သာသနာပြုအမှုတော်ဆောင်တာဝန်များ
အခန်း ၃၊ သင်ခန်းစာ ၂—ကောင်းကင်ဘုံရှင်အဘ၏ကယ်တင်ခြင်းအစီအစဉ်


“အခန်း ၃၊ သင်ခန်းစာ ၂—ကောင်းကင်ဘုံရှင်အဘ၏ကယ်တင်ခြင်းအစီအစဉ်၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်းအတွက် လမ်းညွှန် (၂၀၂၃)

“အခန်း ၃၊ သင်ခန်းစာ ၂၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောကြလော့

အခန်း ၃၊ သင်ခန်းစာ ၂

ကောင်းကင်ဘုံရှင်အဘ၏ကယ်တင်ခြင်းအစီအစဉ်

ရုပ်ပုံ
ခရစ်တော်ရုပ်တု

လူတို့ သိချင်ကောင်းသိချင်မည်

  • ဘဝ၏ရည်ရွယ်ချက်မှာ မည်သည့်အရာနည်း။

  • ကျွန်ုပ်မည်သည့်အရပ်ကလာသနည်း။

  • ကျွန်ုပ်ကို ဂရုစိုက်သည့် ဘုရားသခင်တစ်ပါး ရှိပါသလား။ ကိုယ်တော်ဂရုစိုက်သည်ကို ကျွန်ုပ်မည်သို့ခံစားနိုင်သနည်း။

  • မကောင်းသည့်အရာများစွာဖြစ်ပွားနေချိန်တွင် ကျွန်ုပ်သည် ဘုရားသခင်ကို မည်သို့ယုံကြည်နိုင်မည်နည်း။

  • ဘဝသည် တစ်ခါတစ်ရံတွင်အဘယ်ကြောင့်အလွန်ခက်သနည်း။ ဤအချိန်များတွင် ကျွန်ုပ်သည် ခွန်အားကို အဘယ်သို့ရှာတွေ့နိုင်သနည်း။

  • ကျွန်ုပ်သည်မည်သို့အားဖြင့် ပိုကောင်းသောလူတစ်ယောက်ဖြစ်လာနိုင်ပါသနည်း။

  • ကျွန်ုပ်သေပြီးနောက်မည်သည့်အရာဖြစ်မည်နည်း။

ယေရှုခရစ်တော်၏ပြန်လည်ဆောင်ယူထားသည့် ဧဝံဂေလိတရားတော်သည် ကျွန်ုပ်တို့ကို စိတ်ဝိညာဉ်အကြောင်းအရေးကြီးသည့် မေးခွန်းများကို ဖြေရန် ကူညီပါသည်။ ဧဝံဂေလိတရားတော်အားဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများအဖြစ် ကျွန်ုပ်တို့၏မြင့်မြတ်သောပုံရိပ်နှင့် ထာဝရအလားအလာတို့ကို သင်ယူကြပါသည်။ ဧဝံဂေလိတရားတော်သည် ကျွန်ုပ်တို့ကို ‌မျှော်လင့်ချက်ပေးပါသည်၊ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် အဓိပ္ပာယ်တို့ကို ရှာရန် ကူညီပါသည်။ ဧဝံဂေလိတရားတော်ကို ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့ကို တိုးတက်ရန်၊ ကျွန်ုပ်တို့ဘဝစိန်ခေါ်မှုများကို ရင်ဆိုင်ရစဉ်တွင် ခွန်အားကို ရှာတွေ့ရန် ကူညီပါသည်။

ဘုရားသခင်သည် ကိုယ်တော်၏သားသမီးများအတွက် အကောင်းဆုံးကို အလိုရှိပါသည်၊ ကိုယ်တော်၏အကြီးမြတ်ဆုံးကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့ကို ပေးလိုပါသည်၊ ထိုအရာတို့မှာ သေခြင်းမရှိရာနှင့် ထာဝရအသက်ဖြစ်ပါသည် (ရှု မောရှေ ၁း၃၉ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၄း၇)။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်သောကြောင့်၊ သူသည် ကျွန်ုပ်တို့အတွက် ဤကောင်းချီးမင်္ဂလာများကို ရရှိစေရန် အစီအစဉ်တစ်ခုပေးထားပါသည်။ ကျမ်းစာများတွင်၊ ဤအစီအစဉ်ကို ကယ်တင်ခြင်းအစီအစဉ်၊ ကြီးစွာသောပျော်ရွှင်ခြင်းအစီအစဉ်၊ ရွေးနှုတ်ခြင်းအစီအစဉ်ဟု ခေါ်ပါသည်( ရှု အယ်လမာ ၄၂း၅၊ ၈၊ ၁၁၊ ၁၃၊ ၁၅၊ ၁၆၊ ၃၁)။

ဘုရားသခင်၏အစီအစဉ်တွင်၊ ကျွန်ုပ်တို့အယောက်တိုင်းသည် မြေကြီးသားမတိုင်မီဘဝ၊ မွေးဖွားခြင်း၊ သေခြင်းရှိရာဘဝ၊ သေခြင်း၊ သေခြင်းပြီးနောက်ဘဝကို ဖြတ်၍ ခရီးတစ်ခုသွားကြပါသည်။ ဘုရားသခင်သည် ဤခရီး၌ကျွန်ုပ်တို့လိုအပ်သည့်အရာကို ပံ့ပိုးပေးထားပါသည်၊ ကျွန်ုပ်တို့သေပြီးနောက်၊ နောက်ဆုံးတွင် ကိုယ်တော်၏မျက်မှောက်သို့ ပြန်သွားပြီး၊ ပြည့်စုံသောဝမ်းမြောက်ခြင်းကို ရရှိစေခြင်းငှာဖြစ်ပါသည်။

ယေရှုခရစ်တော်သည် ဘုရားသခင်၏အစီအစဉ်တွင် ဗဟိုဖြစ်ပါသည်။ ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် ရှင်ပြန်ထမြောက်ခြင်းတို့အားဖြင့်၊ ယေရှုသည် ကျွန်ုပ်တို့အယောက်တိုင်းအတွက် သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ရရှိဖို့ ဖြစ်နိုင်စေခဲ့ပါသည်။

မြေကြီးပေါ်၌ကျွန်ုပ်တို့ဘဝကာလတွင်၊ ကျွန်ုပ်တို့သည် မြေကြီးသားမတိုင်မီဘဝကို မမှတ်မိကြပါ။ သေခြင်းပြီးနောက်ဘဝကိုလည်း ကျွန်ုပ်တို့ ပြည့်စုံစွာနားမလည်ကြပါ။ သို့သော်လည်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့ထာဝရခရီး၏ဤအစိတ်အပိုင်းများအကြောင်း များစွာသောသမ္မာတရားများကို ဖော်ပြထားပါသည်။ ဤသမ္မာတရားများသည် ကျွန်ုပ်တို့အတွက် ဘဝ၏ရည်ရွယ်ချက်ကို နားလည်ရန်၊ ဝမ်းမြောက်ခြင်းကို တွေ့ကြုံရန်၊ ရောက်လာမည့်ကောင်းမြတ်သောအရာများနှင့်ပတ်သက်သည့် မျှော်လင့်ခြင်းရှိရန် လုံလောက်သောအသိပညာကို ပေးထားပါသည်။ ဤအသိပညာသည် ကျွန်ုပ်တို့မြေကြီးပေါ်ရှိစဉ်တွင် ကျွန်ုပ်တို့ကို လမ်းညွှန်ရန် သန့်ရှင်းမွန်မြတ်သည့် ရတနာတစ်ခုဖြစ်ပါသည်။

သွန်သင်ခြင်းအတွက်အကြံပြုချက်များ

ဤကဏ္ဍသည် သင့်အား သွန်သင်ဖို့ပြင်ဆင်ရန်ကူညီသည့် အကျဉ်းချုပ်ပုံစံတစ်ခုကို ပေးထားပါသည်။ သင်အသုံးပြုနိုင်သည့် မေးခွန်းများနှင့် ဖိတ်ခေါ်ခြင်း ဥပမာများလည်းပါဝင်သည်။

သင်သည် သွန်သင်ရန် ပြင်ဆင်သောအခါ၊ လူတစ်ဦးချင်းစီ၏ အခြေအနေနှင့် ဝိညာဉ်ပကတိလိုအပ်ချက်များကို ဆုတောင်းခြင်းထက်သန်စွာစဉ်းစားပါ။ သွန်သင်ရန် အကူအညီအဖြစ်ဆုံးဖြစ်မည့်အရာကို ဆုံးဖြတ်ပါ။ လူတို့ နားမလည်နိုင်မည့် ဝေါဟာရများကို အဓိပ္ပာယ်ဖွင့်ဆိုရန် ပြင်ဆင်ပါ။ သင်ရှိသည့်အချိန်အတိုင်း စီစဉ်ပါ၊ သင်ခန်းစာများကို အတိုချုပ်ဖြစ်စေရန်လည်း သတိရပါ။

သင်သွန်သင်စဉ်အသုံးပြုမည့်ကျမ်းစာများကို ရွေးချယ်ပါ။ သင်ခန်းစာ၏ “ဩဝါဒအုတ်မြစ်”ကဏ္ဍတွင် အကူအညီဖြစ်သည့် ကျမ်းစာများစွာပါဝင်ပါသည်။

သင်သွန်သင်စဉ်မေးသည့် မေးခွန်းများကို စဉ်းစားပါ။ လူတစ်ဦးချင်းစီတိုင်း လုပ်ဆောင်ရန် အားပေးမည့် ဖိတ်ခေါ်ခြင်းများ ကမ်းလှမ်းရန် စီစဉ်ပါ။

ဘုရားသခင်၏ကတိထားသောကောင်းချီးမင်္ဂလာများကို အထူးပြုပါ၊ သင်သွန်သင်သည့်အရာအကြောင်း သက်သေခံချက် ဝေငှပါ။

ရုပ်ပုံ
မိသားစုကို သွန်သင်နေသည့် သာသနာပြုများ

၁၅-၂၅ မိနစ်အတွင်းတွင်လူတို့အားသင်ကြားပေးနိုင်သောအရာ

ကယ်တင်ခြင်းအစီအစဉ် အကြောင်းကို သွန်သင်ရန် အောက်ပါအခြေခံသဘောတရားများထဲမှ တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသည့်အရာကို ရွေးချယ်ပါ။ အခြေခံသဘောတရားတစ်ခုချင်းစီအတွက် ဩဝါဒအုတ်မြစ်ကို ဤအကျဉ်းချုပ်အပြီးတွင် ပေးထားပါသည်။

မြေကြီသားမတိုင်မီဘဝ၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် အစီအစဉ်

  • ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ဝိညာဉ်သားသမီးများ ဖြစ်ကြပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သူ၏ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားပါသည်။

  • ကျွန်ုပ်တို့သည် မြေကြီးပေါ်၌မမွေးဖွားမီ ဘုရားသခင်နှင့်အတူနေခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်မိသားစုဝင်များဖြစ်ကြပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အယောက်တိုင်းကို သိပါသည်၊ ချစ်ပါသည်။

  • ဘုရားသခင်သည် ဤဘဝနှင့် ထာဝရကာလတွင် ကျွန်ုပ်တို့၏ပျော်ရွှင်ခြင်းနှင့် တိုးတက်ခြင်းအတွက် အစီအစဉ်တစ်ခုကိုပေးထားပါသည်။

