ကျမ်းစာများ
၁ နီဖိုင်း ၂


အခန်းကြီး ၂

လေဟိ​သည် သူ့​မိသားစု​ကို ဧဒုံ​ပင်​လယ်​နား​ရှိ တော​ရိုင်း​ထဲ​သို့ ခေါ်​ဆောင်​၏—သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​ချန်​ထား​ရစ်​ကြ​၏—လေဟိ​သည် ကိုယ်​တော်​ရှင်​အား ယဇ်​ကို ပူ​ဇော်​၍၊ သူ​၏​သား​များ​အား ပညတ်​တော်​များ​ကို စောင့်​ထိန်း​ကြရန် သွန်​သင်​၏—လာမန်​နှင့် လေမွေလ​တို့​သည် သူ​တို့​၏​အဘ​ကို ဆန့်​ကျင်​၍​ညည်း​ညူ အပြစ်​တင်​ကြ​၏—နီဖိုင်း​သည် နာ​ခံ​လျက်၊ ယုံ​ကြည်​ခြင်း​ဖြင့် ဆု​တောင်း​၏။ ကိုယ်​တော်​ရှင်​သည် သူ့​ကို​စကား​မြွက်​ဆို​တော်​မူ​၏။ သူသည် သူ၏အစ်​ကိုတို့​အပေါ် အုပ်​စိုး​စေရန် ရွေး​ကောက်​ခံ​ရ​၏။ ဘီစီ ၆၀၀ ခန့်။

ရှု​လော့၊ အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​သည် ငါ​၏​အဘ​ကို မြွက်​ဆို​တော်​မူ​၍၊ အထူး​သ​ဖြင့်၊ အိပ်​မက်​အား​ဖြင့်​ပင် မိန့်​တော်​မူ​လေ​သည်​ကား၊ အသင်​လေဟိ​သည် ပြု​လေ​သော အမှု​များ​ကြောင့် မင်္ဂလာ​ရှိ​၏။ သင်​သည် သစ္စာ​ရှိ​၍၊ ငါ​မိန့်​တော်​မူ​သည့်​အရာ​တို့​ကို ဤ​လူ​မျိုး​တို့​အား ဟော​ကြား​သော​ကြောင့်​လည်း ရှု​လော့၊ သူ​တို့​သည် သင်​၏​အသက်​ကို နှုတ်​ယူ​ရန် ကြိုး​စားအားထုတ်​ကြ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​သည် ငါ့​အဘ​အား၊ သူ့​မိသားစု​ကို ခေါ်​ဆောင်​၍၊ တော​ရိုင်း​ထဲ​သို့ ထွက်​ခွာ​သွား​ရ​မည့်​အကြောင်း အိပ်​မက်​အား​ဖြင့်​ပင် မိန့်​တော်​မူ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သည် ကိုယ်​တော်​ရှင်​၏ နှုတ်​က​ပတ်​တော်​ကို နာ​ခံ​၏။ သို့​ဖြစ်​၍၊ သူ​သည် ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည့်​အတိုင်း ဆောင်​ရွက်​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သည် တော​ရိုင်း​ထဲ​သို့ ထွက်​ခွာ​သွား​၏။ သူ​၏​အိမ်၊ ထို့​အတူ သူ​၏​အမွေ​ခံ​ရာ​မြေ၊ ထို့​အတူ သူ​၏​ရွှေ၊ ထို့​အတူ သူ​၏​ငွေ​နှင့် သူ​၏ အဖိုး​ထိုက်​သော အရာများကို ချန်​ထား​လျက်၊ သူ​၏​မိ​သား​စု၊ ရိက္ခာ​များ​နှင့် တဲ​များ​မှ​တစ်​ပါး၊ အဘယ်​အရာ​ကို​မျှ​မ​ယူ​ဘဲ၊ တော​ရိုင်း​ထဲ​သို့ ထွက်​ခွာ​သွား​၏။

