ကျမ်းစာများ
နိဒါန်း


နိဒါန်း

ဩဝါဒနှင့် ပဋိညာဉ်များသည် နောက်ဆုံးသော​ကာလ၌ မြေကြီး​ပေါ်တွင် ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ခြင်းနှင့် စည်းမျဉ်း​အတွက် မြင့်မြတ်သော ဗျာဒိတ်တော်များနှင့် လမ်းပြ​လှုံ့ဆော်သော ကြေညာချက်များ၏ ပေါင်းချုပ်​တစ်ခု​ဖြစ်၏။ အပိုဒ်ငယ်တို့၏ အများစုမှာ ယေရှု​ခရစ်တော်၏ နောက်ပိုင်းကာလ သန့်ရှင်းသူများ​အသင်းတော်၏ အသင်းသားများသို့ ရည်ညွှန်း​သော်လည်း၊ အမှာစကားများ၊ သတိပေးခြင်းများ၊ ထို့အတူ တိုက်တွန်းခြင်းများတို့သည် ခပ်သိမ်းသော လူသားတို့၏ အကျိုး​အတွက် ဖြစ်ပြီး၊ နေရာတိုင်း၌​ရှိသည့် ခပ်သိမ်းသော​လူမျိုးတို့ထံသို့၊ သူတို့၏ ဇာတိ​ပကတိ ကောင်းကျိုးနှင့် ထာဝရ​တည်မြဲသော​ကယ်တင်ခြင်း​အတွက် ဟောပြောလျက်​ရှိသည့် ကိုယ်တော်ရှင် ယေရှု​ခရစ်တော်၏ အသံကို နားထောင်ကြရန် ဖိတ်ခေါ်ချက်​တစ်ခု ပါဝင်၏။

ဤ​တစ်ပေါင်းတည်း​စုစည်း​ထားခြင်း၌ ဗျာဒိတ်တော်များမှ အများစုမှာ ဂျိုးဇက်​စမစ်​အငယ်၊ ယေရှု ခရစ်တော်၏ နောက်ပိုင်း​ကာလ​သန့်ရှင်းသူများ အသင်းတော်၏ ပထမ​ဦးဆုံး​ပရောဖက်နှင့် ဥက္ကဋ္ဌ အားဖြင့် ရရှိ​ခဲ့ခြင်း​ဖြစ်၏။ အခြားသော​အရာတို့မှာ ဥက္ကဋ္ဌ​အဖွဲ့၌ သူ၏​နောက်မှ တက်သူ အချို့ အားဖြင့် ထုတ်ပြန်​ခဲ့ခြင်း ဖြစ်၏ (ဩနှင့် ပဋိ ၁၃၅၁၃၆၁၃၈တရားဝင်​ကြေညာချက် ၁ နှင့် တို့၏ ခေါင်းစဉ်တွင်ကြည့်ပါ)။

ဩဝါဒနှင့် ပဋိညာဉ်များကျမ်းသည် သန့်ရှင်းသော​သမ္မာကျမ်း၊ မော်မုန်ကျမ်း၊ မြတ်ပုလဲကျမ်းတို့နှင့် အတူ​တကွရှိသည့်၊ အသင်းတော်၏​စံချိန်မီ ကျမ်းစာတွဲများ​ထဲမှ တစ်ခု​ဖြစ်၏။ သို့သော်လည်း၊ ဩဝါဒနှင့် ပဋိညာဉ်များသည် ရှေးမှတ်တမ်း​မှတ်ရာ​တစ်ခု၏ ဘာသာပြန်ခြင်း မဟုတ်သောကြောင့် တစ်မူ ထူးခြား သော်လည်း ယခုခေတ် မူရင်း ဇစ်မြစ်၌ စခဲ့ပြီး၊ ဤ​ကာလ၌ မြေကြီး​ပေါ်တွင် ဘုရားသခင်၏ သန့်ရှင်းသော အမှုတော်ကို ပြန်လည်​ဆောင်ယူခြင်းနှင့် သူ၏ နိုင်ငံတော်ကို တည်ထောင်ခြင်း​အတွက်၊ သူ၏ ရွေးကောက်​ထားသော ပရောဖက်တို့​အားဖြင့် ဘုရားသခင်​ထံမှ ပေးထားခြင်း​ဖြစ်၏။ ဗျာဒိတ်တော်များ၌၊ တစ်စုံ​တစ်ဦးသည် အချိန်​ကာလ​ပြည့်စုံခြင်း​သာသနာ၌ ကိုယ်တော်ရှင် ယေရှု ခရစ်တော်၏ အသစ်​ထပ်မံ၍ ဟောပြောလျက်​ရှိသည့် နူးညံ့သော်လည်း ခိုင်မာသည့် အသံကို ကြား၏။ ထို့အတူ၊ ဤ​နေရာ၌ အစပျိုး​ခဲ့သည့် အမှုတော်သည် ဒုတိယ​အကြိမ် ကြွလာတော်မူခြင်း အတွက် ပြင်ဆင်ရာ ဖြစ်ပြီး၊ ကမ္ဘာဦး​ကတည်းက ခပ်သိမ်းသော သန့်ရှင်းသည့်​ပရောဖက်တို့၏​စကားများကို ပြီးပြည့်စုံ​စေခြင်းနှင့် ညီညီ​ညွတ်ညွတ်​ရှိစေခြင်း အတွက်လည်း​ဖြစ်၏။

