ကျမ်းစာများ
၂ နီဖိုင်း ၄


အခန်းကြီး ၄

လေဟိ​သည် သူ​၏​အမျိုး​အနွယ်​ကို အကြံ​ပေး၏၊ ကောင်း​ချီး​လည်းပေး​၏—သူ​သေ​၍ သင်္ဂြိုဟ်​ခံ​၏—နီဖိုင်း​သည် ဘုရားသခင်​၏​ကောင်း​မြတ်​ခြင်း​၌ ရွှင်​လန်း​ဝမ်း​မြောက်​၏—နီဖိုင်း​သည် ကိုယ်​တော်​ရှင်​ကို ကာလအစဉ်​အဆက်​ကိုး​စား​၏။ ဘီစီ ၅၈၈–၅၇၀ ခန့်။

ယခု​မူ​ကား၊ ငါ၊ နီဖိုင်းသည်၊ အဲဂုတ္တု​ပြည်​သို့ ဆောင်​ယူ​ခံ​ခဲ့​ရ​သော ယောသပ်​နှင့်​စပ်​လျဉ်း​၍၊ ငါ့​အဘ​ပြော​လေ​သည့် ပရောဖက်​ပြု​ဟော​ချက်​များ​အကြောင်း​ကို ပြော၏။

အကြောင်း​မူ​ကား၊ ရှု​လော့၊ သူ​သည် သူ​၏​အမျိုး​အနွယ်ခပ်သိမ်း​တို့​အကြောင်းကို အမှန်​ပင်​ပရောဖက်​ပြု​၍​ဟော​ခဲ့​၏။ သူ​ရေး​ခဲ့​သော ပရောဖက်​ပြု​ဟော​ချက်​များ​ထက် ပို​၍​အရေး​ကြီး​သည့်​အရာ မ​ရှိ​။ သူ​သည် ငါ​တို့​နှင့် ငါ​တို့​၏​အနာ​ဂတ်​မျိုး​ဆက်​များ​အကြောင်း ပရောဖက်​ပြု​၍​ဟော​ခဲ့​၏။ ထို​စကား​များ​ကို ကြေး​ပုရပိုက်​ပြား​များ​ပေါ်​၌ ရေး​ထား​၏။

သို့​ဖြစ်​၍၊ ငါ့​အဘ​သည် ယောသပ်​၏ ပရောဖက်​ပြု​ဟော​ချက်​များ​အကြောင်း ပြော​ဆို​ခြင်း​ကို လက်​စ​သတ်​ခဲ့​လေ​ပြီး​မှ၊ လာမန်​၏​သား​သမီး​များ၊ မိမိ​၏​သား​များ​နှင့် မိမိ​၏​သမီး​များ​ကို​ခေါ်​၍၊ ပြော​လေ​သည်​မှာ၊ ရှု​လော့၊ ငါ့​သား​ဦး​၏​သား​သမီး​များ​ဖြစ်​သော ငါ့သား​များ​နှင့် ငါ့သမီး​များ​တို့၊ ငါ​၏​စကား​များ​ကို သင်​တို့​နားညောင်း​ကြ​စေကြောင်း ငါ​အလို​ရှိ​၏။

အကြောင်း​မူ​ကား၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​မိန့်​တော်​မူ​လေ​သည်​မှာ၊ သင်​တို့​သည် ငါ​၏​ပညတ်​တော်​များ​ကို စောင့်​ထိန်း​ကြ​သ​မျှ၊ ထို​ပြည်​၌ အောင်မြင်​ကြ​လိမ့်​မည်။ ငါ​၏​ပညတ်​တော်​များ​ကို မစောင့်​ထိန်း​ကြ​သ​မျှ၊ ငါ​၏​မျက်​မှောက်​မှ ပယ်​ရှင်း​ခံရ​ကြလိမ့်​မည်။

