၂၀၁၀-၂၀၁၉
ကိုယ်တော်ရှင်၏အသံတော်
အောက်တိုဘာလ ၂၀၁၇


ကိုယ်တော်ရှင်၏အသံတော်

ဒီညီလာခံ၌ ကိုယ်တော်ရှင်၏အသံတော်ကို ကျွန်တော်တို့ကြားခဲ့ရကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်တို့အယောက်တိုင်းအတွက် စစ်ဆေးခြင်းကတော့ ဘယ်လိုတုံ့ပြန်မလဲဆိုတာပဲဖြစ်ပါတယ်။

ပထမဦးစွာ၊ ကလေးသူငယ်များအတွက် အကြင်နာစကားတစ်ခွန်းရှိပါတယ်။ ဟုတ်ကဲ့၊ ဒါဟာ အထွေထွေညီလာခံရဲ့ နောက်ဆုံးကဏ္ဍဖြစ်ပြီး၊ ဟုတ်ကဲ့ ကျွန်တော်က နိဂုံးချုပ်ဟောပြောသူဖြစ်ပါတယ်။

မကြာသေးမီက၊ ပရိုဗိုမြို့ဗိမာန်တော်ဌာနကို သွားတုန်းကအဝေးမှမြင်ရသော ပထမရှုပါရုံ လို့ခေါင်းစဉ်တပ်ထားတဲ့ ပန်းချီကားကို ကျွန်တော်ကြည့်မဝရှုမဝခံစားခဲ့ရပါတယ်။ ခမည်းတော်နဲ့ သားတော်တို့ လူငယ်ဂျိုးဇက်စမစ်ထံသို့ ကြွတော်မူစဉ်မှာ ကောင်းကင်ဘုံမှအလင်းနဲ့တန်ခိုးကို အဲဒီပန်းချီကားက သရုပ်ဖော်ပါတယ်။

ရုပ်ပုံ
အဝေးမှမြင်ရသော ပထမရှုပါရုံ

ပြန်လည်ပြင်ဆင်ခြင်းကို စတင်ကြိုဆိုရာ အလွန်သန့်ရှင်းမွန်မြတ်တဲ့ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ခြင်းမပြုမီ၊ ဒီအထွေထွေညီလာခံအပေါ်သို့ ဆင်းသက်လျက်ရှိတဲ့၊ ဘုရားသခင်၏အလင်းနဲ့ ဝိညာဉ်ပကတိတန်ခိုးတော်တို့ကို ရောင်ပြန်ဟပ်မယ့် အလားတူအမြင်တစ်ခုကို ကျွန်တော် စိတ်ထဲမှာ မြင်ယောင်မိပါတယ်။ အဲဒီနောက်မှာ၊ ထိုတန်ခိုးနဲ့အလင်းဟာ ကမ္ဘာအနှံ့သို့ ရွေ့လျားလျက်ရှိပါတယ်။

ရုပ်ပုံ
အလင်းနဲ့ ဝိညာဉ်ပကတိတန်ခိုးတော်တို့ အထွေထွေညီလာခံအပေါ်သို့ ဆင်းသက်လျက်ရှိခြင်း
ရုပ်ပုံ
တန်ခိုးနဲ့အလင်းတို့ ကမ္ဘာအနှံ့သို့ ရွေ့လျားလျက်ရှိခြင်း

ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း၊ ဤသန့်ရှင်းမွန်မြတ်သောအမှုတော်၏အရေးကိစ္စများကို သူလမ်းညွှန်ကြောင်းနဲ့ အထွေထွေညီလာခံဟာ သူ့အသင်းတော်နဲ့ ကျွန်တော်တို့ကို ကိုယ်တိုင်လမ်းညွှန်မှုပေးတဲ့ အရေးကြီးသောအချိန်တွေထဲက တစ်ခုဖြစ်ကြောင်း သင်တို့ကို ကျွန်တော်သက်သေခံပါတယ်။

အထက်အရပ်မှ သွန်သင်လျက်ရှိခြင်း

အသင်းတော်ကို ဖွဲ့စည်းတဲ့နေ့မှာ ကိုယ်တော်ရှင်က ဂျိုးဇက်စမစ်ကို ပရောဖက်၊ မြင်သောသူ၊ နောက်ပြီး ကိုယ်တော်ရှင်ယေရှုခရစ်တော် ၏တမန်တော်အဖြစ် ခန့်အပ်တော်မူလျက်၊ အသင်းတော်ကို မိန့်တော်မူခဲ့တာကတော့၊

“အကြောင်းမူကား၊ ငါ၏နှုတ်တော်မှထွက်သကဲ့သို့ပင်ဖြစ်သည့် သူ၏နှုတ်ကပတ်တော်ကို အလုံးစုံသောသည်းခံခြင်းနှင့် ယုံကြည်ခြင်းတို့ဖြင့် သင်တို့လက်ခံရရှိကြလိမ့်မည်။”

“အကြောင်းမူကား၊ ဤအရာတို့ကို ပြုခြင်းအားဖြင့် ငရဲ၏တံခါးတို့သည် သင်တို့ကို အောင်နိုင်ကြမည်မဟုတ်၊ ဘုရားသခင်ကိုယ်တော်ရှင်သည်လည်း မှောင်မိုက်၏တန်ခိုးတို့ကို သင်တို့ရှေ့မှ ပြန့်လွင့်သွားစေတော်မူ၍၊ သင်တို့၏ကောင်းကျိုးအတွက် ကောင်းကင်တို့ကို လှုပ်စေတော်မူမည်။”

အဲဒီနောက်မှာတော့၊ ပထမအဆင့်ဥက္ကဌအဖွဲ့နဲ့ တစ်ကျိပ်နှစ်ပါးသောတမန်တော်အဖွဲ့တို့ရဲ့ အဖွဲ့ဝင်အပေါင်းတို့ကိုလည်း ထောက်ခံပြီး၊ ပရောဖက်များ၊ မြင်သောသူများနဲ့ ဗျာဒိတ်ဟောသူများအဖြစ် ခန့်ထားခဲ့ပါတယ်။