ဂျိုးဇက်​စမစ်​အငယ်ကို ၁၈၀၅ ခု၊ ဒီဇင်ဘာ ၂၃ ရက်တွင်၊ ဗားမောင့်၊ ဝင်ဆာ​ခရိုင်၊ ရှာရုန်၌ မွေးဖွား​ခဲ့၏။ သူ့ဘဝ၏ အစော​ပိုင်းတွင်၊ သူသည် နယူးယောက် အနောက်​ပိုင်းရှိ၊ ယနေ့​မန်ချက်စတာဟု​ထင်ရှားသည့် နေရာသို့ သူ့မိသားစုနှင့်​အတူ ရွှေ့ပြောင်း​ခဲ့၏။ သူ ထို​နေရာ၌ နေထိုင်စဉ် ၁၈၂၀ ခုနှစ် နွေဦး၌၊ အသက်​တစ်ဆယ့်​လေးနှစ် အရွယ်တွင်၊ သူ၏​ပထမ​ရူပါရုံကို တွေ့ကြုံ​ခဲ့ရ၏၊ ထို​ရူပါရုံ၌ သူသည် ဘုရားသခင်၊ ထာဝရ​အဘနှင့် သူ၏​သားတော် ယေရှု​ခရစ်တော်တို့​ကိုယ်တိုင် အကြည့်​အရှု ကြွရောက်သည်ကို ကြုံခဲ့​ရ၏။ ဓမ္မသစ်​ကာလက တည်ထောင်​ခဲ့သည့်၊ ထို့အတူ ဧဝံဂေလိ​တရားတော် အပြည့်​အစုံကို စီမံ​ဆောင်ရွက်​ခဲ့လေသည့် အသင်းတော်​တည်းဟူသော ယေရှု​ခရစ်တော်၏ မှန်သော​အသင်းတော်သည် ဤ​မြေကြီး​ပေါ်၌ မရှိတော့ကြောင်း ဤ​ရူပါရုံ၌ သူ့ကို ပြောပြခဲ့၏။ များစွာသော ကောင်းကင်​တမန်တို့​အားဖြင့် သူ​သွန်သင်​ခံရသည့် အခြား​မြင့်မြတ်သော ထင်ရှားစွာပြခြင်းများ နောက်မှ ဖြစ်လာ​ခဲ့၏။ မြေကြီး​ပေါ်၌ သူ​လုပ်ဆောင်ရန် အထူး အမှုတော်​တစ်ခု ဘုရားသခင်၌ ရှိကြောင်းနှင့် သူ့အားဖြင့် ယေရှု​ခရစ်တော်၏ အသင်းတော်ကို မြေကြီး​ပေါ်သို့ ပြန်လည် ဆောင်ယူ လိမ့်မည် ဖြစ်ကြောင်း သူ့ကို ဖော်ပြ​ခဲ့၏။

