ကျမ်းစာများ
၁ နီဖိုင်း ၁၂


အခန်းကြီး ၁၂

နီဖိုင်း​သည် ရူပါရုံ၌ ကတိ​တော်​မြေ၊ ၎င်း၌နေထိုင်သူ​တို့​၏ ဖြောင့်​မတ်​ခြင်း၊ ဒုစရိုက်​နှင့် လဲ​ကျ​ခြင်း၊ သူ​တို့​၌ ဘုရားသခင်​၏​သိုး​သငယ် ကြွ​လာ​တော်​မူ​ခြင်း၊ တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ပါး​နှင့် တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့ ဣသရေလ​အမျိုး​တို့​ကို အဘယ်​သို့ တရား​စီရင်​မည့်​အကြောင်း၊ ယုံ​ကြည်​မှု​လျော့​ပါး​ဆုတ်​ယုတ်​လာ​သည့်​သူ​တို့​၏ ရွံ​ရှာ​မုန်း​တီး​စရာ​နှင့် ညစ်​ညမ်း​သည့် ဖြစ်​ဟန်​များ​ကို မြင်​၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သင်​၏​အမျိုး​အနွယ်တို့​နှင့် သင့်​အစ်​ကို​တို့​၏​အမျိုး​အနွယ်​တို့​ကို ကြည့်​ရှု​၍ မြင်​လော့​ဟု ကောင်း​ကင်​တ​မန်​က ငါ့​ကို မြွက်​ဆို​၏။ ငါ​သည်​လည်း ကြည့်​ရှု​၍ ကတိ​တော်​မြေ​ကို မြင်​၏။ လူ​အစု​အဝေး​တို့၊ အမှန်​စင်​စစ်၊ အရေ​အတွက်​အား​ဖြင့် သမုဒ္ဒရာ​သဲ​လုံး​တ​မျှ​ပင်​များ​ပြား​လှ​သော သူ​တို့​ကို​လည်း မြင်​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ တစ်​ဖက်​နှင့်​တစ်​ဖက် စစ်​တိုက်​ခြင်း​ငှာ အတူ​တ​ကွ​စု​ဝေး​ကြ​သော လူ​အစု​အဝေး​တို့​ကို ငါ​မြင်​၏။ စစ်​တိုက်​ခြင်း​များ​နှင့် စစ်​တိုက်​ခြင်း​အကြောင်း သ​တင်း​စ​ကား​များ၊ ငါ​၏​လူ​မျိုး​တို့​၌ လက်​နက်​ဖြင့် ကြီး​စွာ​သော​သိမ်း​ရုံး​သတ်​ဖြတ်​ခြင်း​များ​ကို​လည်း မြင်​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ဤ​ပြည်​၌ စစ်​တိုက်​ခြင်း​များ​နှင့် ရန်​တွေ့​ခြင်း​များ​ဖြင့် များ​စွာ​သော မျိုး​ဆက်​တို့​ကွယ်​လွန်​သွား​ကြ​သည်​ကို ငါ​မြင်​၏။ အမှန်​စင်​စစ်၊ ငါ​မ​ရေ​တွက်​လေ​သည့် များ​စွာ​သော​မြို့​များ​ကို​ပင် မြင်​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကတိ​တော်​မြေ​၏​မျက်​နှာ​ပြင်​ပေါ်၌ အမှောင်​ထု​ကို ငါ​မြင်​၏။ ငါ​သည် လျှပ်​စီး​လက်​ခြင်း​ကို မြင်​၍ မိုး​ချုန်း​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​နှင့် အမျိုး​မျိုး​သော အုတ်​အုတ်​ကျက်​ကျက်​အသံ​ဗလံ​တို့​ကို ကြား​၏။ မြေ​ကြီး၊ ကျောက်​များ​နှင့် ၎င်း​တို့​ကွဲ​သည်​ကို ငါ​မြင်​၏။ တောင်​များ အစိတ်​စိတ်​အပိုင်း​ပိုင်း​ပြို​ကျ​သည်​ကို ငါ​မြင်​၏။ မြေ​ကြီး​ပေါ်​ရှိ​လွင်​ပြင်​များ​နှင့် ၎င်း​တို့ ကွဲ​ပြတ်​သည်​ကို ငါ​မြင်​၏။ များ​စွာ​သော​မြို့​များ​နှင့် ၎င်း​တို့ နစ်​မြုပ်​သည်​ကို ငါ​မြင်​၍ မြို့​များ​စွာ​တို့ မီး​လောင်​သည်​ကို​လည်း​ကောင်း၊ မြေ​ကြီး​လှုပ်​ခြင်း​ကြောင့် မြို့​များ​စွာ မြေ​ပေါ်​သို့​ပြို​ကျ​သည်​ကို​လည်း​ကောင်း ငါ​မြင်​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် ဤ​အရာ​တို့​ကို မြင်​ပြီး​နောက် မြေ​ကြီး​မျက်​နှာ​ပြင်​မှ အမှောင်​ထု​ကွယ်​ပျောက်​သွား​သည်​ကို မြင်​၏။ ရှု​ဦး​လော့၊ ကိုယ်​တော်​ရှင်​၏ ကြီး​စွာ​သော​ကြောက်​မက်​ဖွယ် တရား​စီ​ရင်​တော်​မူ​ခြင်း​များ​ကြောင့် လဲ​ကျ​မ​သွား​လေ​သည့် လူ​အစု​အဝေးတို့​ကို​လည်း ငါ​မြင်​၏။

