ကျမ်းစာများ
အယ်လမာ ၄၀


အခန်းကြီး ၄၀

ခရစ်တော်သည် ခပ်သိမ်းသောလူသားတို့၏ ရှင်ပြန်​ထမြောက်ခြင်းကို ဖြစ်​ပေါ်စေ၏—ဖြောင့်မတ်လျက် သေသူတို့သည် အတိသုခ​ဘုံသို့​သွားကြ၏၊ ဆိုးညစ်သော​သူတို့သည် အပြင်​အရပ်​မှောင်မိုက်သို့​သွား၍ သူတို့၏​ရှင်ပြန်​ထမြောက်ရာ​ကာလကို စောင့်နေကြ၏—ခပ်သိမ်းသော​အရာတို့သည် ရှင်ပြန်​ထမြောက်ခြင်း၌ မိမိတို့၏ ပကတိ၊ စုံလင်သော​ကိုယ်သို့ ပြန်လည်​ပေါင်းစည်းခံရလိမ့်မည်။ ဘီစီ ၇၄ ခန့်။

ယခုတွင်၊ ငါ့သား၊ သင့်ကို ငါ​ထပ်၍​ပြောလိုသော​အရာ အတော်​အသင့်​ရှိ၏။ အကြောင်းမူကား၊ သေ​သူတို့၏​ရှင်ပြန်​ထမြောက်ခြင်းနှင့်​စပ်လျဉ်း၍ သင်၏​စိတ် စိုးရိမ်သည်ကို ငါသိ​မြင်၏။

ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ရှင်ပြန်​ထမြောက်ခြင်း​မရှိ—သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ ငါ​ဆိုလိုသည်ကား၊ ဤသေခြင်း​ရှိသော​အရာသည် သေခြင်း​မရှိရာကို မခြုံ၊ ဤပုပ်ပျက်ခြင်းသည် မပုပ်​ပျက်ခြင်းကို မခြုံ—သည်မှာ ခရစ်တော်​ကြွလာ​တော်မူခြင်း​မတိုင်မီ​အထိပင်တည်း။

ရှုလော့၊ သူသည် သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်းကို ဖြစ်​ပေါ်စေ၏။ သို့ရာတွင်၊ ရှုလော့၊ ငါ့သား၊ ရှင်ပြန်​ထမြောက်ခြင်းသည် ယခု​မဖြစ်သေး။ ယခုတွင်၊ နက်နဲသော​အရာ​တစ်ခုကို သင့်အား ငါ​ဖွင့်ပြမည်။ သို့သော်လည်း၊ တားဆီး​ထားသည့် နက်နဲသော​အရာများစွာ​ရှိသဖြင့်၊ ဘုရားသခင်​ကိုယ်တိုင်​မှတစ်ပါး၊ အဘယ်​သူမျှမသိ။ သို့ရာတွင်၊ ငါ​သိနိုင်ခြင်းငှာ၊ ဘုရားသခင်ထံ လုံ့လဝီရိယ​ထက်သန်စွာ မေးလျှောက်​ထားလေသည့် အရာ​တစ်ခုကို သင့်အား ပြမည်—ထိုအရာ​သည်ကား၊ ရှင်ပြန်​ထမြောက်ခြင်း​အကြောင်း​ပေတည်း။

ရှုလော့၊ ခပ်သိမ်းသော​သူတို့ သေရာမှ ထွက်လာမည့် စီရင်​တော်မူနှင့်သော အချိန်​ကာလ​တစ်ခု​ရှိ၏။ ယခုတွင်၊ အဘယ်သော​အခါ၌ ဤအချိန်​ကာလ​ကျရောက်​လာမည်ကို အဘယ်သူ​မျှမသိ။ သို့ရာတွင်၊ စီရင်​တော်မူနှင့်သော​အချိန်​ကာလကို ဘုရားသခင်​သိတော်မူ၏။

ယခုတွင်၊ လူသားတို့ သေရာမှ ထွက်လာမည့်​အချိန်သည်ကား၊ ပထမ​အချိန်​ဖြစ်စေ၊ ဒုတိယ​အချိန်​ဖြစ်စေ၊ တတိယ​အချိန်​ဖြစ်စေ အရေး​မကြီး။ အကြောင်းမူကား၊ ဘုရားသခင်သည် ဤအရာခပ်သိမ်းတို့ကို သိတော်မူ၏။ ဤသို့​ဖြစ်မည်ကို သိရန် ငါ့​အတွက် လုံလောက်ပေပြီ—ခပ်သိမ်းသော​သူတို့ သေခြင်းမှ ထမြောက်လိမ့်မည့် စီရင်တော်မူနှင့်သော ကာလ​တစ်ခု​ရှိ၏။

