ကျမ်းစာများ
၁ နီဖိုင်း ၁၈


အခန်းကြီး ၁၈

သင်္ဘော​တည်​ဆောက်​ခြင်း​ပြီး​ဆုံး​၏—ယာကုပ်​နှင့် ယောသပ်​တို့၏ မွေး​ဖွား​ခြင်း​ကို ဖော်​ပြ​၏—ထို​လူ​စု​သည် ကတိ​တော်​မြေ​ဆီ​သို့ သွား​ခြင်း​ငှာ သင်္ဘော​ပေါ်​တက်​၏—ဣရှမေလ​၏​သား​များ​နှင့် သူ​တို့​၏​ဇနီး​များ​သည် ပျော်​ရွှင်​မြူး​တူး​ခြင်း​နှင့် ပုန်​ကန်​ခြင်း​တွင် ပူး​ပေါင်း​ကြ​၏—နီဖိုင်း​သည် ချည်​နှောင်​ခံ​ရ​လျက်၊ သင်္ဘော​သည် ကြောက်​မက်​ဖွယ်​ကောင်း​သော မိုးသက်မုန်​တိုင်း​အား​ဖြင့် နောက်​ကို ပြန်​၍ လွင့်​ပါ​သွား​၏—နီဖိုင်း​လွတ်​မြောက်​၍ သူ​၏​ဆု​တောင်းခြင်း​အား​ဖြင့် မုန်​တိုင်း​စဲ​၏—လူတို့သည် ကတိ​တော်​မြေ​သို့ ရောက်​ရှိ​ကြ​၏။ ဘီစီ ၅၉၁–၅၈၉ ခန့်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​သည် ကိုယ်​တော်​ရှင်​အား ကိုး​ကွယ်​၍၊ ငါ​နှင့်​အတူ ထွက်​သွား​ကြ​၏။ ငါ​တို့​သည် သစ်​သား​များ​ကို အနု​စိတ်​လက်​ရာ​ဖြင့် ပြု​လုပ်​ကြ​၏။ သစ်​သား​များ​နှင့် သင်္ဘော​ကို အဘယ်​သို့​ပြု​လုပ်​ရ​မည်​ကို​လည်း ကိုယ်​တော်​ရှင်​သည် ငါ့​ကို အချိန်​နှင့်​အမျှ ပြ​တော်​မူ​၏။

ယ​ခု​မူ​ကား၊ ငါ​နီဖိုင်း​သည် လူ​တို့​လေ့​လာ​ထား​သော​နည်း​ဖြင့် သစ်​သား​များ​ကို​မ​လုပ်၊ သင်္ဘော​ကို​လည်း လူ​တို့​၏​နည်း​ဖြင့် မ​တည်​ဆောက်​ဘဲ၊ ငါ့​ကို ကိုယ်​တော်​ရှင်​ပြ​တော်​မူ​လေ​သည့် နည်း​အတိုင်း တည်​ဆောက်​၏။ သို့​ဖြစ်​၍၊ လူ​တို့​၏​နည်း​အတိုင်း မ​ဟုတ်။

ငါ​နီဖိုင်း​သည် တောင်​ပေါ်​သို့​လည်း အကြိမ်​ကြိမ်​သွား​၍ ကိုယ်​တော်​ရှင်​ထံ​သို့ အကြိမ်​ကြိမ်​ဆု​တောင်း​၏။ သို့​ဖြစ်​၍၊ ကိုယ်​တော်​ရှင်​သည် ကြီး​စွာ​သော​အရာများ​ကို ငါ့​အား ပြ​တော်​မူ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် ကိုယ်​တော်​ရှင်​၏​စ​ကား​အတိုင်း သင်္ဘော​တည်​ဆောက်​ပြီး​မှ၊ ကောင်း​မွန်​၍၊ အလွန်​လက်​ရာ​မြောက်​သည်​ကို ငါ​၏​အစ်​ကို​တို့ မြင်​တွေ့​ကြ​၏။ သို့​ဖြစ်​၍၊ သူ​တို့​သည် ကိုယ်​တော်​ရှင်​၏​ရှေ့၌ သူ​တို့​ကိုယ်​သူ​တို့ တစ်​ဖန်​နှိမ့်​ချ​ကြ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​၏​အသံ​သည် ငါ​၏​အဘ​ထံ​သို့​ရောက်​လာ​သည်​မှာ ငါ​တို့​ထ​၍ သင်္ဘော​အတွင်း​သို့ ဆင်း​သွား​ရ​မည့်​အကြောင်း​ပေ​တည်း။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ နက်​ဖြန်​နေ့​တွင်၊ ငါ​တို့​သည် ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​ထား​လေ​သည့်​အတိုင်း၊ တော​ရိုင်း​ထဲ​မှ များ​စွာ​သော အ​သီး​များ​နှင့် အသား​များ၊ မြောက်မြား​စွာ​သော​ပျား​ရည်​များ၊ ရိက္ခာ​များ၊ ခပ်သိမ်း​သော​အရာ​များ​ကို ပြင်​ဆင်​ကြ​လေ​ပြီး​နောက်၊ ငါ​တို့​၏​ခပ်​သိမ်း​သော​ပစ္စည်း​များ၊ ငါ​တို့​၏​မျိုး​စေ့​များ၊ အယောက်​တိုင်း မိမိ​အသက်​အရွယ်​အလိုက်၊ ငါ​တို့​ယူ​ဆောင်​လာ​ခဲ့​သ​မျှ​သော အရာ​များ​နှင့်​အတူ သင်္ဘော​အတွင်း​သို့ ဆင်း​သွား​ကြ​၏။ သို့​ဖြစ်​၍၊ ငါ​တို့​အား​လုံး​သည် ငါ​တို့​၏​ဇနီး​များ၊ ငါ​တို့​၏​သား​သမီး​များ​နှင့်​အတူ သင်္ဘော​အတွင်း​သို့ ဆင်း​သွား​ကြ​၏။