သို့​ရာ​တွင်​၊ ငါ့​သား​များ​နှင့် ငါ့​သမီး​များ​တို့၊ ရှု​လော့၊ ငါ​သည် သင်​တို့​အပေါ် ကောင်း​ချီး​မင်္ဂလာ​ကို မ​ပေး​ရ​လျှင်၊ ငါ့​သင်္ချိုင်း​တွင်း​သို့ ဆင်း​မ​သွား​နိုင်။ အကြောင်း​မူ​ကား၊ ရှု​လော့၊ သင်​တို့​သည် သွားရမည့် လမ်း​အတိုင်း ပြု​စု​ပျိုး​ထောင်​ခံ​ရ​လျှင်၊ ထို​လမ်း​မှ စွန့်​ခွာမ​သွား​မည်​ကို ငါ​သိ​၏။

သို့​ဖြစ်​၍၊ သင်​တို့​အကျိန်​ခံ​ရ​လျှင်၊ ရှု​လော့၊ ငါသည် ထို​ကျိန်ခြင်း​အမင်္ဂလာ​ကို သင်​တို့​ထံ​မှ​ယူ​၍၊ သင်​တို့​မိဘ​များ​၏ ဦး​ခေါင်း​ပေါ်​သို့ ကျ​ရောက်​စေခြင်းငှာ သင်​တို့​အပေါ်၌ ငါ​၏​ကောင်း​ချီး​မင်္ဂလာ​ကို ပေး​၏။

သို့​ဖြစ်​၍၊ ငါ​၏​ကောင်း​ချီး​မင်္ဂလာ​ကြောင့်၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​သည် သင်​တို့​ပျက်​စီး​ရစေကြောင်း အခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်။ သို့​ဖြစ်​၍၊ သူ​သည် သင်​တို့​နှင့် သင်​တို့​၏​အမျိုး​အနွယ်​တို့​ကို ကာလ​အစဉ်​အဆက် ကရုဏာ​ကြီးတော်​မူ​လိမ့်​မည်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​၏​အဘ​သည် လာမန်​၏​သားများနှင့်​သမီး​များတို့အား ပြော​ဆို​ခြင်း​ကို လက်​စ​သတ်​ခဲ့​လေ​ပြီး​မှ၊ လေမွေလ​၏​သား​များနှင့် သမီးများ​တို့ကို သူ့​ရှေ့​သို့ ခေါ်​ဆောင်​စေ​၏။

ထို့​နောက်၊ သူ​တို့​ကို ဆို​လေ​သည်​ကား၊ ရှု​လော့၊ ငါ့​ဒုတိယ​သား​၏ သား​များနှင့်သမီး​များ​ဖြစ်​ကြ​သော ငါ့သား​များနှင့် သမီးများ​တို့၊ ရှု​လော့၊ လာမန်​၏​သားများနှင့် သမီးများ​တို့​အား ပေး​ခဲ့​သည်​နှင့်​တူ​သော ကောင်း​ချီး​မင်္ဂလာ​ကို သင်​တို့​အား ငါ​ပေး​၏။ သို့​ဖြစ်​၍၊ သင်​တို့​ရှင်း​ရှင်း​ဖျက်​ဆီးမ​ခံ​ရ။ ထို့​ပြင်၊ နောက်​ဆုံး​၌ သင်​တို့​၏​အမျိုး​အနွယ်​များ ကောင်း​ချီး​ခံ​စား​ရ​လိမ့်​မည်။

၁၀ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​၏​အဘ​သည် သူ​တို့​အား ပြော​ဆိုခြင်း​ကို လက်​စ​သတ်​လေ​ပြီး​လျှင်၊ ရှု​လော့၊ ဣရှမေလ​၏​သား​များ​နှင့် အထူး​သ​ဖြင့် သူ​၏​အိမ်​သူ​အိမ်​သား​ခပ်သိမ်း​တို့​ကို​ပင် ပြော​လေ​၏။

