ကျမ်းစာများ
၁ နီဖိုင်း ၈


အခန်းကြီး ၈

လေဟိ​သည် အသက်​ပင်​အကြောင်း ရူပါရုံ​ကို​မြင်​၏—သူ​သည် ထို​အပင်​၏ အသီး​ကို​သုံးဆောင်​၍၊ သူ့​မိသားစု​ကို​လည်း ထို​နည်း​တူ၊ သုံးဆောင်​စေ​လို​၏—သူ​သည် သံ​တန်း​တစ်​ခု၊ ကျပ်​တည်း​ကျဉ်း​မြောင်း​သည့်​လမ်း​တစ်​လမ်း၊ လူ​တို့​အား ဖုံး​လွှမ်း​သည့် အမှောင်​ထု​တို့​ကို​မြင်​၏—စာရိယ၊ နီဖိုင်း​နှင့် ရှမ်​တို့ အသီး​ကို သုံးဆောင်​ကြ​သော်​လည်း လာမန်​နှင့် လေမွေလ​တို့​က ငြင်း​ဆန်​ကြ​၏။ ဘီစီ ၆၀၀–၅၉၂ ခန့်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​တို့​သည် မျိုး​စေ့​အမျိုး​မျိုး၊ စ​ပါး​အမျိုး​မျိုး​နှင့် သစ်​သီး​အစေ့​အမျိုး​မျိုး​ကို အတူ​တ​ကွ​စု​ဆောင်း​ကြ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​၏​အဘ​သည် တော​ရိုင်း​ထဲ​၌၊ တည်း​ခို​၍​နေ​စဉ်တွင် ငါတို့ကို ဆို​လေ​သည်​ကား၊ ရှု​လော့၊ ငါ​သည် အိပ်​မက်​တစ်ခုမက်​၏။ သို့မဟုတ်၊ တစ်​နည်း​အား​ဖြင့်၊ ငါ​သည် ရူပါရုံ​တစ်​ခု​ကို မြင်​ရ​၏။

ရှု​ဦး​လော့၊ ငါ​မြင်​ရ​လေ​သော​အရာ​များ​ကြောင့်၊ ငါ​သည် ကိုယ်​တော်​ရှင်​၌ ရွှင်​လန်း​ဝမ်း​မြောက်​စရာ​အကြောင်း ရှိ​သည်​မှာ၊ နီဖိုင်း​နှင့်​ရှမ်​တို့​ကြောင့်​လည်း​ဖြစ်​၏။ အကြောင်း​မူ​ကား၊ သူ​တို့​နှင့်​သူ​တို့​၏​အမျိုး​အနွယ်​များ​စွာ​တို့​လည်း ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်​ဖြစ်​ကြောင်း​ကို ထင်​မှတ်​စရာ​အကြောင်း ငါ့​၌​ရှိ​၏။

သို့​ရာ​တွင်၊ ရှု​လော့၊ လာမန်​နှင့်​လေမွေလ၊ ငါ​သည် သင်​တို့​ကြောင့် လွန်​စွာ​စိုး​ရိမ်​၏။ အကြောင်း​မူ​ကား၊ ရှု​လော့၊ ငါ​၏​အိပ်​မက်​ထဲ၌ မှောင်​မိုက်​၍​ချောက်​ချား​ဖွယ်​ကောင်း​သော တော​ရိုင်း​တစ်​ခု​ကို ငါ​မြင်​ရ​သည်​ဟု ထင်​မိ​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် လူ​တစ်​ယောက်​ကို မြင်​၏၊ ထို​သူ​သည် အဖြူ​ရောင်​ဝတ်​လုံ​ကို ဝတ်​ဆင်​ထား​ပြီး၊ ငါ့​ရှေ့ ၌​လာ​၍​ရပ်​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သည် ငါ့​ကို မြွက်​ဆို​ပြီး၊ သူ့​နောက်​သို့​လိုက်​လာ​ရန် အမိန့်​ပေး​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် သူ့​နောက်​သို့ လိုက်​စဉ်တွင် မှောင်​မိုက်​၍ ချောက်ချား​ဖွယ် ကောင်း​သော လူ​ဆိတ်​ညံ​ရာ​လွင်​ပြင်​အရပ်​၌ ရောက်​နေ​ကြောင်း ငါ့​ကိုယ်​ငါ သတိ​ပြု​မိ​၏။

