ကျမ်းစာများ
၂ နီဖိုင်း ၉


အခန်းကြီး ၉

ကာကုပ်သည် ယုဒ​လူ​မျိုး​တို့ သူတို့၏​ကတိ​တော်​မြေ​၌ စု​ဝေး​ကြ​လိမ့်​မည်​ဖြစ်ကြောင်းကို ရှင်း​ပြ​၏—အပြစ်​ဖြေခြင်း​မင်္ဂလာ​သည် လူ​သား​ကို ကျရှုံးခြင်း​မှ ရွေး​နှုတ်​တော်​မူ​၏—သေ​သူ​တို့​၏ ကိုယ်ခန္ဓာ​များ​သည် သင်္ချိုင်း​တွင်း​မှ လည်း​ကောင်း၊ သူ​တို့​၏​ဝိညာဉ်​များ​သည် ငရဲ​နှင့် အတိသုခ​ဘုံ​တို့​မှ လည်း​ကောင်း ထွက်​ပေါ်​လာ​ကြ​မည်—သူတို့သည် တရား​စီရင်​ခံ​ရ​ကြ​မည်—အပြစ်​ဖြေခြင်း​မင်္ဂလာ​သည် သေခြင်း၊ ငရဲ၊ နတ်​ဆိုး​နှင့် အဆုံး​မ​ရှိ​သည့် စိတ်​ဆင်းရဲ​ကိုယ်​ဆင်းရဲ​ဖြစ်ခြင်း​တို့​မှ ကယ်​တင်​တော်​မူ​၏—ဖြောင့်​မတ်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​၌ ကယ်​တင်ခြင်း​သို့ ရောက်​ရ​ကြ​၏—အပြစ်​များ​အတွက် ပြစ်​ဒဏ်​များ​ကို ဖော်​ပြ​ထား​၏—ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​သည် တံ​ခါး​မှူး​ဖြစ်​တော်​မူ​၏။ ဘီစီ ၅၅၉–၅၄၅ ခန့်။

ယခု​မူ​ကား၊ ငါ​၏​ချစ်​လှ​စွာ​သော​ညီ​အစ်​ကို​တို့၊ ဤ​အရာ​တို့​ကို ငါ​ဟော​ပြော​လေ​၍၊ ခပ်သိမ်းသော ဣသရေလ​အမျိုး​သား​တို့​နှင့် ပဋိညာဉ်​ပြု​တော်​မူ​လေ​သည့် ကိုယ်​တော်​ရှင်​၏ ပဋိညာဉ်​များ​အကြောင်း​ကို သင်​တို့​သိ​နိုင်​ကြ​စေခြင်း​မှာ—

သူ​သည် ယုဒ​လူ​မျိုး​တို့​အား၊ သူ​တို့​အမွေ​ခံ​ရာ​မြေ​သို့ ပြန်​ရ​စေ​မည့်​အချိန်၊ သူ​တို့​၏ ခပ်သိမ်းသော​ကတိ​တော်​မြေတို့​ကို တည်​ထောင်​ရ​စေ​မည့် အချိန်​တည်း​ဟူ​သော၊ ဘုရားသခင်၏ မှန်​သော အသင်း​တော်​နှင့် သိုး​စု​သို့ သူ​တို့​ပြန်​လည်​ဆောင်​ယူ​ခံ​ရ​ကြ​မည့် အချိန်​ကျ​ရောက်​လာ​သည့် တိုင်​အောင်၊ မိမိ​၏​သန့်​ရှင်း​သော ပရောဖက်​တို့​၏ နှုတ်​အား​ဖြင့် ရှေး​ဦး​စွာ​ကတည်းကပင်၊ လူမျိုး​အစဉ်​အဆက် ဟော​ပြော​တော်​မူ​လေ​ကြောင်း​ပေ​တည်း။

ရှုလော့၊ ငါ​၏​ချစ်​လှ​စွာ​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​၏​သား​မြေး​တို့​အပေါ် ကိုယ်​တော်​ရှင်​ဘုရားသခင်​ပေး​တော်​မူ​မည့် ကောင်း​ချီး​မင်္ဂလာ​များ​ကြောင့်၊ သင်​တို့ ရွှင်​လန်း​ဝမ်း​မြောက်​၍၊ ဦးခေါင်း​ကို အစဉ်​အမြဲ​မော့​နိုင်​စေ​ကြောင်း၊ ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​၏။

အကြောင်း​မူ​ကား၊ ဖြစ်လာမည့်​အရာ​များ​အကြောင်း​ကို သိရန်၊ သင်​တို့​မှ များ​စွာ​သော​သူ​တို့​လွန်​စွာ ရှာ​ဖွေ​ကြ​သည်​ကို ငါ​သိ​၏။ သို့​ဖြစ်​၍၊ ငါ​တို့​အသား​ဆွေး​မြေ့​၍၊ သေရ​ကြ​မည်​ကို သင်​တို့​သိ​ကြောင်း ငါ​သိ​၏။ အဘယ်​သို့​ပင်​ဖြစ်​စေ၊ ငါ​တို့​၏​ကိုယ်​ခန္ဓာ​အား​ဖြင့် ဘုရားသခင်​ကို ငါ​တို့​မြင်ရ​ကြ​လိမ့်​မည်။

ထို​မှ​တစ်​ပါး၊ ငါ​တို့​လာ​ခဲ့​ကြ​သည့် ယေရုရှလင်​မှ​လူ​များ​သို့ သူ​ကိုယ်​တိုင် ကိုယ်​ထင်​ပြ​မည့်​အကြောင်း သင်​တို့​သိ​ကြ​သည်​ကို ငါ​သိ​၏။ ထို​အမှု သူ​တို့​၌ ဖြစ်​ရ​မည်​မှာ မ​ရှိ​မ​ဖြစ်​လို​အပ်​၏။ အကြောင်း​မူ​ကား၊ ကြီး​မြတ်​သည့် ဖန်​ဆင်း​ရှင်​သည် ခပ်သိမ်းသော လူ​သား​တို့​ကို သူ​၏​ဩဇာခံ​များ ဖြစ်​လာ​ကြ​စေခြင်း​ငှာ၊ သူ့​ကိုယ်​ကို ဇာတိ​ကိုယ်ခန္ဓာ​၌​ရှိ​သော လူ​သား​၏ ဩဇာခံ​ဖြစ်​လာ​စေရန် အခွင့်​ပေး​တော်​မူ​၍၊ ခပ်သိမ်းသော လူ​သား​တို့​အတွက် အသေ​ခံ​တော်​မူ​၏။

