အထွေထွေညီလာခံ
ကျွန်တော်တို့ဘဝများကို လမ်းညွှန်ရန်ပရောဖက်များသို့ အဆက်မပြတ်ပေးသောဗျာဒိတ်တော်နှင့် ကိုယ်ပိုင်ဗျာဒိတ်တော်တို့၏ကောင်းချီးမင်္ဂလာများ
ဧပြီ ၂၀၂၀ အထွေထွေညီလာခံ


ကျွန်တော်တို့ဘဝများကို လမ်းညွှန်ရန်ပရောဖက်များသို့ အဆက်မပြတ်ပေးသောဗျာဒိတ်တော်နှင့် ကိုယ်ပိုင်ဗျာဒိတ်တော်တို့၏ကောင်းချီးမင်္ဂလာများ

အဆက်မပြတ်ဗျာဒိတ်တော်ကို ရရှိခဲ့ကြောင်းနဲ့ ကိုယ်တော်ရှင်တည်ဆောက်ခဲ့တဲ့ လမ်းကြောင်းများမှတစ်ဆင့် ရရှိနေဆဲလည်းဖြစ်ကြောင်း ကျွန်တော်အလေးအနက် ကြေညာပါတယ်။

ဒီနေ့မှာ ကျွန်တော်တို့ဘဝတွေကို လမ်းညွှန်ဖို့ပရောဖက်များသို့ အဆက်မပြတ်ပေးသော ဗျာဒိတ်တော်နဲ့ ကိုယ်ပိုင်ဗျာဒိတ်တော်တို့၏ ကောင်းချီးမင်္ဂလာများအကြောင်းကို ကျွန်တော်ပြောပါမယ်။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့အကြံအစည်တွေကို မသိတဲ့အချိန်မှာတောင်မှ ဗျာဒိတ်တော်ကို ရရှိကြပါတယ်။ အသင်းလူကြီးဂျက်ဖရီအာရ်ဟော်လန် ၁၉၉၄ ခုနှစ်၊ ဇွန်လမှာ တမန်တော်တစ်ပါးအဖြစ် ခေါ်သွင်းမခံရခင်လေးမှာ၊ သူခေါ်သွင်းခံရမယ်ဆိုတဲ့အကြောင်း ကျွန်တော့မှာ အလွန်ကောင်းတဲ့ ဗျာဒိတ်တော်ဆိုင်ရာ အတွေ့အကြုံတစ်ခုကို ရရှိခဲ့ပါတယ်။ ကျွန်တော်က ဒေသကိုယ်စားလှယ်တစ်ဦးဖြစ်လို့၊ အဲဒီအသိဉာဏ်ကို အပေးခံရမယ်ဆိုတဲ့အကြောင်းကို မမြင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်ကျွန်တော်တို့ဟာ ၁၉၆၀ခုနှစ် အစောပိုင်းတုန်းက အင်္ဂလန်မှာ လူငယ်သာသနာပြုများ အဖြစ် အဖော်တွေဖြစ်ပါတယ်၊ ကျွန်တော့မှာ သူ့အတွက် ကြီးစွာသော ချစ်ခြင်း ရှိခဲ့ပါတယ်။ အဲဒီအတွေ့အကြုံကို ကျွန်တော့အဖို့ နူးညံ့သော ကရုဏာတစ်ခုအဖြစ် ကျွန်တော်စဉ်းစားခဲ့ပါတယ်။ မကြာသေးခင်နှစ်တွေတုန်းက၊ ကိုယ်တော်ရှင်က ကျွန်တော့တို့ လူငယ်သာသနာပြုများ ဖြစ်စဉ်တုန်းက ကျွန်တော့ရဲ့ အငယ်တန်းအဖော်ဖြစ်ခဲ့တဲ့ အင်မတန်ကောင်းတဲ့ သာသနာပြုတစ်ယောက်အဖို့ တစ်ဆယ်နှစ်ပါးမှာ ကျွန်တော့ကို အငယ်တန်း တစ်ယောက်ဖြစ်စေဖို့ ပြင်ဆင်တော်မူနေခဲ့လေသလားလို့ ကျွန်တော်တွေးမိပါတယ်။ လူငယ်သာသနာပြုတွေကို သူတို့ရဲ့အငယ်တန်းအဖော်တွေအပေါ်ကြင်ကြင်နာနာရှိဖို့ ကျွန်တော်မကြာခဏသတိပေးပါတယ်၊ ဘာဖြစ်လို့လဲဆိုလျှင်၊ ဘယ်အချိန်မှာ သူတို့ရဲ့ အကြီးတန်းအဖော် ဖြစ်နိုင်တယ်ဆိုတာ သူတို့မသိရလို့ပဲဖြစ်ပါတယ်။

ဒီပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ကို ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ယေရှုခရစ်တော်ဦးဆောင်တယ်ဆိုတဲ့အကြောင်း ကျွန်တော့မှာ ခိုင်မာတဲ့သက်သေခံချက်ရှိပါတယ်။ သူ၏တမန်တော်များအဖြစ် ဘယ်သူတွေကိုခေါ်သွင်းရမယ်၊ ဘယ်လိုပုံစံမျိုးနဲ့ခေါ်သွင်းရမယ်ဆိုတာ သူသိပါတယ်။ သူ၏တမန်တော်များအဖြစ် ဘယ်သူတွေကိုခေါ်သွင်းရမယ်၊ ဘယ်လိုပုံစံမျိုးနဲ့ခေါ်သွင်းရမယ်ဆိုတာ သူသိပါတယ်။

ဒီနေ့မနက်မှာ ကျွန်တော်တို့ရဲ့ချစ်သောပရောဖက်၊ ဥက္ကဌရပ်ဆဲလ်အမ်၊ နယ်လဆင်၊ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်အပြည့်အစုံ၏ ပြန်လည်ဆောင်ယူခြင်းနဲ့ပတ်သက်လို့ အလွန်လေးနက်သော နှစ်နှစ်ရာမြောက်နှစ်ပတ်လည်ကြေညာချက် ထုတ်ပြန်ခဲ့တာကို ကျွန်တော်တို့ ကြားရတဲ့ကောင်းချီးကို ကျွန်တော်တို့ခံစားခဲ့ကြရပါတယ်။ ဥက္ကဌနယ်လ်ဆင်ရဲ့ ဒီဩဇာညောင်းတဲ့ကြေညာချက်က ယေရှုခရစ်တော်၏အသင်းတော်ဟာ မိမိမူလ၊ ဖြစ်တည်မှု၊ ပြီးတော့ အဆက်မပြတ် ဗျာဒိတ်တော်အခြခံသဘောတရား၏ အနာဂတ် အတွက် လမ်းညွှန်ချက်တို့ရှိတဲ့အကြောင်းကို ရှင်းလင်းစေခဲ့ပါပြီ။ ဒီကြေညာချက်အသစ်က ချစ်သောအဘရဲ့ သူ့သားသမီးများသို့ ဆက်သွယ်ခြင်းကို ကိုယ်စားပြုပါတယ်။

