ကျမ်းစာများ
၂ နီဖိုင်း ၁၇


အခန်းကြီး ၁၇

ဧဖရိမ်​ပြည်​နှင့်​ရှု​ရိ​ပြည်​သည် ယုဒ​ပြည်​နှင့် စစ်​တိုက်​ကြ​၏—ခရစ်​တော်​ကို အပျို​က​ညာ​က ဖွား​မြင်​လိမ့်​မည်—ဟေရှာယအခန်းကြီး ၇ နှင့် နှိုင်း​ယှဉ်​ပါ။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​၍၊ ယုဒ​ရှင်​ဘုရင် ဩဇိ​သား​ဖြစ်​သော၊ ယောသံ​၏​သား အာခတ် လက်​ထက်​၌၊ ရှု​ရိ​ရှင်​ဘုရင် ရေဇိန်​နှင့်၊ ရေမလိ​၏​သား ဣသရေလ​အမျိုး​၏​ရှင်​ဘုရင်​ပေ​ကာ​တို့​သည် ယေရုရှလင်​မြို့​ကို တိုက်ခြင်း​ငှာ ချီ​လာ​ကြ​၏။ သို့​ရာ​တွင်၊ အနိုင်မရ​နိုင်​ကြ။

ရှု​ရိ​ပြည်​ကား၊ ဧဖရိမ်​ပြည်​ကို အမှီ​ပြု​သည်​ဟု ဆို​၍ ဒါဝိဒ်​အမျိုး​ကို ပြော​ခဲ့​၏။ တော​၌ သစ်​ပင်​တို့​သည် လေ​ကြောင့်​လှုပ်​ရှား​သ​ကဲ့​သို့ သူ​၏​စိတ်​နှလုံး​နှင့် သူ့​လူ​မျိုး​တို့​၏​စိတ်​နှလုံး​သည် တုန်​လှုပ်​ကြ​၏။

ထို​အခါ ကိုယ်​တော်​ရှင်​သည် ဟေရှာယ​ကို မိန့်​တော်​မူ​သည်​ကား၊ သင်​သည် သင်​၏​သား ရှာယာရှုပ်​နှင့်​အတူ​သွား​၍၊ ခ​ဝါ​သည်​၏​လယ်​နား​မှာ လျှောက်​သော​လမ်းမ၊ အထက်​ရေ​ကန်​ပြွန်​ဝ​၌ အာခတ်​ကို ကြို​ဆို​၍​တွေ့​လျှင်၊

သူ့​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သတိ​ပြု​၍​ငြိမ်​သက်​စွာ​နေ​လော့။ မီး​ခိုး​ထွက်​သော​ဤ​ထင်း​စ နှစ်​ခု​တည်း​ဟူ​သော ရှု​ရိ​မင်း​ရေ​ဇိန်​နှင့် ရေမလိ​၏​သား​တို့​၏ ပြင်း​စွာ​သော​အမျက်​ကြောင့် မ​စိုး​ရိမ်​နှင့်။ စိတ်​မ​ပျက်​နှင့်။

ရှုရိ​ပြည်၊ ဧဖရိမ်​ပြည်​နှင့် ရေမလိ​၏​သား​တို့​က သင့်​တစ်​ဖက်​၌ မ​ကောင်း​သော​အကြံ​ကို​ကြံ​ကြ​လေ​၍၊ ဆို​ကြ​သည်​ကား၊

ငါ​တို့​သည် ယုဒ​ပြည်​သို့​သွား​၍ နှောင့်​ယှက်​ကြ​ကုန်​အံ့။ ငါ​တို့​အတွက် ထို​အရပ်​ကို တိုက်​ဖျက်​၍၊ ပြည်​အလယ်​မှာ၊ အထူး​သဖြင့်၊ တဗာလ​၏​သား​ကို မင်း​အရာ​၌ ခန့်​ထား​ကြ​ကုန်​အံ့။

ကိုယ်​တော်​ရှင်​ဘုရားသခင်​မိန့်​တော်​မူ​လေသည်​ကား၊ ထို​အကြံ​မ​တည်​ရ၊ ထို​သို့​မ​ဖြစ်​ရ။

