ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၆


အပိုဒ်ငယ် ၆

၁၈၂၉ ခု၊ ဧပြီလ၊ ဟာမိုနီ၊ ပန်ဆယ်လ်ဗေးနီးယား၌ ပရောဖက်​ဂျိုးဇက်​စမစ်နှင့် အော်လီဗာ​ကောင်ဒရီသို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ ၁၈၂၉ ခု၊ ဧပြီလ၊ ၇ ရက်တွင် မော်မုန်ကျမ်း​ဘာသာပြန်ခြင်း၌ အော်လီဗာ​ကောင်ဒရီသည် စာရေးသူ​အဖြစ်​သူ့အလုပ်ကို အစပြု​ခဲ့၏။ မော်မုန်ကျမ်း​မှတ်တမ်းကို ရေထွင်းထားရာ ပုရပိုက်ပြားများနှင့်​စပ်လျဉ်း၍၊ ပရောဖက်၏​သက်သေခံချက်​မှန်ကန်ခြင်း​အကြောင်း မြင့်မြတ်သော​ထင်ရှားစွာ​ပြခြင်းကို သူရရှိခဲ့​လေပြီး​ဖြစ်၏။ ပရောဖက်သည် ဥရိမ်နှင့် သုမိမ်တို့​အားဖြင့် ကိုယ်တော်ရှင်ထံ မေးလျှောက်ခဲ့ပြီး ဤအဖြေကို ရရှိ​ခဲ့၏။

၁–၆၊ ကိုယ်တော်ရှင်၏​လယ်ကွင်းထဲ၌ အလုပ်​လုပ်ကြသော​သူတို့သည် ကယ်တင်ခြင်းကို ရရှိကြ၏။ ၇–၁၃၊ ကယ်တင်ခြင်း​ဆုကျေးဇူးထက် သာ၍​ကြီးမြတ်သော​ဆုကျေးဇူး​မရှိ။ ၁၄–၂၇၊ သမ္မာ​တရား​အကြောင်း​သက်သေသည် ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ဖြစ်လာ၏။ ၂၈–၃၇၊ ခရစ်တော်ကို မှီခို​အားကိုး​ကြလော့၊ ကောင်းမြတ်သည်ကို အစဉ်​အမြဲ​ပြုကြလော့။

ကြီးမြတ်ပြီး အံ့ဩဖွယ်​ကောင်းသော​အမှုသည် လူသားများသို့ ရောက်လာလု​နီးပေပြီ။

ရှုလော့၊ ငါသည် ဘုရားသခင်​ဖြစ်၏။ ရှင်သန်၍ တန်ခိုးကြီးသော၊ အရိုး​အဆစ်နှင့် ခြင်ဆီ​နှစ်ခုစလုံးကို အစိတ်စိတ်​ကွဲစေသည့် နှစ်ဖက်သွားဓားထက် သာ၍ထက်သော၊ ငါ၏​နှုတ်ကပတ်တော်ကို ပမာဏပြု​ကြလော့။ ထို့ကြောင့်၊ ငါ၏​နှုတ်ကပတ်တော်များကို ပမာဏပြု​ကြလော့။

ရှုလော့၊ လယ်ကွင်းသည် ရိတ်သိမ်းဖို့ အဆင်သင့်ဝင်းလျက်​ရှိနှင့်​လေပြီ။ ထို့ကြောင့်၊ ရိတ်သိမ်းလိုသူ မှန်သမျှအား မိမိတံစဉ်ကို မိမိအစွမ်းသတ္တိဖြင့်၊ ရမ်းစေပြီး၊ အချိန်​ရှိစဉ် ရိတ်စေလော့။ သူ၏​စိတ်ဝိညာဉ်​အတွက်၊ ဘုရားသခင်၏​နိုင်ငံတော်၌ ထာဝရ​တည်မြဲသော​ကယ်တင်ခြင်းကို ထိုသူ​အမြတ်တနိုး​သိမ်းဆည်းထားနိုင်​စေကြောင်း​ပင်တည်း။

ထိုမှတစ်ပါး၊ မိမိတံစဉ်ကို ရမ်း၍ ရိတ်မည့်သူ​မှန်သမျှသည် ဘုရားသခင်၏ ခေါ်သွင်းတော်မူခြင်းကို ခံရ၏။

