ကျမ်းစာများ
၂ နီဖိုင်း ၂၇


အခန်းကြီး ၂၇

မှောင်မိုက်နှင့် ဖောက်ပြန်​သင်းကွဲခြင်းတို့သည် နောက်ဆုံးသော​ကာ၌ မြေကြီးကို ဖုံးလွှမ်း​လိမ့်မည်—မော်မုန်ကျမ်း ပေါ်ထွက်​လာလိမ့်မည်—သက်သေ​သုံးဦးတို့က ထိုကျမ်း​အကြောင်းကို သက်သေခံ​ကြလိမ့်မည်—စာတတ်သော​လူသည် တံဆိပ်ခတ်​ထားသောကျမ်းကို မဖတ်နိုင်ဟု ပြောလိမ့်မည်—ကိုယ်တော်ရှင်သည် အံ့ဩဖွယ်​ကောင်းသော​အမှုနှင့် အံ့မခန်း​ချီးမွမ်း​ဖွယ်အမှုကို ပြုတော်မူ​လိမ့်မည်—ဟေရှာယအခန်းကြီး ၂၉ နှင့် နှိုင်းယှဉ်ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

သို့ရာတွင်၊ ရှုလော့၊ နောက်ဆုံးသော​ကာလ၌ သို့မဟုတ် တပါး​အမျိုးသားတို့၏​ကာလ၌—ရှုလော့၊ တပါး​အမျိုးသားတို့၏ ခပ်သိမ်းသော​လူမျိုးများနှင့် ယုဒ​လူမျိုးများ၊ ဤပြည်သို့ လာကြမည့်​သူများ၊ အခြားသော​ပြည်များ၊ အမှန်စင်စစ်၊ မြေကြီးပေါ်၌​ရှိသော​ပြည်ခပ်သိမ်းတို့၌ ရှိကြမည့်​သူများတို့​သည်လည်း၊ ရှုလော့၊ ဒုစရိုက်၊ အမျိုးမျိုးသော စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့ဖြင့် ယစ်မူး​ကြလိမ့်မည်—

ထိုနေ့​ကျရောက်​လာသောအခါ၊ ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်သည် သူတို့ကို မိုးချုန်းခြင်းနှင့်၊ မြေကြီး​လှုပ်ခြင်းနှင့်၊ ကြီးစွာသော​အသံဗလံနှင့်၊ မုန်တိုင်းနှင့်၊ မိုးသက်​မုန်တိုင်းနှင့်၊ လောင်တတ်သော​မီးနှင့် အပြစ်ပေး​တော်မူလိမ့််မည်။

ဇိအုန်ကို ဆန့်ကျင်၍၊ တိုက်ခိုက်ကြသော​သူ​ခပ်သိမ်းနှင့်၊ ညှဉ်းဆဲကြသော​သူတို့သည် ညဉ့်ရူပါရုံ၏ အိပ်မက်​ကဲ့သို့ ဖြစ်ကြလိမ့်မည်။ အထူး​သဖြင့်၊ အိပ်မက်​မက်သည့် မွတ်သိပ်သော​သူကဲ့သို့ပင်၊ ရှုဦးလော့၊ စားရ​သော်လည်း၊ နိုးသောအခါ အမွတ်​အသိပ်​မပြေသကဲ့သို့​လည်းကောင်း၊ အိပ်မက်​မက်သည့််ရေ​ငတ်သောသူ​ကဲ့သို့၊ ရှုဦးလော့၊ သောက်ရ​သော်လည်း၊ နိုးသောအခါ၊ ရှုဦးလော့၊ နွမ်းနယ်လျက်၊ တောင့်တလျက်​ရှိသကဲ့သို့​လည်းကောင်း သူတို့အဖို့​ဖြစ်လိမ့်မည်။ ဇိအုန်​တောင်ကို စစ်တိုက်သော ပြည်သားတို့၏ လူအစုအဝေး​သည်လည်း ထိုကဲ့သို့ပင်​ဖြစ်ရလိမ့်မည်။