သူ​သည် ဧဒုံ​ပင်လယ်​ကမ်း​အနီး​နယ်​နိမိတ်​နား​သို့ ဆင်း​လာ​၏။ ဧဒုံ​ပင်လယ်​နှင့် ပို​၍​နီး​သော နယ်​နိမိတ်​အရပ်​တွင် တော​ရိုင်း​ထဲ​၌ သူ​ခ​ရီး​သွား​၏။ ငါ​၏​အမိ​စာရိယ၊ လာမန်၊ လေမွေလ​နှင့် ရှမ် တည်း​ဟူ​သော ငါ​၏​အစ်​ကို​ကြီး​များ ပါ​ဝင်​သည့် သူ့​မိသားစု​နှင့် တော​ရိုင်း​ထဲ​၌ ခရီး​သွား​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သည် တော​ရိုင်း​ထဲ​၌ သုံး​ရက်​ကြာ ခရီး​သွား​လေ​ပြီးမှ၊ ရေ​စီး​ရာ​မြစ်​ဘေး​ရှိ ချိုင့်​ဝှမ်း​ထဲ​၌ သူ​၏​တဲ​ကို ဆောက်​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သည် ကျောက်​ယဇ်​ပလ္လင်​ကို​တည်​၍၊ ကိုယ်​တော်​ရှင်​အား ပူ​ဇော်​သက္ကာ​ပြု​လျက်၊ ငါ​တို့​၏​ဘုရားသခင်​ကိုယ်​တော်​ရှင်​အား ကျေး​ဇူး​တော်​ချီး​မွမ်း​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သည် မြစ်​၏​အမည်​ကို လာမန်​ဟု​ခေါ်​၏။ ၎င်း​သည် ဧဒုံ​ပင်​လယ် အတွင်း​သို့ စီး​ဆင်း​၏။ ချိုင့်​ဝှမ်း​သည်​လည်း မြစ်​ဝ​အနီး နယ်​နိမိတ်​အရပ်​၌​ရှိ​၏။

ငါ​၏​အဘ​သည် မြစ်​ရေ​များ ဧဒုံ​ပင်​လယ်​ဝ​သို့ စီး​ဆင်း​သည်​ကို မြင်​သော​အခါ၊ လာမန်​အား၊ အို သင်​သည် ဤ​မြစ်​ကဲ့​သို့​ဖြစ်​ပါ​စေ၊ ဖြောင့်​မတ်​ခြင်း​ခပ်သိမ်း​တို့​၏​စမ်း​ရေ​တွင်း​သို့ အစဉ်​မ​ပြတ် စီး​ဝင်​နေ​လော့​ဟု​ဆို​၏။

၁၀ လေမွေလ​ကို​လည်း၊ အို သင်​သည် ဤ​ချိုင့်​ဝှမ်း​ကဲ့​သို့​ဖြစ်​ပါ​စေ၊ ကိုယ်​တော်​ရှင်​၏ ပညတ်​တော်​များ​ကို စောင့်​ထိန်း​ရာ​၌၊ ခိုင်​မာ​လျက်၊ မြဲ​မြံ​ပြီး မ​တိမ်း​ယိမ်း​ဘဲ​ရှိ​လော့​ဟု ဆို​၏။

၁၁ ယ​ခု​တွင်၊ ဤ​အမှု​ကို သူ​ပြော​ရ​ခြင်း​မှာ၊ လာမန်​နှင့် လေမွလ​တို့​၏ လည်​ပင်း​ခိုင်​မာ​ခြင်း​ကြောင့်​ပင်​တည်း။ အကြောင်းမူကား၊ ရှု​လော့၊ သူ​တို့​သည် များ​စွာ​သော​အရာ​တို့​၌၊ သူ​တို့၏​အဘ​ကို ဆန့်​ကျင်​ညည်း​ညူ အပြစ်​တင်​ကြ​၏။ သူ​သည် ရူပါရုံ​ရ​သူ​တစ်​ယောက်​ဖြစ်​၍၊ သူ​တို့​၏​အမွေ​ခံ​ရာ​မြေ၊ ထို့​အတူ သူ​တို့​၏​ရွှေ၊ ထို့​အတူ သူ​တို့​၏​ငွေ​နှင့် သူ​တို့​၏​အဖိုး​ထိုက်​သော​အရာ​များ​ကို စွန့်ခွာစေရန်၊ တောရိုင်း​ထဲ​၌ ပျက်​စီး​စေရန် သူ​တို့​ကို ယေရုရှလင်​နယ်​မြေ​မှ ဆောင်​လေ​ပြီ။ ဤ​ကဲ့​သို့ သူ​ပြု​ခြင်း​သည်​လည်း သူ့​စိတ်​နှလုံး​၏​မိုက်​မဲ​သော စိတ်​ကူး​အကြံ​အစည်​များ​ကြောင့်​ပေ​တည်း​ဟု သူ​တို့​ဆို​ကြ​၏။

