ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၁


ဩဝါဒနှင့် ပဋိညာဉ်များ

အပိုဒ်ငယ် ၁

၁၈၃၁ ခု၊ နိုဝင်ဘာ ၁ ရက်နေ့တွင်၊​ဟိုင်ရမ်၊ အိုဟိုင်းရို၌ ကျင်းပ​ခဲ့သည့် အသင်းတော်၏​အသင်း​လူကြီးများ​အထူး​ညီလာခံအတွင်း၊ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ များစွာသော​ဗျာဒိတ်တော်တို့ကို ကိုယ်တော်ရှင်​ထံမှ ဤအချိန်​မတိုင်မီက လက်ခံ​ရရှိ​ခဲ့ပြီး​လေပြီ​။ ဤအရာတို့ကို​ကျမ်းပုံစံဖြင့် ပုံနှိပ်​ထုတ်ဝေခြင်း​အတွက် တစ်ပေါင်းတည်း​စုစည်း​ထားခြင်းမှာ ထိုညီလာခံ၌ အတည်ပြု​ခဲ့သည့်​အဓိက​အကြောင်း​အရာများ​ထဲမှ​တစ်ခု​ဖြစ်လေ၏။ ဤအပိုဒ်ငယ်သည်၊ ဤသာသနာ၌ ဖော်ပြတော်မူသည့် ဩဝါဒများ၊ ပဋိညာဉ်များနှင့် ပညတ်တော်များ​အတွက် ကိုယ်တော်ရှင်၏​ကျမ်းဦးစကား​ဖြစ်ပေ၏။

၁–၇၊ သတိပေးခြင်း​အသံသည်​လူအပေါင်းတို့ထံ ရောက်သွား၏။ ၈–၁၆၊ ဖောက်ပြန်​သင်းကွဲခြင်းနှင့် ဆိုးညစ်ခြင်းသည် ဒုတိယ​အကြိမ်​ကြွလာတော်မူခြင်း၏​အလျင်ကျ၏။ ၁၇–၂၃၊ ဂျိုးဇက်​စမစ်သည် ကိုယ်တော်ရှင်၏​အမှန်တရားများနှင့်​တန်ခိုးတော်တို့ကို မြေကြီးသို့​ပြန်လည်​ဆောင်ယူဖို့ ခေါ်သွင်း​ခံရ၏။ ၂၄–၃၃ မော်မုန်ကျမ်း​ထွက်ပေါ်​လာ၏၊ မှန်သော​အသင်းတော်ကို တည်ထောင်၏။ ၃၄–၃၆၊ ငြိမ်းချမ်းခြင်းကို မြေကြီးမှ နှုတ်ယူ​လိမ့်မည်။ ၃၇–၃၉၊ ဤပညတ်တော်များကို​စေ့စေ့​ကြည့်ရှုလော့။

စေ့စေ့နားထောင်ကြလော့၊ အို ငါ့အသင်းတော်မှ​အသင်​လူမျိုးတို့၊ လူသား​အပေါင်းတို့ကို ကြည့်ရှုတော်မူသည့်သူ​တည်းဟူသော အထက်မှာ​နေထိုင်သည့်သူ၏​အသံက မိန့်တော်မူသည်မှာ၊ ထိုမှတစ်ပါး၊ ငါ​အမှန်​ဆိုသည်ကား စေ့စေ့နားထောင်​ကြလော့၊ အဝေးမှ​အသင်​လူများတို့၊ ပင်လယ်​တစ်ဖက်ရှိ တစ်ကျွန်း​တစ်နိုင်ငံတို့မှ သင်တို့၊ အတူတကွ ကြားကြလော့။

အကြောင်းမူကား၊ ကိုယ်တော်ရှင်၏​အသံသည် လူသား​အပေါင်းတို့ထံ အမှန် ရောက်တော်မူ၏။ လွတ်သောသူ​တစ်ဦးမျှ​မရှိ။ မမြင်ရမည့်​မျက်စိ​မရှိ။ မကြားရမည့်​နားလည်း​မရှိ၊ မထိုးဖောက်​ခံရမည့်​စိတ်နှလုံးလည်း​မရှိ။

