၂၀၁၀-၂၀၁၉
ကွဲပြားပါ၊ သို့သော် တစ်လုံးတစ်ဝတည်း ဆက်လက်၍တည်ရှိပါ။
အောက်တိုဘာလ ၂၀၁၇


ကွဲပြားပါ၊ သို့သော် တစ်လုံးတစ်ဝတည်း ဆက်လက်၍တည်ရှိပါ

အသင်းတော်ထဲမှာ ကျွန်တော်တို့ရဲ့ ခြားနားခြင်းတွေရှိနေသော်ငြားလည်း၊ ကိုယ်တော်ရှင်သည် ကျွန်တော်တို့ကို တစ်လုံးတစ်ဝတည်းရှိနေရန် မျှော်လင့်ပါတယ်။

၁၉၉၄ ခုနှစ်ရဲ့ ဇွန်လမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ ကျွန့်တော့်နိုင်ငံ ကိုယ်စားပြုဘောလုံးအသင်း ပါဝင်ကစားတာကို ရုပ်မြင်သံကြားမှာ ကြည့်ချင်တာကြောင့် အလုပ်ကနေအိမ်ကို ကားအမြန်မောင်းပြီး ကျွန်တော်ပြန်ခဲ့ပါတယ်။ ကျွန်တော်ကားကို စမောင်းခဲ့ပြီး သိပ်မကြာခင်မှာဘဲ ကျွန်တော်တို့ဘရာဇီးနိုင်ငံအလံတပ်ထားတဲ့ ဘီးတပ်ကုလားထိုင်ဖြင့် အရှေ့ကိုအားသွန်ခွန်စိုက် လာနေတဲ့ လူတစ်ယောက်ကို လူသွားလမ်းဘေး အဝေးကနေ လှမ်းမြင်ရပါတယ်။ အဲ့ဒီအချိန်မှာပဲ သူဟာလည်း ကစားပွဲကို ကြည့်ဖို့ အိမ်ပြန်နေတယ်ဆိုတာကို ကျွန်တော်သိခဲ့ပါတယ်။

ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်ဆုံတဲ့အခါ၊ မျက်လုံးချင်းဆုံခိုက် တကယ့်အချိန်ခနလေးအတွင်းမှာပဲ အဲ့ဒီလူနဲ့ ခိုင်မာတဲ့ညီညွတ်ခြင်းကို ခံစားမိပါတယ်။ ကျွန်တော်တို့ သွားနေတဲ့လမ်းက ခြားနားနေပေမယ့်၊ ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်မသိကြပေမယ့်၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူ့အလွှာဝန်းကျင်ပြတ်သားစွာကွာခြားနေပေမယ့်၊ ကျွန်တော်တို့ဆီမှာ ဘောလုံးကစားခြင်းကိုမြတ်နိုးခြင်းနဲ့၊ ကျွန်တော်တို့နိုင်ငံကိုချစ်တဲ့ချစ်ခြင်းတွေ တူညီနေခြင်းဟာ အဲ့ဒီအချိန်လေးမှာတစ်လုံးတစ်ဝတည်းသကဲ့သို့ ကျွန်တော်တို့ကိုခံစားစေပါတယ်။ အဲ့ဒီအချိန်ကစပြီး ထိုလူကိုကျွန်တော်မတွေ့ရပါဘူး၊ ဒါပေမယ့်၊ ဒီနေ့မှာ၊ ဆယ်စုနှစ်များစွာကုန်လွန်ခဲ့ပြီးနောက် ထိုမျက်ဝန်းတွေကို ကျွန်တော်မြင်ယောင်လျက် ထိုသူနှင့် တကယ့်ကိုခိုင်မာတဲ့ဆက်နွယ်မှုကို ခံစားနေရတုန်းပါပဲ။ ခြုံပြောရရင်တော့ အဲ့နှစ်က ကမ္ဘာ့ဖလားကစားပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။

အသင်းတော်အတွင်းမှာ၊ ကျွန်တော်တို့ရဲ့ ခြားနားမှုတွေရှိနေသော်လည်း ကိုယ်တော်ရှင်က ကျွန်တော်တို့တွေတစ်လုံးတစ်ဝတည်းဖြစ်ရန် မျှော်လင့်တယ်။ အယူဝါဒနှင့် ပဋိညာဉ်များကျမ်းထဲမှာ ဆိုရင် “ ကိုယ်တော်ရှင်က တစ်လုံးတစ်ဝတည်းရှိကြလော့၊ အကယ်၍ သင်တို့သည် တစ်လုံးတစ်ဝတည်းမဖြစ်လျှင် သင်တို့သည် ငါ၏လူများမဟုတ်ကြ” ဟု ပြောထားပါတယ်။