အစောပိုင်းကာလတုန်းက၊ ဥက္ကဌစပင်ဆာဒဗလျူကင်းဘောလ်က ဒီနေ့ကျွန်တော့မှာရှိတဲ့ ခံစားချက်တွေကို ဖော်ပြခဲ့ပါတယ်။ “အားလုံးထဲမှာ… ကျွန်တော်တို့ကျေးဇူးတင်[စရာ]အကောင်းဆုံးကတော့ ကောင်းကင်တွေအမှန်ပွင့်လို့၊ ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ကို ဗျာဒိတ်တော်ကျောက်အပေါ်မှာ တည်ဆောက်ထားတဲ့ အကြောင်းဖြစ်ပါတယ် လို့ သူဖော်ပြခဲ့ပါတယ်။ အဆက်မပြတ်ဗျာဒိတ်တော်ဟာ အကယ်စင်စစ်၊ အသက်ရှင်တဲ့ကိုယ်တော်ရှင်၊ ကယ်တင်ရှင်၊ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ရဲ့ အသက်သွေးကြောအမှန်ဖြစ်ပါတယ်။”

ပရောဖက်ဧနောက်က ကျွန်တော်တို့နေတဲ့ခေတ်ကို ကြိုမြင်ခဲ့ပါတယ်။ ကိုယ်တော်ရှင်က ဧနောက်အား ပျံ့နှံ့မယ့် ကြီးစွာသောဆိုးညစ်ခြင်းကို အသိပေးခဲ့ပြီး၊ ဖြစ်လာမယ့် “ကြီးစွာသော အတိဒုက္ခတွေ” အကြောင်းကို ပရောဖက်ပြုဟောခဲ့ပါတယ်။ “သို့သော်လည်း၊ ကိုယ်တော်ရှင်က ငါ၏လူမျိုးတို့ကို ငါကာကွယ်စောင့်မတော်မူမည်” လို့ကတိထားခဲ့ပါတယ်။ “ဖြောင့်မတ်ခြင်းကို ငါသည် ကောင်းကင်ဘုံမှနေ၍ ချတော်မူမည်။ သမ္မာတရားကိုလည်း ငါ၏ တစ်ပါးတည်းသော သားတော်အကြောင်း၊ သေခြင်းမှနေ၍ သူ၏ ရှင်ပြန် ထမြောက်ခြင်း အကြောင်းတို့ကို သက်သေခံစေရန် မြေကြီးထဲမှ စေလွှတ်တော်မူမည်။”

ဥက္ကဌဧဇရာတပ်ဘင်ဆင်က မော်မုန်ကျမ်း၊ ကျွန်တော်တို့ဘာသာတရားရဲ့အထိန်းကျောက်ဟာ ဧနောက်သို့ ကိုယ်တော်ရှင်ရဲ့ကြေညာချက်ကို ပြီးပြည့်စုံစေဖို့ မြေကြီးထဲက ထွက်လာခဲ့တဲ့အကြောင်း အားကြီးစွာသွန်သင်ခဲ့ပါတယ်။ ပရောဖက် ဂျိုးဇက်စမစ်ဆီကို ပေါ်လာခဲ့တဲ့ ခမည်းတော်၊ သားတော်နဲ့ ကောင်းကင်တမန်များဟာ “နိုင်ငံတော်အတွက် လိုအပ်တဲ့ တန်ခိုးတွေကို ပြန်လည်ဆောင်ယူဖို့ ကောင်းကင်က လမ်းညွှန်တာကို ခံခဲ့ရကြပါတယ်။””

ပရောဖက် ဂျိုးဇက်စမစ်က ဗျာဒိတ်တော်ကို တစ်ခုပြီးတစ်ခု ရရှိခဲ့ပါတယ်။ တစ်ချို့ကို ဒီညီလာခံအတွင်းမှာ ပြောပြခဲ့ပြီးပါပြီ။ ပရောဖက်ဂျိုးဇက်စမစ်ရရှိခဲ့တဲ့ ဗျာဒိတ်တော်များစွာကို ဩဝါဒနှင့် ပဋိညာဉ်များကျမ်းထဲမှာ ကျွန်တော်တို့အတွက် ထိန်းသိမ်းထားပါတယ်။ အသင်းတော်ရဲ့ စံချိန်မီ အမှုအားလုံး၌ ဒီနောက်ဆုံးသာသနာမှာ ကျွန်တော်တို့အတွက် ကိုယ်တော်ရှင်ရဲ့စိတ်နဲ့ အလိုတော်ပါဝင်ပါတယ်။

ဒီကြီးစွာသော အခြခံကျမ်းစာများသို့ ထပ်လောင်းခြင်းအနေနဲ့၊ အသက်ရှင်တဲ့ ပရောဖက်များသို့ အဆက်မပြတ်ဗျာဒိတ်တော်နဲ့ ကျွန်တော်တို့ကောင်းချီးခံစားရကြပါတယ်။ ပရောဖက်တွေဟာ “ကိုယ်တော်ရှင်ကိုယ်စား ဟောပြောဖို့ အခွင့်အာဏာပေးခံထားရတဲ့၊ သူ့ရဲ့တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်။”

အချို့ဗျာဒိတ်တော်တွေဟာ မော်ကွန်းတင်လောက်အောင်အရေးကြီးပါတယ်၊ အခြားဗျာဒိတ်တော်တွေက မရှိမဖြစ် လိုအပ်တဲ့ မြင့်မြတ်သော အမှန်တရား အကြောင်း ကျွန်တော်တို့ရဲ့ နားလည်ခြင်းကို တိုးမြှင့်ပေးပြီး၊ ကျွန်တော်တို့ခေတ် အတွက် လမ်းညွှန်မှုကို ပံ့ပိုးပေးပါတယ်။

၁၉၇၈ ခုနှစ်၊ ဇွန်လ မှာ အသင်းတော်ရဲ့ ထိုက်တန်သော အမျိုးသားအသင်းသား အားလုံးအတွက် ယဇ်ပုရောဟိတ်အခွင့်နဲ့ ဗိမာန်တော်ကောင်းချီးမင်္ဂလာများကို တိုးချဲ့ခြင်းအတွက် ဥက္ကဌစပင်ဇာဒဗလျူကင်းဘောလ်ကို ပေးခဲ့တဲ့ဗျာဒိတ်တော်အတွက် ကျွန်တော်တို့ အင်မတန်ကျေးဇူးတင်ရှိပါတယ်။၁၀