ပုန်ကန်သော​သူတို့သည် ဝမ်းနည်းခြင်း​များစွာနှင့် စူးရှ​လိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့၏​ဒုစရိုက်များကို အိမ်မိုးများ​ပေါ်မှာ ပြောလိမ့်မည်၊ ထိုသူတို့၏​လျှို့ဝှက်သော အပြုအမူများကိုလည်း ဖော်ပြ​လိမ့်မည်။

ဤနောက်ဆုံးသော​ကာလ၌​ငါရွေးကောက်ထားလေသည့် ငါ့တပည့်တော်တို့၏​နှုတ်အားဖြင့် သတိပေးခြင်း​အသံသည် လူအပေါင်းတို့ထံ ရောက်လိမ့်မည်။

သူတို့​ထွက်သွားကြပြီး၊ အဘယ်သူမျှ သူတို့ကို ဟန့်တားမည်​မဟုတ်၊ အကြောင်းမူကား၊ သူတို့ကို ငါကိုယ်တော်ရှင် မိန့်တော်မူ​လေပြီ။

ရှုလော့၊ ဤအရာသည် ငါ၏​အခွင့်အာဏာ​ဖြစ်၏။ ငါ့ကျွန်တို့၏​အခွင့်အာဏာလည်း​ဖြစ်ပြီး၊ သင်တို့ထံ ပြောကြားဖို့ သူတို့ကို ငါပေးထားတော်မူ​လေသည့် ငါ၏​ပညတ်တော်များကျမ်း​အတွက် ငါ၏​ကျမ်းဦးစကားလည်း​ဖြစ်၏။ အို မြေကြီး​ပေါ်မှာ​နေထိုင်သူတို့။

သို့ဖြစ်၍၊ ကြောက်ရွံ့လျက် တုန်​ကြလော့၊ အို အသင်​လူမျိုးတို့၊ အကြောင်းမူကား၊ ထိုပညတ်တော်များဖြင့် ငါကိုယ်တော်ရှင်စီရင်တော်မူ​လေသည့်​အရာသည် ပြီးပြည့်စုံ​လိမ့်မည်။

သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ ဤသတင်းများကို ဆောင်ယူလျက် မြေကြီး​ပေါ်မှာ​နေထိုင်သူတို့ထံ​ထွက်သွားသော​ထိုသူတို့အား၊ မြေကြီး​ပေါ်နှင့် ကောင်းကင်ဘုံ​နှစ်ခုစလုံး၌ မယုံကြည်သော​သူများနှင့် ပုန်ကန်သော​သူများကို ပေါင်းစည်းရန်အခွင့်ကို ပေးထားသည်မှာ၊

ထိုမှတစ်ပါး၊ အမှန်​စင်စစ်၊ ထိုသူတို့ကို ပေါင်းစည်းဖို့ ဘုရားသခင်၏​အမျက်တော်ကို ဆိုးညစ်သော​သူတို့​အပေါ်​အတိုင်းမသိ သွန်းလောင်းတော်မူသည့်​ကာလ​တိုင်အောင်—

၁၀ လူတိုင်းကို မိမိအကျင့်​အတိုင်း အကျိုးအပြစ်ကို ပေးဖို့၊ လူတိုင်း မိမိအပေါင်း​အဖော်ကို ပေးသည့်​ပမာဏ​အတိုင်း ခံရစေဖို့ ကိုယ်တော်ရှင်​ကြွလာတော်မူသည့်​ကာလ​တိုင်အောင်​ပင်တည်း။

၁၁ သို့ဖြစ်၍၊ ကိုယ်တော်ရှင်၏​အသံသည် မြေကြီးစွန်း​တိုင်အောင်​ရောက်၍၊ ကြားနာလိုသူ​အပေါင်းကို ကြားနာ​နိုင်ကြ​စေလိုသည်မှာ၊

၁၂ သင်တို့ ပြင်ဆင်​ကြလော့၊ ဖြစ်လာမည့်​အရာ​အတွက် သင်တို့​ပြင်ဆင်​ကြလော့၊ အကြောင်းမူကား၊ ကိုယ်တော်ရှင်​ရောက်လုနီး​ပေပြီ။