ယခုအခါမှာ၊ ကျွန်တော်တို့ဟာ ဥက္ကဌသောမတ် အက်စ်၊ မုန်ဆင်ရဲ့ လမ်းညွှန်မှုအောက်၌ တွေ့ဆုံကြလျက်၊ “ကိုယ်တော်ရှင်၏အလိုတော်၊... ကိုယ်တော်ရှင်၏စိတ်တော်၊.... ကိုယ်တော်ရှင်၏အသံတော်၊ ထို့အတူ ကယ်တင်ခြင်းအဖို့ ဘုရားသခင်၏တန်ခိုးတော်”တို့အား ကြားနာခြင်းကို မျှော်လင့်စောင့်စားကြပါတယ်။ “ငါကိုယ်တိုင်၏အသံတော်အားဖြင့်ဖြစ်စေ၊ ငါ့ကျွန်တို့၏အသံအားဖြင့်ဖြစ်စေ၊ အတူတူပင်ဖြစ်၏။” လို့ဆိုတဲ့ သူ၏ကတိတော်ကို ကျွန်တော်တို့ယုံကြည်စိတ်ချကြပါတယ်။

မငြိမ်သက်ခြင်းနဲ့ ရှုပ်ထွေးခြင်းတို့ရှိရာ ကျွန်တော်တို့ရဲ့ခေတ်မီလောကမှာ ပထမအဆင့်ဥက္ကဌအဖွဲ့နဲ့ တစ်ကျိပ်နှစ်ပါးသောတမန်တော်အဖွဲ့ရဲ့စကားများကို ကိုးစားခြင်းနဲ့ ယုံကြည်ခြင်းဟာ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိဖွံ့ဖြိုးခြင်းနဲ့ တည်မြဲခြင်းတို့အတွက် အသက်သွေးကြောဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဒီအံ့ဩဖွယ်ညီလာခံအတွက် အတူတကွ လာခဲ့ကြပါတယ်။ သန်းပေါင်းများစွာသော နောက်ပိုင်းကာလသန့်ရှင်းသူများနဲ့ အခြားယုံကြည်သူတို့ဟာ နိုင်ငံ နှစ်ရာကျော်မှာ၊ ကိုးဆယ့်သုံးမျိုးကျော်တဲ့ ဘာသာစကားတို့ကို ပြောလျက်၊ ဒီကဏ္ဍများကို တက်ရောက်ကြ၊ သို့မဟုတ် အထွေထွေညီလာခံအမှာစကားတို့ကို ဖတ်ရှုကြပါတယ်။

ကျွန်တော်တို့လည်း ဆုတောင်းပြီး၊ ပြင်ဆင်ပြီးမှ လာခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုရင်၊ ကျွန်တော်တို့တတွေမှာ လတ်တလောအရေးတကြီး ပူပင်သောကများနဲ့ အလွန်လေးနက်သောမေးခွန်းများရှိကြပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို ပြန်လည်ထပ်လောင်းဖို့၊ သွေးဆောင်နှောင့်ယှက်ခြင်းကိုခုခံရာနှင့် စိတ်ပျံ့လွင့်ခြင်းများကို ရှောင်ရှားရာတို့၌ ကျွန်တော်တို့ရဲ့စွမ်းရည်ကို ခွန်အားဖြည့်လိုကြပါတယ်။ ကျွန်တော်တို့ဟာ အထက်အရပ်မှသွန်သင်တော်မူခြင်းကို ခံယူဖို့လာကြပါတယ်။

ကိုယ်တော်ရှင်၏စိတ်တော်နှင့် အလိုတော်

ပုံမှန်အားဖြင့်၊ ညီလာခံတိုင်းမှာ ဟောပြောကြသူ ပထမအဆင့်ဥက္ကဌအဖွဲ့နဲ့ တစ်ကျိပ်နှစ်ပါးတို့အနေနဲ့ သူတို့ရဲ့အမှာစကားတို့ကိုပြင်ဆင်ခြင်း၏ အလွန်ကြီးမားသောတာဝန်သည် ထပ်တလဲလဲဖြစ်လာနေသောဝန်နဲ့ သန့်ရှင်းမွန်မြတ်သောယုံကြည်စိတ်ချခြင်း နှစ်ခုစလုံးပဲ ဖြစ်ပါတယ်။

လွန်လေပြီးသောနှစ်ပေါင်းများစွာတုန်းက၊ အထွေထွေအာဏာရှိအဖြစ် အမှုတော်မထမ်းဆောင်မီမှာ၊ ကျွန်တော်က အယ်လ်ဒါဒလျံ အိပ်(ချ) အုတ်ကို မြိုနယ်ညီလာခံတစ်ခုချင်းစီအတွက် သီးခြားမိန့်ခွန်းပြင်ဆင်လေ့ရှိမရှိမေးခဲ့ပါတယ်။ သူက မပြင်ဆင်ကြောင်း ဖြေသော်လည်း “ ဒါပေမယ့် ကျွန်တော်ရဲ့ အထွေထွေညီလာခံမိန့်ခွန်းတွေဟာ မတူကြဘူး။ ကိုယ်တော်ရှင်အပြောခိုင်းတဲ့အရာကို ကျွန်တော်ပြောကြောင်း သေချာစေဖို့ မူကြမ်း၁၂ ခုကနေ ၁၅ ခုကို ပြင်ဆင်ချင်ပြင်ဆင်ရတယ်” လို့ထပ်ပြီးပြောခဲ့ပါတယ်။

အထွေထွေညီလာခံမိန့်ခွန်းအတွက် လမ်းပြလှုံ့ဆော်ခြင်းဟာ ဘယ်အခါမှာ၊ ဘယ်လိုနည်းနဲ့ရောက်လာပါသလဲ။

ညီလာခံတစ်ခုချင်းစီနှင့် ညီလာခံတိုင်းတွင် ထာဝရအမှန်တရား၏ အကြောင်းအရာနှင့် အဓိကဆိုလိုရင်းတို့ကို  ခေါင်းစဉ်သတ်မှတ်ချက်မရှိဘဲနှင့်၊ ကောင်းကင်ဘုံက လှလှပပစီမံတာကို ကျွန်တော်တို့မြင်ရကြပါတယ်။