ကျွန်တော်လည်း တက်ရောက်သူ တစ်ဆယ်နှစ်ပါးထဲမှ များစွာတို့နဲ့အတူ အမှုတော်ဆောင်ခဲ့ပြီး၊ အဖိုးတန်ဗျာဒိတ်တော်ကို ရရှိချိန်မှာ ပါဝင်ခဲ့ပါတယ်။ သူတို့ အယောက်တိုင်းက၊ ကိုယ်တွေ့စကားပြောရာမှာ၊ ဥက္ကဌကင်းဘောနဲ့ သူတို့ တွေ့ကြုံခဲ့ရတဲ့ အားကောင်းပြီး စည်းလုံးတဲ့ ဝိညာဉ်ပကတိလမ်းညွှန်မှုကို အတည်ပြုခဲ့ကြပါတယ်။ များစွာတို့က အဲဒါဟာ အဲဒီအချိန်မတိုင်မီ သို့မဟုတ် အဲဒီအချိန်ပြီးတဲ့နောက်မှာ သူတို့ရရှိခဲ့တဲ့ အားအကောင်းဆုံးဗျာဒိတ်တော်ဖြစ်တယ်လို့ ပြောကြပါတယ်။၁၁

တမန်တော်တစ်ဆယ်နှစ်ပါးအဖွဲ့မှာ လောလောဆယ်အမှုတော်ဆောင်နေကြတဲ့ ကျွန်တော်တို့ထဲက သူများဟာ မကြာသေးမီက ပရောဖက်များအားဖြင့် ရောက်လာတဲ့၊ ကျွန်တော်တို့ခေတ်မှာ အရေးပါတဲ့ဗျာဒိတ်တော်များဖြင့် ကောင်းချီးခံစားရကြပါတယ်။၁၂ ဥက္ကဌရပ်ဆဲလ်အမ်နယ်လဆင်ဟာ အထူးသဖြင့် မိသားစုများမိမိတို့အိမ်မှာ ယုံကြည်ခြင်းဖြင့် ဝတ်ပြုရာနေရာများ တည်ဆောက်ရန်၊ ကွဲပြားပြန့်ကျဲသော ဣသရေလအမျိုးသားတို့ကို ကန့်လန့်ကာ နှစ်ဖက်စလုံးမှာ စုဝေးရန်၊ ပြီးတော့ သန့်ရှင်းမွန်မြတ်သော ဗိမာန်တော် ဘိသိက်မင်္ဂလာ ကိစ္စများ၌ ဝိညာဉ်ပကတိအပ်နှင်းပြီးသောအသင်းသားများကို ကောင်းချီးပေးရန် ကူညီဖို့ ဗျာဒိတ်တော်များနဲ့စပ်လျဉ်းပြီး၊ ကိုယ်တော်ရှင်ရဲ့ အခွင့်အရာပေးထားတဲ့ ကိုယ်စားလှယ် တစ်ဦးဖြစ်ပါတယ်။

ကျွန်တော်တို့အိမ်တွေကို ကောင်းချီးပေးဖို့ အရေးကြီးသောပြောင်းလဲမှုတွေကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ အထွေထွေညီလာခံမှာ ကြေညာတုန်းက၊ “ဗိမာန်တော်၌ ပထမဥက္ကဌ အတိုင်ပင်ခံ အဖွဲ့နဲ့ တမန်တော်တစ်ဆယ်နှစ်ပါးအဖွဲ့တို့ရဲ့ ဆင်ခြင်သုံးသပ်ခြင်းမှာ၊…ကျွန်တော်တို့ရဲ့ ချစ်သောပရောဖက်က ကိုယ်တော်ရှင်ထံမှ ဗျာဒိတ်တော်ကို အသနားခံပြီးတဲ့နောက်…၊ အားကောင်းသော အတည်ပြုခြင်းကို အားလုံးရရှိခဲ့ကြတဲ့အကြောင်း ကျွန်တော် သက်သေခံပါတယ်။”၁၃

အဲဒီအချိန်တုန်းက၊ သန့်ရှင်းမွန်မြတ်သောဗိမာန်တော်ဘိသိက်မင်္ဂလာတွေနဲ့ဆက်စပ်တဲ့ အခြားဗျာဒိတ်တော်တွေကို ရရှိခဲ့ကြသော်လည်း မကြေညာခဲ့၊ အကောင်အထည် မဖော်ခဲ့ပါဘူး။၁၄ ဒီလမ်းညွှန်မှုဟာ ဥက္ကဌနယ်လဆင်သို့ ပရောဖက်ဆိုင်ရာသီးခြားဗျာဒိတ်တော်နှင့် ဖြစ်စဉ်ထဲမှာပါဝင်တဲ့ သူများသို့ နူးညံ့ပြီး အားကောင်းတဲ့ အတည်ပြုခြင်းတို့ဖြင့် စတင်ခဲ့ပါတယ်။ ဥက္ကဌနယ်လ်ဆင်က အထူးသဖြင့် လူမှုသက်သာရေးအဖွဲ့ကို ဦးစီးသော ညီအစ်မများဖြစ်တဲ့ လူငယ်အမျိုးသမီး၊ ပြီးတော့ မူလတန်းအဖွဲ့အစည်းတို့ကို ထည့်သွင်းခဲ့ပါတယ်။ ဗိမာန်တော်ထဲမှာ၊ ပထမဥက္ကဌအဖွဲ့နဲ့ တမန်တော်တစ်ဆယ်နှစ်ပါး အဖွဲ့သို့ နောက်ဆုံးလမ်းညွှန်ချက်ကတော့ လေးလေးနက်နက် ဝိညာဉ်ပကတိနဲ့ အားကောင်းလှပါတယ်။ ကျွန်တော်တို့အယောက်တိုင်း ကိုယ်တော်ရှင်ရဲ့စိတ်၊ အလိုတော်နဲ့ အသံကို ကြားခဲ့ရကြောင်း သိခဲ့ကြပါတယ်။၁၅

အဆက်မပြတ်ဗျာဒိတ်တော်ကို ရရှိခဲ့ကြောင်းနဲ့ ကိုယ်တော်ရှင်တည်ဆောက်ခဲ့တဲ့ လိုင်းများမှတစ်ဆင့် ရရှိနေဆဲလည်းဖြစ်ကြောင်း ကျွန်တော်အလေးအနက် ကြေညာပါတယ်။ ဒီမနက်မှာ ဥက္ကဌနယ်လဆင်ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အသစ်ဟာ လူအားလုံးကို ကောင်းချီးပေးဖို့ ဗျာဒိတ်တော်ဖြစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။

ကိုယ်တော်ရှင်ရဲ့စားပွဲမှာ ပွဲခံပျော်မွေ့ကြဖို့ အားလုံးကို ကျွန်တော်တို့ဖိတ်ခေါ်မှုတစ်ခုကမ်းလှမ်းပါတယ်။