အကြောင်း​မူကား၊ ရှုလော့၊ ဒုစရိုက်ကိုပြုသည့် ခပ်သိမ်းသော​သင်တို့သည် ဖင့်နွှဲ၍ မှိုင်တွေကြလော့။ ကျယ်လောင်စွာ ငိုကြွေး၍ တောင်း​လျှောက်ကြလော့။ ထို​မှတစ်ပါး၊ သင်တို့သည် စပျစ်ရည်​ကြောင့်​မဟုတ်ဘဲ ယစ်မူး​ရကြလိမ့်မည်။ သင်တို့သည် သေရည်​သေရက်ကြောင့်​မဟုတ်ဘဲ တိမ်းယိမ်း​ကြလိမ့်မည်။

အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် ကြီးသော​အိပ်ခြင်းကို သင်တို့၌ သွင်းတော်မူလေ၏။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့သည် မိမိတို့၏​မျက်စိကို ပိတ်၍၊ ပရောဖက်တို့ကို ငြင်းပယ်​ကြလေပြီ။ သင်တို့၏ အုပ်စိုးသူများနှင့် မြင်သော​သူများကို သူဖုံးလွှမ်း​တော်မူလေသည်မှာလည်း သင်တို့၏​ဒုစရိုက်​ကြောင့်ဖြစ်၏။

ဤသို့အားဖြင့်​အချိန်တန်လာ​လတ္တံ့သောအခါ၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် သင်တို့ထံသို့၊ သတင်း​စကားများ​ပါဝင်သည့် စာအုပ်​တစ်အုပ်ကို ဖော်ပြ​တော်မူလိမ့်မည်။ ထိုအရာတို့​သည်ကား၊ သေသွား​လေပြီးသော​သူတို့၏​သတင်း​စကားများ ဖြစ်လိမ့်မည်။

ရှုဦးလော့၊ ထိုစာအုပ်ကို တံဆိပ်ခတ်ထား​တော်မူ​လိမ့်မည်ဖြစ်၍ ထိုစာအုပ်​ထဲ၌ ကမ္ဘာဦး​မှစ၍ ကမ္ဘာ​ကုန်ဆုံးခြင်း​အထိဖြစ်သော ဘုရားသခင်ထံမှ ဗျာဒိတ်တော်​ပါရှိလိမ့်မည်။

သို့ဖြစ်၍၊ တံဆိပ်ခတ်၍​ထားသော​အရာများကြောင့်၊ လူတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၏​ကာလ၌ ထိုတံဆိပ်ခတ်​ထားသော​အရာများကို ပေးအပ်လိမ့်မည် မဟုတ်။ သို့ဖြစ်၍၊ ထိုကျမ်းကို ဆိုင်းငံ့ထား​လိမ့်မည်။

သို့ရာတွင်၊ ထိုကျမ်းကို လူတစ်ဦး​ထံသို့ ပေးအပ်​တော်မူလိမ့်မည်ဖြစ်၍၊ မြေမှုန့်၌ သေကြလေပြီးသော​သူတို့၏​စကားများဖြစ်သည့် ထိုကျမ်းမှ စကားများကို သူက​ပေးအပ်​လိမ့်မည်။ ထို့အတူ သူသည် ထိုစကားများကို တခြားသူ​တစ်ဦးသို့ ပေးအပ်​လိမ့်မည်။

၁၀ သို့ရာတွင်၊ တံဆိပ်​ခတ်ထားသော​စကားများကို သူပေးအပ်​လိမ့်မည်​မဟုတ်။ ထိုကျမ်းကိုလည်း သူပေး​အပ်လိမ့်မည်​မဟုတ်။ အကြောင်းမူကား၊ ထိုကျမ်းကို ဘုရားသခင်၏ တန်ခိုးတော်​အားဖြင့် တံဆိပ်ခတ်​ထားလိမ့်မည်။ တံဆိပ်ခတ်​ထားလေသော ဗျာဒိတ်​တော်ကိုလည်း ထွက်ပေါ်​လာနိုင်​စေခြင်းငှာ၊ ကိုယ်တော်ရှင်၏ ကာလ​အချိန်​တန်သည့်​တိုင်အောင်၊ ထိုကျမ်းထဲ၌ သိုထား​လိမ့်မည်။ အကြောင်းမူကား၊ ထိုအရာတို့သည် ကမ္ဘာ​တည်ကတည်းက၊ ကမ္ဘာ​ကုန်ဆုံးသည်​အထိဖြစ်သည့် ခပ်သိမ်းသောအရာတို့ကို ဖော်ပြကြ၏။