၁၁ သူ​တို့​အား ပြော​ဆိုခြင်း​ကို လက်​စ​သတ်​လေ​ပြီး​မှ၊ ရှမ်​ကို ပြော​လေ​သည်​ကား၊ သင်​နှင့် သင်​၏​အမျိုး​အနွယ်​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ အကြောင်း​မူ​ကား၊ သင်​သည် သင်​၏​ညီ​နီဖိုင်း​ကဲ့​သို့​ပင် ဤ​ပြည်​ကို အမွေ​ခံ​ရ​လိမ့်​မည်။ သင်​၏​အမျိုး​အနွယ်​တို့​သည် သူ​၏​အမျိုး​အနွယ်​တို့​နှင့်​အတူ ရေ​တွက်ခံ​ရ​လိမ့်​မည်။ သင်​သည်​လည်း သင်​၏​ညီ​ကဲ့​သို့​ပင်​ဖြစ်​၍၊ သင်​၏​အမျိုး​အနွယ်​သည် သူ​၏​အမျိုး​အနွယ် ကဲ့​သို့​ပင်​ဖြစ်​လိမ့်​မည်။ သင်​၏​အသက်​တာ​တစ်​လျှောက်​လုံး​၌​လည်း ကောင်းချီးခံစားရ​လိမ့်​မည်။

၁၂ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ ငါ​၏​အဘ​လေဟိ​သည် သူ့​စိတ်​နှလုံး​၏​ခံ​စား​ချက်​နှင့် သူ့​ကိုယ်​ထဲ​၌​ရှိ​သော ကိုယ်​တော်​ရှင်​၏​ဝိညာဉ်​တော်​အတိုင်း သူ​၏​အိမ်​သူ​အိမ်​သား​ခပ်သိမ်း​တို့​ကို ပြော​ပြ​လေ​ပြီး​နောက်၊ အို​မင်း​လာ​၏။ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သေ​၍၊ သင်္ဂြိုဟ်​ခံ​၏။

၁၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူ​သေ​ပြီး​နောက်၊ နေ့​များ​စွာ​မ​ကြာ​မီ​၌၊ ကိုယ်​တော်​ရှင်​၏​ဆုံး​မ​ခြင်း​များ​ကြောင့်၊ လာမန်၊ လေမွေလ​နှင့် ဣရှမေလ​၏​သား​တို့​သည် ငါ့​ကို အမျက်​ထွက်​ကြ​၏။

၁၄ အကြောင်း​မူ​ကား၊ ငါ​နီဖိုင်း​သည် သူ​၏​နှုတ်​က​ပတ်​တော်​အတိုင်း ပြောရန် အတင်း​စေ​ခိုင်းခံ​ရ​၏။ အကြောင်း​မူ​ကား၊ ငါ​သည် သူ​တို့​အား များ​စွာ​သော​အရာ​တို့​ကို ပြော​လေ​ပြီ။ ငါ့​အဘ​က​လည်း သူ​မ​သေ​မီ​က ပြော​ခဲ့​၏။ ထို​ပြော​ခဲ့​သော​စကား​များ​၏ အများ​စု​ကို ငါ​၏​အခြား​ပုရပိုက်​ပြား​များ​ပေါ်၌ ရေး​ထား​၏။ အကြောင်း​မူကား၊ သမိုင်း​ကြောင်း​ပို​၍​များ​သော​အပိုင်း​ကို ငါ​၏​အခြား​ပုရပိုက်​ပြား​များ​ပေါ်​၌ ရေး​ထား​၏။

၁၅ ၎င်း​တို့​အပေါ်၌၊ ငါ့​ဝိညာဉ်​၏​အမှု​အရာ​များကို ငါရေး၏​၊ ကြေး​ပုရပိုက်​ပြား​များ​ပေါ်​၌ ရေး​ထွင်း​ထား​သည့် များ​စွာ​သော​ကျမ်း​စာ​များလည်းရှိ​၏။ အကြောင်း​မူ​ကား၊ ငါ့​ဝိညာဉ်​သည် ကျမ်း​စာ​များ​၌ မွေ့​လျော်၏၊ ငါ့​စိတ်​နှလုံး​ကလည်း ၎င်းတို့ကို မှတ်​ကျုံး​၍ စဉ်း​စား​ဆင်​ခြင်​၏၊ ငါ့​သား​မြေး​တို့​၏ သင်​ယူခြင်း​နှင့်​အကျိုး​အတွက် ၎င်းတို့​ကို ရေး​၏။