ကိုယ့်သက်သေခံချက်အတွက် ခက်ခဲနေသော၊ တက်ကြွမှုနည်းနေသော၊ သို့မဟုတ် အသင်းတော်မှတ်တမ်းမှ မိမိတို့အမည်များ ပယ်ဖျက်ခံထားရသော သူများနဲ့ စည်းလုံးကြစေဖို့ ကျွန်တော်တို့ရဲ့ နှလုံးသားမှဆန္ဒကိုလည်း ကျွန်တော်တို့ကြေညာပါတယ်။ ကျွန်တော်တို့ဟာ လုပ်သင့်တာတွေကို သင်ယူဖို့၊ ကိုယ်တော်ရှင်ရဲ့စားပွဲမှာ၊ “ခရစ်တော်ရဲ့ နှုတ်ကပတ်တော်များကို” သင်တို့နဲ့အတူ ပွဲခံပျော်မွေ့ဖို့ အလိုရှိကြပါတယ်။၁၆ ကျွန်တော်တို့က သင်တို့ကို လိုအပ်ပါတယ်။ အသင်းတော်က သင်တို့ကို လိုအပ်ပါတယ်။ ကိုယ်တော်ရှင်က သင်တို့ကို လိုအပ်ပါတယ်။ သင်တို့ဟာ ကျွန်တော်တို့နဲ့အတူ လောကရဲ့ကယ်တင်ရှင်ကို ကိုးကွယ်ရာမှာ ပူးပေါင်းကြမယ်ဆိုတာ ကျွန်တော်တို့နှလုံးသားမှ ဆုတောင်းခြင်းဖြစ်ပါတယ်။ သင်တို့အထဲမှ အချို့ဟာ စော်ကားမှု၊ မကြင်နာမှု၊ သို့မဟုတ် ခရစ်တော်လိုမျိုးမဟုတ်တဲ့ အခြားဆက်ဆံမှုကို ခံရကောင်းခံရနိုင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အချို့ဟာ သူတို့ရဲ့ ယုံကြည်မှုနဲ့ ပတ်သက်လို့ ကောင်းကောင်းတန်ဖိုးထားမခံရ၊ နားလည်မှုမခံရ၊ သို့မဟုတ် ဖြေရှင်းမရနိုင်တဲ့ စိန်ခေါ်မှုတွေရှိခဲ့ကြတယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်။

ကျွန်တော်တို့ရဲ့ အားအထားရဆုံးနဲ့ သစ္စာအရှိဆုံး အသင်းသားတွေထဲက အချို့ဟာ သူတို့ရဲ့ ယုံကြည်မှုနဲ့ပတ်သက်လို့ စိန်ခေါ်မှုကို ကာလအတန်အရာ ခံစားခဲ့ကြရပါတယ်။ အသင်းတော်ကို စွန့်ပစ်ပြီး၊ မစ်ဆိုရီတရားရုံးမှာ ဂျိုးဇက်စမစ်ကို ဆန့်ကျင်ပြီးသက်သေခံခဲ့တဲ့ ဒဗလျူဒဗလျူဖဲ့လ်စ်ရဲ့ မှတ်တမ်းအမှန်ကို ကျွန်တော်ကြိုက်ပါတယ်။ နောင်တရပြီးတဲ့နောက်မှာ သူက ဂျိုးဇက်စမစ်ဆီကို စာရေးခဲ့ပါတယ်၊ “ကျွန်တော့အခြေအနေကို ကျွန်တော်သိပါသည်၊ သင်လည်းအဲဒါကို သိပါသည်၊ ဘုရားသခင်လည်း အဲဒါကို သိပါသည်၊ ကျွန်တော့မိတ်ဆွေတွေကျွန်တော့ကို ကူညီမည်ဆိုလျှင်၊ ကျွန်တော် ကယ်တင်ခြင်းသို့ ရောက်လိုပါသည်။”၁၇ ဂျိုးဇက်က သူ့ကို ခွင့်လွှတ်ခဲ့ပါတယ်၊ အလုပ်မှာ ပြန်သွင်းခဲ့ပါတယ်၊ ပြီးတော့ ချစ်ခင်စွာ စာရေးခဲ့ပါတယ်၊ “ကနဦးမှာ မိတ်ဆွေဖြစ်သူတွေဟာ နောက်ဆုံးမှာ မိတ်ဆွေတွေဖြစ်ကြပါတယ်။”၁၈

ညီအစ်ကိုမောင်နှမမျာခင်ဗျာ၊ သင်တို့ရဲ့အခြေအနေဘာပဲဖြစ်နေပါစေ၊ အသင်းတော်နဲ့ အသင်းသားတွေက သင်တို့ကို ပြန်လာဖို့ ကြိုဆိုမယ်ဆိုတာ ကျေးဇူးပြု၍ သိကြပါ။

ကျွန်တော်တို့ဘဝတွေကို လမ်းညွှန်ဖို့ ကိုယ်ပိုင်ဗျာဒိတ်တော်

ကိုယ်တော်ရှင်ထံမှ လမ်းညွှန်မှုကို နှိမ့်ချစွာရှာကြတဲ့သူအားလုံးအတွက် ကိုယ်ပိုင်ဗျာဒိတ်တော်ကို ရရှိနိုင်ပါတယ်။ အဲဒါက ပရောဖက်ဆိုင်ရာဗျာဒိတ်တော်လိုပဲ အရေးကြီးပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ကိုယ်ပိုင်နဲ့၊ ဝိညာဉ်ပကတိဗျာဒိတ်တော်ဟာ သန်းပေါင်းများစွာသောသူတို့၌ ဗတ္တိဇံခံဖို့နဲ့ ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်ရဲ့ အသင်းသားများအဖြစ် အတည်ပြုခံရဖို့ လိုအပ်တဲ့ သက်သေခံချက်ရရှိခြင်းကို ဖြစ်စေပါတယ်။

ကိုယ်ပိုင်ဗျာဒိတ်တော်ဆိုတာ ကျွန်တော်တို့ ဗတ္တိဇံခံပြီးနောက် “သန့်ရှင်းသော ဝိညာဉ်တော်ကို လက်ခံရရှိခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်စေတဲ့အခါမှာ ရရှိတဲ့ လေးနက်တဲ့ ကောင်းချီးမင်္ဂလာ ဖြစ်ပါတယ်။”၁၉ ကျွန်တော် ၁၅ နှစ်သားတုန်းက အထူးဝိညာဉ်ပကိဗျာဒိတ်တော်တစ်ခုကို မှတ်မိပါတယ်။ ကျွန်တော့အဖိုးတန် ညီက သူ့ကို သာသနာပြုတာဝန် မထမ်းဆောင်စေလိုတဲ့ ကျွန်တော်တို့အဖေကို ဘယ်လိုပြန်ပြောရမယ်ဆို ကိုယ်တော်ရှင်ဆီကနေ လမ်းညွှန်မှုကို ရှာနေခဲ့ပါတယ်။ ကျွန်တော်လည်း ရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ ဆုတောင်းခဲ့လို့ ဧဝံဂေလိတရားတော်မှန်ကန်ကြောင်း ကိုယ်ပိုင်ဗျာဒိတ်တော်ကို ရရှိခဲ့ပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်၏အခန်းကဏ္ဍ