၁၁ တံဆိပ်ခတ်​ထားသော ထိုကျမ်း၏ စကားများကို အိမ်မိုးပေါ်မှာ ဖတ်ကြားရမည့်​နေ့ ကျရောက်​လာပေမည်။ ထိုအရာတို့ကို ခရစ်တော်၏​တန်ခိုး​အားဖြင့် ဖတ်ကြား​ရလိမ့်မည်။ လူသားတို့၌ ဖြစ်ဖူးလေသော၊ ထို့အတူ ကမ္ဘာ​ကုန်ဆုံးသည်တိုင်အောင်ပင် ဖြစ်လိမ့်မည့် ခပ်သိမ်းသောအရာတို့ကို လူသားတို့ထံ ဖော်ပြ​တော်မူလိမ့်မည်။

၁၂ သို့ဖြစ်၍၊ ထိုကျမ်းကို ငါပြော​ထားလေသည့်​သူအား ပေးအပ်သည့်​ကာလ၌၊ လောကအမြင်မှ ကွယ်ဝှက်ထား​လိမ့်မည်ကား၊ ပေးအပ်​ခံရမည့်​သူအပြင် ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့်၊ ထိုကျမ်းကို​မြင်ရမည့် သက်သေသုံးဦးတို့​မှတစ်ပါး၊ အဘယ်သူမျှ မမြင်​ရစေခြင်းငှာဖြစ်၏။ သူတို့​သည်လည်း ထိုကျမ်းနှင့် ထိုကျမ်း၌ ပါဝင်သော​အရာတို့၏ အမှန်တရားကို သက်သေခံ​ကြလိမ့်မည်။

၁၃ ထို့အတူ၊ ဘုရားသခင်၏​အလိုတော်​အတိုင်း၊ သူ၏​နှုတ်ကပတ်တော်​အကြောင်းကို လူသားတို့ထံ သက်သေခံရန် အနည်းငယ်သော​သူတို့​မှတစ်ပါး၊ ကြည့်ရှု​ရမည့်သူ အခြားအဘယ်သူမျှ မရှိ။ အကြောင်းမူကား၊ သစ္စာရှိသော​သူတို့၏ စကားများကို သေရာမှ​ပြောသကဲ့သို့ ပြောလိမ့်မည်​ဖြစ်ကြောင်း ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူလေပြီ။

၁၄ သို့ဖြစ်၍၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် သူ၏​နှုတ်ကပတ်တော်များ​ကျမ်းကို ဆက်၍ ဖော်ပြ​လိမ့်ဦးမည်။ ထို့အတူ၊ သူသည် ကောင်းမြတ်သည်ဟု မှတ်ယူသည့် သက်သေမှန်သမျှတို့အားဖြင့် သူ၏​နှုတ်ကပတ်တော်ကို တည်စေ​တော်မူလိမ့်မည်။ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ငြင်းပယ်သော​သူသည် အမင်္ဂလာရှိ၏။

