ကျမ်းစာများ
၂ နီဖိုင်း ၈


အခန်းကြီး ၈

ယာကုပ်​သည် ဟေရှာယ​အနာဂတ္တိ​ကျမ်း​ကို ဆက်​၍ ဖတ်​၏။ နောက်​ဆုံး​သော​ကာလ​၌၊ ကိုယ်​တော်​ရှင်​သည် ဇိအုန်​မြို့​ကို ချမ်း​သာ​ပေး​ပြီး၊ ဣသရေလ​အမျိုး​တို့​ကို စုဝေး​တော်​မူ​မည်—ရွေး​နှုတ်​ခံ​ရ​သော​သူ​တို့​သည် ဇိအုန်​မြို့​သို့​ရောက်​လာ​ပြီး၊ ကြီး​စွာ​သော​ဝမ်း​မြောက်ခြင်း​အလယ်​၌ ရှိ​ကြ​မည်—ဟေရှာယ​အခန်းကြီး ၅၁၊ ၅၂း ၁–၂ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ဖြောင့်​မတ်ခြင်း​တရား​သို့​လိုက်​သော​သူ​တို့၊ ငါ့​စကား​ကို စေ့စေ့နား​ထောင်​ကြ​လော့။ သင်​တို့​ကို ခုတ်​ယူ​ရာ​ကျောက်​နှင့် တူး​ယူ​ရာ တွင်း​ဝ​ကို တွေး​ရှု​ဆင်​ခြင်​ကြ​လော့။

သင်တို့၏အဘအာဗြဟံနှင့် သင်တို့ကိုဖွားသောသူစာရာတို့ကို တွေးရှုဆင်ခြင်ကြလော့။ အကြောင်းမူကား၊ ငါသည် သူတစ်ယောက်တည်းကိုခေါ်၍၊ ကောင်းချီးပေးတော်မူခဲ့၏။

အကြောင်း​မူ​ကား၊ ကိုယ်​တော်​ရှင်​သည် ဇိအုန်​မြို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။ သူ​၏​ခပ်သိမ်းသော ဆိတ်​ညံ​ရာ​အရပ်​တို့​ကို ချမ်း​သာ​ပေး​မည်။ သူ​၏​တော​ရိုင်း​ကို ဧဒင်​အရပ်​ကဲ့​သို့​လည်း​ကောင်း၊ သူ​၏​လွင်​ပြင်​ကို ကိုယ်​တော်​ရှင်​၏​ဥယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​လိမ့်​မည်။ ဝမ်း​မြောက်ခြင်း​နှင့် ဝမ်း​သာခြင်း၊ ကျေး​ဇူး​တော်​ချီး​မွမ်းခြင်း၊ သီချင်း​ဆိုခြင်း​တို့​ကို ထို​မြို့ ၌ တွေ့​ရ​လိမ့်​မည်။

ငါ​၏​လူ​မျိုး​တို့၊ ငါ့ကို စေ့စေ့နားထောင်​ကြ​လော့။ အို ငါ​၏​လူ​စု​တို့၊ ငါ့​ကို နားညောင်း​ကြ​လော့။ အကြောင်း​မူ​ကား၊ ငါ့​ထံ​မှ တရား​ထွက်​၍၊ ငါ​၏​တရား​စီရင်​တော်​မူခြင်း​ကို လူ​တို့​အတွက် အလင်း​အဖြစ်​တည်​စေရန် ငါ​ပြု​တော်​မူ​မည်။

ငါ​၏​ဖြောင့်​မတ်ခြင်း​သည် အနီး၌​ရှိ​၏။ ငါ​၏​ကယ်​တင်ခြင်း​သည် ထွက်​သွား​ပြီ။ ငါ့​လက်​ရုံး​သည် လူ​တို့​ကို တရား​စီရင်​လိမ့်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် ငါ့​ကို မျှော်​လင့်​၍၊ ငါ့​လက်​ရုံး​ကို ကိုး​စား​ကြ​လိမ့်​မည်။

