ကျမ်းစာများ
၁ နီဖိုင်း ၁၉


အခန်းကြီး ၁၉

နီဖိုင်း​သည် သတ္တုရိုင်း​ပြား​များ​ကို ပြု​လုပ်​၍၊ သူ့​လူ​မျိုး​တို့​၏​သမိုင်း​ကြောင်း​ကို မှတ်​တမ်း​ပြု​၏—ဣသရေလ​အမျိုး​၏​ဘုရားသခင်​သည် လေဟိ ယေရုရှလင်​မြို့​ကို စွန့်​ခွာ​ခဲ့​သည့်​အချိန်​မှ​စ​၍ နှစ်​ပေါင်း ခြောက်​ရာ​ကြာ​လျှင်၊ ကြွ​လာ​တော်​မူ​လိမ့်​မည်—သူ​၏​ဒုက္ခ​ဝေဒနာ​ခံ​စား​ရ​ခြင်း​များ​နှင့် လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​ခံ​ရ​တော်​မူ​ခြင်း​တို့​ကို နီဖိုင်း​က ပြော​ပြ​၏—ယုဒ​လူ​မျိုး​တို့​သည် ကိုယ်​တော်​ရှင်​ထံ​ပြန်​လာ​ကြ​မည့် နောက်​ပိုင်း​ကာ​လ​များ​အထိ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​ရ​လျက်၊ ကွဲ​ပြား​ပြန့်​ကျဲ​ကြ​လိမ့်​မည်။ ဘီစီ ၅၈၈–၅၇၀ ခန့်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ကိုယ်​တော်​ရှင်​က ငါ့​ကို မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍၊ ငါသည် သတ္တုရိုင်း​ပြား​များ​ကို ပြု​လုပ်​ခဲ့​သည်​မှာ ၎င်း​တို့​အပေါ်​တွင် ငါ​၏​လူ​မျိုး​တို့​အကြောင်း မှတ်​တမ်း​ကို ရေး​ထွင်း​နိုင်​ခြင်း​ငှာ​ဖြစ်​၏။ ငါ​ပြု​လုပ်​လေ​ပြီး​သော ပုရပိုက်​ပြား​များ​ပေါ်​တွင် ငါ့​အဘ​၏​မှတ်​တမ်း၊ ထို့​အတူ တော​ရိုင်း​ထဲ​၌ ငါ​တို့​၏​ခရီး​သွား​ခြင်း​များ​နှင့်​ငါ့​အဘ​၏ ပရောဖက်​ပြု​ဟော​ချက်​များ​ကို ငါ​ရေး​ထွင်း​ခဲ့​၏။ ငါ​ကိုယ်​တိုင်​၏ ပရောဖက်​ပြု​ဟော​ချက်​များ​စွာ​တို့​ကို​လည်း ၎င်း​တို့​အပေါ်​တွင် ငါ​ရေး​ထွင်း​လေ​ပြီ။

ငါ​သည် ၎င်း​တို့​ကို ပြု​လုပ်​ချိန်​၌ ဤ​ပုရပိုက်​ပြား​များ​ပြု​လုပ်​ဖို့ ကိုယ်​တော်​ရှင်​၏ မိန့်​တော်​မူ​ခြင်း​ခံ​ရ​မည်​ကို သိ​ခြင်း​မ​ရှိ​ခဲ့။ သို့​ဖြစ်​၍၊ ငါ့​အဘ​၏​မှတ်​တမ်း​များ၊ သူ့​ဘိုး​ဘေး​တို့​၏​ဆွေ​စဉ်​မျိုး​ဆက်မှတ်တမ်း​နှင့် တော​ရိုင်း​ထဲ​၌ ငါ​တို့​၏​လုပ်​ဆောင်​မှု​များ​အား​လုံး​မှ အများ​စု​ကို ငါ​ပြော​လေ​သည့် ထို​ပထမ​ပုရပိုက်​ပြား​များ​ပေါ်​တွင် ရေး​ထွင်း​ထား​၏။ သို့​ဖြစ်​၍၊ ဤ​ပုရပိုက်​ပြား​များ​ကို ငါ​မ​ပြု​လုပ်​ခင်​က ဖြစ်​ပျက်​ခဲ့​သော​အရာ​များ​ကို ပထမ​ပုရပိုက်​ပြား​များ​ပေါ်​တွင်၊ အမှန်​ပင်၊ ပို​ပြီး​အသေး​စိတ် ဖော်​ပြ​ထား​၏။