ငါ​သည် အမှောင်​ထဲ​၌ နာရီ​ပေါင်း​များ​စွာ​ကြာ​အောင် ခရီး​သွား​လေ​ပြီး​မှ၊ ကိုယ်​တော်​ရှင်​၏​နူး​ညံ့​သော​ကရုဏာတော်​များ​စွာ​တို့​အတိုင်း၊ ငါ့​ကို ကရုဏာထား​တော်​မူ​ပါ​မည့်​အကြောင်း၊ သူ့​ထံ​သို့ ဆု​တောင်း​စ​ပြု​ခဲ့​၏။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် ကိုယ်​တော်​ရှင်​ထံ​သို့ ဆု​တောင်း​လေ​ပြီး​နောက်၊ ကြီး​မား​ကျယ်​ပြန့်​သော လယ်​ကွင်း​ပြင်​ကို တွေ့​မြင်​၏။

၁၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ လူ​ကို ပျော်​ရွှင်​စေ​၍ နှစ်​လို​ဖွယ်​ကောင်း​သော​အသီး​ရှိ​သည့် သစ်​ပင်​တစ်​ပင်​ကို ငါ​မြင်​၏။

၁၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် ထွက်​သွား​၍ ထို​အပင်​၏​အသီး​ကို သုံးဆောင်​၏။ ထို​အသီး​မှာ ယ​ခင်​က ငါ​မြည်း​စမ်း​ဖူး​သ​မျှ​အား​လုံး​ထက် အချို​ဆုံး​ဖြစ်​ကြောင်း​ကို​လည်း ငါ​သိ​မြင်​၏။ ထို​မှ​တစ်​ပါး၊ အပင်​၏​အသီး​မှာ၊ အဖြူ​ရောင်​ဖြစ်​၍၊ ငါ​မြင်​ဖူး​သ​မျှ​သော အဖြူ​အား​လုံး​ထက် သာ​လွန်​သည်​ကို​လည်း ငါ​သိ​မြင်​၏။

၁၂ ထို​အပင်​၏​အသီး​ကို ငါ​သုံးဆောင်​စဉ်တွင်​၊ ထို​အသီး​သည် ငါ့​ဝိညာဉ်​ကို အလွန်​ကြီး​စွာ​သော ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စေ​၏။ သို့​ဖြစ်​၍၊ ငါ့​မိသားစု​ကို​လည်း ထို​အသီး​ကို သုံးဆောင်​စေ​လို​သော​စိတ် ငါ့၌ ဖြစ်​ပေါ်​စ​ပြု​၏။ အကြောင်း​မူ​ကား၊ ထို​အသီး​မှာ အခြား​အသီး​အား​လုံး​ထက် နှစ်​လို​ဖွယ်​ဖြစ်​ကြောင်း ငါ​သိ​၏။

၁၃ ငါ​သည် ငါ့​မိသားစု​ကို​လည်း တွေ့​ကောင်း​တွေ့​စိမ့်​ခြင်း​ငှာ အရပ်​ရပ်​သို့ မျှော်​ကြည့်​ရာ ရေ​စီး​ရာ​မြစ်​တစ်​မြစ်​ကို မြင်​တွေ့​၏။ ထို​မြစ်​သည် ငါ​သုံးဆောင်​နေ​သော​အသီး​ကို သီး​သည့် အပင်​၏ အနီး​တစ်​လျှောက်​တွင် စီး​ဆင်း​၏။

၁၄ ငါ​သည်​လည်း ထို​မြစ်​အဘယ်​အရပ်​မှ စ​၍​စီး​ဆင်း​သည်​ကို တွေ့​ရှိ​ခြင်း​ငှာ ကြည့်​ရှု​ရာ အနည်း​ငယ်​ဝေး​ရာ​၌ ထို​မြစ်​၏​မြစ်​ဖျား​ကို တွေ့​မြင်​၏။ ထို​မြစ်​ဖျား​တွင် သင်​၏​အမိ စာရိယ၊ ရှမ်​နှင့်​နီဖိုင်း​တို့​ကို ငါ​မြင်​၏။ သူ​တို့​သည် အဘယ်​အရပ်​သို့​သွား​ရ​မှန်း သိ​ခြင်း​မ​ရှိ​သ​ကဲ့​သို့ ရပ်​လျက်​ရှိ​၏။