ကျွန်တော့ရဲ့ ညီအစ်ကိုတွေထဲမှ တစ်ယောက်က၊ ဒီညီလာခံအတွက်သူပြောရမယ့်အကြောင်းအရာကို လွန်ခဲ့တဲ့ဧပြီလမိန့်ခွန့်ပြီးလျှင်ပြီးချင်းမှာပဲ သူ့ကို ပေးခဲ့တယ်လို့ ပြောပြပါတယ်။ အခြားတစ်ဦးကတော့၊ လွန်ခဲ့တဲ့သုံးပတ်တုန်းက၊ သူဟာ ဆုတောင်းလျက်နဲ့ ကိုယ်တော်ရှင်ကို စောင့်နေတုန်းပဲရှိသေးတယ်လို့ ပြောပါတယ်။ အခြားတစ်ဦးကတော့၊ အထူးသဖြင့် သတိထားရသောမိန့်ခွန်းကို စီကုံးရေးသားဖို့ ဘယ်လောက်ကြာခဲ့ပါသလဲလို့ မေးတဲ့အခါ၊ “နှစ်ဆယ့်ငါးနှစ်”လို့ဖြေပါတယ်။

အချိန်အတော်များများမှာ အဓိကစိတ်ကူးက မြန်မြန်ပေါ်ပေါက်လာနိုင်သော်လည်း၊ အကြောင်းအရာများနဲ့၊ အသေးစိတ်အချက်အလက်များကတော့ ဝိညာဉ်ပကတိဆိုင်ရာအားထုတ်မှုအမြောက်အမြား လိုအပ်လျက်ရှိပါသေးတယ်။ အစာရှောင်ခြင်းနဲ့ဆုတောင်းခြင်း၊ လေ့လာခြင်းနဲ့ယုံကြည်ခြင်းတို့ဟာ ဖြစ်စဉ်ရဲ့အစိတ်အပိုင်းများ အမြဲဖြစ်ကြပါတယ်။ ကိုယ်တော်ရှင်ဟာသူ၏သန့်ရှင်းသူများသို့ အသံတော်ကိုယုတ်လျော့စေနိုင်သော အဘယ်ဟန်ဆောင်မှုကိုမျှ အလိုတော်မရှိပါဘူး။

စိတ်ရဲ့အတွေးများနဲ့ဝေးကွာနေချိန်ဖြစ်တဲ့ ညပိုင်းသို့မဟုတ် နံနက်စောစောအချိန်များမှာ အထွေထွေညီလာခံမိန့်ခွန်းအတွက် လမ်းညွှန်မှု မကြာခဏရောက်လာတတ်ပါတယ်။ ရုတ်တရက်ပဲ၊ မျှော်လင့်မထားသော အတွေးအမြင်ရောက်လာပြီး၊ အချိန်များစွာတို့မှာ၊ အတိအကျ စကားလုံးများနဲ့ စကားစုများဟာ ဗျာဒိတ်တော်စစ်စစ်အဖြစ် စီးဝင်လာပါတယ်။

သင်နားထောင်နေစဉ်မှာ၊ လက်ခံရရှိတဲ့ အမှာစကားတွေဟာ တကယ့်မူရင်းအတိုင်း သို့မဟုတ်၊ အဲဒီစကားတွေဟာ သင်တစ်ဦးတည်းအတွက် အထူးပြုပြင်ထားတာလည်း ဖြစ်နိုင်ပါတယ်။

လွန်လေးပြီးသောနှစ်ပေါင်းများစွာတုန်းက၊ အထွေထွေညီလာခံမှာ ဟောပြောလျက်ရှိစဉ်၊ ကျွန်တော်ဟာ သာသနာပြုအမှုတော်ဆောင်ဖို့ ပြင်ဆင်ရမလားဟု စဉ်းစားခဲ့စဉ်က ကျွန်တော့စိတ်ထဲကို ဝင်လာခဲ့တဲ့ စကားစုတစ်ခု ကို ပြောခဲ့ပါတယ်။ အဲဒီစကားစုကတော့”သင်ဟာ အရာတိုင်းကိုမသိပါဘူး၊ ဒါပေမယ့် သင် လုံလုံလောက်လောက်သိပါတယ်”လို့ဖြစ်ပါတယ်။ အဲဒီနေ့မှာ အထွေထွေညီလာခံကိုတက်တဲ့မိန်းမပျိုတစ်ဦးက သူမဟာ လက်ထပ်ဖို့ကမ်းလှမ်းခြင်းတစ်ခုအကြောင်း ဆုတောင်းလျက်၊ လူငယ်ကို သူမ ဘယ်လောက်ကောင်းကောင်းသိသလဲလို့ စဉ်းစားလျက်ရှိကြောင်း ကျွန်တော့ကို ပြောပြပါတယ်။ ”သင်ဟာ အရာတိုင်းကိုမသိပါဘူး၊ ဒါပေမယ့် သင် လုံလုံလောက်လောက်သိပါတယ်” ဆိုတဲ့စကားတို့ကို ကျွန်တော်ပြောတဲ့အချိန်မှာ လူငယ်ကို သူမ ကောင်းစွာလုံလုံလောက်လောက်သိခဲ့ ကြောင်း ဝိညာဉ်တော်က သူမကို အတည်ပြုခဲ့ပါတယ်။ သူတို့ပျော်ရွှင်စွာလက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။

သင်ဟာ စိတ်ဝိညာဉ်ကိုပြင်ဆင်ပြီး၊ ကိုယ်တော်ရှင်ရဲ့အသံတော်ကို ကြားရလိမ့်မယ်ဆိုတဲ့ မျှော်လင့်စောင့်စားခြင်းနဲ့လာတဲ့အတိုင်း၊ သင့်အတွက်သာ အထူးပြုပြင်ထားတဲ့ အတွေးများနဲ့ ခံစားချက်များဟာ သင့်စိတ်ထဲကို ရောက်လာပါလိမ့်မယ်။ အဲဒီဟာတွေကို ဒီညီလာခံမှာ သင်ခံစားရပြီးပါပြီ၊ သို့မဟုတ်၊ နောက်သီတင်းပတ်တွေမှာ အမှာစကားတို့ကို သင်လေ့လာတဲ့အတိုင်း၊ ခံစားရပါလိမ့်မယ်။

ယခုအချိန်နှင့် နောင်လာမည့်လများအတွက်

ဥက္ကဌမုန်ဆင်က ဆိုခဲ့ပါတယ်။

“အထွေထွေညီလာခံအမှာစကားတို့ကို ဖတ်ရှုဖို့ အချိန်ယူပါ။” ၁၀

“အဲဒီစကားတို့ကို နှလုံးသွင်းစဉ်းစားဆင်ခြင်ပါ….ကျွန်တော်ဟာဒီ လမ်းပြလှုံ့ဆော်သော ဒေသနာတို့ကို ပို၍လေးနက်စွာလေ့လာတဲ့အခါမှာ ပို၍ပင်ရရှိပါတယ်။”၁၁