၁၃ ကိုယ်တော်ရှင်​အမျက်ထွက်​တော်မူပြီ၊ သူ့ဓားကိုလည်း ကောင်းကင်မှာ ဆေး၍ မြေကြီး​ပေါ်မှာ​နေထိုင်သူတို့​အပေါ် ကျလိမ့်မည်။

၁၄ ကိုယ်တော်ရှင်၏​လက်ရုံးတော်ကို ဖော်ပြ​လိမ့်မည်။ ကိုယ်တော်ရှင်၏​အသံကို မကြားလိုသော၊ သူ့ကျွန်တို့၏​အသံကိုလည်း မကြားလိုသော​၊ ပရောဖက်များနှင့် တမန်တော်တို့၏​စကားကိုလည်း ပမာဏမပြုသော​သူတို့ လူမျိုးတို့မှ ပယ်ရှင်း​ခံကြရမည့်​ကာလသည်လည်း ကျရောက်​လာ၏။

၁၅ အကြောင်းမူကား၊ သူတို့သည် ငါ၏​စီရင်ထုံးဖွဲ့ချက်များမှ သွေဖည်ကြ​လေပြီ၊ ငါ၏​ထာဝရ​တည်မြဲသော​ပဋိညာဉ်ကိုလည်း ချိုးဖောက်ကြ​လေပြီ။

၁၆ သူတို့သည် ကိုယ်တော်ရှင်၏​ဖြောင့်မတ်ခြင်းကို တည်ဆောက်ရန် သူ့ကို ရှာခြင်း​မရှိ။ သို့ရာတွင် လူတိုင်းသည် လောက၏​ပုံသဏ္ဌာန်နှင့်​တူသော၊ ထို့အတူ၊ ဥစ္စာမှာ ရုပ်တု၏​ဥစ္စာဖြစ်သော ကိုယ့်ဘုရား၏​ပုံသဏ္ဌာန်​အတိုင်း ကိုယ့်လမ်းကိုယ် လျှောက်ကြ၏။ ထိုရုပ်တုသည် ဟောင်းနွမ်း​လာပြီး​ဗာဗုလုန်မြို့၌၊ အမှန်စင်စစ်၊ ပြိုလဲမည့်​ဗာဗုလုန်မြို့ကြီး၌ ပျက်စီး​လိမ့်မည်။

၁၇ သို့ဖြစ်၍၊ ငါကိုယ်တော်ရှင်သည် မြေကြီး​ပေါ်မှာ​နေထိုင်သော​သူတို့အပေါ် ကျရောက်​လာမည့် ဘေးဒုက္ခကို​သိ၍၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်ကို ခေါ်သွင်းပြီး၊ သူ့ကို ကောင်းကင်ဘုံမှ​ဟောပြောလျက်၊ မိန့်မှာ၏။

၁၈ အခြားသူများကိုလည်း ဤအရာများကို လောကသို့​ကြေညာ​စေကြောင်း​မိန့်မှာ၏။ ဤအရာ​အားလုံးကို​ပြုလေသည်မှာ၊ ပရောဖက်များ​ရေးထားသည့် ပြီးပြည့်စုံနိုင်​စေမည့်​အရာများ​တည်းဟူသော—

၁၉ လောကီ​အရာ၌​အားနည်းသော​သူများ ထွက်လာပြီး၊ တန်ခိုး​ခွန်အားကြီးသော​သူများကို ဖြိုချ​လိမ့်မည်မှာ လူသားသည် မိမိအပေါင်းအဖော်နှင့်​မတိုင်ပင်၊ လူ၏​လက်ရုံးကိုလည်း မကိုးစားရမည့်​အကြောင်း—

၂၀ သို့ရာတွင်၊ လူတိုင်းသည် ဘုရားသခင်​ကိုယ်တော်ရှင်၊ အကယ်​စင်စစ် လောက၏​ကယ်တင်ရှင်၏​နာမတော်​အားဖြင့် ဟောပြောနိုင်မည့်​အကြောင်း၊

