ကျမ်းစာများ
၁ နီဖိုင်း ၂၁


အခန်းကြီး ၂၁

မေရှိယ​သည် တ​ပါး​အမျိုး​သား​များ​အတွက် အလင်း​ဖြစ်​၍၊ အကျဉ်း​သား​တို့​ကို လွတ်​လပ်​စေ​မည်—နောက်​ဆုံး​သော​ကာ​လ​၌ ဣသရေလ​အမျိုး​တို့​သည် တန်​ခိုး​တော်​အား​ဖြင့် စု​ဝေး​ကြ​မည်—ရှင်​ဘုရင်​တို့​သည် သူ​တို့​၏​ကျွေး​ဖ​ခင်​များ ဖြစ်​ကြ​မည်—ဟေရှာယ​ခန်း​ကြီး ၄၉ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၈၈–၅၇၀ ခန့်။

ထိုမှတစ်​ဖန်​၊ စေ့စေ့နားထောင်ကြလော့၊ အို ဣသရေလ​အမျိုး​သား​တို့၊ ငါ​၏​လူ​မျိုး​တို့​မှ သင်း​အုပ်​တို့​၏​ဆိုး​ညစ်​ခြင်း​များ​ကြောင့် ကွဲ​ကွာ​၍၊ နှင်​ထုတ်​ခံ​ရ​ကြ​သော သင်​တို့​အား​လုံး၊ အထူး​သ​ဖြင့်၊ ငါ​၏​လူ​မျိုး​တို့​မှ ကွဲ​ကွာ​၍ အရပ်​ရပ်​သို့​ကွဲ​ပြား​ပြန့်​ကျဲ​သည့် သင်​တို့​အား​လုံး၊ အို ဣသရေလ​အမျိုး​သား​တို့။ တစ်​ကျွန်း​တစ်​နိုင်ငံ​အရပ်​တို့၊ ငါ့​စကား​ကို နား​ထောင်​ကြ​လော့၊ ဝေး​စွာ​သော​လူ​မျိုး​တို့၊ စေ့​စေ့​နား​ထောင်​ကြ​လော့၊ ငါ​ဖွား​စ​က​ပင် ကိုယ်​တော်​ရှင်​သည် ငါ့​ကို​ခေါ်​၏။ အမိ​ဝမ်း​ထဲ​မှ​စ​၍၊ ငါ​၏​နာမ​ကို မှတ်​တော်​မူ​၏။

ငါ့​နှုတ်​ကို ထက်​သော​ဓား​ကဲ့​သို့ ဖြစ်​စေ​၍၊ လက်​တော်​အရိပ်​၌ သူ​သည် ငါ့​ကို ဖုံး​ထား​တော်​မူ​၏။ ငါ့​ကို ဦး​သစ်​သော မြားတံ​လည်း​ဖြစ်​စေ​၍၊ သူ​၏​မြား​တောင့်​ထဲ​မှာ ဝှက်​ထား​တော်​မူ​၏။

အို​ဣသရေလ၊ သင်​သည် ငါ​၏​ကျွန်​ဖြစ်​၏။ သင့်​အား​ဖြင့် ငါ့​ဘုန်း​တော်​သည် ထင်​ရှား​လိမ့်​မည်​ဟု ငါ့​ကို မိန့်​တော်​မူ​ပြီ။

ငါ​က​လည်း၊ အချည်း​နှီး ငါအ​လုပ်​လုပ်​ရ​ပြီ။ အကျိုး​မ​ရှိ၊ အချည်း​နှီး​သက်​သက် ငါ့​ခွန်​အား​ကုန်​ရ​ပြီ။ ငါ့​ကို တရား​စီ​ရင်​ခြင်း​သည် ကိုယ်​တော်​ရှင်​၌ ဧကန်​အမှန်​ရှိ​၏။ ငါ့​အမှု​သည်​လည်း ငါ​၏​ဘုရားသခင်​၌​ရှိ​သည်​ဟု ဆို​၏။

ယ​ခု​မူ​ကား၊ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည်​မှာ—ငါ​သည် ယာကုပ်​အမျိုး​ကို အထံ​တော်​သို့ တစ်​ဖန်​ဆောင်​ရ​သော ကျွန်​ဖြစ်​စေ​မည့်​အကြောင်း၊ ငါ့​ကို အမိ​ဝမ်း​ထဲ​မှ​စ​၍ ဖန်​ဆင်း​တော်​မူ​ခဲ့​၏—ဣသရေလ​အမျိုး​သည် အထံ​တော်​၌​စု​ဝေး​စေ​ခြင်း​ကို မ​ခံ​ရ​သေး​သော်​လည်း၊ ငါ​သည် ကိုယ်​တော်​ရှင်​ရှေ့​တော်​၌ အသ​ရေ​ထင်​ရှား​၍၊ ငါ​၏​ဘုရားသခင်​သည် ငါ​၏​ခွန်​အား ဖြစ်​လိမ့်​မည်​ဟူ​သော အကြောင်း​ပေ​တည်း။

