၂၀၁၀-၂၀၁၉
အကောင်းဆုံးသောစာအုပ်များမှ သင်တို့ရှာဖွေကြလော့
အောက်တိုဘာလ ၂၀၁၇


အကောင်းဆုံးသောစာအုပ်များမှ သင်တို့ရှာဖွေကြလော့

ကျွန်တော်တို့တတွေဟာ အကောင်းဆုံးသောစာအုပ်များကို လေ့လာတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ဝိညာဉ်ပကတိအမြစ်တွေကို တဖြည်းဖြည်းကိုက်စားဖို့ကြိုးစားတဲ့ အန္တရာယ်ပြုသောသွားတွေရဲ့တစ်ဖက်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းဖြစ်ပါတယ်။

နွေရာသီနံနက်စောစောတစ်ခု၌ လှပသောနှင်းဆီချုံတစ်ခုပေါ်မှာ အရောင်ရော၍ကောင်းကောင်း ဖုံးကွယ်ပြီး၊ ဆာနေတဲ့၊ ပေါက်ဖတ်တစ်ကောင်ကို ကျွန်တော်တွေ့ခဲ့ပါတယ်။ အရွက်မဲ့နေတဲ့ရိုးတံအချို့ကို မြင်ရခြင်းအားဖြင့်၊ အဲဒီပိုးကောင်လေးက အန္တရာယ်ပြုသောသွားများနဲ့ အရွက်နုလေးတွေကို တဖြည်းဖြည်းကိုက်စားလာခဲ့တယ်ဆိုတာ အမှတ်တမဲ့ကြည့်သူပင် ထင်ရှားစွာမြင်နိုင်ပါတယ်။ တင်စားပြီးကျွန်တော်မပြောတတ်ပါဘူး။ ဒါပေမယ့် စဉ်းစားမိတာကတော့၊ ဒီပေါက်ဖတ်နဲ့တူတဲ့ လူအချို့ရှိပါတယ်။ သူတို့ကို ကမ္ဘာမြေကြီးအနှံ့မှာတွေ့ရပါတယ်။ အချို့ဟာပါးနပ်စွာ ရုပ်ပြောင်းထားလေတော့ တစ်ခါတစ်ရံမှာ သူတို့ကို ကျွန်တော်တို့ဥယျာဉ်တွေထဲသို့ ဝင်ခွင့်ပေးချင်ပေးမိပါလိမ့်မယ်။ ကျွန်တော်တို့ မသိလိုက်မီမှာဘဲ၊ ကျွန်တော်တို့နဲ့ ကျွန်တော်တို့မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ ဝိညာဉ်ပကတိအမြစ်တွေကို သူတို့ကိုက်စားသွားပါတော့တယ်။

ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအကြောင်း သတင်းမှားတွေပေါများလှတဲ့ကာလမှာ ကျွန်တော်တို့နေကြပါတယ်။ ဤသို့သောအချိန်မှာ၊ ကျွန်တော်တို့ရဲ ဝိညာဉ်ပကတိအမြစ်များကို ကာကွယ်ဖို့နဲ့ နက်စွာစိုက်ဖို့ ပျက်ကွက်ခြင်းသည် ခရစ်တော်၌ ကျွန်တော်တို့၏ယုံကြည်ခြင်းနှင့် သူ၏ပြန်လည်ပြင်ဆင်ထားသောအသင်းတော်၌ ကျွန်တော်တို့၏ယုံခြင်းတို့ကို ဖျက်ဆီးဖို့ကြိုးစားသောသူတို့အားဖြင့် တဖြည်းဖြည်းကိုက်စားဖို့ ဖိတ်ခေါ်ခြင်းပဲဖြစ်ပါတယ်။ မော်မုန်ကျမ်းထဲတွင်၊ ဇေဇရုမ်သည် ယုံသောသူတို့၏ယုံကြည်ခြင်းကို ဖျက်ဆီးသောသူဖြစ်ပါတယ်။