  • မြေကြီးသားမတိုင်မီဘဝတွင်၊ ကျွန်ုပ်တို့သည်ဘုရားသခင်၏အစီအစဉ်ကို လိုက်လျှောက်ရန် ရွေးချယ်ခဲ့ကြပါသည်။ ဤအရာမှာ ကျွန်ုပ်တို့၏ထာဝရတိုးတက်ခြင်းတွင်နောက်တစ်ဆင့်တက်နိုင်ရန် မြေကြီးသို့လာခြင်းကို ဆိုလိုပါသည်။

  • ယေရှုခရစ်တော်သည် ဘုရားသခင်၏အစီအစဉ်တွင် ဗဟိုဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် သေခြင်းမရှိရာနှင့် ထာဝရအသက်ကိုရရှိရန် ဖြစ်နိုင်စေပါသည်။

ဖန်ဆင်းခြင်း

  • ဘုရားသခင်၏လမ်းညွှန်မှုအောက်တွင်၊ ယေရှုခရစ်တော်သည် မြေကြီးကို ဖန်ဆင်းခဲ့ပါသည်။

အာဒံနှင့် ဧဝတို့၏ကျရှုံးခြင်း

  • အာဒံနှင့် ဧဝသည် မြေကြီးသို့လာရန် ဘုရားသခင်၏ဝိညာဉ်သားသမီးများထဲမှ ပထမဆုံးဖြစ်ကြပါသည်။ ဘုရားသခင်သည် သူတို့၏ခန္ဓာကိုယ်များကို ဖန်ဆင်းပြီး သူတို့ကိုအေဒင်ဥယျာဉ်ထဲ၌ထားပါသည်။

  • အာဒံနှင့် ဧဝသည် လွန်ကျူးခဲ့ကြပါသည်၊ ဥယျာဉ်မှ နှင်ထုတ်ခံရပါသည်၊ ဘုရားသခင်၏မျက်မှောက်တော်မှ ခွဲထုတ်ခံရပါသည်။ ဤအဖြစ်အပျက်ကို ကျရှုံးခြင်းဟု ခေါ်ပါသည်။

  • ကျရှုံးခြင်းအပြီးတွင် အာဒံနှင့် ဧဝသည် သေတတ်သောသူများဖြစ်လာကြပါသည်။ သေတတ်သောသူများအဖြစ်၊ သူတို့သည် သင်ယူနိုင်၊ တိုးတက်နိုင်၊ သားသမီးများလည်း ရရှိနိုင်ကြပါသည်။ သူတို့သည် ဝမ်းနည်းမှု၊ အပြစ်နှင့် သေခြင်းကိုလည်း တွေ့ကြုံကြရပါသည်။

  • ကျရှုံးခြင်းသည် လူသားအတွက် ရှေ့တက်သည့် တစ်လှမ်းဖြစ်ပါသည်။ ကျရှုံးခြင်းသည် ကျွန်ုပ်တို့အတွက် မြေကြီးပေါ်၌ မွေးဖွားရန်နှင့် ကောင်းကင်ဘုံရှင်အဘ၏အစီအစဉ်တွင် တိုးတက်ရန် ဖြစ်နိုင်စေပါသည်။

မြေကြီးပေါ်၌ ကျွန်ုပ်တို့ဘဝ

  • ဘုရားသခင်၏အစီအစဉ်တွင်၊ ကျွန်ုပ်တို့သည် ဇာတိခန္ဓာကိုယ်များရရှိရန်၊ သင်ယူရန်နှင့် တိုးတက်ရန် မြေကြီးသို့လာဖို့ လိုအပ်ပါသည်။

  • မြေကြီးပေါ်တွင်၊ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့်လျှောက်ရန် သင်ယူကြပါသည်။ သို့သော်လည်း၊ ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကို တစ်ဦးတည်းမထားပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဆုကျေးဇူးများစွာပေးထားပါသည်၊ ကျွန်ုပ်တို့ကို ကိုယ်တော်၏မျက်မှောက်တော်သို့ ပြန်လာဖို့ကူညီရန် လမ်းညွှန်ပါသည်။

ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ

  • ကျွန်ုပ်တို့အယောက်တိုင်း အပြစ်ပြုကြပါသည်၊ ကျွန်ုပ်တို့အယောက်တိုင်း သေကြပါမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သောကြောင့်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သေခြင်းနှင့် အပြစ်မှရွေးနှုတ်ရန် ကိုယ်တော်၏သားတော် ယေရှုခရစ်တော်ကို မြေကြီးသို့ စေလွှတ်ခဲ့ပါသည်။

  • ယေရှု၏အပြစ်ဖြေခြင်းယဇ်ကြောင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်များမှ ခွင့်လွှတ်ခံရနိုင်၊ သန့်ရှင်းစေနိုင်ကြပါသည်။ ကျွန်ုပ်တို့သည် နောင်တရကြသည်နှင့်အမျှ ကျွန်ုပ်တို့၏နှလုံးသားသည် ပိုကောင်းရန် ပြောင်းလဲနိုင်ပါသည်။ ဤအရာက ကျွန်ုပ်တို့အတွက် ဘုရားသခင်၏မျက်မှောက်တော်သို့ ပြန်သွားရန်နှင့် ပြည့်စုံသောဝမ်းမြောက်ခြင်းကို ရရှိရန် ဖြစ်နိုင်စေပါသည်။

  • ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကြောင့်၊ ကျွန်ုပ်တို့အားလုံးသည် သေပြီးနောက် ရှင်ပြန်ထမြောက်ကြလိမ့်မည်။ ဤအရာမှာ လူတစ်ဦးချင်း၏ဝိညာဉ်နှင့် ခန္ဓာကိုယ်ပြန်လည်ပေါင်းစည်းလိမ့်မည်၊ ကျွန်ုပ်တို့အယောက်တိုင်း စုံလင်သော၊ ရှင်ပြန်ထမြောက်သည့် ခန္ဓာကိုယ်နှင့် ကာလအစဉ်အဆက်အသက်ရှင်ကြလိမ့်မည်ဟု ဆိုလိုပါသည်။

  • ယေရှုခရစ်တော်က နှစ်သိမ့်ခြင်း၊ မျှော်လင့်ခြင်းနှင့် အနာငြိမ်းစေခြင်းတို့ကို ပေးပါသည်။ ကိုယ်တော်၏အပြစ်ဖြေခြင်းယဇ်သည် ကိုယ်တော့်ချစ်ခြင်း၏အဆုံးစွန်သော ဖော်ပြချက်ဖြစ်ပါသည်။ ဘဝနှင့်စပ်လျဉ်းသည့် မျှတခြင်းမရှိသည့် အရာမှန်သမျှသည် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် မှန်ရာသို့ ရောက်နိုင်ပါသည်။

ဝိညာဉ်ကမ္ဘာ

  • ကျွန်ုပ်တို့၏ဇာတိခန္ဓာကိုယ်သေသောအခါ၊ ကျွန်ုပ်တို့၏ဝိညာဉ်သည် ဝိညာဉ်ကမ္ဘာတွင် ဆက်၍အသက်ရှင်ပါသည်။ ဤအရာသည် ရှင်ပြန်ထမြောက်ခြင်းမတိုင်မီ ယာယီသင်ယူခြင်းနှင့် ပြင်ဆင်ခြင်းအခြေအနေတစ်ခုဖြစ်ပါသည်။

  • ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝိညာဉ်ကမ္ဘာတွင် သွန်သင်ပါသည်၊ ကျွန်ုပ်တို့သည် ဆက်၍တိုးတက် ကောင်းမွန်လာနိုင်ကြပါသည်။

ရှင်ပြန်ထမြောက်ခြင်း၊ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်း

  • ကျွန်ုပ်တို့၏ဝိညာဉ်ကမ္ဘာရှိအချိန်နောက်တွင်၊ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ထာဝရခရီးတွင် နောက်တစ်ဆင့်ဖြစ်ပါသည်။

  • ရှင်ပြန်ထမြောက်ခြင်းသည် ဝိညာဉ်နှင့် ခန္ဓာကိုယ်ပြန်လည်ပေါင်းစည်းခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အယောက်တိုင်းသည် ရှင်ပြန်ထမြောက်ကြလိမ့်မည်၊ စုံလင်သောဇာတိခန္ဓာကိုယ်ကို ရရှိကြလိမ့်မည်။ ကျွန်ုပ်တို့ကာလအစဉ်အဆက် အသက်ရှင်ကြလိမ့်မည်။ ဤအရာကို ကယ်တင်ရှင်၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် ရှင်ပြန်ထမြောက်ခြင်းတို့အားဖြင့် ဖြစ်နိုင်စေပါသည်။

တရားစီရင်ခြင်းနှင့် ဘုန်းအသရေနိုင်ငံတော်

  • ကျွန်ုပ်တို့ ရှင်ပြန်ထမြောက်သောအခါ၊ ယေရှုသည် ကျွန်ုပ်တို့၏တရားသူကြီးဖြစ်လိမ့်မည်။ အလွန်အနည်းငယ်သောသူများမှတစ်ပါး၊ ဘုရားသခင်၏သားသမီးအားလုံးသည် ဘုန်းအသရေနိုင်ငံတော်၌ နေရာတစ်ခုကို ရရှိလိမ့်မည်။

  • ကျွန်ုပ်တို့ရှင်ပြန်ထမြောက်ကြမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့အားလုံးသည် တူညီသောထာဝရဘုန်းအသရေကို ရရှိကြမည်မဟုတ်ပါ။ ယေရှုသည် သေခြင်းရှိရာနှင့် ဝိညာဉ်ကမ္ဘာ၌ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏ယုံကြည်ခြင်း၊ အကျင့်များနှင့် နောင်တရခြင်းအတိုင်းတရားစီရင်လိမ့်မည်။ ကျွန်ုပ်တို့သည် သစ္စာရှိကြလျှင် ဘုရားသခင်၏မျက်မှောက်တော်၌နေထိုင်ရန် ပြန်သွားနိုင်ကြပါသည်။

လူများအား သင်မေးနိုင်သောမေးခွန်းများ

အောက်ပါမေးခွန်းများသည် လူတို့အားသင်မေးနိုင်သည့် ဥပမာများဖြစ်ပါသည်။ ဤမေးခွန်းများသည် သင့်အား အဓိပ္ပာယ်ရှိသောစကားပြောခြင်းရှိရန်နှင့် လူတစ်ဦး၏လိုအပ်ချက်များနှင့် အမြင်ကိုနားလည်ရန် ကူညီနိုင်ပါသည်။

  • ဘဝ၏အဓိပ္ပာယ်ဆိုတာကို သင်ဘယ်လိုခံစားထင်မြင်ပါသလဲ။

  • သင့်အားမည်သည့်အရာက ပျော်ရွှင်မှုကို ဖြစ်စေပါသနည်း။

  • သင့်ကို ဘုရားသခင်ကူညီရန် သင့်တွင် မည်သည့် စိန်ခေါ်မှုများလိုအပ်ပါသနည်း။

  • သင်သည် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများမှ မည်သည့်အရာကို သင်ယူခဲ့ရပါသနည်း။

