ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၈


အပိုဒ်ငယ် ၈

၁၈၂၉ ခု၊ ဧပြီလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် အော်လီဗာ​ကောင်ဒရီသို့ ပေးတော်မူ​ခဲ့သည့်​ဗျာဒိတ်တော်။ မော်မုန်ကျမ်း​ဘာသာပြန်ခြင်းတွင်၊ ပရောဖက်၏​နှုတ်တိုက်ချပေးခြင်းကို လိုက်၍​ရေးရာ၌ စာရေးသူ​အဖြစ် ဆက်၍ ထမ်းဆောင်​လိုသော အော်လီဗာသည် ဘာသာပြန်ခြင်း​ဆုကျေးဇူးကို အပ်နှင်းခံရဖို့၊ အလိုရှိ၏။ ကိုယ်တော်ရှင်သည် ဤဗျာဒိတ်တော်ကို ပေးတော်မူခြင်း​အားဖြင့် သူ၏​ပဌနာပြုခြင်းကို အဖြေပေးတော်မူ​ခဲ့၏။

၁–၅၊ ဗျာဒိတ်တော်သည် သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ဖြစ်လာ၏။ ၆–၁၂၊ ဘုရားသခင်၏​နက်နဲသော​အရာများ​အကြောင်း​သိခြင်းနှင့် ရှေးမှတ်တမ်းများကို ဘာသာပြန်ဖို့ တန်ခိုးသည် ယုံကြည်ခြင်း​အားဖြင့် ဖြစ်လာ၏။

အော်လီဗာ​ကောင်ဒရီ၊ သင့်ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ငါ့ဝိညာဉ်တော်၏​ထင်ရှားစွာ​ပြတော်မူခြင်း​အားဖြင့် ဟောထား​လေသည့် ငါ့ကျမ်းစာများ၏​ထိုအစိတ်အပိုင်းများ​ပါရှိရာ၊ ရှေးမှတ်တမ်းများ​ဖြစ်သည့် မှတ်တမ်းဟောင်းများရှိ ရေးထွင်းထားခြင်းများ​အကြောင်း​သိခြင်းကို သင်ရရှိ​လိမ့်မည်ဟု ယုံကြည်လျက်၊ ယုံကြည်ခြင်းဖြင့်၊ ရိုးသားသော​စိတ်နှလုံးနှင့် သင်တောင်းဆိုသမျှ​အရာတို့​အကြောင်း​သိခြင်းကို သင်၏​ဘုရားသခင်နှင့် ရွေးနှုတ်ရှင်​ဖြစ်တော်မူသည့် ကိုယ်တော်ရှင်​အမှန်​အသက်ရှင်တော်မူသည်​အတိုင်း၊ ထိုကဲ့သို့ပင် သင်ဧကန်​အမှန်​ရရှိ​လိမ့်မည်။

ထိုမှတစ်ပါး၊ ရှုလော့၊ သင့်အပေါ်​ကျရောက်လာမည့်၊ သင့်စိတ်နှလုံး၌ ကိန်းဝပ်မည့် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ငါသည် သင့်စိတ်နှင့် သင့်စိတ်နှလုံး၌ ပြောပြတော်မူမည်။

ယခုတွင်၊ ရှုလော့၊ ဤအရာသည် ဗျာဒိတ်တော်​ဝိညာဉ်​ဖြစ်၏။ ရှုလော့၊ ဤဝိညာဉ်​အားဖြင့်၊ မောရှေသည် ဣသရေလ​အမျိုးသားတို့အား ဧဒုံပင်လယ်ကို​ဖြတ်၍ ခြောက်သွေ့သော​မြေပေါ်မှာ ဆောင်ခဲ့၏။

ထို့ကြောင့်၊ ဤအရာသည် သင်၏​ဆုကျေးဇူးဖြစ်၏။ ထိုအရာကို အသုံးပြုလော့။ သင်သည် မင်္ဂလာ​ရှိ၏။ အကြောင်းမူကား၊ ထိုအရာသည် သင့်ကို သင့်ရန်သူများ၏​လက်ထဲမှ ကယ်လွှတ်​လိမ့်မည်။ အသုံးမပြု​လေလျှင်၊ သူတို့သည် သင့်ကို ကွပ်မျက်ပြီး၊ သင့်စိတ်ဝိညာဉ်ကို ပျက်စီးခြင်းသို့ ဆောင်ယူ​လိမ့်မည်။