ကောင်း​ကင်​ကို မျှော်​၍​ကြည့်​ကြ​လော့။ အောက်​အရပ်​ရှိ မြေ​ကြီး​ကို​လည်း ကြည့်​ကြ​လော့။ အကြောင်း​မူ​ကား၊ ကောင်းကင်​သည် မီး​ခိုး​ကဲ့​သို့ ကွယ်​ပျောက်​၍၊ မြေ​ကြီး​သည် အဝတ်တန်ဆာ​ကဲ့​သို့ ဟောင်း​နွမ်း​လိမ့်​မည်။ ၎င်း​အပေါ်၌ နေ​ထိုင်​ကြ​သူ​တို့​သည် ထို​ကဲ့​သို့​ပင် သေ​လိမ့်​မည်။ သို့​ရာ​တွင်၊ ငါ​၏​ကယ်​တင်ခြင်း​သည် ကာလ​အစဉ်​အဆက် တည်​လိမ့်​မည်။ ငါ​၏​ဖြောင့်​မတ်ခြင်း​သည်​လည်း ပ​ပျောက်ခြင်း မ​ရှိ​ရာ။

ဖြောင့်​မတ်ခြင်း​ကို​သိ​၍၊ ငါ့​တရား​ကို စိတ်​နှ​လုံး​၌ ငါ​ရေး​လေ​သည့် လူ​မျိုး​တည်း​ဟူ​သော သင်​တို့၊ ငါ့​စကား​ကို စေ့စေ့နား​ထောင်​ကြ​လော့။ လူ​တို့​၏​အပြစ်​တင်ခြင်း​ကို မ​စိုး​ရိမ်​ကြ​နှင့်။ သူ​တို့​၏​ကဲ့​ရဲ့ ပြော​ဆိုခြင်း​ကို မ​ကြောက်​ကြ​နှင့်။

အကြောင်း​မူ​ကား၊ ပိုး​ဖလံ​တို့​သည် သူ​တို့​ကို အဝတ်​တန်ဆာသ​ဖွယ် ကိုက်​စား​ကြ​လိမ့်​မည်။ ပိုး​လောက်တို့​သည်​လည်း သူ​တို့​ကို သိုး​မွေး​သ​ဖွယ် ကိုက်​စား​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ ငါ​၏​ဖြောင့်​မတ်ခြင်း​မူ​ကား၊ ကာလ​အစဉ်​အဆက်​ဖြစ်​၍၊ ငါ​၏ ကယ်​တင်ခြင်း​သည်​လည်း လူ​မျိုး​အစဉ်​အဆက် တည်​လိမ့်​သ​တည်း။

အို ကိုယ်​တော်​ရှင်​၏​လက်​ရုံး​တော်၊ နိုး​တော်​မူ​ပါ၊ နိုး​တော်​မူ​ပါ၊ ခွန်​အား​ကို ယူ​တော်​မူ​ပါ။ ရှေး​ကာလ​များ​၌​ကဲ့​သို့ နိုး​တော်​မူ​ပါ။ ရာ​ခပ်​ကို ခုတ်​ဖြတ်​၍ နဂါး​ကို နာ​စေ​သော​သူ​ကား၊ ကိုယ်​တော်​ပင် မ​ဟုတ်​လော။

၁၀ ပင်​လယ်၊ မ​ဟာသမုဒ္ဒရာ​ရေ​တို့​ကို ခန်း​ခြောက်​စေ​၍၊ ပင်​လယ်​ရေ​နက်​ကို ရွေး​ယူ​ခံ​ရ​သူ​တို့​သွား​စ​ရာ​လမ်း​ဖြစ်​စေ​သော​သူ​ကား၊ ကိုယ်​တော်​ပင် မ​ဟုတ်​လော။

၁၁ ထို့​ကြောင့်၊ ကိုယ်​တော်​ရှင်​ရွေး​နှုတ်​ထား​တော်​မူ​သော​သူ​တို့​သည် ပြန်​လာ​၍​သီချင်း​ဆို​လျက်၊ ဇိအုန်​မြို့​သို့ ရောက်​ကြ​လိမ့်​မည်။ ထာဝရ​တည်​မြဲ​သော​ဝမ်း​မြောက်ခြင်း​နှင့် သန့်​ရှင်းခြင်း​တို့​သည်​လည်း သူ​တို့​၏​ဦး​ခေါင်း​ပေါ်​မှာ ရှိ​ကြ​လိမ့်​မည်။ ထို့​အတူ ဝမ်း​သာခြင်း​နှင့် ဝမ်း​မြောက်ခြင်း​ကို သူ​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ဝမ်း​နည်းခြင်း​နှင့် ငိုကြွေးမြည်တမ်း​ခြင်း​သည် ထွက်​ပြေး​သွား​ရ​လိမ့်​မည်။