ယခုတွင်၊ သေခြင်း​အချိန်​ကာလနှင့် ရှင်ပြန်​ထမြောက်ခြင်း​အချိန်​ကာလ​ကြားတွင်၊ ကာလ​အပိုင်း​အခြား​တစ်ခု ရှိ​ရပေမည်။

ယခုမူကား၊ ဤသေခြင်း​အချိန်​ကာလမှ ရှင်ပြန်​ထမြောက်ခြင်း​အတွက် စီရင်​တော်မူနှင့်သော အချိန်​ကာလ​အထိ လူသားတို့၏​စိတ်ဝိညာဉ်များ အဘယ်သို့ ဖြစ်​လာလိမ့်မည်နည်းဟု ငါ​မေးလို၏။

ယခုတွင်၊ လူသားတို့​အတွက် ထမြောက်ရန်၊ တစ်ခု​ထက်ပိုသော အချိန်​ကာလကို စီရင်​တော်မူနှင့်​လျှင်လည်း အရေး​မကြီး။ အကြောင်းမူကား၊ ခပ်သိမ်းသော​သူတို့မှာ တစ်ချိန်တည်း၌ မသေသဖြင့်၊ ဤအမှုသည် အရေး​မကြီး။ ဘုရားသခင်​အဖို့၊ အားလုံးသည်ကား၊ ကာလ​တစ်ရက်​သာဖြစ်၏၊ လူသား​အနေဖြင့်​သာလျှင် အချိန်​ကာလကို တိုင်း​ထွာ၏။

ထို့ကြောင့်၊ လူသားတို့​အတွက် သေခြင်းမှ ထမြောက်မည့် စီရင်​တော်မူနှင့်သော အချိန်​ကာလ​တစ်ခု​ရှိ၏။ သေခြင်းနှင့် ရှင်ပြန်​ထမြောက်ခြင်းတို့၏ အချိန်​ကာလ​ကြား၌လည်း ကာလ​အပိုင်း​အခြား​တစ်ခု​ရှိ၏။ ယခုမူကား၊ ထိုအချိန်​ကာလ​အပိုင်း​အခြားနှင့်​စပ်လျဉ်း၍၊ လူသားတို့၏​စိတ်ဝိညာဉ်များ အဘယ်သို့​ဖြစ်​လာမည်​ဟူသည်ကား၊ ငါသိရန် ကိုယ်တော်ရှင်ထံ လုံ့လဝီရိယ​ထက်​သန်စွာ​မေးလျှောက်​ထားလေသော​အရာပေတည်း။ ဤအရာမှာ​ငါသိသည့်​အရာ၏ အကြောင်းလည်း​ဖြစ်၏။

၁၀ ခပ်သိမ်းသော​သူတို့သည် ထမြောက်မည့် အချိန်​ကာလသို့ ရောက်သော​အခါတွင်၊ လူသား​အတွက် စီရင်​တော်မူနှင့်သော အချိန်​ကာလ​မှန်သမျှကို ဘုရားသခင်​သိတော်မူကြောင်း သိကြလိမ့်မည်။

၁၁ ယခုတွင်၊ သေခြင်းနှင့် ရှင်ပြန်​ထမြောက်ခြင်းတို့​ကြား၌​ရှိသော ဝိညာဉ်တို့နှင့်​စပ်လျဉ်း၍​မူကား—ရှုလော့၊ ခပ်သိမ်းသောလူသား​တို့၏ ဝိညာဉ်များသည် ဤသေခြင်း​ရှိသော​ကိုယ်ခန္ဓာမှ ထွက်ခွာ​သွားလျှင်​သွားချင်း၊ အမှန်စင်စစ်၊ ခပ်သိမ်းသောလူသား​တို့၏​ဝိညာဉ်များသည် ကောင်းသည်​ဖြစ်စေ၊ ဆိုးသည်​ဖြစ်စေ ရှင်ရာ​အသက်ကို​ပေးသည့် ထိုဘုရားသခင်ထံ မူလနေ​အိမ်သို့ ဆောင်ယူ ခံရမည့်​အကြောင်း ကောင်းကင်​တမန်​အားဖြင့် ငါ့ကို ဖော်ပြ​တော်မူ၏။