သူ့ရဲ့ အပြုအမူများနဲ့စကားတွေဟာ “ရန်သူက လူမျိုးတို့ကို သူ၏ဩဇာခံအဖြစ်သို့ ဆောင်နိုင်ခြင်းငှာလည်းကောင်း၊ သူ၏သံကြိုးတို့ဖြင့် ရစ်ပတ်နိုင်ခြင်းငှာလည်းကောင်း ချထားလေသည့် ထောင်ချောက်ဖြစ်ပေ၏။”(အယ်လမာ ၁၂း၆)။ ယနေ့ခေတ်မှာ ထိုကဲ့သို့သော ထောင်ချောက်များရှိနေပါတယ်။ ကျွန်တော်တို့ဟာ ဝိညာဉ်ပကတိ၌ မနိုးကြား၊ ကျွန်တော်တို့ကိုရွေးနှုတ်တော်မူသောအရှင်၌ မြဲသောတိုက်မြစ်ကို မတည်ဆောက်ကြဘူးဆိုလျှင်(ဟီလမန် ၅း၁၂ တွင်ကြည့်ပါ)၊ မော်မုန်ကျမ်းထဲ၌ ဆိုထားသော စာတန်၏သံကြိုးတို့ဖြင့် ချည်နှောင်ခြင်းခံရ၍၊ တားမြစ်ထားသောလမ်းများသို့ သတိမူ၍ခေါ်ဆောင်သွားခံရကြောင်း မိမိကိုယ်ကို တွေ့ရနိုင်ပါတယ် (၁  နီဖိုင်း ၈း၂၈တွင်ကြည့်ပါ)။

တမန်တော်ပေါလ်က “အကြောင်းမူကား၊...တပည့်တော်များကို သွေးဆောင်ခြင်းငှာ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌ပေါ်လာမည်ကိုလည်းကောင်း ငါသိ၏”ဟု သူ့လက်ထက်၌ ဆိုခဲ့သော သတိပေးစကားဟာ ကျွန်တော်တို့ခေတ်နဲ့ လိုက်ဖက်နေပါတယ် (တမန်တော်ဝတ္ထု ၂၀း၂၉-၃၀)။

သူ၏သတိပေးခြင်းနှင့် ကျွန်တော်တို့ပရောဖက်များနှင့် တမန်တော်တို့ရဲ သတိပေးခြင်းတို့က ကျွန်တော်တို့ဟာ ဆန့်ကျင်ခြင်းနဲ့ လှည့်စားခြင်းတို့ရဲ့စကားများတစ်ဖက်၌ မိမိကိုယ်ကို ဝိညာဉ်ပကတိအင်အားခိုင်မာစေခြင်းငှာ၊ စွမ်းနိုင်သမျှပြုရမည့်အကြောင်းကို သတိရစေပါတယ်။ ကျွန်တော်တို့အသင်းတော်ရဲ့ ရပ်ကွပ်နဲ့မြို့နယ်တွေကို အလည်သွားတုန်းက မြင်ရတာ၊ ကြားရတာတွေနဲ့ ကယ်တင်ရှင်နဲ့ သူ့တပည့်တော်တို့ရဲ့ သွန်သင်ခြင်းတွေကို သန့်ရှင်းသူတို့ကောင်းစွာ၊ သစ္စာရှိစွာတုံ့ပြန်တာတွေကို ခံစားရလို့ ကျွန်တော်အားတက်ခဲ့ပါတယ်။