အကြောင်း​မူ​ကား၊ သေခြင်း​သည် ခပ်သိမ်းသောလူ​သားများ​သို့ ရောက်​လာ​သော​ကြောင့်၊ ကြီး​မြတ်​တော်​မူ​သည့် ဖန်​ဆင်း​ရှင်​၏ ကရုဏာကြီး​တော်​မူ​သော အစီအစဉ်​ကို ပြီး​ပြည့်​စုံ​စေခြင်း​ငှာ၊ ရှင်​ပြန်​ထ​မြောက်ခြင်း​တန်​ခိုး ရှိ​ရ​မည်​ဖြစ်​၍၊ ကျရှုံးခြင်း​ကြောင့် လူ​သား​များ​သို့ ရှင်​ပြန်​ထ​မြောက်ခြင်း​ကို ပေး​ရ​မည်။ လွန်​ကျူးခြင်း​ကြောင့် ကျရှုံးခြင်း​သည်​လည်း ရောက်​လာ​၏။ လူ​သား​သည် ကျ​ရှုံးလာသော​ကြောင့်၊ သူတို့သည် ကိုယ်​တော်​ရှင်​၏​မျက်​မှောက်​မှ ပယ်​ရှင်း​ခံ​ရ​ကြ​၏။

သို့​ဖြစ်​၍၊ အတိုင်းမသိသော အပြစ်​ဖြေခြင်း​မင်္ဂလာ ရှိ​ရ​ပေ​မည်—အတိုင်းမသိသော အပြစ်​ဖြေခြင်း​မင်္ဂလာ မ​ရှိ​လျှင်၊ ဤ​ပုပ်​ပျက်ခြင်း​ကို မ​ပုပ်​ပျက်ခြင်း​နှင့် မ​ခြုံ​နိုင်။ သို့​ဖြစ်​၍၊ လူ​သား​သို့ ကျ​ရောက်​သည့် ပထမ​တရား​စီရင်​တော်မူခြင်း​သည် အဆုံး​မ​ရှိ​သည့်​ကာလ​တိုင်​အောင် ဆက်​၍​တည်​ရှိ​နေ​ရ​မည်။ ထို​သို့​ဆို​လျှင်၊ ဤကိုယ်​ခန္ဓာ​သည် မ​ထ​မြောက်​ရတော့စေ​ကြောင်း၊ လဲ​လျောင်း​၍ ပုပ်​ပျက်​၍၊ အမိ​မြေ​ကြီး​သို့ ပြို​ကျ​ပျက်​စီး​ရ​ပေ​မည်။

အို ဘုရားသခင်​၏​ဉာဏ်​ပညာ​တော်၊ သူ​၏ ကရုဏာတော်​နှင့် ကျေး​ဇူး​တော်​တို့။ ရှု​လော့၊ ကိုယ်ခန္ဓာ​သည် မထ​မြောက်​ရ​တော့​လျှင်၊ ငါ​တို့​၏​ဝိညာဉ်​များ​သည် ထာဝရ​ဘုရားသခင်​၏ မျက်​မှောက်​ရှေ့​မှ လဲ​ကျ​သူ၊ မ​ထ​မြောက်ရတော့​သည့် နတ်​ဆိုး​ဖြစ်​လာ​ခဲ့​သူ ကောင်းကင်​တမန်​၏​ဩဇာခံ ဖြစ်​လာ​ရ​ကြ​ပေ​မည်။

ငါ​တို့​၏​ဝိညာဉ်​များ​သည်​လည်း သူ​ကဲ့​သို့​ဖြစ်​လာ​ရ​ကြ​မည်။ ငါ​တို့​သည်​လည်း နတ်ဆိုး​များ​ဖြစ်​လာ​ရ​ကြ​မည်။ ငါ​တို့​ဘုရားသခင်​၏​မျက်​မှောက်​တော်​မှ ပိတ်​ပင်ခြင်း​ကို ခံ​ရ​ရန်​နှင့် မုသား​တို့​၏​အဘ​နှင့်​အတူ သူ​ကဲ့​သို့ ဝမ်း​နည်း​ပူ​ဆွေး​မှု​၌ ဆက်​၍​တည်​ရှိ​စေ​ရန်၊ နတ်ဆိုး​အဖို့၊ ထိုမှတစ်ပါး၊ ငါ​တို့​၏​ပထမ​ဦး​ဆုံး​သော​မိဘ​များ​ကို လှည့်​ဖြား​သည့် သူ့​ကိုယ်​သူ အလင်း​၏ ကောင်းကင်​တမန်​ဖြစ်​ယောင်​ဆောင်​၍၊ လူ့​အသက်​သတ်​သည့် လျှို့​ဝှက်ဂိုဏ်း​များ​နှင့် လျှို့​ဝှက်​သောမှောင်မိုက်ခြင်း​အမှု​အမျိုး​မျိုး​သို့ လူ​သား​တို့​ကို နှိုး​ဆော်သည့် ထိုသူအဖို့ ကောင်းကင်​တမန်​များ ဖြစ်​လာရ​ကြ​ပေ​မည်။

၁၀ အို ဤ​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော ဘီလူး​၏​ချုပ်​ကိုင်ခြင်း၊ အထူး​သ​ဖြင့် ထို​ဘီလူး၊ ကိုယ်ခန္ဓာ၏ သေခြင်း​နှင့် ဝိညာဉ်​၏​သေခြင်း​ဟု​လည်း ငါ​ခေါ်​သည့် သေခြင်း​နှင့် ငရဲ​မှ ငါ​တို့​၏​လွတ်​မြောက်ခြင်း အတွက် နည်း​လမ်း​ကို ပြင်​ဆင်​ပေး​သူ ငါ​တို့​ဘုရားသခင်​၏ ကောင်း​မြတ်တော်မူခြင်းမှာ ကြီး​လှ​ပေ​စွ​တ​ကား။

၁၁ ငါ​တို့​၏​ဘုရားသခင်၊ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏ ကယ်​လွှတ်​တော်​မူ​သည့် နည်း​လမ်း​တော်​ကြောင့်၊ ဇာတိ​ပကတိ​ဖြစ်​သော၊ ငါ​ပြော​ထား​လေ​သည့် ဤ​သေခြင်း​သည် ၎င်း​၏​သေခြင်း​ကို လွှတ်​ပေး​လိမ့်​မည်။ ထို​သေခြင်း​ကား၊ သင်္ချိုင်း​တွင်း ဖြစ်​၏။