၁၆ ရှု​လော့၊ ငါ့​ဝိညာဉ်​သည် ကိုယ်​တော်​ရှင်​၏​အမှု​အရာ​တို့​၌ မွေ့​လျော်​၏။ ငါ့​စိတ်​နှလုံး​က​လည်း ငါ​မြင်​ရ၊ ကြား​ရ​လေ​သော​အရာ​များ​ကို အစဉ်​မ​ပြတ် မှတ်​ကျုံး​၍​စဉ်း​စား​ဆင်​ခြင်​၏။

၁၇ အဘယ်​သို့​ပင်​ဖြစ်​စေ၊ ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်၍ အံ့​ဩ​ဖွယ်​ကောင်း​သော​အမှု​များ​ကို ငါ့​ကို ပြ​ရာ​၌ သူ​၏​ကြီး​စွာ​သော ကောင်း​မြတ်​ခြင်း​ရှိ​သော်​ငြား​လည်း၊ အို ငါ​သည် ပူ​ဆွေး​သော​က​များ​လှ​သူ​ပါ​တ​ကား​ဟု ငါ့​စိတ်​နှလုံး​က ဟစ်​ကြွေး၏။ ထို​မှ​တစ်​ပါး၊ ငါ​၏​လူ​ဇာတိ​သ​ဘော​ကြောင့်၊ ငါ့​စိတ်​နှလုံး​က ဝမ်း​နည်း​၏။ ငါ​၏​ဒုစရိုက်​များ​ကြောင့် ငါ့​ဝိညာဉ်​က ဝမ်း​နည်း​ပူ​ဆွေး​၏။

၁၈ ငါ့​ကို အလွန်​လွယ်​ကူ​စွာ​ဒုက္ခ​ပေး​သော သွေး​ဆောင်​ဖြား​ယောင်းခြင်း​များ​နှင့် အပြစ်​များ​ကြောင့်၊ ငါသည် ပတ်​လည်​ဝိုင်း​ထား​ခံ​ရ​၏။

၁၉ ငါ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​လို​သော​အခါ​၌၊ ငါ​၏​အပြစ်​များ​ကြောင့် ငါ့​စိတ်​နှလုံး​က ညည်း​တွား​၏။ အဘယ်​သို့​ပင်​ဖြစ်​စေ၊ ငါ​ကိုး​စား​ပြီး​လေ​ပြီ​ဖြစ်​သည့်​သူ​ကို သိ​၏။

၂၀ ငါ​၏​ဘုရားသခင်​သည် ငါ​၏​အထောက်​အမ​ဖြစ်​လေ​ပြီ။ သူသည် ငါ့ကို တော​ရိုင်း​ထဲ​၌ ငါ​၏​ဆင်း​ရဲ​ဒုက္ခ​များ​တစ်​လျှောက်၌ ဆောင်​တော်​မူ​လေ​ပြီ။ မ​ဟာသမုဒ္ဒရာ​ရေ​များ​ပေါ်​၌​လည်း ငါ့​ကို ကာ​ကွယ်​စောင့်​မ​တော်​မူ​လေ​ပြီ။

၂၁ ငါ့​ကိုယ်ခန္ဓာ​ကို ဝါး​မျို​ထား​သည်​အထိ​ပင်၊ ငါ့​ကို သူ​၏​ချစ်ခြင်း​နှင့် ပြည့်​စေ​တော်​မူ​လေ​ပြီ။

၂၂ သူ​သည် ငါ​၏​ရန်​သူ​များ​ကို ငါ​၏​ရှေ့ ၌​တုန်​လှုပ်​စေ​သည့်​တိုင်​အောင် အရှက်​ရ​စေ​တော်​မူ​လေ​ပြီ။