ဥပုသ်နေ့နာခံခြင်းတိုးတက်မှုဟာ ပရောဖက်ပြုဟောချက်ဖိတ်ခေါ်ခြင်းကို နားထောင်ခြင်းအားဖြင့် အသင်းသားများကိုယ်တိုင် ဝိညာဉ်ပကတိအင်အားခိုင်မာစေခြင်းရဲ့ ပုံသက်သေတစ်ခုဖြစ်ပါတယ်။  မိသားစုတွေဟာ မိမိတို့၏ဘိုးဘေးတို့အား ဗိမာန်တော်ဘိသိက်မင်္ဂလာများအားဖြင့် အတူစုဝေး၍၊ ဗိမာန်တော်နဲ့အတူ၊ မိသားစုသမိုင်းတိုးတက်ခြင်းသည် ထင်ရှားသော နောက်ထပ်ခွန်အားဖြည့်ခြင်းပါပဲ။ ကျွန်တော်တို့တစ်ဦးချင်းနဲ့ မိသားစုအနေဖြင့် ရိုးသားသောဆုတောင်းခြင်းတွေဟာ ယုံကြည်ခြင်းရဲ့ခံတပ်ဖြစ်လာတာနဲ့အမျှ၊ နေ့စဉ်နောင်တရပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ မိတ်ဖက်ဖြစ်ဖို့ကြိုးစား၍၊ ကယ်တင်ရှင်ရဲ့အကြောင်းနဲ့ သူ့ဂုဏ်ရည်တို့ကို သင်ယူလျက်၊ သူကဲ့သို့ဖြစ်လာဖို့ ကြိုးစားတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိအမြစ်များ နက်ရာသို့သွားပါတယ် (၃  နီဖိုင်း ၂၇း၂၇ တွင်ကြည့်ပါ)။

ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်ဟာ လောကရဲ့အလင်းဖြစ်ပြီးတော့၊ ကျွန်တော်တို့ကို သူ့နောက်သို့လိုက်ဖို့ ခေါ်တော်မူပါတယ်။ ကျွန်တော်တို့ဟာ သူ့ကို အချိန်တိုင်းမျှော်လင့်လျက်၊ အထူးသဖြင့်၊ လိမ့်နေသောမြူလုံးကဲ့သို့ ယုံမှားခြင်းနဲ့ မသေချာမရေရာမှုတို့ရဲ့ မိုးသက်မုန်တိုင်းတိတ်တဆိတ်ဝင်ရောက်တဲ့ မှောင်မိုက်တဲ့မုန်တိုင်းထန်သောညတွေမှာ မျှော်လင့်ရမှာပါ။ “ကြီးမားကျယ်ဝန်းသော အဆောက်အအုံတည်ရှိရာ မြစ်၏အခြားတစ်ဖက်ကမ်း” (၁ နီဖိုင်း ၈း၂၆) မှနေ၍ သင်တို့ကို ကဲ့ရဲ့လျက်၊ သိက္ခာချလျက်၊ ဆွဲဆောင်လျက်ရှိပြီး၊ လက်ညှိုးထိုးနေသူများဟာ သင်တို့ဆီသို့ညွှန်ပြဟန်ရှိသဖြင့်၊ သင်တို့ကို သမ္မာတရားနဲ့ကောင်းကြီးမင်္ဂလာများထံမှ ကွဲကွာစေခြင်းငှာ၊ စဉ်းလဲ၍၊ မရိုးသားသောနည်းများဖြင့် သွေးဆောင်သည်ကို မခံရစေကြောင်း၊ သင်တို့ချက်ချင်းလွှဲဖယ်ကြဖို့ ကျွန်တော်တောင်းဆိုပါတယ်။

