ကျမ်းစာများ
၁ နီဖိုင်း ၁၆


အခန်းကြီး ၁၆

ဆိုး​ညစ်​သူ​တို့​သည် သမ္မာ​တရား​ကို ခက်​ထန်​သည်​ဟု မှတ်​ယူ​ကြ​၏—လေဟိ​၏​သား​များ​သည် ဣရှမေလ​၏​သမီး​များ​နှင့် အိမ်​ထောင်​ဖက်​ပြု​ကြ​၏—လိယဟော်နာ​သည် တော​ရိုင်း​ထဲ​၌ သူ​တို့​ကို လမ်း​ပြ​၏။ ကိုယ်​တော်​ရှင်​၏​တရား​စ​ကား​များ​ကို လိယဟော်နာ​ပေါ်​၌ အ​ချိန်​နှင့်​အ​မျှ​ရေး​ထား​၏—ဣရှမေလ​သေ​၏။ သူ​၏​မိ​သား​စု​သည် ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် ညည်း​ညူ​အ​ပြစ်​တင်​ကြ​၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။

ယ​ခု​မူ​ကား၊ အ​ချိန်​တန်​လာ​သော​အ​ခါ၊ ငါ​နီဖိုင်း​သည် ငါ့​အစ်​ကို​တို့​အား ပြော​ဆို​ခြင်း​ကို လက်​စ​သတ်​ခဲ့​လေ​ပြီး​နောက်၊ ရှု​လော့၊ သူ​တို့သည် ငါ့အား သင်​သည် ငါ​တို့​ခံ​နိုင်​သည်​ထက်​ပို​၍၊ ခက်​ခဲ​သော​အ​ရာ​များ​ကို ဟော​ကြား​သည်​ဟု ဆို​ကြ​၏။

ဤ​သို့​အား​ဖြင့်​အ​ချိန်​တန်​လာ​သော​အ​ခါ၊ သူ​တို့​ကို ငါ​ဆို​သည်​ကား၊ ဆိုး​ညစ်​သော​သူတို့​ကို ဆန့်​ကျင်​၍၊ ခက်​ခဲ​သော​အ​ရာ​များ​ကို သမ္မတရားအတိုင်း ငါ​ပြော​ကြောင်း ငါ​သိ​၏။ ငါ​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို အ​ပြစ်​ကင်း​စေ​လျက်၊ နောက်​ဆုံး​သော​နေ့​၌ ချီး​မြှောက်​တော်​မူ​ခြင်း​ခံ​ရ​ကြ​မည့်​အ​ကြောင်း​ကို သက်​သေ​ခံ​၏။ သို့​ဖြစ်​၍၊ အပြစ်​ရောက်​သော​သူ​တို့​သည် သမ္မာ​တရား​ကို ခက်​ထန်​သည်​ဟု မှတ်​ယူ​ကြ​၏။ အ​ကြောင်း​မူ​ကား၊ ထို​တရား​သည် သူ​တို့အား အလယ်ဗဟိုကို ထိ​၏​ဟု ငါ​ဆို​၏။

ယ​ခု​မူ​ကား၊ ငါ​၏​အစ်​ကို​တို့၊ သင်​တို့​သည် ဘုရားသခင်​ရှေ့၌ ဖြောင့်​မတ်​စွာ​ကျင့်​နိုင်​ခြင်း​ငှာ၊ ဖြောင့်​မတ်​၍၊ သမ္မာ​တရား​ကို စေ့စေ့နားထောင်ရန် လို​လို​လား​လား​ရှိ​ကြ၊ ထို့အတူ ပမာဏပြုကြလျှင်၊ သမ္မာ​တ​ရား​ကြောင့် ညည်း​ညူ​အ​ပြစ်​တင်​လိုကြမည်​မ​ဟုတ်​၊ သင်​သည် ငါ​တို့​နှင့်​ဆန့်​ကျင်​၍၊ ခက်​ခဲ​သော​အရာ​များ​ကို ပြော​သည်​ဟု ဆို​ကြ​လိမ့်​မည်လည်း​မ​ဟုတ်။