ကျွန်တော်တို့တွေ ဘုရားကျောင်းထဲ သို့မဟုတ် ဗိမ္မာန်တော်ထဲကိုအုပ်စုဖွဲ့အနေဖြင့် ဝတ်ပြုကိုးကွယ်ရန် ဝင်ရောက်လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ လူမျိုး၊ လူမှု့ပတ်ဝန်းကျင်အဆင့်အတန်းများ၊ ပါတီနိုင်ငံရေးဦးစားပေးမှုများ၊ ပညာတတ်ခြင်းနှင့် ကျွမ်းကျင်အတတ်ဆိုင်ရာပညာများမှာ အောင်မြင်မှုရရှိခြင်းများအပါအဝင် ကျွန်တော်တို့ရဲ့ မတူညီတဲ့ခြားနားခြင်းများကို ကျွန်တော်တို့ နောက်မှာထားခဲ့သင့်ပါတယ်။ အဲ့ဒါတွေအစား ကျွန်တော်တို့ရဲ့ တူညီတဲ့ ဝိညာဥ်ရေးရာအရာတွေမှာပဲ အာရုံစိုက်ထားသင့်ပါတယ်။ ကျွန်တော်တို့တွေ အတူတကွ ဓမ္မတေးတွေသီဆိုချီးမွမ်းခြင်း၊ ပွဲတော်မင်္ဂလာအချိန်အတောအတွင်းမှာ တူညီတဲ့ပဋိညာဥ်တွေကို စဥ်းစားဆင်ခြင်ခြင်း၊ တရားဒေသနာများ၊ သင်ခန်းစာများနှင့် ဆုတောင်းခြင်းများအပြီးမှာ တစ်ချိန်တည်း “အာမင်”ဟု ကြားနိုင်အောင်ပြောခြင်း၊ စသည်ဖြင့် ထိုအရာများဟာ ကျွန်တော်တို့ဝေမျှထားသည်များကို ကျွန်တော်တို့အတူတကွသဘောတူလက်ခံတယ်ဆိုတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။

ကျွန်တော်တို့လုပ်ဆောင်တဲ့ ဤအရာများဟာ လူစုလူဝေးအတွင်းမှာ တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၏ ခိုင်မာသောခံစားမှုကို စုပေါင်းလျက် ဖန်တီးရန်ကူညီပေးပါတယ်။

မည်မျှ ကျွန်တော်တို့စိတ်ပိုင်းဖြတ်ထားသလဲ၊ ခိုင်ခံ့စေသလဲ၊ သို့မဟုတ် ကျွန်တော်တို့ရဲ့ ညီညွတ်မှုကို ဖျက်ဆီးသလဲဆိုတာက ကျွန်တော်တို့ မိဿဟာရပြုနေတဲ့ အသင်းတော်အသင်းသားများနဲ့ အတူမရှိဘဲ ဝေးကွာနေတဲ့အချိန်မှာ ကျွန်တော်တို့ဘယ်လိုပြုမူဆောင်ရွက်လဲဆိုတဲ့အပေါ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးသိကြတဲ့တဲ့အတိုင်းပဲ၊ ထိုအရာဟာ မလွဲမသွေနဲ့ ပုံမှန်ဖြစ်တယ်လို့ နောက်ဆုံးမှာ ကျွန်တော်တို့တစ်ဦးနဲ့ တစ်ဦးပြောဖြစ်ကြတယ်။

တစ်ဦးနှင့်တစ်ဦး ဘာအကြောင်းပြောသလဲဆိုတာအပေါ်မူတည်ပြီး “ကျွန်တော်တို့ရဲ့ စကားများသည် ကျွန်တော်တို့ရဲ့ နှလုံးသားများကို အတူတကွတစ်သားတည်း၊ တစ်လုံးတစ်ဝတည်း ထုံးဖွဲ့လျက်” ဖြစ်စေနိုင်သလို၊ သို့မဟုတ် အယ်လမာမှ မော်မုန်၏ရေများတွင်နှစ်ခြင်းပေးခဲ့သောသူတို့ကို သင်ပေးသကဲ့သို့ ထိုစကားများသည် ကျွန်တော်တို့အတွင်းတွင်ရှိသင့်သော ချစ်ခြင်း၊ ယုံကြည်ခြင်းနှင့် ကောင်းသောဆန္ဒများကို ဖြည်းဖြည်းခြင်းတိုက်စားသွားစေခြင်းများလည်း ဖြစ်စေနိုင်ပါတယ်။

