ကျမ်းစာများ
၂ နီဖိုင်း ၂၆


အခန်းကြီး ၂၆

ခရစ်တော်သည် နီဖိုင်း​အမျိုးသားတို့ကို အမှုတော်​ဆောင်လိမ့်မည်—နီဖိုင်းသည် သူ့လူမျိုးတို့၏ ပျက်စီးခြင်းကို ကြိုတင်၍​မြင်၏—သူတို့သည် မြေမှုန့်မှ စကား​ပြောကြလိမ့်မည်—တပါးအမျိုး​သားတို့သည် မှားသော​အသင်းတော်များနှင့် လျှို့ဝှက်ဂိုဏ်းများကို တည်ထောင်ကြလိမ့်မည်—ကိုယ်တော်ရှင်သည် လူသားတို့အား ဘာသာရေးဖြင့်​ကိုယ်ကျိုး​ရှာခြင်းများ ကျင့်သုံးခြင်းကို တားမြစ်တော်မူ၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ခရစ်တော်သည်လည်း သေခြင်းမှ ထမြောက်​လေပြီးနောက်၊ သင်တို့၊ ငါ၏သား​မြေးများနှင့် ငါ၏ချစ်လှစွာသော​ညီအစ်ကိုတို့ထံ ကိုယ်ထင်​ပြတော်မူလိမ့်မည်။ သင်တို့ကို သူပြောမည့် နှုတ်ကပတ်တော်များ​သည်ကား၊ သင်တို့​ဆောင်ရွက်ရမည့် ပညတ်တရား​ဖြစ်ပေလိမ့်မည်။

အကြောင်းမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ မျိုးဆက်များစွာ ကွယ်လွန်​သွားကြ လိမ့်မည်။ ငါ၏​လူမျိုးတို့၌လည်း ကြီးစွာသော​စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများ ရှိကြလိမ့်မည်။

မေရှိယ​ကြွလာတော်မူ​ပြီးနောက်၊ သူ၏​မွေးဖွားခြင်း၊ သေခြင်းနှင့် ရှင်ပြန်​ထမြောက်ခြင်း​တို့၏ နိမိတ်​လက္ခဏာများကိုလည်း ငါ၏​လူမျိုးများသို့ ပေးထား​တော်မူလိမ့်မည်။ ထို့အတူ၊ ကြီးစွာသော​ကြောက်မက်ဖွယ်​ထိုကာလသည် ဆိုးညစ်သော​သူတို့ထံ ရောက်ရှိလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ပျက်စီးကြလိမ့်မည်။ သူတို့သည် ပရောဖက်များနှင့် သန့်ရှင်းသူများကို နှင်ထုတ်ကြ၊ ကျောက်ခဲနှင့်​ပစ်ကြ၊ ကွပ်မျက်ကြသောကြောင့် ပျက်စီးကြ၏။ သို့ဖြစ်၍၊ သူတို့​တစ်ဖက်၌ သန့်ရှင်းသူတို့​အသွေး၏ တောင်းလျှောက်​သံသည် မြေကြီးမှ​နေ၍၊ ဘုရားသခင်ထံသို့ မြင့်တက်​လိမ့်မည်။

သို့ဖြစ်၍၊ မာနကြီးသော​သူနှင့် ဆိုးညစ်စွာ​ပြုသောသူ​ခပ်သိမ်းတို့ကို ထို​ကာလ​ကျရောက်သော​အခါ လောင်မြိုက်စေလိမ့်မည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။ အကြောင်းမူကား၊ သူတို့သည် ရိုးပြတ်ကဲ့သို့ ဖြစ်လိမ့်မည်။

ထို့အတူ၊ ပရောဖက်များနှင့် သန့်ရှင်းသူများကို သတ်ကြသောသူတို့ကို မြေကြီးနက်နဲရာက ဝါးမျိုလိမ့်မည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၍၊ တောင်များက သူတို့ကို​ဖုံးလိမ့်မည်။ လေပွေက​သူတို့ကို အဝေးသို့ သယ်ဆောင်​သွားလိမ့်မည်။ အဆောက်​အအုံများသည် သူတို့​အပေါ်သို့ လဲကျ၍၊ သူတို့ကို အစိတ်စိတ်​ကွဲအောင်​ချေမှုန်း၍၊ အမှုန့်​ဖြစ်အောင် ကြိတ်လိမ့်မည်။

မိုးချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မြေကြီး​လှုပ်ခြင်းနှင့် ခပ်သိမ်းသော ဖျက်ဆီးခြင်း​အမျိုးမျိုးတို့ဖြင့်လည်း ဆုံးမခံရကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏​အမျက်တော်မီးသည် သူတို့​တစ်ဖက်၌ ထွက်လိမ့်မည်၊ သူတို့သည်လည်း ရိုးပြတ်ကဲ့သို့​ဖြစ်လိမ့်မည်၊ ကျရောက်လာသော ထိုကာလကလည်း သူတို့ကို လောင်မြိုက်လိမ့်မည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင်​မိန့်တော်မူ၏။

အို ငါ၏​လူမျိုးတို့အထဲမှ ကွပ်မျက်ခံရသူများ ဆုံးရှုံးခြင်းကြောင့်​နာကျင်ခြင်းနှင့် ငါ့ဝိညာဉ်၏​ပြင်းစွာသော​ဝေဒနာတို့က ကြီးလှပေစွ။ အကြောင်းမူကား၊ ငါနီဖိုင်းသည် ထိုအရာကို မြင်လေ၍၊ ကိုယ်တော်ရှင်၏​မျက်မှောက်ရှေ့ ၌၊ ငါ့ကို ဝါးမျို​လုနီးပါး​ဖြစ်လေ၏။ သို့ရာတွင်၊ ငါ၏​ဘုရားသခင်ထံသို့ ကိုယ်တော်၏​အမှုတော်တို့သည် တရားမျှ​တတော်မူပါပေ၏ဟု ငါဟစ်ကြွေးရမည်။

သို့ရာတွင်၊ ရှုလော့၊ အလုံးစုံသော​ညှဉ်းဆဲခြင်းများ ရှိသော်ငြားလည်း၊ ပရောဖက်တို့၏​စကားများကို စေ့စေ့နားထောင်လျက်၊ သူတို့ကို​ဖျက်ဆီးခြင်းလည်း​မရှိဘဲ၊ ပေးထား​တော်မူသော နိမိတ်​လက္ခဏာများကို ကြိုတင်​မျှော်မှန်းလျက်၊ ခရစ်တော်ကို မြဲမြံခြင်းဖြင့် မျှော်လင့်ကြသည့် ဖြောင့်မတ်သော​သူတို့သည်ကား—ရှုလော့၊ ထိုသူတို့သည် မပျက်စီးမည့််​သူများဖြစ်၏။

သို့ရာတွင်၊ ဖြောင့်မတ်ခြင်း၏​သားတော်သည် သူတို့၌ ပေါ်လာတော်မူမည်။ သူတို့ကို အနာငြိမ်းစေလိမ့်မည်၊ မျိုဆက်​သုံးဆက်​ကွယ်လွန်​သွားသည့်​တိုင်အောင် သူနှင့်အတူ ငြိမ်းချမ်းခြင်း၌ ရှိကြလိမ့်မည်၊ လေးဆက်မြောက်သော​မျိုးဆက်မှ များစွာတို့​သည်လည်း ဖြောင့်မတ်ခြင်း​ရှိလျက် ကွယ်လွန် သွားကြလိမ့်မည်။

၁၀ ဤအရာများ ဖြစ်ပျက်ပြီး​လေသော​အခါ၊ မြန်ဆန်သော​ဖျက်ဆီးခြင်းသည် ငါ၏​လူမျိုးများသို့ ကျရောက်လာ၏။ အကြောင်းမူကား၊ ငါ၏​ဝိညာဉ်က နာကျင်သော်လည်း ထိုအမှုကို ငါမြင်​ရလေပြီ။ သို့ဖြစ်၍၊ ထိုအမှု​ဖြစ်လာလိမ့်မည်ကို ငါသိ၏။ သူတို့သည် မိမိတို့ကိုယ်ကို အကျိုး​မရှိသော​အရာအတွက် ရောင်းကြ၏။ အကြောင်းမူကား၊ သူတို့၏​မာနနှင့် မိုက်မဲခြင်းတို့၏ အကျိုး​ကျေးဇူး​အတွက် ဖျက်ဆီးခြင်းကို ရိတ်သိမ်း​ရကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် နတ်ဆိုးကို အရှုံး​ပေးသောကြောင့်၊ အလင်းထက် မှောင်မိုက်ခြင်း​အမှုများကို ရွေးချယ်ကြ၏။ ထို့ကြောင့်၊ သူတို့သည် ငရဲသို့ ဆင်းသွားရ​ကြမည်။