အထွေထွေညီလာခံရဲ့သွန်သင်ခြင်းတွေဟာ ကိုယ်တော်ရှင်မှာ ကျွန်တော်တို့အရင် ယခုနဲ့၊ ရှေ့လများစွာကတည်းကရှိခဲ့မည်ဖြစ်တဲ့ စဉ်းစားဆင်ခြင်ခြင်းများဖြစ်ပါတယ်။

သိုးထိန်းဟာ “သူ့သိုးများရဲ့ရှေ့ကသွားပြီး၊ သိုးများသည် သူ့နောက်ကလိုက်ကြ၏။ အကြောင်းမူကား၊ သူ့အသံကို သိကြ၏။”၁၂

သူ့အသံတော်ဟာ ကျွန်တော်တို့ရဲ့အသက်တာမှာ တစ်စုံတစ်ခုကို ပြောင်းလဲဖို့ မကြာခဏ လမ်းညွှန်ပါတယ်။ နောင်တရဖို့ ကျွန်တော်တို့ကို သူဖိတ်ခေါ်ပါတယ်။ သူ့နောက်ကို လိုက်လျှောက်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ပါတယ်။

ယခုညီလာခံမှ ဒီဖော်ပြချက်အကြောင်းတို့ကို စဉ်းစားပါ။

ဥက္ကဌဟင်နရီ  ဘီ၊ အိုင်းရင်းက ဒီမနက်ခင်းမှာ ဆိုခဲ့တာကတော့ “အဘဘုရားသခင်သည် အသက်ရှင်တော်မူပြီး၊ ကျွန်တော်တို့ကို သူ့ထံသို့လာစေလိုတော်မူကြောင်း ကျွန်တော်သက်သေခံပါတယ်။ ဒီအသင်းတော်ဟာ ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ မှန်သောအသင်းတော်ဖြစ်ပါတယ်။ သူက သင်တို့သိပါတယ်၊ ချစ်ပါတယ်၊ သင်တို့ကို ကြည့်ရှုစောင့်ရှောက်တော်မူပါတယ်”ဟုဖြစ်ပါတယ် ။၁၃

ဥက္ကဌဒီးတာ အက်ဖ်၊ ဥဒို့ရ်ဖ်က မနေ့က ဆိုခဲ့တာကတော့ “ကျွန်တော်တို့ဟာ ဘုရားသခင်ဆီကိုပို့ဆောင်တဲ့ ဒီအံ့ဩဖွယ်ခရီးကို စတင်တဲ့အခါ သို့မဟုတ် ဆက်၍သွားတဲ့အခါ ကျွန်တော်တို့ရဲ့အသက်တာများ ပိုကောင်းလာပါမယ်…. ကိုယ်တော်ရှင်ဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့သူများကို ကောင်းကြီးပေးဖို့နဲ့ သူရဲ့ထာဝရအကြံအစည်တော်ကို ဖော်ဆောင်ဖို့ ထူးခြားပြောင်မြောက်တဲ့နည်းများဖြင့် ကျွန်တော်တို့ကို အသုံးပြုမှာဖြစ်ပါတယ်” ဟုဖြစ်ပါတယ်။၁၄

ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်က မနေ့ကနေ့လည်ပိုင်းမှာ ဆိုခဲ့တာကတော့ “သင့်ကိုယ်ကို မော်မုန်ကျမ်းထဲမှာ နေ့စဉ်နှစ်မြှုပ်သမျှ၊ ခိုင်မြဲစွာဆုပ်ကိုင်တတ်သော ကိလေသာညစ်ညမ်းခြင်းပလိပ်ရောဂါနှင့် အခြားစိတ်ထုံထိုင်းသောအကျင့်စွဲခြင်းတို့အပါအဝင်၊ အဲဒီနေ့ရဲ့မကောင်းမူများမှ ကင်းလွတ်နိုင်ပါတယ်။”ဟု ဖြစ်ပါတယ်။၁၅

အယ်လ်ဒါ ဒလျံ  အိပ်ခ်ျ၊ အုတ် မနေ့က ဆိုခဲ့တာကတော့ “မိသားစုနှင့်စပ်လျဉ်း၍ ကြေညာချက်သည် ထာဝရအမှန်တရား၏ဖော်ပြချက်၊ ထာဝရအသက်ကိုရှာကြတဲ့၊ ကိုယ်တော်ရှင်၏သားသမီးများအတွက် သူ့အလိုတော်ဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။”ဟု ဖြစ်ပါတယ်။၁၆

အယ်လ်ဒါ အမ်၊ ရပ်ဆဲလ် ဘောလာ့ဒ် လွန်ခဲ့တဲ့ မိနစ်အနည်းငယ်တုန်းကတင် ဆိုခဲ့တာကတော့ “ကျွန်တော်တို့ဟာ ဘရားသခင်၏သားသမီးများကို သနားကြင်နာစွာဖြင့် ပွေ့ဖက်ဖို့လို့အပ်ပါတယ်။ လူမျိုးခွဲခြားရေးဝါဒ၊ ကျား မ ခွဲခြားဆက်ဆံပြုမူခြင်းနဲ့ အမျိုးသားမာန်ကြီးခြင်းတို့အပါအဝင် အထင်အမြင်မှားခြင်းမှန်သမျှကို ဖယ်ရှားဖို့လည်း လိုအပ်ပါတယ်။” ဟုဖြစ်ပါတယ်။၁၇

အခုကျွန်တော်တို့ အချိန်အနည်းငယ်ပိုနေသေးလို့၊ အယ်လ်ဒါ ရောဘတ် ဒီ၊ ဟေးလ်စ်အကြောင်း မှတ်ချက် အကျဉ်းကို ကျွန်တော်ထပ်ပြောလိုပါတယ်။ ပထမအဆင့် ဥက္ကဌအဖွဲ့က အယ်လ်ဒါ ဟေးလ်စ်ကို သူ့ကျန်းမာရေးအခြေအနေက အခွင့်ပေးလျှင်၊ တနင်္ဂနွေနေ့ မနက်ခင်းမှာ မိန့်ခွန်းအကျဉ်းပြောလိုက ပြောနိုင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ကျန်းမာရေးအခြေအနေက အခွင့်မပေးတဲ့အချိန်မှာ၊ သူဟာ မိန့်ခွန်းတစ်ခုကို ပြင်ဆင်ခဲ့ပါတယ်။ အဲဒီမိန့်ခွန်းကို လွန်ခဲ့တဲ့ သီတင်းပတ်က သူပြင်ဆင်ပြီးခဲ့ပြီး ကျွန်တော့ကို ဝေငှခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးနာရီလောက်က သူကွယ်လွန်သွားခဲ့ပါပြီ။ သူ့မိန့်ခွန်းမှ သုံးကြောင်းကိုသာ ကျွန်တော်ဝေငှမှာဖြစ်ပါတယ်။