၁၂ ထို့နောက်တွင်ကား၊ အချိန်တန်​လာလတ္တံ့သော​အခါ၊ ဖြောင့်မတ်သော​သူတို့၏ ဝိညာဉ်များကို အတိသုခဘုံဟု​ခေါ်သည့် ပျော်ရွှင်ခြင်း၏​နေရာ၊ ချမ်းသာခြင်း၏​နေရာ၊ သူတို့၏ ခပ်သိမ်းသော ဒုက္ခများ၊ ခပ်သိမ်းသောစိတ်ညှိုးငယ်ခြင်းနှင့် ဝမ်းနည်းခြင်းတို့မှ ချမ်းသာ​ရလိမ့်မည့် ငြိမ်းချမ်းခြင်း၏​နေရာထဲသို့ လက်ခံ​တော်မူ၏။

၁၃ ထို့နောက်တွင်ကား၊ အချိန်တန်​လာလတ္တံ့သော​အခါ၊ ဆိုးညစ်သော​သူတို့၏၊ အမှန်စင်စစ်၊ ဆိုးသော​သူတို့၏ ဝိညာဉ်များသည်—ရှုလော့၊ သူတို့၌ ကိုယ်တော်ရှင်၏​ဝိညာဉ်တော် တစ်ချို့​တစ်ဝက်သော်​လည်းကောင်း၊ တစ်စိတ်​တစ်ပိုင်းသော်​လည်းကောင်း မရှိကြ။ ရှုလော့၊ သူတို့သည် ကောင်းသော​အကျင့်အစား၊ ဆိုးသော​အကျင့်ကို ရွေးချယ်ကြ၏။ ထို့ကြောင့်၊ နတ်ဆိုး၏​ဝိညာဉ်သည် သူတို့​အထဲသို့​ဝင်၍၊ သူတို့၏​ခန္ဓာအိမ်ကို သိမ်းယူသောကြောင့်—သူတို့သည် အပြင်​အရပ် မှောင်မိုက်ထဲသို့ နှင်ထုတ်​ခံရလိမ့်မည်။ ထိုအရပ်၌ ငိုကြွေးခြင်း၊ ထို့အတူ မြည်တမ်းခြင်း၊ ထို့အတူ အံသွား​ခဲကြိတ်ခြင်းတို့ ရှိလိမ့်မည်။ ဤသို့​ဖြစ်ရသည်ကား၊ နတ်ဆိုး၏​အလို​အားဖြင့် ဖမ်းဆီး​ချုပ်နှောင်ရာသို့ ပို့ဆောင်​ခံရလျက်၊ သူတို့​ကိုယ်တိုင်၏​ဒုစရိုက်ကြောင့်ပေတည်း။

၁၄ ယခုတွင်၊ ဤအရာသည်ကား၊ မှောင်မိုက်၌​ရှိသည့် ဆိုးညစ်သော​သူတို့၏ စိတ်ဝိညာဉ်များ၏​အခြေအနေ၊ ထိုမှတစ်ပါး၊ သူတို့​အပေါ်သို့ ဘုရားသခင်၏​အမျက်တော် မီးကဲ့သို့သော​ဒေါသကို မျှော်လင့်လျက်​ရှိသည့် အလွန်​ဆိုးရွားသော ကြောက်လန့်ဖွယ်​အခြေအနေ ဖြစ်၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ဖြောင့်မတ်သော​သူတို့ အတိသုခဘုံ၌​ရှိသကဲ့သို့ပင်၊ သူတို့​ရှင်ပြန်​ထမြောက်ခြင်း၏ အချိန်​ကာလ​တိုင်အောင်၊ ဤအခြေအနေ၌ ဆက်၍​ရှိ​နေကြ၏။