ဤ​သို့​အား​ဖြင့်​အ​ချိန်​တန်​လာ​သော​အ​ခါ၊ ငါ​နီဖိုင်း​သည် ငါ​၏​အစ်​ကို​တို့​အား ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​ရန် လုံ့​လဝီ​ရိ​ယရှိသမျှနှင့်​တိုက်​တွန်း​၏။

ဤ​သို့​အား​ဖြင့်​အ​ချိန်​တန်​လာ​သော​အ​ခါ၊ သူတို့သည် ကိုယ်​တော်​ရှင်​ရှေ့၌ သူ​တို့​ကိုယ်​သူ​တို့ နှိမ့်​ချ​ကြ​သ​ဖြင့်၊ သူ​တို့​အတွက် ငါ့​၌ ဝမ်း​မြောက်​ခြင်း​နှင့် ကြီး​စွာ​သော မျှော်​လင့်​ခြင်း​ရှိ​သည်​မှာ၊ ဖြောင့်​မတ်​ခြင်း​လမ်းကြောင်းများ​သို့ သူ​တို့လိုက်လိုကြ​မည့်​အ​ကြောင်း​ပေ​တည်း။

ယ​ခု​မူ​ကား၊ ဤ​အရာခပ်သိမ်း​တို့​ကို ပြော​ခဲ့၊ ဖြစ်​ခဲ့​လေ​သည်​မှာ ငါ့​အဘ​သည် လေမွေလ​ဟု သူခေါ်​လေ​သည့်​ချိုင့်​ဝှမ်း​ရှိ​တဲ​၌ နေ​ထိုင်​စဉ်က​ဖြစ်​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် ဣရှမေလ​၏​သမီး​များ​ထဲ​မှ တစ်​ယောက်​နှင့် အိမ်​ထောင်​ဖက်​ပြု​၏။ ငါ​၏​အစ်​ကို​တို့​သည်​လည်း ဣရှမေလ​၏​သမီး​တို့​နှင့် အိမ်​ထောင်​ဖက်​ပြု​ကြ​၏။ ဇော်ရမ်​သည်​လည်း ဣရှမေလ​၏​သမီး​အကြီး​ဆုံး​နှင့် အိမ်​ထောင်​ဖက်​ပြု​၏။

ထို​ကဲ့​သို့​အား​ဖြင့်၊ ငါ့​အဘ​သည် သူ့​အား ပေး​ထား​လေ​သည့်၊ ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​မှန်​သ​မျှ​ကို ပြီး​ပြည့်​စုံ​စေ​၏။ ငါ​နီဖိုင်း​သည်​လည်း ကိုယ်​တော်​ရှင်​၏ ကောင်း​ချီး​ပေး​ထား​တော်​မူ​ခြင်း​ကို လွန်​စွာ​ခံ​စား​ရ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ညဉ့်​အခါ​၌ ကိုယ်​တော်​ရှင်​၏​အသံ​သည် ငါ့​အဘ​ကို မြွက်​ဆို​၍ နက်​ဖြန်​နေ့​၌ တော​ရိုင်း​ထဲ​သို့ ခရီး​သွား​ရ​လိမ့်​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​၏။

၁၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ့​အဘ​သည် နံ​နက်​ခင်း၌ ထ​၍ တဲ​တံခါး​ဆီ​သို့​သွား​လျှင်၊ အနု​စိတ်​လက်​ရာ​ဖြင့်​ပြု​လုပ်​ထား​သော လုံး​ဝန်း​သည့် အလုံး​ကို မြေ​ကြီး​ပေါ်​၌ မြင်​ရ​၍ ကြီး​စွာ​အံ့​ဩ​၏။ ထို​အရာ​ကို သန့်​စင်​သော​ကြေး​နှင့် ပြု​လုပ်​ထား​၏။ ထို​အလုံး​အတွင်း​၌ ဝင်​ရိုး​နှစ်​ချောင်း​ရှိ​၏။ တောရိုင်း​ထဲ​သို့ ငါ​တို့​သွား​ရ​မည့်​အရပ်​ကို ဝင်​ရိုး​တစ်​ချောင်း​က ညွှန်​ပြ​၏။

