ကျမ်းစာများ
၂ နီဖိုင်း ၂


အခန်းကြီး ၂

ရွေး​နှုတ်ခြင်း​သည် သန့်​ရှင်း​သော​မေရှိယ​အား​ဖြင့် ဖြစ်​ပေါ်​လာ​၏—ရွေး​ချယ်​မှု​လွတ်​လပ်​ခွင့် (ရွေး​ချယ်​ပြု​မူ​နိုင်​ခွင့်​) သည် ဖြစ်​တည်​ခြင်း​နှင့် ဖွံ့​ဖြိုး​တိုး​တက်​ခြင်း​တို့​အတွက် မ​ရှိ​မ​ဖြစ်​လို​အပ်​သော​အရာ​ဖြစ်​၏—လူ​သား​များ​ဖြစ်​တည်​နိုင်စေ​ခြင်း​ငှာ၊ အာဒံ​လဲ​ကျ​၏—လူ​သား​များ​သည် လွတ်​လပ်​ခြင်း​နှင့်​ထာ​ဝ​ရ​အသက်​ကို ရွေး​ချယ်ရန် လွတ်​လပ်​ကြ​၏။ ဘီစီ ၅၈၈–၅၇၀ ခန့်။

ယ​ခု​မူ​ကား၊ ယာကုပ် သင့်​ကို​ငါ​ပြော​မည်။ သင်​သည်​ကား တော​ရိုင်း​ထဲ​၌ ငါ​၏ အတိ​ဒုက္ခ​ကာလ​များမှ ငါ့​သား​ဦး​ဖြစ်​၏။ ရှု​ဦး​လော့၊ သင့်​အစ်​ကို​များ​၏​ခက်​ထန်​ကြမ်း​တမ်း​မှု​ကြောင့် သင်​က​လေး​ဘ​၀​၌ ဆင်း​ရဲ​ဒုက္ခ​များ​နှင့် ဝမ်း​နည်း​ခြင်း​များ​စွာ​တို့​ကို ခံ​စား​ရ​လေ​ပြီ။

သို့​သော်​လည်း၊ ယာကုပ်၊ တော​ရိုင်း​ထဲ​မှ ငါ့​သား​ဦး၊ သင်​သည် ဘုရားသခင်​၏​ကြီး​မြတ်​ခြင်း​ကို သိ​၏။ သူသည် သင်​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို သင်​၏​အကျိုး​အ​တွက် သန့်ရှင်းမွန်မြတ်စေ​တော်​မူ​လိမ့်​မည်။

သို့​ဖြစ်​၍၊ သင်​၏​ဝိညာဥ်​သည် ကောင်းချီးခံစားရ​လိမ့်​မည်​၊ သင်​၏​အစ်​ကို​နီဖိုင်း​နှင့် လုံ​ခြုံ​စွာ​နေ​ထိုင်​ပြီး၊ သင်​၏​ဘဝကို သင့်​ဘုရားသခင်​၏ အမှုကို ဆောင်ခြင်း၌ ကုန်​လွန်​စေ​လိမ့်​မည်။ သို့​ဖြစ်​၍၊ သင်၏​ရွေးနှုတ်​ရှင်​၏ ဖြောင့်​မတ်​ခြင်း​ကြောင့်၊ သင်​ရွေး​နှုတ်​ခံ​ရ​ကြောင်း ငါ​သိ​၏။ အကြောင်း​မူ​ကား၊ အချိန်​ကာလ​ပြည့်​စုံ​ခြင်း​သို့ ရောက်​သော​အခါ၊ လူ​သား​များ​အဖို့ ကယ်​တင်​ခြင်း​ကို ဆောင်ယူခြင်း​ငှာ၊ သူ​ကြွ​လာ​သည်​ကို သင်​သိ​မြင်​ပြီး​လေ​ပြီ။