၁၂ ဝိညာဉ်​ပကတိ​သေခြင်း​ဖြစ်​သော၊ ငါ​ပြော​ထား​လေ​သည့် ဤ​သေခြင်း​သည် ၎င်း​၏​သေခြင်း​ကို လွှတ်​ပေး​လိမ့်​မည်။ ထို​ဝိညာဉ်​ပကတိ​သေခြင်း​ကား၊ ငရဲ ဖြစ်​၏။ သို့​ဖြစ်​၍၊ သေခြင်း​နှင့် ငရဲ​တို့​သည် မိမိ​တို့​၏​သေခြင်း​ကို လွှတ်​ပေး​ရကြ​မည်​ဖြစ်​၍၊ ငရဲ​သည် မိမိ​၏​ဖမ်း​ဆီး​ချုပ်​နှောင်​သော ဝိညာဉ်​များ​ကို လွှတ်​ပေး​ရ​မည်။ သင်္ချိုင်း​တွင်း​သည် မိမိ​ဖမ်း​ဆီး​ချုပ်​နှောင်​သော ကိုယ်ခန္ဓာ​တို့​ကို လွှတ်​ပေး​ရ​မည်။ လူ​တို့​၏ကိုယ်​ခန္ဓာ​များ​နှင့် ဝိညာဉ်​များ​သည် တစ်​ခု​နှင့်​တစ်​ခု ပြန်​လည်​ပေါင်း​စည်း​ကြ​ပေ​လိမ့်​မည်။ ထို​အမှု​မှာ၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏ ရှင်​ပြန်​ထ​မြောက်ခြင်း​တန်ခိုး​အား​ဖြင့် ဖြစ်​လေ​သ​တည်း။

၁၃ အို ငါ​တို့​ဘုရားသခင်​၏ အစီအစဉ်မှာ ကြီး​မြတ်​လှ​ပေ​စွ​တ​ကား။ အကြောင်း​မူ​ကား၊ အခြားတစ်​ဖက်​တွင် ဘုရားသခင်​၏​အတိသုခ​ဘုံ​သည် ဖြောင့်​မတ်​သော​သူ​တို့​၏​ဝိညာဉ်​များ​ကို လွှတ်​ပေး​ရ​မည်​ဖြစ်​၍၊ သင်္ချိုင်း​တွင်း​သည် ဖြောင့်​မတ်​သော​သူ​တို့​၏ ကိုယ်​ခန္ဓာ​ကို လွှတ်​ပေး​ရ​ပေ​မည်။ ဝိညာဉ်​နှင့် ကိုယ်​ခန္ဓာ​သည်​လည်း မိမိ​ကိုယ်​တိုင်​သို့ တစ်​ဖန်​ပြန်​လည်​ပေါင်း​စည်း​၍၊ ခပ်သိမ်းသော လူ​သား​တို့​သည် မ​ပုပ်​ပျက်​တတ်ခြင်း​နှင့် သေခြင်း​မ​ရှိ​သော​အဖြစ်​သို့ ရောက်​လာ​ကြ​၍၊ ထို​အချိန်​၌ ငါ​တို့​၏​အသိပညာ​သည်၊ စုံ​လင်​ရာ​သို့​ရောက်​ရ​မည်​မှ​တစ်​ပါး၊ သူ​တို့​သည် ဇာတိကိုယ်​ခန္ဓာ​၌ ရှိ​သော ငါ​တို့​ကဲ့​သို့ စုံ​လင်​သော​အသိ​ပညာ​ရှိ၍၊ အသက်​ရှင်​သော​သူ​များ ဖြစ်​ကြ​လေ​၏။

၁၄ သို့​ဖြစ်​၍၊ ငါ​တို့​၏​အလုံး​စုံ​သော​အပြစ်​ရောက်ခြင်း၊ ငါ​တို့​၏​မ​သန့်​ရှင်းခြင်း​နှင့် ငါ​တို့​၏​အဝတ်​အချည်း​အစည်း​ရှိခြင်း​တို့​အကြောင်း​ကို သိ​သည့် စုံ​လင်​သော​အသိပညာ ငါ​တို့​မှာ​ရှိ​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​တို့​သည် မိမိ​တို့​ပျော်​မွေ့ခြင်း​နှင့် မိမိ​တို့​၏​ဖြောင့်​မတ်ခြင်း အကြောင်း​ကို​သိ​သည့် စုံ​လင်​သော​အသိ​ပညာ​ရှိ​ကြ​လိမ့်​မည်​ဖြစ်​၍၊ စင်​ကြယ်ခြင်း​ဖြင့်၊ အထူး​သ​ဖြင့်၊ ဖြောင့်​မတ်ခြင်း​ဝတ်ရုံ​ဖြင့်​ပင် ဝတ်​ဆင်​ကြ​လိမ့်​မည်။

၁၅ ဤ​သို့​အား​ဖြင့်​အချိန်​တန်​လာ​လတ္တံ့​သော​အခါ၊ ခပ်သိမ်းသောလူ​သား​တို့​သည် ဤ​ပထမ​သေခြင်း​မှ အသက်​ရှင်ခြင်း​သို့ ပြောင်း​လဲ​လေ​လျှင်၊ သေခြင်း​မ​ရှိ​သော​သူ​များ​ဖြစ်​လာ​ကြ​သော​ကြောင့်၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏​တရား​ပလ္လင်​ရှေ့​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ ထို့​နောက်​တွင်း​ကား၊ တရား​စီရင်ခြင်း​ကျ​ရောက်​လာ​ပြီး​နောက်၊ သူတို့သည် ဘုရားသခင်​၏​သန့်​ရှင်း​တော်​မူ​သော တရား​စီရင်ခြင်း​အတိုင်း တရား​စီရင်​ခံ​ရ​ကြ​မည်။

၁၆ ဖြောင့်​မတ်​သော​သူ​တို့​သည် ဖြောင့်​မတ်​လျက်​ရှိ​နေ​ကြ​လိမ့်​ဦး​မည်။ ညစ်​ညမ်း​သော​သူ​တို့​သည် ညစ်​ညမ်း​လျက်​ရှိ​နေ​ကြ​လိမ့်​ဦး​မည်​ဟူ​သော မ​ပျက်​စီး​နိုင်​သည့် သူ​၏​ထာဝရ​နှုတ်​က​ပတ်​တော်​ကို ကိုယ်​တော်​ရှင်​ဘုရားသခင်​မိန့်တော်​မူ​လေ​သော​ကြောင့်၊ ကိုယ်​တော်​ရှင်​အမှန်​အသက်​ရှင်​တော်​မူ​သည်​အတိုင်း၊ ဆက်​ဆက်​ဖြစ်​လေ​၏။ သို့​ဖြစ်​၍၊ ညစ်​ညမ်း​သော​သူ​တို့​သည်​ကား၊ နတ်​ဆိုး​နှင့် သူ​၏​ကောင်း​ကင်​တမန်​များ​ဖြစ်​ကြ​၍၊ သူ​တို့​အတွက် ပြင်​ဆင်​ထား​သည့် ထာဝရ​တည်​မြဲ​သော​မီး​ထဲ​သို့ သွား​ကြ​လိမ့်​မည်။ သူ​တို့​၏​စိတ်​ဆင်း​ရဲ​ကိုယ်​ဆင်း​ရဲ​ဖြစ်ခြင်း​မှာ၊ ကာလ​အစဉ်​အဆက်၊ အမြဲ​တက်​သည့်​မီး​လျှံ​တို့​၏ ကန့်​နှင့်​ရော​သော​မီး​အိုင်​ကဲ့​သို့​ဖြစ်၍ အဆုံးမရှိ။

