ကျမ်းစာများ
၁ နီဖိုင်း ၂၀


အခန်းကြီး ၂၀

ကိုယ်​တော်​ရှင်​သည် သူ​၏​အကြံ​အစည်​တော်များ​ကို ဣသရေလ​အမျိုး​တို့​အား ဖော်​ပြ​တော်​မူ​၏—ဣသရေလ​အမျိုး​တို့​သည် ဆင်း​ရဲ​ဒုက္ခ​မီး​ပြင်း​ဖို​၌ ရွေးကောက်​ခံ​ရ​ပြီး၊ ဗာဗုလုန်​မြို့​မှ ထွက်​လာ​ကြ​၏—ဟေရှာယ​အခန်း​ကြီး ၄၈ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၈၈–၅၇၀ ခန့်။

အို ယာကုပ်​အမျိုး​သား​တို့၊ ဣသရေလ​အမျိုး​ဟု အခေါ်​ခံ​ရ​သော​သူ​တို့၊ ယုဒ​ရေ​မှ သို့​မ​ဟုတ် ဗတ္တိဇံ​ခံ​ရာ​ရေ​မှ​ထွက်​လာ​သော​သူ​တို့၊ ကိုယ်​တော်​ရှင်​၏​နာမ​တော်​ကို တိုင်​တည်​၍ ကျိန်​ဆို​သော​သူ​တို့၊ ဣသရေလ​အမျိုး​၏​ဘုရားသခင်​ကို ချီး​မွမ်း​သော​သူ​တို့၊ သို့​သော်​လည်း သစ္စာ​နှင့်​မ​ဟုတ်၊ ဖြောင့်​မတ်​ခြင်း​နှင့်​လည်း​မ​ဟုတ်​ဘဲ ကျိန်​ဆို​သော​သူ​တို့၊ ဤ​အမှု​ကို စေ့စေ့နား​ထောင်​၍ ကြား​နာ​ကြ​လော့။

အဘယ်​သို့​ပင်​ဖြစ်​စေ၊ သူ​တို့​သည် မိမိ​တို့​ကိုယ်​ကို သန့်​ရှင်း​သော​မြို့ ၌ နေ​ကြ​သူ​များ​ဟု ခေါ်​ကြ​သော်​လည်း ကောင်း​ကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​ဖြစ်​သည့် ဣသရေလ​အမျိုး​၏​ဘုရားသခင်​ကို မ​မှီ​ခို​ကြ။ ကောင်း​ကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​ဟူ​သည်​ကား သူ​၏​နာမ​တော်​ဖြစ်​၏။

ရှု​လော့၊ ဖြစ်​ဖူး​သော​အရာ​တို့​ကို ရှေး​ဦး​စွာ​က​တည်း​က သင်​တို့​ကို ငါ​ဟော​ကြား​လေ​ပြီ။ ထို​အရာ​တို့​သည် ငါ့​နှုတ်​မှ​ထွက်​ပြီး၊ ငါ​ဖော်​ပြ​၏။ ငါ​သည် ထို​အရာ​တို့​ကို ချက်​ချင်း​ဖော်​ပြ​၏။

သင်​သည် ခေါင်း​မာ​လျက်၊ သင်​၏​လည်​ပင်း​သည် သံ​ချောင်း​ဖြစ်​၍၊ သင်​၏​နဖူး​ကား၊ ကြေး​ဝါ ဖြစ်​သည်​ကို ငါ​သိ​သော​ကြောင့်၊ ထို​အရာ​ကို ငါ​ပြု​တော်​မူ​၏။

ထို့​အတူ၊ ရှေး​ဦး​စွာကတည်းကပင်၊ သင့်​ကို ငါ​ဟော​လေ​ပြီ။ ထို​အမှု​မ​ဖြစ်​မီ သင့်​ကို ငါ​ဖော်​ပြ​ပြီ။ ငါ​၏​ရုပ်​တု​သည် ဤ​အမှု​ကို​ပြု​ပြီ၊ ငါ​ထု​သော​ရုပ်​တု၊ ငါ​သွန်း​သော​ရုပ်​တု​သည် ဤ​အမှု​ကို​စီ​ရင်​ပြီ​ဟု—သင်​ပြော​မည်​ကို စိုး​ရိမ်​ကြောင့်​ကြ​သော​ကြောင့် ထို​အမှု​များ​ကို ငါ​ဖော်​ပြ​ပြီ။

သင်​သည် ဤ​အမှု​အလုံး​စုံ​တို့​ကို မြင်​ရ၊ ကြား​ရ​လေ​ပြီ။ ထို​အရာများ​ကို သင်​မ​ပြော​ကြား​ဘဲ​နေ​မည်​လော။ ထို့​အတူ၊ ယ​ခု​မှ​စ​၍ အမှန်​စင်​စစ်၊ အသစ်​သော​အရာ၊ ဝှက်​ထား​သော​အရာများ​ကို ငါ​ဖော်​ပြ​လေ​ပြီ။ ထို​အရာများ​ကို သင်​မ​သိ။