ကိုယ်ပိုင်ဗျာဒိတ်တော်ဟာ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ရရှိတဲ့ ဝိညာဉ်ပကတိအမှန်တရားတွေအပေါ်မှာ အခြေခံပါတယ်။၂၀ သန့်ရှင်းသောဝိညာဉ်တော်ဟာ အမှန်တရားအားလုံးအကြောင်း၊ အထူးသဖြင့် ကယ်တင်ရှင်အကြောင်း ဖော်ပြသူနဲ့ သက်သေခံသူဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်မရှိဘဲနဲ့၊ ကျွန်တော်တို့ဟာ ယေရှုကို ခရစ်တော်ဖြစ်တဲ့အကြောင်း အမှန်တကယ် မသိနိုင်ကြပါဘူး။ သူ့ရဲ့ ဩဇာညောင်းတဲ့ အခန်းကဏ္ဍက ခမည်းတော်နှင့် သားတော်၊ သူတို့ရဲ့ နာမများနဲ့ သူတို့ရဲ့ ဘုန်းတော်အကြောင်း သက်သေခံဖို့ဖြစ်ပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်က လူတိုင်းကို အားကောင်းသောနည်းနဲ့ လွှမ်းမိုးနိုင်ပါတယ်။၂၁ တစ်ယောက်သောသူဟာ ဗတ္တိဇံမခံ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဆုကျေးဇူးကို မရရှိလျှင် ဤလွှမ်းမိုးမှုဟာ ပုံမှန် မဖြစ်နိုင်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ဟာ နောင်တရခြင်းနဲ့ ခွင့်လွှတ်ခြင်းဖြစ်စဉ်မှာ သန့်စင်စေခြင်း အကူအညီတစ်ခုအဖြစ်လည်း ထမ်းဆောင်ပါတယ်။

ဝိညာဉ်တော်က အံ့ဩဖွယ်နည်းလမ်းများနဲ့ ဆက်သွယ်ပါတယ်။ ကိုယ်တော်ရှင်က ဒီလှပတဲ့ ဖော်ပြချက်ကို သုံးခဲ့ပါတယ်။

“သင့်ထံလာ၍၊ သင့်စိတ်နှလုံးထဲ၌ နေထိုင်မည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါသည် သင့်အား၊ သင်၏စိတ်၌ ၊ သင်၏စိတ်နှလုံး၌ ပြောပြပါမည်။

“ယခုတွင် ၊ ရှုလော့၊ ဒါက ဗျာဒိတ်တော်ဝိညာဉ်ဖြစ်ပါတယ်။”၂၂

အဲဒါရဲ့သက်ရောက် မှုက အလွန်အင်မတန် အားကောင်းပေမယ့်လည်း၊ အများအားဖြင့် ဖြည်းညင်းသောအသံနဲ့ တိတ်ဆိတ်စွာလာပါတယ်။ ၂၃ ဝိညာဉ်တော်က ကျွန်တော်တို့စိတ်တွေကို ဘယ်လိုလွှမ်းမိုးတယ်ဆိုတဲ့အကြောင်း ပုံသက်သေများစွာနဲ့ ကျမ်းစာတွေမှာ ပါဝင်ပါတယ်၊ ကျွန်တော်တို့စိတ်တွေကို ငြိမ်းချမ်းခြင်းကို ဟောပြောခြင်းကို အခွင့်ပေးလျက်၊၂၄ ကျွန်တော်တို့စိတ်တွေကို ပြည့်စေလျက်၊၂၅ ကျွန်တော်တို့စိတ်တွေကို အလင်းသို့ရောက်စေလျက်၊၂၆ ပြီးတော့ ကျွန်တော်တို့စိတ်တွေအတွက် အသံတစ်ခုအဖြစ်ပင် ရှိပါတယ်။၂၇

ကျွန်တော်တို့ဗျာဒိတ်တော်ကို ရရှိဖို့ပြင်ဆင်ရာမှာ ပါဝင်တဲ့ ကျင့်ဝတ်စည်းကမ်း အချို့ကတော့၊

  • ဝိညာဉ်ပကတိလမ်းညွှန်မှုအတွက် ဆုတောင်းခြင်း။ ရိုသေစွာနဲ့ နှိမ့်ချစွာ ကျွန်နော်တို့ရှာဖို့ တောင်းဖို့ ၂၈နဲ့ သည်းခံပြီး ကျိုးနွံရမှာဖြစ်ပါတယ်။၂၉

  • လမ်းပြလှုံ့ဆော်မှုအတွက်ပြင်ဆင်ခြင်း။ ဒီဟာက၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့ သွန်သင်မှုတွေနဲ့ သဟံဇာတဖြစ်ကြဖို့နဲ့ သူ့ပညတ်တော်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

  • ပွဲတော်ကို ထိုက်တန်စွာ သုံးဆောင်ခြင်း။ ကျွန်တော်တို့ဟာ ဒါကို လုပ်ဆောင်တဲ့အခါ၊ သူ့ရဲ့ သန့်ရှင်းတဲ့ သားတော်ရဲ့ နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူကြောင်းနဲ့ ၊ ပြီးတော့ သူ့ကို သတိရကြောင်းနဲ့ သူ၏ပညတ်တော်တွေကို စောင့်ထိန်းတဲ့အကြောင်း သက်သေခံကြ၊ ဘုရားသခင်နဲ့ ပဋိညာဉ်ပြုကြပါတယ်။

ဒီကျင့်ဝတ်စည်းကမ်းတွေက ကျွန်တော်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိဖို့၊ အသိအမှတ်ပြုဖို့၊ ပြီးတော့ အဲဒီဝိညာဉ်တော်ရဲ့ တိုက်တွန်းမှုနဲ့ လမ်းညွှန်မှုကို လိုက်လျှောက်ဖို့ ပြင်ဆင်ပါတယ်။ ဒီအရာမှာ “ဝမ်းမြောက်မှု နဲ့…အသက်ထာဝရရှင်ရာကို ယူဆောင်လာတဲ့… ငြိမ်းချမ်းသောအရာများ ပါဝင်ပါတယ်။”၃၀