ကောင်း​ကင်ပွင့်​သည်​ကို ငါ​မြင်​၏။ ဘုရားသခင်​၏​သိုး​သ​ငယ်​သည်​လည်း ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​လျက်​ရှိ​၏။ ဆင်း​လာ​တော်​မူ​ပြီး၊ ထို​သူ​တို့​ကို ကိုယ်​ထင်​ပြ​တော်​မူ​၏။

အခြား​တစ်​ဆယ့်​နှစ်​ပါး​အပေါ်​သို့ သန့်​ရှင်း​သော​ဝိညာဉ်​တော် သက်​ဆင်း​တော်​မူ​သည်​ကို​လည်း ငါ​မြင်​ပြီး၊ သက်​သေ​ခံ​၏။ သူ​တို့​သည်​ကား၊ ဘုရားသခင်​အား​ဖြင့် ခန့်​ထား​တော်​မူ​ပြီး၊ ရွေး​ကောက်​ထား​တော်​မူ​သော​သူ​များ​လည်း​ဖြစ်​၏။

ကောင်း​ကင်​တ​မန်​က​လည်း ငါ့​အား သင်​၏ အမျိုး​အနွယ်​များ​ကို အမှု​တော်​ဆောင်ရန် ရွေး​ကောက်​ထားခံရ​သည့် သိုး​သငယ်​၏ တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ပါး​ကို ကြည့်​ရှု​ဆင်​ခြင်​လော့​ဟု မြွက်​ဆို​၏။

ထို့​အတူ၊ ငါ့​ကို မြွက်​ဆို​သည်​ကား၊ သိုး​သ​ငယ်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​ကို သင်​အောက်​မေ့​သ​လော။ ရှု​လော့၊ သူ​တို့​သည် ဣသရေလ​မျိုး​နွယ်​စု​တစ်​ဆယ့်​နှစ်​စု​ကို တရား​စီရင်​မည့်​သူ​များ​ဖြစ်​၏။ သို့​ဖြစ်​၍၊ သင်​၏​အမျိုး​အနွယ်​များ​ထဲ​မှ အမှု​တော်​ဆောင် တစ်​ဆယ့်​နှစ်​ပါး​သည် ထို​သူ​တို့​အား​ဖြင့် တရား​စီရင်​ခံ​ရ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ သင်​တို့​သည် ဣသရေလ​အမျိုး​သား​များ​ဖြစ်​ကြ​၏။

၁၀ သင်​မြင်​သည့် အမှု​တော်​ဆောင်​တစ်​ဆယ့်​နှစ်​ပါး​တို့​သည် သင်​၏​အမျိုး​အနွယ်​ကို တရား​စီရင်​ကြ​လိမ့်​မည်။ ရှု​ဦး​လော့၊ ထို​သူ​တို့​သည် အစဉ်​အမြဲ​ဖြောင့်​မတ်​ကြ​၏။ အကြောင်း​မူ​ကား၊ ဘုရားသခင်​၏​သိုး​သ​ငယ်​ကို သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကြောင့် သူ​တို့​၏​အဝတ်တန်ဆာ​များ​ကို သူ​၏​အသွေး​တော်​အား​ဖြင့် ဖြူ​စင်​စေ​၏။