ထို​အရာများ​ကို ယ​ခု​ပင်​ဖန်​ဆင်း​၏၊ ရှေး​ဦး​စွာ​ကတည်းက ဖန်​ဆင်း​သည်​မ​ဟုတ်၊ ထို​အရာ​များ​ကို သင်​မ​ကြား​ဖူး​ခင်​ကာ​လ​၌​ပင် သင့်​အား ဟော​ကြား​ထား​လေ​သည်​မှာ—ရှု​လော့၊ ထို​အရာ​များ​ကို ငါ​သိ​လေ​၏​ဟု သင်​မ​ပြော​နိုင်​စေ​ခြင်း​ငှာ​ပေ​တည်း။

ထို​မှ​တစ်​ပါး၊ သင်​သည် မ​ကြား​စ​ဖူး၊ သင်​သည် မ​သိ​စ​ဖူး။ ထို​မှ​တစ်​ပါး၊ သင်​၏​နား​သည် ယ​ခင်​က​မ​ပွင့်။ အကြောင်း​မူ​ကား၊ သင်​သည် အလွန်​သစ္စာ​ပျက်​လိမ့်​မည်။ အမိ​ဝမ်း​ထဲ​မှ​စ​၍ လွန်​ကျူး​သော​သူ​ဟူ​၍ အခေါ်​ခံရလေသည်​ကိုလည်း ငါ​သိ​၏။

သို့​သော်​လည်း၊ သင့်​ကို​မ​ပယ်​မ​ဖြတ်​ခြင်း​ငှာ၊ ငါ​သည် ကိုယ့်​နာမ​အတွက် ကိုယ့်​အမျက်​ကို ချုပ်တည်း​မည်။ ကိုယ်​ဂုဏ်​အသ​ရေ​အတွက် သင့်​ကို ငါ​သည်း​ခံ​မည်။

၁၀ အကြောင်း​မူ​ကား၊ ရှု​လော့၊ ငါ​သည်​သင့်​ကို စစ်​ခဲ့​ပြီ။ ငါ​သည် ဆင်း​ရဲ​ဒုက္ခ​မီး​ပြင်း​ဖို​၌ သင့်​ကို ရွေးကောက်​ခဲ့​ပြီ။

၁၁ ကိုယ့်​အတွက်၊ အကယ်​စင်​စစ် ကိုယ့်​အတွက် ဤ​အရာ​ကို ငါ​ပြု​ဦး​မည်။ အကြောင်း​မူ​ကား၊ ငါ​၏​နာမ​တော်​အား ညစ်​ညူး​စေ​ခြင်း​ကို ငါ​အခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်။ ငါ​၏​ဘုန်း​တော်​ကို တခြားသူအား ငါ​ပေး​မည်​မ​ဟုတ်။

၁၂ အို ယာကုပ်၊ ငါ​ခေါ်​သော​ဣသရေလ၊ ငါ့​ကို​စေ့စေ့နား​ထောင်​လော့။ အကြောင်း​မူ​ကား၊ ငါ​သည် ထို​သူ​ဖြစ်​၏။ ငါ​သည် အဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ​လည်း​ဖြစ်​၏။

၁၃ ငါ့​လက်​သည်​လည်း မြေ​ကြီး​အုတ်​မြစ်​ကို ချ​ခဲ့​လေ​ပြီ။ ငါ့​လက်ယာ​လက်​သည် ကောင်း​ကင်​ကို ကြက်​လေ​ပြီ။ ငါ​ခေါ်​၍ သူ​တို့​အတူ​တ​ကွ​ပေါ်​လာ​ကြ​၏။

၁၄ ရှိ​သ​မျှ​သော​သင်​တို့၊ သင်တို့ကိုယ်သင်တို့စည်း​ဝေး​၍​ကြား​နာ​ကြ​လော့၊ ဤ​အမှု​အရာများ​ကို သူ​တို့​တွင် အဘယ်​သူ​သည် ရှေး​မ​ဆွ​က​ထို​သူ​တို့​အား ဟော​ကြား​နှင့်​သ​နည်း။ ကိုယ်​တော်​ရှင်​သည် ထို​သူ​ကို​ချစ်​တော်​မူ​၏။ ထို​မှ​တစ်​ပါး၊ သူ​သည် ထို​သူ​တို့​အား​ဖြင့်​ဟော​ကြား​လေ​သည့် သူ​၏​နှုတ်​က​ပတ်​တော်​ကို ပြီး​ပြည့်​စုံ​စေ​လိမ့်​မည်။ သူ​သည် ဗာဗုလုန်​မြို့ ၌ အလို​တော်​ကို​ပြည့်​စုံ​စေ​မည်။ သူ​၏​လက်​သည်​လည်း ခါလဒဲ​လူ​တို့​အပေါ်​သို့ ရောက်​လိမ့်​မည်။