“ဟုတ်တယ်၊ သူကသင်းအုပ်ကောင်းတစ်ယောက်ဖြစ်တယ်၊ အို၊ ဒါပေမဲ့ သူလူငယ်တုန်းကပုံကို ခင်ဗျားမြင်ဖူးသင့်တယ်” စတဲ့စကားတွေဟာ ညီညွတ်ခြင်းကိုသိမ်မွေ့စာနဲ့ ဖျက်ဆီးပစ်နေတယ်။

ဒီစကားကို ပိုပြီး အပြုသဘောဆောင်တဲ့အဆိုအဖြစ် “ဒီသင်းအုပ်က အရမ်းကောင်းတယ်၊ သူဟာနှစ်တွေကြာလာတာနဲ့အမျှ အရမ်းကိုစဥ်းစားဥာဏ်နဲ့ ရင့်ကျက်တည်ကြည်လာတယ်” ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။

မကြာခဏအချိန်တော်တော်များများမှာ ကျွန်တော်တို့ဟာ လူတွေအပေါ်မှာ ပုံသေတံဆိပ်တွေတပ်ပြီးတော့၊ “ငါတို့ရဲ့ လူမှုသက်သာရေးအဖွဲ့ဥက္ကဌက ဘာမှမထူးဘူး၊ သူမက အရမ်းကိုခေါင်းမာတယ်ဆိုတာမျိုး” ပြောတတ်ကြပါတယ်။ နောက်တစ်မျိုးမတူဘဲ ပြောကြည့်ရရင်၊ “ငါတို့ရဲ့ လူမှုသက်သာရေးအဖွဲ့ဥက္ကဌက ခုနောက်ပိုင်းသိပ်ပြီးတော့ လိုက်လျောညီထွေမဖြစ်ဘူး၊ သူမမှာ ခက်ခဲတဲ့အချိန်တွေရှိနေလို့ ဖြစ်ကောင်းဖြစ်မှာပါ၊ သူမကို ကူညီထောက်မပေးကြရအောင်” ဆိုပြီးတော့ ပြောနိုင်ပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျား၊ ကျွန်တော်တို့မှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဆိုးဆိုးရွားရွားလက်စသတ်ထားတဲ့ကုန်ပစ္စည်းတစ်ခုကဲ့သို့ ဖော်ပြရန်လုပ်ပိုင်ခွင့်မရှိပါဘူး၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အပေါင်းအဖော်များနဲ့ ပတ်သက်တဲ့ကျွန်တော်တို့ရဲ့ စကားများဟာ ကျွန်တော်တို့ရဲ့ သခင်ယေရှုခရစ်တော်နဲ့ သူ့၏အပြစ်ဖြေခြင်းမင်္ဂလာအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ထင်ဟပ်စေသင့်ပါတယ်။ ပြီးတဲ့နောက်၊ ခရစ်တော်ထဲ၌လည်းကောင်း၊ ခရစ်တော်အားဖြင့်လည်းကောင်း၊ ကျွန်တော်တို့ဟာပိုမိုကောင်းမွန်လာအောင် အမြဲတမ်းပြောင်းလဲနိုင်ပါတယ်။

တစ်ချို့ဟာ စတင်ပြီးအပြစ်ရှာလာကြပြီး အသင်းတော်ရဲ့ ခေါင်းဆောင်များ၊ အသင်းသားများနှင့် တကယ့်ကို သေးမွှားတဲ့ကိစ္စလေးတွေမှာ ခွဲခြားလာကြတယ်။

၁၈၃၁တွင် အသင်းသားဖြစ်လာသောဆိုင်မွန်စ် ရိုင်ဒါဆိုတဲ့ လူတစ်ယောက်ရဲ့ အခြေအနေကဲ့သို့ ဖြစ်ပါတယ်။ သူနဲ့သက်ဆိုင်သောဗျာဒိတ်ကို ဖတ်ပြီးနောက်မှာ သူရဲ့အမည်ဖြစ်တဲ့ရိုင်ဒါ ဆိုတာကို အက္ခရာဝိုင် အစား အက္ခရာ အိုင်နဲ့ မှားပြီးရေးထားတာကိုတွေ့တဲ့အခါ သူဟာစိတ်ရှုတ်ပြီး ဇဝေဇဝါဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် သူဟာ ပရောဖက်ကို မေးခွန်းထုတ်ပြီး အဲ့ဒီအသေးအဖွဲ့ကိစ္စမှာ သူ့ရဲ့တုန့်ပြန်မှုက အသင်းတော်၏အဝေးကို ကွယ်ပျောက်ပြီး ဂျိုးဇက်ကိုညှင်းပန်းနှိပ်စက်ခြင်းတို့နဲ့ အဆုံးသတ်ခဲ့တယ်။