ပညတ်တော်အတိုင်း၊ ဤ​ပုရပိုက်​ပြား​များ​ကို ငါ​ပြု​လုပ်​ခဲ့​လေ​ပြီး​နောက်၊ ငါ​နီဖိုင်း​သည် အမှု​တော်​ဆောင်​ခြင်း​နှင့် ပရောဖက်​ပြု​ဟော​ချက်​များ၊ ထို​အရာ​တို့​မှ ပို​၍​ရှင်း​လင်း​ပြီး အဖိုး​ထိုက်​သည့် အစိတ်​အပိုင်း​များ​ကို ဤ​ပုရပိုက်​ပြား​များ​အပါ်​၌ ရေး​ရ​မည်​ဟူ​သော ပညတ်တော်ကို လက်​ခံ​ရ​ရှိ​၏။ ရေး​ထား​သော​အရာ​များ​ကို​လည်း ထို​မြေ​ကို​ပိုင်​ဆိုင်​မည့် ငါ့​လူ​မျိုး​များ​သို့ သွန်​သင်​ခြင်း​အတွက်​နှင့် ထို့​အတူ ကိုယ်​တော်​ရှင် သိ​မှတ်​တော်​မူ​သည့် ဉာဏ်​ပညာ​ရှိ​သော အခြား​ကြံ​ရွယ်​ချက်​များ အတွက်​လည်း သိမ်း​ဆည်း​ထား​ရ​ပေ​မည်။

သို့​ဖြစ်​၍၊ ငါ​နီဖိုင်း​သည် ငါ့​လူ​မျိုး​တို့​၏ စစ်​တိုက်​ခြင်း​များ၊ ရန်​တွေ့​ခြင်း​များ၊ ပျက်​စီး​ခြင်း​များ​အကြောင်း​ပါ​ရှိ​သည့် သို့​မ​ဟုတ် သာ​၍​အသေး​စိတ်​သော​အကြောင်း​ပါ​ရှိ​သည့် မှတ်​တမ်း​တစ်​ခု​ကို အခြား​ပုရပိုက်​ပြား​များ​ပေါ်​တွင် ပြု​စု​၏။ ဤ​သို့ ပြု​စု​လျက်၊ ငါ​သေ​သွား​ပြီး​နောက်၊ ငါ့​လူ​မျိုး​တို့​ပြု​ရ​မည့်​အရာ​ကို​လည်း​ကောင်း၊ ဤ​ပုရပိုက်​ပြား​များ​ကို ကိုယ်​တော်​ရှင်​ထံ​မှ နောက်​ထပ်​ပညတ်​တော်​များ​ရ​ရှိ​သည့်​တိုင်​အောင် မျိုး​ဆက်​တစ်​ခု​မှ​တခြား​တစ်​ခု​သို့ သို့​မ​ဟုတ် ပရောဖက်​တစ်​ပါး​မှ တခြား​တစ်​ပါး​သို့ လက်​ဆင့်​ကမ်း​၍​ပေး​သွား​ရ​မည်​ကို​လည်း​ကောင်း ငါ​မှာ​ကြား​၏။

ငါ​၏​ဤ​ပုရပိုက်​ပြား​များ​ပြု​လုပ်​ခြင်း​အကြောင်း​မှတ်​တမ်း​ကို နောင်​ကာ​လ​မှ ရေး​ဦး​မည်။ ထို့​နောက်​တွင်၊ ရှု​လော့၊ ငါ​သည် ပြော​လေ​သည့်​အတိုင်း ဆက်​၍​ရေး​၏။ ဤ​သို့ ပြု​သည်​မှာ၊ ပို​၍​သန့်​ရှင်း​မွန်​မြတ်​သော​အရာ​များ​ကို ငါ့​လူ​မျိုး​တို့​၏​အသိ​ပညာ​အတွက် သိမ်း​ဆည်း​ထား​နိုင်​ခြင်း​ငှာ ဖြစ်​၏။