ကျွန်တော်တို့တတွေ ကျမ်းစာများနဲ့ ဧဝံဂေလိတရားတော်အမှန်တရားများကို ပုံမှန်လေ့လာကြ၊ ကျွန်တော်တို့ရှာတဲ့ လမ်းညွှန်မှုကို ကျွန်တော်တို့စိတ်ထဲမှာ နှလုံးသွင်းဆင်ခြင်ကြတဲ့အခါ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိပြင်ဆင်ခြင်းဟာ ကြီးစွာ တိုးတက်ပါတယ်။ ဒါပေမယ့် သည်းခံဖို့နဲ့ ကိုယ်တော်ရှင်ရဲ့အချိန်ကို ယုံကြည်စိတ်ချဖို့ကိုတော့ သတိရပါ။ အရာရာကိုသိတဲ့ ကိုယ်တော်ရှင်က “ကျွန်တော်တို့ကို သွန်သင်ပေးဖို့ တမင်သက်သက် ရွေးချယ်တဲ့အခါ”၃၁ လမ်းညွှန်မှုကို ပေးပါတယ်။

ကျွန်တော်တို့ရဲ့ အမှုတော်ဆောင်တာဝန်များနဲ့ ခန့်အပ်ခြင်းများ၌ ဗျာဒိတ်တော်

သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ရဲ့ အမှုတော်ဆောင်တာဝန်တွေနဲ့ ခန့်အပ်ခြင်းတွေမှာလည်း ဗျာဒိတ်တော်ကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ကျွန်တော့ အတွေ့အကြုံ အရကတော့၊ ကျွန်တော်တို့ရဲ့ တာဝန်တွေကို ပြီးပြည့်စုံစေရာမှာ အခြားသူတွေကို ကောင်းချီးပေးဖို့ ကျွန်တော်တို့ ကြိုးစားတဲ့အခါ၊ အများအားဖြင့် ထူးခြားတဲ့ဝိညာဉ်ပကတိလမ်းညွှန်မှု ရောက်လာပါတယ်။

ကျွန်တော် သင်းအုပ်လူငယ် တစ်ဦးအဖြစ်နဲ့၊ လုပ်ငန်းချိန်းဆိုမှုတစ်ခုအတွက် လေယာဉ်အမီသွားဖို့ မတိုင်ခင်အချိန်လေးမှာ ဇနီးမောင်နှံတစ်တွဲဆီက အသည်းအသန်အကူအညီတောင်းတဲ့ ဖုန်းခေါ်သံ လက်ခံခဲ့တာကို ကျွန်တော်မှတ်မိပါတယ်။ သူတို့ကို ကျွန်တော်ဘယ်လိုကောင်းချီးပေးရမလဲဆိုတာကို သိရဖို့ သူတို့မရောက်မီမှာ ကိုယ်တော်ရှင်ကို ကျွန်တော် တောင်းလျှောက်ခဲ့ပါတယ်။ ပြဿနာရဲ့ သဘောတရားနဲ့ ကျွန်တော်ပေးရမယ့်အဖြေကို ကျွန်တော့ကို ဖော်ပြခဲ့ပါတယ်။ အဲဒီဗျာဒိတ်တော်ဆိုင်ရာ လမ်းညွှန်မှုက သင်းအုပ်အဖြစ် ကျွန်တော့ အမှုတော်ဆောင်တာဝန်ရဲ့ သန့်ရှင်းမွန်မြတ်သောတာဝန်များကို အချိန်အနည်းငယ်သာ ရှိသော်ငြားလည်း ပြီးပြည့်စုံစေဖို့ ကျွန်တော့ကို အခွင့်ပေးခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ သင်းအုပ်တွေကလည်း ဒီလိုအလားတူအတွေ့အကြုံတွေကို ကျွန်တော်နဲ့ ဝေငှခဲ့ကြပါတယ်။ ပန္နက်ဥက္ကဌတစ်ဦးအနေနဲ့၊ အရေးကြီးတဲ့ ဗျာဒိတ်တော်ကို ရရှိခဲ့ရုံမျှမက ကိုယ်တော်ရှင်ရဲ့ ရည်ရွယ်ချက်တွေကို ပြီးမြောက်စေဖို့ လိုအပ်တဲ့ ကိုယ်ပိုင် ပြင်ဆင်ချက် ကိုလည်း ရရှိခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့ စပျစ်ဥယျာဉ်မှာ နှိမ့်ချစွာ အလုပ်လုပ်ကြတာနဲ့အမျှ၊ ဗျာဒိတ်တော်ဆိုင်ရာလမ်းညွှန်မှုကို ကျွန်တော်တို့အယောက်တိုင်း ရရှိနိုင်တယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ ကျွန်တော်တို့ရဲ့ လမ်းညွှန်မှုအများစုဟာ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ရောက်လာပါတယ်။ တစ်ခါတစ်ရံမှာ အချို့ရည်ရွယ်ချက်များအတွက်၊ ကိုယ်တော်ရှင်ထံမှ တိုက်ရိုက်ရောက်လာပါတယ်။ ဒီဟာ မှန်ကန်တဲ့အကြောင်း ကျွန်တော်ကိုယ်တိုင် သက်သေခံပါတယ်။ အသင်းတော်တစ်ခုလုံးအတွက်လမ်းညွှန်မှုဟာ၊ အသင်းတော်ရဲ့ ဥက္ကဌဖြစ်တဲ့ ပရောဖက်ဆီကို ရောက်လာပါတယ်။

ကျွန်တော်တို့ဟာ ယနေ့ခေတ်တမန်တော်များအဖြစ်၊ ကျွန်တော်တို့ရဲ့ လက်ရှိပရောဖက်၊ ဥက္ကဌနယ်လဆင်နဲ့ အတူ အလုပ်လုပ်ရခြင်းနဲ့ ခရီးသွားရခြင်း အထူးအခွင့်အရေးကို ရရှိကြပါတယ်။ ပရောဖက်ဂျိုးဇက်စမစ်အကြောင်း ဝီလဖို့ဝုဒရပ်ပြောခဲ့တာကို ကျွန်တော် ပြန်လည်ဖော်ပြပါတယ်၊ အဲဒါက ဥက္ကဌနယ်လဆင်နဲ့ ထပ်တူထပ်မျှမှန်ကန်ပါတယ်။ “ဘုရားသခင်ရဲ့ဝိညာဉ်တော် သူနဲ့အတူ အလုပ်လုပ်တာကို၊ ပြီးတော့ သူ့အဖို့ ယေရှုခရစ်တော်ရဲ့ဗျာဒိတ်တော်များနဲ့ အဲဒီဗျာဒိတ်တော်တွေရဲ့ ပြီးပြည့်စုံစေခြင်းကို”၃၂ကျွန်တော်မြင်ခဲ့ရပါတယ်။