သင်​သည် ငယ်​ရွယ်​စဉ်​၌ သူ​၏​ဘုန်း​တော်​ကို သိ​မြင်​လေ​၏။ သို့​ဖြစ်​၍၊ ဇာတိ​ကိုယ်ခန္ဓာ​အား​ဖြင့် သူ​အမှု​ဆောင်​တော်​မူ​မည့် သူ​များ​ကဲ့​သို့​ပင် ကောင်း​ချီး​ခံ​စား​ရ​၏။ အကြောင်း​မူ​ကား၊ ဝိညာဉ်တော်သည် မ​နေ့၊ ယနေ့၊ ကာလ​အစဉ်​အဆက် မ​ပြောင်း​မ​လဲ​ရှိ​တော်​မူ​၏။ နည်း​လမ်း​ကို လူ​သား​ကျရှုံး​ခြင်း​မှ​စ​၍၊ ပြင်​ဆင်​ထား​လျက်၊ ကယ်​တင်​ခြင်း​မှာ အခ​မဲ့​ဖြစ်​လေ​၏။

အကောင်း​နှင့် အဆိုး​ကို ခွဲခြား​၍​သိ​စေ​ခြင်း​ငှာ လူ​သား​တို့​အား လုံလုံ​လောက်လောက် သွန်​သင်​ထား​ပေ​၏။ လူ​သား​များ​သို့ ပညတ်​တရား​ကို ပေး​ထား​၏။ ပညတ်​တရား​အား​ဖြင့် အဘယ်​သူ​မျှ၊ အပြစ်​ကင်း​စေ​ခြင်းသို့​မရောက်၊ သို့​မ​ဟုတ်၊ ပညတ်​တရား​အား​ဖြင့် လူ​သား​တို့​သည် ပယ်​ရှင်း ခံ​ရ​ကြ​၏။ အထူး​သ​ဖြင့်၊ သူ​တို့​သည် ဇာတိ​ပကတိ​ပညတ်​တရား​အား​ဖြင့် ပယ်​ရှင်း ခံ​ရ​ကြ​လေ​၏။ ထို့​အတူ၊ သူ​တို့​သည် ဝိညာဉ်​ပကတိ​ပညတ်​တရား​အား​ဖြင့်​လည်း ကောင်း​ရာ​မှ​ပျက်​စီး​၍ ကာလ​အစဉ်​အဆက် ဝမ်း​နည်း​ပူ​ဆွေး​စ​ရာ​များ ဖြစ်​လာ​ကြ​၏။

သို့​ဖြစ်​၍၊ ရွေး​နှုတ်​ခြင်း​သည်​ကား၊ သန့်​ရှင်း​သော​မေရှိယ​ကိုယ်​၌​နှင့် မေရှိယ​အား​ဖြင့် ဖြစ်​ပေါ်​လာ​ပေ​၏။ အကြောင်း​မူ​ကား၊ သူ​သည် ကျေး​ဇူး​တော်၊ သမ္မာ​တရား​တို့​နှင့် ပြည့်​စုံ​၏။

ရှု​လော့၊ ကျိုးပဲ့သော​နှလုံး​သား​နှင့် ကြေကွဲ​သော​စိတ်​ရှိ​သူ ခပ်သိမ်းအတွက်​သော် လည်း​ကောင်း၊ ပညတ်​တရား​၏​အလို​သို့ မ​ပြည့်​စုံ​စေ​နိုင်​သော အခြား​သူ​များ​အတွက်​သော်​လည်းကောင်း၊ ပညတ်​တ​ရား​၏​အလို​သို့​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ အပြစ်​အတွက် သူ့​ကိုယ်​ကို ယဇ်အဖြစ် ပူ​ဇော်​တော်​မူ​လိမ့်​မည်။