ယ​ခု​မူ​ကား၊ ငါ​၏​အဘ​သည် တော​ရိုင်း​ထဲ​၌ သား​နှစ်​ယောက်​ကို ဖွား​မြင်​စေ​၏။ အကြီး​ကို ယာကုပ်၊ အငယ်​ကို ယောသပ်​ဟု ခေါ်​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​အား​လုံး​သည် သင်္ဘော​အတွင်း​သို့ ဆင်း​သွား​ကြ​၏။ မိန့်​မှာ​ထား​တော်​မူ​ခဲ့​လေ​သည့်​အတိုင်း ငါ​တို့​၏​ရိက္ခာ​များ​နှင့် ပစ္စည်း​များ​ကို ငါ​တို့​နှင့် အတူယူ​ဆောင်​ခဲ့​ကြ​လေ​ပြီး​နောက် ပင်​လယ်​ကို ကူး​၍ လေ​အား​ဖြင့် ကတိ​တော်​မြေ​ဆီ​သို့ တွန်းပို့ခံရကြ​လေ​၏။

ငါ​တို့​သည် လေ​အား​ဖြင့် ရက်​ပေါင်း​များ​စွာ​ကြာ​အောင် ရွေ့​လျား​ကြ​ပြီး​နောက်၊ ရှု​လော့၊ ငါ​၏​ညီ​အစ်​ကို​များ၊ ဣရှမေလ​၏​သား​များ​နှင့် သူ​တို့​၏​ဇနီး​များ​သည်​လည်း ပျော်​မွေ့​စ​ပြု​၍ က​ကြ၊ ဆို​ကြ​ပြီး၊ ရိုင်း​စိုင်း​မှု​များ​စွာ​နှင့် ပြော​စ​ပြု​ခဲ့​ကြ​၏။ ထို​မှ​တစ်​ပါး၊ သူ​တို့​သည် အဘယ်​တန်​ခိုး​အား​ဖြင့် ထို​နေ​ရာ​သို့ ဆောင်​ယူ​ခံ​ခဲ့​ရ​လေ​သည်​ကို​ပင် မေ့​ကြ​၏။ ထို​မှ​တစ်​ပါး၊ သူ​တို့​သည် အလွန်​ရိုင်း​စိုင်း​သည်​အထိ ဘ​ဝင်​မြင့်​ကြ​လေ​၏။

၁၀ ငါ​နီဖိုင်း​သည်​လည်း ငါ​တို့​၏​ဒုစရိုက်​များ​ကြောင့် ငါ​တို့​ကို ကိုယ်​တော်​ရှင်​အမျက်​ထွက်​တော်​မူ​၍၊ ဒဏ်​ခတ်​ပြီး၊ ပင်​လယ်​ရေ​နက်​ထဲ​၌ ဝါး​မျို​ခံ​ရ​ကြ​မည်​ကို လွန်​စွာ​ကြောက်​ရွံ့​စ​ပြု​၏။ သို့​ဖြစ်​၍၊ ငါ​နီဖိုင်း​သည် သူ​တို့​ကို အလွန်​တည်​ကြည်​လေး​နက်​စွာ ပြော​စ​ပြု​၏။ သို့​ရာ​တွင်၊ ရှု​လော့၊ သူ​တို့​သည် ငါ့​ကို အမျက်​ထွက်​၍၊ ငါ​တို့​၏​ညီ​ငယ်ကို ငါ​တို့​အပေါ် အုပ်​စိုး​သူ​တစ်​ယောက်​ဖြစ်​စေကြောင်း ငါ​တို့​အလို​မ​ရှိ​ဟု​ဆို​ကြ​၏။

