ကျမ်းစာများ
၂ နီဖိုင်း ၁၃


အခန်းကြီး ၁၃

ယုဒ​ပြည်​နှင့် ယေရုရှလင်​မြို့​သည် သူတို့၏မ​နာ​ခံ​မှု​အတွက် အပြစ်ဒဏ်​ပေး​ခံ​ရ​ကြ​လိမ့်​မည်—ကိုယ်​တော်​ရှင်​သည် သူ​၏​လူ​မျိုး​တို့​အတွက် အမှု​တို့​ကို စောင့်​တော်​မူ​ပြီး၊ တရား​စီရင်​တော်​မူ​၏—ဇိအုန်​သ​တို့​သမီး​တို့​သည် မိမိ​တို့​၏​လောကီတဏှာ​ကြောင့်၊ ကျိန်ခြင်း​နှင့် စိတ်​ဆင်းရဲ​ကိုယ်​ဆင်းရဲ​ဖြစ်ခြင်း​တို့​ကို ခံစား​ရ​ကြ​၏—ဟေရှာယအခန်းကြီး ၃ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

အကြောင်း​မူ​ကား၊ ရှုလော့၊ ကိုယ်​တော်​ရှင်၊ ကောင်းကင်​ဗိုလ်ခြေ​ကိုယ်​တော်​ရှင်​သည် မုန့်​အထောက်​အပင့်​ရှိ​သ​မျှ​နှင့် ရေ​အထောက်​အပင့်​ရှိ​သ​မျှ​မှ​စ​၍၊ အစာ​ရေ​စာ​အထောက်​အပင့်​ကို ယေရုရှလင်​မြို့​နှင့်​ယုဒ​ပြည်​မှ ဖယ်ရှား​တော်​မူ​၏—

အား​ကြီး​သော​သူ၊ စစ်​တိုက်​သော​သူ၊ တရား​သူ​ကြီး၊ ပရောဖက်၊ ပညာ​တတ်၊ အသက်​ကြီး​သူ၊

ငါး​ဆယ်စု​တပ်​မှူး၊ ဂုဏ်​သ​ရေ​ရှိ​သူ၊ တိုင်​ပင်​ဖက်၊ လက်​သတ္တိ​ရှိ​သော​သူ၊ နှုတ်​သတ္တိ​ရှိ​သော​သူ​တို့​ကို ပယ်​ရှား​တော်​မူ​၏။

ငါ​သည် သူ​ငယ်​တို့​ကို ထို​သူ​တို့​အဖို့ မင်း​သား​များ​ဖြစ်​စေ​၍၊ ကလေး​ငယ်​တို့​သည် သူ​တို့​ကို အုပ်​စိုး​ကြ​လိမ့်​မည်။

လူ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက်၊ ကိုယ်နှင့်စပ်ဆိုင်သောသူ​တစ်​ယောက်​ကို​တစ်​ယောက် ညှဉ်း​ပန်း​နှိပ်​စက်​ကြ​လိမ့်​မည်။ သူ​ငယ်​သည် အသက်​ကြီး​သူ​ကို ကိုယ်​တိုင်​မာန​ကြီး​စွာ ဆန့်​ကျင်​၍​လည်း​ကောင်း၊ လူ​ယုတ်​သည် ဂုဏ်သရေရှိသူ​ကို ဆန့်​ကျင်​၍​လည်း​ကောင်း ပြု​မူ​ကြ​လိမ့်​မည်။

လူ​သည် ပေါက်​ဘော်​ချင်း ညီ​အစ်​ကို​ကို ကိုင်​ဆွဲ​၍ သင်​၌ အဝတ်​ရှိ​သေး​၏။ သင်​သည် အကျွန်ုပ်​တို့​အပေါ်​၌ အုပ်​စိုး​သူ​ဖြစ်​ပါ​စေ။ ဤ​ပြို​ပျက်​ရာ​ကို​လည်း သင်​၏​လက်​အောက်​သို့ မ​ကျ​ရောက်​ပါ​စေ​နှင့်​ဟု ဆို​လျှင်—