  • သင်သည် ယေရှု၏အကြောင်း မည်သည့်အရာကို သိပါသနည်း။ ကိုယ်တော်၏အသက်တာနှင့် အထူးတာဝန်သည် သင့်ဘဝကို မည်သို့ သက်ရောက်မှုရှိခဲ့ပါသနည်း။

သင် ကမ်းလှမ်းနိုင်သော ဖိတ်ခေါ်ချက်များ

  • ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အရာများမှန်ကန်ကြောင်း သင်သိဖို့ကူညီရန် သင်သည် ဘုရားသခင်ကို ဆုတောင်းခြင်းဖြင့် မေးမည်လား။ (ရှု “သွန်သင်ခြင်းအတွေးအမြင်များ၊ ဆုတောင်းခြင်း” သင်ခန်းစာ ၁ ၏နောက်ဆုံးကဏ္ဍတွင်။)

  • ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အရာအကြောင်း ပို၍သင်ယူရန် သင်သည် ဤတနင်္ဂနွေနေ့တွင် ကျွန်ုပ်တို့နှင့်အတူ ဘုရားကျောင်းတက်မည်လား။

  • သင်သည် မော်မုန်ကျမ်းကို ဖတ်မည်လား၊ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်း သိရန် ဆုတောင်းမည်လား။ (သင်သည် တိကျသော အခန်းကြီးများ သို့မဟုတ် အခန်းငယ်များကို အကြံပြုနိုင်ပါသည်။)

  • သင်သည် ယေရှု၏ပုံသက်သေကို လိုက်လျှောက်ပြီး ဗတ္တိဇံခံမည်လား။ (ရှု သင်ခန်းစာ ၁ ရှေ့ကပ်လျက်ရှိ “ဗတ္တိဇံခံရန်နှင့် အတည်ပြုခံရန် ဖိတ်ခေါ်ချက်၊”)

  • နောက်တကြိမ်အလည်လာခြင်းအတွက် အချိန်တစ်ခု ကျွန်ုပ်တို့သတ်မှတ်နိုင်ပါသလား။

ရုပ်ပုံ
ကယ်တင်ခြင်းအစီအစဉ်ဂရပ်ပုံ

ဩဝါဒအခြေခံအုတ်မြစ်

ဤကဏ္ဍသည် ဧဝံဂေလိတရားတော်အကြောင်း သင်၏အသိပညာနှင့် သက်သေခံချက်ကို ခွန်အားဖြည့်ပေးရန်နှင့် သွန်သင်ရာတွင် သင့်ကို ကူညီရန် သင်လေ့လာရမည့် ဩဝါဒနှင့် ကျမ်းစာများကိုပေးထားပါသည်။

ရုပ်ပုံ
ဂလက်ဆီ

သေခြင်းရှိရာမတိုင်မီဘဝ၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် အစီအစဉ်

ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ပါသည်၊ ကျွန်ုပ်တို့ မွေးဖွားခြင်းမတိုင်မီတွင် ကိုယ်တော်နှင့် အတူနေထိုင်ခဲ့ပါသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ဝိညာဉ်များ၏အဘဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားသည့် ကိုယ်တော်၏သားသမီးများဖြစ်ပါသည်။ ကျွန်ုပ်တို့အယောက်တိုင်းသည် ဘုရားသခင်၏သားသမီးတစ်ယောက်အဖြစ် မြင့်မြတ်သော အလားအလာ ရှိကြပါသည်။ ဤအသိပညာသည် ကျွန်ုပ်တို့ကို ခက်ခဲသည့်အချိန်များတွင် ကူညီနိုင်ပါသည်၊ ကျွန်ုပ်တို့၏အကောင်းဆုံးဖြစ်လာစေရန်လည်း လမ်းပြလှုံ့ဆော်ပေးနိုင်ပါသည်။

ကျွန်ုပ်တို့သည် မြေကြီးပေါ်၌ မမွေးဖွားမီ ဘုရားသခင်၏သားသမီးများအဖြစ် ကိုယ်တော်နှင့်အတူနေထိုင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏မိသားစုဝင်များ ဖြစ်ကြပါသည်။

ရုပ်ပုံ
ဥက္ကဠ အမ် ရပ်ဆဲလ် ဘဲလာ့ဒ်

“ကျွန်ုပ်တို့ ယခုနှင့် ကာလအစဉ်အဆက် ဝေငှသည့် အရေးကြီးသောပုံရိပ်တစ်ခု၊ ကျွန်ုပ်တို့အဘယ်တော့မျှ မျက်ခြေမပြတ်သင့်သည့်အရာတစ်ခု၊ ကျွန်ုပ်တို့ ကျေးဇူးတင်ရမည့်အရာတစ်ခု ရှိပါသည်။ ထိုအရာမှာ၊ သင်သည် ထာဝရကာလ၌ ဝိညာဉ်ပကတိ အမြစ်တည်သည့် ဘုရားသခင်၏သား သို့မဟုတ် သမီးအဖြစ် ယခုလည်းဖြစ်သည်၊ ယခင်ကလည်းအမြဲဖြစ်နေခဲ့ပြီးပြီဖြစ်ကြောင်းပင်ဖြစ်ပါသည်။

“… ဤသမ္မာတရားကို နားလည်ခြင်း—ထိုတရားကို အမှန်နားလည်ခြင်းနှင့် ထွေးပွေ့ခြင်း—သည်ဘဝပြောင်းလဲခြင်းဖြစ်ပါသည်။ ထိုအရာသည် သင့်ထံမှအဝေးသို့ မည်သူမျှယူမသွားနိုင်သည့် သာမန်ထက်ပိုသည့် အထောက်အထားတစ်ခုကို သင့်ကိုပေးပါသည်။ သို့ရာတွင် ထိုအရာထက်ပို၍၊ သင့်ကို တန်ဖိုးရှိခြင်းကြီးစွာသောခံစားချက်နှင့် သင်၏အတိုင်းမသိသောထိုက်တန်ခြင်းအသိစိတ်ကိုပေးပါသည်။ နောက်ဆုံးတွင်၊ ထိုအရာက သင့်အား ဘဝတွင် မြင့်မြတ်သော၊ လေးမြတ်သော၊ ထိုက်တန်သောရည်ရွယ်ချက်ကို ပေးပါသည်” (အမ်၊ ရပ်ဆဲလ် ဘောလာ့ဒ်၊ “ကောင်းကင်ဘုံရှင်အဘ၏သားသမီးများ” ဘရင်ဟမ်ရမ်းတက္ကသိုလ် ဝတ်ပြုခြင်း၊ မတ် ၃၊ ၂၀၂၀၊ ၂ speeches.byu.edu)။

ကျွန်ုပ်တို့သည် မြေကြီးသို့လာရန် ရွေးချယ်ခဲ့ကြပါသည်။

ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကိုချစ်ပါသည်၊ ကျွန်ုပ်တို့ကို ကိုယ်တော်လိုဖြစ်လာစေလိုပါသည်။ ကိုယ်တော်သည် အသရေရှိသည့် ရုပ်ခန္ဓာကိုယ်ရှိသည့် ချီးမြှောက်ထားသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏သေခြင်းရှိရာမတိုင်မီဘဝတွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၌ ကျွန်ုပ်တို့အတွက် ကိုယ်တော်ကဲ့သို့ဖြစ်လာစေရန် အစီအစဉ်တစ်ခုရှိကြောင်းကို သင်ယူခဲ့ရပါသည်။ ကိုယ်တော့်အစီအစဉ်၏ တစ်ပိုင်းမှာ၊ ကျွန်ုပ်တို့ ကောင်းကင်ဘုံရှင်အိမ်ကို စွန့်ခွာပြီး၊ ဇာတိခန္ဓာကိုယ်များရရှိရန် မြေကြီးသို့ လာသည့်အကြောင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏မျက်မှောက်တော်မှဝေးသည့်အချိန်တစ်ခုအတွင်းတွင် အတွေ့အကြုံရရှိရန်နှင့် ယုံကြည်ခြင်းတိုးတက်ရန်လည်း လိုအပ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် အတူနေထိုင်ခဲ့ခြင်းကို မှတ်မိမည်မဟုတ်ပါ။ သို့သော်လည်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့လိုအပ်သည့်အရာကို ပံ့ပိုးပေးမည်ဖြစ်ပါသည်၊ ကျွန်ုပ်တို့ ကိုယ်တော်နှင့် အတူနေထိုင်ဖို့ပြန်လာနိုင်စေခြင်းငှာဖြစ်ပါသည်။

ရွေးချယ်ပြုမူနိုင်ခွင့်၊ သို့မဟုတ် ရွေးချယ်ရန် လွတ်လပ်မှုနှင့် စွမ်းရည်သည် ကျွန်ုပ်တို့အတွက် ဘုရားသခင့်အစီအစဉ်၏ မရှိမဖြစ်လိုအပ်သောအရာတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏သေခြင်းရှိရာမတိုင်မီဘဝတွင်၊ ကျွန်ုပ်တို့အယောက်တိုင်းသည် ဘုရားသခင့်အစီအစဉ်ကို လိုက်လျှောက်ရန်နှင့် မြေကြီးသို့လာရန် ရွေးချယ်ခဲ့ကြပါသည်၊ ထိုကဲ့သို့အားဖြင့် ကျွန်ုပ်တို့၏ထာဝရတိုးတက်ခြင်းတွင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် ဤနေရာ၌ရှိစဉ်တွင်၊ တိုးတက်ရန်နှင့် ဝမ်းမြောက်ခြင်းကို တွေ့ကြုံရန် အခွင့်အရေးအသစ်များစွာရှိကြောင်းကို နားလည်ခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ဆန့်ကျင်ဘက်ကိုရင်ဆိုင်ရမည်ဖြစ်ကြောင်းကိုလည်း နားလည်ခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် သွေးဆောင်ခြင်း၊ ဒုက္ခများ၊ ဝမ်းနည်းခြင်းနှင့် သေခြင်းတို့ကိုလည်း တွေ့ကြုံရလိမ့်မည်။

မြေကြီးသို့လာရန် ရွေးချယ်ခြင်းတွင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ချစ်ခြင်းနှင့် အကူအညီကို ယုံကြည်စိတ်ချခဲ့ပါသည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ကိုယ်တော်၏အစဉ်အစဉ်ကို ယုံကြည်စိတ်ချခဲ့ပါသည်။

ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကို ရွေးနှုတ်ရန် ယေရှုခရစ်တော်ကို ရွေးချယ်ခဲ့ပါသည်။

ယေရှုခရစ်တော်သည် ဘုရားသခင့်အစီအစဉ်တွင် အဓိကဖြစ်ပါသည်။ မြေကြီးသို့မလာမီတွင်၊ ကျွန်ုပ်တို့သည် မိမိဘာသာမိမိ ဘုရားသခင်၏မျက်မှောက်သို့ ပြန်မသွားနိုင်ကြောင်းသိခဲ့ကြပါသည်။ ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့အတွက် ကိုယ်တော်ထံသို့ ပြန်သွားရန်နှင့် ထာဝရအသက်ကို ရရန်ဖြစ်နိုင်စေဖို့ ယေရှုခရစ်တော်၊ ကိုယ်တော်၏သားဦးကို စေလွှတ်ခဲ့ပါသည်။