ထို့ကြောင့်၊ သင်တို့သည် ငါ့ထံမှ တောင်းကြလျှင်၊ ရကြ​လိမ့်မည်။ သင်တို့ ခေါက်ကြလျှင် သင်တို့​အဖို့ ဖွင့်ပေး​လိမ့်မည်။

ယခုတွင်၊ သင်တို့​တောင်းလေသည့်​အတိုင်း၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါ၏​ပညတ်တော်များကို စောင့်ထိန်း​ကြလော့။ ဇိအုန်၏​အကျိုးကို ထူထောင်ပြီး တည်ဆောက်ဖို့ ကြိုးစား​ကြလော့။

စည်းစိမ်​ဥစ္စာများကို ရှာခြင်း​မပြုနှင့်၊ သို့ရာတွင် ဉာဏ်ပညာကို ရှာကြလော့၊ ရှုဦးလော့၊ ဘုရားသခင်၏​နက်နဲသော​အရာတို့ကို သင်တို့ထံ ဖွင့်ပြတော်မူ​လိမ့်မည်။ ထို့နောက်တွင်၊ သင်တို့ကို ကြွယ်ဝစေ​လိမ့်မည်။ ရှုလော့၊ ထာဝရ​အသက်ကို ရရှိသော​သူသည် ကြွယ်ဝ၏။

သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါ့ထံမှ သင်အလိုရှိသည့်​အတိုင်းပင် သင့်ထံသို့ ဖြစ်လာ​လိမ့်မည်။ သင်သည် အလိုရှိလျှင်၊ ဤမျိုးဆက်၌ များစွာသော​ကောင်းမြတ်ခြင်းကို​ပြုရာ တန်ဆာ​ဖြစ်လိမ့်မည်။

နောင်တရခြင်း​မှတစ်ပါး၊ အဘယ်​အရာကိုမျှ ဤမျိုးဆက်ကို မပြောနှင့်။ ငါ၏​ပညတ်တော်များကို စောင့်ထိန်းလော့၊ ငါ၏​အမှုတော်​ဖြစ်မြောက်စေဖို့ ငါ၏​ပညတ်တော်များ​အတိုင်း ကူညီလော့၊ သင်သည်လည်း ကောင်းချီးခံစားရ​လိမ့်မည်။

၁၀ ရှုလော့၊ သင့်မှာ ဆုကျေးဇူး​ရှိ၏။ သင်၏​ဆုကျေးဇူးကြောင့် သင်သည် မင်္ဂလာ​ရှိ၏။ ထိုအရာသည် သန့်ရှင်း​မွန်မြတ်ပြီး၊ အထက်မှ​လာသည်ကို အောက်မေ့လော့—

၁၁ သင်သည် မေးလျှောက်လျှင်၊ ကြီးမြတ်ပြီး အံ့ဩဖွယ်​ကောင်းသည့် နက်နဲသော​အရာများကို သိရ​လိမ့်မည်။ ထို့ကြောင့်၊ သင်သည် နက်နဲသော​အရာများကို ရှာဖွေ​တွေ့ရှိနိုင်​စေကြောင်း၊ များစွာသော​သူတို့အား သမ္မာ​တရားကို​သိခြင်းသို့ ဆောင်ယူပြီး၊ ထိုမှတစ်ပါး၊ သူတို့​အပြုအမူများ၏ မှားယွင်းခြင်းကို နားသွင်းနိုင်​စေကြောင်း သင်၏​ဆုကျေးဇူးကို အသုံးပြုလော့။

၁၂ သင်၏​ဆုကျေးဇူးကို သင်နှင့်​ယုံကြည်ခြင်း​တူသော​သူများကို​မှတစ်ပါး၊ အဘယ်​သူ့ကိုမျှ ဖော်ပြခြင်း​မပြုနှင့်။ သန့်ရှင်း​မွန်မြတ်သော​အရာများကို မထီမဲ့မြင်​ပြုခြင်း မရှိနှင့်။