၁၁ ကြည့်​ရှု​လော့​ဟု ငါ့​ကို ကောင်း​ကင်​တ​မန်​မြွက်​ဆို​၏။ ငါ​သည်​လည်း ကြည့်​ရှု​ရာ မျိုး​ဆက်​သုံး​ဆက်​တိုင် ဖြောင့်​မတ်​ခြင်း​ရှိ​လျက်၊ ကွယ်​လွန်​သွား​ကြ​သည်​ကို​မြင်​၏။ ထို​သူ​တို့​၏​အဝတ်တန်ဆာ​များ​သည် ဘုရားသခင်​၏​သိုး​သ​ငယ်​ကဲ့​သို့​ပင် ဖြူ​စင်​ကြ​၏။ ထို့​အတူ၊ ကောင်း​ကင်​တ​မန်​က ငါ့​ကို မြွက်​ဆို​သည်​ကား၊ ဤ​သူ​တို့​ကို သိုး​သ​ငယ်​၏​အသွေး​တော်​အား​ဖြင့် ဖြူ​စင်​စေ​သည်​မှာ​သူ့ကို သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကြောင့် ပေ​တည်း။

၁၂ ဖြောင့်​မတ်​ခြင်း​ရှိ​လျက်၊ ကွယ်​လွန်​သွား​လေ​သူ​များ​ဖြစ်​သည့် လေး​ခု​မြောက်​သော​မျိုး​ဆက်​မှ များ​စွာ​သော​သူ​တို့​ကို​လည်း ငါ​နီဖိုင်း​မြင်​၏။

၁၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ မြေ​ကြီး​ပေါ်​၌ နေ​ထိုင်​သော​လူ​အစုအဝေး​တို့ အတူ​တ​ကွ​စု​ဝေး​ကြ​သည်​ကို ငါ​မြင်​၏။

၁၄ သင်​၏​အမျိုး​အနွယ်​များ​နှင့် သင့်​အစ်​ကို​တို့​၏​အမျိုး​အနွယ်​များ​ကို​လည်း ကြည့်​ရှု​ဆင်​ခြင်​လော့​ဟု ကောင်း​ကင်​တ​မန်​က ငါ့ကို မြွက်​ဆို​၏။

၁၅ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည်​လည်း ကြည့်​ရှု​ရာ၊ ငါ့​အမျိုး​အနွယ်​၏​လူ​မျိုး​တို့၊ ငါ့​အစ်​ကို​တို့​၏​အမျိုး​အနွယ်​များ​နှင့် ဆန့်​ကျင်​၍ လူ​အစု​အဝေးလိုက် အတူ​တ​ကွ​စု​ဝေး​ကြ​သည်​ကို မြင်​၏။ သူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ အတူ​တ​ကွ​စု​ဝေး​ကြ​၏။

၁၆ ကောင်း​ကင်​တ​မန်​က​လည်း ငါ့​ကို မြွက်​ဆို​သည်​ကား၊ သင့်​အဘ​မြင်​လေ​သည့် ညစ်​ညမ်း​သော​ရေ​ရှိ​ရာ၊ အထူး​သ​ဖြင့် သူ​ပြော​သည့်​ထို​မြစ်​ကို ကြည့်​ရှု​ဆင်​ခြင်​လော့။ ထို​မြစ်​၏​အနက်​မှာ ငရဲ​၏​အနက်​တ​မျှ​ဖြစ်​၏။

၁၇ ထို​အမှောင်​ထု​တို့​သည်​ကား၊ လူ​သား​တို့​၏​မျက်​စိ​ကို​ကွယ်​စေ၊ စိတ်​နှလုံး​ကို​မာ​ကျော​စေ​လျက်၊ သူ​တို့​ကို ပျက်​စီး​၍၊ ပျောက်​ဆုံး​ကြ​စေ​ခြင်း​ငှာ၊ ကျယ်​ဝန်း​သည့်​လမ်း​များ​ထဲ​သို့ လှည့်​ဖြား​ခေါ်​ဆောင်​သွား​သည့် နတ်​ဆိုး​၏​သွေး​ဆောင်​ဖြား​ယောင်း​ခြင်း​များ​ပေ​တည်း။