ယေရှုသည် လိုလိုလားလားလက်ခံခဲ့ပါသည်။ ကိုယ်တော်သည် မြေကြီးသို့လာရန်နှင့် ကိုယ်တော်၏အပြစ်ဖြေခြင်းယဇ်အားဖြင့် ကျွန်ုပ်တို့ကို ရွေးနှုတ်ရန် သဘောတူခဲ့ပါသည်။ ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ရည်ရွယ်ချက်ကို ပြီးပြည့်စုံစေနိုင်စွမ်းရှိစေမည်ဖြစ်ပါသည်။

ကျမ်းစာလေ့လာခြင်း

ဘုရားသခင်၏သားသမီးများ

ဘုရားသခင်၏ရည်ရွယ်ချက်

သေခြင်းရှိရာမတိုင်မီဘဝ

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ရုပ်ပုံ
သမုဒ္ဒရာနေဝင်ဆည်းဆာ

ဖန်ဆင်းခြင်း

ကောင်းကင်ဘုံရှင်အဘ၏အစီအစဉ်သည် မြေကြီးဖန်ဆင်းခြင်းကို ပံ့ပိုးပေးခဲ့ပါသည်၊ ထိုနေရာတွင် ကိုယ်တော်၏ဝိညာဉ်သားသမီးများ ရုပ်ခန္ဓာကိုယ်များရရှိ၍၊ အတွေ့အကြုံရရှိလိမ့်မည်။ မြေကြီးပေါ်ရှိကျွန်ုပ်တို့ဘဝသည် ကျွန်ုပ်တို့အတွက် တိုးတက်ရန်နှင့် ဘုရားသခင်ကဲ့သို့ဖြစ်လာစေရန် လိုအပ်ပါသည်။

ကောင်းကင်ဘုံရှင်အဘ၏လမ်းညွှန်မှုအောက်တွင်၊ ယေရှုခရစ်တော်သည် မြေကြီးနှင့် သက်ရှိအားလုံးကို ဖန်ဆင်းခဲ့ပါသည်။ ကောင်းကင်ဘုံရှင်အဘသည် ထို့နောက်တွင် အမျိုးသားနှင့် အမျိုးသမီးကို ကိုယ်တော်၏ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခဲ့ပါသည်။ ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ချစ်ခြင်းနှင့် ကျွန်ုပ်တို့တိုးတက်ရန်အခွင့်အ‌ရေးအတွက် သူ၏စိတ်ဆန္ဒကိုဖော်ပြခြင်းဖြစ်သည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ရုပ်ပုံ
ဧဒင်ဥယျာဉ်ကို စွန့်ခွာခြင်း၊ ဂျိုးဇက်ဘရစ်ကီ၏လက်ရာ

အာဒံနှင့် ဧဝ၏ကျရှုံးခြင်း

ကျရှုံးခြင်းမတိုင်မီ

အာဒံနှင့် ဧဝသည် မြေကြီးသို့လာသည့် ဘုရားသခင်၏ဝိညာဉ်သားသမီးများထဲမှ ပထမဆုံးသူများဖြစ်ကြပါသည်။ ဘုရားသခင်သည် သူတို့၏ရုပ်ခန္ဓာကိုယ်များကို ကိုယ်တော်၏ပုံသဏ္ဌာန်အတိုင်းဖန်ဆင်းပြီး၊ သူတို့ကို ဧဒင်ဥယျာဉ်ထဲ၌ ထားပါသည်။ ဥယျာဉ်ထဲတွင် သူတို့သည် အပြစ်မဲ့ကြပြီး၊ ဘုရားသခင်က သူတို့၏လိုအပ်ချက်များအတွက် ပံ့ပိုးပေးခဲ့ပါသည်။

အာဒံနှင့်ဧဝတို့ ဥယျာဉ်ထဲ၌ရှိစဉ်တွင်၊ ဘုရားသခင်သည် သူတို့အား ကောင်းမကောင်းကို သိကျွမ်းရာအပင်၏အသီးကို မစားရန် မိန့်တော်မူခဲ့ပါသည်။ သူတို့သည် ဤပညတ်ကို နာခံခဲ့လျှင်၊ ဥယျာဉ်ထဲ၌ဆက်၍နေနိုင်ခဲ့ပေမည်။ သို့သော်လည်း၊ သူတို့သည် သေခြင်းရှိရာဘဝ၏ဆန့်ကျင်မှုနှင့် စိန်ခေါ်မှုများမှ သင်ယူခြင်းဖြင့် တိုးတက်နိုင်စွမ်းရှိမည်မဟုတ်ပါ။ သူတို့သည် ဝမ်းနည်းမှုနှင့် နာကျင်မှုကို မတွေ့ကြုံနိုင်သောကြောင့်ဝမ်းမြောက်ခြင်းကို သိနိုင်စွမ်းရှိမည်မဟုတ်ပါ။

စာတန်သည် အာဒံနှင့် ဧဝကို တားမြစ်သောအသီးကို စားသုံးရန် သွေးဆောင်ခဲ့ပါသည်၊ သူတို့သည်လည်းစားသုံးရန် ရွေးချယ်ခဲ့ပါသည်။ ဤရွေးချယ်မှုကြောင့်၊ သူတို့သည် ဥယျာဉ်မှ နှင်ထုတ်ခံရပြီး၊ ဘုရားသခင်၏မျက်မှောက်တော်မှ ကွဲကွာခဲ့ကြပါသည်။ ဤအဖြစ်အပျက်ကို ကျရှုံးခြင်းဟု ခေါ်ပါသည်။

ကျရှုံးခြင်းပြီးနောက်

ကျရှုံးခြင်းပြီးနောက်တွင်၊ အာဒံနှင့် ဧဝသည် သေတတ်သောသူများဖြစ်လာကြပါသည်။ အပြစ်မဲ့ခြင်းအခြေအနေ၌မရှိတော့ပေ၊ သူတို့သည် အကောင်းနှင့်အဆိုးနှစ်ခုလုံးကို နားလည်ခဲ့ကြ၊ တွေ့ကြုံခဲ့ကြပါသည်။ သူတို့၌ရှိသည့် ရွေးချယ်ပြုမူနိုင်ခွင့်ကို အသုံးပြုနိုင်ခဲ့ကြပါသည်။ အာဒံနှင့် ဧဝသည် ဆန့်ကျင်မှုနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရသောကြောင့် သင်ယူနိုင်စွမ်း၊ တိုးတက်နိုင်စွမ်းရှိခဲ့ကြပါသည်။ သူတို့သည် ဝမ်းနည်းမှုနှင့် တွေ့ကြုံရသောကြောင့်၊ ဝမ်းမြောက်ခြင်းကိုလည်း တွေ့ကြုံနိုင်ခဲ့ကြပါသည်။ (ရှု ၂ နီဖိုင်း ၂း၂၂-၂၅။)

ခက်ခဲမှုများရှိသော်လည်း၊ အာဒံနှင့် ဧဝသည် သေခြင်းရှိရာ၌ ဖြစ်ရခြင်းမှာ ကြီးစွာသောကောင်းချီးမင်္ဂလာတစ်ခုဖြစ်သည်ဟု ခံစားခဲ့ကြပါသည်။ ကောင်းချီးမင်္ဂလာတစ်ခုမှာ သူတို့၌ သားသမီးများရရှိနိုင်ခြင်းဖြစ်ပါသည်။ ဤအရာက ဘုရားသခင်၏အခြားဝိညာဉ်သားသမီးများကို မြေကြီးသို့လာပြီး၊ ရုပ်ခန္ဓာကိုယ်များရရှိနိုင်ရာနည်းလမ်းကို ပံ့ပိုးပေးပါသည်။

ကျရှုံးခြင်း၏ကောင်းချီးမင်္ဂလာများနှင့် ပတ်သက်၍၊ အာဒံနှင့် ဧဝနှစ်ဦးစလုံးရွှင်လန်းဝမ်းမြောက်ခဲ့ပါသည်။ ဧဝကပြောခဲ့ပါသည်၊ “ကျွန်ုပ်တို့၏ လွန်ကျူးခြင်း မရှိခဲ့လေလျှင်၊ ကျွန်ုပ်တို့၌ အဘယ်တော့မျှ သားသမီးများ ရှိလိမ့်မည် မဟုတ်၊ အကောင်းနှင့် အဆိုးကို၊ ထို့အတူ ကျွန်ုပ်တို့၏ ရွေးနှုတ်ခြင်း အတွက် ဝမ်းမြောက်ခြင်း၊ ထို့အတူ ခပ်သိမ်းသော နာခံသူတို့ကို ဘုရားသခင်ပေးသည့် ထာဝရအသက်ကို အဘယ်တော့မျှ သိရလိမ့်မည်မဟုတ်” (မောရှေ ၅း၁၁၊ လည်းရှု အခန်းငယ် ၁၀)။

ကျမ်းစာလေ့လာခြင်း

ဥယျာဉ်ထဲ၌

ကျရှုံးခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

မြေကြီးပေါ်ရှိကျွန်ုပ်တို့ဘဝ

လူများစွာတို့သည်၊ “ကျွန်ုပ်ဒီနေရာ မြေကြီးပေါ်မှ အဘယ်ကြောင့်ရှိရသနည်း” ဟုသိချင်ကြပါသည်။ မြေကြီးပေါ်ရှိကျွန်ုပ်တို့ဘဝသည် ကျွန်ုပ်တို့၏ထာဝရတိုးတက်ခြင်းအတွက် ဘုရားသခင့်အစီအစဉ်၏ မရှိမဖြစ်လိုအပ်သောအပိုင်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏အဆုံးစွန်သောရည်ရွယ်ချက်မှာ၊ ဘုရားသခင်၏မျက်မှောက်တော်သို့ ပြန်သွားရန်နှင့် ပြည်စုံသောဝမ်းမြောက်ခြင်းကို ရရှိရန် ပြင်ဆင်ဖို့ဖြစ်ပါသည်။ အောက်ပါအကျဉ်းချုပ်ဖော်ပြချက်များသည် ဤအရာအတွက် မြေကြီးသားဘဝပြင်ဆင်သည့် နည်းလမ်းအချို့ဖြစ်ပါသည်။

ရုပ်ပုံ
ပြုံးနေသောကောင်လေး

ရုပ်ခန္ဓာကိုယ်တစ်ခု ရရှိခြင်း

မြေကြီးသို့လာခြင်း၏ရည်ရွယ်ချက်တစ်ခုမှာ ကျွန်ုပ်တို့၏စိတ်ဝိညာဉ်တည်နိုင်သည့် ရုပ်ခန္ဓာကိုယ်တစ်ခု ရရှိရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်များသည် သန့်ရှင်းမွန်မြတ်သော၊ ဘုရားသခင်၏အလွန်တရာအံ့ဩဖွယ်ဖန်ဆင်းချက်များဖြစ်ပါသည်။ ရုပ်ခန္ဓာကိုယ်များဖြင့်၊ ကျွန်ုပ်တို့သည် စိတ်ဝိညာဉ်မလုပ်နိုင်သည့် အရာများစွာတို့ကို လုပ်နိုင်၊ သင်ယူနိုင်၊ တွေ့ကြုံနိုင်ကြပါသည်။ ကျွန်ုပ်တို့သည် စိတ်ဝိညာဉ်များအဖြစ်မတတ်နိုင်သည့်နည်းများဖြင့် တိုးတက်နိုင်ကြပါသည်။