၁၂ ငါ​သည်​ကား ထို​သူ​ဖြစ်​၏။ အကယ်​စင်​စစ်၊ ငါ​သည် သင်​တို့​ကို နှစ်​သိမ့်​စေ​သော​သူ​ဖြစ်​၏။ ရှု​လော့၊ သေ​ရ​သော​လူ​သား​ကို​လည်း​ကောင်း၊ မြက်​ပင်​ကဲ့​သို့ ဖြစ်​လ​တ္တံ့​သော​လူ​သား​ကို​လည်း​ကောင်း၊ သင်​ကြောက်​ရ​မည်​အကြောင်း၊ သင်​သည် အဘယ်​သူ​ဖြစ်​လေ​သ​နည်း။

၁၃ ကောင်းကင်​ကို ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​အုတ်​မြစ်​ကို​လည်း ချတော်​မူ​သော၊ သင့်​ကို​ဖန်​ဆင်း​တော်​မူ​သော ကိုယ်​တော်​ရှင်​ကို သင်​သည်​မေ့​လျော့​၍၊ ညှဉ်း​ပန်း​နှိပ်​စက်​သော​သူ​သည် ဖျက်​ဆီး​လုပြီ​ဖြစ်သကဲ့သို့ သူ​၏​ဒေါ​သ​အမျက်​ကို နေ့​တိုင်း​အစဉ်​မ​ပြတ် ကြောက်​ရ​မည့်​အကြောင်း၊ အဘယ်​သို့​သော​သ​ဘော​ရှိ​သ​နည်း။ ယခု​မှာ၊ ညှဉ်း​ပန်း​နှိပ်​စက်​သော​သူ​၏ ဒေါ​သ​အမျက်​သည် အဘယ်​မှာ​ရှိ​သ​နည်း။

၁၄ အကျဉ်း​သား​အဖြစ် ပြည်​နှင်​ဒဏ်​ခံ​ရ​သော​သူ​သည် လွတ်​စေခြင်း​ငှာ​လည်း​ကောင်း၊ မြေ​အောက်​ခန်း​ထဲ​မှာ မ​သေ​စေခြင်း​ငှာ​လည်း​ကောင်း၊ သူ​၏​အစာ မ​ပြတ်​စေခြင်း​ငှာ​လည်း​ကောင်း လျင်​မြန်​စွာ​ပြု​၏။

၁၅ သို့​ရာ​တွင်၊ ငါ​သည် လှိုင်း​တံ​ပိုး​ကို ဟုန်း​စေ​သော သင်​၏​ဘုရားသခင်​ကိုယ်​တော်​ရှင်​ဖြစ်​၏။ ငါ​၏​နာမ​တော်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​ကိုယ်​တော်​ရှင်​ပေ​တည်း။

၁၆ ကောင်းကင်​ကို​ဆောက်၍၊ မြေ​ကြီး​အုတ်​မြစ်​ကို တည်​စေခြင်း​ငှာ​လည်း​ကောင်း၊ ရှု​လော့၊ သင်​သည် ငါ​၏​လူ​မျိုး​ဖြစ်​၏​ဟု ဇိအုန်​မြို့​ကို ပြော​စေခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​စကား​ကို သင်​၏​နှုတ်​ထဲ​မှာ​ထား​၍၊ ငါ့​လက်​၏​အရိပ်​နှင့် သင့်​ကို ငါ​မိုး​ပြီ။

၁၇ ကိုယ်​တော်​ရှင်​လက်​နှင့်​ပေး​တော်​မူ​သည့် သူ့​အမျက်​တော်​ဖလား​ကို သောက်​သော အို ယေရုရှလင်​မြို့၊ နိုး​လော့၊ နိုးလော့၊ ထ​လော့—သင်​သည် တုန်​လှုပ်​စေ​သော​ဖလား​မှ အနည်​အဖတ်​ကို အကုန်​သောက်​ခဲ့​ပြီ—

၁၈ ထို့​အတူ၊ သူ​မ ဖွား​မြင်​လေသည့် ခပ်သိမ်းသော​သား​တို့​၌၊ သူ​မ​ကို လမ်း​ပြ​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ။ သူ​မ မွေး​စား​သည့် ခပ်သိမ်းသော သားတို့၌လည်း၊ သူ​မ​ကို လက်​မှ​ဆွဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

၁၉ လူ​ဆိတ်​ညံခြင်း​နှင့် ဖျက်​ဆီးခြင်း​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါးခြင်း​နှင့် ဓား​ဘေး—တည်း​ဟူ​သော ဤ​သား​နှစ်​ပါး​တို့​သည် သင့်​အပေါ်​မှာ ရောက်​လာ​သည်​ဖြစ်​၍၊ သင့်​အတွက် အဘယ်​သူ​သည် ဝမ်း​နည်း​လိမ့်​မည်​နည်း—အဘယ်​သူ​အား​ဖြင့် သင့်​ကို ငါ​ချမ်း​သာ​ပေး​သ​နည်း။