၁၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် တော​ရိုင်း​ထဲ​သို့ သယ်​ဆောင်​သွား​ရ​မည့် ပစ္စည်း​မှန်​သ​မျှ​နှင့် ငါ​တို့​ကို ကိုယ်​တော်​ရှင်​ပေး​တော်​မူ​ခဲ့​လေ​သည့်​ရိက္ခာ​များ​မှ အကြွင်း​အကျန်​အား​လုံး​ကို အ​တူ​တ​ကွ​စု​ဆောင်း​ကြ​၏။ ငါ​တို့​သည် မျိုး​စေ့​အမျိုး​မျိုး​ကို​လည်း တော​ရိုင်း​ထဲ​သို့ သယ်​ဆောင်​သွားခြင်းငှာ ယူ​ခဲ့​ကြ​၏။

၁၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ငါ​တို့​၏​တဲ​များ​ကို​ယူ​၍၊ လာမန်​မြစ်​ကို​ဖြတ်​၍ တော​ရိုင်း​ထဲ​သို့ ထွက်​ခွာ​သွား​ကြ​၏။

၁၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် အရှေ့​တောင်​အ​ရပ်​နှင့် တောင်​အရပ်​ကြား​နီး​ပါး​သို့ လေး​ရက်​ကြာ​အောင်​ခရီး​သွား​၍၊ ငါ​တို့​၏​တဲ​များ​ကို တစ်​ဖန်​ဆောက်​ကြ​၏။ ထို​နေ​ရာ​၏​အမည်​ကို​လည်း ရှဇာ​ဟု ငါ​တို့​ခေါ်​ကြ​၏။

၁၄ ဤ​သို့​အား​ဖြင့်​အ​ချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ငါ​တို့​၏​လေး​များ​နှင့်​မြား​များ​ကို​ယူ​ပြီး၊ ငါ​တို့​မိသားစု​များ​အတွက် စား​စရာ​အကောင်​ကို သတ်​ခြင်း​ငှာ တော​ရိုင်း​ထဲ​သို့ ထွက်​သွား​ကြ​၏။ ငါ​တို့​မိသားစု​များ​အ​တွက် စား​စရာ​အကောင်​ကို သတ်​ခဲ့​လေ​ပြီး​မှ၊ ငါ​တို့​မိသားစု​များ​ရှိ​ရာ၊ တော​ရိုင်း​ထဲ​ရှိ ရှဇာ​အရပ်​သို့ တစ်​ဖန်​ပြန်​လာ​ကြ​၏။ ငါ​တို့​သည် ဧဒုံ​ပင်​လယ်​အနီး​နယ်​နိမိတ်​အရပ်​ရှိ တော​ရိုင်း​၏​အစာ​ရေ​စာ​အပေါ​များ​ဆုံး​အရပ်​များ​၌​နေ​ပြီး၊ ယ​ခင်​ဦး​တည်​ရာ​အတိုင်း​လိုက်​၍ တော​ရိုင်း​ထဲ​သို့ တစ်​ဖန်​ထွက်​သွား​ကြ​၏။

၁၅ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် လမ်း​တစ်​လျှောက်​၌ ငါ​တို့​၏​လေး​များ၊ ငါ​တို့​၏​မြား​များ၊ ငါ​တို့​၏​ကျောက်​ခဲ​များ၊ ငါ​တို့​၏​လောက်​လွှဲ​များ​ဖြင့် စား​စရာ​အကောင်​ကို သတ်​၍ ရက်​ပေါင်း​များ​စွာ​ကြာ​အောင် ခရီး​သွား​ကြ​၏။

၁၆ တော​ရိုင်း​ထဲ​ရှိ အစာ​ရေ​စာ​ပို​၍​ပေါ​များ​ရာ​အရပ်​အတွင်း​သို့ ငါ​တို့​ကို ပို့​ဆောင်​သည့်​အလုံး၌​ပြ​သော လမ်း​ညွှန်​ရာ​သို့​လည်း လိုက်​ကြ​၏။

၁၇ ရက်​ပေါင်း​များ​စွာ​ကြာ​အောင်​ခရီး​သွား​လေ​ပြီး​နောက် တစ်​ဖန် အနား​ယူ​နိုင်​ခြင်း​ငှာ​နှင့် ငါ​တို့​မိသားစု​များ​အတွက် စား​စရာ​ရ​ရှိ​နိုင်​ခြင်း​ငှာ ငါ​တို့​၏​တဲ​များ​ကို ရက်​ပေါင်း​များ​စွာ​ကြာ​အောင် ဆောက်​ကြ​၏။