ကျွန်ုပ်တို့၏ခန္ဓာကိုယ်များသည် သေတတ်သောအရာများဖြစ်သောကြောင့်၊ ကျွန်ုပ်တို့သည် နာကျင်မှု၊ ရောဂါနှင့် အခြားဒုက္ခများကို တွေ့ကြုံကြရပါသည်။ ဤအတွေ့အကြုံများသည် ကျွန်ုပ်တို့အား သည်းခံခြင်း၊ သနားခြင်းနှင့် အခြားမြင့်မြတ်သောအရည်အချင်းများကို သင်ယူရန် ကူညီနိုင်ပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းသို့လမ်းကြောင်းဖြစ်နိုင်ပါသည်။ ခက်ခဲသည့်အခါ မှန်သောအရာကို ရွေးချယ်ခြင်းသည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတို့ ကျွန်ုပ်တို့စရိုက်လက္ခဏာ၏အစိတ်အပိုင်းများဖြစ်လာပုံပင်ဖြစ်ပါသည်။

ရွေးချယ်ပြုမူနိုင်ခွင့်ကို ပညာရှိစွာအသုံးပြုရန် သင်ယူပါ

သေခြင်းရှိရာ၏တခြားရည်ရွယ်ချက်မှာ ရွေးချယ်ပြုမူနိုင်ခွင့်ကို ပညာရှိစွာအသုံးပြုရန် သင်ယူဖို့—မှန်သောအရာကို ရွေးချယ်ဖို့ ဖြစ်ပါသည်။ ရွေးချယ်ပြုမူနိုင်ခွင့်ကို ပညာရှိစွာအသုံးပြုရန် သင်ယူခြင်းသည် ဘုရားသခင်ကဲ့သို့ဖြစ်လာခြင်းအတွက် မရှိမဖြစ်လိုအပ်ပါသည်။

ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်တို့သည် ကျွန်ုပ်တို့ကို မှန်သည့်အရာကို သွန်သင်ပေးပါသည်၊ ကျွန်ုပ်တို့ကို ပျော်ရွှင်ခြင်းသို့လမ်းညွှန်ရန် ပညတ်တော်များကိုလည်းပေးပါသည်။ စာတန်သည် ကျွန်ုပ်တို့ကို မှားသည့်အရာကို လုပ်ရန် သွေးဆောင်ပါသည်၊ ကျွန်ုပ်တို့ကို သူ့လိုဝမ်းနည်းပူဆွေးစေလိုပါသည်။ ကျွန်ုပ်တို့သည် အကောင်းနှင့်အဆိုး ဆန့်ကျင်ဘက်ကိုရင်ဆိုင်ကြရပါသည်၊ ထိုအရာမှာ ကျွန်ုပ်တို့၏ရွေးချယ်ပြုမူနိုင်ခွင့်ကို အသုံးပြုရန် သင်ယူခြင်းအတွက် လိုအပ်ပါသည် (ရှု ၂ နီဖိုင်း ၁၁)။

ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံကြသည်နှင့်အမျှ၊ တိုးတက်၍၊ ကိုယ်တော်၏ကတိတော်လာကောင်းချီးမင်္ဂလာများကို ရရှိကြပါသည်။ ကျွန်ုပ်တို့သည် မနာခံကြသည်နှင့်အမျှ၊ ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ကိုယ်တော်ထံမှ ဝေးကွာစေကြသည်၊ အပြစ်၏အကျိုးဆက်များကိုလည်း ခံစားကြရပါသည်။ တစ်ခါတစ်ရံတစ်မျိုးတဖုံဖြစ်ဟန်ရှိသော်လည်း၊ နောက်ဆုံးတွင် အပြစ်သည် မပျော်ရွှင်ခြင်းသို့ ပို့ဆောင်ပါသည်။ နာခံခြင်း၏ကောင်းချီးမင်္ဂလာများ—အပြစ်၏သက်ရောက်မှုများ—သည် ချက်ချင်းမထင်ရှားသို့မဟုတ် အပြင်ပိုင်းကိုမြင်ရလေ့မရှိပါ။ သို့ရာတွင် ၎င်းတို့သည် သေချာပါသည်၊ ဘုရားသခင်သည်တရားသောသူဖြစ်သောကြောင့်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် အကောင်းဆုံးကိုပင် လုပ်သော်လည်း ၊ ကျွန်ုပ်တို့အားလုံးသည် အပြစ်ပြုကြပါသည်၊ “ဘုရားသခင်၏ရှေ့တော်၌ အသရေပျက်ကြပါသည်“ (ရောမဩဝါဒစာ ၃း၂၃)။ ဤအရာကို သိသောကြောင့်၊ ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့အတွက် ကိုယ်တော်ထံပြန်လာနိုင်စေခြင်းငှာ နောင်တရရန် နည်းလမ်းတစ်ခုကို ပေးထားပါသည်။

နောင်တရခြင်းသည် ရွေးနှုတ်ရှင်၊ ယေရှုခရစ်တော်၏တန်ခိုးကို ကျွန်ုပ်တို့ဘဝများထဲသို့ ဆောင်ယူလာပါသည် (ရှု ဟေလမန် ၅း၁၁)။ ကျွန်ုပ်တို့သည် နောင်တရကြသည်နှင့်အမျှ၊ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းယဇ်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးအားဖြင့် အပြစ်မှသန့်ရှင်းလာကြပါသည် (ရှု ၃ နီဖိုင်း ၂၇း၁၆-၂၀)။ နောင်တရခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်းကို တွေ့ကြုံကြပါသည်။ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘဆီသို့ ပြန်သွားသည့်လမ်းကို ကျွန်ုပ်တို့အတွက် ဖွင့်ထားပါသည်၊ ကိုယ်တော်သည် ကရုဏာကြီးသောကြောင့်ဖြစ်ပါသည်။ (ရှု “နောင်တရခြင်း” သင်ခန်းစာ ၃ တွင်။)

ယုံကြည်ခြင်းဖြင့်လမ်းလျှောက်ရန် သင်ယူပါ

ဤဘဝ၏အခြားရည်ရွယ်ချက်တစ်ခုမှာ၊ ကောင်းကင်ဘုံရှင်အဘနှင့် ကွဲကွာခြင်းအားဖြင့်သာဖြစ်လာနိုင်သည့် အတွေ့အကြုံကို ရရှိရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို မမြင်ရသောကြောင့်၊ ယုံကြည်ခြင်းဖြင့်လျှောက်ဖို့ သင်ယူရန် လိုအပ်ပါသည် (ရှု ကောရိန္သုဩဝါဒစာဒုတိယစောင် ၅း၆-၇)။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဤခရီးတွင် တစ်ယောက်တည်းမထားခဲ့ပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို လမ်းညွှန်ရန်၊ ခွန်အားဖြည့်ပေးရန်နှင့် သန့်ရှင်းစင်ကြယ်စေရန် သန့်ရှင်းသောဝိညာဉ်တော်ကိုပေးထားပါသည်။ ကျမ်းစာများ၊ ပရောဖက်များ၊ ဆုတောင်းခြင်းနှင့် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကိုလည်း ပံ့ပိုးပေးထားပါသည်။

ကျွန်ုပ်တို့၏သေခြင်းရှိရာအတွေ့အကြုံအစိတ်အပိုင်းတိုင်း—ဝမ်းမြောက်မှုများနှင့် ဝမ်းနည်းမှုများ၊ အောင်မြင်မှုများနှင့်အတားအဆီးများ—သည် ကျွန်ုပ်တို့ဘုရားသခင်ထံပြန်သွားရန် ပြင်ဆင်ချိန်တွင် ကျွန်ုပ်တို့ကို ကူညီနိုင်ပါသည်။

ကျမ်းစာလေ့လာခြင်း

တိုးတက်ကောင်းမွန်လာချိန်တစ်ချိန်

ရွေးချယ်မှု

အကောင်းနှင့်အဆိုး

အပြစ်

ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူရှိရန် သန့်ရှင်းရပါမည်

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ

အာဒံနှင့်ဧဝတို့၏ကျရှုံးခြင်းကြောင့်၊ ကျွန်ုပ်တို့အားလုံးသည် အပြစ်နှင့်သေခြင်း၏ဩဇာခံများဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် အပြစ်နှင့်သေခြင်း၏သက်ရောက်မှုများကို မိမိဘာသာမကျော်လွှားနိုင်ကြပါ။ ကျွန်ုပ်တို့ကောင်းကင်ဘုံရှင်အဘ၏ကယ်တင်ခြင်းအစီအစဉ်တွင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုယ်တော်ထံပြန်သွားနိုင်ဖို့ ကျရှုံးခြင်း၏သက်ရောက်မှုများကို ကျော်လွှားရန် နည်းလမ်းတစ်ခုပေးထားပါသည်။ ကမ္ဘာကို မဖန်ဆင်းမီက၊ ကိုယ်တော်သည် ယေရှုခရစ်တော်ကို ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင်အဖြစ် ရွေးချယ်ခဲ့ပါသည်။

ယေရှုခရစ်တော်သာလျှင် ကျွန်ုပ်တို့ကို အပြစ်နှင့် သေခြင်းမှ ရွေးနှုတ်နိုင်ပါသည်။ သူသည် ဘုရားသခင်၏သားအမှန်ဖြစ်ပါသည်။ သူသည်အပြစ်မဲ့သောဘဝနှင့်နေထိုင်ခဲ့ပါသည်၊ ကိုယ်တော်၏ခမည်းတော်ကို လုံးဝနာခံခဲ့ပါသည်။ ကိုယ်တော်သည် ပြင်ဆင်ထားပြီး၊ ကောင်းကင်ဘုံရှင်အဘ၏အလိုတော်ကို လုပ်ဆောင်ရန် လိုလိုလားလားရှိပါသည်။

ကယ်တင်ရှင်၏အပြစ်ဖြေခြင်းမင်္ဂလာတွင် ဂေသရှေမန်ဥယျာဉ်၌ ကိုယ်တော်၏ခံစားခြင်း၊ ကားတိုင်ပေါ်၌ ကိုယ်တော်၏ခံစားခြင်းနှင့် သေခြင်း၊ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းတို့ ပါဝင်ပါသည်။ ကိုယ်တော်သည် နားမလည်နိုင်လောက်အောင်ခံစားခဲ့ပါသည်—ချွေးပေါက်မှန်သမျှမှ အသွေးထွက်သည်အထိဖြစ်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၉း၁၈)။

ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာသည် လူသားသမိုင်းတစ်ခုလုံးတွင် အသရေအရှိဆုံးအဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ ယေရှု၏အပြစ်ဖြေခြင်းယဇ်ဖြင့်၊ ကိုယ်တော်သည် ခမည်းတော်၏အစီအစဉ်ကို အထမြောက်စေခဲ့ပါသည်။ ကျွန်ုပ်တို့သည် အပြစ်နှင့်သေခြင်းမှ မိမိကိုယ်ကို မကယ်တင်နိုင်သောကြောင့် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာမရှိလျှင် အကူအညီမဲ့ဖြစ်နေပါလိမ့်မည် (ရှု အယ်လမာ ၂၂း၁၂-၁၅)။