အယ်လ်ဒါဟေးလ်စ်ရဲ့မိန့်ခွန်းကို ကိုးကားရမယ်ဆိုရင်တော့  “ ကျွန်တော်တို့ဟာ ယုံကြည်ခြင်းရှိဖို့ရွေးချယ်တဲ့အခါ၊ ဘုရားသခင်၏မျက်မှောက်မှာ ရပ်ဖို့ ပြင်ဆင်ကြခြင်းဖြစ်ပါတယ်။ ကယ်တင်ရှင်ဟာ လက်ဝါးကပ်တိုင်၌ကွပ်မျက်ခြင်းကို ခံတော်မူပြီးနောက်၊ သေခြင်းရှိရာ၌ နေထိုင်စဉ်အတွင်း သူ၏သက်သေခံချက်၌ သစ္စာရှိခဲ့သောသူများဆီသို့သာလျှင်၊ ပေါ်လာတော်မူခဲ့၏။” [ အယူ&ပဋိ ၁၃၈း၁၂။] ပရောဖက်တို့၏သက်သေခံချက်များကို ငြင်းပယ်ခဲ့ကြသောသူတို့သည် ကယ်တင်ရှင်ရှိတော်မူခြင်းကို မမြင်နိုင်ကြ။ မျက်နှာတော်ကိုလည်း မကြည့်ရကြ။” [အယူ&ပဋိ ၁၃၈း၂၁။]  … ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းက ကျွန်တော်တို့ကို ကိုယ်တော်ရှင်ရဲ့မျက်မှောက်တော်မှာ ရှိစေဖို့ ပြင်ဆင်ပါတယ်။”

ဒီမနက်ပိုင်းကဏ္ဍပြီးလျှင်ပြီးခြင်းမှာပဲ၊ ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်အား ဒီအဆောက်အအုံကို လျင်မြန်စွာစွန့်ခွာပြီး၊ နေ့လည်စာကို မစားဘဲ အယ်လဒါဟေးလ်စ်ရဲ့ဘေးကို အလျင်စလိုသွားစေဖို့ သူ့အပေါ် သက်ရောက်တဲ့ ကိုယ်တော်ရှင်၏ကြင်နာတော်မူခြင်းက ဘယ်လောက်ကြီးမားပါသလဲခင်ဗျာ။ အဲဒီနေရာမှာ သူ့ရဲ့ ဥက္ကဌအဖွဲ့ဝင်တွေဟာ၊ ချစ်စရာကောင်းတဲ့ မယ်ရီဟေးလ်နဲ့အတူ၊ အယ်လ်ဒါဟေးလ် သေခြင်းရှိရာမှ ပြီးမြောက်စဉ်မှာ ရောက်ရှိနိုင်ခဲ့ကြပါတယ်။

ကိုယ်တော်ရှင်၏အသံတော်ကို တုံ့ပြန်ခြင်း

ဒီညီလာခံမှာ ကိုယ်တော်ရှင်ရဲ့အသံတော်ကို ကျွန်တော်တို့ကြားရကြောင်း ကျွန်တော်သက်သေခံပါတယ်။

ကိုယ်တော်ရှင်၏တပည့်တော်များရဲ့စကားတို့ဟာ လောကရဲ့အယူအဆနဲ့ ဆန့်ကျင်ဘက်၊ အချိန်များစွာတို့မှာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အယူအဆနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အခါ ကျွန်တော်တို့ မထိတ်လန့်သင့်ပါဘူး။ ဒီအတိုင်းပဲအမြဲဖြစ်ခဲ့ပါတယ်။ ကျွန်တော့ညီအစ်ကိုများနဲ့အတူ၊ ဗိမာန်တော်မှာ ကျွန်တော်ဒူးထောက်ပါတယ်။ သူတို့စိတ်ဝိညာဉ်များရဲ့ကောင်းမြတ်ခြင်းကို သက်သေပြုပါတယ်။ သူတို့ရဲ့အကြီးမားဆုံးဆန္ဒကတော့ ကိုယ်တော်ရှင်နှစ်သက်တော်မူစေဖို့နဲ့ ဘုရားသခင်၏သားသမီးများကို မျက်မှောက်တော်တို့ ပြန်လာရန်ကူညီဖို့ ဖြစ်ပါတယ်။

ခုနစ်ကျိပ်ဝင်၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၊ လူမှုသက်သာရေးအထွေထွေဥက္ကဌအဖွဲ့၊ အမျိုးသမီးလူငယ်အဖွဲ့၊ မူလတန်းအဖွဲ့နဲ့ အကူခေါင်းဆောင်အဖွဲ့တို့ဟာ လှပတဲ့တေးဂီတနဲ့ နက်နဲသောဆုတောင်းခြင်းများကဲ့သို့၊ ဒီညီလာခံမှာ အံ့ဩဖွယ်လမ်းပြလှုံ့ဆော်ချက်များကို ထပ်လောင်းခဲ့ကြပါတယ်။

အထွေထွေညီလာခံအမှာစကားတွေထဲမှာ သင်တို့ရှာဖွေတာကို စောင့်လျက်ရှိတဲ့ ကောင်းကင်ဘုံရှင် လမ်းပြရတနာသေတ္တာတစ်လုံးရှိပါတယ်။ ကျွန်တော်တို့အယောက်တိုင်းအတွက် စစ်ဆေးခြင်းကတော့ ကြားရတဲ့အရာ၊ ဖတ်ရတဲ့အရာနဲ့ ခံစားရတဲ့အရာကို ဘယ်လိုတုံ့ပြန်မလဲဆိုတာပဲဖြစ်ပါတယ်။