သင်​သည် ယာကုပ်​၏​မျိုး​နွယ်​စု​တို့​ကို ချီး​မြှောက်​ခြင်း၊ ကာ​ကွယ်​စောင့်​မ​ခြင်း​ကို ခံ​ထား​ရ​သော​ဣသရေလ​အမျိုး​တို့​ကို ပြန်​လည်​ဆောင်​ယူ​ခြင်း​အလို့​ငှာ ငါ​၏​ကျွန်​ဖြစ်​ရ​ခြင်း​သည် သာ​မ​ည​အမှု​ဖြစ်​၏။ ထို​အမှု​မ​က၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင်၊ ငါ​၏​ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တ​ပါး​အမျိူး​သား​တို့​အတွက် အလင်း​ဖြစ်​စေ​ရန် ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ​၏။

ကိုယ်​တော်​ရှင်၊ ဣသရေလ​အမျိုး​၏ ရွေးနှုတ်​ရှင်၊ သူ​၏​သန့်​ရှင်း​သော​ဘုရား​က လူ​များ​မထီမဲ့မြင်ပြု​သော၊ ပြည်သား​တို့​ရွံ​ရှာ​သော၊ မင်း​ထံ​၌​ကျွန်​ခံ​ရ​သော​သူ​အား မိန့်​တော်​မူ​သည်​ကား၊ သစ္စာ​ရှိ​တော်​မူ​သော​ကိုယ်​တော်​ရှင်​ကြောင့် ရှင်​ဘုရင်​တို့​သည် မြင်​၍​ထ​ကြ​လိမ့်​မည်။ မင်း​သား​တို့​သည်​လည်း ကိုး​ကွယ်​ကြ​လိမ့်​မည်။

ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည်​ကား၊ နှစ်​သက်​ဖွယ်​သော​အချိန်​၌၊ သင့်​စ​ကား​ကို ငါ​ကြား​တော်​မူ​ပြီ၊ အို ပင်​လယ်​တစ်​ဖက် တစ်​ကျွန်း​တစ်​နိုင်ငံ​အရပ်​သား​တို့၊ ကယ်​တင်​ရာ​ကာ​လ​၌ သင့်​ကို ငါ​မ​စ​ပြီ၊ သင့်​ကို ငါ​ကာ​ကွယ်​စောင့်​မ​၍​လည်း၊ လူ​တို့​အတွက် ပဋိညာဉ်​ပြု​စရာ​အဖို့၊ မြေ​ကြီး​ကို ပြု​ပြင်ရန်၊ ဆိတ်​ညံ​သော​အမွေ​ခံ​ရာ​အရပ်​တို့​ကို အမွေ​ရ​ရှိ​စေ​ရန်၊ ငါ​၏​ကျွန်​ကို သင့်​အား ပေး​၏။

ထွက်​ကြ​လော့​ဟု အကျဉ်း​သား​တို့​အား​လည်း​ကောင်း၊ ပေါ်​လာ​ကြ​လော့​ဟု မှောင်​မိုက်​ထဲ​မှာ ထိုင်​ကြ​သော​သူ​တို့​အား​လည်း​ကောင်း သင်​ပြော​နိုင်​၏။ ထို​သူ​တို့​သည် လမ်း​ခရီး​တို့​အနား​မှာ စား​ရ​၍၊ သူ​တို့​၏​ကျက်​စား​ရာ​တို့​သည် မြင့်​သောနေရာ ခပ်သိမ်း​တို့၌ ရှိ​ကြ​လိမ့်​မည်။

၁၀ သူ​တို့​သည် အစာ​မ​ငတ်၊ ရေ​မ​ငတ်​ရ။ အပူ​ကို​လည်း​မ​ခံ​ရ​ကြ၊ နေ​ရောင်​ခြည်​မ​ထိ​ရ၊ အကြောင်း​မူ​ကား၊ သူတို့ကို ကရုဏာထား​သော သူသည် သူတို့ကို ပို့ဆောင်​၍ စမ်း​ရေ​တွင်း​အနားသို့ လမ်းပြ​လိမ့်မည်။

၁၁ ငါ​၏​တောင်​ရှိ​သ​မျှ​တို့​ကို သွား​ရာ​လမ်း ဖြစ်​စေ​မည်။ ငါ​၏​လမ်းမ​များ​ကို​လည်း ငါ​မြှင့်​မည်။