ကျွန်ုပ်တို့ကယ်တင်ရှင်၏ယဇ်သည် ကိုယ်တော်၏ခမည်းတော်အတွက်နှင့် ကျွန်ုပ်တို့အတွက် ချစ်ခြင်းကို အမြင့်ဆုံးဖော်ပြချက်တစ်ခုဖြစ်ပါသည်။ ခရစ်တော်၏ချစ်ခြင်း “အနံအလျား အနက်အမြင့်”တို့ကို ကျွန်ုပ်တို့ဉာဏ်နှင့် မသိနိုင်ပါ (ဧဖက်ဩဝါဒစာ ၃း၁၈၊ လည်းရှု အခန်းငယ် ၁၉)။

ရုပ်ပုံ
ကားစင်တင်ကွပ်မျက်ခြင်း၊ ဟယ်ရီအန်ဒါဆန်၏လက်ရာ

ယေရှုခရစ်တော်သည် အားလုံး၏သေခြင်းကို အောင်နိုင်ခဲ့ပါသည်

ယေရှုခရစ်တော်ကားတိုင်ပေါ်တွင် သေသောအခါ၊ ကိုယ်တော်၏ဝိညာဉ်သည် ကိုယ်တော်၏ခန္ဓာကိုယ်နှင့် ကွဲသွားပါသည်။ တတိယမြောက်နေ့တွင်၊ ကိုယ်တော်၏ဝိညာဉ်နှင့် ကိုယ်တော်၏ခန္ဓာကိုယ်သည် ပြန်လည်ပေါင်းစည်းခဲ့ပါသည်၊ ဘယ်တော့မှ တစ်ဖန်အခွဲမခံရတော့ပါ။ ကိုယ်တော်သည် လူများစွာတို့ထံပေါ်လာတော်မူခဲ့ပါသည်၊ ကိုယ်တော်၌ အရိုးအသားရှိသည့် သေခြင်းမရှိသောခန္ဓာကိုယ်ရှိကြောင်းသူတို့ကို ပြခဲ့ပါသည်။ ဤဝိညာဉ်နှင့် ခန္ဓာကိုယ်ပြန်လည်ပေါင်းစည်းခြင်းကို ရှင်ပြန်ထမြောက်ခြင်းဟု ခေါ်ပါသည်။

သေခြင်းရှိသောသူများအဖြစ်၊ ကျွန်ုပ်တို့အယောက်တိုင်း သေကြလိမ့်မည်။ သို့သော်လည်း၊ ယေရှုသည် သေခြင်းကို အောင်နိုင်သောကြောင့်၊ မြေကြီးပေါ်တွင်မွေးဖွားခဲ့သူတိုင်းသည် ရှင်ပြန်ထမြောက်ကြလိမ့်မည်။ ရှင်ပြန်ထမြောက်ခြင်းသည် အားလုံးအတွက် မြင့်မြတ်သောဆုကျေးဇူးတစ်ခုဖြစ်ပါသည်၊ ကယ်တင်ရှင်၏ကရုဏာနှင့် ရွေးနှုတ်ခြင်းကျေးဇူးတော်အားဖြင့် ပေးထားပါသည်။ လူတိုင်း၏ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ပြန်လည်ပေါင်းစည်းလိမ့်မည်၊ ကျွန်ုပ်တို့အယောက်တိုင်းသည် စုံလင်သော၊ ရှင်ပြန်ထမြောက်သည့်ခန္ဓာကိုယ်တစ်ခုဖြင့် ကာလအစဉ်အဆက်နေထိုင်ရလိမ့်မည်။ ယေရှုခရစ်တော်ကြောင့်မဟုတ်လျှင်၊ သေခြင်းသည် ကောင်းကင်ဘုံရှင်အဘနှင့်အနာဂတ်တည်ရှိခြင်းမျှော်လင့်ချက်အားလုံးကို ဆုံးစေလိမ့်မည် (ရှု ၂နီဖိုင်း ၉း၈-၁၂)။

ယေရှုသည် ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့၏အပြစ်များမှ သန့်ရှင်းစေဖို့ ဖြစ်နိုင်စေပါသည်။

ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ရရှိနိုင်သည့် မျှော်လင့်ခြင်းကို နားလည်ရန်၊ ကျွန်ုပ်တို့သည် တရားမျှတခြင်းဥပဒေကို နားလည်ရန် လိုအပ်ပါသည်။ ဤအရာသည် ကျွန်ုပ်တို့၏အပြုအမူများအတွက် အကျိုးဆက်များကို ယူဆောင်လာသည့် မပြောင်းလဲသည့် ဥပဒေဖြစ်ပါသည်။ ဘုရားသခင်ကို နာခံခြင်းသည် ကောင်းသောအကျိုးဆက်များကို ဆောင်ယူလာပါသည်၊ မနာခံခြင်းသည် မကောင်းသောအကျိုးဆက်များကို ယူဆောင်လာပါသည်။ (ရှု အယ်လမာ ၄၂:၁၄-၁၈။) ကျွန်ုပ်တို့သည် အပြစ်ပြုကြသောအခါ၊ ဝိညာဉ်ပကတိမသန့်မရှင်းဖြစ်လာကြပါသည်၊ မည်သည့် မသန့်ရှင်းသောအရာမျှ၊ ဘုရားသခင်၏မျက်မှောက်တွင် မနေနိုင်ပါ (ရှု ၃ နီဖိုင်း ၂၇း၁၉)။

ရုပ်ပုံ
ဂေသရှေမန်၌ဆုတောင်းနေသည့် ယေရှု၊ ဟယ်ရီအန်ဒါဆန်၏လက်ရာ

ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းယဇ်ကာလတွင်၊ ကိုယ်တော်သည်၊ ကျွန်ုပ်တို့နေရာမှနေ၍၊ ကျွန်ုပ်တို့၏အပြစ်များ၏အပြစ်ဒဏ်အတွက် ခံစားခဲ့၊ ပေးဆပ်ခဲ့ပါသည် (ရှု ၃ နီဖိုင်း ၂၇း၁၆-၂၀)။ ဘုရားသခင်၏အစီအစဉ်သည် ယေရှုအား ကျွန်ုပ်တို့ကိုယ်စား ကြားဝင်ဖို့၊ ကျွန်ုပ်တို့နှင့် တရားမျှတမှုကြား ရပ်တည်ဖို့ တန်ခိုးကို ပေးပါသည် (ရှု မောဇိယ ၁၅း၉)။ ယေရှု၏အပြစ်ဖြေခြင်းယဇ်ကြောင့်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ နောင်တရခြင်းငှာ ယုံကြည်ခြင်းကို ကျင့်သုံးသမျှ၊ ကျွန်ုပ်တို့ကိုယ်စား သူ၏ကရုဏာအခွင့်အရေးများကို တောင်းဆိုနိုင်ပါသည် (ရှု မော်ရော်နိုင်း ၇း၂၇ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၅း၃-၅)။ “ထိုကဲ့သို့အားဖြင့်၊ ကရုဏာတော်က အပြစ်ပေးခြင်း၏လိုအပ်ချက်များကို ပြီးပြည့်စေ၍၊ ကျွန်ုပ်တို့ကို ဘေးလွတ်ရာလက်ဖြင့် ပွေ့ထားတော်မူ၏” (အယ်လမာ ၃၄း၁၆)။

ကယ်တင်ရှင်၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် ကျွန်ုပ်တို့၏နောင်တရခြင်းအားဖြင့်သာ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူနေရန် ပြန်သွားနိုင်ပါသည်။ ကျွန်ုပ်တို့သည် နောင်တရကြသည်နှင့်အမျှ၊ ခွင့်လွှတ်ခံရပါသည်၊ ဝိညာဉ်ပကတိသန့်ရှင်းကြပါသည်။ ကျွန်ုပ်တို့၏အပြစ်များအတွက် ဝန်မှသက်သာကြပါသည်။ ကျွန်ုပ်တို့၏ဒဏ်ရာရသည့် စိတ်ဝိညာဉ်များအနာငြိမ်းကြပါသည်။ ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်ကြပါသည် (ရှု အယ်လမာ ၃၆း၂၄)။

ကျွန်ုပ်တို့သည် မပြည့်စုံ၍ တစ်ဖန်လစ်ဟာနိုင်သော်လည်း၊ ကျွန်ုပ်တို့၌ရှိသည့် ကျရှုံးမှု၊ အပြစ်အနာ၊ သို့မဟုတ် အပြစ်ထက် ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ချစ်ခြင်းနှင့် ကရုဏာက ပိုများပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံသို့လှည့်၍၊ နောင်တရကြသည်နှင့်အမျှ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ထွေးပွေ့ရန် အမြဲအဆင်သင့်စိတ်အားထက်သန်လျက်ရှိပါသည် (ရှု ရှင်လုကာ ၁၅း၁၁-၃၂)။ မည်သည့်အရာ၊ မည်သူကမျှ“ကျွန်ုပ်တို့ကို ဘုရားသခင်၏ချစ်ခြင်း၊ ကျွန်ုပ်တို့၏ကိုယ်တော်ရှင်ယေရှုခရစ်တော်၌ရှိသည့်အရာနှင့် ကွဲစေနိုင်စွမ်းမရှိပါ” (ရောမဩဝါဒစာ ၈း၃၉)။

ယေရှုသည် ကျွန်ုပ်တို့၏နာကျင်မှုများ၊ ဒုက္ခများနှင့် အနာရောဂါများကို ကိုယ်တော်အပေါ်တွင်ခံယူတော်မူပါသည်။

ကိုယ်တော်၏အပြစ်ဖြေခြင်းယဇ်တွင်၊ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏နာကျင်မှုများ၊ ဒုက္ခများနှင့် အနာရောဂါများကို ကိုယ်တော်အပေါ်တွင်ခံယူတော်မူပါသည်။ ဤအရာကြောင့်၊ ကိုယ်တော်သည် “လူ့ဇာတိအတိုင်း သူတို့၏အနာရောဂါဝေဒနာများကို သူ့အပေါ် မည်သို့ ခံယူရမည်ကို သိတော်မူပါသည်” (အယ်လမာ ၇း၁၂၊ လည်းရှု အခန်းငယ် ၁၁)။ ကိုယ်တော်က ဖိတ်ခေါ်ပါသည် “ငါ့ထံသို့ လာကြလော့၊” ကျွန်ုပ်တို့လည်းလာကြသည်နှင့်အမျှ၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချမ်းသာခြင်း၊ မျှော်လင့်ခြင်း၊ ခွန်အား၊ အမြင်၊ နှင့် အနာငြိမ်းစေခြင်းတို့ကို ပေးပါသည် (ရှင်မဿဲ ၁၁း၂၈၊ လည်းရှု အခန်းငယ် ၂၉-၃၀)။

ကျွန်ုပ်တို့သည် ယေရှုခရစ်တော်နှင့် ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအပေါ် အားထားကြသည်နှင့်အမျှ၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏ ဒုက္ခများ၊ ဖျားနာခြင်းများနှင့် နာကျင်မှုတို့၌ ကူညီနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် နှစ်သိမ့်ခြင်းတို့ဖြင့် ပြည့်နိုင်ကြပါသည်။ ဘဝနှင့်စပ်လျဉ်းသည့် မမျှတသည့်အရာမှန်သမျှသည် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် မှန်ရာသို့ ရောက်နိုင်ပါသည်။

ကျမ်းစာလေ့လာခြင်း

ကယ်တင်ရှင်၏အပြစ်ဖြေခြင်းမင်္ဂလာ

ရှင်ပြန်ထမြောက်ခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ရုပ်ပုံ
သင်္ချိုင်းဂူသို့အလည်လာနေသည့်မိသားစု