၁၅ ယခုတွင်၊ ရှင်ပြန်​ထမြောက်ခြင်း​မတိုင်မီ၌ စိတ်ဝိညာဉ်၏ ဤပျော်ရွှင်ခြင်း​အခြအနေနှင့် ဤဝမ်းနည်း​ပူဆွေးမှု​အခြေအနေတို့ကို ပထမ​ရှင်ပြန်​ထမြောက်ခြင်းဟု နားလည်သူ​အချို့​ရှိ၏။ ထိုမှတစ်ပါး၊ ဝိညာဉ်သို့​မဟုတ် စိတ်ဝိညာဉ်ကို ထမြောက်​စေခြင်းနှင့် ပျော်ရွှင်ခြင်း သို့မဟုတ် ဝမ်းနည်း​ပူဆွေးခြင်းသို့ လွှဲအပ်​ပေးခြင်းကို ဆိုခဲ့လေသော​စကားများ​အတိုင်း၊ ရှင်ပြန်​ထမြောက်ခြင်းဟု ခေါ်​နိုင်ကြောင်း ငါ​လက်ခံ၏။

၁၆ ရှုဦးလော့၊ ပထမ​ရှင်ပြန်​ထမြောက်ခြင်း၊ သေခြင်းမှ ခရစ်တော်၏​ရှင်ပြန်​ထမြောက်ခြင်းသို့​တိုင်အောင်၊ ရှိလေပြီးသူ၊ ယခု​ရှိသူ၊ နောင်ရှိ​လာမည့်​သူအားလုံးတို့၏ ရှင်ပြန်​ထမြောက်ခြင်း ရှိကြောင်းကိုလည်း တစ်ဖန်​ဆိုထားလေပြီ။

၁၇ ယခုတွင်၊ ဤနည်း​အားဖြင့် ဆိုထားလေသည့် ဤပထမ​ရှင်ပြန်​ထမြောက်ခြင်းကို စိတ်ဝိညာဉ်တို့နှင့် ၎င်းတို့၏ ပျော်ရွှင်ခြင်းသို့​မဟုတ် ဝမ်းနည်း​ပူဆွေးခြင်းသို့ လွှဲအပ်ခြင်း၏ ရှင်ပြန်​ထမြောက်ခြင်း​ဖြစ်နိုင်သည်ဟု ငါတို့ မထင်မှတ်ကြ။ ဤသို့​ဆိုလိုသည်ဟု သင်​မထင်မှတ်နိုင်။

၁၈ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါ​ဆို၏။ သို့ရာတွင်၊ အာဒံ၏​လက်​ထက်မှ​စ၍ ခရစ်တော်၏​ရှင်ပြန်​ထမြောက်ခြင်း​အထိ၊ ရှိခဲ့ပြီးလေသော​သူတို့၏ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာ​ပြန်လည်​ပေါင်းစည်းခြင်းကို ဆိုလို၏။

၁၉ ယခုတွင်၊ ဆိုခဲ့လေသော ဖြောင့်မတ်သော​သူများနှင့် ဆိုးညစ်သူများ၏ စိတ်ဝိညာဉ်များနှင့် ကိုယ်ခန္ဓာတို့​သည်လည်း တစ်ချိန်တည်း၌ ပေါင်းစည်း​လိမ့်မည်ဟု ငါမဆို။ ခပ်သိမ်းသော​သူတို့ ထွက်​လာကြောင်းကို ငါဆိုရန်​လုံလောက်ပေပြီ။ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ သူတို့၏ ရှင်ပြန်​ထမြောက်ခြင်းသည် ခရစ်တော်​ရှင်ပြန်​ထမြောက်ခြင်း၏​နောက်မှ သေသော​သူများ၏​ရှင်ပြန်​ထမြောက်ခြင်း​မတိုင်မီတွင် ဖြစ်​ပေါ်၏။

၂၀ ယခုတွင်၊ ငါ့သား၊ သူတို့၏​ရှင်ပြန်​ထမြောက်ခြင်းသည် ခရစ်တော်၏​ရှင်ပြန်​ထမြောက်ခြင်း​အချိန်၌ ဖြစ်ပေါ်သည်ဟု ငါမဆို။ သို့ရာတွင်၊ ရှုလော့၊ ဖြောင့်မတ်သော​သူတို့၏ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့သည် ခရစ်တော်၏​ရှင်ပြန်​ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံထဲသို့ သူတက်၍​သွား​တော်မူသော​အခါ၌ ပြန်လည်​ပေါင်းစည်း၏​ဟူသော ငါ့​သဘောကို ပြောပြခြင်း​ဖြစ်၏။