ရှုရိ​ပြည်​၏​ခေါင်း​ကား၊ ဒမာသက်​မြို့။ ဒမာသက်မြို့​၏​ခေါင်း​ကား ရေဇိန်​ဖြစ်​ရ​၏။ ခြောက်​ဆယ်ငါး​နှစ်​အတွင်း​တွင်၊ ဧဖရိမ်​ပြည်​သည် ကျိုး​ပဲ့​၍ ၎င်း​၌ လူ​တစ်​ယောက်​မျှ မ​ရှိ​ဘဲ​ဖြစ်​လိမ့်​မည်။

ဧဖရိမ်​ပြည်​၏​ခေါင်း​ကား၊ ရှမာရိ​မြို့။ ရှမာရိ​မြို့​၏​ခေါင်း​ကား၊ ရေမလိ​၏​သား ဖြစ်​ရ​၏။ သင်​တို့​သည် မ​ယုံ​လျှင်၊ ဧကန်​အမှန်​ပင် မ​တည်​ရ​ကြ​။

၁၀ တစ်​ဖန်၊ ကိုယ်​တော်​ရှင်​က အာခတ်​ကို မြွက်​ဆို​၍၊ မိန့်​တော်​မူ​ပြန်​သည်​ကား၊

၁၁ သင်​သည် သင်​၏​ဘုရားသခင်​ကိုယ်​တော်​ရှင်​ထံ​မှ နိမိတ်​လက္ခဏာ​ကို​တောင်း​လော့။ နက်​သော​အရပ်​များ​၌​ဖြစ်​စေ၊ မြင့်​သော​အထက်​အရပ်​များ​၌​ဖြစ်​စေ တောင်း​လော့။

၁၂ သို့​ရာ​တွင်၊ အာခတ်​က အကျွန်ုပ်​မ​တောင်း​ပါ။ ကိုယ်​တော်​ရှင်​ကို မ​စုံ​စမ်း​ပါ​ဟု ဆို​၏။

၁၃ ထို​အခါ၊ သူ​ပြော​လေ​သည်​ကား၊ အို ဒါဝိဒ်​အမျိုး​တို့၊ ကြား​နာ​ကြ​လော့။ လူ​ကို ငြီး​ငွေ့​စေခြင်း​မှာ သင်​တို့​အဖို့ သေးငယ်​သော​အရာ​ဖြစ်​သ​လော၊ သို့​ရာ​တွင်၊ သင်​တို့​သည် ငါ​၏​ဘုရားသခင်​ကို​လည်း ငြီး​ငွေ့​စေ​ကြ​မည်​လော။

၁၄ ထို့​ကြောင့်၊ ကိုယ်​တော်​ရှင်​သည် နိမိတ်​လက္ခဏာ​ကို သင်​တို့​အား သူ​ကိုယ်​တိုင်​ပေး​တော်​မူ​မည်—ရှု​လော့၊ အပျို​က​ညာ​သည် ပဋိသန္ဓေ​စွဲ​ယူ​၍ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧမာနွေလ​အမည်​ဖြင့် မှည့်​ရ​လတ္တံ့။

၁၅ ထို​သူ​သည် မကောင်း​သော​အရာ​ကို ပယ်​၍၊ ကောင်း​သော​အရာ​ကို ရွေး​ယူ​တတ်ခြင်း​ငှာ၊ ထော​ပတ်​နှင့် ပျား​ရည်​ကို စား​လိမ့်​မည်။

၁၆ ထို​သူ​ငယ်​သည် မကောင်း​သော​အရာ​ကို ပယ်​၍၊ ကောင်း​သော​အရာ​ကို​မ​ရွေး​မ​ယူ​တတ်​မီ၊ သင်​ရွံ​ရှာ​သော​ပြည်​ကို ရှင်​ဘုရင်​နှစ်​ဦး​စလုံး​မှ စွန့်​ပစ်​လိမ့်​မည်။

၁၇ ဧဖရိမ်​အမျိုး​သည် ယုဒ​အမျိုး​နှင့်​ကွာ​သော​နေ့​မှ​စ​၍၊ မ​ဖြစ်​ဖူး​သော​နေ့​ရက်​ကာလ​၌ ကိုယ်​တော်​ရှင်​သည် သင်​၏​အပေါ်​၌​လည်း​ကောင်း၊ သင်​၏​လူ​မျိုး​အပေါ်​၌​လည်း​ကောင်း၊ သင့်​အဘ​၏​အမျိုး​အပေါ်​၌​လည်း​ကောင်း အာရှုရိ​ရှင်​ဘုရင်​ကို ရောက်​စေ​တော်​မူ​လိမ့်​မည်။