၂၁ မြေကြီး၌ ယုံကြည်ခြင်းသည်လည်း တိုးပွားနိုင်မည့်​အကြောင်း၊

၂၂ ငါ၏​ထာဝရ​တည်မြဲသော​ပဋိညာဉ်ကို တည်ထောင်နိုင်မည့်​အကြောင်း၊

၂၃ အားနည်းပြီး​ရိုးရှင်းသော​သူတို့အားဖြင့် ငါ၏​ဧဝံဂေလိ​တရားတော်​အပြည့်​အစုံကို ကမ္ဘာအဆုံးသို့​တိုင်အောင်၊ ထို့အတူ ရှင်ဘုရင်များနှင့် အုပ်စိုးသူများ​ရှေ့မှာ ကြေညာနိုင်မည့်​အကြောင်း​ပေတည်း။

၂၄ ရှုလော့၊ ငါသည် ဘုရားသခင်​ဖြစ်၍ မိန့်တော်မူ​လေပြီ။ ဤပညတ်တော်များသည် ငါ့ထံမှ​ဖြစ်၍၊ ငါ၏​ကျွန်တို့​အားနည်းချိန်၌ သူတို့​ဘာသာစကား​အတိုင်း သူတို့ကို ပေးထားသည်မှာ နားလည်ခြင်းသို့​ရောက်နိုင်ကြ​စေခြင်းငှာ​ဖြစ်၏။

၂၅ သူတို့​အမှားအယွင်း​ပြုကြသမျှ ဖော်ပြခံရနိုင်​စေခြင်းငှာ​လည်းကောင်း၊

၂၆ ဉာဏ်ပညာကို ရှာကြသမျှ၊ သွန်သင်ခံရနိုင်​စေခြင်းငှာ​လည်းကောင်း၊

၂၇ အပြစ်​ပြုမိကြသမျှ၊ နောင်တရနိုင်​စေဖို့ ဆုံးမခံရနိုင်​စေခြင်းငှာ​လည်းကောင်း၊

၂၈ နှိမ့်ချကြ​လေသမျှ၊ သူတို့ကို အားကြီးစေပြီး၊ အထက်မှ ကောင်းချီး​ပေးသည်ကို​ခံရလျက်၊ အချိန်နှင့်အမျှ အသိဉာဏ်ကို ရရှိနိုင်ကြ​စေခြင်းငှာလည်း​ဖြစ်၏။

၂၉ နီဖိုင်း​အမျိုးသားတို့၏​မှတ်တမ်းကို ရရှိပြီးနောက်၊ ထိုမှတစ်ပါး၊ ငါ့ကျွန်​ဂျိုးဇက်​စမစ်​အငယ်အား ဘုရားသခင်၏​ကရုဏာတော်ကြောင့်၊ ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့် မော်မုန်ကျမ်းကို ဘာသာပြန်ဖို့ တန်ခိုးကို ရရှိနိုင်​စေခြင်းငှာလည်း​ဖြစ်၏။

၃၀ ထို့အတူ ဤပညတ်တော်များကို ရလေသော​သူများအား မြေကြီး​တစ်ခုလုံး၏​မျက်နှာပြင်​ပေါ်၌ မှန်ကန်ပြီး​အသက်ရှင်သည့် အသင်းတော်​တည်းဟူသော၊ ဤအသင်းတော်ကို အုတ်မြစ်​တည်ဖို့၊ မြှေးယှက်ခြင်းနှင့်​မှောင်မိုက်ခြင်းမှ ထုတ်ဆောင်ဖို့ တန်ခိုးကို ရရှိနိုင်ကြ​စေခြင်းငှာလည်း​ဖြစ်၏။ ထိုအသင်းတော်ကို၊ ငါကိုယ်တော်ရှင်​အလွန်​နှစ်သက်ပြီး၊ အသင်းတော်ကို တစ်ဦးချင်း​မဟုတ်ဘဲ၊ စုပေါင်းလျက်​ဟောတော်မူ၏—

၃၁ အကြောင်းမူကား၊ ငါကိုယ်တော်ရှင်သည် အပြစ်တရားကို အနည်းဆုံးသော​ပမာဏဖြင့် အခွင့်ပေးခြင်း​ကိုပင် မစဉ်းစားနိုင်။