၁၂ ထို့​နောက်၊ အို ဣသရေလ​အမျိုး​သား​တို့၊ ရှု​လော့။ ဤ​သူ​တို့​သည် ဝေး​သော​အရပ်​မှ လာ​ကြ​လိမ့်​မည်။ ကြည့်ဦး​လော့၊ ဤ​သူ​တို့​သည် မြောက်​မျက်​နှာ​နှင့် အနောက်​မျက်​နှာ​မှ​လည်း​ကောင်း၊ ဤ​သူ​တို့​သည် သိ​နိမ်​ပြည်​မှ​လည်း​ကောင်း လာ​ကြ​လိမ့်​မည်။

၁၃ အို ကောင်း​ကင်​တို့၊ သီ​ချင်း​ဆို​ကြ​လော့။ အို မြေ​ကြီး၊ ရွှင်​လန်း​အား​ရ​လော့။ အကြောင်း​မူ​ကား၊ အရှေ့​မျက်​နှာ​မှာ​ရှိ​သော သူ​တို့​၏​ခြေ​တို့​သည် ရပ်​တည်​ကြ​လိမ့်​မည်။ အို တောင်​များ​တို့၊ သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်​ကြ​လော့။ အကြောင်း​မူ​ကား၊ သူ​တို့​သည် ဒဏ်​ခတ်​မ​ခံ​ရ​ကြ​တော့​လတ္တံ့။ ကိုယ်​တော်​ရှင်​သည် မိမိ​လူ​မျိုး​တို့​ကို နှစ်​သိမ့်​စေ​တော်​မူ​၏။ ဆင်း​ရဲ​ခံ​ရ​သော​မိမိ​လူ​တို့​ကို ကရုဏာလည်းထား​တော်​မူ​၏။

၁၄ သို့​ရာ​တွင်၊ ရှု​လော့၊ ဇိအုန်​က ကိုယ်​တော်​ရှင်​သည် ငါ့​ကို စွန့်​ပစ်​တော်​မူ​ပြီ၊ ကိုယ်​တော်​ရှင်​သည် ငါ့​ကို မေ့​တော်​မူ​လေ​ပြီ—ဟု​ဆို​သော်​လည်း သူ​မေ့ခြင်းမရှိ​လေ​ကြောင်း​ပြ​တော်​မူ​လိမ့်​မည်။

၁၅ အကြောင်း​မူ​ကား၊ မိန်းမ​သည် မိမိ​ဖွား​သော​သား​ကို မ​သ​နား​သည့်​တိုင်​အောင်၊ မိမိ​နို့​စို့​သူ​ငယ်​ကို မေ့​နိုင်​သ​လော၊ အကယ်​၍၊ သူ​တို့​မေ့​သော်​လည်း၊ သင့်​ကို ငါ​မ​မေ့၊ အို ဣသရေလ​အမျိုး​သား​တို့။

၁၆ ရှု​လော့၊ ငါ​သည် ကိုယ့်​လက်​ဝါး​၌ သင့်​ကို စာ​ထိုး​ပြီ။ သင်​၏တံတိုင်း​သည် ငါ့​ရှေ့​မှာ အစဉ်​မပြတ်ရှိ​၏။

၁၇ သင်​၏​သား​သမီး​တို့​သည် သင့်​ကို​ဖျက်​ဆီး​သော​သူ​တို့​နှင့်​ဆန့်​ကျင်​၍ အလျင်​အမြန်​ပြု​ကြ​လိမ့်​မည်။ သင့်​ကို လု​ယူ​ဖျက်​ဆီး​သူ​တို့​သည် သင့်​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်။

၁၈ အရပ်​ရပ်​သို့ မျှော်​ကြည့်​လော့။ ဤ​သူ​ခပ်သိမ်း​တို့​သည် သူ​တို့​ကိုယ်​သူ​တို့ အတူ​တ​ကွ​စု​ဝေး​၍ သင့်​ထံ​သို့ လာ​ကြ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည်​ကား၊ ငါ​အသက်​ရှင်​သည်​ဖြစ်​၍၊ သင်​သည် တင့်​တယ်​သော​အဝတ်​ကို ဝတ်​သ​ကဲ့​သို့ ဤ​သူ​ခပ်သိမ်း​တို့​ကို ဝတ်​လိမ့်​မည်။ သ​တို့​သမီး ကဲ့​သို့​ပင် တန်ဆာ​ဆင်​လိမ့်​မည်။

၁၉ သင်​၌ သုတ်​သင်​ပယ်​ရှင်း​သော အရပ်​များ၊ ထို့​အတူ ပျက်​စီး​သော​ပြည်​သည် နေ​သူ​များ​ကြောင့် ယခုမှာပင် အလွန်​ကျဉ်း​လိမ့်​မည်။ သင့်​ကို ဝါး​မျို​သော​သူတို့​သည်လည်း ဝေး​ကြ​လိမ့်​မည်။