၁၈ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ထို​ကာလ​၌ ကိုယ်​တော်​ရှင်​သည် အဲဂုတ္တု​ပြည်​၏ အဝေး​ဆုံး​အရပ်​မှာ​ရှိ​သော ယင်​ကောင်​ကို​လည်း​ကောင်း၊ အာရှုရိ​ပြည်​၌​ရှိ​သော​ပျား​ကောင်​ကို​လည်း​ကောင်း နှိုး​ဆော်​တော်​မူ​လိမ့်​မည်။

၁၉ ၎င်း​တို့​သည်​လည်း လာ​၍ လူ​ဆိတ်​ညံ​သော​ချိုင့်​ဝှမ်း​ထဲ​၌​လည်း​ကောင်း၊ ကျောက်​တွင်း​များ​ထဲ​၌​လည်း​ကောင်း၊ ဆူး​ပင်​အမျိုး​မျိုး​ပေါ်​၌​လည်း​ကောင်း၊ ချုံ​ပုတ်​အမျိုး​မျိုး​အပေါ်​၌​လည်း​ကောင်း အကုန်​အစင် နား​ကြ​လိမ့်​မည်။

၂၀ ထို​တစ်​နေ့​တည်း​တွင်၊ အာရှုရိ​ရှင်​ဘုရင်​ထံ​မှ ငှား​သည့်​သင်​တုန်း​တည်း​ဟူ​သော၊ မြစ်​တစ်​ဖက်​၌​နေ​သော​သူ​တို့​အား​ဖြင့် ကိုယ်​တော်​ရှင်​သည် ဆံပင်​နှင့် ခြေ​မွေး​ကို ရိတ်​တော်​မူ​မည်။ မုတ်​ဆိတ်​ကို​လည်း ပယ်​ရှင်း​တော်​မူ​မည်။

၂၁ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ထို​ကာလ​၌ လူ​သည် နွား​မ​ကလေး​တစ်​ကောင်​နှင့် သိုး​နှစ်​ကောင်​ကို မွေး​စား​လိမ့်​မည်။

၂၂ ဤ​သို့​အားဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ၎င်း​တို့​မှ မြောက်မြား​စွာ​သော​နို့​ထွက်​သ​ဖြင့်၊ သူ​သည် ထော​ပတ်​ကို​စားရ​၏။ ပြည်​၌​ကျန်​ကြွင်း​သ​မျှ​သော​သူ​တို့​သည် ထော​ပတ်​နှင့်​ပျား​ရည်​ကို စား​ရ​ကြ​လိမ့်​မည်။

၂၃ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ထို​ကာလ​၌ ငွေ​တစ်​ထောင်​အဖိုး​ထိုက်​သော စပျစ်​နွယ်​ပင်​တစ်​ထောင်​ရှိ​လေ​သည့် နေရာ​တိုင်း​သည် ဆူး​ပင်​အမျိုး​မျိုး​သက်​သက်​ဖြစ်​ရ​လိမ့်​မည်။

၂၄ ထို​ပြည်​တစ်​ခု​လုံး​၌ ဆူးပင်​အမျိုး​မျိုး​ဖြစ်​လာ​ကြ​သော​ကြောင့်၊ လူ​တို့​သည် လေး​နှင့်​မြား​ကို ဆောင်​လျက်၊ ထို​အရပ်​သို့ သွား​ကြ​လိမ့်​မည်။

၂၅ ဆူး​ပင်​အမျိုး​မျိုး​ကို ကြောက်​ရွံ့​၍၊ ပေါက်​တူး​နှင့်​တူး​ဆွ​ရာ တောင်​ယာ​ရှိ​သ​မျှ​တို့​ထံ အဘယ်​သူ​မျှ မ​ချဉ်း​ဝံ့​သ​ဖြင့်၊ ထို​ပြည်​သည်​လည်း နွား​လွတ်​၍ ကျက်​စား​ရာ​အတွက်​နှင့် သိုး​ဆိတ်​တို့​နင်း​ချေ​ရာ ဖြစ်​ရ​လိမ့်​မည်​ဟု ဟော​လေ​၏။