သို့​ဖြစ်​၍၊ ပထမ​ဦး​ဆုံး​ထ​မြောက်​သော​သူ​ဖြစ်​၍၊ သေ​သူ​တို့​၏ ရှင်​ပြန်​ထ​မြောက်​ခြင်း​ကို ဖြစ်​ပေါ်​စေ​ခြင်း​ငှာ၊ လူ​ဇာတိ​အတိုင်း သူ​၏​အသက်​ကို​စွန့်​၍၊ ဝိညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်၊ တစ်​ဖန်​ပြန်​၍​ယူ​တော်​မူ​သည့် သန့်​ရှင်း​သော​မေရှိယ​၏ ကောင်း​မှု​များ၊ ကရုဏာတော်​နှင့် ကျေးဇူးတော်တို့​အားဖြင့် မှတစ်ပါး၊ ဘုရားသခင်၏ မျက်မှောက်​တော်၌၊ အဘယ်​သူမျှ မ​နေ​နိုင်​သည်ကို သိ​ကြ​စေ​ကြောင်း၊ မြေ​ကြီး​ပေါ်​မှာ​နေ​ထိုင်​သူ​တို့​အား ဤ​အရာ​တို့​ကို ဖော်​ပြ​ခြင်း​သည်​ကား၊ အလွန်​အရေး​ကြီး​လှ​ပေ​စွ​တ​ကား။

သို့​ဖြစ်​၍၊ သူ​သည် လူ​သား​အား​လုံး​တို့​အတွက် တောင်း​ပန်​မည်​ဖြစ်​သ​ကဲ့​သို့၊ ဘုရားသခင်​အဖို့ အဦး​သီး​သော​အသီး ဖြစ်​ပေ​၏။ ထို့​အတူ၊ သူ့​ကို ယုံ​ကြည်​သော​သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​ပေ​လိမ့်​မည်။

၁၀ ခပ်​သိမ်း​သော​သူ​တို့​အတွက် တောင်း​ပန်​ခြင်း​ကြောင့်၊ ခပ်သိမ်းသောလူ​သား​တို့သည် ဘုရားသခင်​ထံ​သို့ လာ​ကြ​၏။ သို့​ဖြစ်​၍၊ သူ့ ၌​ရှိ​သော သမ္မာ​တရား​နှင့် သန့်​ရှင်း​တော်​မူ​ခြင်း​တို့​အတိုင်း တရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​စေရန် သူ၏​မျက်​မှောက်​တော်​၌ ရပ်​ကြ​၏။ သို့​ဖြစ်​၍၊ အပြစ်​ဖြေ​ခြင်း​မင်္ဂလာ​၏ အလို​သို့ ပြည့်​စုံ​စေ​ခြင်း​ငှာ ဆက်​စပ်​လျက်​ရှိ​သော ပျော်​ရွှင်​ခြင်း​၏ ဆန့်​ကျင်​ဘက်​၌ ဆက်​စပ်​လျက်​ရှိ​သည့် အပြစ်​ဒဏ်၊ ထို​ဆက်​စပ်​လျက်​ရှိ​သည့် အပြစ်​ဒဏ်​သည်​ကား၊ သန့်​ရှင်း​တော်​မူ​သော​ဘုရား​ပေး​ထား​တော်​မူ​လေ​သည့် ပညတ်​တရား​၏​အလို​ပေ​တည်း—