အချိန်​အတန်ကြာ​ပြီးနောက်၌၊ ဂျိုးဇက်​စမစ်သည် မြင့်မြတ်သော အကူအညီ​အားဖြင့် မော်မုန်ကျမ်းကို ဘာသာပြန်၍ ပုံနှိပ်​ထုတ်ဝေရန် စွမ်းဆောင်​နိုင်ခဲ့၏။ ထို​အချိန်​အတွင်း၌ သူနှင့် အော်လီဗာ ကောင်ဒရီတို့သည် ၁၈၂၉၊ မေတွင် ဗတ္တိဇံ​ဆရာ ယောဟန်​အားဖြင့် အာရုန်​ယဇ်ပုရောဟိတ်​အခွင့်သို့ ခန့်ထား ခံရကြ၏ (ဩနှင့် ပဋိ ၁၃ တွင် ကြည့်ပါ)၊ ထို့နောက် မကြာမီတွင် သူတို့သည် ရှေး​တမန်တော်များ ဖြစ်သည့် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့​အားဖြင့် မေလခိဇေဒက် ယဇ်ပုရောဟိတ် အခွင့်သို့ ခန့်ထား​ခံရကြ၏(ဩနှင့် ပဋိ ၂၇း၁၂ တွင် ကြည့်ပါ)။ မောရှေ၊ ဧလိယ၊ ဧလိုင်ယနှင့် အခြား​များစွာသော ရှေး​ပရောဖက်တို့​အားဖြင့် ယဇ်ပုရောဟိတ်​အခွင့်​သော့များကို အပ်နှင်း​ခံရသည့် အခြား​ဘိသိက်​မင်္ဂလာတို့သည် နောက်မှ​ဖြစ်လာခဲ့၏ (ဩနှင့် ပဋိ ၁၁၀၁၂၈း၁၈၊ ၂၁ တွင် ကြည့်ပါ)။ ဤ​ဘိသိက်​မင်္ဂလာတို့သည်၊ အမှန်​အားဖြင့်၊ မြေကြီး​ပေါ်ရှိ လူသား​ထံသို့ မြင့်မြတ်သော အခွင့်​အာဏာကို ပြန်လည်​ဆောင်ယူခြင်း ဖြစ်၏။ ၁၈၃၀ ခု၊ ဧပြီ ၆ တွင်၊ ကောင်းကင်​ဘုံရှင် လမ်းညွှန်မှု အောက်၌၊ ပရောဖက်​ဂျိုးဇက်​စမစ်သည် အသင်းတော်ကို ဖွဲ့စည်း​ခဲ့၏၊ ထိုကဲ့သို့​အားဖြင့်၊ ယေရှု​ခရစ်တော်၏ မှန်သော​အသင်းတော်သည် ဧဝံဂေလိ​တရားတော်ကို သွန်သင်ရန်နှင့် ကယ်တင်ခြင်း​ဘိသိက်မင်္ဂလာတို့ကို စီမံ​ဆောင်ရွက်ရန် အခွင့်​အာဏာနှင့်​အတူ လူသားတို့၌ အဖွဲ့​အစည်း​တစ်ခု​အဖြစ် တစ်ဖန်​ပြန်၍ ဆောင်ရွက်၏။ (ဩနှင့် ပဋိ ၂၀ နှင့် မြတ်ပုလဲကျမ်း၊ ဂျိုးဇက်​စမစ်—သမိုင်း ၁ တွင် ကြည့်ပါ)

ဤ​သန့်ရှင်း​မွန်မြတ်သော ဗျာဒိတ်တော်များကို လိုအပ်သော အချိန်​များ၌ ဆုတောင်းခြင်း၏ အဖြေ​အဖြစ် လက်ခံ​ရရှိ​ခဲ့၏၊ တကယ့်​လူများ ပါဝင်သည့် တကယ့်​ဘဝ အခြေ​အနေတို့မှ ထွက်ပေါ် လာခြင်းလည်း ဖြစ်၏။ ပရောဖက်နှင့် သူ၏ အပေါင်း​အဖော်တို့သည် မြင့်မြတ်သော​လမ်းညွှန်မှုကို ရှာခဲ့​ကြပြီး၊ သူတို့ လက်ခံ​ရရှိခဲ့ကြောင်းကို ဤ​ဗျာဒိတ်တော်များက သက်သေ​ပြု၏။ ဤ​ဗျာဒိတ်တော်များ၌၊ ယေရှု​ခရစ်တော်၏ ဧဝံဂေလိ​တရားတော်ကို ပြန်လည်​ဆောင်ယူခြင်းနှင့် ဖွင့်ပြခြင်း၊ ထို့အတူ အချိန်​ကာလ​ပြည့်စုံခြင်း​သာသနာသို့ ဝင်ရောက်ခြင်းတို့ကို တစ်စုံ​တစ်ဦး​မြင်ရ၏။ နယူးယောက်နှင့် ပန်ဆယ်လ်​ဗေးနီးယားမှ အိုဟိုင်းရိုသို့၊ မစ်ဆိုရီသို့၊ အီလီနွိုက်သို့၊ ထို့အတူ နောက်ဆုံး၌ အမေရိကန်​အနောက်ပိုင်း၏ ဇလုံကြီးသို့ အသင်းတော်၏ အနောက်ဘက်သို့ ရွေ့လျားမှုနှင့် ယခုခေတ် ကာလ၌ မြေကြီး​ပေါ်တွင် ဇိအုန်ကို တည်ဆောက်ရန် ကြိုးစား​အားထုတ်ခြင်း၌ သန့်ရှင်းသူတို့၏ ကြီးစွာသော ရုန်းကန်မှုများကိုလည်း ဤ​ဗျာဒိတ်တော်များ၌ ပြထား၏။