၁၁ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်သည် လူသားကို အစဉ်အမြဲမပဲ့ပြင်မဆုံးမ။ ဝိညာဉ်တော်က လူသားကို ပဲ့ပြင်ဆုံးမခြင်း ရပ်တန့်​တော်မူပြီးနောက်၊ မြန်ဆန်သော​ဖျက်ဆီးခြင်း ကျရောက်လာ၍၊ ဤအမှုက ငါ၏​ဝိညာဉ်ကို ဝမ်းနည်း​ပူဆွေးစေ၏။

၁၂ ထိုကဲ့သို့ပင် ယေရှုသည် ခရစ်တော်​အမှန်ဖြစ်ကြောင်း၊ ယုဒလူမျိုးတို့ကို နားသွင်းခြင်းနှင့်​စပ်လျဉ်း၍ ငါပြောလျှင်၊ တပါး​အမျိုးသားတို့သည်လည်း နာသွင်း​ခံရမည်မှာ၊ ယေရှုသည် ခရစ်တော်၊ ထာဝရ​ဘုရားသခင်​ဖြစ်ကြောင်းနှင့်၊

၁၃ ထို့အတူ သူ့ကို​ယုံကြည်သူ​မှန်သမျှတို့ထံ သန့်ရှင်းသော​ဝိညာဉ်တော်၏ တန်ခိုး​အားဖြင့် သူကိုယ်တိုင်​ထင်ရှားစွာ​ပြ၍၊ အမှန်စင်စစ်၊ ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို​ပြောသူနှင့် လူမျိုး​မှန်သမျှထံ ကြီးစွာသော အလွန်တရာ​အံ့ဩဖွယ်​အမှုများ၊ နိမိတ်​လက္ခဏာများနှင့် အံ့မခန်း​ချီးမွမ်းဖွယ်​အမှုများကို လူသားတို့၌ သူတို့၏​ယုံကြည်ခြင်း​အတိုင်း ပြုတော်မူလျက်​ရှိသည့်အကြောင်း​ပေတည်း။

၁၄ သို့ရာတွင် ရှုလော့၊ ဤအရာတို့ကို လူသားတို့အား ကိုယ်တော်ရှင်​ဘုရားသခင် ဖော်ပြ​တော်မူမည့် ကာလများနှင့်​စပ်လျဉ်း၍၊ ထိုနောက်ဆုံးသော​ကာလ​အကြောင်းကို သင်တို့အား ငါပရောဖက်​ပြု၍​ဟော၏။

၁၅ ငါ၏​အမျိုး​အနွယ်များနှင့် ငါ့​ညီအစ်ကိုများ၏​အမျိုး​အနွယ်တို့သည် ယုံကြည်မှု​လျော့ပါး ဆုတ်ယုတ်​လာကြလိမ့်မည်၊ တပါး​အမျိုးသားတို့၏​နှိပ်စက်ခြင်းကို​လည်းခံရကြလိမ့်မည်၊ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် သူတို့၏​ပတ်ဝန်းကျင်၌​တပ်စခန်းချလိမ့်မည်၊ သူတို့တစ်ဖက်၌ မြေရိုးနှင့်​ဝိုင်းထားလိမ့်မည်၊ သူတို့တစ်ဖက်၌ ခံတပ်များကိုလည်း တည်ဆောက်လိမ့်မည်။ သူတို့သည် မြေမှုန့်သို့ နှိမ့်ချ​ခံရ၍ သူတို့​မရှိကြတော့သည့်​နောက်၌​ပင်လျှင်၊ အဘယ်သို့​ပင်ဖြစ်စေ၊ ဖြောင့်မတ်သော​သူတို့၏​စကားများကို ရေးထား​တော်မူလိမ့်မည်၊ သစ္စာရှိသော​သူတို့၏​ဆုတောင်းခြင်းများကို ဖြေကြား​လိမ့်မည်၊ ယုံကြည်မှု​လျော့ပါး ဆုတ်ယုတ်​လာလေသော​သူမှန်သမျှ​သည်လည်း အမေ့မခံရ​ကြ။