၂၃ ရှု​လော့၊ နေ့​အချိန်​၌ ငါ​၏​တောင်း​လျှောက်ခြင်း​ကို ကြား​၍၊ ည​အချိန်​၌ ရူပါရုံ​တို့​အား​ဖြင့် ငါ့အား အသိပညာ​ကို ပေး​တော်​မူ​ခဲ့​လေ​ပြီ။

၂၄ နေ့​အချိန်​တွင် ငါ​သည်​သူ့​ရှေ့ ၌ အား​ကြီး​သော​ဆုတောင်းခြင်း​ဖြင့် ရဲရင့်​လာ​လေ​ပြီ။ ထို​မှ​တစ်​ပါး၊ ငါ့​အသံ​ကို အထက်​သို့ ငါ​တက်​စေ​လေ​ပြီ။ ကောင်း​ကင်​တ​မန်​များ​လည်း၊ ဆင်း​လာ​၍ ငါ့​ကို အမှု​တော်​ဆောင်​ကြ​၏။

၂၅ သူ့​ဝိညာဉ်​တော်​၏​အတောင်​များ​ပေါ်၌ ငါ့ကိုယ်​ခန္ဓာ​ကို တင်​၍၊ အလွန်​မြင့်​သည့် တောင်​များ​ပေါ်​သို့ သယ်​ဆောင်​သွား​တော်​မူ​လေ​ပြီ။ ငါ့​မျက်​လုံး​များ​က​လည်း၊ ကြီး​စွာ​သော​အရာ​များ၊ အမှန်​စင်​စစ်၊ လူ​သား​အတွက် အလွန်​ကြီး​စွာ​သော​အရာ​များ​ကို​ပင် မြင်​ရ​၏။ ထို့​ကြောင့်၊ ငါသည် ၎င်း​တို့ကို မ​ရေး​သင့်​ကြောင်း မိန့်​တော်​မူ​ခံ​ရလေ​၏။

၂၆ အို ဤ​သို့​ဖြစ်​က၊ ငါ​သည် အလွန်​ကြီး​စွာ​သော​အရာ​များ​ကို မြင်​၍၊ ကိုယ်​တော်​ရှင်​သည် လူ​သားများသို့ သူ​၏​ကိုယ့်​ကိုယ်​ကို နှိမ့်ချတော်မူခြင်း​ဖြင့်၊ အလွန်များစွာသော ကရုဏာတော်ဖြင့် အကြည့်​အရှု​ကြွ​ရောက်​လျှင်၊ ငါ​၏​ဆင်းရဲ​ဒုက္ခ​များ​ကြောင့်၊ အဘယ်​အတွက် ငါ့​စိတ်​နှလုံး​က​ငို​ကြွေး​၍၊ င့ါ​ဝိညာဉ်​က ဝမ်း​နည်း​ခြင်း​ချိုင့်​ဝှမ်း​မှာ​နေ၍၊ ငါ့​အသား​ကို ဆွေး​မြေ့​စေ​၍၊ ငါ့​ခွန်​အား​ကို လျော့​စေ​ရ​မည်​နည်း။

၂၇ ငါ​၏​လူ​ဇာတိ​သ​ဘော​ကြောင့်၊ အပြစ်​ကို အဘယ့်​အတွက် ငါအရှုံး​ပေး​ရ​မည်​နည်း။ ထိုမှတစ်ပါး၊ ငါ​၏​ငြိမ်း​ချမ်း​ခြင်း​ကို ဖျက်​ဆီး​၍၊ ငါ့​ဝိညာဉ်​ကို ဒုက္ခပေးစေရန်၊ မာရ်​နတ်​အား ငါ့​စိတ်​နှလုံး​၌ နေရာ​ရစေကြောင်း၊ သွေး​ဆောင်​ဖြား​ယောင်းခြင်း​များ​ကို အဘယ့်​အတွက် ငါ​လမ်း​ဖွင့်​ပေး​ရ​မည်​နည်း။ ငါ့​ရန်​သူ​ကြောင့်၊ အဘယ့်​အတွက် ငါ​အမျက်​ထွက်​ရ​မည်​နည်း။