၁၇ အို ငါ​တို့​ဘုရားသခင်​၏ ကြီး​မြတ်​တော်​မူခြင်း​နှင့် တရား​မျှ​တ​တော်​မူခြင်း​သည် ကြီး​လှ​ပေ​စွ​တ​ကား။ အကြောင်း​မူ​ကား၊ သူ​သည် သူ​၏​နှုတ်​က​ပတ်​တော်​များ​အတိုင်း ပြု​တော်မူ​၏။ ထို​နှုတ်​က​ပတ်​တော်​တို့​သည်​လည်း သူ​၏​နှုတ်​မှ ထွက်​သွား​၍၊ သူ​၏​ပညတ်​တရားကို ပြီး​ပြည့်​စုံ​စေ​ရ​ပေ​မည်။

၁၈ သို့​ရာ​တွင်၊ ရှု​လော့၊ ဖြောင့်​မတ်​သော​သူ​များ၊ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏ သန့်​ရှင်း​သူ​များ၊ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​ကို ယုံ​ကြည်​လေ​သူ​များ၊ လောက​၏ ညှဉ်း​ဆဲ​နှိပ်​စက်​မှု​များ​ကို သည်း​ခံ​၍၊ ၎င်း​၏​အရှက်​ခွဲခြင်း​ကို ဂရု​မ​ပြု​လေ​သူ​များ၊ သူ​တို့​သည် ကမ္ဘာတည်​က​တည်း​က မိမိ​တို့​အတွက်​ပြင်​ဆင်​ထား​လေ​သော ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ခံ​ရ​ကြ​လိမ့်​မည်​ဖြစ်​၍၊ သူ​တို့​၏​ဝမ်း​မြောက်ခြင်း​မှာ၊ ကာလ​အစဉ်​အဆက် ပြည့်​စုံ​လိမ့်​မည်။

၁၉ အို ငါတို့၏​ဘုရားသခင်၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏ ကရုဏာတော်သည် ကြီး​မြတ်​လှ​ပေ​စွ​တ​ကား။ အကြောင်း​မူ​ကား၊ သူသည် မိမိ​၏​သန့်​ရှင်း​သူတို့ကို ထို​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော ဘီလူး​ဖြစ်သည့်​နတ်ဆိုး၊ သေခြင်း၊ ငရဲ​နှင့် အဆုံး​မရှိသည့် စိတ်​ဆင်းရဲ​ကိုယ်​ဆင်းရဲ​ဖြစ်ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​ရောသည့် မီး​အိုင်တို့​မှ ကယ်​လွှတ်​တော်​မူ၏။

၂၀ အို ငါ​တို့​ဘုရားသခင်​၏ သန့်​ရှင်း​တော်​မူခြင်း​သည် ကြီး​မြတ်​လှ​ပေ​စွ​တ​ကား။ အကြောင်း​မူ​ကား၊ သူ​သည် ခပ်သိမ်းသောအရာတို့​ကို သိ​တော်​မူ​၍၊ သူ​မ​သိ​သည့်​အရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

၂၁ သူ​သည် ခပ်သိမ်းသော လူ​သား​တို့​အား သူ​၏​အသံ​တော်​ကို စေ့စေ့နား​ထောင်​ကြ​မည်​ဆို​လျှင်၊ ကယ်​တင်​နိုင်ခြင်း​ငှာ၊ လောက​ထဲ​သို့ ကြွ​လာတော်မူ​၏။ အကြောင်း​မူကား၊ ရှု​လော့၊ သူသည် ခပ်သိမ်းသောလူ​သား​တို့​၏​နာ​ကျင်​မှု​များ၊ အထူး​သ​ဖြင့်၊ အာဒံ​၏​မိသားစုနှင့် ဆိုင်သောသူ၊ လူ​သတ္တ​ဝါ​မှန်​သ​မျှ၊ ယောက်ျား၊ မိန်းမ​နှင့်​က​လေး​များ​တို့​၏ နာကျင်​မှု​များ​ကို ခံ​စား​တော်​မူ​၏။

၂၂ ဤသို့ သူခံစားသည်မှာ ခပ်သိမ်းသောလူ​သား​တို့ ၌ ရှင်​ပြန်​ထ​မြောက်ခြင်း ဖြစ်​လာ​စေခြင်း​ငှာ၊ ကြီး​မြတ်​သော တရား​စီရင်​ရာ​နေ့၌၊ သူ​၏​ရှေ့ ၌ ခပ်​သိမ်း​သော​သူ​တို့ကို ရပ်​ကြ​စေခြင်း​ငှာ ပေတည်း။

၂၃ သူ​သည် ခပ်သိမ်းသော လူ​သား​တို့​အား၊ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​သော​ဘုရား​ကို စုံ​လင်​သော​ယုံ​ကြည်ခြင်း​ရှိ၍၊ နောင်တရ​၍ သူ​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ရ​မည့်​အကြောင်း မိန့်​တော်​မူ​၏။ သို့​မ​ဟုတ်​လျှင်၊ သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​၌ ကယ်​တင်ခြင်း​သို့ မ​ရောက်​နိုင်​ကြ။

၂၄ သူ​တို့​သည် နောင်တမရ၊ ထို့အတူ သူ​၏​နာမ​တော်ကို မယုံ​ကြည်၊ ထို့အတူ သူ​၏​နာမ​တော်​၌ ဗတ္တိဇံ​မခံ၊ ထို့အတူ အဆုံး​တိုင်​အောင် မတည်​ကြည်​လျှင်၊ အပြစ်​စီရင် ခံ​ရ​ကြ​မည်။ အကြောင်း​မူ​ကား၊ ကိုယ်​တော်​ရှင်​ဘုရားသခင်၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​သည် ထို​သို့ ဟော​တော်​မူ​လေ​၏။