သို့သော်လည်း၊ မှောက်လှန်သောအရာများကို ပြောဆိုလျက်၊ ရေးသားလျက်၊ ဖော်ပြလျက်ရှိနေတဲ့ ယနေ့ခေတ်မှာ ဒီတစ်ခုတည်းနဲ့တော့လုံလောက်မှာမဟုတ်ပါဘူး။ အယ်လဒါရောဘတ် ဒီ၊ ဟေးလ်က “သင်သည် အသက်ရှင်သောဧဝံဂေလိတရားတော်၌ ပြည့်စုံစွာကျင့်သုံးခြင်း- သင်၏စိတ်နှလုံး၊ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှတို့ဖြင့် ကျင့်သုံးခြင်းမရှိလျှင်၊ မှောင်မိုက်ကို ပြန်၍တွန်းလှန်ဖို့ လုံလောက်သော ဝိညာဉ်ပကတိအလင်းကို မထုတ်လွှတ်နိုင်”ဟု သွန်သင်ခဲ့ပါတယ် (“မှောင်မိုက်မှနေ၍ သူ၏အံ့ဩဖွယ်ရာအလင်းထဲသို့၊” လီယာဟိုနာ၊ ဇူလိုင် ၂၀၀၂၊ ၇၈) ။ အမှန်ကတော့၊ လောက၏အလင်းဖြစ်တဲ့ခရစ်တော် (ယောဟန် ၈း၁၂ တွင်ကြည့်ပါ) နောက်သို့ လိုက်လျှောက်ဖို့ဆိုတာ သူ့ရဲ့သွန်သင်ခြင်းတို့အတိုင်း ကျွန်တို့ကျင့်သုံးရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်း ကျင့်သုံးတာနဲ့အမျှ၊ ဝိညာဉ်ပကတိအားဖြင့် ခွန်းအားဖြည့်ခြင်း၊ အင်အားခိုင်မာစေခြင်းနဲ့ ကာကွယ်ခြင်းသို့ ရောက်ကြမှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့အသက်တာမှာ အလင်းများလေလေ အရိပ်နည်းလေလေဖြစ်ပါတယ်။ သို့သော်လည်း၊ ကျွန်တော်တတွေဟာ မြောက်မြားစွာသောအလင်းကို လူတို့အားဖွင့်ပြတာတောင်မှ ကျွန်တော်တို့ရဲ့ယုံကြည်မှုကို လွဲမှားစွာအဓိပ္ပာယ်ကောက်ကြတဲ့၊ ကျွန်တို့ရဲ့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းကြတဲ့ ထင်မြင်ချက်တွေရှိပါတယ်။ “စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို တိုးပွားစေတတ်သည်”ဟု တမန်တော်ယာကုပ်က ရေးသားခဲ့ပါတယ်။ (ရှင်ယာကုပ်ဩဝါဒစာ ၁း၃)။ ဤအတွေးအမြင်ဖြင့်၊ အယ်လ်ဒါနီးလ် အေ၊ မက်စ်ဝဲလ်က “ အသင်းတော်သည် လွဲမှားစွာအဓိပ္ပာယ်ကောက်ခံရသောအခါ သည်းခံသောတပည့်တော်သည် အံ့အားမသင့်၊ အကျိုးပျက်စီးခြင်းလည်းမရှိ”ဟု သွန်သင်ခဲ့ပါတယ်။ (“သည်းခံခြင်း” ဘရင်ဂ်ဟမ်ယမ်းတက္ကသိုလ် ဝတ်ပြုကိုးကွယ်ခြင်း၊ နို၊ ၂၇၊ ၁၉၇၉၊ speeches.byu.edu)။

ကျွန်တော်တို့အသင်းတော်သမိုင်းနဲ့ ယုံကြည်ခြင်းအကြောင်းကို မေးခွန်းတွေထုတ်ကြပါတယ်။ မှန်တဲ့အဖြေကို ဘယ်နေရာမှာ ရှာမလဲဆိုတာ အလွန်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အသိနည်းသော၊ သို့မဟုတ်၊ မကြိုက်သော ရှုထောင့်များနဲ့ ထင်မြင်ယူဆချက်တွေမှာ စူးစမ်းရှာဖွေရင်တော့ ဘာမျှရမှာမဟုတ်ပါဘူး။ တမန်တော်ယာကုပ်ပေးတဲ့ အကောင်းဆုံးအကြံဉာဏ်ကတော့ “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ဘုရားသခင်ကို တောင်းစေ” ဟုဖြစ်ပါတယ် (ယာကုပ် ၁း၅)။