၁၆ အကြောင်းမူကား၊ ဖျက်ဆီးခံရသည့်​သူတို့သည် မြေထဲက ပြောကြလိမ့်မည်။ သူတို့၏​စကားသည် မြေမှုန့်ထဲက ထွက်လာ၍၊ သူတို့၏​အသံသည် နတ်ဝင်သူ​ပြောသည့်​အသံကဲ့သို့​ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်​ဘုရားသခင်က နတ်ဝင်သူအား သူတို့​အကြောင်းကို မြေထဲက​ထွက်သ​ကဲ့သို့ပင် အသံသေးနှင့်​တိုးတိုး​ပြောနိုင်စေကြောင်း တန်ခိုးကို ပေးတော်မူ၍၊ သူတို့၏​စကားသည် မြေမှုန့်ထဲမှ အသံသေးနှင့် တိုးတိုး မြွက်ဆိုကြ​လိမ့်မည်။

၁၇ အကြောင်းမူကား၊ ကိုယ်တော်ရှင်​ဘုရားသခင်​မိန့််တော်​မူလေသည်မှာ၊ သူတို့သည် မိမိတို့၌ ဖြစ်လာမည့်​အရာများကို ရေး၍၊ စာအုပ်​တစ်အုပ်တွင် တံဆိပ်​ခတ်ထား​မည်ဖြစ်ရာ၊ ယုံကြည်မှု​လျော့ပါး​ဆုတ်ယုတ်​လာလေသော​သူတို့သည် ထိုအရာတို့ကို ရရှိလိမ့်မည်​မဟုတ်။ အကြောင်း​မူကား၊ ထိုသူတို့သည် ဘုရားသခင်၏​အမှုတော်တို့ကို ဖျက်ဆီးရန် ကြိုးစားကြ၏။

၁၈ သို့ဖြစ်၍၊ ဖျက်ဆီး​ခံရလေပြီးသော​သူတို့ကဲ့သို့ပင်၊ အလျင်အမြန်ဖျက်ဆီး​ခံရကြလေ၏။ သူတို့၏​ကြောက်မက်ဖွယ်သော​လူအစုအဝေးသည် လွင့်သွားသော​ဖွဲကဲ့သို့ ဖြစ်ကြလိမ့်မည်—ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူ​လေသည်မှာ၊ အလျင်​တဆော​ချက်ချင်း အမှု​ရောက်လိမ့်မည်—

၁၉ ဤသို့အားဖြင့်​အချိန်​တန်လာ​လတ္တံ့သော​အခါ၊ ယုံကြည်မှု​လျော့ပါး ဆုတ်ယုတ်​လာလေသော​သူတို့သည် တပါးအမျိုး​သားတို့၏​လက်ဖြင့် နှိပ်စက်​ခံရကြ​လိမ့်မည်။

၂၀ တပါး​အမျိုး​သားတို့သည် မိမိတို့၏​မာနမျက်​လုံးများဖြင့် ဘဝင်မြင့်​လျက်ရှိကြ၍၊ သူတို့၏​ထိမိ၍​လဲစရာတုံး၏​ကြီးမားခြင်းကြောင့် ထိမိ၍လဲကြလေပြီး၊ အသင်းတော်များစွာကို တည်ထောင်ကြ၏။ သို့သော်လည်း၊ သူတို့သည် ဘုရားသခင်၏​တန်ခိုးတော်နှင့် အလွန်​တရာ​အံ့ဩ​ဖွယ်ရာများကို မထီမဲ့​မြင်ပြကြ၏၊ သူတို့၏​ကိုယ်ပိုင်​ဉာဏ်ပညာနှင့် ကိုယ်ပိုင်​အတတ်​ပညာဖြင့်​ဟောပြောခြင်းကို ချီးမွမ်း​ထောပနာပြု၍ အကျိုး​အမြတ်ကို​ရနိုင်ကြပြီး၊ ဆင်းရဲသားတို့၏​မျက်နှာကို အောက်ခံပြု၍ ကြိတ်ကြ၏။

၂၁ ထို့အတူ၊ ဂုဏ်ပြိုင်ခြင်းများ၊ ရန်တွေ့ခြင်းများနှင့် ရန်ငြိုးထားခြင်းကို ဖြစ်စေသည့် အသင်းတော်များစွာကို တည်ထောင်​ထား၏။