၂၅ သို့​ဖြစ်​၍၊ ပညတ်​တရား​ကို သူ​ပြု​ထား​တော်​မူ​လေ​၏။ ပညတ်​တရား ပေး​မ​ထား​သော​နေရာ၌ အပြစ်​ဒဏ်​မ​ရှိ။ ထို့​အတူ၊ အပြစ်​ဒဏ်​မ​ရှိ​သော​နေရာ၌ ပြစ်​ဒဏ်​ချ​မှတ်ခြင်း​မ​ရှိ။ ပြစ်​ဒဏ်​ချ​မှတ်ခြင်း​မ​ရှိ​သော​နေရာ​၌ အပြစ်​ဖြေခြင်း​မင်္ဂလာ​ကြောင့် ဣသရေလ​အမျိုး​၏​သန့်ရှင်း​တော်​မူသော​ဘုရား​၏ ကရုဏာတော်​တို့​သည် သူ​တို့​အပေါ်​အကျိုး​ပြု​သက်​ရောက်​၏။ အကြောင်း​မူ​ကား၊ သူတို့သည် သူ​၏​တန်​ခိုး​တော်​အား​ဖြင့် ကယ်​လွှတ်​ခံ​ရ​ကြ​၏။

၂၆ အကြောင်း​မူ​ကား၊ ပညတ်​တရား ပေး​မ​ထား​လေ​သူ​များ​အတွက် အပြစ်​ဖြေခြင်း​မင်္ဂလာ​က သူ​၏​တရား​တော်​မူခြင်း​၏​လို​အပ်​ချက်​များ​ကို ပြီး​ပြည့်​စေ​သ​ဖြင့်၊ သူတို့သည် ထို​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော ဘီလူး၊ သေခြင်း၊ ငရဲ၊ နတ်ဆိုး​နှင့် အဆုံး​မ​ရှိ​သည့် စိတ်​ဆင်းရဲ​ကိုယ်​ဆင်းရဲ​ဖြစ်ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​ရော​သော​မီး​အိုင်​တို့​မှ ကယ်​လွှတ် ခံ​ရ​ကြ​၏။ ထို့အတူ ဣသရေလ​အမျိုး​၏​သန့်ရှင်း​တော်​မူ​သော​ဘုရား​ဖြစ်​သည့် သူ​တို့​အား အသက်​ရှူခြင်း​ကို ပေး​တော်​မူ​သည့် ဘုရားသခင်​ထံ​သို့ ပြန်​လည်​ဆောင်ယူ ခံ​ရ​ကြ​၏။

၂၇ သို့​ရာ​တွင်၊ ပြု​ထား​တော်​မူ​သော​ပညတ်​တရား၊ အမှန်​စင်​စစ်၊ ငါ​တို့​မှာ​ကဲ့​သို့ ဘုရားသခင်​၏​အလုံး​စုံ​သော ပညတ်​တော်​များ​ရှိ​၍၊ ထို​ပညတ်​တို့​ကို လွန်​ကျူး၍၊ မိမိ​အစမ်း​သပ်​ခံ​ကာလ​၏​နေ့​ရက်​များ​ကို ဖြုန်း​တီး​သော​သူ​သည် အမင်္ဂလာ​ရှိ​၏။ အကြောင်း​မူ​ကား၊ အလွန်​ဆိုး​ရွား​သည်​မှာ ထို​သူ​၏​အခြေ​အနေ​ဖြစ်​၏။

၂၈ အို မာရ်​နတ်​၏ စဉ်း​လဲ​လှ​သော အစီအစဉ်။ အို လူ​သား​၏ စိတ်​ကြီး​ဝင်​ခြင်း၊ ချည့်​နဲ့ခြင်း​နှင့် မိုက်​မဲခြင်း​တို့။ သူ​တို့​သည် အကြား​အမြင်​များ​သော​အခါ ဉာဏ်ပညာ​ရှိ​ကြ​ပြီ​ဟု တွေး​၍၊ ဘုရားသခင်​၏​သွန်​သင်​တော်​မူခြင်း​ကို စေ့စေ့နားမ​ထောင်​ကြ။ အကြောင်း​မူ​ကား၊ မိမိ​တို့​ကိုယ်​တိုင်​အား​ဖြင့် သိ​သည်​ဟု ထင်​၍၊ ဂရုမ​ပြု​ဘဲ​နေ​ကြ​၏။ သို့​ဖြစ်​၍၊ သူ​တို့​၏ ဉာဏ်​ပညာ​သည် မိုက်​မဲခြင်း​ဖြစ်​၍၊ သူ​တို့​ကို အကျိုးပြုခြင်းမရှိ။ ထို့အတူ သူတို့သည် ပျက်​စီး​ကြ​လိမ့်​မည်။

၂၉ သို့​ရာ​တွင်၊ သူတို့သည် ဘုရားသခင်​၏​သွန်သင်တော်မူခြင်း​များ​ကို စေ့စေ့နား​ထောင်​ကြ​လျှင်၊ အကြား​အမြင်​များခြင်း​သည်​ကား၊ ကောင်း​မြတ်​၏။

၃၀ သို့​ရာ​တွင်၊ လောက​အရာ​တို့​၌ ကြွယ်​ဝ​လေ​သည့် ကြွယ်​ဝ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။ အကြောင်း​မူ​ကား၊ သူ​တို့​သည် ကြွယ်​ဝ​သော​ကြောင့်၊ ဆင်းရဲ​သား​များ​ကို မ​ထီ​မဲ့​မြင်​ပြု​၍၊ သိမ်မွေ့အောက်ကျို့သော​သူ​တို့​ကို ကဲ့​ရဲ့ ညှဉ်း​ဆဲ​၍၊ သူ​တို့​၏​စိတ်​နှ​လုံးသည် သူ​တို့​၏​ဘဏ္ဍာ​များ​အပေါ်၌ ရှိ​လေ​၏။ သို့​ဖြစ်​၍၊ သူ​တို့​၏​ဘဏ္ဍာ​သည် သူ​တို့​၏​ဘုရား​ဖြစ်​၏။ ရှု​ဦး​လော့၊ သူ​တို့​၏​ဘဏ္ဍာ​များ​သည်​လည်း သူ​တို့​နှင့်​အတူ ပျက်​စီး​လိမ့်​မည်။

၃၁ နား​မ​ထောင်​မည့် နား​ပင်း​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ပျက်း​စီး​ကြ​လိမ့်​မည်။

၃၂ မ​ကြည့်​မည့် မျက်​စိ​မ​မြင်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူ​တို့​သည်​လည်း ပျက်​စီး​ကြ​လိမ့်​မည်။

၃၃ စိတ်​နှလုံး​အား​ဖြင့်​အရေ​ပြား​လှီးခြင်းကို မ​ခံ​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။ အကြောင်း​မူ​ကား၊ သူ​တို့​၏​ဒုစရိုက်​များ​အကြောင်း အသိပညာ​က နောက်​ဆုံး​သော​နေ့​၌ သူ​တို့​ကို ဒဏ်​ခတ်​လိမ့်​မည်။