၁၈ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် စား​စရာ​အကောင်​ကို သတ်​ခြင်း​ငှာ ထွက်​သွား​ရာ၊ ရှုလော့၊ သန့်စင်သော​သံမဏိဖြင့်​ပြု​လုပ်​ထား​သည့် ငါ၏​လေး​ကျိုး​၏။ ငါ၏​လေး​ကျိုး​ပြီး​နောက်၊ ရှု​လော့၊ ငါ၏​လေး​ဆုံး​ရှုံ​ခြင်း​ကြောင့် ငါ၏​အစ်ကို​တို့သည် ငါ့​ကို အမျက်​ထွက်​ကြ​၏။ အကြောင်း​မူကား၊ ငါတို့​သည် စားစရာကို မ​ရ​ရှိ​ကြ။

၁၉ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် စား​စရာ​မ​ရ​ရှိ​ဘဲ မိ​သား​စု​ဆီ​သို့ ပြန်​လာ​ကြ​၏။ သူ​တို့​သည်​လည်း ခရီး​သွား​ခြင်း​ကြောင့် အလွန်​ပင်​ပန်း​ပြီး၊ စား​စရာ​မ​ရှိ​သ​ဖြင့်၊ ဝေဒနာ​များ​စွာ​ခံ​ရ​ကြ​၏။

၂၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ လာမန်၊ လေမွေလ​နှင့် ဣရှမေလ​၏​သား​တို့​သည် တော​ရိုင်း​ထဲ​၌ သူ​တို့​၏​ဒုက္ခ​ဝေဒနာ​ခံ​စား​ရ​ခြင်း​များ​နှင့် ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် လွန်​စွာ​ညည်း​ညူ​အပြစ်​တင်​စ​ပြု​ကြ​၏။ ထို့​အတူ၊ ငါ့​အဘ​သည်​လည်း သူ​၏​ဘုရားသခင် ကိုယ်​တော်​ရှင်​ကို ဆန့်​ကျင်​၍ ညည်း​ညူ​အပြစ်​တင်​စ​ပြု​၏။ ထို​မှတစ်ပါး၊ သူ​တို့​သည် ကိုယ်​တော်​ရှင်​ကို ဆန့်​ကျင်​၍ ညည်း​ညူ​အပြစ်​တင်​ကြ​သည်​အထိ​ပင် အလွန်​ဝမ်း​နည်း​ကြ​၏။

၂၁ ယ​ခု​တွင်၊ အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် ငါ​၏​လေး​ဆုံး​ရှုံး​ခြင်း​နှင့် သူ​တို့​၏​လေး​များ ရုန်း​ကန်​အား​မ​ရှိ​သော​ကြောင့်၊ ငါ့​အစ်​ကို​တို့​နှင့်​အတူ ဒုက္ခ​တွေ့​၍၊ အလွန်​ခက်​ခဲ​စ​ပြု​ရာ၊ အထူး​သ​ဖြင့်၊ ငါ​တို့​သည် စား​စရာ​ကို မ​ရ​ရှိ​နိုင်​ကြ။

၂၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​၏​အစ်​ကို​တို့​ကို ငါ​နီဖိုင်း​များ​စွာ​ပြော​ဆို​သည်​မှာ၊ သူ​တို့​၏ ဘုရားသခင်​ကိုယ်​တော်​ရှင်​အား ဆန့်​ကျင်​အပြစ်​တင်​ကြ​သည်​အထိ​ပင်၊ သူ​တို့​စိတ်​နှလုံး​ကို တစ်ဖန်​မာ​ကျော​စေ​ကြ​သော​ကြောင့်​ပေ​တည်း။

၂၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် သစ်​သား​ဖြင့် လေး​ကို​လည်း​ကောင်း၊ ဖြောင့်​သော​သစ်​သား​ချောင်း​ဖြင့် မြား​ကို​လည်း​ကောင်း ပြု​လုပ်​၏။ သို့​ဖြစ်​၍၊ ငါ​သည် လေး၊ မြား၊ လောက်​လွှဲ​နှင့် ကျောက်​ခဲ​များ​ကို ငါ့​ကိုယ်​၌​စွဲ​ကိုင်​၏။ ထို့​အတူ၊ စား​စရာ​ရ​ရှိခြင်းငှာ အဘယ်​အရပ်​သို့ ကျွန်ုပ်​သွား​ရ​မည်​နည်း​ဟု ငါ့​အဘ​ကို မေး​၏။