၁၈ သင့်​အဘ​မြင်​လေ​သော ကြီး​မား​ကျယ်​ဝန်း​သည့် အဆောက်​အအုံ​သည်​ကား၊ လူ​သား​တို့​၏ အချည်း​နှီး​တွေး​ဆ​ခြင်း​များ​နှင့်​မာ​န​ဖြစ်​၏။ အလွန်​နက်​လှ​သည့် ကြောက်​မက်​ဖွယ်​ရာ​ချောက်​ကြီး​သည် ထို​သူ​တို့​အား အထူး​သ​ဖြင့်၊ ထာဝရ​ဘုရားသခင်​၏ ဖြောင့်​မှန်​သော​နှုတ်​က​ပတ်​တော်​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိညာဉ်​တော်​က ကမ္ဘာ​ဦး​မှ​စ​၍၊ ဤအချိန်ထိ၊ ထို့အတူ၊ ဤအချိန်ယခု​မှ​စ​၍၊ ကာလ​အစဉ်​အဆက် သက်​သေ​ခံ​တော်​မူ​သည့် ဘုရားသခင်​၏​သိုး​သ​ငယ်​ဖြစ်​သည့်​မေရှိယ​နှင့်​လည်း​ကောင်း ပိုင်း​ခြား​ထား​၏။

၁၉ ကောင်း​ကင်​တ​မန်​က ဤ​စကား​များ​ကို ပြော​စဉ်တွင်၊ ငါ​သည် ကြည့်​ရှု​၍၊ ငါ့​အစ်​ကို​တို့​၏​အမျိုး​အနွယ်များ ငါ​၏​အမျိုး​အနွယ်​များ​ကို ဆန့်​ကျင်​ရန်​တွေ့​ကြ​သည်​ကို မြင်​ရ​သည်​မှာ ကောင်း​ကင်​တ​မန်​၏​စကား​အတိုင်း​ပင်​ဖြစ်​၏။ ငါ့​အမျိုး​အနွယ်​များ​၏​မာ​န​နှင့် နတ်​ဆိုး​၏​သွေး​ဆောင်​ဖြား​ယောင်း​ခြင်း​များ​ကြောင့်၊ ငါ့​အစ်​ကို​တို့​၏​အမျိုး​အနွယ်​များ ငါ့​အမျိုး​အနွယ်​၏​လူ​မျိုး​တို့​ကို အနိုင်​ရ​ကြ​သည်​ကို ငါ​မြင်​၏။

၂၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည်​လည်း ကြည့်​ရှု​၍ ငါ့​ညီ​အစ်​ကို​များ​၏​အမျိုး​အနွယ်​လူ​မျိုး​တို့ ငါ့​အမျိုး​အနွယ်​တို့​အား အနိုင်​ရ​ကြ​လေ​သည်​ကို မြင်​၏။ သူ​တို့​သည်​လည်း ထို ပြည် ၏​မျက်​နှာ​ပြင်​ပေါ်​တွင် လူ​အစု​အဝေး​လိုက်​ထွက်​သွား​ကြ​၏။

၂၁ ထို့​အတူ၊ ငါသည် သူ​တို့ လူ​အစု​အဝေးလိုက် အတူ​တ​ကွ​စု​ဝေး​ကြ​သည်​ကို မြင်​၏။ သူ​တို့​၌​ရှိ​သော စစ်​တိုက်​ခြင်း​များ​နှင့် စစ်​တိုက်​ခြင်း​အကြောင်း​သ​တင်း​စ​ကား​များ​ကို​လည်း မြင်​၏။ စစ်​တိုက်​ခြင်း​များ​နှင့် စစ်​တိုက်​ခြင်း​အကြောင်း​သ​တင်း​စ​ကား​များ​ရှိ​လျက် များ​စွာ​သော​မျိုး​ဆက်​များ ကွယ်​လွန်​သွား​ကြ​သည်​ကို​လည်း မြင်​၏။

၂၂ ထို​သူ​တို့​ယုံ​ကြည်​မှု လျော့​ပါး​ဆုတ်​ယုတ်​လာ​လိမ့်​မည်​ကို ကြည့်​ရှု​လော့​ဟု​လည်း ကောင်း​ကင်​တ​မန်​က ငါ့​ကို မြွက်​ဆို​၏။

၂၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​သည် ယုံ​ကြည်​မှု လျော့​ပါး​ဆုတ်​ယုတ်​လာ​ခဲ့​ကြ​လေ​ပြီး​နောက် အသား​မည်း​ပြီး ရွံ​ရှာ​မုန်း​တီး​စ​ရာ​ကောင်း​သော၊ ပျင်း​ရိ​ခြင်း၊ အမျိုး​မျိုး​သော​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အမှုများ​နှင့်​ပြည့်​သည့် ညစ်​ညမ်း​သော​လူ​များ ဖြစ်​လာ​ကြ​သည်​ကို ငါ​သိ​မြင်​၏။