သို့​သော်​လည်း၊ သန့်​ရှင်း​မွန်​မြတ်​သည်​ဟု ငါ​ထင်​မှတ်​သော​အရာ​မှ​တစ်​ပါး၊ အဘယ်​အရာ​ကို​မျှ ပုရပိုက်​ပြား​များ​ပေါ်​တွင် ငါ​မ​ရေး။ ယ​ခု​မူ​ကား၊ ငါ​သည် အမှား​အယွင်း​ပြု​မိ​လျှင်၊ ရှေး​ယ​ခင်​က သူ​တို့ အမှား​အယွင်း​ပြု​ခဲ့​သည်​ပင်​ဖြစ်​စေ၊ ငါ​သည် အခြား​သောသူ​များ​ကြောင့် ကိုယ့်​ကိုယ်​ကို အပြစ်​တင်ခြင်းမှ ကင်း​လွတ်​လို​မည်​မ​ဟုတ်။ သို့​ရာ​တွင်၊ လူဇာတိ​အတိုင်း ငါ့​၌​ရှိ​သော အား​နည်း​ချက်​ကြောင့်၊ ငါ​သည် ကိုယ့်​ကိုယ်​ကို အပြစ်​တင်​ခြင်း​မှ ကင်း​လွတ်​လို​၏။

အကြောင်း​မူ​ကား၊ အချို့​သော​သူ​တို့​က ကိုယ်​ခန္ဓာ​နှင့်​စိတ်​ဝိညာဉ်​နှစ်​ခု​စ​လုံး​အတွက် ကြီး​စွာ​အဖိုး​ထိုက်​သည်​ဟု ထင်​မှတ်​သော​အရာ​တို့​ကို အခြား​သူ​များ​က အလေး​မ​ထား​ဘဲ​လျစ်​လျူ​ရှု​လျက် သူ​တို့​ခြေ​ဖြင့်​နင်း​ကြ​၏။ အမှန်​စင်​စစ်၊ ဣသရေလ​အမျိုး​၏ မှန်​သော​ဘုရားသခင်​ကို​ပင် လူ​တို့​က သူ​တို့​ခြေ​ဖြင့်​နင်း​ကြ​၏။ သူ​တို့​ခြေ​ဖြင့်​နင်း​ကြ​သည်​ဟု ငါ​ဆို​၏။ သို့​ရာ​တွင်၊​တစ်​နည်း​အား​ဖြင့် ငါ​ပြော​လို​သည်​ကား—သူ့​ကို အလေး​မ​ထား​ဘဲ​လျစ်​လျူ​ရှု​ပြီး၊ သူ​၏​သွန်​သင်​တော်​မူ​သည့် အသံ​တော်​ကို စေ့စေ့နား​မ​ထောင်​ကြ။

ရှု​ဦး​လော့၊ ငါ​တို့​အဘ ယေရုရှလင်​ကို စွန့်​ခွာ​ခဲ့​သည့်​အချိန်​မှ​စ​၍ နှစ်​ပေါင်း​ခြောက်​ရာ​ကြာ​ပြီး​နောက်၊ ကောင်း​ကင်​တ​မန်​၏​စ​ကား​များ​အတိုင်း သူ​ကြွ​လာ​တော်​မူ​၏။