မော်မုန်​ကျမ်းကို ဘာသာပြန်ခြင်းနှင့် ပုံနှိပ်​ထုတ်ဝေခြင်းတို့နှင့် စပ်လျဉ်းသည့် အမှုများ အစောပိုင်း အပိုဒ်ငယ်​များစွာ​တို့တွင် ပါဝင်၏ (အပိုဒ်ငယ် ၃၁၀၁၇ နှင့် ၁၉ တွင်ကြည့်ပါ)။ နောက်ပိုင်း အပိုဒ်ငယ်​အချို့သည် သမ္မာကျမ်း၏ လမ်းပြ​လှုံ့ဆော်သော ဘာသာပြန်ခြင်းကို ပြုလုပ်ရာ၌ ပရောဖက်​ဂျိုးဇက်​စမစ်၏ အလုပ်ကို ဖော်ပြ၏၊ ထို​အချိန်​အတွင်း၌ ကြီးစွာသော ဩဝါဒ​ဆိုင်ရာ အပိုဒ်ငယ်​များကို လက်ခံ​ရရှိ​ခဲ့၏ ( ဥပမာ​အဖြစ်၊ အပိုဒ်ငယ် ၃၇၄၅၇၃၇၆၇၇၈၆၉၁ နှင့် ၁၃၂ တို့ကို ကြည့်ပါ၊ ၎င်းတို့မှ တစ်ခုချင်း​စီသည် သမ္မာကျမ်း​ဘာသာပြန်ခြင်းနှင့် တိုက်ရိုက်​ဆက်သွယ်မှု အချို့​ရှိ၏)။

ဗျာဒိတ်တော်များ၌၊ ဧဝံဂေလိ​တရားတော်၏ ဩဝါဒများကို ဘုရားသခင်၏ ဇာတိ​သဘော၊ လူသား၏ မူရင်း​ဇစ်မြစ်၊ စာတန်၏ အဖြစ်မှန်၊ သေခြင်းရှိရာ​ဘဝ၏​ရည်ရွယ်ချက်၊ နာခံခြင်း အတွက် မရှိမဖြစ် လိုအပ်ခြင်း၊ နောင်တရခြင်း​အတွက် လိုအပ်ခြင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်၏ အမှုတော်များ၊ ကယ်တင်ခြင်းနှင့် စပ်ဆိုင်သည့် ဘိသိက်မင်္ဂလာများနှင့် စီရင်ခြင်းများ၊ မြေကြီး၏ ကံကြမ္မာ၊ ရှင်ပြန်​ထမြောက်ခြင်းနှင့် တရားစီရင်ခြင်း၏ နောက်၌​ရှိသော လူသား၏ အနာဂတ်​အခြေ​အနေများ၊ အိမ်ထောင်ဖက် ပြုခြင်း ဆက်ဆံရေး၏ ထာဝရ​ဖြစ်ခြင်းနှင့် မိသားစု၏ ထာဝရ​သဘော ကဲ့သို့သော အခြေခံ အကြောင်း​အရာတို့ အကြောင်း ရှင်းပြချက်များနှင့်​အတူ ဖော်ပြ​ထား၏။ ထိုနည်း​တူပင်၊ အသင်းတော်၏ စီမံ​ဆောင်ရွက်ခြင်း အဖွဲ့​အစည်း အကြောင်း တဖြည်းဖြည်း ဖွင့်ပြခြင်းကိုလည်း၊ သင်းအုပ်များ၊ ပထမ​ဥက္ကဋ္ဌ​အဖွဲ့၊ တစ်ဆယ့်​နှစ်ပါး​အတိုင်ပင်ခံ​အဖွဲ့၊ ထို့အတူ ခုနစ်ကျိပ်​အဖွဲ့တို့ကို ခေါ်သွင်းခြင်း၊ အခြား​ဦးစီး အမှု​အရာများနှင့် အဖွဲ့များ၏​တည်ထောင်ခြင်းတို့နှင့်​အတူ ဖော်ပြ​ထား၏။ နောက်ဆုံး၌၊ ယေရှု​ခရစ်တော်​အကြောင်း—သူ၏​အထွတ်​အမြတ်​ဖြစ်ခြင်း၊ သူ၏​အာနုဘော်၊ သူ၏​စုံလင်ခြင်း၊ သူ၏​ချစ်ခြင်းနှင့် သူ၏​ရွေးနှုတ်​တော်မူခြင်း​တန်ခိုးတော်—အကြောင်း​ဖော်ပြသည့် သက်သေခံချက်သည် ဤကျမ်းကို လူသား​မိသားစု​အတွက် ကြီးစွာသော တန်ဖိုးကို ဖြစ်စေပြီး၊ “အသင်းတော်​အတွက် မြေကြီး​တစ်ခုလုံး၏ စည်းစိမ်​ဥစ္စာများနှင့် ထိုက်တန်”​စေ၏ (ဩနှင့် ပဋိ ၇၀ ၏ ခေါင်းစဉ်တွင် ကြည့်ပါ)။