ဝိညာဉ်ကမ္ဘာ

လူများစွာတို့သည် “ကျွန်ုပ်သေပြီးနောက်ဘာဖြစ်မည်လဲ“ ဟုသိချင်ကြပါသည်။ ကယ်တင်ခြင်းအစီအစဉ်သည် ဤမေးခွန်းအတွက် အရေးကြီးသည့်အဖြေအချို့ကိုပေးပါသည်။

သေခြင်းသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ “ကရုဏာကြီးသောအစီအစဉ်“၏တစ်စိတ်တစ်ပိုင်းဖြစ်ပါသည် (၂ နီဖိုင်း ၉း၆)။ ကျွန်ုပ်တို့တည်ရှိခြင်း၏အဆုံးအစား၊ သေခြင်းသည် ကျွန်ုပ်တို့၏ထာဝရတိုးတက်ခြင်းတွင် နောက်တစ်ဆင့်ဖြစ်ပါသည်။ ဘုရားသခင်ကဲ့သို့ဖြစ်လာရန်၊ ကျွန်ုပ်တို့သည် သေခြင်းကို ကြုံတွေ့ရမည်၊ ထို့နောက်တွင် စုံလင်သည့်၊ ရှင်ပြန်ထမြောက်သောခန္ဓာကိုယ်များကို ရရှိကြရမည်။

ကျွန်ုပ်တို့၏ရုပ်ခန္ဓာကိုယ်သေသောအခါ၊ ကျွန်ုပ်တို့၏ဝိညာဉ်များသည် ဝိညာဉ်ကမ္ဘာ၌ ဆက်၍နေကြပါသည်။ ဤအရာသည် ရှင်ပြန်ထမြောက်ခြင်းနှင့် နောက်ဆုံးတရားစီရင်ခြင်းမတိုင်မီ၊ သင်ယူခြင်းနှင့် ပြင်ဆင်ခြင်းတို့၏ယာယီအခြေအနေဖြစ်ပါသည်။ သေခြင်းရှိရာဘဝမှ ကျွန်ုပ်တို့၏အသိပညာသည် ကျွန်ုပ်တို့နှင့်ဆက်၍ရှိပါသည်။

ဝိညာဉ်ကမ္ဘာတွင်၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကိုလက်ခံကျင့်သုံးသည့်လူများသည် “ပျော်ရွှင်ခြင်းအခြေအနေတစ်ခုထဲသို့ ရောက်ရှိကြပါသည်၊ ထိုအရာမှာ အတိသုခဘုံဖြစ်ပါသည်“ (အယ်လမာ ၄၀း၁၂)။ ကလေးသူငယ်များသည်လည်း သေသောအခါ အတိသုခဘုံသို့ ရောက်ရှိကြပါသည်။

အတိသုခဘုံရှိဝိညာဉ်များသည် သူတို့၏ဒုက္ခများနှင့် ဝမ်းနည်းမှုများမှ ငြိမ်းချမ်းခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့သည် ဝိညာဉ်ပတိ၌ဆက်၍တိုးတက်ကြလိမ့်မည်၊ ဘုရားသခင်၏အမှုကိုဆောင်လျက်၊ အခြားသူများကို အမှုဆောင်လျက်ရှိကြလိမ့်မည်။ သူတို့သည် သေခြင်းရှိရာဘဝ၌ ဧဝံဂေလိတရားတော်ကို မရရှိသေးသည့်သူတို့အား သွန်သင်ပေးလိမ့်မည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၈း၃၂-၃၇၊ ၅၇-၅၉)။

ဝိညာဉ်ကမ္ဘာတွင်၊ မြေကြီးပေါ်၌ ဧဝံဂေလိတရားတော်ကို မရနိုင်သော သို့မဟုတ်၊ ပညတ်တော်များကို လိုက်မလျှောက်ဖို့ ရွေးချယ်သောလူတို့သည် အကန့်အသတ်အချို့ကို တွေ့ကြုံရလိမ့်မည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၈း၆-၃၇အယ်လမာ ၄၀း၆-၁၄)။ သို့သော်လည်း၊ ဘုရားသခင်သည် ကရုဏာကြီးသောကြောင့်၊ သူတို့သည် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို သွန်သင်ခံရသည့်အခွင့်အရေးတစ်ခုကို ရလိမ့်မည်။ သူတို့သည် လက်ခံ၍ နောင်တရကြလျှင်၊ သူတို့၏အပြစ်များမှ ရွေးနှုတ်ခံကြရလိမ့်မည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၈း၅၈၊ လည်းရှု ၁၃၈း၃၁-၃၅၁၂၈း၂၂)။ သူတို့သည် အတိသုခဘုံ၏ငြိမ်းချမ်းခြင်းသို့ ကြိုဆိုခံရလိမ့်မည်။ သူတို့သည် သေခြင်းရှိရာ၌ရှိစဉ်နှင့် ဝိညာဉ်ကမ္ဘာ၌ရှိစဉ်သူတို့ပြုသည့် ရွေးချယ်မှုများကို အခြေခံ၍၊ နောက်ဆုံး၌ ဘုန်းအသရေနိုင်ငံတော်တစ်ခု၌ နေရာတစ်ခုကို ရရှိကြလိမ့်မည်။

ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်သည်အထိ ဝိညာဉ်ကမ္ဘာ၌ ဆက်၍ရှိကြလိမ့်မည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ရှင်ပြန်ထမြောက်ခြင်း၊ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်း

ရှင်ပြန်ထမြောက်ခြင်း

ဘုရားသခင်၏အစီအစဉ်သည် ကျွန်ုပ်တို့အတွက် တိုးတက်ရန်နှင့် ထာဝရအသက်ကို ရရှိရန် ဖြစ်နိုင်စေပါသည်။ ကျွန်ုပ်တို့၏ဝိညာဉ်ကမ္ဘာရှိအချိန်နောက်တွင်၊ ရှင်ပြန်ထမြောက်ခြင်းသည် ထိုတိုးတက်ခြင်း၌ ကျွန်ုပ်တို့၏နောက်တစ်ဆင့်ဖြစ်ပါသည်။

ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ပြန်လည်ပေါင်းစည်းခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အယောက်တိုင်း ရှင်ပြန်ထမြောက်ကြလိမ့်မည်။ ဤအရာကို ကယ်တင်ရှင်၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဖြစ်နိုင်စေပါသည်။ (ရှု အယ်လမာ ၁၁း၄၂-၄၄။)

ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်ကြသောအခါ၊ အယောက်တိုင်း စုံလင်သည့်ရုပ်ခန္ဓာကိုယ်တစ်ခုကို ရရှိကြလိမ့်မည်၊ နာကျင်မှုနှင့် ဖျားနာခြင်းတို့မှ လွတ်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် သေခြင်းမရှိသောသူများဖြစ်ကြလိမ့်မည်၊ ကာလအစဉ်အဆက်အသက်ရှင်ကြလိမ့်မည်။

ကယ်တင်ခြင်း

ကျွန်ုပ်တို့အားလုံးသည် ရှင်ပြန်ထမြောက်ကြမည်ဖြစ်၍၊ ကယ်တင်ခံရလိမ့်မည်— သို့မဟုတ် ရုပ်သေခြင်းမှ—ကယ်တင်ခြင်းကို ရရှိကြလိမ့်မည်။ ဤဆုကျေးဇူးကို ယေရှုခရစ်တော်၏ကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့ကို ပေးထားပါသည်။

ကျွန်ုပ်တို့သည်ကယ်တင်ခံရလိမ့်မည်—သို့မဟုတ် ကျွန်ုပ်တို့၏အပြစ်များအတွက် တရားမျှတခြင်းဥပဒေကလိုအပ်သည့် အကျိုးဆက်များမှ— ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ ဤဆုကျေးဇူးကိုလည်း ကျွန်ုပ်တို့နောင်တရကြသည်နှင့်အမျှ ယေရှုခရစ်တော်၏ ကောင်းမှုများနှင့် ကရုဏာတို့အားဖြင့် ဖြစ်နိုင်စေပါသည်။ (ရှု အယ်လမာ ၄၂း၁၃-၁၅၊ ၂၁-၂၅။)

ချီးမြှောက်ခြင်း

ချီးမြှောက်ခြင်း၊ သို့မဟုတ် ထာဝရအသက်သည်၊ ဆီလက်ရှယ်လ်နိုင်ငံတော်၌ ပျော်ရွှင်ခြင်းနှင့် ဘုန်းအသရေတို့၏အမြင့်ဆုံးအခြေအနေဖြစ်ပါသည်။ ချီးမြှောက်ခြင်းသည် အခြေအနေပေါ်မူတည်သည့် ဆုကျေးဇူးဖြစ်ပါသည်။ ဥက္ကဋ္ဌရပ်ဆဲလ်အမ်၊ နယ်လဆင်က သွန်သင်ခဲ့ပါသည်၊ “ထိုအရည်အချင်းပြည့်မီစေသည့် အခြေအနေများတွင် ကိုယ်တော်ရှင်၌ ယုံကြည်ခြင်း၊ နောင်တရခြင်း၊ ဗတ္တိဇံ၊ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို ရရှိခြင်း၊ ဗိမာန်တော်ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များအပေါ် ဆက်၍သစ္စာရှိခြင်းတို့ ပါဝင်ပါတယ်” (“ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်း၊အင်ဇိုင်း သို့မဟုတ်လီယဟိုနာ၊ မေ ၂၀၀၈၊ ၉)။

ချီးမြှောက်ခြင်းဆိုသည်မှာ ထာဝရမိသားစုများအဖြစ် ဘုရားသခင်နှင့် ကာလအစဉ်အဆက်နေထိုင်ခြင်းကို ဆိုလိုပါသည်။ ထိုအရာမှာ ဘုရားသခင်နှင့် ယေရှုခရစ်တော်ကို သိရန်၊ ကိုယ်တော်တို့လိုဖြစ်လာရန်၊ ကိုယ်တော်တို့မွေ့လျော်သည့်ဘဝကို တွေ့ကြုံရန်ဖြစ်ပါသည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • ကျမ်းစာလမ်းညွှန်၊ “ရှင်ပြန်ထမြောက်ခြင်း

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “ရှင်ပြန်ထမြောက်ခြင်း၊” “ကယ်တင်ခြင်း

ရုပ်ပုံ
တိမ်တိုက်များကိုဖြတ်၍တောင်ပနေသည့်နေရောင်ခြည်တန်းများ

တရားစီရင်ခြင်းနှင့် ဘုန်းအသရေနိုင်ငံတော်များ

မှတ်စု၊ ဘုန်းအသရေနိုင်ငံတော်အကြောင်း ပထမသွန်သင်သောအခါ၊ လူတစ်ဦး၏လိုအပ်ချက်များနှင့် နားလည်ခြင်းအလိုက် အခြေခံအဆင့်တစ်ခုကို သွန်သင်ပါ။

ကျွန်ုပ်တို့ရှင်ပြန်ထမြောက်ကြသောအခါ၊ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ တရားမျှတသော၊ ကရုဏာကြီးသောတရားသူကြီးဖြစ်လိမ့်မည်။ အလွန်နည်းသောချွင်းချက်များဖြင့်၊ ကျွန်ုပ်တို့အယောက်တိုင်းသည် ဘုန်းအသရေနိုင်ငံတော်တစ်ခု၌ နေရာတစ်ခုကို ရရှိလိမ့်မည်။ ကျွန်ုပ်တို့အားလုံး ရှင်ပြန်ထမြောက်ကြမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့အားလုံးသည် တူညီသောထာဝရ ဘုန်းအသရေကို ရကြမည်မဟုတ်ပါ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၈း၂၂-၂၄၊ ၂၉-၃၄၁၃၀း၂၀-၂၁၁၃၂း၅)။

