည်း အလိုရှိပါသည်။ သို့သော်လည်း သန်းထောင်ချီရှိသည့်လူတို့သည် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ကြားနာခြင်း၊ သို့မဟုတ် ဧဝံဂေလိတရားတော်၏ကယ်တင်ခြင်းဘိသိက်မင်္ဂလာများကို ရရှိခြင်းတို့ မရှိဘဲ သေခဲ့ကြပါသည်။ ဤဘိသိက်မင်္ဂလာများတွင် ဗတ္တိဇံ၊ အတည်ပြုခြင်း၊ အမျိုးသားများကို ယဇ်ပုရောဟိတ်အခွင့်ခန့်ထားခြင်း၊ ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းနှင့် ထာဝရလက်ထပ်ခြင်းတို့ပါဝင်ပါသည်။

ကိုယ်တော်၏ကျေးဇူးတော်နှင့် ကရုဏာတို့အားဖြင့် ကိုယ်တော်ရှင်ဤလူများ ဧဝံဂေလိတရားတော်နှင့် ၎င်း၏ဘိသိက်မင်္ဂလာများကို ရရှိရန်ကိုယ်တော်ရှင်သည် အခြားနည်းလမ်းတစ်ခုကို ပေးထားပါသည်။ ဝိညာဉ်ကမ္ဘာတွင်၊ ဧဝံဂေလိတရားတော်ကို မရရှိဘဲသေသွားသောသူတို့အား ဟောပြောပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၈)။ ဗိမာန်တော်ထဲတွင်၊ ကျွန်ုပ်တို့သည် ကွယ်လွန်သွားသောဘိုးဘေးတို့နှင့် အခြားသူတို့ကိုယ်စား ဘိသိက်မင်္ဂလာများကို ဆောင်ရွက်နိုင်ပါသည်။ ဤကွယ်လွန်သွားသောလူများသည် ဝိညာဉ်ကမ္ဘာတွင် ဧဝံဂေလိတရားတော်နှင့် သူတို့အတွက်ဆောင်ရွက်ပေးသည့် ဘိသိက်မင်္ဂလာများကို လက်ခံနိုင် သို့မဟုတ် ငြင်းပယ်နိုင်ပါသည်။

ရုပ်ပုံ
ကျမ်းစာများ‌လေ့လာနေသည့်မိသားစု

ကျွန်ုပ်တို့သည် ဤဘိသိက်မင်္ဂလာများကို မဆောင်ရွက်နိုင်မီ၊ မရရှိသေးသည့် ကျွန်ုပ်တို့၏ဘိုးဘေးတို့ကို ဖော်ထုတ်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏မိသားစုဝင်များကို ဖော်ထုတ်ခြင်းဖြင့်၊ သူတို့ဘိသိက်မင်္ဂလာများကို ရရှိနိုင်ခြင်းသည် ကျွန်ုပ်တို့ မိသားစုသမိုင်းအမှု၏ အဓိကရည်ရွယ်ချက်တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သူတို့အကြောင်းအချက်အလက်ကို ရှာသောအခါ၊ FamilySearch.org တွင်အသင်းတော်၏အချက်အလက်သို့ ထည့်သွင်းကြပါသည် ထို့နောက် ကျွန်ုပ်တို့ (သို့မဟုတ် အခြားသူများ) ဗိမာန်တော်ထဲတွင် သူတို့အတွက် ကိုယ်စားဘိသိက်မင်္ဂလာများကို ဆောင်ရွက်နိုင်ကြပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘိုးဘေးများကို ဖော်ထုတ်၍၊ သူတို့အတွက် ဘိသိက်မင်္ဂလာများကို ဆောင်ရွက်ကြသည်နှင့်အမျှ၊ ကျွန်ုပ်တို့မိသားစုများသည် ထာဝရစည်းလုံးလာနိုင်ကြပါသည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • အထွေထွေလက်စွဲစာအုပ်၊ အခန်း ၂၈၊ “ကွယ်လွန်သူတို့အတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “သေသူတို့အတွက်ဗတ္တိဇံများ၊” “မိသားစုသမိုင်း