ပရောဖက်ပြုဟောချက်စကားတို့ကို တုံ့ပြန်ခြင်းအကြောင်း၊ ဥက္ကဌရပ်ဆဲလ် အမ်၊ နယ်လဆင်ရဲ့အသက်တာမှ အတွေ့အကြုံကို ကျွန်တော်ဝေငှပါရစေ။

တစ်ထောင့်ကိုးရာခုနစ်ဆယ့်ကိုးခုနှစ်တုန်းက၊အထွေထွေအာဏာရှိအဖြစ် အမှုတော်ဆောင်တာဝန်မတိုင်မီ ငါးနှစ်မှာ၊ ညီအစ်ကိုနယ်လ်ဆင်ဟာ အထွေထွေညီလာခံမတိုင်မီလေးမှာ အစည်းအဝေးတစ်ခုကို တက်ခဲ့ပါတယ်။ “ဧဝံဂေလိတရားတော်ကို ကမ္ဘာတစ်ခုလုံးသို့ ဆောင်ယူရာ၌ မိမိတို့ခြေလှမ်းများကို ဆန့်တန်းကြဖို့ တက်ရောက်သူအားလုံးကို ဥက္ကဌစပင်ဆာ ဒဗလျူ ကင်းမ်ဘောလ်က ဆင့်ခေါ်ခဲ့ပါတယ်။ နိုင်ငံတွေထဲမှာ ဥက္ကဌ ကင်းမ်ဘောလ် အထူးဖော်ပြခဲ့တာကတော့ တရုတ်နိုင်ငံဖြစ်ပြီး၊ ‘ကျွန်တော်တို့ဟာ တရုတ်လူမျိုးများသို့ အမှုတော်ဆောင်သင့်ပါတယ်။ သူတို့ရဲ့ဘာသာစကားကို ကျွန်တော်တို့ သင်ယူသင့်ပါတယ်။ သူတို့အတွက် ကျွန်တော်တို့ဆုတောင်းပြီး ကူညီသင့်ပါတယ်’လို့ ကြေညာပါတယ်’”။၁၈

ရုပ်ပုံ
ခွဲစိတ်ကုဆရာအဖြစ် ဥက္ကဌ ရပ်ဆဲလ်အမ်၊ နယ်လဆင်

အသက် ၅၄ နှစ်အရွယ်၊ ညီအစ်ကိုနယ်လဆင်ဟာ မန်ဒရင်းဘာသာစကားကို လေ့လာသင့်ကြောင်း အစည်းအဝေးတက်စဉ်မှာ ခံစားမိခဲ့ပါတယ်။ အလုပ်များတဲ့ခွဲစိတ်ကုဆရာတစ်ရောက်ဖြစ်သော်လည်း နည်းပြတစ်ယောက်ကို ချက်ချင်းငှားခဲ့ပါတယ်။

သင်ယူ စပြုလို့မကြာမီမှာပဲ၊ ဒေါက်တာနယ်လဆင်ဟာ အမေရိကန်နိုင်ငံအရှေ့ပိုင်းမှာ အစည်းအဝေးကြီးတစ်ခုကိုတက်စဉ် “အောင်မြင်ကျော်ကြားသော တရုတ်လူမျိုးခွဲစိတ်ကူဆရာ ဒေါက်တာဝူရင်ကိုင်ရဲ့ဘေးမှာ မမျှော်လင့်ဘဲ ထိုင်မိလျက်သားဖြစ်ခဲ့ပါတယ်။ ညီအစ်ကိုနယ်လဆင်ဟာ မန်ဒရင်းဘာသာစကားကို သင်ယူနေခဲ့တာကြောင့်၊ ဒေါက်တာဝူနဲ့ စကားစပြောခဲ့ပါတယ်။” ၁၉

ရုပ်ပုံ
ဒေါက်တာရပ်ဆဲလ် အမ်၊ နယ်လဆင်နှင့် ဒေါက်တာဝူရင်ကိုင်

ပရောနောက်ကိုလိုက်လျှောက်လိုတဲ့ ဒေါက်တာနယ်လဆင်ရဲ့ဆန္ဒက ဒေါက်တာဝူအား ဆော့လိတ်မြို့သို့ အလည်လာခြင်းကိုဖြစ်စေခဲ့ပြီး၊ ဒေါက်တာနယ်လဆင်ကိုလည်း ဟောပြောပို့ချဖို့နဲ့ ခွဲစိတ်ကုသခြင်းများဆောင်ရွက်ဖို့ တရုတ်နိုင်ငံသို့ ခရီးသွားခြင်းကိုဖြစ်စေခဲ့ပါတယ်။

တရုတ်လူမျိုးတို့အပေါ် သူရဲ့ချစ်ခြင်း၊ သူ့အပေါ် တရုတ်လူမျိုးတို့ရဲ့ချစ်ခြင်းနဲ့လေးစားမှုတို့ တိုးပွားခဲ့ပါတယ်။

၁၉၈၅၊ ဖေဖော်ဝါရီလမှာ တစ်ကျိပ်နှစ်ပါးအဖွဲ့သို့ အမှုတော်ဆောင်ဖိတ်ခေါ်ခြင်း ဆယ်လကြာပြီးနောက်၊ ဒေါက်တာနယ်လဆင်အား တရုတ်နိုင်ငံရဲ့အကျော်ကြားဆုံးပြဇာတ်အဆိုတော်၏နှလုံးချွတ်ယွင်းမှုကို ခွဲစိတ်ကုသဖို့ ဘေဂျင်းသို့လာပါမည့်အကြောင်းပန်ကြားလျက် တရုတ်နိုင်ငံမှ ဖုန်းခေါ်တာကို အယ်လ်ဒါနယ်လဆင် အံအားသင့်စွာလက်ခံရရှိခဲ့ပါတယ်။ ဥက္ကဌဂေါ်ဒွန် ဘီ၊ ဟင်ကလီရဲ့အားပေးတိုက်တွန်းမှုဖြင့်၊ အယ်လ်ဒါနယ်လဆင်ဟာ တရုတ်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။ နောက်ဆုံးအကြိမ် ခွဲစိတ်ကုသခြင်းကို သူဆောင်ရွက်ခဲ့တာကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာဖြစ်ပါတယ်။