ဘုရားသခင်ကိုမတောင်းမီ ဂရုတစိုက်လေ့လာရပါမယ်။ ဘာကြောင့်လဲဆိုရင်၊ ကျွန်တော်တို့ဟာ “ပညာရှိစကားများရှိရာ အကောင်းဆုံးစာအုပ်များမှ လေ့လာဖို့နဲ့၊ ယုံကြည်ခြင်းဖြင့်လည်း သင်ယူဖို့” ဟူသော ကျမ်းစာပြဌာန်းချက်အောက်မှာ ရှိကြပါတယ် (အယူ&ပဋိ ၈၈း၁၁၈) ။ ကောင်းကင်ဘုံလမ်းပြလှုံ့ဆော်တဲ့ အသင်းတော်ခေါင်းဆောင်များ ရေးသားထားတဲ့၊ အသိအမှတ်ပြုသော၊ လုံခြုံသော၊ ယုံကြည်အားထားရသော၊ အသင်းတော်သမိုင်းစာအုပ်အလွန်မြောက်မြားစွာနဲ့ အယူဝါဒကျွမ်းကျင်သူတွေရှိပါတယ်။ ကြေညာထားသောကျမ်းစာများရှိ ဘုရားသခင်၏ဖော်ပြထားသော နှုတ်ကပတ်တော်များ၏အာနုဘော်ကို အဘယ်သူမျှ မကျော်လွန်နိုင်ကြပါဘူး။ လေးနက်သောဝိညာဉ်ပကတိအတွေးအမြင်များရှိရာ ပါးလွှာတဲ့စာမျက်နှာများမှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သမ္မာတရားကို သင်ယူ၍ ကျွန်တော်တို့မှာ အလင်းတိုးပွားကြပါတယ်။

ဥက္ကဌသောမတ် အက်စ်၊ မုန်ဆင်က ကျွန်တော်တို့ကို “ထက်သက်စွာဆုတောင်းခြင်းနှင့်အတူ မော်မုန်ကျမ်းကို နေ့တိုင်းလေ့လာဖို့နဲ့ နှလုံးသွင်းစဉ်းစားဆင်ခြင်ဖို့ ပန်ကြားခဲ့ပါတယ် (“မော်မုန်ကျမ်း၏တန်ခိုး၊”၊လီယာဟိုနာမေ ၂၀၁၇၊ ၈၇)။

လွန်ခဲ့တဲ့ နှစ်များစွာတုန်းက၊ ဖီဂျီဆူဗာ သာသနာရဲ့ ဥက္ကဌအဖြစ် အမှုတော်ဆောင်စဉ်မှာ သာသနာပြုအချို့ဟာ မော်မုန်ကျမ်းရဲ့ ပြောင်းလဲခြင်းတန်ခိုးက သူ့တို့ကို အားထပ်ဖြည့်တဲ့ အတွေ့အကြုံတစ်ခုကိုရခဲ့ကြပါတယ်။ ပူအိုက်တဲ့နေ့တစ်နေ့မှာ အယ်လဒါနှစ်ယောက်ဟာ လာဗာဆာရှိ လူနေရပ်ကွပ်ငယ်လေးက အိမ်တစ်အိမ်ကို ရောက်ခဲ့ပါတယ်။

မော်မုန်ကျမ်း၏အမှန်ဖြစ်ခြင်းအကြောင်း သားသနာပြုများသက်သေခံတာကို နားထောင်တဲ့ မိုးဒဏ်လေဒဏ်ခံထားရသောလူတစ်ယောက်က တံခါးကို ဖွင့်ပေးခဲ့ပါတယ်။ သူ့ကိုတစ်အုပ်ပေး၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းသိရန် သူတို့ကဲ့သို့ ဖတ်ရှုဖို့နဲ့၊ ဆုတောင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သူကလည်း မနက်ဖြန်မှာ ငါးဖမ်းတဲ့ဆီကို ငါပြန်သွားမယ်။ ပင်လယ်ကိုရောက်တဲ့အခါ အဲဒီစာအုပ်ကို ဖတ်မယ်။ ငါပြန်ရောက်တဲ့အခါ မင်းတို့တစ်ခေါက်ထပ်လာခဲ့ပေါ့လို့ တိုတိုပဲဖြေပါတယ်။