၂၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သည် ကိုယ်​တော်​ရှင်​ထံ မေး​လျှောက်​၏။ အကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ​၏​စကား​များ​ကြောင့်၊ သူ​တို့​ကိုယ်​သူ​တို့ နှိမ့်​ချ​လေ​၏။ များ​စွာ​သော​အရာ​တို့​ကို ငါ့​စိတ်​ဝိညာဉ်​၏​စွမ်း​အား​နှင့် သူ​တို့​ကို ငါ​ပြော​၏။

၂၅ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​၏​အသံ​သည် ငါ့​အဘ​ထံ​သို့ ရောက်​လာ​၏။ သူ​၏​ကိုယ်​တော်​ရှင်​ကို ဆန့်​ကျင်​ညည်း​ညူ​အပြစ်​တင်​ခြင်း​ကြောင့်၊ ဆုံး​မ​ခြင်း​ကို သူ​အမှန်​ပင်​ခံ​ရ​လေ​သည်​မှာ၊ နက်​လှ​စွာ​သော​ဝမ်း​နည်း​ခြင်း​ထဲ​သို့ ဆွဲ​ချ​ခံ​ရ​သည့်​တိုင်​အောင်​ပင်​တည်း။

၂၆ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​၏​အသံ​က သူ့​အား အလုံး​ပေါ်​ကို ကြည့်​လော့၊ ရေး​ထား​သော​အရာ​များ​ကို​လည်း ကြည့်ရှု​လော့​ဟု မြွက်​ဆို​၏။

၂၇ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ၏အဘသည် အလုံး​ပေါ်၌​ရေး​ထား​သော အရာ​များ​ကို မြင်​လျှင်၊ ကြောက်​ရွံ့​၍လွန်​စွာ​တုန်​၏၊ ငါ၏အစ်​ကို​များ၊ ဣရှမေလ​၏​သား​များ​နှင့် ငါ​တို့​၏​ဇနီး​တို့​သည်​လည်း ထိုနည်းတူဖြစ်ကြ၏။

၂၈ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​မြင်​ရ​သည်​ကား၊ အလုံး​အတွင်းရှိ လမ်းညွှန်​လက်တံများမှာ ၎င်း​တို့​အပေါ်​ထား​သည့် ငါတို့၏​ယုံ​ကြည်​ခြင်း၊ လုံ့လဝီရိယ​နှင့် ပမာဏပြု​ခြင်းတို့​အတိုင်း လှုပ်​ရှား​ကြ​ကြောင်း​ဖြစ်​၏။

၂၉ ကိုယ်​တော်​ရှင်​၏​လမ်းစဉ်များ​နှင့်​စပ်​လျဉ်း​၍၊ နား​လည်​ခြင်း​ကို ငါ​တို့​အား ပေး​သည့် ဖတ်​ရှု​ရန်​ရှင်း​လင်း​သော အသစ်​ဖြစ်​သည့် စာ​ကို​လည်း ၎င်း​တို့​အပေါ်​မှာ ရေး​ထား​၏။ ရေး​ထား​လေ​၍၊ ၎င်း​အပေါ်​ထား​သည့် ငါ​တို့​၏​ယုံ​ကြည်​ခြင်း​နှင့် လုံ့လဝီရိယ​အတိုင်း၊ အချိန်​နှင့်​အမျှ ပြောင်း​လဲ​၏။ ထို​ကဲ့​သို့​အား​ဖြင့်၊ ငါ​တို့​သိ​မြင်​ကြ​သည်​မှာ၊ သေး​ငယ်​သော​အရာတို့အား​ဖြင့် ကိုယ်​တော်​ရှင်သည် ကြီး​စွာ​သော​အမှုတို့ကို ဖြစ်​စေ​နိုင်​တော်​မူ​ကြောင်း​ပေ​တည်း။

၃၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် အလုံး​ပေါ်၌ဖော်ပြထားသည့် လမ်း​ညွှန်​ချက်​များ​အတိုင်း၊ တောင်​ထိပ်​သို့ တက်​သွား​၏။