၁၃ သင်သည် ကောင်းမြတ်သည်ကို ပြုပြီး၊ ထိုမှတစ်ပါး၊ အဆုံး​တိုင်အောင် ဆက်၍​သစ္စာ​ရှိမည်​ဆိုလျှင်၊ ဘုရားသခင်၏​နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ထိုအရာသည်ကား၊ ဘုရားသခင်၏​ဆုကျေးဇူး​အပေါင်းတို့​အထဲမှ အကြီးမြတ်ဆုံး​ဖြစ်၏။ အကြောင်းမူကား၊ ကယ်တင်ခြင်း​ဆုကျေးဇူးထက် သာ၍​ကြီးမြတ်သော​ဆုကျေးဇူး​မရှိ။

၁၄ သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ သင်သည် ပြုလေသော​အမှုကြောင့် မင်္ဂလာ​ရှိ၏။ အကြောင်းမူကား၊ သင်သည် ငါ့ထံ မေးလျှောက်​လေပြီ။ ရှုဦးလော့၊ သင်သည် အကြိမ်ကြိမ်​မေးလျှောက်​လေသမျှ၊ ငါ့ဝိညာဉ်တော်​ထံမှ သွန်သင်ချက်ကို ရရှိ​လေပြီ။ ထိုကဲ့သို့​မဟုတ်လေလျှင်၊ သင်သည် ဤအချိန်မှာ သင်ရောက်နေသည့်​နေရာသို့ ရောက်လာခဲ့​လိမ့်မည်​မဟုတ်။

၁၅ ရှုလော့၊ ငါ့ထံမှ သင်မေးလျှောက်​လေ၍ ငါသည် သင်၏​စိတ်ကို အလင်းသို့​ရောက်စေတော်မူကြောင်း သင်သိ၏။ ယခုမူကား၊ သမ္မာ​တရား​ဝိညာဉ်တော်​အားဖြင့် သင်အလင်းသို့​ရောက်လေပြီ​ဖြစ်ကြောင်း သိစေဖို့ ဤအရာများကို သင့်အား ငါပြောပြ၏။

၁၆ ထိုမှတစ်ပါး၊ သင်၏​အတွေးများနှင့် သင့်စိတ်နှလုံး၏​အကြံအစည်များကို သိသူမှာ ဘုရားသခင်​မှတစ်ပါး၊ အခြား​အဘယ်သူမျှ​မရှိကြောင်း သင်သိနိုင်​စေခြင်းငှာ သင့်ကို ငါပြောပြ၏။

၁၇ သင့်ထံသို့ သက်သေ​အဖြစ် ဤအရာတို့ကို သင့်အား ငါပြောပြ၏—​သင်ရေးနေ​လေသည့် နှုတ်ကပတ်တော်များ သို့မဟုတ် ဤကျမ်း​မှန်ကန်ကြောင်း​ပေတည်း။

၁၈ ထို့ကြောင့်၊ လုံ့လ​ဝီရိယ​ရှိလော့။ နှုတ်ကပတ်တော်ကြောင့် အဘယ်​သို့သော ခက်ခဲသည့်​အခြေအနေမှာ ဂျိုးဇက်​ရှိနိုင်သည်​ဖြစ်စေ၊ ငါ့ကျွန်၏​ဘေးမှာ သစ္စာ​ရှိစွာ​နေလော့။

၁၉ သူ၏​အမှားများ၌ သူ့ကို ဆုံးမလော့၊ သူ့ထံမှ ဆုံးမခြင်း​ကိုလည်း လက်ခံလော့။ သည်းခံလော့။ သမ္မာ​သတိ​ရှိလော့။ ဣန္ဒြေ​စောင့်လော့။ သည်းခံခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာ​ရှိလော့။

၂၀ ရှုလော့၊ သင်သည် အော်လီဗာ​ဖြစ်၏၊ သင်၏​အလိုဆန္ဒများကြောင့်၊ သင့်ကို ငါဟောပြော​လေပြီ။ ထို့ကြောင့်၊ ဤနှုတ်ကပတ်တော်များကို သင့်စိတ်နှလုံး​ထဲ၌ အမြတ်တနိုး​သိမ်းဆည်း​ထားလော့။ ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာ​ရှိပြီး၊ လုံ့လ​ဝီရိယ​ရှိလော့။ ငါသည် သင့်ကို ငါ၏​ချစ်ခြင်း​လက်များဖြင့် ပွေ့ထားတော်မူမည်။