၂၂ ထို့အတူ၊ နတ်ဆိုး၏​ဂိုဏ်းများ​အတိုင်း၊ ရှေးလွန်လေပြီးသော​ကာလများက​ကဲ့သို့ပင်၊ လျှို့ဝှက်ဂိုဏ်းများလည်းရှိ၏။ အကြောင်းမူကား၊ နတ်ဆိုးသည် ဤအရာခပ်သိမ်း​တို့ကို တည်ထောင်သူ​ဖြစ်လေ၏။ ထိုမှတစ်ပါး၊ လူအသက်ကို သတ်ခြင်းနှင့် မှောင်မိုက်ခြင်း​အမှုများကို တည်ထောင်သူ ဖြစ်၏။ ထိုမှတစ်ပါး၊ သူ၏​ခိုင်မာသော​ကြိုးများဖြင့် ထိုသူတို့ကို အစဉ်အမြဲ​ချည်နှောင်သည့်​တိုင်အောင်၊ လည်ပင်း၌ ပျော့ပျောင်းသော​ကြိုးဖြင့် ဆွဲ၍​ခေါ်သွား၏။

၂၃ အကြောင်းမူကား၊ ရှုလော့၊ ငါ၏​ချစ်လှစွာသော ညီအစ်ကိုတို့၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် မှောင်မိုက်၌ အလုပ်​လုပ်တော်မူခြင်း​မရှိဟု သင်တို့ကို ငါဆို၏။

၂၄ လောက​သားတို့၏​အကျိုး​အတွက်​မှတစ်ပါး၊ အဘယ်​အရာကိုမျှ သူပြု​တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောလူသားတို့ကို သူ့ထံသို့ ဆွဲ၍​ခေါ်နိုင်ခြင်းငှာ၊ သူ၏​အသက်ကို​စွန့်တော်မူ၍ပင်၊ လောက​သားတို့ကို ချစ်တော်မူ၏။ သို့ဖြစ်၍၊ သူ၏​ကယ်တင်ခြင်းကို မခံယူ​စေကြောင်း၊ အဘယ်သူ့ကိုမျှ မိန့်တော်မမူ။

၂၅ ရှုလော့၊ ငါ့ထံမှ ထွက်ခွာ​သွားလော့ဟုဆို၍ အဘယ်သူ့ကို သူအော်ဟစ်သနည်း။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သို့ရာတွင်၊ သူမိန့်တော်​မူသည်ကား၊ ခပ်သိမ်းသောအသင် မြေကြီး​စွန်းသား​တို့၊ ငါ့ထံသို့​လာ၍၊ နို့နှင့် ပျားရည်တို့ကို ငွေမပေးဘဲ၊ အဖိုးအခ​မပေးဘဲ လာ၍​ဝယ်ကြလော့။

၂၆ ရှုလော့၊ တရား​ဇရပ်များမှ သို့မဟုတ် ကိုးကွယ်ရာ​အိမ်များမှ ထွက်ခွာသွား​ရမည်ဟု အဘယ်သူကို သူမိန့်​တော်မူဖူး​လေသနည်း။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။

၂၇ သူ၏​ကယ်တင်ခြင်းကို သူတို့မခံယူ​စေကြောင်း၊ တစ်စုံတစ်ဦးကို သူမိန့်​တော်မူလေ​သလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သို့ရာတွင်၊ သူသည် ထိုအရာကို ခပ်သိမ်းသောလူသား​တို့​အတွက် အခမဲ့ ပေးထားတော်မူ​ခဲ့လေပြီ။ သူ၏​လူမျိုးတို့အား၊ ခပ်သိမ်းသောလူသားတို့ကို နောင်တရခြင်းသို့ ဖျောင်းဖျ​စေကြောင်းကိုလည်း မိန့်တော်မူလေ၏။

၂၈ ရှုလော့၊ ကိုယ်တော်ရှင်သည် သူ၏​ကောင်းမြတ်ခြင်းကို မခံယူရစေကြောင်း တစ်စုံတစ်ဦးကို မိန့်တော်မူ​လေသလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သို့ရာတွင်၊ ခပ်သိမ်းသောလူသား တို့၌ တစ်ဦးသည် အခြား​တစ်ဦးကဲ့သို့ အထူးအခွင့်​အရေးရှိ၍၊ အဘယ်သူမျှ​တားမြစ်​မခံရ။

၂၉ ဘာသာရေးဖြင့် ကိုယ်ကျိုး​ရှာခြင်းများ မရှိရမည့်​အကြောင်း သူ​မိန့်တော်မူ၏။ အကြောင်းမူကား၊ ရှုလော့၊ ဘာသာရေးဖြင့်​ကိုယ်ကျိုး​ရှာခြင်း​ဟူသည်ကား၊ လူတို့သည် အကျိုး​အမြတ်နှင့် လောက၏​ချီးမွမ်းခြင်းကို ရရှိခြင်းငှာ၊ ဟောပြောကြ၏၊ မိမိတို့​ကိုယ်ကို လောက၏​အလင်း​အဖြစ် တည်ထောင်ကြ​၏၊ သို့ရာတွင် ဇိအုန်မြို့​၏ကောင်းကျိုးကိုကား ရှာဖွေခြင်း​မရှိကြ။