၃၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် တော​သား​ရဲ​များ​ကို သတ်​၍ ငါတို့​မိသားစု​များ​အတွက် စား​စရာ​ကို ရ​ရှိ​၏။

၃၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် သတ်​လေ​သော​သား​ရဲ​ကို သယ်​ဆောင်​လျက်၊ ငါ​တို့​၏​တဲ​သို့ ပြန်​လာ​၏။ ယ​ခု​မူ​ကား၊ ငါ​သည် စား​စရာ​ရ​ခဲ့​လေ​သည်​ကို သူ​တို့​မြင်​သော​အခါ၊ သူ​တို့​၏​ဝမ်း​မြောက်​ခြင်း​မှာ၊ အလွန်​ကြီး​ပေ​စွ​တ​ကား။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​ရှေ့ ၌ သူ​တို့​ကိုယ်​သူ​တို့ နှိမ့်​ချ​ပြီး၊ သူ့​အား ကျေး​ဇူး​တော်​ချီး​မွမ်း​ကြ​၏။

၃၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် အစ​ပြု​လေ​သည့် လမ်းကြောင်း​နှင့် ထပ်​တူနီးပါး​အတိုင်း သွား​၍ တစ်​ဖန်​ခရီး​သွား​ကြ၏။ ရက်​ပေါင်း​များ​စွာ​ကြာ​အောင် ခရီး​သွား​လေ​ပြီး​နောက်၊ ကာလ​အတန်​ကြာ​တည်း​ခို​နိုင်​ခြင်း​ငှာ ငါ​တို့​၏​တဲ​များ​ကို တစ်​ဖန်​ဆောက်​ကြ​၏။

၃၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ဣရှမေလ​သေ​၍ နာဟုမ်​ဟု ခေါ်​လေ​သော​အရပ်​၌ သင်္ဂြိုဟ်​ခံ​လေ​၏။

၃၅ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ဣရှမေလ​၏​သမီး​တို့​သည် သူ​တို့​၏​အဘ​ကို ဆုံး​ရှုံး​ရ​ခြင်း​ကြောင့်​လည်း​ကောင်း၊ တော​ရိုင်း​ထဲ​၌ သူ​တို့​၏​ဆင်းရဲ​ဒုက္ခ​များ​ကြောင့်​လည်း​ကောင်း၊ လွန်​စွာ​ငို​ကြွေး​မြည်​တမ်း​ကြ​၏။ သူ​တို့​ကို ယေရုရှလင်​နယ်​မြေ​မှ ခေါ်​ဆောင်​လေ​သော​ကြောင့်​လည်း ငါ​၏​အဘ​ကို ဆန့်​ကျင်​၍ ညည်း​ညူ​အပြစ်​တင်​ကြ​လေ​သည်​ကား၊ ငါ​တို့​အဘ​သေ​ပြီ။ ထို​မှတစ်ပါး၊ ငါ​တို့​သည် တော​ရိုင်း​ထဲ​၌ ကြာ​ရှည်​စွာ​အရပ်​ရပ်​သို့​လည်​၍၊ ဆင်းရဲ​ဒုက္ခ၊ အစာ​ငတ်​ခြင်း၊ ရေ​ငတ်​ခြင်း​နှင့် ပင်​ပန်း​ခြင်း​တို့​ကို များ​စွာ​ခံ​စား​ရ​ကြ​လေ​ပြီ။ အလုံး​စုံ​သော ဤ​ဒုက္ခ​ဝေဒနာ​ခံ​စား​ရ​ခြင်း​တို့​ပြီး​မှ တော​ရိုင်း​ထဲ​၌ ငါ​တို့​ငတ်​မွတ်​၍ ပျက်​စီး​ရ​ကြ​မည်​ဟု ဆို​ကြ​၏။

၃၆ ထို​ကဲ့​သို့​အား​ဖြင့် သူ​တို့​သည် ငါ့​အဘ​ကို​ဆန့်​ကျင်​၍၊ ထို့​အတူ ငါ့​ကို​လည်း​ဆန့်​ကျင်​၍ ညည်း​ညူ​အပြစ်​တင်​ကြ၏။ ယေရုရှလင်​မြို့​သို့လည်း တစ်​ဖန်​ပြန်​သွား​လို​ကြ​၏။