ဤ​ဗျာဒိတ်တော်များကို မူရင်း​အားဖြင့် ဂျိုးဇက်​စမစ်၏ စာရေးသူ​အားဖြင့် မှတ်တမ်း​တင်ခဲ့ပြီး၊ အသင်းတော် အသင်းသားတို့သည် လက်ရေးဖြင့် ရေးကူး​ထားသော စာများကို တစ်ယောက်နှင့် တစ်ယောက် စိတ်အား​ထက်သန်စွာ မျှဝေ​ခဲ့ကြ၏။ ပို၍​တည်မြဲသော မှတ်တမ်း​တစ်ခုကို ပြုလုပ်ရန်၊ စာရေးသူတို့သည် မကြာမြင့်​မီတွင်၊ ဤ​ဗျာဒိတ်တော်များကို ပုံနှိပ်​စာမူ​မှတ်တမ်း ကျမ်းများ​အဖြစ်သို့ ရေးကူး ခဲ့ကြ၏၊ ၎င်းတို့ကို အသင်းတော်​ခေါင်းဆောင်တို့က ပုံနှိပ်မည့် ဗျာဒိတ်တော်များကို ပြင်ဆင်​ရာ၌ အသုံးပြု ခဲ့ကြ၏။ ဂျိုးဇက်နှင့် အစောပိုင်း​သန့်ရှင်းသူတို့သည် ဗျာဒိတ်တော်များကို၊ အသင်းတော်နည်းသူ ရှင်သန်စေ၊ အားကောင်းစေ၊ ထို့အတူ နောက်ထပ်​ဗျာဒိတ်တော်ဖြင့် သန့်စင်​စေရန် မှတ်ယူခဲ့ကြ၏။ သူတို့သည် ဗျာဒိတ်တော်များကို ရေးကူးခြင်းနှင့် ပုံနှိပ် ထုတ်ဝေခြင်း အတွက် ပြင်ဆင်ရာ လုပ်ငန်းစဉ်​တစ်လျှောက်၌ မရည်ရွယ်သော မှာယွင်းမှုများ ဖြစ်ပွားကောင်း​ဖြစ်ပွား​နိုင်ခဲ့သည်ကိုလည်း အသိ​အမှတ်​ပြုခဲ့​ကြ၏။ ထို့ကြောင့်၊ အသင်းတော်​ညီလာခံ​တစ်ခုက ဂျိုးဇက်​စမစ်အား “သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် သူ​တွေ့နိုင်သော ထို​မှားယွင်းမှုများ သို့မဟုတ် အမှား​အယွင်းများကို ပြင်ဆင်”ရန် ၁၈၃၁ ၌ တောင်းဆို​ခဲ့ကြ၏။

ဗျာဒိတ်တော်များကို ပြန်လည်​စစ်ဆေး၍ ပြင်ဆင်ပြီး​နောက်တွင်၊ မစ်ဆိုရီရှိ အသင်းတော် အသင်းသားတို့သည် A Book of Commandments for the Government of the Church of Christ [ခရစ်တော်၏​အသင်းတော်ကို အုပ်ချုပ်ခြင်း​အတွက် ပညတ်တော်များကျမ်း]ဟု ခေါင်းစည်း​တပ်ထားသော ကျမ်းတစ်ကျမ်း ပုံနှိပ်ခြင်းကို​အစပြု​ခဲ့ကြ၏၊ ထိုကျမ်းတွင် ပရောဖက်၏​အစောပိုင်း​ဗျာဒိတ်တော်များမှ များစွာတို့ ပါဝင်၏။ သို့သော်လည်း၊ ၁၈၃၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ ဂျက်ဆင်​ခရိုင်၌၊ သန့်ရှင်းသူတို့၏ ပုံနှိပ်ရုံး လူဆိုး​တစ်စု​အားဖြင့် ဖျက်ဆီး​ခံရသော​အခါ၊ ဗျာဒိတ်တော်များကို ပုံနှိပ်​ထုတ်ဝေရန် ပထမ​အကြိမ် ကြိုးစား​အားထုတ်ခြင်းမှာ အဆုံးသတ်​ခဲ့ရ၏။