သူအဝေးကို ရောက်နေတဲ့အခိုက်မှာ အပြောင်းအရွှေ့တွေရှိခဲ့ပြီး၊ သီတင်းအနည်းငယ်ကြာပြီးတဲ့နောက်မှာ အယ်လဒါအသစ်တစ်တွဲဟာ ငါးဖမ်းသမားကို တွေ့ဖို့ ပြန်လာခဲ့ပါတယ်။ ဒီအချိန်မှာတော့ သူဟာ မော်မုန်ကျမ်းတစ်အုပ်လုံးကို ဖတ်ပြီးလို့ ကျမ်းရဲ့အမှန်ဖြစ်ခြင်းအကြောင်းအတည်ပြုခြင်းကိုရရှိပြီး၊ ပိုပြီးတော့လည်းသိလိုခဲ့ပါတယ်။

စာမျက်နှာတိုင်းရှိ အဖြစ်အပျက်များအကြောင်း အဖိုးထိုက်သောနှုတ်ကပတ်တော်များနဲ့ လွန်လေပြီးသောကာလကြာမြင့်စွာကတည်းက သွန်သင်၍၊ ကျွန်တော်တို့ခေတ်အတွက် မော်မုန်ကျမ်းထဲမှာထိန်းသိမ်းစောင့်ရှောက်ထားခဲ့တဲ့ အယူဝါဒတို့ရဲ့အမှန်ဖြစ်ခြင်းအကြောင်းကို သက်သေခံတဲ့ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အဲဒီလူဟာ ပြောင်းလဲခဲ့ပါတယ်။

နေအိမ်ဟာ၊ မိသားစုတွေအတွက် ကျမ်းစာများ၊ အသက်ရှင်သောပရောဖက်တို့၏စကားများမှ အဖိုးထိုက်တန်သောအတွေးအမြင်များကို လေ့လာပြီးဝေငှဖို့နဲ့ LDS.org မှာရှိတဲ့ အသင်းတော်၏အကြောင်းအရာများကိုကြည့်ဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ အဲဒီကွန်ရက်မှာ၊ ပထမရူပါရုံမှတ်တမ်းအစရှိတဲ့ ဧဝံဂေလိတရားတော်အကြောင်းအရာ သတင်းအချက်အလက်မြောက်မြားစွာကိုတွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့တတွေဟာ အကောင်းဆုံးသောစာအုပ်များကို လေ့လာတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ဝိညာဉ်ပကတိအမြစ်တွေကို တဖြည်းဖြည်းကိုက်စားဖို့ကြိုးစားတဲ့ အန္တရာယ်ရှိတဲ့သွားများရဲ့တစ်ဖက်မှာ မိမိကိုယ်ကို ကာကွယ်ခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အလုံးစုံသော ဆုတောင်းခြင်း၊ လေ့လာခြင်းနဲ့ မှတ်ကျုံးစဉ်းစား၍ဆင်ခြင်ခြင်းတို့ရှိသော်ငြားလည်း၊ အဖြေမရသေးသောမေးခွန်းအချို့ရှိနိုင်ပါသေးတယ်။ ဒါပေမယ့်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့အထဲမှာ လင်းလက်နေတဲ့ ယုံကြည်ခြင်းမီးတောက်ကို ငြိမ်းစေရမှာမဟုတ်ပါဘူး။ ထိုကဲ့သို့သောမေးခွန်းများဟာ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုတည်ဆောက်ဖို့ရာ ဖိတ်ခေါ်ခြင်းဖြစ်လို့ လှည့်စားသောယုံမှားသံသယရဲ့ အခိုက်အတန့်ကာလကို အားမပေးသင့်ပါဘူး။ မေးခွန်းတိုင်းအတွက် သေချာတဲ့အဖြေမရှိခြင်းဟာ ဘာသာတရားရဲ့ တကယ့်အနှစ်သာရပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်၊ ဒါဟာ ယုံကြည်ခြင်းရဲ့ ကြံရွယ်ချက်တွေထဲက တစ်ခုဖြစ်လို့ပါပဲ။ ဒီကိစ္စနဲ့စပ်လျဉ်းလို့၊အယ်လ်ဒါဂျက်ဖရီ အာ၊ ဟော်လန်က “ဒီလိုကာလများရောက်လာ၍၊ ပေါ်ပေါက်လာလျှင်၊ ဆုံးဖြတ်ချက်က ချက်ချင်းဖြစ်မလာပါဘူး၊သင်သိပြီးသောအရာကို ခိုင်မြဲစွာကိုင်၍၊ နောက်ထပ်အသိဉာဏ်ရောက်မလာမချင်း ခိုင်မာစွာရပ်တည်ပါ” ဟု သွန်သင်ခဲ့ပါတယ် (“ကျွန်တော်ယုံကြည်သောကိုယ်တော်ရှင်၊”လီယာဟိုနာ၊,မေ ၂၀၁၃၊ ၉၄)။