ရုပ်ပုံ
ဥက္ကဌရပ်ဆဲလ်အမ်၊ နယ်လဆင်ဂုဏ်ပြုခံရခြင်း

လွန်ခဲ့တဲ့နှစ်နှစ်ကတင်၊ အောက်တိုဘာ ၂၀၁၅မှာ၊ “တရုတ်နိုင်ငံ၏မိတ်ဆွေဟောင်း” တစ်ဦးလို့ ဥက္ကဌရပ်ဆဲလ် အမ်၊ နယ်လဆင်ကိုအမည်ပေးလျက်၊ တရားဝင်ကြေညာချက်တစ်ခုနှင့်အတူ၊ ဂုဏ်ပြုတာကို တစ်ဖန်လက်ခံရရှိခဲ့ပါတယ်။

အဲဒီနောက် မနေ့ကတော့၊ ဥက္ကဌသောမတ်အက်စ်မုန်ဆင်၏”ပြီးခဲ့တဲ့ဧပြီ ညီလာခံတုန်းက ကျွန်တော်တို့အယောက်တိုင်းအား မော်မုန်ကျမ်းကို နေ့တိုင်း ဆုတောင်းချက်ထက်သန်စွာဖြင့် လေ့လာပြီး စဉ်းစားဆင်ခြင်ကြဖို့” ပန်ကြားချက်အကြောင်း ၊ ယခုကိုးဆယ့်သုံးနှစ်အရွယ် ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လဆင်ဟောပြောတာကို ကျွန်တော်တို့ ကြားရပါတယ်။

အလုပ်များသော နှလုံးခွဲစိတ်ကုဆရာတစ်ယောက်အနေနဲ့ မန်ဒရင်းဘာသာနည်းပြတစ်ယောက်ကို ငှားတုန်းက သူပြုသကဲ့သို့ပင်၊ ဥက္ကဌနယ်လဆင်ဟာ ဥက္ကဌမုန်ဆင်ရဲ့ ဩဝဒါကို ချက်ချင်းခံယူခဲ့ပြီး၊ သူ့အသက်တာမှာ ကျင့်သုံးခဲ့ပါတယ်။ ရိုးရိုးဖတ်ရှုခြင်းထက်ပိုပြီးတော့ “မော်မုန်ကျမ်းဆိုတာဘာလဲ၊အဲဒီကျမ်းက အခိုင်အမာဆိုတဲ့အရာ၊ အဲဒီကျမ်းကချေပတဲ့အရာ၊ အဲဒီကျမ်းကပြီးပြည့်စုံစေတဲ့အရာ၊ အဲဒီကျမ်းကရှင်းပြတဲ့အရာ၊နဲ့ အဲဒီကျမ်းကဖော်ပြတဲ့အရာတို့ကိုစာရင်းများပြုစုခဲ့ပါတယ်။” လို့ သူဆိုခဲ့ပါတယ်။၂၀

အဲဒီနောက်မှာတော့၊ စိတ်ဝင်စားဖွယ်ကောင်းစွာပါပဲခင်ဗျာ၊ ဒီမနက်ကတင်ပါပဲ၊ ဒုတိယသက်သေတစ်ဦးအဖြစ်၊ ဥက္ကဌ ဟင်နရီ ဘီ၊ အိုင်းရင်းကလည်း ဥက္ကဌမုန်ဆင်ရဲ့ ဆုံးမခြင်းအား သူတုံ့ပြန်ပုံကို ပြောခဲ့ပါတယ်။ ”များစွာသောသင်တို့လိုပါပဲ၊ ကိုယ်တော်ရှင်၏အသံတော် ကျွန်တော့ကို မိန့်တော်မူသကဲ့သို့ ကျွန်တော်ဟာ ပရောဖက်ရဲ့စကားကို ကြားနာခဲ့ပါတယ်။ ထို့အတူ၊ များစွာသောသင်တို့လိုပါပဲ၊ အဲဒီစကားတွေကို နာခံဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်” လို့ သူပြောခဲ့ပါတယ်။ ဒီစကားများကို သင်တို့မှတ်မိကြပါသလား ။၂၁

ဒီအရာကို ကျွန်တော်တို့ကိုယ်တိုင်ရဲ့အသက်တာအတွက် ပုံသက်သေအဖြစ် ကျွန်တော်တို့ရှုမြင်ကြပါစေ။

ကတိတော်နှင့် ကောင်းကြီးမင်္ဂလာ

ဒီအထွေထွေညီလာခံမှာသွန်သင်ခြင်းဖြစ်တဲ့ သင့်ထံသို့လာတဲ့ ကိုယ်တော်ရှင်ရဲ့အသံတော်ကို ကြားနာပြီးနောက်၊ နှိုးဆော်ချက်တွေကို ဆောင်ရွက်သမျှ သင့်အပေါ်၌ ကောင်းကင်ဘုံရဲ့လက်တော်ကို ခံစားရလျက်၊ သင့်အသက်တာနဲ့ သင့်ပတ်ဝန်းကျင်မှာရှိသောသူတို့၏အသက်တာများသည်လည်း ကောင်းကြီးခံစားရကြမှာဖြစ်ကြောင်း ကျွန်တော် ကတိပေးပါတယ်။၂၂

ဒီညီလာခံမှာ၊ ကျွန်တော်တို့ရဲ့ချစ်သောပရောဖက်အကြောင်းကို ကျွန်တော်တို့စဉ်းစားကြပါတယ်။ ဥက္ကဌမုန်ဆင်၊ ကျွန်တော်တို့ သင့်ကို ချစ်ပါတယ်။ ဒီတရားဟောပလ္လင်မှ ပြောခဲ့တဲ့ သူ့ရဲ့စကားများနဲ့ ကျွန်တော် နိဂုံးချုပ်ပါမယ်။ သူသာကျွန်တော်တို့နဲ့အတူ ရှိနိုင်မယ်ဆိုလျှင်၊ ဒီစကားတွေဟာ ကျွန်တော်တို့အယောက်တိုင်းကို သူပေးလိုတဲ့ ကောင်းကြီးမင်္ဂလာများဖြစ်ကြောင်း ကျွန်တော်ယုံကြည်ပါတယ်။ “ကျွန်တော်တို့ဒီညီလာခံမှ ထွက်ခွာတာနဲ့၊ ကောင်းကင်ဘုံမှ ကောင်းကြီးမင်္ဂလာများ သင်တို့အယောက်စီတိုင်းအပေါ်ရောက်ဖို့ ကျွန်တော်ပဌနာပြုပါတယ်။ ကောင်းကင်ဘုံရှင်အဘသည် သင်တို့နှင့် သင်တို့ရဲ့မိသားစုများကို ကောင်းကြီးပေးပါမည့်အကြောင်း ကျွန်တော်ဆုတောင်းပါတယ်။ ဒီညီလာခံရဲ့ အမှာစကားများနဲ့၊ ဝိညာဉ်တို့သည် သင်တို့ပြုသောအရာတိုင်း၊ သင်တို့၏အိမ်များ၊ သင်တို့၏အလုပ်ခွင်၊ သင်တို့၏အစည်းအဝေး၊ သင်တို့၏ အသွားအလာ မှန်သမျှတို့မှာ ဖော်ပြဖို့ နေရာတွေ့နိုင်ပါစေ”