၁၁ အကြောင်း​မူ​ကား၊ အရာရာ၌ ဆန့်​ကျင်​ဘက် ရှိ​ရ​ပေ​မည်။ ထို​သို့​မ​ဟုတ်​လျှင်၊ တော​ရိုင်း​ထဲ​မှ ငါ​၏​သား​ဦး၊ ဖြောင့်​မတ်​ခြင်း​ကို ဖြစ်​ပေါ်​စေ​နိုင်​လိမ့်​မည်​မ​ဟုတ်။ ဆိုး​ညစ်​ခြင်း​ကို​လည်း ဖြစ်​ပေါ်​စေ​နိုင်​လိမ့်​မည်​မ​ဟုတ်၊ သန့်​ရှင်း​ခြင်း​နှင့် ဝမ်း​နည်း​ပူ​ဆွေး​မှု​တို့​ကို​လည်း ဖြစ်​ပေါ်​စေ​နိုင်​လိမ့်​မည်​မ​ဟုတ်၊ အကောင်း​နှင့် အဆိုး​တို့​ကို​လည်း ဖြစ်​ပေါ်​စေ​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ဖြစ်​၍၊ အရာ​ခပ်​သိမ်း​တို့​၌ တူ​ညီ​သော​အချက်​တစ်​ခု ရှိ​ရ​ပေ​မည်။ သို့​ဖြစ်​၍၊ တစ်​မျိုး​တည်း​သာ​ဖြစ်​လျှင်၊ အသက်​ရှင်​ခြင်း​နှင့် သေခြင်း၊ ပုပ်​ပျက်​ခြင်း​နှင့် မ​ပုပ်​ပျက်​ခြင်း၊ ပျော်​ရွှင်​ခြင်း​နှင့် ဝမ်း​နည်း​ပူ​ဆွေး​ခြင်း၊ အာရုံ​ခံ​စား​ခြင်း​နှင့် အာရုံ​မ​ခံ​စား​နိုင်​ခြင်း​တို့ မ​ရှိ​လေ​၍၊ ပုံ​သေ​အဖြစ် ဆက်​၍​တည်​ရှိ​ရ​ပေ​မည်။

၁၂ သို့​ဖြစ်​၍၊ တန်​ဖိုး​မ​ရှိ​သော​အရာ​ကို ဖန်း​ဆင်း​ထား​လေ​သ​ကဲ့​သို့ ဖြစ်​ပေ​မည်။ သို့​ဖြစ်​၍၊ ဖန်​ဆင်း​တော်မူခြင်း​၏​ရည်​ရွယ်​ချက်ကား၊ အကြံ​အစည်​မ​ရှိ​ဘဲ​ဖြစ်​ခဲ့​လိမ့်​မည်။ သို့​ဖြစ်​၍၊ ဤ​အရာ​က ဘုရားသခင်​၏​ဉာဏ်​ပညာ​နှင့် သူ​၏​ထာဝရ​အကြံ​အစည်​တော်​များ၊ ထို့​အတူ၊ ဘုရားသခင်၏ တန်ခိုးတော်၊ ကရုဏာတော်​နှင့် တရား​တော်မူခြင်းတို့ကို​လည်း ဖျက်ဆီး​ပေ​လိမ့်​မည်။

၁၃ ပညတ်​တရား​မ​ရှိ​ဟု သင်​တို့​ဆို​ကြ​လျှင်၊ အပြစ်​တရား​မ​ရှိ​ဟု​လည်း သင်​တို့​ဆို​ကြ​လိမ့်​မည်။ အပြစ်​တရား​မ​ရှိ​ဟု သင်​တို့​ဆို​ကြ​လျှင်၊ ဖြောင့်​မတ်​ခြင်း​မ​ရှိ​ဟု​လည်း သင်​တို့​ဆို​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​မ​ရှိ​လျှင်၊ ပျော်​ရွှင်​ခြင်း​မ​ရှိ။ ထို့​အတူ၊ ဖြောင့်​မတ်​ခြင်း​နှင့်​ပျော်​ရွှင်​ခြင်း​မ​ရှိ​လျှင်၊ အပြစ်​ဒဏ်​နှင့် ဝမ်း​နည်း​ပူ​ဆွေး​မှု​မ​ရှိ။ ထို့​အတူ၊ ဤ​အရာ​များ​မ​ရှိ​လျှင်၊ ဘုရားသခင်​မ​ရှိ။ ထို့​အတူ၊ ဘုရားသခင်​မ​ရှိ​လျှင်၊ ငါ​တို့​နှင့်​မြေ​ကြီး​လည်း​မ​ရှိ။ အကြောင်း​မူ​ကား၊ ပြု​စရာ​နှင့် အပြု​ခံ​အရာ​များ​ကို ဖန်​ဆင်း​တော်​မူ​ခြင်း ရှိ​နိုင်​မည်​မ​ဟုတ်။ သို့​ဖြစ်​၍၊ ခပ်​သိမ်းသောအရာ​တို့ ကွယ်​ပျောက်​သွား​ရ​ပေ​မည်။