၁၅ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် သူ​တို့​ကို လက်​ယပ်​ပြီး​ခေါ်​၏။ ငါ့​ထံသို့ သူတို့လာ​ပြီး၊ အခြား​အသီး​အား​လုံး​ထက် နှစ်​လို​ဖွယ်​ဖြစ်​သော ထို​အသီး​ကို သုံးဆောင်​ရကြ​မည့်​အကြောင်း ကျယ်​သော​အသံ​နှင့် ငါ​ဆို​၏။

၁၆ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​သည် ငါ့​ထံ​သို့ လာ​ပြီး၊ အသီး​ကို​လည်း သုံးဆောင်​ကြ​၏။

၁၇ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါသည် လာမန်​နှင့် လေမွေလ​တို့​ကို​လည်း အသီး​ကို လာ​၍ သုံး​ဆောင်ကြ​စေ​ခြင်းငှာ အလို​ရှိ​၏။ သို့​ဖြစ်​၍၊ ငါ​သည် သူ​တို့​ကို တွေ့​မြင်​ကောင်း​တွေ့​မြင်​နိုင်​ခြင်း​ငှာ မြစ်​ဖျား​ဆီ​သို့ မျှော်​ကြည့်​၏။

၁၈ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် သူ​တို့​ကို တွေ့​မြင်​၏။ သို့​ရာ​တွင်၊ သူ​တို့​သည် ငါ့​ထံ​သို့​မ​လာ​လို၊ အသီး​ကို​လည်း မ​သုံးဆောင်​လို​ကြ။

၁၉ ငါ​သည် သံ​တန်း​တစ်​ခု​ကို​လည်း တွေ့​မြင်​၏။ ထို​သံ​တန်း​သည် မြစ်​ကမ်း​တစ်​လျှောက်​၌ အပြိုင်​ရှိ​ပြီး၊ ငါ​ရပ်​နေ​ရာ အပင်​ဆီ​သို့ သွယ်​တန်း​၏။

၂၀ ငါ​ရပ်​နေ​သည့် အပင်​အထိ သံ​တန်း​နှင့်​အပြိုင်​သွယ်​တန်း​သော ကျပ်​တည်း​ကျဉ်း​မြောင်း​သည့် လမ်း​တစ်​လမ်း​ကို​လည်း ငါ​မြင်​၏။ ထို​လမ်း​သည် မြစ်​ဖျား​၏​အနီး​မှ​တစ်​ဆင့် ကမ္ဘာ​မြေ​ကြီး​ပ​မာ ကြီးမား​ကျယ်​ပြန့်​သော လယ်​ကွင်း​ပြင်​ဆီ​သို့​လည်း သွယ်​တန်း​၏။

၂၁ ငါ​သည် မ​ရေ​မ​တွက်​နိုင်​သော လူ​အစု​အဝေး​တို့​ကို​လည်း​မြင်​၏။ ထို​သူ​တို့​အထဲ​မှ များ​စွာ​သော​သူ​တို့​သည် ငါ​ရပ်​နေ​သော အပင်​ဆီ​သို့ သွယ်​တန်း​သည့် လမ်း​သို့ ရောက်​ရှိ​ခြင်း​ငှာ ရှေ့​သို့​ဆက်​၍​ကြိုး​စား အား​ထုတ်​လျက်​ရှိ​ကြ​၏။

၂၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​တို့​သည် ထွက်​လာ​ကြ​ပြီး၊ အပင်​ဆီ​သို့ သွယ်တန်းသော လမ်း​၌ စ​၍​လျှောက်​ကြ​၏။

၂၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ အမှောင်​ထု​ဖြစ်​ပေါ်​လာ​၏။ အမှန်​စင်​စစ်၊ အလွန်​ကြီး​စွာ​သော အမှောင်​ထု​ပင်​ဖြစ်​၍၊ လမ်း​၌ စ​၍​လျှောက်​ကြ​လေ​ပြီး​သော​သူ​တို့ လမ်း​ပျောက်​ကြ၊ မျက်​စိ​လည်​၍ ပျောက်​ဆုံး​ကြ​သည့်​တိုင်​အောင်​ပင်​တည်း။