၁၅ သို့ရာတွင်၊ ရှုလော့၊ ကိုယ်တော်ရှင်​ဘုရားသခင်က ထိုကျမ်းကို ပေးအပ်​တော်မူမည့်​သူအား မိန့်​တော်မူလိမ့်​မည်ကား၊ တံဆိပ်ခတ်​မထားသည့် ဤစကားများကို ခံယူပြီး၊ တခြားသော​သူကို ပေးအပ်ရမည်မှာ၊ ထိုသူက ဤအရာကို ဖတ်ပါ၊ သင့်ကို ငါတောင်းပန်၏ဟု ဆို၍ စာတတ်သော​သူအား ထိုအရာတို့ကို ပြနိုင်​စေကြောင်း ဖြစ်၏။ စာတတ်သော​သူကလည်း ထို​ကျမ်း​ကို ဤ​နေရာ​သို့​ယူ​ခဲ့ပါ၊ ငါ​ဖတ်​မည်ဟု ဆို​လိမ့်မည်။

၁၆ ယခုမူကား၊ လောက၏ ချီးမွမ်းမှု​အတွက်နှင့် အကျိုး​အမြတ်​ရခြင်းငှာ သူတို့သည် ဤ​အရာကို​ပြောကြ​မည်ဖြစ်၍၊ ဘုရားသခင်၏​ဘုန်းတော်​ထင်ရှားဖို့​အတွက် မဟုတ်။

၁၇ ထိုလူကလည်း၊ တံဆိပ်ခတ်​ထားသောကြောင့် ထိုကျမ်းကို ငါမယူ​လာနိုင်ပါဟု ပြောလိမ့်မည်။

၁၈ ထို့နောက်တွင် စာတတ်သော​သူက ထိုကျမ်းကို ငါ​မဖတ်နိုင်ဟု ပြောလိမ့်မည်။

၁၉ သို့ဖြစ်၍၊ အချိန်တန်လာလတ္တံ့သောအခါ၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် ထိုကျမ်းနှင့် ထိုကျမ်း၌​ပါရှိသော နှုတ်ကပတ်တော်တို့ကို စာမတတ်သော​သူအား တစ်ဖန်​ပေးအပ်​တော်မူလိမ့်မည်။ စာမတတ်သော​သူကလည်း အကျွန်ုပ်သည် စာမတတ်ပါဟု ဆိုလိမ့်မည်။

၂၀ ထို့နောက်တွင်၊ ကိုယ်တော်ရှင်​ဘုရားသခင်က မိန့်​တော်မူလိမ့်​မည်မှာ၊ စာတတ်သော​သူတို့သည် ထိုစာများကို မဖတ်ရ။ အကြောင်းမူကား၊ သူတို့သည် ထိုစာများကို ငြင်းပယ်​ကြလေပြီ။ ငါ၏​အမှုကို​ပြုရန် ငါ​တတ်နိုင်၏။ သို့ဖြစ်၍၊ သင့်ကို ငါပေးမည့် စကားများကို သင်ဖတ်ရမည်။

၂၁ တံဆိပ်ခတ်​ထားသော​အရာတို့ကို မထိနှင့်။ အကြောင်းမူကား၊ ငါသည် ထို​အရာတို့ကို ငါ၏​ကာလ​အချိန်တန်သောအခါ၌ ဖော်ပြတော်မူမည်။ အကြောင်းမူကား၊ ငါ၏​အမှုကို ပြုရန်ငါ​တတ်နိုင်ကြောင်း လူသားတို့ကို ပြတော်မူမည်။

၂၂ သို့ဖြစ်၍၊ သင်သည် ငါ​မိန့်တော်မူ​ထားလေသော နှုတ်ကပတ်​တော်များကို ဖတ်လေ၍၊ ငါကတိ​ပေးထားလေသော သက်သေများ​ရရှိပြီးနောက်၊ ခပ်သိမ်းသော​အရာတို့ကို လူသားတို့ထံ ဖော်ပြရန် သင့်လျော်မည်ဟု ငါ၏​ကိုယ်ပိုင်​ဉာဏ်ပညာတော်​အတိုင်း ဆင်ခြင်မိသည့် အချိန်​တိုင်အောင်၊ သင်မဖတ်ရသေးသော နှုတ်ကပတ်တော်များကို ငါထိန်းသိမ်း​စောင့်ရှောက်​ထားနိုင်​စေခြင်းငှာ၊ သင်သည် ထိုကျမ်းကို တစ်ဖန်​တံဆိပ်ခတ်၍၊ ငါ့အဖို့ ကွယ်ဝှက်​ထားရလိမ့်မည်။