၁၄ ယခု​မူ​ကား၊ ငါ့​သား​တို့၊ သင်​တို့​၏​အကျိုး​နှင့် သင်​ယူ​ခြင်း​အတွက် ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​မည်။ အကြောင်း​မူ​ကား၊ ဘုရားသခင်​ရှိ​တော်​မူ​၍၊ ကောင်း​ကင်၊ မြေ​ကြီး နှစ်​ခု​စ​လုံး​နှင့် ခပ်​သိမ်းသောအရာ​တို့​ကို သူ​ဖန်​ဆင်း​တော်​မူ​လေ​၍၊ ၎င်း​တို့ ၌​ရှိ​သည့် ခပ်သိမ်း​သောအရာတို့​သည် ပြု​စရာ​ဖြစ်​သော​အရာ​များ​နှင့် အပြု​ခံ​ဖြစ်​သော​အရာ​နှစ်မျိုး​စ​လုံး ဖြစ်​ကြ​လေ​၏။

၁၅ လူ​သား​၏​အဆုံး​၌ သူ​၏​ထာဝရ​အကြံ​အစည်​တော်​ကို ပြီး​မြောက်​စေ​ခြင်း​ငှာ၊ ငါ​တို့​၏​ပထမ​ဦး​ဆုံး​သော​မိဘ​များ၊ တော​သား​ရဲ​များ​နှင့် မိုး​ကောင်း​ကင်​ငှက်၊ အချုပ်​အား​ဖြင့် ဖန်​ဆင်း​ထား​သည့် ခပ်သိမ်းသော​အရာ​တို့​ကို သူ​ဖန်​ဆင်း​တော်​မူ​လေ​ပြီး​မှ၊ တစ်​ခု​မှာ ချို​ပြီး၊ အခြား​တစ်​ခု​မှာ ခါး​လေ​သည့်၊ အသက်​ပင်​နှင့် ဆန့်​ကျင်​ဘက်​၌ တား​မြစ်​ထား​သော​အသီး​ရှိ​သ​ကဲ့​သို့​ပင် ဆန့်​ကျင်​ဘက်​တစ်​ခု ရှိ​ရ​ပေ​မည်။

၁၆ သို့​ဖြစ်​၍၊ ကိုယ်​တော်​ရှင်​ဘုရားသခင်သည် လူ​သား​အား ကိုယ်​တိုင်​ပြု​မူ​နိုင်​စေ​ကြောင်း အခွင့်​ပေး​ထား​တော်​မူ​ခဲ့​၏။ သို့​ဖြစ်​၍၊ လူ​သား​သည် တစ်​ခု​သို့​မ​ဟုတ် အခြား​တစ်​ခု​၏ သွေးဆောင်​သည်​ကို မ​ခံ​ရ​လျှင်၊ ကိုယ်​တိုင်​မ​ပြု​မူ​နိုင်​။

၁၇ ငါ၊ လေဟိသည်လည်း၊ ငါ ဖတ်​ရှု​ရ​သည့်​အရာ​များ​အတိုင်း၊ ရေး​ထား​သည့်​အတိုင်း ဘုရားသခင်​၏ ကောင်း​ကင်​တမန်​တစ်​ပါး ကောင်း​ကင်​ဘုံ​မှ ကျ​လေသည်ကို ယုံ​ကြည်​ရ​ပေ​မည်။ သို့​ဖြစ်​၍၊ သူ​သည် ဘုရားသခင်ရှေ့၌၊ ဆိုး​သော​အရာ​ကို ရှာ​လေ​သော​ကြောင့်၊ နတ်​ဆိုး​တစ်​ပါး​ဖြစ်​လာ​၏။