ဗိမာန်တော်များ၊ ဝိညာဉ်ပကတိအပ်နှင်းခြင်း၊ ထာဝရလက်ထပ်ခြင်း၊ ထာဝရမိသားစုများ

ဗိမာန်တော်များ

ဗိမာန်တော်သည် ဘုရားသခင်၏ အိမ်တော်ဖြစ်ပါသည်။ ထိုနေရာသည် ကျွန်ုပ်တို့ ကိုယ်တော်၏သန့်ရှင်းမွန်မြတ်သောဘိသိက်မင်္ဂလာများကိုရရှိ၍ ဘုရားသခင်နှင့် ပဋိညာဉ်များပြုနိုင်သည့် သန့်ရှင်းသောနေရာတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤပဋိညာဉ်များကို စောင့်ထိန်းကြသည်နှင့်အမျှ၊ ကျွန်ုပ်တို့ဘဝများတွင် ထင်ရှားစွာပြသည့် ဘုရားဝတ်၌မွေ့လျော်ခြင်းတန်ခိုးကို ရရှိကြလိမ့်မည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၄း၁၉-၂၂၁၀၉း၂၂-၂၃

ဝိညာဉ်ပကတိအပ်နှင်းခြင်း

ဗိမာန်တော်ထဲ၌ ကျွန်ုပ်တို့ရရှိသည့် ဘိသိက်မင်္ဂလာများထဲမှတစ်ခုကို ဝိညာဉ်ပကတိအပ်နှင်းခြင်းဟုခေါ်ပါသည်။ ဝိညာဉ်ပကတိအပ်နှင်းခြင်း ဆိုသည့်စကားလုံးမှာ “ဆုကျေးဇူးတစ်ခု”လို့ အဓိပ္ပာယ်ရပါသည်။ ဤအသိဉာဏ်ဆုကျေးဇူးနှင့် တန်ခိုးသည် ဘရားသခင်ဆီမှလာပါသည်။ ဝိညာဉ်ပကတိအပ်နှင်းခြင်းကာလတွင်၊ ကျွန်ပ်တို့ကို ကိုယ်တော်နှင့် ကိုယ်တော်၏သားတော်၊ ယေရှုခရစ်တော်တို့နှင့် ပေါင်းစည်းသည့် ပဋိညာဉ်များကို ဘုရားသခင်နှင့်ပြုကြပါသည် (ရှု အခန်း ၁)။

အရွယ်ရောက်သူများသည် မိမိတို့ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းကို အသင်း‌ေတာ်အသင်းသားဖြစ်ခြင်းအနည်းဆုံးတစ်နှစ်ရှိပြီးနောက်တွင် ရရှိရန် အကျုံးဝင်ပါသည်။ ဝိညာဉ်ပတိအပ်နှင်းခြင်းအကြောင်းနောက်ထပ်အချက်အလက်အတွက်၊ ရှု အထွေထွေလက်စွဲစာအုပ်၂၇၊ ၂

ထာဝရလက်ထပ်ခြင်းနှင့် ထာဝရမိသားစုများ

ဘုရားသခင်၏ပျော်ရွှင်ခြင်းအစီအစဉ်သည် မိသားစုဆက်ဆံရေးများကို သင်္ချိုင်းအလွန်ထိခိုင်မြဲနိုင်စေစွမ်းရှိပါသည်။ ဗိမာန်တော်ထဲတွင် ကျွန်ုပ်တို့သည် ယခုနှင့် ထာဝရကာလအထိလက်ထပ်နိုင်ပါသည်။ ဤအရာက မိသားစုများကို ကာလအစဉ်အဆက်အတူတကွရှိစေခြင်းကို ဖြစ်နိုင်စေပါသည်။

လက်ထပ်ထားသည့် ဇနီးမောင်နှံတို့သည် ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းကို လက်ခံရရှိပြီးနောက်တွင်၊ ထာဝရကာအတွက် တံဆိပ်ခတ်ခံရ သို့မဟုတ် လက်ထပ်ရနိုင်ပါသည်။ သူတို့၏သားသမီးများကို သူတို့ထံ တံဆိပ်ခတ်နိုင်ပါသည်။

ဗိမာန်တော်ထဲ၌ တံဆိပ်ခတ်ခံထားသည့် ခင်ပွန်းနှင့် ဇနီးသည် ထာဝရလက်ထပ်ခြင်းကောင်းချီးမင်္ဂလာများကို ရရှိရန် သူတို့ပြုထားသည့် ပဋိညာဉ်များကို စောင့်ထိန်းကြရမည်။

ရုပ်ပုံ
လမ်းပေါ်လမ်းလျှောက်နေသည့် ဇနီးမောင်နှံ

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • အထွေထွေလက်စွဲစာအုပ်၊ အခန်း ၂၇၊ “အသက်ရှင်သူတို့အတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “ဗိမာန်တော်များ၊” “ဝိညာဉ်ပကတိအပ်နှင်းခြင်း၊” “လက်ထပ်ခြင်း

  • temples.ChurchofJesusChrist.org