မိမိတို့ရဲ့ဝိညာဉ်ပကတိအမြစ်များကို အမြဲမပြတ်အားဖြည့်ခြင်းအားဖြင့် ခိုင်မာစွာရပ်တည်လျက်ရှိကြသောသူများစွာတို့ရဲ့ ပျော်ရွှင်ခြင်းကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြင်ရပါတယ်။ သူတို့ရဲ့ယုံကြည်ခြင်းနဲ့ နာခံခြင်းဟာ သူတို့ရဲ့ကယ်တင်ရှင်၌ ကြီးစွာသောမျှော်လင့်ခြင်းကို သူတို့အား ပေးဖို့ လုံလောက်ပါတယ်။ အဲဒီကနေ ကြီးစွာသောဝမ်းမြောက်ခြင်း အစပျိုးဖြစ်ပေါ်လာပါတယ်။ သူတို့ဟာ အရာခပ်သိမ်းတို့ကိုသိဖို့ မပြောဆိုကြပါဘူး။ ဒါပေမယ့် ပို၍သိဖို့ကြိုးစားရင်းနဲ့ ငြိမ်သက်ခြင်းရှိဖို့နဲ့ သည်းခံခြင်းဖြင့်ရှင်သန်ကြဖို့ လုံလုံလောက်လောက်သိကြခြင်းငှာ အဖိုးအခကို ပေးကြပါတယ်။ ပညတ်တစ်ခုပြီးတစ်ခုအားဖြင့် သူတို့ရဲ့ယုံကြည်ခြင်းဟာ ခရစ်တော်၌ ခိုင်မာလျက် သန့်ရှင်းသူတို့နဲ့ အပေါင်းအဖော်နိုင်ငံသားများအဖြစ် ခိုင်မာစွာရပ်တည်ကြပါတယ်။

အရောင်ရော၍ဖုံးကွယ်ထားသော ပေါက်ဖတ်တွေရဲ့ တဖြည်းဖြည်းကိုက်စားတတ်တဲ့ အန္တရာယ်ရှိသောသွားများအဖို့ ကျွန်တော်တို့ရဲ့အသက်တာ ထဲမှာ ယခုအချိန်သို့မဟုတ် အဘယ်သောကာလာမှာမျှ နေရာရှာ၍မတွေ့ကြစေရန်၊ ကျွန်တော်တို့အယောက်တိုင်းဟာ “ခရစ်တော်ကို ယုံကြည်ခြင်း၌ အဆုံးတိုင်အောင်ပင် ခိုင်မြဲခြင်းမှာ” ဆက်၍ရှိစေဖို့ နေထိုင်ကြပါစို့ (အယ်လမာ ၂၇း၂၇) ။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။