လော​က​သည် မိမိ​တို့​၏​ဒုစရိုက်​ကြောင့်၊ သူ့​ကို တန်​ဖိုး​မ​ရှိ​သော​အရာ​အဖြစ် ပြစ်​တင်​ရှုတ်​ချ​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍၊ သူ​တို့​က​ရိုက်​ပုတ်​၍ သူ​ခံ​စား​၏။ သူ​တို့​က တိုက်​ခိုက်​၍ သူ​ခံ​စား​၏။ ထို​မှ​တစ်​ပါး၊ သူ​တို့​က တံ​တွေး​ဖြင့်​ထွေး​သည်​ကို​လည်း လူ​သား​တို့​အပေါ် သူ​၏​ချစ်သောကြင်​နာ​ခြင်း​နှင့် စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကြောင့် သူ​ခံ​စား​၏။

၁၀ အဲဂုတ္တု​ပြည်​၌ ကျွန်​ခံ​ရာ​မှ ဆောင်​ခြင်း​ခံ​ခဲ့​ရ၊ ထို့​အတူ တော​ရိုင်း​ထဲ​တွင်​လည်း သူ့​အား​ဖြင့် ကာ​ကွယ်​စောင့်​မ​ခြင်း​ခံ​ခဲ့​ရ​သူ​များ​တည်း​ဟူ​သော ငါ​တို့​ဘိုး​ဘေး​တို့​၏​ဘုရားသခင်၊ အထူး​သ​ဖြင့်၊ အာဗြဟံ​၏​ဘုရားသခင်၊ ဣဇာက်​၏​ဘုရားသခင်၊ ယာကုပ်​၏​ဘုရားသခင်​သည် ဇေနော့​၏​စကား​အတိုင်း မြှောက်​ထား​ခံ​ရ​တော်​မူ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ​ရုံ​၏​စ​ကား​အတိုင်း လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​ခံ​ရ​တော်​မူ​ခြင်း​ငှာ​လည်း​ကောင်း၊ ပင်​လယ်​တစ်​ဖက် တစ်​ကျွန်း​တစ်​နိုင်​ငံ​အရပ်​တို့​၌ နေ​ထိုင်​ကြ​မည့်​သူ​တို့​အား ပြ​တော်​မူ​သည့်၊ အထူး​သဖြင့်၊ ဣသရေလ​အမျိုး​သား​များ​ဖြစ်​ကြ​လေ​သူ​တို့​အား သူ​၏​သေ​ခြင်း​ကို​ပြ​တော်​မူ​သည့် နိမိတ်​လက္ခဏာ​ဖြစ်​လိမ့်​မည့် ဇေနုတ်​ပြော​လေ​သည့် မှောင်​မိုက်​ခြင်း သုံး​ရက်​အကြောင်း​ဖြစ်​လေ​သည့် သူ​၏​စ​ကား​အတိုင်း သင်္ချိုင်း​တွင်း​ထဲ​မှာ ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း ကောင်း​ကင်​တ​မန်​၏​စ​ကား​များ​အတိုင်း လူ​သား​တစ်​ယောက်​အဖြစ် ဆိုး​ညစ်​သော​သူ​များ​၏​လက်​သို့ မိမိ​ကိုယ်​ကို စွန့်​လွှတ်​ပေး​အပ်​တော်​မူ​၏။

၁၁ ပုရောဖက်​ဟော​လေ​သည်​ကား၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​သည် ထို​ကာ​လ​၌ ခပ်​သိမ်း​သော ဣသရေလ​အမျိုး​သား​များ​သို့၊ အချို့​သော​သူ​များ​ကို သူ​တို့​၏​ဖြောင့်​မတ်​ခြင်း​ကြောင့် သူ​တို့​၏ ကြီး​စွာ​သော​ဝမ်း​မြောက်​ခြင်း​နှင့် ကယ်​တင်​ခြင်း​သို့ ရောက်​သည့်​တိုင်​အောင် သူ​၏​အသံ​တော်​နှင့်​လည်း​ကောင်း၊ အခြား​သော​သူ​များ​သို့ သူ​၏​တန်​ခိုး​တော်​မှ မိုး​ချုန်း​ခြင်း၊ လျှပ်​စီး​လက်​ခြင်း​တို့​နှင့်​အတူ မိုး​သက်​မုန်​တိုင်း၊ မီး​လျှံ၊ မီး​ခိုး၊ အမှောင်​ထု၊ မြေ​ကြီး​အက်​ကွဲ​ခြင်း​နှင့် တောင်​များ​အား​မြင့်​တက်​စေ​ခြင်း​တို့​ဖြင့်​လည်း​ကောင်း ဧ​ကန်​အမှန် အကြည့်​အရှု​ကြွ​တော်​မူ​လိမ့်​မည်။