ကျွန်တော်တို့အားလုံးဟာ ဓမ္မခေါင်းဆောင်များထံမှ ပြုပြင်ဆုံးမမှုအချို့ တွေ့ကြုံရနိုင်ပါတယ်၊ ထိုအရာဟာ ကျွန်တော်တို့သူတို့နဲ့ ဘယ်လောက်တစ်ညီတစ်ညွှတ်တည်းရှိလဲဆိုတဲ့အပေါ် စမ်းသပ်ခြင်းဖြစ်တယ်။

အဲ့ဒီတုန်းက ကျွန်တော် ၁၁နှစ်ပဲရှိပါသေးတယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၄နှစ်တုန်းက ကျွန်တော်တို့မိသားစုပါဝင်နေတဲ့အသင်းတော်အဆောက်အအုံဟာ အကြီးစားပြန်လည် အသစ်ပြင်ဆင်ခြင်းနဲ့ ကြုံခဲ့တာကို ကျွန်တော်မှတ်မိတယ်။ အဲ့ဒီ ပြန်လည်အသစ်ပြင်ဆင်ခြင်းမစတင်ခင်မှာ၊ ဒေသခံတွေနဲ့ ဒေသဆိုင်ရာခေါင်းဆောင်များဟာ အသင်းသားများဘယ်လိုပါဝင်ကူညီလုပ်ကိုင်နိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်တဲ့ အစည်းအဝေးရှိခဲ့တယ်။ အရင်တုန်းကအဲ့ဒီမှာ နှစ်ပေါင်းများစွာဦးဆောင်မှုပြုခဲ့တဲ့ ကျွန်တော့်အဖေက ဒီအလုပ်ဟာ မကျွမ်းကျင်သူများမလုပ်ဘဲ ကန်ထရိုက်တာအားဖြင့် လုပ်ကိုင်သင်တယ်ဆိုပြီး သူ့ရဲ့ ခိုင်မာတဲ့ ထင်မြင်ယူဆချက်ကို ဖော်ပြခဲ့တယ်။

သူ့ရဲ့ ထင်မြင်ချက်ဟာငြင်းပယ်ခြင်းခံခဲ့ရရုံသာမက အဲ့ဒီအချိန်မှာ သူဟာလူသိရှင်ကြား ပြင်းပြင်းထန်ထန်ကို ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရတယ်လို့ ကျွန်တော်တို့ကြားသိခဲ့ရပါတယ်။ ဒီလူဟာ အသင်းတော်မှာ အရမ်းကိုဆပ်ကပ်အပ်နှံထားတဲ့လူတစ်ယောက်၊ ပြီးတော့ ဥရောပဒုတိယကမ္ဘာစစ်မှာ စစ်သားတစ်ယောက်လည်းဖြစ်ပြီးတော့ သူ့ရဲ့ယုံကြည်ခြင်းအတွက် ခုခံကာကွယ်နေတဲ့သူတစ်ယောက် ဖြစ်ခဲ့သူပါ။ ဒီအဖြစ်အပျက်ပြီးမှာ သူ့ရဲ့ တုန့်ပြန်မှုက ဘယ်လိုလဲဆိုပြီးတစ်စုံတစ်ယောက်က တွေးကောင်းတွေးပါလိမ့်မယ်။ သူ့ရဲ့ ထင်မြင်ယူဆချက်ကို သူလက်ကိုင်ထားပြီး ဆုံးဖြတ်ချက်ချထားပြီးသားအရာကို ဆက်လက်ပြီးဆန့်ကျင်နေလား။

ကျွန်တော်တို့အသင်းတော်ခွဲအတွင်း ဧဝံဂေလိတရားမှာ အားနည်းလာပြီး ခေါင်းဆောင်နေသောသူများနှင့် တစ်လုံးတစ်ဝတည်းမဖြစ်နိုင်လို့ဆိုပြီး ဘုရားကျောင်းအစည်းအဝေးတွေ မတက်တော့တဲ့ မိသားစုများ ကျွန်တော်တို့ မြင်တွေ့ဖူးကြပါတယ်။ ကလေးသူငယ်များအဖွဲ့မှ ကျွန်တော့်သူငယ်ချင်းတော်တော်များများဟာ လူငယ်အရွယ်မှာ ယုံကြည်ခြင်းခိုင်မာမှုဆက်လက်မရှိတာကိုလည်း ကျွန်တော်ကိုယ်တိုင်မျက်မြင်ကြုံတွေ့ဖူးတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့တွေရဲ့ မိဘတွေဟာ အသင်းတော်တွင်းက အသင်းသားတွေရဲ့အမှားတွေကိုပဲ အမြဲတမ်းရှာနေကြတယ်။