၁၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ လာမန်​နှင့် လေမွေလ​တို့​သည် ငါ့​ကို ဖမ်း​ဆီး​၍၊ ကြိုး​များ​နှင့် ချည်​နှောင်​လျက်၊ အလွန်​ရက်​စက်​ကြမ်း​ကြုတ်​မှု​ဖြင့် ပြု​မူ​ခဲ့​ကြ​၏။ အဘယ်​သို့​ပင်​ဖြစ်​စေ၊ ကိုယ်​တော်​ရှင်​က ထို​သို့ အခွင့်​ပေး​တော်​မူ​ခဲ့​သည်​မှာ၊ ဆိုး​ညစ်​သော​သူ​များ​နှင့် စပ်​လျဉ်း​၍၊ မိန့်​တော်​မူ​ခဲ့​လေ​သော သူ​၏​နှုတ်​က​ပတ်​တော်​ကို ပြီး​ပြည့်​စုံ​စေခြင်းသို့တိုင်အောင် သူ​၏​တန်​ခိုး​တော်​ကို ပြ​တော်​မူ​နိုင်​ခြင်း​ငှာ​ပေ​တည်း။

၁၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​သည် ငါ့​ကို ချည်နှောင်ခဲ့လေသဖြင့်၊ ငါသည် မရွေးလျားနိုင်ခဲ့၊ ကိုယ်​တော်​ရှင်​ပြင်​ဆင်​ထား​တော်​မူ​ခဲ့​လေ​သည့် လမ်း​ညွှန်​လုံး​သည် လှုပ်​ရှား​မှု​ရပ်​တန့်​၏။

၁၃ သို့​ဖြစ်​၍၊ သူ​တို့​သည် သင်္ဘော​ကို အဘယ်​အရပ်​သို့ ဦး​တည်​ရ​မှန်း သိ​ခြင်း​မ​ရှိ​ကြ​တော့​ဘဲ ပြင်း​ထန်​သော​မုန်​တိုင်း၊ အမှန်​စင်​စစ်၊ ကြီး​စွာ​သော ကြောက်​မက်​ဖွယ်​မိုး​သက်​မုန်​တိုင်း ဖြစ်​ပေါ်​လာ​၍ ငါ​တို့​သည် ရေ​ပေါ်​၌ သုံး​ရက်​ကြာ​အောင် နောက်​ကို ပြန်​၍ လွင့်​ပါ​သွား​ကြ​၏။ သူ​တို့​သည် ပင်​လယ်​ထဲ​၌ နစ်​မြုပ်​မည်​ကို​လည်း လွန်​စွာ​ကြောက်​လန့်​စ​ပြု​ကြ​၏။ သို့​သော်​လည်း ငါ့​ကို လွှတ်​မ​ပေး​ကြ။

၁၄ ငါ​တို့ နောက်​ကို ပြန်​၍ လွင့်​ပါ​သည့် လေး​ရက်​မြောက်​သော​နေ့၌ မိုး​သက်​မုန်​တိုင်း​သည် အလွန်​ပြင်း​ထန်​စ​ပြု​၏။

၁၅ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ပင်​လယ်​ရေ​နက်​ထဲ​၌ ဝါး​မျို​ခံ​ရ​ကြ​တော့​မည်​ကဲ့​သို့ ဖြစ်​ကြ​၏။ ငါ​တို့​သည် ရေ​ပေါ်​၌ လေး​ရက်​ကြာ​အောင် နောက်​ကို ပြန်​၍ လွင့်​ပါ​သွား​ကြ​လေ​ပြီး​နောက်၊ ငါ​၏​ညီ​အစ်​ကို​တို့​သည် ဘုရားသခင်​၏​တရား​စီရင်​တော်​မူ​ခြင်း​များ သူ​တို့​အပေါ်​ကျ​ရောက်​လေ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​၏​ဒုစရိုက်​များ​မှ နောင်​တ​မ​ရ​ကြ​လျှင်၊ ပျက်​စီး​ရ​ကြ​မည်​ကို​လည်း​ကောင်း သိ​မြင်​စ​ပြု​ကြ​၏။ သို့​ဖြစ်​၍၊ ငါ့​ထံ​သို့​လာ​ပြီး ငါ​၏​လက်​ကောက်​ဝတ်​မှ ကြိုး​များ​ကို ဖြေ​လွှတ်​ပေး​ကြ​၏။ ရှု​ဦး​လော့၊ ထို​နေ​ရာ​တို့​၌ လွန်​စွာ​ရောင်​ရမ်း​၏။ ငါ​၏​ခြေ​ချင်း​ဝတ်​များ​သည်​လည်း များ​စွာ ရောင်​ရမ်း​လျက်၊ အလွန်​နာ​ကျင်​လှ​သည်​မှာ ထို​နေ​ရာ​များ​မှ​ပင်​တည်း။