၁၂ ဤ​အရာခပ်သိမ်း​တို့ ဧ​ကန်​အမှန်​ဖြစ်​လာ​ရ​မည်​ဟု​လည်း ပရောဖက်​ဇေနုတ်​က ဟော​၏။ မြေ​ကြီး​ထဲ​မှ​ကျောက်​များ ပေါက်​ကွဲ​ရ​မည်။ မြေ​ကြီး​က ညည်း​တွား​ခြင်း​ကြောင့်၊ ပင်​လယ်​တစ်​ဖက် တစ်​ကျွန်း​တစ်​နိုင်​ငံ​အရပ်​တို့​၏ များ​စွာ​သော​ရှင်​ဘုရင်​တို့​သည် လော​က​ဓာတ်​၏​ဘုရားသခင် ဒုက္ခ​ဝေဒနာ​ခံ​စား​တော်​မူ​လေ​ပြီ​တ​ကား​ဟု ဟစ်​ကြွေး​စေ​ဖို့ ဘုရားသခင်​၏​ဝိညာဉ်​တော် အရှိန်​ဩ​ဇာ​သက်​ရောက်​တော်​မူ​သည်​ကို ခံ​ရ​ကြ​လိမ့်​မည်။

၁၃ ယေရုရှလင်​မြို့​၌​ရှိ​ကြ​သော​သူ​များ​နှင့် စပ်​လျဉ်း​၍ ပရောဖက်​ဟော​လေ​သည်​ကား၊ သူ​တို့​သည် ဣသရေလ​အမျိုး​၏​ဘုရားသခင်​အား လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​ခြင်း၊ သူ​တို့​စိတ်​နှလုံး​ကို လှည့်၍၊ နိမိတ်​လက္ခဏာ​များ၊ အံ့​မ​ခန်း​ချီး​မွမ်း​ဖွယ်​အမှု​များ၊ ဣသရေလ​အမျိုး​၏​ဘုရားသခင်​၏​တန်​ခိုး​တော်​နှင့် ဘုန်း​တော်​တို့​ကို ငြင်း​ပယ်​ကြ​လေ​သော​ကြောင့် လူ​ခပ်​သိမ်း​တို့​၏ ဒုက္ခ​ပေး​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

၁၄ ပရောဖက်​က​ဟော​လေ​သည်​ကား၊ သူ​တို့​သည် မိမိ​တို့​စိတ်​နှ​လုံး​ကို လှည့်​၍၊ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​သော​ကြောင့်၊ ဇာတိကိုယ်​ခန္ဓာ​ဖြင့် အရပ်​ရပ်​သို့​လည်​၍ ပျက်​စီး​ကြ​ပြီး ပုံ​ခိုင်း​ကဲ့​ရဲ့​ရာ​ဖြစ်​လာ​ကြ၍၊ ခပ်သိမ်းသော ပြည်သား​တို့​၌ မုန်း​တီး​ခံ​ရ​ကြ​ပေ​မည်။

၁၅ သို့​သော်​လည်း၊ ထို​ကာ​လ​ကျ​ရောက်​လာ​သော​အခါ၊ ပရောဖက်​ဟော​လေ​သည်​ကား၊ သူ​တို့​သည် ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​တစ်ဖက်၌ သူ​တို့​စိတ်​နှလုံး​ကို လမ်း​မ​လွှဲ​ကြ​တော့။ ထို​နောက်​တွင်၊ သူ​တို့​ဘိုး​ဘေး​များထံ ပြု​ထား​တော်​မူ​ခဲ့​လေ​သော ပဋိညာဉ်​များ​ကို သူ​အောက်​မေ့​တော်​မူ​လိမ့်​မည်။