ဒီနေ့ကျွန်တော့ရဲ့ နှိမ့်ချသောတောင်းဆိုခြင်းကတော့၊ ကျွန်တော်တို့ဟာ အဘ ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၊ ယေရှုခရစ်တော်ရဲ့ နာမတော်ဖြင့် ကိုးကွယ်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ဘဝတွေကို လမ်းညွှန်ဖို့နဲ့ ဝိညာဉ်တော်ကို လိုက်လျှောက်ကြဖို့ ကျွန်တော်တို့ အယောက်တိုင်း အဆက်မပြတ်ဗျာဒိတ်တော်ကို ရှာကြမယ့်အကြောင်းပဲဖြစ်ပါတယ်၊ ကိုယ်တော် အကြောင်းကို ကျွန်တော်သက်သေခံပါတယ်၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ၁၉၆၀ ခုနှစ်တွင်၊ လူငယ်အမျိုးသားများအတွက် သာသနာပြုအမှုတော်ဆောင် အသက်ကို ၂၀ မှ ၁၉ နှစ်သို့ လျှော့ချသောအချိန်၌၊ ကျွန်တော်သည် နောက်ဆုံးအသက် ၂၀ အရွယ်များထဲမှ တစ်ဦးဖြစ်ပါသည်။ အသင်းလူကြီး ဂျက်ဖရီအာရ် ဟော်လန်မှာ ပထမဆုံး အသက် ၁၉ နှစ်အရွယ်များထဲမှ တစ်ဦးဖြစ်ပါသည်။

  2. “ယေရှုခရစ်တော်၏ ဧဝံဂေလိသတင်းစကား၏ ပြီးပြည့်စုံသော ပြန်လည်ပြင်ဆင်ခြင်း၊ ကမ္ဘာမြေသို့ နှစ်နှစ်ရာပြည့်ထုတ်ဖော်ကြေညာချက်၊” ရမ်ဆဲလ် အမ် နေဆင်။ “သူ့အားနားထောင်လော့ Liahona မေ ၂၀၂၀၊ ၉၁။ တွင်ကြည့်ပါ။ ဤကြေညာချက်သည် ဤသာသနာ၌ ပထမဥက္ကဌအဖွဲ့နှင့် တမန်တော်တစ်ဆယ်နှစ်ပါးအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အခြားကြေညာချက်ငါးခုနှင့် ပူးတွဲပါသည်။

  3. အသင်းတော်ဥက္ကဌများ၏ သွန်သင်ချက်များ၊ စပင်ဆာဒဗလျူ ကင်းဘောလ် (၂၀၀၆) ၂၄၃၊ မဿဲ ၁၆း ၁၃–၁၉ တွင်လည်းကြည့်ပါ။

  4. မောရှေ ၇း၆၁.

  5. မောရှေ ၇း၆၂. ကိုယ်တော်ရှင်ဆက်၍မိန့်တော်မူ၏၊ “ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားတို့ကိုလည်း ငါ၏ရွေးကောက် ထားသောသူများကို မြေကြီးလေးမျက်နှာမှနေ၍ ငါပြင်ဆင်မည့် နေရာ သန့်ရှင်းသောမြို့သို့ ရွေးထုတ်ရန် မြေကြီးကို ရေလွှမ်းမိုးခြင်းနှင့် ကဲ့သို့ပင် သုတ်သင် ပယ်ရှင်းစေမည်” ( မောရှေ ၇း၆၂ ဆာလံကျမ်း ၈၅း၁၁ တွင်လည်းကြည့်ပါ)။

  6. ဧဇရာတပ်ဘင်ဆင်၊ “ ခေတ်သစ်ဗျာဒိတ်တော်ဆုကျေးဇူး။Ensign နို၊ ၁၉၈၆၊ ၈၀။

  7. ဧဇရာတပ်ဘင်ဆင်၊ “ခေတ်သစ်ဗျာဒိတ်တော်ဆုကျေးဇူး။၊” ၈၀ တွင်ကြည့်ပါ။

  8. ဟပ်ဘီဘရောင်း၊ “ပရောဖက်များကြားမှ ဂျိုးဇက်စမစ်” (ခြောက်ဆယ်နှစ်မြောက် ဂျိုးဇက်စမစ်အောက်မေ့ဖွယ် ဒေသနာ၊ လိုဂန်ဘာသာရေးကျောင်း၊ ဒီ၇ ၁၉၅၈)၊ ၇။

  9. ဟပ်ဘီဘရောင်း၊ “ပရောဖက်များကြားမှ ဂျိုးဇက်စမစ်” ၇ တွင်ကြည့်ပါ။ အကြောင်းမှန်သမျှ၌၊ ဗျာဒိတ်တော်များသည် ယခင်ပရောဖက်များသို့ ပေးထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ဖြစ်ကြ၏။

  10. တရားဝင်ကြေညာချက် ၂ တွင် ကြည့်ပါ။ ၂ နီဖိုင်း ၂၆း၃၃ တွင်လည်း ကြည့်ပါ။ “မည်းသောသူနှင့် ဖြူသောသူ၊ ကျွန်နှင့်လူလွတ်၊ ယောက်ျားနှင့် မိန်းမ” အပါအဝင် “အားလုံးသည် ဘုရားသခင်အဖို့ အတူတူဖြစ်” ( ၂ နီဖိုင်း ၂၆း၃၃)ကြောင်း မော်မုန်ကျမ်း၌ ဖော်ပြထားသည့် ဩဝါဒကို ဗျာဒိတ်တော်က ဖြစ်စေခဲ့၏။ ဤမှတ်သားထိုက်သော ဗျာဒိတ်တော်ကို ဆော့လိတ်ဗိမန်တော်၏ သန့်ရှင်းမွန်မြတ်သောအထက်ခန်း၌ ပထမဥက္ကဌ အတိုင်ပင်ခံအဖွဲ့နှင့် တမန်တော်တစ်ဆယ်နှစ်ပါး အဖွဲ့က ရရှိပြီးအတည်ပြုပေးခဲ့၏။

  11. ဗျာဒိတ်တော်သည် အလွန်တန်ခိုးကြီးပြီး အလွန်သန့်ရှင်းမွန်မြတ်သဖြင့် ဖော်ပြရန် အသုံးပြုသည့်စကားမှန်သမျှသည် မလုံလောက်၊ အချို့ နည်းများ၌၊ ဗျာဒိတ်တော်၏ လေးနက်၍ တန်ခိုးကြီးသော သဘောကို ပျက်စီးစေလိမ့်မည်။