၂၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​သည် အခြား​သော​သူ​များ ရှေ့​သို့​ဆက်​၍ ကြိုး​စား​အား​ထုတ်​နေ​ကြ​သည်​ကို မြင်​တွေ့​၏။ သူ​တို့​သည်​လည်း ရှေ့​သို့​ထွက်​လာ​၍၊ သံ​တန်း​၏ အဖျား​ကို ဖမ်း​ကိုင်​၍၊ အပင်​၏ အသီး​ကို သုံးဆောင်​ကြရ​သည်​အထိ​ပင် သံ​တန်း​ကို တင်း​ကျပ်​စွာ​ဆုပ်​ကိုင်​လျက်၊ အမှောင်​ထု​ကို​ဖြတ်​၍၊ ရှေ့​သို့​ဆက်​ပြီး​ကြိုး​စား အား​ထုတ်​ကြ​၏။

၂၅ သူ​တို့​သည်​လည်း အပင်​၏​အသီး​ကို သုံး​ဆောင်ကြ​လေ​ပြီး​နောက်​၊ ရှက်​ကြောက်​သ​ကဲ့​သို့​ဖြစ်​၍ အရပ်​ရပ်​သို့ မျှော်​ကြည့်​ကြ​၏။

၂၆ ငါ​သည်​လည်း အရပ်​ရပ်​သို့ မျှော်​ကြည့်​ရာ ရေ​စီး​ရာ​မြစ်​၏​အခြား​တစ်​ဖက်​ကမ်း ပေါ်​၌ ကြီး​မား​ကျယ်​ဝန်း​သော အဆောက်​အအုံ​တစ်​ခု​ကို မြင်​၏။ ၎င်း​သည် မြေ​ကြီး​အထက်​မြင့်​သော​နေရာ၊ လေ​ထဲ​၌ တည်​နေ​သ​ကဲ့​သို့​ရှိ​၏။

၂၇ ထို​အရာ​သည် ယောက်ျား၊ မိန်းမ၊ အသက်​ကြီး​သူ၊ အသက်​ငယ်​သူ​တို့​နှင့်​ပြည့်​လျက်​ရှိ​၏။ ထို​သူ​တို့​၏ ဝတ်​ဆင်​ပုံ​ဟန်​ပန်​မှာ အလွန်​လှ​ပ​၏။ သူ​တို့​သည် အသီး​ကို လာ​၍ သုံးဆောင်​နေ​ကြ​သော​သူ​တို့​ကို လက်​ညှိုး​ထိုး​၍ ကဲ့​ရဲ့​နေ​ကြ​၏။

၂၈ သူ​တို့​သည် အသီး​ကို​မြည်း​စမ်း​ခဲ့​ကြ​လေ​ပြီး​နောက်၊ မိမိ​တို့​ကို ပြက်​ရယ်​ပြု​နေ​ကြ​သော သူ​များ​ကြောင့် ရှက်​ကြောက်​၍၊ တား​မြစ်​ထား​သော လမ်း​များ​သို့ ရွေ့​လျော့​ဖောက်​ပြန်​၍ ပျောက်​ဆုံး​ကြ​၏။

၂၉ ယ​ခု​မူ​ကား၊ ငါ​နီဖိုင်း​သည် ငါ့​အဘ​၏​စကား အလုံး​စုံ​တို့​ကို မ​ပြော။

၃၀ သို့​ရာ​တွင်၊ ရေး​ရာ​၌ အကျဉ်း​ချုပ်​၍​ဆို​ရ​လျှင်၊ ရှု​လော့၊ သူ​သည် အခြား​လူ​အစု​အဝေး​တို့ ရှေ့​သို့​ဆက်​၍​ကြိုး​စား​အား​ထုတ်​သည်​ကို မြင်​၏။ သူ​တို့​သည်​လည်း ထွက်​လာ​၍၊ သံ​တန်း​၏​အဖျား​ကို ဖမ်း​ကိုင်​ကြ​၏။ သူ​တို့​သည် သံ​တန်း​ကို အစဉ်​မ​ပြတ် ခိုင်​မြဲ​စွာ​ကိုင်​ထား​လျက် ထွက်​လာ​၍ လဲ​ကျ​ပြီး၊ အပင်​၏​အသီး​ကို သုံးဆောင်​ကြ​သည်​အထိ လုံ့​လ​စိုက်​လျက် ရှေ့​သို့​ဆက်​၍​ကြိုး​စား အား​ထုတ်​ကြ​၏။

၃၁ အခြား​လူ​အစု​အဝေး​တို့​ကြီး​မား​ကျယ်​ဝန်း​သော အဆောက်​အအုံ​ဆီ​သို့ သွား​သည့်​လမ်း​ကို စမ်း​တ​ဝါး​ဝါး ရှာ​နေ​ကြ​သည်​ကို​လည်း သူ​မြင်​၏။