၁၈ သူ​သည် ကောင်း​ကင်​ဘုံ​မှ ကျ​သော​ကြောင့်၊ ကာ​လ​အစဉ်​အဆက် ဝမ်း​နည်း​ပူ​ဆွေး​စရာ ဖြစ်​လာ​၍၊ ခပ်သိမ်းသောလူ​သား​တို့​၏ ဝမ်း​နည်း​ပူ​ဆွေး​မှု​ကို​လည်း ရှာ​၏။ သို့​ဖြစ်​၍၊ သူ၊ အထူး​သ​ဖြင့် ခပ်သိမ်းသောမု​သားတို့​၏​အဘ​ဖြစ်​သူ၊ နတ်​ဆိုး​ဖြစ်​သူ၊ ရှေး​မြွေ​ဟောင်း​သည် ဧဝ​အား တား​မြစ်​ထား​သော​အသီး​ကို သုံးဆောင်​လော့၊ သင်​တို့​မသေရ၊ သို့ရာတွင် အကောင်း​နှင့်အဆိုး​ကို သိ​၍၊ ဘုရားသခင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟု ဆို​၏။

၁၉ အာဒံ​နှင့် ဧဝ​တို့​သည်​လည်း တား​မြစ်​ထား​သော​အသီး​ကို သုံးဆောင်​ကြ​လေ​ပြီး​နောက်၊ မြေကြီးကို ထွန်​ယက်​စေ​ရန် ဧဒင်​ဥယျာဉ်​မှ နှင်​ထုတ်​ခံရကြ​လေ​၏။

၂၀ သူ​တို့​သည်​လည်း သား​သမီး​များ၊ အမှန်​စင်​စစ်၊ မြေ​ကြီး​တစ်​ခု​လုံး၏ မိသားစု​ကို​ပင် ဖွား​မြင်​ကြ​လေ​၏။

၂၁ လူ​သား​တို့​ဇာတိ​ကိုယ်ခန္ဓာ​၌​ရှိ​ကြ​စဉ်​တွင် နောင်​တ​ရ​နိုင်​ကြ​စေ​ကြောင်း၊ ဘုရားသခင်​၏​အလို​တော်​အတိုင်း၊ သူ​တို့​၏​အသက်​တာ​ကို ရှည်​စေ​၏။ သို့​ဖြစ်​၍၊ သူ​တို့​၏​နေ​ရာ​မှာ၊ အစမ်း​သပ်​ခံ​ခြင်း​၏​နေ​ရာ ဖြစ်​လာ​လျက်၊ လူ​သား​များ​သို့ ပေး​ထား​တော်​မူ​လေ​သော၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​၏​ပညတ်​တော်​များ​အတိုင်း၊ သူ​တို့​၏​အချိန်​ကို​လည်း ရှည်​စေ​၏။ အကြောင်း​မူ​ကား၊ ခပ်သိမ်းသောလူ​သား​တို့ နောင်​တ​ရ​ကြ​ရ​မည့်​အကြောင်း၊ သူမိန့်မှာခဲ့၏။ သူတို့သည် မိမိ​တို့​မိဘ​များ​၏ လွန်​ကျူး​ခြင်း​ကြောင့် ပျောက်​ဆုံး​လေ​သည်​ကို ခပ်သိမ်းသောလူ​သား​တို့​အား သူ​ပြ​တော်​မူ​ခဲ့၏။