၂၁ ရှုလော့၊ ငါသည် ဘုရားသခင်၏​သားတော်၊ ယေရှု​ခရစ်တော်​ဖြစ်၏။ ငါသည်ကား၊ ငါ၏​အရပ်​ဒေသသို့ ကြွလာတော်မူသော​သူပင် ဖြစ်သော်လည်း၊ ငါ၏​လူမျိုးတို့သည် ငါ့ကို လက်ခံခြင်း​မရှိကြ။ ငါသည် မှောင်မိုက်၌ တောက်ပသော​အလင်း​ဖြစ်၍ မှောင်မိုက်သည် နားလည်ခြင်း​မရှိ။

၂၂ သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ သင်သည် နောက်ထပ်​သက်သေကို အလိုရှိလျှင်၊ ဤအရာတို့၏​အမှန်တရားနှင့်​စပ်လျဉ်း၍ သိနိုင်​စေကြောင်း၊ သင့်စိတ်နှလုံးဖြင့် ငါ့ထံသို့ တောင်းလျှောက်ရာ​ညကို သတိ​ရလော့။

၂၃ ထိုအမှုနှင့်​စပ်လျဉ်း၍၊ သင်၏​စိတ်သို့ ငြိမ်းချမ်းခြင်းကို ငါမဟောခဲ့​သလော။ ဘုရားသခင်ထံမှ အဘယ်​သာ၍​ကြီးစွာသော​သက်သေကို သင်ရရှိ​နိုင်သနည်း။

၂၄ ယခုမူကား၊ ရှုလော့၊ သင်သည် သက်သေကို ရရှိ၏။ အကြောင်းမူကား၊ အဘယ်သူမျှ​မသိသည့်​အရာများကို သင့်အား ငါပြောပြ​လေလျှင်၊ သင်သည် သက်သေကို မရရှိ​လေသလော။

၂၅ ထို့အတူ၊ ရှုလော့၊ သင်သည် ငါ့ကျွန်​ဂျိုးဇက်​ကဲ့သို့ပင် ဘာသာပြန်ခြင်းငှာ ဆုကျေးဇူးကို ငါ့ထံမှ​အလိုရှိလျှင်၊ သင့်အား ငါပေး၏။

၂၆ သင့်ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ လူတို့၏​ဆိုးညစ်ခြင်းကြောင့် ထိမ်ဝှက်ထား​လေသော ငါ၏​ဧဝံဂေလိ​တရားတော်​မြောက်မြားစွာတို့​ပါရှိသည့် မှတ်တမ်းများ​ရှိ၏။

၂၇ ယခုမူကား၊ သင့်ကို ငါမိန့်တော်မူသည်မှာ သင့်၌ ကောင်းမြတ်သော​အလိုဆန္ဒ—​ကောင်းကင်ဘုံ၌ သင်ကိုယ်တိုင်​အတွက် ဘဏ္ဍာများကို သိုထားခြင်းငှာ​ဟူသော အလိုဆန္ဒ—​ရှိလျှင်၊ ဒုစရိုက်ကြောင့် ဝှက်ထားလေသော ငါ့ကျမ်းစာများ၏ ထိုအစိတ်​အပိုင်းတို့ကို အလင်းသို့​ဆောင်ယူရာ၌ သင်၏​ဆုကျေးဇူးဖြင့် ကူညီရမည်။

၂၈ ယခု​မူကား၊ ရှုလော့၊ ဤအမှုတော်ဆောင်ခြင်းကို အလင်းသို့​ဆောင်ယူမည့် ဤဆုကျေးဇူး​သော့များကို သင့်ထံသို့၊ ထို့အတူ ငါ့ကျွန်​ဂျိုးဇက်ထံသို့လည်း ငါပေးတော်မူမည်။ သက်သေနှစ်ဦး သို့မဟုတ် သုံးဦး၏​နှုတ်အားဖြင့် စကားမှန်သမျှကို တည်စေ​လိမ့်မည်။

၂၉ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ သူတို့သည် ငါ၏​နှုတ်ကပတ်တော်များ၊ ထို့အတူ၊ ငါ့ဧဝံဂေလိ​တရားတော်၏​ဤအစိတ်​အပိုင်းနှင့် အမှုတော်ဆောင်ခြင်းကို ငြင်းပယ်ကြလျှင်၊ သင်တို့သည် မင်္ဂလာ​ရှိကြ၏။ အကြောင်းမူကား၊ သူတို့သည် ငါ့ကို ပြုသည်ထက် သင်တို့ကို သာ၍​မပြုနိုင်ကြ။