သူ​က​လည်း၊ ငါ​သည် ပြု​ပြင်​နိုင်​သော​သူ​မ​ဟုတ်။ ငါ့​အိမ်​၌ မုန့်​လည်း​မ​ရှိ၊ အဝတ်​လည်း​မ​ရှိ။ ငါ့​ကို လူ​တို့​အပေါ်​မှာ အုပ်​စိုး​သူ​အဖြစ် မ​ပြု​ပါ​နှင့်​ဟု ဆို​၍၊ ထို​ကာလ​၌ အတည့်​အလင်း​ပြော​ဆို​လိမ့်​မည်။

အကြောင်း​မူ​ကား၊ သူ​တို့​၏​စကား​များ​နှင့် သူ​တို့​၏​အကျင့်​များ​သည် ကိုယ်​တော်​ရှင်​၏ ဘုန်းတော်မျက်​စိ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​ကြခြင်း​ငှာ၊ သူ​၏​အလို​တော်​နှင့်​မ​ညီ​ဘဲ ရှိ​ကြ​လေ​သော​ကြောင့်၊ ယေရုရှလင်​မြို့​ပြို​လဲ၍၊ ယုဒ​ပြည်​လည်းကျ​ရှုံး​၏။

သူ​တို့​မျက်​နှာထား​သည် သူ​တို့​တစ်​ဖက်​၌ သက်​သေ​ခံ​၏။ သော​ဒုံ​မြို့​သား​ကဲ့​သို့​ပင်​ဖြစ်​စေ​ကြောင်း၊ မိမိ​တို့​၏​အပြစ်​ကို ထင်​ရှား​စွာ​ပြ​၍၊ သူ​တို့​သည် ထို​အရာ​ကို မ​ဝှက်​နိုင်​ကြ။ သူ​တို့​၏​ဝိညာဉ်​များ​၌ အမင်္ဂလာ​ရှိ​ကြ​၏။ အကြောင်း​မူ​ကား၊ မ​ကောင်း​သောအရာကို မိမိ​တို့​ကိုယ်​၌ ဆပ်​ပေး​ကြ​ပြီ။

၁၀ ဖြောင့်​မတ်​သော​သူ​တို့​သည် ကောင်းသောအကျိုးခံရကြ​၏​ဟု ထို​သူ​တို့​ကို ပြော​လော့။ အကြောင်း​မူ​ကား၊ သူ​တို့​သည် မိမိ​တို့​အကျင့်​များ​၏​အသီး​ကို စား​ရ​လိမ့်​မည်။

၁၁ ဆိုး​ညစ်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​၏။ အကြောင်း​မူ​ကား၊ သူ​တို့​သည် ပျက်စီး​ကြ​လိမ့်​မည်။ သူ​တို့​လက်​၏ အကျိုး​ကျေး​ဇူး​သည်​လည်း သူ​တို့​အပေါ်​သို့ ရောက်​လိမ့်​မည်။

၁၂ ထို့​အတူ၊ ငါ​၏​လူမျိုး​တို့​အတွက်၊ သူ​ငယ်​တို့​သည် ညှဉ်း​ပန်း​နှိပ်​စက်​သူ​များ​ဖြစ်​ကြ​၏။ မိန်းမ​တို့​သည်​လည်း သူ​တို့​အပေါ်​အုပ်​စိုး​ကြ​၏။ အို ငါ​၏​လူမျိုး​တို့၊ သင်​တို့​အား လမ်း​ပြ​သော​သူ​တို့​သည် သင်​တို့​ကို လမ်း​လွဲ​စေ​ကြ​၍ သင်​တို့ သွား​သော​လမ်း​ခရီး​ကို​လည်း​ဖျက်​ကြ​၏။

၁၃ ကိုယ်​တော်​ရှင်​သည် အမှု​ကို စောင့်​ရန် ထ​တော်​မူ​၏၊ လူ​တို့မျိုးတို့​ကို တရား​စီရင်ရန်လည်း အား​ထုတ်​တော်​မူ​၏။

၁၄ ကိုယ်​တော်​ရှင်​သည် မိမိ​လူမျိုး​တို့​တွင် အသက်​ကြီး​သူ​တို့​ကို​လည်း​ကောင်း၊ မင်း​သား​တို့​ကို​လည်း​ကောင်း စ​တင်​၍​တရား​စီရင်​လိမ့်​မည်။ သင်​တို့​သည် စပျစ်​ဥယျာဉ်​နှင့် ဆင်းရဲသား​တို့​ထံ​မှ လု​ယူ​ရာ​ဥစ္စာ​ကို သင်​တို့​အိမ်​များ​၌ စား​ပစ်​ကြ​လေ​ပြီ။