၃၇ လာမန်​က​လည်း လေမွေလ​နှင့် ဣရှမေလ​၏​သား​တို့​ကို ပြော​လေ​သည်​ကား၊ ရှု​လော့၊ ငါ​တို့​၏​အဘ​ကို​လည်း​ကောင်း၊ အစ်​ကို​ကြီး​များ​အပေါ် အုပ်​စိုး​သူ​နှင့် ဆရာ​အဖြစ် မှတ်​ယူ​ထား​လေ​သည့် ငါ​တို့​၏​ညီ​နီဖိုင်း​ကို​လည်း​ကောင်း ငါ​တို့​ကွပ်​မျက်​ကြ​ကုန်​အံ့။

၃၈ ယ​ခု​တွင်၊ ကိုယ်​တော်​ရှင်​သည် သူ​နှင့် စကား​ဆို​၍၊ ကောင်း​ကင်​တမန်​များ​က သူ့​ကို အမှု​တော်​ဆောင်​ကြ​လေ​သည်​ဟု​လည်း သူ​ဆို​၏။ သို့​ရာ​တွင် ရှု​လော့၊ ငါ​တို့​ကို သူ​မုသားပြော​ကြောင်း ငါ​တို့​သိ​ကြ​၏။ ငါ​တို့​အား ဤ​အရာ​တို့​ကို သူ​ပြော​၏။ ထို့​အတူ၊ သူ​သည် ငါ​တို့​၏​မျက်​လုံး​များ​ကို လှည့်​စား​နိုင်​ခြင်း​ငှာ ငါ​တို့​ကို အကျွမ်း​မ​ဝင်​သည့်​တော​ရိုင်း​ထဲ​သို့ လှည့်​ဖြား​ခေါ်​ဆောင်​ကောင်း​ခေါ်​ဆောင်​သွား​နိုင်​လိမ့်​မည်​ဟု စဉ်း​စား​လျက်၊ များ​စွာ​သော​အရာ​တို့​ကို သူ​၏​စဉ်း​လဲ​သော​ပရိယာယ်​များ​ဖြင့် ပြု​၏။ ငါ​တို့​ကို လှည့်​ဖြား​ခေါ်​ဆောင်​သွား​ပြီး​မှ သူ့​စိတ်​အလို​ဆန္ဒ​အတိုင်း ငါ​တို့​ကို​စီ​ရင်​နိုင်​ခြင်း​ငှာ သူ့​ကိုယ်​သူ ရှင်​ဘုရင်​တစ်​ပါး​နှင့် ငါ​တို့​အပေါ်​အုပ်​စိုး​သူ​တစ်​ယောက်​အဖြစ် ပြု​မည့်​အကြောင်း စဉ်း​စား​၏။ ဤ​ကဲ့​သို့​အား​ဖြင့် ငါ​၏​အစ်​ကို​လာမန်​သည် သူ​တို့​၏​စိတ်​နှလုံး​ကို အမျက်​ထွက်​စေ​ခြင်း​ငှာ နှိုး​ဆော်​၏။

၃၉ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​သည် ငါ​တို့​နှင့်​အတူ​ရှိ​တော်​မူ​လျက်၊ အထူး​သဖြင့်၊ ကိုယ်​တော်​ရှင်​၏​အသံ​ရောက်​လာ​ပြီး၊ သူ​တို့​အား များ​စွာ​သော​စကား​တို့​ကို မြွက်​ဆို​တော်​မူ​လျက်၊ လွန်​စွာ​ဆုံး​မ​တော်​မူ​၏။ သူ​တို့​သည်​လည်း ကိုယ်​တော်​ရှင်​၏​အသံ​အား​ဖြင့် ဆုံး​မ​ခံ​ရ​ကြလေ​ပြီး​နောက်၊ သူတို့အမျက်​စိတ်​ကို လွှဲ​၍၊ သူ​တို့​၏​အပြစ်​များ​မှ နောင်​တ​ရ​သ​ဖြင့်၊ ကိုယ်​တော်​ရှင်​က ငါ​တို့​အား စား​စရာ​ဖြင့် ကောင်း​ချီး​ပေး​တော်​မူ​၍၊ ငါ​တို့​မ​ပျက်​စီး​ကြ။