မစ်ဆိုရီ​ပုံနှိပ်ရုံး ဖျက်ဆီး​ခံရခြင်းကို ကြားရပြီး​နောက်၊ ဂျိုးဇက်​စမစ်နှင့် အခြား​အသင်းတော် ခေါင်းဆောင်​တို့သည် ဗျာဒိတ်တော်များကို ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပုံနှိပ်​ထုတ်ဝေရန် ပြင်ဆင်​ခြင်းများကို အစပြု​ခဲ့ကြ၏။ မှားယွင်းမှု​များကို တစ်ဖန် ပြင်ဆင်ရန်၊ စကားလုံး​အသုံး​အနှုန်းကို ရှင်းလင်း​စေရန်၊ အသင်းတော်​ဩဝါဒနှင့် အဖွဲ့​အစည်း ဖွံ့ဖြိုးမှုများကို အသိ​အမှတ်​ပြုရန်၊ ဂျိုးဇက်​စမစ်သည် ဗျာဒိတ်တော်​အချို့၏ စာသားများကို ၁၈၃၅ ခု၌ Doctrine and Covenants of the Church of the Latter Day Saints [နောက်ပိုင်း​ကာလ​သန့်ရှင်းသူများ အသင်းတော်၏ ဩဝါဒနှင့် ပဋိညာဉ်များ]​အဖြစ် ပုံနှိပ်​ထုတ်ဝေခြင်း​အတွက် ပြင်ဆင်ရန် တည်းဖြတ်ခြင်းကို ကြီးကြပ်​ခဲ့၏။ ဂျိုးဇက်​စမစ်သည် ဩဝါဒနှင့်​ပဋိညာဉ်များ၏ တခြားမူကို တရားဝင်​ခွင့်ပြုခဲ့၏၊ ထို​တည်းဖြတ်မှုကို ၁၈၄၄ ခု၌ ပရောဖက်၏ အသက် စတေး ခံရပြီး​နောက် လ​အတန်ကြာ​ပြီးမှသာ ပုံနှိပ်​ထုတ်ဝေ​ခဲ့၏။

အစောပိုင်းမှ နောက်ပိုင်း​ကာလ​သန့်ရှင်းသူတို့သည် ဗျာဒိတ်တော်များကို အထူး တန်ဖိုးထား​ခဲ့ကြပြီး၊ ဘုရားသခင်​ထံမှ အမှာ​စကားများ​အဖြစ် ကြည့်ရှု​ခဲ့ကြ၏။ ၁၈၃၁ ခုနှစ် နောက်ပိုင်း အချိန်​တစ်ခု၌၊ အသင်းတော်၏ အသင်းလူကြီး​များစွာတို့သည် ဗျာဒိတ်တော်များ၏ အမှန်​တရားကို သူတို့၏ စိတ်ဝိညာဉ်များသို့ ကိုယ်တော်ရှင်​သက်သေခံ​တော်မူ​ခဲ့ကြောင်း လေးနက်သော သက်သေခံချက်ကို ပေးခဲ့​ကြ၏။ ဤ​သက်သေခံချက်ကို ဩဝါဒနှင့်​ပဋိညာဉ်များ ၁၈၃၅ ခုနှစ်​မူ၌ တမန်တော် တစ်ဆယ့်​နှစ်ပါး၏ ရေးထားသော သက်သေခံချက် အဖြစ် ပုံနှိပ်​ထုတ်ဝေ​ခဲ့၏။

ဩဝါဒနှင့် ပဋိညာဉ်များကျမ်း၏
အမှန်တရားနှင့်​စပ်လျဉ်း၍ တမန်တော်​တစ်ဆယ့်နှစ်ပါး၏
သက်သေခံချက်

ကိုယ်တော်ရှင်၏​ပညတ်တော်များကျမ်း​အတွက် သက်သေတို့၏ သက်သေခံချက်၊ ထိုပညတ်တော်များကို ဤသို့ ရရှိခြင်း​ရည်ရွယ်ချက်​အတွက် အသင်းတော်၏ မဲဆန္ဒအားဖြင့် ခန့်အပ်ထား​ခံရသူ ဂျိုးဇက်​စမစ်​အငယ်​အားဖြင့် သူ၏​အသင်းတော်သို့ ပေးတော်မူ​ခဲ့၏။

ထို့ကြောင့်၊ ကျွန်ုပ်တို့သည် လူသားတို့၏ လောက​တစ်ခုလုံးသို့၊ မြေကြီး မျက်နှာပြင် ပေါ်ရှိ လူသတ္တဝါတိုင်းသို့ သက်သေခံရန် လိုလို​လားလား​ရှိကြောင်း ခံစားရ​သည်မှာ၊ ဤ​ပညတ်တော်များ သည်ကား၊ ဘုရားသခင်၏ လမ်းပြ​လှုံ့ဆော်ခြင်းဖြင့် ပေးထားကြောင်း၊ ထို့အတူ ခပ်သိမ်းသော လူသားတို့ အတွက် အကျိုး​ရှိကြောင်း၊ ထို့အတူ အမှန်ပင် မှန်ကန်ကြောင်း ကျွန်ုပ်တို့ အပေါ် သွန်းလောင်းသည့် သန့်ရှင်းသော ဝိညာဉ်တော်​အားဖြင့်၊ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်များသို့ ကိုယ်တော်ရှင် သက်သေခံ​တော်မူ​ခဲ့ကြောင်း ပေတည်း။

ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်ကို ကျွန်ုပ်တို့၏ ကူညီသူ​အဖြစ် ဤ​သက်သေခံချက်ကို လောကသို့ ဖော်ပြ​ကြပါ၏။ ခမည်းတော်​ဘုရားသခင်နှင့် သူ၏​သားတော်၊ ယေရှု​ခရစ်တော်တို့၏ ကျေးဇူးတော် အားဖြင့်၊ ကျွန်ုပ်တို့သည် လောကသို့ ဤ​သက်သေခံခြင်း အတွက် ဤ​အထူး အခွင့်​အရေးကို ရရှိရန် အခွင့်ပေး ခံရကြ​ပါ၏၊ ထို​အခွင့်​အရေး၌ ကျွန်ုတို့​လွန်စွာ​ရွှင်လန်း​ဝမ်းမြောက်​ကြပြီး၊ ထိုကဲ့သို့​အားဖြင့် လူသားတို့ အကျိုး​ရှိနိုင်ကြ​စေကြောင်း ကိုယ်တော်ရှင်​ထံသို့ အမြဲ​ဆုတောင်းကြ​ပါ၏။

တစ်ဆယ့်နှစ်ပါးတို့၏ အမည်များသည်ကား

  • သောမတ်စ်​ဘီ​မာ့ရှ်

  • ဒေးဗစ်​ဒဗလျူ​ပေတန်

  • ဘရင်ဂ်ဟမ်​ရန်း

  • ဟက်ဘာ​စီ​ကင်းဘောလ်

  • အော်ဆန်​ဟိုက်

  • ဝီလျံ​အီး​မက်လီလင်

  • ပါလီ​ပီ​ပရတ်

  • လု​အက်စ်​ဂျွန်ဆင်

  • ဝီလျံ​စမစ်

  • အော်ဆန်​ပရတ်

  • ဂျွန်​အက်ဖ်​ဘွိုင်တန်

  • လိုင်မန်​အီး​ဂျွန်ဆင်

ဩဝါဒနှင့် ပဋိညာဉ်များ၏ နောက်ပိုင်းမူများတွင်၊ နောက်ထပ်​ဗျာဒိတ်တော်များ သို့မဟုတ် မှတ်တမ်း​တင်စရာ အခြား​အကြောင်း​အရာတို့ကို အသင်းတော်၏ ကျွမ်းကျင်သူ အစု​အဝေးများ သို့မဟုတ် ညီလာခံများ ရရှိပြီး လက်ခံ​ခဲ့သည့်​အတိုင်း ပေါင်းထည့်​ခဲ့၏။ ၁၈၇၆ ခုနှစ်မူကို၊ ဘရင်ဂ်ဟမ်​ရန်း၏ လမ်းညွှန်မှု​အောက်၌ အသင်း​လူကြီး အော်ဆန်​ပရတ်က ပြင်ဆင်​ခဲ့ပြီး၊ ဗျာဒိတ်တော်များကို ကာလ​အလိုက် အစီ​အစဉ်​အတိုင်း စီစဉ်၍၊ သမိုင်း​ဆိုင်ရာ နိဒါန်း ခေါင်းစဉ် အသစ်များဖြင့် ဖြည့်စွက်​ခဲ့၏။

၁၈၃၅ ခုနှစ် မူမှ​စ၍၊ ဘာသာရေး​သင်ခန်းစာ ခုနစ်တွဲကိုလည်း ထည့်သွင်း​ခဲ့၏။ ဤ​အရာတို့ကို Lectures on Faith [ယုံကြည်ခြင်း​အကြောင်း​ပို့ချချက်များ] ဟု ခေါင်းစည်း​တပ်ခဲ့၏။ ဤ​အရာတို့ကို ၁၈၃၄ ခုနှစ်မှ ၁၈၃၅ ခုနှစ်​အထိ ကာ့တ်လန်း၊ အိုဟိုင်းရိုရှိ ပရောဖက်တို့၏​ကျောင်း၌ အသုံးပြုခြင်း​အတွက် ပြင်ဆင်​ခဲ့၏။ ဩဝါဒနှင့် သွန်သင်ချက်​အတွက် အကျိုးရှိ​နိုင်သော်လည်း၊ ဤ​ပို့ချချက်​များမှာ အသင်းတော် တစ်ခုလုံး​အတွက် ဗျာဒိတ်တော်များ​အဖြစ် ပေးမထား သို့မဟုတ် ဖော်ပြ မထား သောကြောင့် ဩဝါဒနှင့် ပဋိညာဉ်များ၌ ၁၉၂၁ မူမှစ၍ ချန်လှပ် ထားခဲ့၏။