၃၀ ရှုလော့၊ ကိုယ်တော်ရှင်သည် ဤအမှုတို့ကို တားမြစ်​ထားတော်မူ၏။ သို့ဖြစ်၍၊ လူသား​အားလုံးတို့၌ မေတ္တာ၊ ချစ်ခြင်း​ဖြစ်သော​မေတ္တာ​ရှိကြ​စေကြောင်း ပညတ်တော်ကို ကိုယ်တော်ရှင်​ဘုရားသခင်​ပေး​ထားတော်မူလေပြီ။ သူတို့သည် မေတ္တာ​မရှိလျှင်၊ အချည်းနှီး သက်သက်​ဖြစ်လေ၏။ သို့ဖြစ်၍၊ သူတို့၌ မေတ္တာရှိလျှင်၊ ဇိအုန်မြို့၌ အလုပ်​လုပ်သော​သူကို ပျက်စီးစေရန် အခွင့်​ပေးကြမည်​မဟုတ်။

၃၁ သို့ရာတွင် ဇိအုန်မြို့ ၌ အလုပ်လုပ်သော​သူတို့သည် ဇိအုန်မြို့​အဖို့ အလုပ်လုပ်ကြ၏။ အကြောင်း​မူကား၊ သူတို့သည် ငွေရဖို့ အလုပ်လုပ်ကြလျှင်၊ ပျက်စီး​ကြလိမ့်မည်။

၃၂ ထို​မှတစ်ဖန်၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် လူသားတို့အား လူအသက်ကို​မသတ်​ရစေကြောင်း၊ မုသားမပြော​ရစေကြောင်း၊ သူ့ ဥစ္စာကို မခိုး​ရစေကြောင်း၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏ နာမတော်ကို အချည်းနှီးမမြွက်ဆို​ရစေကြောင်း၊ ငြူစူသော​စိတ်မရှိ​ရစေကြောင်း၊ ရန်ငြိုး​ထားခြင်း​မရှိ​ရစေကြောင်း၊ အချင်းချင်း ရန်မတွေ့​ရစေကြောင်း၊ မတရားသော​မေထုန်အမှုများကို မကျူးလွန်​ရစေကြောင်း၊ ဤအမှုတို့မှ အဘယ်​အရာကိုမျှ သူတို့ မပြု​ရစေကြောင်းကိုလည်း ပညတ်​ထားတော်မူ၏။ အကြောင်း​မူကား၊ ထိုအမှုတို့ကို ပြုသူ​မှန်သမျှသည် ပျက်စီးလိမ့်မည်။

၃၃ အကြောင်းမူကား၊ ဤဒုစရိုက်များ၌ အဘယ်တစ်ခုမျှ ကိုယ်တော်ရှင်​ထံမှလာ​သည်မဟုတ်။ အကြောင်းမူကား၊ သူသည် လူသားတို့၌ ကောင်းမြတ်သော​အရာကို ပြုတော်မူ၏။ ထို့အတူ သူသည် လူသားတို့​အဖို့ ရှင်းလင်းသော​အရာ​မှတစ်ပါး၊ အဘယ်​အရာကို​မျှမပြု။ ခပ်သိမ်းသော​သူတို့ကို သူ့ထံသို့​လာ၍ သူ၏ကောင်းမြတ်​ခြင်းကို ခံယူကြရန် ဖိတ်ခေါ်​တော်မူ၏။ သူ့ထံသို့​လာသည့် မည်းသော​သူနှင့် ဖြူသောသူ၊ ကျွန်နှင့်​လူလွတ်၊ ယောက်ျားနှင့် မိန်းမ အဘယ်သူကို​မျှမငြင်း။ သူသည် သာသနာပ​လူတို့ကိုလည်း အောက်မေ့​တော်မူ၏။ ယုဒ​လူမျိုးနှင့် တပါး​အမျိုးသား နှစ်မျိုး​စလုံးနှင့် ခပ်သိမ်းသော​သူတို့သည် ဘုရားသခင်​အဖို့ အတူတူပင်​ဖြစ်၏။