၁၆ ထို့​နောက်​တွင်၊ ပင်​လယ်​တစ်​ဖက် တစ်​ကျွန်း​တစ်​နိုင်​ငံ​အရပ်​သား​တို့​ကို အောက်​မေ့​တော်​မူ​လိမ့်​မည်။ ထို​မှ​တစ်​ပါး၊ ဣသရေလ​အမျိုး​သား​များ​ဖြစ်​သည့် လူ​ခပ်​သိမ်း​တို့​ကို မြေ​ကြီး​လေး​မျက်​နှာ​မှ ငါ​ပြန်​လည်​စု​စည်း​မည်​ဟု ကိုယ်​တော်​ရှင် မိန့်​တော်​မူ​လေ​သည်​ကား ပရောဖက်​ဇေနုတ်​၏​စ​ကား​များ​အတိုင်း​ပင်​တည်း။

၁၇ ထို​မှ​တစ်​ပါး၊ မြေ​ကြီး​ပေါ်​ရှိ​ခပ်​သိမ်း​သော​သူ​တို့​သည် ကိုယ်​တော်​ရှင်​၏​ကယ်​တင်​ခြင်း​ကို သိ​မြင်​ကြ​လိမ့်​မည်။ ပြည်​သား၊ အမျိုး​စု၊ အသီး​သီး​ဘာသာ​စကား​ကို​ပြော​သူ​နှင့် လူ​မျိုး​မှန်​သ​မျှ ကောင်း​ချီး​ခံ​စား​ရ​ကြ​လိမ့်​မည်​ဟု ပရောဖက်​က ဟော​၏။

၁၈ ငါ​နီဖိုင်း​သည် ဤ​အရာ​များ​ကို ငါ​၏​လူ​မျိုး​များ​သို့ ရေး​လေ​သည်​မှာ၊ သူ​တို့​၏​ရွေး​နှုတ်​ရှင်၊ ကိုယ်​တော်​ရှင်​အား သူ​တို့​အောက်​မေ့​ကြ​စေ​မည့်​အကြောင်း ဖျောင်း​ဖျ​ကောင်း​ဖျောင်း​ဖျ​နိုင်​စေ​ခြင်း​ငှာ​ပေ​တည်း။

၁၉ သို့​ဖြစ်​၍၊ ခပ်​သိမ်း​သော​ဣသရေလ​အမျိုး​သား​များ​သို့ ငါ​ဟော​ပြော​သည်​ကား၊ ဤ​အရာတို့ကို သူ​တို့​ရ​ရှိ​ကြ​စေ​ခြင်း​ငှာ​ပေ​တည်း။

၂၀ ရှု​လော့၊ ယရုရှလင်​မြို့ ၌​ရှိ​သော​သူ​များ​အတွက် ငါ​၏​အရိုး​ဆစ်​ခပ်​သိမ်း​တို့ အား​နည်း​သည့်​တိုင်​အောင်​ပင် စိတ်​အား​ကြီး​စွာ​အလုပ်​လုပ်​နေ​ခြင်း​က ငါ့​ကို မော​ပန်း​စေ​၏။ အကြောင်း​မူ​ကား၊ ကိုယ်တော်ရှင်​သည် သူ​တို့​အကြောင်း​ကို ရှေး​ပရောဖက်​များ​ကို​ကဲ့​သို့​ပင် ငါ့​ကို ဖော်​ပြရန် ကရုဏာကြီး​တော်​မ​မူ​ခဲ့ လေ​လျှင်၊ ငါ​သည်​လည်း ပျက်​စီး​ရ​ပေ​လိမ့်​မည်။