၁၆ အဘယ်​သို့​ပင်​ဖြစ်​စေ၊ ငါ​သည် ငါ​၏​ဘုရားသခင်​ကို မှီ​ခို​အား​ကိုး​လျက်၊ သူ့​ကို တစ်​နေ့​လုံး ချီး​မွမ်း​၏။ ငါ​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် ကိုယ်​တော်​ရှင်​ကို ဆန့်​ကျင်ပြီး ညည်း​ညူ​အပြစ်​တင်​ခြင်း​မ​ပြု။

၁၇ ယ​ခု​မူ​ကား ငါ​၏​အဘ​လေဟိ​သည် သူ​တို့​နှင့် ဣရှမေလ​၏​သား​တို့​အား များ​စွာ​သော​အရာ​တို့​ကို ပြော​ခဲ့​လေ​၏။ သို့​ရာ​တွင်၊ ရှု​လော့၊ သူ​တို့​သည် ငါ့​အတွက်​ပြော​မည့်​သူ​မှန်​သ​မျှ​ကို ဆန့်​ကျင်​၍၊ များ​စွာ​သော​ခြိမ်း​ခြောက်​ခြင်း​တို့​ဖြင့် ပြင်း​စွာ​ပြော​ဆို​ခဲ့​ကြ​၏။ ငါ​၏​မိဘ​တို့​သည်​လည်း အသက်​အရွယ်​ကြီး​ရင့်​၍၊ သား​သမီး​များ​ကြောင့် ဝမ်​နည်း​ပူ​ဆွေး​ခြင်း​များ​စွာ ခံ​စား​ရ​လျက် လူ​မ​မာ​အိပ်​ရာ​ထက်​၌​ပင် လဲ​ကျ​ကြ​၏။

၁၈ သူ​တို့​၏​ဝမ်း​နည်း​ပူ​ဆွေး​ခြင်း၊ ဝမ်း​နည်း​ခြင်း​များ​စွာ​နှင့် ငါ့​ညီ​အစ်​ကို​တို့​၏​ဒုစရိုက်​တို့​ကြောင့် သူ​တို့​သည် ဤ​အချိန်၌ သူ​တို့​၏​ဘုရားသခင်​နှင့်​တွေ့စေရန် ခေါ်​သွား​ခံရခါနီးကဲ့သို့ပင် ဖြစ်​ကြ​လေ​၏။ ထို​မှ​တစ်​ပါး၊ သူ​တို့​၏ အဖြူ​အနက်​ရော​သော​ဆံ​ပင်များ မြေ​မှုန့်​သို့ ကျ​ရ​စေတော့​မည်​ကဲ့​သို့ ဖြစ်​လေ​၏။ ထို​မှ​တစ်​ပါး၊ သူ​တို့​သည် ရေများရာ​သင်္ချိုင်း​ထဲ​သို့ ဝမ်း​နည်း​စွာ အပစ်​ခံ​ရခါနီးကဲ့သို့​ပင် ဖြစ်​လေ​၏။

၁၉ ယာကုပ်​နှင့် ယောသပ်​တို့​သည်​လည်း ငယ်​ရွယ်​၍ ပြု​စု​စောင့်​ရှောက်​မှု​များ​စွာ​လို​အပ်​လျက်၊ သူ​တို့​အမိ​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကြောင့် ဝမ်း​နည်း​ပူ​ဆွေး​ကြ​၏။ မျက်​ရည်​များ​နှင့်​အတူ၊ ဆု​တောင်းခြင်း​များ​နှင့်​ရှိ​လေ​သော ငါ​၏​ဇနီး​နှင့် ငါ​၏​သား​သမီး​တို့​သည်​လည်း ငါ့​အစ်​ကို​များ ငါ့​ကို ဖြေ​လွှတ်​ပေး​စေကြောင်း သူ​တို့​၏​စိတ်​နှလုံး​ကို မ​ပျော့​ပျောင်း​စေ​နိုင်​ခဲ့​ကြ။