၂၃ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ဘုရားသခင်ဖြစ်၏။ ထို့အတူ၊ ငါသည် အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့၏ ဘုရားသခင်​ဖြစ်၍၊ ငါသည် မနေ့၊ ယနေ့နှင့် ကာလ​အစဉ်​အဆက် မပြောင်းမလဲ ရှိတော်​မူကြောင်း လောကကို ပြတော်မူမည်။ ငါသည် လူသားတို့၌ သူတို့၏​ယုံကြည်ခြင်း​အတိုင်း​မှတစ်ပါး၊ ပြုတော်​မူခြင်းမရှိ။

၂၄ ထို​မှတစ်ဖန်၊ အချိန်​တန်လာ​လတ္တံ့သော​အခါ၊ ပေးအပ်​တော်မူ​လိမ့်မည့် နှုတ်ကပတ်​တော်များကို ဖတ်မည့်​သူအား ကိုယ်တော်ရှင်​မိန့်တော်မူ​လိမ့်မည့်​အရာများကား၊

၂၅ ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ သူတို့၏​စိတ်နှလုံးကို​မူကား ငါနှင့်​ဝေးရာသို့ ဖယ်ထားကြလေပြီ။ လူတို့​စီရင်သော ပညတ်တို့ကို အမှီ​ပြု၍၊ ငါ့ကို ကြောက်ရွံ့ကြ၏—

၂၆ ထို့ကြောင့်၊ ငါသည် ဤလူမျိုးတို့၌ အံ့ဩ​ဖွယ်ကောင်းသော​အမှု၊ အထူးသဖြင့် အံ့ဩ​ဖွယ်ကောင်းသော​အမှုနှင့် အံ့မခန်း​ချီးမွမ်းဖွယ်​အမှုတို့ကို ဆက်၍​ပြုတော်မူ​ဦးမည်။ အကြောင်းမူကား၊ ဉာဏ်ပညာရှိသူနှင့် စာတတ်သော​သူတို့၏ ဉာဏ်ပညာသည် ပျက်စီး​မည်ဖြစ်၍၊ ပညာတတ်၏ နားလည်ခြင်းသည်လည်း ကွယ်ပျောက်​လိမ့်မည်။

၂၇ ထို့အတူ၊ မိမိတို့၏​အကြံကို ကိုယ်တော်ရှင်​ထံမှ ကွယ်ဝှက်ခြင်းငှာ၊ နက်နဲစွာ ကြိုးစားသော​သူတို့သည် အမင်္ဂလာ​ရှိကြ၏။ သူတို့၏​အမှုများ​သည်လည်း မှောင်မိုက်ထဲမှာ ရှိကြလျက်၊ ငါတို့ကို အဘယ်သူ​မြင်သနည်း။ ငါတို့ကို အဘယ်သူ သိသနည်းဟု ပြောဆိုတတ်ကြ၏။ အရာရာတို့၌ သင်၏​မှောက်လှန်ခြင်းကို အိုးထိန်းသမား၏​မြေကဲ့သို့ ဧကန်အမှန် မှတ်ရ​လိမ့်မည်ဟုလည်း သူတို့က ပြောဆိုကြ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့၏ခပ်သိမ်းသော အမှု​များကို ငါသိ​ကြောင်း သူတို့အား ပြမည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။ အကြောင်းမူကား၊ လုပ်အပ်သော​အရာသည် လုပ်တတ်သော​သူကို ရည်မှတ်၍၊ ဤသူသည် ငါ့ကို​မလုပ်ဟု ဆိုရမည်လော။ ဖန်ဆင်း​အပ်သော​အရာသည် ဖန်ဆင်း​တတ်သော​သူကို ရည်မှတ်၍၊ ဤသူ၌ နားလည်ခြင်း​မရှိဟု ဆိုရမည်လော။