၁၅ ငါ​ကိုယ်​တော်​ရှင်​အမိန့်​တော်​ရှိ​ပြီ။ အကယ်​စင်​စစ် ဟော​ပြော​စေ​ခြင်း​ငှာ သူ့​ကို​ငါ​ခေါ်​ပြီ။ သူ့​ကို ငါ​ဆောင်​ယူ​တော်​မူ​ခဲ့​ပြီ။ သူ​သွား​သော​လမ်း​၌ အောင်မြင်ရ​လိမ့်​မည်​ဟု​လည်း ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​လေ​၏။

၁၆ ငါ့​ထံ​သို့ ချဉ်း​ကပ်​ကြ​လော့။ ရှေး​ဦး​စွာ​ကတည်းက ငါ​သည် တိတ်​ဆိတ်​စွာ​မ​ဟော။ အမှု​ဖြစ်​စ​ကာလကတည်းက ဟော​လျက် ငါ​မိန့်​တော်​မူ​ခဲ့​လေ​၏။ ကိုယ်​တော်​ရှင်​ဘုရားသခင်​နှင့် သူ​၏​ဝိညာဉ်​တော်​သည်​လည်း ငါ့​ကို စေ​လွှတ်​တော်​မူ​၏။

၁၇ ထို့​အတူ၊ ကိုယ်​တော်​ရှင်၊ သင်၏​ရွေး​နှုတ်ရှင်၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သူ့​ကို​စေ​လွှတ်​တော်မူလေပြီ၊ သင်​၏​အကျိုး​နှင့်​ယှဉ်​သော​အရာ​ကို သွန်​သင်​သူ၊ သင်​သွားရမည့်​လမ်း​ဖြင့် ပို့​ဆောင်​သူ သင်​၏​ဘုရားသခင်​ကိုယ်​တော်​ရှင်သည် ထို​အမှု​ကို ပြု​တော်​မူ​လေ​ပြီ။

၁၈ အို သင်​သည် ငါ​၏​ပညတ်​တော်များ​ကို စေ့စေ့နား​ထောင်​ပါ​စေ​သော—သို့​ပြု​လျှင်၊ သင်​၏​ငြိမ်း​ချမ်း​ခြင်း​သည် မြစ်​ကဲ့​သို့​လည်း​ကောင်း၊ သင်​၏​ဖြောင့်​မတ်​ခြင်း​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

၁၉ သင်​၏​အမျိုး​အနွယ်​သည် သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ သင်​၏​သား​မြေး​တို့​သည် ပင်​လယ်​ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​ကြ​လိမ့်​မည်။ သင်​၏​နာမ​သည် ငါ့​ရှေ့​မှာ​မ​ပြတ်၊ မ​ပျက်​စီး​ရ။

၂၀ ဗာဗုလုန်​မြို့​ထဲ​က​ထွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​သံ​နှင့် ခါလဒဲ​လူ​တို့​နေ​ရာ​မှ ပြေး​ကြ​လော့။ ဤ​သ​တင်း​စကား​ကို မြေ​ကြီး​စွန်း​တိုင်​အောင် ပြန်​ပြော​မြွက်​ဆို​၍ အသံ​ကို လွှင့်​ကြ​လော့။ ကိုယ်​တော်​ရှင်​သည် သူ့​ကျွန်​ယာကုပ်​ကို ရွေး​နှုတ်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လော့။

၂၁ သူ​တို့​သည် ရေ​မ​ငတ်​ကြ။ ထို​သူ​တို့​အား သဲကန္တာရ​ကို ဖြတ်​၍၊ သူ​ဆောင်​သွား​တော်​မူ​၏။ သူ​တို့​အဖို့ ကျောက်​ထဲ​က​ရေ​ကို စီး​ထွက်စေ​တော်​မူ​၏။ ကျောက်​ကို​လည်း ခွဲ​တော်​မူ​သ​ဖြင့်၊ ရေ​သည် ပန်း​ထွက်​လေ​၏။

၂၂ ဤ​အရာ​အား​လုံး​နှင့် ပို​၍​ကြီး​မြတ်​သည့်​အရာ​ကို ပြု​လေ​တော်​မူ​သော်​ငြား​လည်း ဆိုး​ညစ်​သော​သူ​တို့​၌ ငြိမ်း​ချမ်း​ခြင်း​မ​ရှိ​ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​၏။