၁၂ ထို​ကဲ့​သို့​အား​ဖြင့်၊ လာမန်​နှင့် လေမွလ​တို့​သည် အစ်​ကို​အကြီး​ဆုံး​ဖြစ်​လျက် သူ​တို့​၏​အဘ​ကို ဆန့်​ကျင်​၍ ညည်း​ညူ အပြစ်​တင်​ကြ​၏။ သူ​တို့​ကို ဖန်​ဆင်း​တော်​မူ​လေ​သည့် ဘုရားသခင်​၏ အမှုတော်များကို မသိ​ကြ​သော​ကြောင့်​လည်း ညည်း​ညူ​အပြစ်​တင်​ကြ​၏။

၁၃ ပရောဖက်​တို့​၏​စကား​များ​အတိုင်း ယေရုရှလင်​မြို့​ကြီး ဖျက်​ဆီး​ခံ​ရ​နိုင်​သည်​ကို​လည်း သူ​တို့​မ​ယုံ​ကြည်​ကြ။ ငါ့​အဘ​၏​အသက်​ကို နှုတ်​ယူ​ရန် ကြိုး​စား​အား​ထုတ်​ကြ​သည့် ယေရုရှလင်၌ ရှိ​လေ​သော ယုဒ​လူမျိုး​များ​ကဲ့​သို့​ပင် ဖြစ်​ကြ​၏။

၁၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​၏​အဘ​သည် ဝိညာဉ်​တော်​နှင့်​ပြည့်​စုံ​လျက် လေမွေလ​ချိုင့်​ဝှမ်း​၌ သူ့​ရှေ့​မှာ သူ​တို့​တုန်​လှုပ်​သည့်​တိုင်​အောင်၊ အာ​ဏာ​နှင့်​ပြော​၏။ သူ​တို့​ကို အရှက်​ရ​စေ​သော​ကြောင့်​လည်း သူ့​ကို ဆန့်​ကျင်၍​မ​ပြော​ဝံ့​ကြ။ သို့​ဖြစ်​၍၊ သူ​ခိုင်း​သည့်​အတိုင်း ပြု​ကြ​၏။

၁၅ ငါ့​အဘ​သည်​လည်း တဲ​တစ်​လုံး​ထဲ​၌ နေ​ထိုင်​၏။

၁၆ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် အသက်​အလွန်​ငယ်​သော်​လည်း အရပ်​အမောင်း​ကောင်း​ပြီး၊ ဘုရားသခင်​၏​နက်​နဲ​သော​အရာ​တို့​အကြောင်း​ကို သိ​ခြင်း​ငှာ ကြီး​စွာ​သော​အလို​ဆန္ဒ​လည်း​ရှိ​၏။ သို့​ဖြစ်​၍၊ ငါ​သည် ကိုယ်​တော်​ရှင်​ထံ​သို့ တောင်း​လျှောက်​၏။ ရှု​ဦး​လော့၊ ကိုယ်​တော်​ရှင်​က​လည်း ငါ့​ကို အကြည့်​အရှု​ကြွ​တော်​မူ​၍၊ ငါ့​စိတ်​နှလုံး​ကို ပျော့​ပျောင်း​စေ​တော်​မူ​သ​ဖြင့်၊ ငါ့​အဘ​ပြော​ထား​သည့် စကား​မှန်​သ​မျှ​ကို ငါ​ယုံ​ကြည်​၏။ သို့​ဖြစ်​၍၊ ငါ​သည် ငါ​၏​အစ်​ကို​များ​ကဲ့​သို့ သူ့​ကို ဆန့်​ကျင်​ပုန်​ကန်​ခြင်း​မ​ရှိ။