အို၊ ဤစကားများကို အောက်မေ့လော့၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်းလော့။ သတိရလော့၊ ဤအရာသည် သင်၏​ဆုကျေးဇူး​ဖြစ်၏။

ယခုတွင်၊ ဤအရာသည် သင်၏​ဆုကျေးဇူး​အားလုံး​မဟုတ်။ အကြောင်းမူကား၊ သင့်မှာ အာရုန်၏​ဆုကျေးဇူး​ဖြစ်သည့် တခြားသော​ဆုကျေးဇူး​ရှိ၏။ ရှုလော့၊ ထိုအရာက သင့်အား များစွာသော​အရာတို့ကို ပြောပြ​လေပြီ။

ရှုလော့၊ ဘုရားသခင်၏​တန်ခိုးတော်​မှတစ်ပါး၊ ဤအာရုန်၏​ဆုကျေးဇူးကို သင်နှင့်အတူ​ရှိစေနိုင်သည့် အခြားသော​တန်ခိုး​မရှိ။

ထို့ကြောင့်၊ ယုံမှား​သံသယဖြစ်ခြင်း​မရှိနှင့်။ အကြောင်းမူကား၊ ထိုအရာသည် ဘုရားသခင်ထံမှ ဆုကျေးဇူး​ဖြစ်၏။ ထိုအရာကို သင်၏​လက်ထဲမှာ ကိုင်ထားလျက်၊ အံ့ဩဖွယ်​ကောင်းသော​အမှုများကို ပြုရမည်။ အဘယ်​တန်ခိုးကမျှ၊ ထိုအရာကို သင့်လက်ထဲမှ နှုတ်ယူ​နိုင်စွမ်း​ရှိလိမ့်မည်​မဟုတ်။ အကြောင်းမူကား၊ ထိုအရာသည် ဘုရားသခင်၏​အမှုတော်​ဖြစ်၏။

ထို့ကြောင့်၊ ထိုဆုကျေးဇူး​အားဖြင့် သင့်ကို​ပြောပြ​စေခြင်းငှာ ငါ့ထံသို့​တောင်းသမျှကို သင့်အား ငါပေးတော်မူမည်။ ထိုအရာနှင့် စပ်လျဉ်းသည့်​အသိဉာဏ်​ကိုလည်း သင်ရရှိ​လိမ့်မည်။

၁၀ ယုံကြည်ခြင်း​မရှိဘဲနှင့် အဘယ်​အမှုကိုမျှ သင်မပြုနိုင်ကြောင်းကို သတိရလော့။ ထို့ကြောင့်၊ ယုံကြည်ခြင်းဖြင့်၊ တောင်းလော့။ ဤအရာတို့ကို မထီမဲ့မြင်​ပြုခြင်း​မရှိနှင့်။ သင်မတောင်းသင့်သည့်​အရာကို မတောင်းနှင့်။

၁၁ သင်သည် ဘုရားသခင်၏​နက်နဲသော​အရာများကို သိနိုင်​စေကြောင်း၊ ထို့အတူ၊ သင်သည် ဘာသာပြန်နိုင်ပြီး၊ သန့်ရှင်း​မွန်မြတ်သည့်​အရာများ​တည်းဟူသော ဝှက်ထားသည့် ထိုရှေးမှတ်တမ်း​အပေါင်းမှ အသိဉာဏ်ကို ရရှိနိုင်​စေကြောင်း တောင်းလော့။ သင်၏​ယုံကြည်ခြင်း​အတိုင်း သင့်၌​ဖြစ်စေ​လိမ့်မည်။

၁၂ ရှုလော့၊ ဟောတော်မူ​လေသောသူမှာ ငါဖြစ်၏။ ငါသည် သင့်ကို ရှေးဦးစွာ​ကတည်းက ဟောတော်မူသော​သူလည်း​ဖြစ်၏။ အာမင်။