၂၀ သင်​၏​သား​ဦး​များ ဆုံး​ရှုံး​ပြီး​မှ၊ သင်​တစ်​ဖန် ရ​ပြန်​လိမ့်​မည့်​သား​တို့​က၊ ငါ့​အတွက် နေ​ရာ​သည် အလွန်​ကျပ်​တည်း​ပါ​၏။ နေ​စရာ​အရပ်​ကို ပေး​ပါ​ဟု သင့်​ကို တစ်​ဖန်​တောင်း​ကြ​လိမ့်​ဦး​မည်။

၂၁ သင်​က​လည်း၊ ဤ​သူ​တို့​ကို ငါ့​အတွက် အဘယ်​သူ​ဖွား​မြင်​စေ​သ​နည်း။ ငါ​သည် သား​ဆုံး​သော​သူ၊ ဆိတ်​ညံ​လျက်​နေ​ရ​သော​သူ၊ အကျဉ်း​သား၊ အရပ်​ရပ်​သို့​လည်​ရ​သော​သူ​ဖြစ်​၍၊ ဤ​သူ​တို့​ကို အဘယ်​သူ မွေး​စား​သ​နည်း။ ရှု​လော့၊ ငါ​သည် တစ်​ယောက်​တည်း​နေ​ရ​သူ​ဖြစ်​၍၊ ဤ​သူ​တို့​သည် အဘယ်​မှာ​ရှိ​ကြ​လေ​သ​နည်း​ဟု သင့်​စိတ်​နှ​လုံး​ထဲ​၌ တွေး​လိမ့်​မည်။

၂၂ ကိုယ်​တော်​ရှင်​ဘုရား​သခင် မိန့်​တော်​မူ​လေ​သည်​မှာ၊ ရှု​လော့ ငါ​သည် တ​ပါး​အမျိုး​သား​တို့​အား လက်​ကို​ချီ​၍ လူ​မျိုး​တို့​အား အလံ​ကို​ထူ​သဖြင့်၊ သူ​တို့​သည် သင်​၏​သား​များ​ကို လက်​နှင့်​ပွေ့​၍၊ သင်​၏​သမီး​များ​ကို ပခုံး​ပေါ်​မှာ​ထမ်း​၍ ဆောင်​ခဲ့​ကြ​လိမ့်​မည်။

၂၃ ရှင်​ဘုရင်​တို့​သည် သင်​တို့​၏ ကျွေး​ဖခင်​များ၊ မိဖုရား​တို့​သည် သင်​တို့​၏ ကျွေး​မွေး​စောင့်​ရှောက်​သော​မိခင်​များ ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ပျပ်​ဝပ်​၍၊ သင်​၏​ခြေမှ မြေ​မှုန့်​ကို လျက်​ကြ​လိမ့်​မည်။ ငါ​သည် ကိုယ်​တော်​ရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ ငါ့​ကို စောင့်​မျှော်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။

၂၄ အကြောင်း​မူ​ကား၊ လုယူရာ​ဥစ္စာ​ကို အား​ကြီး​သော​သူ​၏​လက်​မှ ယူ​ရ​မည်​လော၊ တရား​သော အကျဉ်း​သား​များ​ကို လွှတ်​ပေး​ရ​မည်​လော။

၂၅ သို့​ရာ​တွင်၊ ကိုယ်​တော်​ရှင် မိန့်​တော်​မူ​သည်​ကား၊ အကယ်​စင်​စစ် အား​ကြီး​သော​သူ​သိမ်း​သွား​သော အကျဉ်း​သား​တို့​ကို နှုတ်​ယူ​ရ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​သော​သူ လုယူရာ​ဥစ္စာ​ကို လွှတ်​ပေး​ရ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ သင်​နှင့်​ရန်​တွေ့​သော​သူ​ကို ငါ​သည်​ရန်​တွေ့​၍၊ သင်​၏​သား​သမီး​များ​ကို ကယ်​တင်​မည်။

၂၆ သင့်​ကို ညှဉ်း​ပန်း​နှိပ်​စက်​သော​သူ​တို့​ကို သူ​တို့​ကိုယ်​တိုင်​၏​အသား​နှင့် ငါ​ကျွေး​မည်။ ချို​သော​စပျစ်​ရည်​နှင့် ယစ်​မူး​သ​ကဲ့​သို့၊ သူ​တို့​ကိုယ်​တိုင်​၏​အသွေး​နှင့် သူ​တို့​ယစ်​မူး​ရ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍၊ ငါ​ကိုယ်​တော်​ရှင်​သည် သင်​၏​ကယ်​တင်​ရှင်၊ သင်​၏​ရွေး​နှုတ်ရှင်၊ ယာကုပ်​အမျိုး​၏ တန်​ခိုး​ကြီး​သော​ဘုရား​ဖြစ်​ကြောင်း​ကို ခပ်သိမ်းသောလူ​တို့​သိ​ရ​ကြ​လိမ့်​မည်။