၃၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ များ​စွာ​သော​သူ​တို့​သည် မြစ်​ရေ​နက်​၌ နစ်​မြုပ်​၍၊ များ​စွာ​တို့​သည် အကျွမ်း​မ​ဝင်​သော​လမ်း​များ​၌ မျက်​စိ​လည်​လျက် သူ့​မြင်​ကွင်း​မှ ပျောက်​ဆုံး​ကြ​၏။

၃၃ မြောက်​မြား​လှ​သည်​ကား၊ ထူး​ဆန်း​သော အဆောက်​အအုံ​အတွင်း​သို့ ဝင်​သွား​သည့် လူ​အစု​အဝေး ဖြစ်​၏။ သူ​တို့​သည် ထို​အဆောက်​အအုံ​အတွင်း​သို့ ဝင်​သွား​ကြ​ပြီး​နောက်၊ ငါ့​ဆီ​သို့၊ ထို့​အတူ အသီး​ကို သုံးဆောင်​နေ​ကြ​သော​သူ​များ​ဆီ​သို့​လည်း ပြက်​ရယ်​ပြု​သော လက်​ညှိုး​ဖြင့်​ထိုး​ကြ​၏။ သို့​ရာ​တွင် ငါ​တို့​သည် ထို​သူ​တို့​ကို ပမာဏ​ပြု​ခြင်း​မ​ရှိ​ကြ။

၃၄ ငါ့​အဘ​၏​ဤ​စကား​များ​သည်​ကား၊ ထို​သူ​တို့​ကို ပမာဏ​ပြု​ကြ​သူ​မှန်​သ​မျှ​သည် ရွေ့​လျော့​ဖောက်​ပြန်​လေ​၏​ဟု ဖြစ်​သ​တည်း။

၃၅ လာမန်​နှင့် လေမွေလ​တို့​သည်​လည်း အသီး​ကို​မ​သုံးဆောင်​ကြ​ဟု ငါ့​အဘ​ကဆို​၏။

၃၆ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ့​အဘ​သည် သူ့​အိပ်​မက် သို့​မ​ဟုတ်၊ ရူပါရုံ​တို့​အကြောင်း များ​စွာ​သော စကား​အလုံး​စုံ​တို့​ကို ပြော​ခဲ့​လေ​ပြီး​နောက်၊ ရူပါရုံ​၌ သူ​မြင်​ရ​သော​အရာ​များ​ကြောင့် လာမန်​နှင့် လေမွေလ​တို့​အတွက် လွန်​စွာ​စိုး​ရိမ်​ကြောင်း၊ ငါ​တို့​ကို ပြော​ပြ​၏။ အထူး​သ​ဖြင့်၊ ကိုယ်​တော်​ရှင်​၏​မျက်​မှောက်​မှ သူ​တို့​စွန့်​ပစ်​ခံ​ရ​မည်​ကို သူ​စိုး​ရိမ်​၏။

၃၇ သူ​၏​စကား​များ​ကို သူ​တို့စေ့စေ့နားထောင်ကြ​မည့်​အကြောင်း​နှင့်၊ ကိုယ်​တော်​ရှင်​က သူ​တို့​ကို ကရုဏာ ကြီးကောင်းကြီး​တော်​မူ​၍၊ နှင်​မ​ထုတ်​စေ​မည့်​အကြောင်း၊ ကြင်နာသ​နား​တတ်​သော မိဘ​တစ်​ဦး​၏​စိတ်​ခံ​စား​မှု​အလုံး​စုံ​ဖြင့် သူ​တို့​ကို​တိုက်​တွန်း​၏။ ထို​မှ​တစ်​ပါး၊ ငါ့​အဘ​သည် သူ​တို့​ကို ဟော​ပြော​၏။

၃၈ သူ​တို့​ကို ဟော​ပြော​လျက်၊ များ​စွာ​သော​အရာ​တို့​ကို​လည်း ပရောဖက်​ပြု​၍ သူ​ဟော​လေ​ပြီး​နောက်​၊ ကိုယ်​တော်​ရှင်​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​ကြရန် သူ​တို့​ကို ပြော​ဆို​၏။ ထို့​နောက်​တွင်၊ သူ​တို့​အား ဟော​ပြော​ခြင်း​ကို ရပ်​တန့်​၏။