၃၂ သို့သော်လည်း၊ နောင်တရပြီး၊ ကိုယ်တော်ရှင်၏​ပညတ်တော်များကို လိုက်နာသော​သူသည် အပြစ်လွတ်​လိမ့်မည်။

၃၃ နောင်တရခြင်း​မရှိသော​သူထံမှ၊ ရရှိပြီး​လေသော​အလင်းကိုပင် နှုတ်ယူ​လိမ့်မည်။ အကြောင်းမူကား၊ ငါ၏​ဝိညာဉ်တော်သည် လူသားကို အစဉ်​အမြဲ​ဆုံးမ​လိမ့်မည်​မဟုတ်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၃၄ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါအမှန်​ဆိုသည်ကား၊ အို မြေကြီး​ပေါ်မှာ​နေထိုင်သူတို့၊ ငါကိုယ်တော်ရှင်သည် ခပ်သိမ်းသော လူတို့အား ဤအရာတို့ကို ဖော်ပြဖို့ လိုလိုလားလား​ရှိတော်မူ၏။

၃၅ အကြောင်းမူကား၊ ငါသည် လူကို မျက်နှာ​လိုက်သော​သူမဟုတ်။ ထိုကာလ​အလျင်​အမြန်​ကျရောက်လာမည်ကို လူသား​အပေါင်းတို့အား သိစေလို၏။ အချိန်​နာရီ​မရောက်သေး​သော်လည်း နီးကပ်​လာပေပြီ၊ ငြိမ်းချမ်းခြင်းကို မြေကြီးမှ နှုတ်ယူသောအခါ၊ နတ်ဆိုးသည် မိမိကိုယ်တိုင်၏​အုပ်ချုပ်ခံဒေသ​အပေါ် အစိုးရခြင်း​ရှိလိမ့်မည်။

၃၆ ကိုယ်တော်ရှင်သည် မိမိသန့်ရှင်းသူများ​အပေါ်​အစိုးရခြင်း​ရှိလျက်၊ သူတို့​အလယ်မှာ အုပ်စိုးတော်မူပြီး၊ ဣဒုမဲပြည်၊ သို့မဟုတ် လောက​အပေါ်​တရား​စီရင်တော်မူခြင်းဖြင့် ဆင်းလာတော်မူ​လိမ့်မည်။

၃၇ ဤပညတ်တော်များကို စေ့စေ့​ကြည့်ရှု​ကြလော့၊ အကြောင်းမူကား၊ ထိုအရာတို့သည် မှန်ကန်ပြီး သစ္စာ​ရှိ၍၊ ထိုအရာတို့​အထဲရှိ ခပ်သိမ်းသော ပရောဖက်ပြု​ဟောချက်တို့နှင့် ကတိတော်တို့ကို ပြီးပြည့်စုံ​စေလိမ့်မည်။

၃၈ ငါကိုယ်တော်ရှင်သည် မိန့်တော်မူ​လေပြီးသည့်​အတိုင်း မိန့်တော်မူ​လေပြီ။ ငါ့ကိုယ်ငါ ဆင်ခြေ​မတက်။ ကောင်းကင်နှင့်​မြေကြီး ကွယ်ပျောက်​သွားသော်လည်း၊ ငါ့နှုတ်ကပတ်တော်​ကွယ်ပျောက်​လိမ့်မည်​မဟုတ်ဘဲ၊ ပြီးပြည့်စုံ​စေလိမ့်မည်။ ငါကိုယ်တိုင်၏​အသံ​အားဖြင့်​ဖြစ်စေ၊ ငါ့ကျွန်တို့၏​အသံ​အားဖြင့်​ဖြစ်စေ အတူတူပင်​ဖြစ်၏။

၃၉ အကြောင်းမူကား၊ ရှုလော့၊ ကြည့်ဦးလော့၊ ကိုယ်တော်ရှင်သည် ဘုရားသခင်​ဖြစ်တော်မူ၏။ ဝိညာဉ်တော်ကလည်း သက်သေခံပြီး၊ သက်သေခံချက်သည် မှန်ကန်၏။ သမ္မာ​တရားသည် ကာလအ​စဉ်​အဆက် အမြဲ​တည်ရှိ၏။ အာမင်။