၁၇ ကိုယ်​တော်​ရှင်​က သူ​၏​သန့်​ရှင်း​သော​ဝိညာဉ်​တော်​ဖြင့် ငါ့​ကို ထင်​ရှား​စွာ​ပြ​တော်​မူ​သည့်​အရာ​များ​ကို​လည်း ငါ​သည် ရှမ်​ကို ဖော်​ပြ​၍​ပြော​ဆို​၏။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​၏​စကား​များ​ကို သူ​ယုံ​ကြည်​၏။

၁၈ သို့​ရာ​တွင်၊ ရှု​လော့၊ လာမန်​နှင့် လေမွေလ​တို့​သည် ငါ​၏​စကား​များ​ကို စေ့စေ့နား​မ​ထောင်​လို​ကြ။ သူ​တို့​စိတ်​နှလုံး​၏​မာ​ကျော​ခြင်း​ကြောင့်၊ ငါ​သည် ဝမ်း​နည်း​ပူ​ဆွေး​လျက်၊ သူ​တို့​အတွက် ကိုယ်​တော်​ရှင်​ထံ​သို့ တောင်း​လျှောက်​၏။

၁၉ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​မြွက်​ဆို​၍၊ မိန့်​တော်​မူ​လေ​သည်​ကား၊ အသင်​နီဖိုင်း​သည် ယုံ​ကြည်​ခြင်း​ကြောင့် မင်္ဂလာ​ရှိ​၏။ အကြောင်း​မူ​ကား၊ သင်​သည် စိတ်​နှလုံး​နှိမ့်​ချ​ခြင်း​နှင့် ငါ့​ကို လုံ့​လ​ဝီ​ရိ​ယ​ထက်​သန်​စွာ​ရှာ​လေ​ပြီ။

၂၀ သင်​သည် ငါ​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​သ​မျှ၊ အောင်မြင်​လိမ့်​မည်။ ကတိ​တော်​မြေ​သို့​လည်း၊ အထူး​သ​ဖြင့်၊ သင့်​အတွက် ငါ​ပြင်​ဆင်​ထား​သည့်​ပြည်၊ အထူး​သ​ဖြင့်၊ အခြား​သော​ပြည်​များ​အား​လုံး​ထက် အမြတ်​ဆုံး​ဖြစ်​သည့်​ပြည်​သို့​ပင် ပို့​ဆောင်​ခံ​ရ​လိမ့်​မည်။

၂၁ သင်​၏​အစ်​ကို​တို့​သည်​လည်း သင့်​ကို ဆန်​ကျင်​ပုန်​ကန်​ကြ​သ​မျှ၊ ကိုယ်​တော်​ရှင်​၏ မျက်​မှောက်​မှ ပယ်​ရှင်း​ခံ​ရ​ကြ​လိမ့်​မည်။

၂၂ သင်​သည်​လည်း ငါ​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​သ​မျှ၊ သင်​၏​အစ်​ကို​တို့​အပေါ် အုပ်​စိုး​သူ​နှင့် ဆရာ​ဖြစ်​ရ​လိမ့်​မည်။

၂၃ အကြောင်း​မူ​ကား၊ ရှု​လော့၊ ငါ့​ကို သူ​တို့​ဆန့်​ကျင်​ပုန်​ကန်​သော​ထို​ကာ​လ​၌ သူ​တို့​ကို ပြင်း​ထန်​သော​ကျိန်​ခြင်း​ဖြင့်​ပင် ငါ​ကျိန်​တော်​မူ​မည်။ သင်​၏​အမျိုး​အနွယ်​တို့​သည်​လည်း ငါ့​ကို ဆန့်​ကျင်​ပုန်​ကန်​ခြင်း​မ​ရှိ​ကြ​လျှင်၊ ထို​သူ​တို့​က​အစိုး​ရ​သော​အခွင့်​ကို ရ​ကြ​မည်​မ​ဟုတ်။

၂၄ အကယ်​၍၊ ငါ့​ကို ဆန်​ကျင်​ပုန်​ကန်​ကြ​လျှင်​လည်း၊ ထို​သူ​တို့​သည် သင်​၏​အမျိုး​အနွယ်​များ​အဖို့ ငါ့​ကို သတိ​ရ​ကြ​စေ​ခြင်း​ငှာ၊ နှိုး​ဆော်​ရာ ကျာ​ပွတ်​ဖြစ်​လိမ့်​မည်။