၃၀ သူတို့ ငါ့ကို ပြုလေ​သကဲ့သို့ပင် သင်တို့ကို​ပြုကြသော်လည်း၊ သင်တို့သည် မင်္ဂလာ​ရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငါနှင့်အတူ ဘုန်းတော်၌ နေထိုင်ရ​လိမ့်မည်။

၃၁ သို့ရာတွင်၊ သူတို့သည် ပေးတော်မူမည့် သက်သေခံချက်​အားဖြင့် တည်စေမည့် ငါ၏​နှုတ်ကပတ်တော်တို့ကို ငြင်းပယ်ခြင်း​မပြုကြလျှင်၊ မင်္ဂလာ​ရှိကြ၏။ ထို့နောက်တွင်၊ သင်တို့သည် သင်တို့​လုပ်အား၏ အသီးအပွင့်၌ ဝမ်းမြောက်ခြင်း ရှိကြ​လိမ့်မည်။

၃၂ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ငါ၏​တပည့်တော်တို့ကို ငါမိန့်တော်မူလေ​သကဲ့သို့ပင် အကြင်အရပ်၌ လူနှစ်ဦး သို့မဟုတ် သုံးဦးတို့သည် ငါ၏​နာမကို​ထောက်၍ အမှု​တစ်ခုကြောင့် အတူတကွ​စုဝေးကြ၏။ ရှုလော့၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိ​လိမ့်မည်—​ထိုကဲ့သို့ပင် သင်တို့​အလယ်မှာ ငါရှိ၏။

၃၃ ကောင်းမြတ်ခြင်းကို ပြုဖို့ ကြောက်ခြင်း​မရှိနှင့် ငါ့သားတို့။ အကြောင်းမူကား၊ သင်တို့​စိုက်သမျှ​အတိုင်း သင်တို့​ရိတ်သိမ်းရ​လိမ့်မည်။ ထို့ကြောင့်၊ သင်တို့သည် ကောင်းမြတ်ခြင်းကို စိုက်လျှင်၊ သင်တို့၏​အကျိုးကျေးဇူး​အဖြစ် ကောင်းမြတ်ခြင်းကို ရိတ်သိမ်းရ​လိမ့်မည်။

၃၄ ထို့ကြောင့်၊ ကြောက်ခြင်း​မရှိနှင့် သိုးစုငယ်။ ကောင်းမြတ်ခြင်းကို ပြုလော့။ မြေကြီးနှင့် ငရဲကို သင်တို့​တစ်ဖက်မှာ ပေါင်းစပ်​ပါစေ။ အကြောင်းမူကား၊ သင်တို့ကို ငါ၏​ကျောက်ပေါ်မှာ တည်ဆောက်ထားလျှင်၊ သူတို့​မအောင်နိုင်ကြ။

၃၅ ရှုလော့၊ ငါသည် သင်တို့ကို ပြစ်ဒဏ်​မချမှတ်။ ကိုယ့်လမ်းကို သွားလော့၊ အပြစ်လည်း​မပြုတော့နှင့်။ သင်တို့အား ငါမိန့်တော်မူ​လေသည့်​အမှုတော်ကို တည်ကြည်​လေးနက်စွာ ဆောင်ရွက်လော့။

၃၆ အတွေးအကြံ​မှန်သမျှ၌ ငါ့ကို မှီခို​အားကိုးလော့။ ယုံမှား​သံသယ​မရှိနှင့်။ ကြောက်ခြင်း​မရှိနှင့်။

၃၇ ငါ့နံဘေးမှာ ထိုးဖောက်​ထားသည့်​ဒဏ်ရာများ၊ ထို့အတူ ငါ၏​လက်နှင့် ခြေတို့မှ သံရိုက်ရာချက်တို့ကို ကြည့်ရှု​ဆင်ခြင်​ကြလော့။ သစ္စာရှိ​ကြလော့။ ငါ၏​ပညတ်တော်များကို စောင့်ထိန်း​ကြလော့။ သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို အမွေခံရ​လိမ့်မည်။ အာမင်။