၂၂ ယ​ခု​မူ​ကား၊ ရှု​လော့၊ အာဒံ​သည် မ​လွန်​ကျူး​ခဲ့​လေ​လျှင်၊ ကျ​ရှုံးခဲ့​လိမ့်​မည်​မ​ဟုတ်​ဘဲ ဧဒင်​ဥယျာဉ်​၌ ဆက်​၍ ရှိ​နေ​လိမ့်​မည်။ ဖန်​ဆင်း​ထား​တော်​မူ​လေသည့် ခပ်သိမ်း​သောအရာ​တို့​သည်​လည်း ဖန်​ဆင်း​ထား​ပြီး​နောက် ရှိ​နေခဲ့​သော အခြေ​အနေ​၌ ဆက်​၍​ရှိ​နေ​ရ​ပေမည်​၊ ထို​အရာ​တို့​သည် ကာလအစဉ်အဆက် ဆက်၍ရှိနေရပေမည်၊ အဆုံးလည်း​မ​ရှိရ။

၂၃ သူ​တို့​၌ သား​သမီး​ရှိ​လိမ့်​မည်​မ​ဟုတ်။ သို့​ဖြစ်​၍၊ သူ​တို့​သည် အပြစ်​မ​ရှိ​သော​အခြေ​အနေ​၌ ဆက်​၍၊ ရှိ​လေ​ပြီး၊ ဝမ်း​မြောက်​ခြင်း မ​ရှိ​လေ​ကြ။ အကြောင်း​မူ​ကား၊ သူ​တို့​သည် ဝမ်း​နည်း​ပူ​ဆွေး​ခြင်း​ကို မ​သိ​ကြ။ မ​ကောင်း​သည့်​အရာ​ကို မ​ပြု​လေ​ကြ၊ အကြောင်း​မူ​ကား သူ​တို့​သည် အပြစ်​ကို မ​သိ​ကြ။

၂၄ သို့​ရာ​တွင်၊ ရှု​လော့၊ ခပ်သိမ်းသောအရာ​တို့​ကို သိ​တော်​မူ​သည့်​သူ​၏​ဉာဏ်​ပညာ​တော်​အတိုင်း ခပ်သိမ်းသောအရာ​တို့​ကို ပြု​ထား​တော်​မူ​လေ​၏။

၂၅ လူ​သားများ​ဖြစ်​တည်​နိုင်​ကြ​စေ​ခြင်း​ငှာ၊ အာဒံလဲ​ကျ​၏။ လူ​သား​များသည် ဝမ်း​မြောက်​ခြင်း​ရှိ​နိုင်​ကြ​စေ​ကြောင်း ဖြစ်​တည်​ကြ​၏။

၂၆ အချိန်​ကာလ​ပြည့်​စုံ​ခြင်း​သို့ ရောက်​သော​အခါ၊ မေရှိယ​သည် လူ​သား​တို့​ကို ကျ​ရှုံးခြင်း​မှ ရွေး​နှုတ်​တော်​မူ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​၏။ သူ​တို့​သည် ကျ​ရှုံးခြင်း​မှ ရွေး​နှုတ်​ခံရ​ကြ​သော​ကြောင့်၊ အကောင်းနှင့် အဆိုးကို ခွဲခြား၍​သိ​ကြပြီး၊ ဘုရားသခင်​ပေး​ထား​တော်​မူ​လေ​သည့် ပညတ်​တော်​များ​အတိုင်း၊ ထို​ကြီးစွာသောနောက်​ဆုံး​နေ့၌၊ ဥပဒေ​အား​ဖြင့် အပြစ်​ဒဏ်​ပေး​ခြင်း​မှ​တစ်​ပါး၊ မိမိ​တို့​ကိုယ်​တိုင်​အတွက် ပြု​မူ​ကြ​စေ​ခြင်းငှာ​နှင့် အပြု​မူ​ခံ​မ​ဖြစ်​ကြ​စေခြင်းငှာ ကာလ​အစဉ်​အဆက် လွတ်​လပ်​လာ​ကြ​၏။