သေခြင်းရှိရာဘဝ၌ ဘုရားသခင်၏ပညတ်များကို ပြည့်စုံစွာနားလည်ရန်နှင့် နာခံရန် အခွင့်အရေးမရှိသည့် သူများသည် ၊ ဝိညာဉ်ကမ္ဘာတွင် ထိုအခွင့်အရေးကို ရရှိကြလိမ့်မည်။ ယေရှုသည် အယောက်တိုင်းကို သေခြင်းရှိရာနှင့် ဝိညာဉ်ကမ္ဘာ၌ ထိုသူ သို့မဟုတ် သူမ၏ ယုံကြည်ခြင်း၊ အကျင့်များ၊ ဆန္ဒများနှင့် နောင်တရခြင်းတို့အတိုင်း တရားစီရင်လိမ့်မည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၈း၃၂-၃၄၊ ၅၇-၅၉)။

ကျမ်းစာများသည် ဆီလက်ရှယ်၊ ထီရက်စထရီယယ်လ်နှင့် ထီလက်စ်ရှယ်ဘုန်းအသရေနိုင်ငံတော်များအကြောင်းကို သွန်သင်ပေးပါသည်။ ထိုနိုင်ငံတော်တစ်ခုချင်းစီတိုင်းသည် ဘုရားသခင်၏ချစ်ခြင်း၊ တရားမျှတခြင်းနှင့် ကရုဏာတို့ကို ထင်ရှားစွာပြခြင်းတစ်ခုဖြစ်ပါသည်။

ခရစ်တော်၌ယုံကြည်ခြင်းကို ကျင့်သုံးကြသော၊ မိမိတို့အပြစ်များမှ နောင်တရကြသော၊ ဧဝံဂေလိတရားတော်ဘိသိက်မင်္ဂလာများကို စောင့်ထိန်းကြသော၊ မိမိတို့ပဋိညာဉ်များကို စောင့်ထိန်းကြသော၊ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြသော၊ အဆုံးတိုင်အောင်တည်ကြည်ကြသော သူများသည် ဆီလက်ရှယ်လ်နိုင်ငံတော်၌ ကယ်တင်ခြင်းကို ခံကြရလိမ့်မည်။ မိမိတို့သေခြင်းရှိရာဘဝ၌ ဧဝံဂေလိတရားတော်ကို ရရှိရန် အခွင့်အရေးမရှိခဲ့သော်လည်း၊ ဝိညာဉ်ကမ္ဘာ၌ “မိမိတို့စိတ်နှလုံးရှိသမျှနှင့် ရရှိလိုခဲ့ကြသဖြင့်၊” ရရှိခဲ့ကြသောသူများလည်း ဤနိုင်ငံတော်တွင် ပါဝင်ပါသည် (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၇း၈၊ လည်းရှု အခန်းငယ် ၇)။ တာဝန်ရှိသည့်အသက် (ရှစ်နှစ်အရွယ်) မရောက်မီသေခဲ့သည့် ကလေးများသည်လည်း ဆီလက်ရှယ်လ်နိုင်ငံတော်၌ ကယ်တင်ခံကြရလိမ့်မည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၇း၁၀)။

ကျမ်းစာများတွင် ဆီလက်ရှယ်လ်နိုင်ငံတော်ကို နေ၏ဘုန်းအသရေ သို့မဟုတ် တောက်ပခြင်းနှင့် နှိုင်းယှဉ်ထားပါသည်။ ( ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၇၆း၅၀-၇၀။)

ဂုဏ်သိက္ခာရှိသောဘဝတွင်နေထိုင်ခဲ့ကြ၊ “ဇာတိလူသားတွင် ယေရှုခရစ်တော်အကြောင်း သက်သေခံချက်ကို ရရှိခြင်းမရှိသော်လည်း၊ နောက်မှရရှိသော” သူများသည် ထီရက်စထရီရယ်လ်နိုင်ငံတော်၌ နေရာတစ်ခုကို ရရှိကြလိမ့်မည် (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၇၆း၇၄)။ ယေရှုခရစ်တော်အကြောင်းမိမိတို့သက်သေခံချက်၌ မရဲရင့်ကြသောသူများအတွက်လည်း အလားတူမှန်ပါသည်။ ဤနိုင်ငံတော်ကို လ၏ဘုန်းအသရေနှင့် နှိုင်းယှဉ်ထားပါသည်။ (ရှု သြဝါဒနှင့်ပဋိညာဉ်များကျမ်း၇၆:၇၁-၈၀။)

ဤဘဝ၌မိမိတို့အပြစ်များ၌ ဆက်ရှိကြပြီးနောင်တမရကြသော သို့မဟုတ် ဝိညာဉ်ကမ္ဘာတွင် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ကို လက်မခံကြသောသူများသည် ထီလက်စထရီရယ်လ်နိုင်ငံတော်၌ သူတို့၏ဆုလာဘ်ကို ရကြလိမ့်မည်။ ဤနိုင်ငံတော်ကို ကြယ်တို့၏ဘုန်းအသရေနှင့် နှိုင်းယှဉ်ထားပါသည်။ (ရှု သြဝါဒနှင့်ပဋိညာဉ်များကျမ်း ၇၆:၈၁-၈၆။)

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

သင်ခန်းစာ အတိုနှင့်အလတ်တို့အတွက် အကြမ်းဖော်ပြချက်

သင့်တွင်အချိန်အနည်းငယ်သာရှိလျှင်၊ အောက်ပါအကျဉ်းချုပ်သည် တစ်စုံတစ်ဦးကို သင်သွန်သင်နိုင်မည့် ပုံစံတစ်ခုဖြစ်ပါသည်။ ဤအကျဉ်းချုပ်ကို အသုံးပြုသည့်အခါ၊ သွန်သင်ရန် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောအခြေခံသဘောတရားများကို ရွေးချယ်ပါ။ အခြေခံသဘောတရားတစ်ခုချင်းစီဤတွက်ဩဝါဒဆိုင်ရာအုတ်မြစ်ကို အစောပိုင်းသင်ခန်းစာတွင် ပံပိုးထားပါသည်။

သင်သွန်သင်သောအခါ၊ မေးခွန်းများမေးပါ၊ နားထောင်ပါ။ လူတို့အား ဘုရားသခင်ထံ မည်သို့ ပိုနီးကပ်လာစေရန်သင်ယူဖို့ကူညီမည့် ဖိတ်ခေါ်ချက်များကမ်းလှမ်းပါ။ အရေးကြီးသောဖိတ်ခေါ်ချက်မှာ ထိုလူ သင်နှင့်တစ်ဖန်တွေ့ဖို့ဖြစ်ပါသည်။ သင်ခန်းစာကြာချိန်သည် သင်မေးသည့်မေးခွန်းများနှင့် သင်ပြုလုပ်သည့် နားထောင်ခြင်းအပေါ်တွင် မူတည်ပါသည်။

၃-၁၀ မိနစ်အတွင်းတွင်လူတို့အားသင်ကြားပေးနိုင်သောအရာ

  • ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ဝိညာဉ်သားသမီးများဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏မိသားစုဝင်များဖြစ်ကြပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အယောက်တိုင်းကို သိပါသည်၊ ချစ်ပါသည်။

  • ဘုရားသခင်တွင် ကျွန်ုပ်တို့၏ ပျော်ရွှင်ခြင်း၊ ဤဘဝနှင့် ထာဝရကာလတွင် တိုးတက်ခြင်းအတွက် အစီအစဉ်တစ်ခုရှိပါသည်။

  • ဘုရားသခင်၏အစီအစဉ်တွင်၊ ကျွန်ုပ်တို့သည် ရုပ်ခန္ဓာကိုယ်များရရှိရန်၊ သင်ယူရန် နှင့် တိုးတက်ရန်အတွက် မြေကြီးသို့လာရန်လိုအပ်ခဲ့ပါသည်။

  • ယေရှုခရစ်တော်သည် ဘုရားသခင့်အစီအစဉ်၏ဗဟိုဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ထာဝရအသက်ကို ရရှိဖို့ ဖြစ်နိုင်စေပါသည်။

  • ဘုရားသခင်၏လမ်းညွှန်မှုအောက်တွင်၊ ယေရှုသည် မြေကြီးကို ဖန်ဆင်းခဲ့ပါသည်။

  • မြေကြီးပေါ်၌ ကျွန်ုပ်တို့၏အတွေ့အကြုံများသည် ကျွန်ုပ်တို့ကို ဘုရားသခင့်မျက်မှောက်တော်သို့ ပြန်သွားဖို့ပြင်ဆင်ရာ၌ကူညီရန် ရည်ရွယ်ထားပါသည်။

  • ကျွန်ုပ်တို့အယောက်တိုင်း အပြစ်ပြုကြပါသည်၊ ကျွန်ုပ်တို့အယောက်တိုင်း သေကြရမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သောကြောင့်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အပြစ်နှင့်သေခြင်းမှရွေးနှုတ်ရန် ကိုယ်တော်၏သားတော်၊ ယေရှုခရစ်တော်ကို မြေကြီးသို့ စေလွှတ်ခဲ့ပါသည်။

  • ဘဝနှင့်စပ်လျဉ်း၍ မမျှတသည့်အရာမှန်သမျှသည် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် မှန်ရာသို့ ရောက်နိုင်ပါသည်။

  • ကျွန်ုပ်တို့၏ရုပ်ခန္ဓာကိုယ်သေသောအခါ၊ ကျွန်ုပ်တို့၏ဝိညာဉ်များသည် ဆက်၍ရှင်ပါသည်။ နောက်ဆုံးတွင်ကျွန်ုပ်တို့အားလုံးရှင်ပြန်ထမြောက်ကြမည်။ ဤအရာမှာ လူတစ်ယောက်ချင်းစီ၏ဝိညာဉ်နှင့် ခန္ဓာကိုယ်ပြန်လည်ပေါင်းစည်းလိမ့်မည်၊ ကျွန်ုပ်တို့အယောက်တိုင်း စုံလင်သည့်၊ ရှင်ပြန်ထမြောက်သောခန္ဓာကိုယ်ဖြင့် ကာလအစဉ်အဆက်အသက်ရှင်ကြလိမ့်မည်။

  • ကျွန်ုပ်တို့ ရှင်ပြန်ထမြောက်ကြသောအခါ၊ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏တရားသူကြီး ဖြစ်လိမ့်မည်။ အလွန်အနည်းငယ်သောသူများမှတစ်ပါး၊ ဘုရားသခင်၏သားသမီးအားလုံးသည် ဘုန်းအသရေနိုင်ငံတော်တစ်ခုတွင်နေရာတစ်နေရာ ရရှိလိမ့်မည်။ ကျွန်ုပ်တို့သည် သစ္စာရှိကြလျှင်၊ ဘုရားသခင်၏မျက်မှောက်တော်တွင်နေထိုင်ရန် ပြန်သွားနိုင်ကြပါသည်။