၂၀ သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ဖြင့် ခြိမ်း​ခြောက်​သည့် ဘုရားသခင်​၏​တန်​ခိုး​တော်​မှ​တစ်​ပါး သူ​တို့​စိတ်​နှလုံး​ကို ပျော့​ပျောင်း​စေ​နိုင်​သည့်​အရာ၊ အဘယ်​အရာ​မျှ​မ​ရှိ။ သို့​ဖြစ်​၍၊ သူ​တို့​သည် ပင်​လယ်​ရေ​နက်​ထဲ​၌ ဝါး​မျို​ခံ​ရ​တော့မည်​ကဲ့​သို့​ဖြစ်​သည်​ကို သတိ​ပြု​မိ​ကြ​သော​အခါ၊ ပြု​ခဲ့​လေ​သော​အမှု​များ​မှ နောင်​တ​ရ​၍ ငါ့​ကို ဖြေ​လွှတ်​ပေး​ကြ​၏။

၂၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ့​ကို သူ​တို့​ဖြေ​လွှတ်​ပေး​ကြ​ပြီး​နောက်၊ ရှု​လော့၊ ငါ​သည်​လည်း လမ်း​ညွှန်​လုံး​ကို​ယူ​လျှင်၊ ၎င်း​သည် ငါ​အလို​ရှိ​သည့်​အတိုင်း လှုပ်​ရှား​၏။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် ကိုယ်​တော်​ရှင်​ထံ​သို့ ဆု​တောင်း​၏။ ငါ ဆု​တောင်း​လေ​ပြီး​နောက် လေ​နှင့်​မုန်​တိုင်း​လည်း​စဲ​၍ ကြီး​စွာ​သော​ငြိမ်သက်​ခြင်း​ရှိ​လေ​၏။

၂၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် သင်္ဘော​ကို ပဲ့​ကိုင်​ပြီး၊ ကတိ​တော်​မြေ​ဆီ​သို့ ငါ​တို့​တစ်​ဖန်​ရွက်​လွှင့်​ခဲ့​ကြ​၏။

၂၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် ရက်​ပေါင်း​များ​စွာ​ကြာ​အောင်၊ ရွက်​လွှင့်​ခဲ့​ကြ​ပြီး​နောက်၊ ကတိ​တော်​မြေ​သို့ ရောက်​ကြ​၏။ ငါ​တို့​သည် ထို​မြေ​ပေါ်​သို့​သွား​၍၊ ငါ​တို့​၏​တဲ​များ​ကို ဆောက်​ကြ​၏။ ငါ​တို့​သည် ထို​မြေ​ကို ကတိ​တော်​မြေ​ဟု ခေါ်​ကြ​၏။

၂၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် မြေ​ကြီး​ကို ထွန်​ယက်​စ​ပြု​ပြီး၊ မျိုး​စေ့​များ​ကို စ​၍​စိုက်​ပျိုး​ကြ​၏။ အထူး​သ​ဖြင့်၊ ယေရုရှလင်​နယ်​မြေ​မှ ငါ​တို့​ယူ​ဆောင်​လာ​သည့် မျိုး​စေ့​အား​လုံး​ကို မြေ​ကြီး​ထဲ​သို့ မြှုပ်​ကြ​၏။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ မျိုး​စေ့​တို့​အပင်​ပေါက်​ပြီး၊ လွန်​စွာ​ဖွံ့​ဖြိုး​ကြ​၏။ သို့​ဖြစ်​၍၊ ငါ​တို့​သည် ကောင်း​ချီးမြောက်မြား​စွာ ခံ​စား​ရ​ကြ​၏။

၂၅ ဤ​သို့​အား​ဖြင့် အချိန်​တန်​လာ​သော​အခါ ငါ​တို့​သည် ကတိ​တော်​မြေ​ပေါ်​၌ တော​ရိုင်း​ထဲ​သို့​ခရီး​သွား​စဉ်​တွင် လူ​တို့​အတွက် အသုံး​ပြု​စရာ​ဖြစ်​သည့် တော​ထဲ​ရှိ​သား​ရဲ​အမျိုး​မျိုး၊ နွား​မ​နှင့်​နွား​ထီး၊ မြည်း​နှင့်​မြင်း၊ ဆိတ်​နှင့်​တော​ဆိတ်၊ အမျိုး​မျိုး​သော တော​တိရစ္ဆာန်​တို့​ကို ရှာ​ဖွေ​တွေ့​ရှိ​ကြ​၏။ အမျိုး​မျိုး​သော​သတ္တုရိုင်း၊ ရွှေ၊ ငွေ​နှင့်​ကြေး​နီ​တို့​ကို​လည်း ရှာ​ဖွေ​တွေ့​ရှိ​ကြ​၏။