၂၇ သို့​ဖြစ်​၍၊ လူ​သား​တို့​သည် လူ​ဇာတိ​အတိုင်း လွတ်​လပ်​ကြ​၏။ လူ​သား​အဖို့ မ​ရှိ​မ​ဖြစ်​လို​အပ်​သည့် ခပ်သိမ်းသောအရာ​တို့​ကို​လည်း ပေး​ထား​တော်​မူ​လေ​၏။ သူတို့သည် လူ​သားခပ်သိမ်း​တို့​၏ ကြီး​မြတ်​တော်​မူ​သည့် စေ့​စပ်ရှင်အား​ဖြင့် လွတ်​လပ်​ခြင်း​နှင့် ထာဝရ​အသက်​ကို​ရွေး​ချယ်ရန် သို့​မ​ဟုတ်၊ နတ်​ဆိုး​၏​ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​တန်​ခိုး​အတိုင်း ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​နှင့်​သေ​ခြင်း​ကို​ရွေး​ချယ်ရန် လွတ်​လပ်​ကြ​၏။ အကြောင်း​မူ​ကား၊ သူ​သည် ခပ်သိမ်းသောလူ​သား​တို့​ကို သူ​ကိုယ်​တိုင်​ကဲ့​သို့ ဝမ်း​နည်း​ပူ​ဆွေး​ဖွယ်​ဖြစ်​နိုင်​စေခြင်းငှာ ကြိုး​စား​အား​ထုတ်​၏။

၂၈ ယ​ခု​မူ​ကား၊ ငါ့​သား​တို့၊ ငါ​အလို​ရှိ​သည်​မှာ၊ သင်တို့သည် ထို​ကြီး​မြတ်​တော်​မူ​သည့် စေ့​စပ်ရှင်​ကို မျှော်​ကိုး​၍၊ သူ​၏​ကြီး​မြတ်​တော်​မူ​သော ပညတ်​တော်​များ​ကို လိုက်​နာ​လျက်၊ သူ​၏​နှုတ်​က​ပတ်​တော်​များ​အပေါ်​၌ သစ္စာ​ရှိ​၍၊ သူ​၏​သန့်​ရှင်း​သော​ဝိညာဉ်​တော်​၏ အလို​တော်​အတိုင်း ထာဝရ​အသက်​ကို ရွေး​ချယ်​ကြ​စေ​ခြင်းငှာ​နှင့်၊

၂၉ နတ်ဆိုးအဖို့ သူ​၏​နိုင်ငံ​၌ သင်​တို့​အပေါ်​အုပ်​စိုး​နိုင်​ခြင်းငှာ၊ သင်​တို့​ကို ငရဲ​သို့​တိုင်​အောင် ဆွဲ​ချ​ခြင်း​ငှာ သူ၏​ဝိညာဉ်​အား ဖမ်း​ဆီး​ချုပ်​နှောင်​ခြင်း​တန်​ခိုး​ကို​ပေး​သော လူ​ဇာတိ​၏​အလို​နှင့် ၎င်း​၌​ရှိ​သည့် မကောင်းမှု​အတိုင်း ထာဝရ​သေ​ခြင်း​ကို မ​ရွေး​ချယ်​ကြ​စေခြင်းငှာပေ​တည်း။

၃၀ ငါသည် ဤ​စကား​အနည်း​ငယ်​ကို သင်တို့အားလုံးကို၊ ငါ့သားများကို ငါ​၏​အစမ်း​သပ်​ခံ​ချိန်​နောက်​ဆုံး​သော​ကာလ​၌ ပြော​လေ​ပြီ။ ငါသည် ကောင်းသောအပိုင်းကို ရွေးကောက်ထား၏၊ ပရောဖက်​၏​စကား​များ​အတိုင်းပေတည်း။ သင်​တို့​စိတ်​ဝိညာဉ်​၏ ထာဝရ​တည်​မြဲ​သော​ကောင်း​ကျိုး​အတွက်​မှ​တစ်​ပါး၊ ငါ့​၌ အခြား အဘယ်​ရည်​ရွယ်​ချက်​မျှ​မ​ရှိ။ အာမင်။