၃၄ မုသား​ပြော​သော​သူ​သည် အမင်္ဂလာ​ရှိ​၏။ အကြောင်း​မူ​ကား၊ ထို​သူ​သည် ငရဲ​သို့​တိုင်​အောင်​ပစ်​ချ​ခံ​ရ​လိမ့်​မည်။

၃၅ လူ့​အသက်​ကို တမင်​သက်​သက်၊ သတ်​သော​သူ​သည် အမင်္ဂလာ​ရှိ​၏။ အကြောင်း​မူ​ကား၊ ထို​သူ​သည် သေ​ရ​လိမ့်​မည်။

၃၆ မ​တရား​သော​မေ​ထုန်အမှုများ​ကို ကျူးလွန်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​၏။ အကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ငရဲ​သို့ ပစ်​ချ ခံ​ရ​ကြ​လိမ့်​မည်။

၃၇ ထို​မှ​တစ်​ပါး၊ ရုပ်​တု​များ​ကို ကိုး​ကွယ်​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။ အကြောင်း​မူ​ကား၊ ခပ်သိမ်းသော နတ်​ဆိုး​တို့​၏​နတ်​ဆိုး​မင်း​သည် ထို​အရာ​တို့​၌ မွေ့​လျော်​၏။

၃၈ အချုပ်​အား​ဖြင့်၊ မိမိ​တို့​၏​အပြစ်​များ​၌ သေ​သည့် သူခပ်သိမ်း​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏။ အကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘုရားသခင်​ထံ​သို့ ပြန်​လာ​ကြလိမ့်မည်၊ သူ၏မျက်​နှာ​တော်​ကို မြင်​ကြသော်လည်း၊ သူ​တို့​၏ အပြစ်​များ​၌ ဆက်​၍​တည်​ရှိ​နေ​ကြ​၏။

၃၉ အို ငါ​၏​ချစ်​လှ​စွာ​သော​ညီ​အစ်​ကို​တို့၊ ထို​သန့်​ရှင်း​တော်​မူ​သော​ဘုရားသခင်​ကို​ဆန့်​ကျင်​၍၊ လွန်​ကျူးခြင်း​၌ အလွန်​ဆိုး​ရွားခြင်း​နှင့် ထို​စဉ်း​လဲ​သော​နတ်​ဆိုး​၏​သွေးဆောင်ခြင်း​များ​သို့ အလျှော့​ပေးခြင်း​၏ အလွန်​ဆိုး​ရွားခြင်း​ကို​လည်း အောက်​မေ့​ကြ​လော့။ လောကီဆိုင်ရာ​စိတ်​သ​ဘော​သည် သေခြင်း​ဖြစ်​၍၊ ဝိညာဉ်​ပကတိ​စိတ်​သ​ဘော​သည် အသက်​ထာဝရ​ရှင်​ရာ​ဖြစ်​ကြောင်း​ကို သတိရ​ကြ​လော့။

၄၀ အို ငါ​၏​ချစ်​လှ​စွာ​သော​ညီ​အစ်​ကို​တို့၊ ငါ​၏​စကား​များ​ကို နားညောင်း​ကြ​လော့။ ဣသရေလ​အမျိုး​၏​သန့်​ရှင်း​တော်​မူ​သော​ဘုရား​၏​ကြီး​မြတ်​တော်​မူခြင်း​ကို အောက်​မေ့​ကြ​လော့။ ငါ​သည် သင်​တို့​ကို ဆန့်​ကျင်​၍၊ ခက်ခဲ​သော​အရာ​များ​ကို ပြော​လေ​ပြီ​ဟု မ​ဆို​ကြ​နှင့်။ အကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ဆို​ကြ​လျှင်၊ သမ္မာ​တရား​ကို ဆန့်​ကျင်​ကဲ့​ရဲ့​ပြော​ဆို​ကြ​လိမ့်​မည်။ အကြောင်း​မူ​ကား၊ သင်တို့၏ ဖန်ဆင်းရှင်​၏ နှုတ်​က​ပတ်​တော်​များ​ကို ငါ​ပြော​လေ​ပြီ။ သမ္မာ​တရား​နှုတ်​က​ပတ်​တော်​များ​သည် ခပ်သိမ်းသော မ​သန့်​ရှင်းခြင်းတို့​နှင့်​ဆန့်​ကျင်၍ ခက်ခဲ​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင်၊ ဖြောင့်​မတ်​သော​သူ​တို့​သည် သမ္မာ​တရား​ကို ချစ်​သော​ကြောင့်၊ ထို​အရာ​တို့​ကို ကြောက်ခြင်း​မ​ရှိ​၍၊ မ​တုန်​လှုပ်​ကြ။

၄၁ အို ထို​သို့​ဆို​လျှင်၊ ငါ​၏​ချစ်​လှ​စွာ​သော​ညီ​အစ်​ကို​တို့ ကိုယ်​တော်​ရှင်၊ သန့်​ရှင်း​တော်​မူ​သော​ဘုရား​ထံ​သို့ လာ​ကြ​လော့။ သူ​၏​လမ်း​ခရီး​တော်​တို့ ဖြောင့်​မတ်​တော်​မူ​ကြ​သည်​ကို သ​တိ​ရ​ကြ​လော့။ ရှု​လော့၊ လူ​သား​အတွက် လမ်း​သည်​ကျဉ်း​မြောင်း​သော်​လည်း၊ သူ့​ရှေ့ ၌ ဖြောင့်​သော​လမ်း​ကြောင်းမှာ​ရှိ​၍၊ တံခါး​မှူး​သည်​ကား၊ ဣသရေလ​အမျိုး​၏ သန့်ရှင်း​တော်​မူ​သော​ဘုရား​ဖြစ်​၏။ သူ​သည်​အဘယ်​အစေ​ခံ​ကို​မျှ မ​ခန့်​ထား။ ထို​တံခါး​မှ​တစ်​ပါး၊ အခြား​အဘယ်​လမ်း​မျှ​မ​ရှိ။ အကြောင်း​မူ​ကား၊ ကိုယ်​တော်​ရှင်​ဘုရားသခင်​ဟူ​သည်​ကား၊ သူ​၏​နာမ​တော်​ဖြစ်​သော​ကြောင့်၊ သူ့​ကို မ​လှည့်​စား​နိုင်။