၂၀ ဤ​နှစ်​ပါး​မှ​တစ်​ပါး၊ သင်​၏​သား​တို့​သည် မိန်း​မော​တွေ​ဝေ​ကြ​၏။ ကျော့​ကွင်း​၌ ဖမ်း​မိ​သော​စိုင်​ကဲ့​သို့၊ သူ​တို့​သည် ခပ်သိမ်း​သော​လမ်း​ဝ​မှာ​အိပ်​၍၊ သူ​တို့​၌ ကိုယ်​တော်​ရှင်​၏​အမျက်​ထွက်​တော်​မူခြင်း၊ သင့်​ဘုရားသခင်​၏ ဆုံးမ​တော်​မူခြင်း​နှင့် ပြည့်​ကြ​၏။

၂၁ ထို့​ကြောင့်၊ ဒုက္ခ​ပေးခြင်း​ကို​ခံ​ရ​၍၊ စပျစ်​ရည်​နှင့်​မ​ဟုတ်​ဘဲ ယစ်​မူး​သော​အသင်၊ ဤ​အရာ​ကို ယခု နား​ထောင်​လော့။

၂၂ သင်​၏​ကိုယ်​တော်​ရှင်၊ သင်​၏​ဘုရားသခင်​ကိုယ်​တော်​ရှင်​သည် မိမိ​လူ​တို့​၏​အမှု​ကို စောင့်​တော်​မူ​၍ မိန့်​တော်​မူ​သည်​ကား၊ ရှု​လော့၊ တုန်​လှုပ်​စေ​သော​ဖလား၊ ငါ့​အမျက်​တော်​ဖလား​၏ အနည်​အဖတ်​ကို သင်​၏​လက်​မှ ငါ​ရုပ်​၍၊ သင်​သည် ထို​အရာ​ကို နောက်​တစ်​ဖန် မ​သောက်​ရတော့လတ္တံ့။

၂၃ သို့​ရာ​တွင်၊ သင့်​ကို ဒုက္ခ​ပေး​သည့်​သူ​တို့​၏​လက်​၌ ထို​ဖလား​ကို ငါ​ထား​တော်​မူ​မည်။ ငါ​တို့​ကျော်​သွား​နိုင်​စေခြင်းငှာ ဦးညွှတ်ပျပ်​ဝပ်​လော့​ဟု ထို​သူ​တို့​က သင့်​ဝိညာဉ်​ကို ဆို​ကြ​လေ​ပြီ—သင်​သည်​လည်း ခရီး​သွား​သော​သူ​တို့​ရှေ့​မှာ သင်​၏​ကိုယ်​ကို မြေ​ကဲ့​သို့ လည်း​ကောင်း၊ လမ်း​ကဲ့​သို​လည်း​ကောင်း လဲ​လျောင်း​လေ​ပြီ။

၂၄ အို ဇိအုန်​မြို့၊ နိုး​လော့၊ နိုး​လော့၊ သင်​၏​ခွန်​အား​ကို​ဝတ်​ဆင်​လော့။ အို သန့်​ရှင်း​သော​မြို့​တည်း​ဟူ​သော ယေရုရှလင်​မြို့၊ သင်​၏​တင့်​တယ်​သော​အဝတ်​တန်ဆာ​တို့​ကို ဝတ်​ဆင်​လော့။ အကြောင်း​မူကား၊ အရေပြား​လှီးမ​ခံ​သော​သူ​နှင့် ညစ်​ညူး​သော​သူ​တို့​သည် ယခု​မှ​စ​၍​၊ သင့်​အထဲ​သို့ မ​ဝင်​ရ​ကြတော့။

၂၅ အို ယေရုရှလင်​မြို့၊ သင့်​ကိုယ်​ကို မြေ​မှုန့်​မှ ခါ​လိုက်​လော့။ ထ​၍ ထိုင်​လော့။ အို ဖမ်း​ဆီး​ချုပ်​နှောင်​ခံ​ရ​သော ဇိအုန်​သ​တို့​သမီး၊ သင်​၏​လည်​ကြိုး​တို့​မှ သင့်​ကိုယ်​ကို ဖြေ​လွှတ်​လော့။