၂၁ ထို​သူ​တို့​နှင့် စပ်​လျဉ်း​သည့်​ခပ်​သိမ်း​သော​အရာ​တို့​ကို ရှေး​ပရောဖက်​တို့​အား သူ​ဧကန်​အမှန် ဖော်​ပြ​တော်​မူ​ခဲ့​၏။ ပရောဖက်​များ​စွာ​တို့​အား ငါ​တို့​အကြောင်း​ကို​လည်း သူ​ဖော်​ပြ​တော်​မူ​ခဲ့​၏။ သို့​ဖြစ်​၍၊ ထို​အရာ​တို့​ကို ကြေး​ပုရပိုက်​ပြား​များ​ပေါ်​တွင် ရေး​ထား​သော​ကြောင့် ငါ​တို့​သည် ထိုသူ​တို့​အကြောင်း​ကို သိ​ရန်​လို​အပ်​၏။

၂၂ ယ​ခု​တွင်​အချိန်​တန်​လာ​သော​အခါ၊ ငါ​နီဖိုင်း​သည် ဤ​အရာ​များ​ကို ငါ​ညီ​အစ်​ကို​တို့​အား သွန်​သင်​ပေး​၏။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ အခြား​အရပ်​များ​ရှိ ရှေး​လူ​တို့ ၌ ကိုယ်​တော်​ရှင်​၏​အမှု​တော်​များ​အကြောင်း​ကို သူ​တို့​သိ​နိုင်​ကြ​စေ​ခြင်း​ငှာ၊ ကြေး​ပုရပိုက်​ပြား​များ​ပေါ်​တွင် ရေး​ထွင်း​ထား​သည့် များ​စွာ​သော​အရာ​များ​ကို သူ​တို့​အား ငါတ်​ဖတ်​ပြ​၏။

၂၃ မောရှေ​ကျမ်း​များ​၌ ရေး​ထား​သော​အရာ​များ​စွာ​တို့​ကို​လည်း သူ​တို့​ကို ငါ​ဖတ်​ပြ​၏။ သို့​ရာ​တွင်၊ သူ​တို့​၏​ရွေး​နှုတ်ရှင် ကိုယ်​တော်​ရှင်​ကို ယုံ​ကြည်​ကြ​စေရန် သူ​တို့​ကို ငါ​ပို​၍​ပြည့်​စုံ​စွာ​ဖျောင်း​ဖျ​နိုင်​ခြင်း​ငှာ၊ ပရောဖက်​ဟေရှာယ​ရေး​ထား​သည်​ကို ငါ​ဖတ်​ပြ​၏။ အကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​ကျမ်း​စာ​များ​ကို ငါ​တို့​အတွက် ငါ​ကျင့်​သုံး​သည်​မှာ၊ ငါ​တို့​၏​အကျိုး​နှင့် သင်​ယူ​ခြင်း​အတွက်​ဖြစ်​စေ​ကြောင်း​ပင်​တည်း။

၂၄ သို့​ဖြစ်​၍၊ သူ​တို့​ကို ငါ​ဆို​သည်​ကား၊ ဣသရေလ​အမျိုး​သား​တို့​၏ ကျန်​ကြွင်း​သော​သူ​များ​ဖြစ်​ကြ​သော၊ ကွဲ​ကွာ​ခဲ့​လေ​သည့်​သူ​တစ်​စု​ဖြစ်​သော သင်​တို့​သည် ပရောဖက်​၏​စကား​များ​ကို ကြား​နာ​ကြ​လော့။ ခပ်​သိမ်း​သော​ဣသရေလ​အမျိုး​သား​များ​သို့ ရေး​ထား​လေ​သော ပရောဖက်​၏​စကား​များ​ကို သင်​တို့​ကြား​နာ​ကြ​လော့။ သင်​တို့ ကွဲ​ကွာ​ခဲ့​လေ​ရာ​မှ သင်​တို့​၏​ညီ​အစ်​ကို​များ​ကဲ့​သို့​ပင် မျှော်​လင့်​ခြင်း​ရှိ​နိုင်​ကြ​စေ​ကြောင်း ထို​စကား​များ​ကို သင်​တို့​ကိုယ်​တိုင်​အတွက် ကျင့်​သုံး​ကြ​လော့။ အကြောင်း​မူ​ကား၊ ဤ​ကဲ့​သို့​ပင် ပရောဖက်​က ရေး​ထား​လေ​သ​တည်း။