၄၂ ခေါက်​သော​သူ​မှန်​သ​မျှ​ကို သူ​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။ မိမိ​တို့​၏​အကြား​အမြင်​များခြင်း၊ မိမိ​တို့​၏​ဉာဏ်​ပညာ​နှင့် မိမိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ​ကြောင့်၊ မာန​ထောင်​လွှား​သော သူ​များ​ဖြစ်​သည့် ဉာဏ်ပညာ​ရှိသူ၊ စာ​တတ်​သူ​နှင့် ကြွယ်​ဝ​သော​သူ—အမှန်​စင်​စစ်၊ ထို​သူ​တို့​သည်​ကား၊ သူ​ဂရု​မ​ပြု​သော​သူ​များ​ဖြစ်​ကြ​၏။ ဤ​အရာ​တို့​ကို စွန့်​ပစ်ခြင်း၊ ဘုရားသခင်​ရှေ့၌ မိမိ​တို့​ကိုယ်​ကို လူ​မိုက်​များ​ဟု​မှတ်​ယူခြင်း၊ နက်​လှ​စွာ​သော​နှိမ့်​ချခြင်း​ဖြင့် ဆင်း​လာခြင်း​တို့ မ​ရှိ​ကြ​လျှင်၊ ထို​သူ​တို့​အတွက် သူ​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

၄၃ သို့​ရာ​တွင်၊ ဉာဏ်ပညာ​ရှိ​သူ​နှင့် ပညာ​တတ်​တို့​၏​အရာ​များ—အထူး​သ​ဖြင့်၊ သန့်​ရှင်း​သူတို့​အတွက် ပြင်​ဆင်​ထား​သော ထို​ပျော်​ရွှင်​မှု​ကို သူ​တို့​ထံ​မှ ကာလ​အစဉ်​အဆက် ကွယ်​ဝှက်​၍​ထား​လေ​၏။

၄၄ အို ငါ​၏​ချစ်​လှ​စွာ​သော​ညီ​အစ်​ကို​တို့၊ ငါ​၏​စကား​များ​ကို သတိ​ရ​ကြ​လော့။ ရှု​လော့၊ ငါ​သည် ငါ​၏​အဝတ်​တန်ဆာ​များ​ကို​ချွတ်​၍၊ သင်​တို့​ရှေ့​၌ ခါ​လိုက်​၏။ ငါ၏ ကယ်​တင်ခြင်း​၏​ဘုရားသခင်​သည် အလုံး​စုံ​တို့​ကို စစ်​ဆေး​တော်​မူ​သည့် မျက်​လုံး​တော်​ဖြင့်၊ ငါ့​ကို​ကြည့်​ရှု​တော်​မူ​မည့်​အကြောင်း၊ ငါ​ဆုတောင်း​၏။ သို့​ဖြစ်​၍၊ ခပ်သိမ်းသောလူ​တို့ သူတို့​၏​အမှု​များ​ကို တရား​စီရင်​ခံ​ရ​ကြ​မည့်​အချိန်၌၊ ငါ​သည် သင်​တို့​၏​ဒုစရိုက်​များ​ကို ငါ့​ဝိညာဉ်​မှ ခါ​လိုက်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် သူ​၏​ရှေ့​၌ အသ​ရေ​ရှိ​စွာ​ရပ်​၍၊ သင်​တို့​၏​အသွေး​နှင့် ကင်း​စင်​သည်​ကို​လည်း​ကောင်း ဣသရေလ​အမျိုး​၏​ဘုရားသခင်​သက်​သေ​ခံ​တော်​မူ​လေ​သည်​ကို နောက်​ဆုံး​သော​နေ့​၌ သင်​တို့​သိ​ကြ​လိမ့်​မည်။

၄၅ အို ငါ​၏​ချစ်​လှ​စွာ​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​၏​အပြစ်​များ​ကို ကျော​ခိုင်း​ကြ​လော့။ သင့်​တို့​ကို ခိုင်​မြဲ​စွာ​ချည်​နှောင်​လို​သော​သူ​၏ သံ​ကြိုး​တို့​ကို ခါ​ချ​လိုက်​ကြ​လော့။ သင်​တို့​ကယ်​တင်ခြင်း​၏​ကျောက်​ဖြစ်​သူ ထို​ဘုရားသခင်​ထံ​သို့ လာ​ကြ​လော့။

၄၆ တရား​မျှ​တ​တော်​မူခြင်း​ကို ဖြောင့်​မတ်​သော​သူ​များ​သို့ ပေး​တော်​မူ​မည့် ထို​အသ​ရေ​ထင်​ရှား​သော​နေ့၊ တရား​စီရင်​တော်မူရာ​နေ့​အတွက် သင်​တို့​၏​စိတ်​ဝိညာဉ်​များ​ကို ပြင်​ဆင်​ကြ​လော့။ သင်​တို့​သည် ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​အကြောက်​တရား​နှင့် တွန့်​ဆုတ်​မ​သွား​နိုင်​စေခြင်း​ငှာ၊ သင်​တို့​၏ အလွန်​ဆိုး​ရွား​သော အပြစ်​ရောက်ခြင်း​ကို စုံ​လင်​စွာ​မ​အောက်​မေ့​နိုင်​စေခြင်း​ငှာ​နှင့် ကိုယ်​တော်​၏​တရား​စီရင်​တော်​မူခြင်း​တို့​သည် သန့်​ရှင်း​တော်​မူ​၏၊ သန့်​ရှင်း​တော်​မူ​၏၊ အို ကိုယ်​တော်​ရှင်​ဘုရားသခင်​အနန္တ​တန်ခိုး​ရှင်—သို့​ရာ​တွင်၊ အကျွန်ုပ်​၏​အပြစ်​ရောက်ခြင်း​ကို အကျွန်ုပ်​သိ​ပါ​၏။ ကိုယ်​တော်​၏​ပညတ်​တရား​ကို အကျွန်ုပ်​လွန်​ကျူး​၍၊ အကျွန်ုပ်​၏​လွန်​ကျူးခြင်း​တို့​သည် အကျွန်ုပ်​၏​အမှု​များ​ဖြစ်​ပါ​၏။ နတ်ဆိုးသည်လည်း အကျွန်ုပ်ကို ရရှိသဖြင့်၊ အကျွန်ုပ်​သည် သူ​၏​အလွန်​ဆိုး​ရွား​သော ဝမ်း​နည်း​ပူ​ဆွေး​မှု​များ​၏ သား​ကောင်​ဖြစ်​ရ​ပြီ​ဟု ဟစ်​ကြွေးရန် အတင်း​စေ​ခိုင်း မ​ခံ​ရ​စေခြင်း​ငှာ​ပေ​တည်း။