၂၈ နိုး​လော့၊ ငါ့​ဝိညာဉ်။ အပြစ်​ကြောင့် စိတ်​ဓာတ်​ကျခြင်း မ​ရှိ​တော့​နှင့်။ အို ငါ​၏​စိတ်​နှလုံး၊ ရွှင်​လန်း​ဝမ်း​မြောက်​လော့။ ငါ့​ဝိညာဉ်​၏​ရန်သူ​အတွက် နေရာ မ​ပေး​တော့​နှင့်။

၂၉ ငါ၏​ရန်သူ​များ​ကြောင့် နောက်​တစ်​ဖန် အမျက်​မ​ထွက်​နှင့်။ ငါ​၏ ဆင်းရဲ​ဒုက္ခ​များ​ကြောင့် ငါ၏ခွန်အားကို မ​လျော့​စေ​နှင့်။

၃၀ အို ငါ​၏​စိတ်​နှလုံး၊ ရွှင်​လန်း​ဝမ်း​မြောက်​လော့။ ကိုယ်​တော်​ရှင်​ထံ တောင်း​လျှောက်​၍၊ အို ကိုယ်​တော်​ရှင်၊ အကျွန်ုပ်​သည် ကိုယ်​တော်​ကို ကာလ​အစဉ်​အဆက် ချီး​မွမ်း​ပါ​မည်။ ထို​မှ​တစ်​ပါး၊ အကျွန်ုပ်​၏​ဝိညာဉ်​သည် အကျွန်ုပ်​၏ ကယ်​တင်ခြင်း​၏​ကျောက်​နှင့် အကျွန်ုပ်​၏​ဘုရားသခင်၊ ကိုယ်​တော်​၌ ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်​ဟု ဆို​လော့။

၃၁ အို ကိုယ်​တော်​ရှင်၊ ကိုယ်​တော်​သည် အကျွန်ုပ်​၏​ဝိညာဉ်​ကို ရွေး​နှုတ်​လိမ့်​မည်​လော။ ကိုယ်​တော်​သည် အကျွန်ုပ်​ကို အကျွန်ုပ်​ရန်​သူ​များ​၏​လက်​မှ၊ ကယ်​လွှတ်​ပေး​လိမ့်​မည်​လော။ ကိုယ်​တော်​သည် အကျွန်ုပ်​ကို အပြစ်​ဖြစ်​ပေါ်​လာ​သော​အခါ​၌ တုန်​လှုပ်​စေ​လိမ့်​မည်​လော။

၃၂ အကျွန်ုပ်​နှလုံး​သား​သည် ကျိုးပဲ့​၍၊ အကျွန်ုပ်​၏​စိတ် ကြေကွဲ​သော​ကြောင့်၊ ငရဲ၏​တံခါး​တို့သည် အကျွန်ုပ်​ရှေ့ ၌ အစဉ်မပြတ် ပိတ်​နေ​ပါ​စေ။ အို ကိုယ်​တော်​ရှင်၊ နိမ့်​သော​ချိုင့်​ဝှမ်း​၏​လမ်းကြောင်းသို့ အကျွန်ုပ်​လိုက်​နိုင်​စေခြင်း​ငှာ​လည်း​ကောင်း၊ ညီ​ညာ​သော​လမ်း​မ​၌ အကျွန်ုပ်​မ​လွဲ​မ​သွေ​ရှိ​နိုင်​စေ​ခြင်း​ငှာ​လည်း​ကောင်း အကျွန်ုပ်​ရှေ့​၌ ကိုယ်​တော်​၏​ဖြောင့်​မတ်ခြင်း​တံခါး​တို့​ကို ပိတ်​မ​ထား​ပါ​နှင့်။