မည်သို့ပင်ဆိုစေကာမူ၊ ကျွန်တော့အဖေဟာ သူတော်စင်ဖော်များနှင့်ဆက်လက်ပြီးတည်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်၊ ရက်ပေါင်းများစွာကြာပြီးနောက်မှာ၊ ဆောက်လုပ်ရေးမှာ ကူညီရန်အတွက် အသင်းတော်ခွဲရဲ့ အသင်းသားတွေ အတူတကွစုဝေးကြတဲ့အခါမှာ၊ သူဟာမိသားစုဝင်အားလုံးကို သူ့နောက်ကိုလိုက်ပြီး အသင်းတော်အစည်းအဝေးနေရာမှာ ကျွန်တော်တို့အားလုံး ကူညီနိုင်တဲ့ ဘယ်နည်းနဲ့မဆို ပါဝင်ကူညီစေခဲ့ပါတယ်။

ကျွန်တော်အတော်လေး ဒေါသထွက်ခဲ့ပါတယ်။ “အဖေ၊ အဖေကအသင်းသားတွေပါဝင်လုပ်ကိုင်တာကို ဆန့်ကျင်ခဲ့တာဆိုရင် ကျွန်တော်တို့က ဘာလို့ဒီဆောက်လုပ်ရေးမှာ ပါဝင်ကူညီရမှာလဲ”လို့ ကျွန်တော်မေးတော့မလိုလို ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူ့မျက်နှာအမူအရာက ကျွန်တော်အဲ့သလို မေးရမှာကို တားမြစ်ခဲ့ပါတယ်။ ကျွန်တော်ဟာ ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားကို ကောင်းစွာပြီးစေလိုခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ကံကောင်းစွာပဲ ကျွန်တော်တိတ်ဆိတ်နေပြီး အဆောက်အဦးထဲမှာကူညီဖို့ကိုပဲ ဆုံးဖြတ်ခဲ့တယ်။

အဆောက်အဦးပြန်လည်ပြင်ဆင်ခြင်းမပြီးခင်မှာ အဖေဆုံးပါးသွားတဲ့အတွက် ဘုရားကျောင်းအသစ်ကို သူ မမြင်ခဲ့ရပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့မိသားစုဟာ ကျွန်တော့်အမေရဲ့ ဦးဆောင်မှုဖြင့် ကျွန်တော်တို့ လုပ်ရမဲ့အပိုင်းတွေကို ပြီးသည့်အထိ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အဲ့ဒီလိုလုပ်ဆောင်ခြင်းက ကျွန်တော်တို့ကို အဖေနဲ့၊ ကျွန်တော်တို့ရဲ့ အသင်းသားဖော်များနဲ့၊ ခေါင်းဆောင်များနဲ့၊ အထူးသဖြင့် အရေးကြီးဆုံးဖြစ်တဲ့ ကယ်တင်ရှင်နှင့်အတူ တစ်လုံးတစ်ဝတည်းရှိစေခဲ့ပါတယ်။

သူ့၏ ဂေသရှေမန်အချိန်မတိုင်ခင် ခရစ်တော်သည် အဖထံမှာ သူ့ရဲ့ တမန်တော်များနဲ့ ကျွန်တော်တို့သန့်ရှင်းသူအားလုံးအတွက် ဆုတောင်းနေခဲ့ချိန်မှာ၊ “အဘ၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏” ဟု ပြောခဲ့သည်။

ညီအစ်ကိုမောင်နှမများခင်ဗျား၊ ကျွန်တော်တို့ အသင်းသားများ၊ ခေါင်းဆောင်များနဲ့အတူ တစ်လုံးတစ်ဝတည်းရှိနေရန်ဆုံးဖြတ်တဲ့အခါ၊ ကျွန်တော်တို့အတူတကွစုဝေးစွာရှိနေချိန်မှာရော၊ အထူးသဖြင့် ကျွန်တော်တို့ကွဲပြားနေတဲ့အခါမှာရော ကျွန်တော်တို့တွေဟာ ကယ်တင်ရှင်နဲ့ရော ကောင်းကင်ဘုံရှင်အဖနဲ့ရော ပြည့်စုံစွာတစ်လုံးတစ်ဝတည်း ရှိနေခြင်းကို ပို၍ခံစားရမယ်ဆိုတာကို ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏ နာမတော်မြတ်၌ အာမင်။