၂၁ သို့ရာတွင်၊ ထိုအမှုသည် သူ၏​ရှင်ပြန်​ထမြောက်ခြင်း​အချိန်၌​ဖြစ်သည်ဟု​လည်းကောင်း၊ သို့မဟုတ် ထို့နောက်၌ ဖြစ်ပေါ်သည်ဟု​လည်းကောင်း ငါ​မဆို၊ ကိုယ်ခန္ဓာ၏​သေခြင်းနှင့် ရှင်ပြန်​ထမြောက်ခြင်းတို့၏​ကြား၌ ကာလ​အပိုင်း​အခြား​တစ်ခု​ရှိကြောင်းနှင့် သေသူများ ထွက်လာ၍၊ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့ ပြန်လည်​ပေါင်းစည်းလျက်၊ သူတို့၏​အကျင့်များ​အတိုင်း တရား​စီရင်​ခံရရန်၊ ဘုရားသခင်ရှေ့၌ ရပ်ရန် ဆောင်ယူ​ခံရမည့်၊ ဘုရားသခင်​အားဖြင့် စီရင်တော်မူနှင့်​လေသော​အချိန်ထိ​တိုင်အောင်၊ စိတ်ဝိညာဉ်၏ ပျော်ရွှင်ခြင်း၌ သို့မဟုတ် ဝမ်းနည်း​ပူဆွေးခြင်း၌ အခြေ​အနေ​တစ်ခု​ရှိကြောင်း ဤမျှအထိ ငါ​ဆို၏။

၂၂ ထိုမှတစ်ပါး၊ ဤအမှုသည်ကား၊ ပရောဖက်တို့၏နှုတ်ဖြင့် ဟောပြောလေပြီးသည့်အရာတို့၏ ပြန်လည်ဆောင်ယူခြင်းကို ဖြစ်ပေါ်စေ၏။

၂၃ စိတ်ဝိညာဉ်သည် ကိုယ်ခန္ဓာသို့၊ ထို့အတူ၊ ကိုယ်ခန္ဓာသည် စိတ်ဝိညာဉ်သို့ ပြန်လည်​ပေါင်းစည်း​လိမ့်မည်။ ထိုမှတစ်ပါး၊ ခြေလက်နှင့် အရိုး​အဆစ်​မှန်သမျှသည် မိမိ​ကိုယ်ခန္ဓာသို့ ပြန်လည်​ပေါင်းစည်း​လိမ့်မည်။ အမှန်စင်စစ်၊ ဦးခေါင်းမှ ဆံချည်​တစ်မျှင်မျှ မပျောက်ဆုံးရ။ ခပ်သိမ်းသော​အရာတို့သည် မိမိတို့၏ ပကတိ၊ စုံလင်သော​ကိုယ်သို့သာ ပြန်လည်​ပေါင်းစည်း​ခံရလိမ့်မည်။

၂၄ ယခုမူကား၊ ငါ့သား၊ ဤအရာ​သည်ကား၊ ပရောဖက်တို့၏​နှုတ်က ဟောထား​လေသည့် ပြန်လည်​ဆောင်ယူခြင်း​ပေတည်း—

၂၅ ထိုအခါတွင်၊ ဖြောင့်မတ်သော​သူတို့သည် ဘုရားသခင်၏​နိုင်ငံတော်၌ တောက်​ပလိမ့်မည်။

၂၆ သို့ရာတွင်၊ ရှုလော့၊ ကြောက်ရွံ့ဖွယ်​ကောင်းသော သေခြင်းသည် ဆိုးညစ်သော​သူတို့​အပေါ်သို့ ကျရောက်​လာမည်။ အကြောင်းမူကား၊ သူတို့သည် ဖြောင့်မတ်ခြင်းနှင့်​ဆိုင်သော​အရာတို့၌ သေ၏။ သူတို့သည် မစင်ကြယ်သဖြင့်၊ မစင်ကြယ်သော​အရာသည် ဘုရားသခင်၏​နိုင်ငံတော်ကို အမွေ​မခံနိုင်။ သို့ရာတွင်၊ သူတို့သည်​နှင်ထုတ်​ခံရကြ၏၊ သူတို့​လုပ်အား၏ သို့မဟုတ် ဆိုးသောအရာ​ဖြစ်သည့် သူတို့​အကျင့်၏ အသီး​အပွင့်ကို သုံးဆောင်ရန်လည်း လွှဲအပ်​ခံရ၏။ သူတို့သည် ခါးသော​ဖလားမှ အနယ်​အဖတ်ကိုလည်း သောက်ကြ၏။