၂၈ သို့ရာတွင်၊ ရှုလော့၊ ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်​မူသည်ကား၊ လေဗနုန်တောင်ကို ဝပြောသော​လယ်ပြင်​အဖြစ်သို့ ပြောင်းလဲ၍၊ ဝပြောသော​လယ်ပြင်ကို တောကဲ့သို့ မှတ်ယူရမည့်​အချိန် အလွန်နီး​ပြီဖြစ်ကြောင်း လူသားတို့ကို ငါပြတော်မူမည်။

၂၉ ထိုကာလ၌ နားပင်းသော​သူတို့သည် ထိုကျမ်းမှ စကားများကို ကြားကြလိမ့်မည်။ မျက်စိ​ကန်းသော​သူတို့သည်လည်း မြှေးယှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့်​ကင်း၍ မြင်ကြ​လိမ့်မည်။

၃၀ ထို့အတူ၊ သိမ်မွေ့အောက်ကျို့​သော​သူတို့သည်လည်း တိုးပွား၍၊ သူတို့၏​ဝမ်းမြောက်ခြင်းသည်၊ ကိုယ်တော်ရှင်၌​ရှိ၍၊ လူတို့၌ ဆင်းရဲသားတို့သည် ဣသရေလ​အမျိုး၏​သန့်ရှင်း​တော်မူသော​ဘုရား၌ ရွှင်လန်း​ဝမ်းမြောက်​ကြလိမ့်မည်။

၃၁ ကိုယ်တော်ရှင်​အမှန်​အသက်ရှင်​တော်မူသည်​အတိုင်း၊ သူတို့​မြင်ကြလိမ့်မည့်​အရာများကား၊ ကြောက်မက်​ဖွယ်သော​သူသည် စွမ်းအား​မဲ့ဖြစ်ရခြင်း၊ ဆဲရေးသော​သူသည် လောင်မြိုက်​ခံရခြင်း၊ ဒုစရိုက်ကို​ပြုခြင်းငှာ​ချောင်းမြောင်းသည့်​သူခပ်သိမ်းတို့ ပယ်ရှင်း​ခံရခြင်း၊

၃၂ ထို့အတူ၊ လူကို စကား​အတွက် တရားစွဲသော​သူများ၊ တံခါး​ဝမှာ​အပြစ်​တင်ဆုံးမ​သူကို ကျော့မိစေခြင်းငှာ ပြုသော​သူများနှင့် ဖြောင့်မတ်သော​သူကို တန်ဖိုး​မရှိသော​အရာ​အဖြစ် မထီမဲ့​မြင်ပြုကြသော​သူများတို့​ပေတည်း။

၃၃ ထို့ကြောင့်၊ အာဗြဟံ​အမျိုးကို ရွေးနှုတ်သော ကိုယ်တော်ရှင်သည်၊ ယာကုပ်​အမျိုးနှင့်​စပ်လျဉ်း၍ မိန့်တော်မူ​သည်ကား၊ ယာကုပ်​အမျိုးသည် ယခုတွင်၊ ရှက်ကြောက်ခြင်း၊ ဖြူရော်လာခြင်းလည်း မရှိရ။

၃၄ သို့ရာတွင်၊ သူတို့သည် ငါ၏ လက်နှင့်လုပ်သောအရာဖြစ်သည့်၊ သူ၏​သားမြေးတို့ကို မြင်လျှင်၊ ငါ၏​နာမတော်ကို ရိုသေကြလိမ့်မည်။ ယာကုပ်​အမျိုး၏​သန့်ရှင်း​တော်မူသော​ဘုရားကို ရိုသေ၍၊ ဣသရေလ​အမျိုး၏ ဘုရားသခင်ကို ကြောက်ရွံ့​ကြလိမ့်မည်။

၃၅ စိတ်သဘော​ဖောက်ပြန်သော​သူတို့သည်လည်း နားလည်ခြင်းသို့​ရောက်၍၊ ညည်းညူ​အပြစ်တင်သော​သူတို့သည်၊ ဩဝါဒကို နာယူကြ​လိမ့်မည်။