၁၅ သင်​တို့​သည်​ကား၊ အဘယ်​သို့​နည်း။ သင်​တို့​သည် ငါ​၏​လူ​မျိုးတို့​ကို နှိပ်​စက်​ကြ​ပြီ။ ဆင်းရဲ​သား​တို့​၏​မျက်​နှာ​ကို ကြိတ်​ကြ​ပြီ​ဟု ကောင်းကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​ဘုရားသခင် မိန့်​တော်​မူလေ​၏။

၁၆ တစ်​ဖန်၊ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည်​ကား၊ ဇိအုန်​သ​တို့​သမီး​တို့​သည် စိတ်​မြင့်​၍၊ မိမိ​လည်​ပင်း​ကို ပြ​လျက်၊ မျက်​စိ​လော်​လည်​လျက်၊ မိမိ​တို့​၏​ခြေ​တို့​မှ အသံ​မြည်​စေ​လျက်၊ စိပ်​စိပ်​လှမ်း​သွား​တတ်​ကြ​၏—

၁၇ ထို့​ကြောင့်၊ ကိုယ်​တော်​ရှင်​သည် ဇိအုန်​သ​တို့​သမီး​တို့​၏​ဦး​ခေါင်း​ကို ဝဲ​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည် သူ​တို့​၏​လျှို့​ဝှက်​အပ်​သော​အင်္ဂါ​တို့​ကို ဖွင့်​ပြ​တော်​မူ​လိမ့်​မည်။

၁၈ ထို​ကာလ​၌ ကိုယ်​တော်​ရှင်​ဖယ်​ရှား​တော်​မူ​မည့်​အရာ​များ​ကား၊ သူ​တို့​၏​ပြောင်​လက်​သော​အသံ​မြည်​သည့်​တန်​ဆာ​များ၊ ဇာ​ဦး​ထုပ်၊ လ​ခြမ်း​ရုပ်​လည်​ဆွဲ၊

၁၉ ဆွဲ​ကြိုး၊ လက်​ကောက်၊ လည်​ပတ်၊

၂၀ ဦး​ထုပ်၊ ခြေ​ထောက်​၏​တန်​ဆာ​များ၊ ခေါင်း​ပေါင်း၊ နံ့​သာ​ဘူး၊ နား​သန်​သီး၊

၂၁ လက်​စွပ်၊ နှာ​ဆွဲ၊

၂၂ လဲ​လှယ်​၍​ဝတ်​နိုင်​သော အဝတ်​စုံ၊ တပက်၊ ခေါင်း​ခြုံ၊ ဆံ​ထိုး၊

၂၃ လွယ်​မှန်၊ အတွင်း​အင်္ကျီ၊ ဦး​ရစ်၊ မျက်​နှာ​ဖုံး​တို့​ကို ပယ်​ရှင်း​တော်​မူ​မည်။

၂၄ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ မွှေး​သော​အနံ့​အရာ​၌ ပုပ်​စပ်​သော​အနံ့၊ ခါး​စည်း​အရာ​၌ ခါး​ကြိုး၊ ကျစ်​သော​ဆံပင်​အရာ​၌ ခေါင်းတုံးခြင်း၊ ရင်​စည်း​တန်​ဆာ​အရာ​၌ လျှော်​တေ​ကြိုး၊ လှ​သော​အဆင်း​အရာ​၌ သံ​ပူ​ထိုး​ချက်​ရာ​ဖြစ်​ရ​ပေ​မည်။

၂၅ သင်​၏​လူ​တို့​သည် ဓား​ဘေး​ဖြင့်​လည်း​ကောင်း၊ သင်​၏​သူ​ရဲ​တို့​သည် စစ်​တိုက်ခြင်း​၌​လည်း​ကောင်း ကျ​ဆုံး​ကြ​လိမ့်​မည်။

၂၆ သူ​မ​၏​တံခါး​တို့​သည် ငို​ကြွေး​မြည်​တမ်း​၍၊ သူ​မ​သည် ဆိတ်​ညံ​လျက်၊ မြေ​မှာ ထိုင်​ရ​လိမ့်​မည်။