၄၇ သို့​ရာ​တွင်၊ ရှု​လော့၊ ငါ​၏​ညီ​အစ်​ကို​တို့၊ ဤ​အရာ​များ​၏ ကြောက်​ရွံ့​ဖွယ်​ကောင်း​သော အဖြစ်မှန်ကို သင်​တို့​အား ငါ​နှိုး​ပေး​ရ​မည်​မှာ၊ မ​ရှိ​မ​ဖြစ်​လို​အပ်​သည့်​အရာ​ဖြစ်​သ​လော။ သင်​တို့​၏​စိတ်​များ စင်​ကြယ်​လျှင်၊ သင်​တို့​၏​စိတ်​ဝိညာဉ်​တို့​ကို ငါ​ညှဉ်း​ပန်း​ရ​မည်​လော။ သင်​တို့​သည် အပြစ်​မှ​ကင်း​လျှင်၊ သမ္မာ​တရား​၏​ပွင့်​လင်းခြင်း​အတိုင်း သင်​တို့​အပေါ် ၌ ငါ​ပွင့်​လင်း​ရ​မည်​လော။

၄၈ ရှု​လော့၊ သင်​တို့​သန့်​ရှင်း​ကြ​လေ​လျှင်၊ သန့်​ရှင်းခြင်း​အကြောင်း​ကို သင်​တို့​အား ငါ​ပြော​ပေ​မည်။ သို့​ရာ​တွင်၊ သင်​တို့​မ​သန့်​ရှင်း​ကြ​၍၊ ငါ့​ကို ဆရာ​တ​ယောက်​အဖြစ်​မှတ်​ယူ​ကြ​လေ​သ​ဖြင့်၊ အပြစ်​၏​အကျိုး​ဆက်​များ​ကို သင်​တို့​အား ငါ​သွန်​သင်​ပေး​ရ​မည်​မှာ မ​ရှိ​မ​ဖြစ်​လို​အပ်​သည့်​အရာ ဖြစ်​ရ​ပေ​မည်။

၄၉ ရှု​လော့၊ ငါ့​စိတ်​ဝိညာဉ်​သည် အပြစ်​ကို စက်​ဆုပ်​၍၊ ငါ့​စိတ်​နှလုံး​က ဖြောင့်​မတ်ခြင်း​၌ မွေ့​လျော်​၏။ ငါ​သည် ငါ့​ဘုရားသခင်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ချီး​မွမ်း​မည်။

၅၀ လာ​ကြ​လော့၊ ငါ​၏​ညီ​အစ်​ကို​တို့၊ ရေ​ငတ်​သူ​မှန်​သ​မျှ​တို့ ရေ​ရှိ​ရာ​သို့​လာ​ကြ​လော့။ ငွေ​မ​ရှိ​သော​သူ၊ လာ​ဝယ်​၍၊ စား​လော့။ အထူး​သဖြင့်၊ စပျစ်​ရည်​နှင့် နို့​ကို ငွေ​မ​ပေး​ဘဲ အဖိုး​အခ​မ​ပေး​ဘဲ​လာ​၍ ဝယ်​လော့။

၅၁ သို့​ဖြစ်​၍၊ အဖိုး​မ​ထိုက်​သည့်​အရာ​အဖို့ ငွေ​ကို​လည်း​ကောင်း၊ အမွတ်​မ​ပြေ​နိုင်​သော​အရာ​အဖို့ သင့်​လုပ်​အား​ကို​လည်း​ကောင်း မ​သုံး​လေ​နှင့်။ ငါ့​ကို လုံ့လဝီရိယ​ထက်​သန်​စွာ စေ့စေ့​နား​ထောင်​၍၊ ငါ​ပြော​သော​စကား​များ​ကို သတိရ​၍၊ ဣသရေလ​အမျိုး​၏ သန့်​ရှင်း​တော်​မူ​သော​ဘုရား​ထံ​သို့​လာ​၍၊ မ​ပျက်စီး၊ မ​ပုပ်​ပျက်​နိုင်​သည့်​အရာ​ကို ပွဲ​ခံ​ပျော်​မွေ့​၍၊ သင့်​စိတ်​ဝိညာဉ်​ကို ကောင်း​သည့်​အစာ​များ​စွာ​တို့​၌ မွေ့​လျော်​စေ​လော့။

၅၂ ရှု​လော့၊ ငါ၏ ချစ်​လှ​စွာ​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​ဘုရားသခင်​၏​နှုတ်​က​ပတ်​တော်​များ​ကို သတိ​ရ​ကြ​လော့။ နေ့​အချိန်​၌ သူ့​ထံ​သို့ အစဉ်​မ​ပြတ် ဆုတောင်း​ကြ​လော့။ ညဉ့်​အချိန်​၌ သူ​၏​သန့်​ရှင်း​သော​နာမ​တော်​ကို ကျေး​ဇူး​တော် ချီး​မွမ်း​ကြ​လော့။ သင်​တို့​၏​စိတ်​နှလုံး​ကို ရွှင်​လန်း​ဝမ်း​မြောက်​စေ​ကြ​လော့။

၅၃ ရှု​ဦး​လော့၊ ကိုယ်​တော်​ရှင်​၏​ပဋိညာဉ်များ​သည် ကြီး​မြတ်​တော်​မူ​လှ​ပေ​စွ​တ​ကား။ လူ​သား​များ​သို့ သူ​၏​ကိုယ့်​ကိုယ်​ကို နှိမ့်​ချ​တော်​မူခြင်း​များ​က​လည်း ကြီး​မြတ်​လှ​ပေ​စွ​တ​ကား။ သူ​၏​ကြီး​မြတ်​တော်​မူခြင်း၊ သူ​၏​ကျေးဇူး​တော်​နှင့် ကရုဏာတော်တို့​ကြောင့် ငါ​တို့​၏​အမျိုး​အနွယ်​တို့​သည် လူ​ဇာတိ​အတိုင်း ရှင်း​ရှင်း​ဖျက်​ဆီးမ​ခံရ​ကြဘဲ၊ သူ​ကာ​ကွယ်​စောင့်​မ​တော်​မူ​မည့် အကြောင်း ကတိ​ထား တော်​မူ​၏။ အနာ​ဂတ်​မျိုး​ဆက်​တို့၌​လည်း ထို​သူ​တို့​သည် ဣသရေလ​အမျိုး​သား​တို့​အဖို့ ဖြောင့်​မတ်​သော​သူ​တစ်​စု ဖြစ်​လာ ပေ​လိမ့်​မည်။

၅၄ ယ​ခု​မူ​ကား၊ ငါ​၏​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို ငါ​ထပ်​၍​ပြော​လို​၏။ သို့​ရာ​တွင်၊ နက်​ဖြန်​နေ့​၌ ငါ့​စကား​များ​မှ ကျန်​ကြွင်း​သည်​တို့​ကို သင်​တို့​အား ငါ​ဟော​ကြား​ဦး​မည်။ အာမင်။