  12. မိသားစု၊ လောကသို့ ကြေညာချက်၊Liahona မေ ၂၀၁၇၊၁၄၅ တွင်ကြည့်ပါ။ ဤကြေညာချက်ကို ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ၊ ၂၃ ရက် ၌၊ ဆော့လိတ်မြို့၊ ယုတတွင် ကျင်းပသည့် လူမှုသက်သာရေးအဖွဲ့ အထွေထွေညီလာခံ၌ ဥက္ကဌဂေါ်ဒွန်ဘီဟင်ကလီက ကြေညာခဲ့ပါသည်။ သောမတ်အက်စ်မုန်ဆင်၊ “ညီလာခံမှကြိုဆိုပါ၏Liahona၊ နို၊ ၂၀၁၂၊ ၄–၅ တွင်လည်း ကြည့်ပါ။ ဥက္ကဌမုန်ဆင်က သာသနပြုအမှုတော်ဆောင်ခြင်းအတွက် အသက်လိုအပ်ချက် လျှော့ချမှုကို ကြေညာခဲ့ပါသည်။

  13. ကွန်တင် အယ်လ်၊ ခွတ်၊ “ကောင်းကင်ဘုံရှင်အဘနှင့် ကိုယ်တော်ရှင် ယေရှုခရစ်တော်သို့ လေးနက်၍ တည်မြဲသောပြောင်းလဲခြင်း၊Liahona နို၊ ၂၀၁၈၊ ၁၁။

  14. သန့်ရှင်းမွန်မြတ်သောဗိမာန်တော် ဘိသိက်မင်္ဂလာများနှင့် ဆက်စပ်သည့် ဗျာဒိတ်တော်များကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင် ဗိမန်တော်အားလုံးတို့၌ စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ဗိမာန်တော်ဘိသိက်မင်္ဂလာများအကြောင်း အချို့အသေးစိတ်အချက်များကို ဗိမာန်တော်အတွင်း၌သာ ဆွေးနွေးရမည်မှာ အရေးကြီးပါသည်။ အဘယ်သို့ပင်ဖြစ်စေ၊ ကျင့်ဝတ်စည်းကမ်းများကို သွန်သင်ခဲ့ပါသည်။ ဗိမာန်တော်၏ပဋိညာဥ်နှင့်အခွင့်အာဏာများ၏သိသာထင်ရှားသောအချက်များနှင့် ဘုရားသခင်၏တန်ခိုးစွမ်းအင်ဟာကျွန်တော်တို့၏ဘဝမှာဘယ်လိုစီးဆင်းသက်ရောက်သည်ကို အယ်ဒဒေးဗစ် အေ ဘက်တနာက လှပစွာသင်ကြားပေးခဲ့ပါတယ်။ (“အိမ်တော်ကိုငါ၏နာမတော်ဖြင့်တည်ဆောက်စေလော့၊” Liahona မေ ၂၀၂၀၊ ၈၆)

  15. ဤဖြစ်စဉ်နှင့် ကျင်းပခဲ့သောအစည်းအဝေးများမှာ ဆော့လိတ်ဗိမာန်တော်၌ ၂၀၁၈ ခုနှစ် ဇန္နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီတို့၌ ဖြစ်ပွားခဲ့ပါသည်။ ပထမဥက္ကဌအဖွဲ့နှင့် တမန်တော်တစ်ဆယ်နှစ်ပါးသို့ နောက်ဆုံးဗျာဒိတ်တော်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၂၆ရက် တွင် ရှိခဲ့ပါသည်။

  16. ၂နီဖိုင်း ၃၁း၂၀ တွင်ကြည့်ပါ ။

  17. သန့်ရှင်းသူများ၊ယေရှုခရစ်တော်၏နောက်ပိုင်းကာလအသင်းတော် ပုံပြင်အမှန်တရား၏အခြေခံစံနှုန်း၊ ၁၈၁၅ - ၁၈၄၆ (၂၀၁၈)၊ ၄၁၈။

  18. သန့်ရှင်းသူများ ၁၊၄၁၈

  19. ၂ နီဖိုင်း ၂၇း၂၀

  20. သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားဇာတိဝင်တစ်ပါးဖြစ်ပါသည် ( ရှင်ယောဟန်ဩဝါဒစာ ပထမစောင် ၅း၇ ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀း၂၈ တွင်ကြည့်ပါ)။ သူ့၌ လူသားပုံစံနှင့်တူသည့် ဝိညာဉ်ကိုယ်ခန္ဓာရှိ၏ (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃၀း၂၂ တွင်ကြည့်ပါ)။ သူ၏လွှမ်းမိုးမှုသည် နေရာတိုင်း၌ ရှိနိုင်ပါသည်။ သူသည် ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်၊ ကျွန်တော်တို့၏ကယ်တင်ရှင်နှင့် ရည်ရွယ်ချက်ချင်းတူပါသည်။

  21. ခရစ်တော်၏အလင်းတော်၏နားလည်မှုများပါဝင်သေပြီတော့ ခရစ်တော်၏အလင်းနှင့် သန့်ရှင်းသောဝိညာဥ်တော်၏ခြားနားချက်များ ၂ နီဖိုင်း ၃၂ သြဝါဒနှင့်ပဋိညာဥ်ကျမ် ၈၈း၇၊ ၁၁ -၁၃ခရစ်တော်၏အလင်း” သမ္မာကျမ်းအဓိပ္ပါယ်ဖွင့်ဆိုချက်။ ဘွိုက်ကေပက်ကာ၊ “ခရစ်တော်၏အလင်း၊” Liahona မေ ၂၀၀၅၊ ၈–၁၄ တွင်လည်းကြည့်ပါ။

  22. သြ၀ါဒနှင့်ပဋိညာဥ်များ ၈း၂-၃

  23. ဟေလမန် ၅း၃၀ ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၅း၆ တွင်ကြည့်ပါ။

  24. သြဝါဒနှင့် ပဋိညာဥ် ၆: ၂၃ တွင်ကြည့်ပါ။

  25. သြဝါဒနှင့် ပဋိညာဥ်ကျမ်း ၁၂၈:၁ တွင်ကြည့်ပါ။

  26. သြဝါဒနှင့် ပဋိညာဥ် ၁၁: ၁၃ တွင်ကြည့်ပါ။

  27. ဧနုတ် ၁း၁၀တွင်ကြည့်ပါ။

  28. မဿဲ ၇း ၇၈ တွင်ကြည့်ပါ။

  29. မောဇိယ ၃း၁၉တွင်ကြည့်ပါ။

  30. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၂း၆၁

  31. နီးလ်အေ၊ မက်ခ်စ်ဝဲလ်၊ ဤခပ်သိမ်းသောအရာတို့သည် သင့်အားအတွေ့အကြုံကို ပေး၏ (၂၀၀၇)၊ ၃၁။

  32. ဝီလ်ဖို့ဝုဒရပ်၊ အသင်းတော်ဥက္ကဌများ၏သွန်သင်ချက်များ၌၊ ဂျိုးဇက်စမစ် (၂၀၀၇)၊ ၂၈၃။