၃၃ အို ကိုယ်​တော်​ရှင်၊ ကိုယ်​တော်​၏​ဖြောင့်​မတ်ခြင်း​ဝတ်​ရုံ​တော်​ဖြင့် အကျွန်ုပ်​၏​ပတ်​လည်​မှာ ရစ်​ပတ်​တော်​မူ​ပါ။ အို ကိုယ်​တော်​ရှင်၊ အကျွန်ုပ်​ရန်​သူ​တို့​၏​ရှေ့​၌ အကျွန်ုပ်​ထွက်​မြောက်​ရာ​လမ်း​ကို ပြင်​ဆင်​တော်​မူပါ။ အကျွန်ုပ်​ရှေ့၌ အကျွန်ုပ်​၏​လမ်း​ကြောင်း​ကို ဖြောင့်​စေ​တော်​မူ​ပါ။ ကျွန်ုပ်​၏​လမ်း၌ ထိမိ၍​လဲ​စရာ​တုံး​ကို ချ​မ​ထား​ပါ​နှင့်—သို့​ရာ​တွင်၊ အကျွန်ုပ်​ရှေ့၌ အကျွန်ုပ်​၏​လမ်း​ကို ရှင်း​လင်း​ပေး​တော်​မူပါ၊ အကျွန်ုပ်​၏​လမ်း​ကို ဆီး​ကာ​မထား​ပါ​နှင့်၊ သို့​ရာတွင်၊ အကျွန်ုပ်​ရန်သူ​တို့​၏ လမ်း​များ​ကို ဆီး​ကာ​ထား တော်​မူပါ။

၃၄ အို ကိုယ်​တော်​ရှင်၊ အကျွန်ုပ်​သည် ကိုယ်​တော်​ကို ကိုး​စား​လျက်​အစဉ်​အမြဲ ကိုး​စား​ပါ​မည်။ အကျွန်ုပ်​သည် လူ​၏​လက်​ရုံး​ကို မကိုး​စား​ပါ။ အကြောင်း​မူ​ကား၊ လူ​၏​လက်​ရုံး​ကို ကိုး​စား​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​ရ​ကြောင်း အကျွန်ုပ်​သိ​ပါ​၏။ ထို​မှ​တစ်​ပါး၊ လူ​ကို​ကိုး​စား​၍၊ လူ​၏​လက်​ရုံး​ကို အမှီ​ပြု​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​ရ​၏။

၃၅ ထို​မှ​တစ်​ပါး၊ ဘုရားသခင်​သည် တောင်း​သော​သူ​အား စေ​တ​နာ​စိတ်​နှင့်​ပေး​မည်​ကို အကျွန်ုပ်​သိ​ပါ​၏။ ထို​မှ​တစ်​ပါး၊ အကျွန်ုပ်​သည် လွဲ​မှား​စွာ​မ​တောင်း​လျှင်၊ အကျွန်ုပ်​၏​ဘုရားသခင်သည် အကျွန်ုပ်​အား ပေး​တော်​မူ​လိမ့်​မည်။ ထို့​ကြောင့်၊ အကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ ကြွေး​ကြော်​ပါ​မည်။ ထို​မှ​တစ်​ပါး၊ အကျွန်ုပ်​၏​ဖြောင့်​မတ်ခြင်း​ကျောက်၊ အကျွန်ုပ်​၏​ဘုရားသခင်၊ ကိုယ်​တော်​ထံ​သို့ တောင်း​လျှောက်​ပါ​မည်။ ရှု​တော်မူပါ၊ အကျွန်ုပ်​၏​အသံ​သည် အကျွန်ုပ်​၏​ထာဝရ​တည်​မြဲ​သော​ဘုရားသခင်​နှင့် အကျွန်ုပ်​၏​ကျောက်၊ ကိုယ်​တော်​ထံ​သို့ ကာလ​အစဉ်​အဆက် မြင့်​တက်​၍​လာ​ပါ​မည်။ အာမင်။