၁၉၈၁ ခုနှစ် ဩဝါဒနှင့် ပဋိညာဉ်များ အင်္ဂလိပ်​မူ၌၊ မှတ်တမ်း​မှတ်ရာ​သုံးခုကို ပထမ​အကြိမ်​အဖြစ် ထည့်သွင်း​ခဲ့၏။ ဤ​အရာတို့​သည်ကား၊ သေသူတို့၏ ကယ်တင်ခြင်း​အတွက် အခြေခံ သဘော​တရားများကို ဖော်ပြ​ထားသည့် အပိုဒ်ငယ် ၁၃၇ နှင့် ၁၃၈၊ ထို့အတူ အသင်းတော်၌ ခပ်သိမ်းသော ထိုက်တန်သူ အမျိုးသား အသင်းသားတို့သည် မျိုးနွယ်နှင့် အသား​အရောင်​အပေါ် စဉ်းစား​စရာ မလိုဘဲ ယဇ်ပုရောဟိတ်​အခွင့်သို့ ခန့်ထား​ခံရ​နိုင်ကြောင်း ကြေညာသည့် တရားဝင် ကြေညာချက် ၂ တို့ဖြစ်၏။

ဩဝါဒနှင့်​ပဋိညာဉ်များ၏ မူသစ်တစ်ခုစီ၌ လွန်ခဲ့သော အမှား​အယွင်းများကို​ပြင်ဆင်၍၊ အထူး သဖြင့် အပိုဒ်ငယ်​ခေါင်းစဉ််များ၏ သမိုင်း​ဆိုင်ရာ​အပိုင်းတို့၌ အချက်​အလက် အသစ်ကို ပေါင်းထည့် ခဲ့၏။ လက်ရှိမူ၌ ရက်စွဲများနှင့် နေရာ​အမည်များကို ထပ်၍​စစ်ပြီး၊ အခြား ပြင်ဆင်ချက်များကို ပြုလုပ်၏။ အကြောင်း​အရာကို အတိကျဆုံး သမိုင်း​အချက်အလက်နှင့် ကိုက်ညီ​စေရန် ဤ​ပြောင်းလဲမှု​များကို ပြုထား​ပေ၏။ ဤ​နောက်ဆုံးမူ၏ အခြား ထူးခြားသော အင်္ဂါရပ်များ၌ ဗျာဒိတ်တော်များကို လက်ခံ​ရရှိခဲ့သည့် အဓိက​ပထဝီဝင်​နေရာများကို ဖော်ပြသည့် စိစစ်​ထားသော မြေပုံများနှင့်​အတူ အသင်းတော်​သမိုင်း​ဆိုင်ရာ နေရာတို့၏ မွမ်းမံ​ထားသော ဓာတ်ပုံများ၊ အပြန်​အလှန် အညွှန်းများ၊ အပိုဒ်ငယ်​ခေါင်းစဉ်များ၊ ထို့အတူ အကြောင်း​အရာ အကျဉ်းချုပ်များ ပါဝင်၏၊ ထို​ခပ်သိမ်းသော အရာတို့မှာ စာဖတ်သူတို့အား ဩဝါဒနှင့် ပဋိညာဉ်များ၌ ပေးထားသည့် ကိုယ်တော်ရှင်၏ အမှာစကား၌ နားလည်ကြ​စေရန်နှင့် ရွှင်လန်း ဝမ်းမြောက်ကြ စေရန် ကူညီ​ခြင်းငှာ စီစဉ်​ထားခြင်း ဖြစ်၏။ အပိုဒ်ငယ်​ခေါင်းစဉ်များ အတွက် အချက် အလက်များကို အသင်းတော်၏ သမိုင်း​ပုံနှိပ်​စာမူ၊ ပုံနှိပ်​ထုတ်ဝေ​ထားသော History of the Church [အသင်းတော်၏​သမိုင်း] (ဂျိုးဇက်​စမစ်၏ သမိုင်းမှာ​ကဲ့သို့ ခေါင်းစဉ်များ၌ စုပေါင်း၍ ရည်ညွှန်း​ထား၏)နှင့် Joseph Smith Papers [ဂျိုးဇက်စမစ်၏​စာရွက်များ]မှ ကောက်နှုတ်​ထား၏။