သူနိဂုံးချုပ်ခဲ့တာကတော့ “သင်တို့ကို ကျွန်တော်ချစ်ပါတယ်။ သင်တို့အတွက် ဆုတောင်းပါတယ်။ ဘုရားသခင် ကောင်းကြီးပေးတော်မူပါစေ။ သူကတိထားတော်မူသော ငြိမ်သက်ခြင်းသည် ယခုကာလ၊ နောင်ကာလအစဉ်အဆက် သင်တို့နှင့်အတူ ရှိပါစေ” ဟုဖြစ်ပါတယ်။၂၃

ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. အယူဝါဒနှင့် ပဋိညာဉ်များ ၂၁း၁ တွင်ကြည့်ပါ။

  2. အယူဝါဒနှင့် ပဋိညာဉ်များ ၂၁း၅-၆

  3. ၁၈၃၆ခု၊ မတ်လ ၂၇ ရက်နေ့တွင်၊ ကာ့လန်းဗိမာန်တော်ဖွင့်ပွဲ၌ အောက်ပါအကြောင်းအရာ ဖြစ်ပွားခဲ့ကြောင်း ဂျိုးဇက်စမစ်မှတ်တမ်းတင်ခဲ့၏။

    “ထို့နောက်တွင်၊ ကျွန်တော်သည် မိန့်ခွန်းတိုတစ်ခုပြော၍၊ ပထမအဆင့်ဥက္ကဌအဖွဲ့ကို ပရောဖက်များ၊ မြင်သောသူများအဖြစ် အသိအမှတ်ပြုဖို့ အဖွဲ့အချို့နှင့် သန့်ရှင်းသူပရိတ်သတ်အပေါင်းကို တောင်းဆိုခဲ့ပြီး၊ သူတို့ဆုတောင်းခြင်းများဖြင့် အားပေးထောက်ခံခဲ့ပါတယ်။ သူတို့အားလုံးသည် ထိုသို့ပြုရန် လက်ကိုမြှောက်၍ပြခြင်းဖြင့် ပဋိညာဉ်ပြုခဲ့ပါတယ်။

    “ထို့နောက်တွင်၊ တက်ရောက်သော တမန်တော်တစ်ကျိပ်နှစ်ပါးတို့အား ပရောဖက်များ၊ မြင်သောသူများ၊ ဗျာဒိတ်ဟောသူများ၊ ထို့အတူ မြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့ထံ အထူးအသိသက်သေများအဖြစ်၊ အသိအမှတ်ပြုဖို့ အဖွဲ့အချို့နှင့် သန့်ရှင်းသူပရိတ်သတ်အပေါင်းကို ကျွန်တော်တောင်းဆိုခဲ့ပြီး၊ သူတို့၌ ဖွင့်ဖို့ သို့မဟုတ် အမှုတော်ပြီးမြောက်စေဖို့၊ နိုင်ငံတော်၏သော့များကိုကိုင်ဆောင်လျက်၊ သဘောတူကြောင်းလက်ကိုမြှောက်ခြင်းဖြင့်၊ သူတို့ဆုတောင်းခြင်းများဖြင့် အားပေးထောက်ခံခဲ့ပါတယ်။” (အသင်းတော်ဥက္ကဌများ၏သွန်သင်ခြင်းများ၊ ဂျိုးဇက်စမစ်[၂၀၀၇]၊ ၂၀၅)။

  4. အယူဝါဒနှင့် ပဋိညာဉ်များ ၆၈း၄

  5. အယူဝါဒနှင့် ပဋိညာဉ်များ ၁း၃၈

  6. ဥက္ကဌဟင်နရီ ဘီ၊ အိုင်းရင်း တစ်ချိန်ကပြောခဲ့ပါတယ်။

    “ပရောဖက်ပြုဟောသောဩဝါဒကို မယူဖို့ ရွေးချယ်ခြင်းသည် ကျွန်တော်တို့တည်ရှိရာ အဓိကမြေကြီးကို ပြောင်းလဲစေပါတယ်။ အဲဒါဟာ ပို၍အန္တရာယ်ကြီးလာပါတယ်။ ပရောဖက်ပြုဟောသောဩဝါဒကိုယူဖို့ ပျက်ကွက်ခြင်းဟာ အနာဂတ်မှာလမ်းပြလှုံ့ဆော်တဲ့ဩဝါဒကိုယူဖို့ ကျွန်တော်တို့ရဲ့စွမ်းအားကို လျော့ပါးစေပါတယ်။ နောဧအဖို့ သင်္ဘောတည်ဆောက်ခြင်းငှါအကူအညီတောင်းရန် ဆုံးဖြတ်ဖို့အကောင်းဆုံးအချိန်ဟာ သူပထမဦးဆုံးတောင်းခဲ့တဲ့အချိန်ဖြစ်ပါတယ်။ အကြိမ်တိုင်း သူတောင်းခဲ့ပြီးနောက်၊ တုန့်ပြန်ဖို့ပျက်ကွက်တဲ့အကြိမ်တိုင်းဟာ ဝိညာဉ်တော်၏တုံ့ပြန်မှုကို လျော့ပါးစေပါတယ်။ ထို့ကြောင့်၊ အကြိမ်တိုင်းမှာလည်း သူ့ရဲ့တောင်းဆိုခြင်းဟာ မိုးရွာလာတဲ့အထိ၊ ပို၍မိုက်မဲတဲ့လက္ခဏာဖြစ်လာခဲ့ပါမယ်။ အဲဒီအချိန်မှာတော့ အတော်နောက်ကျနေပါပြီ။

    “ကျွန်တော့အသက်တာမှာ ကျွန်တော်ဟာ လမ်းပြလှုံ့ဆော်တဲ့ဩဝါဒနောက်လိုက်လျှောက်ခြင်းကို နှောင့်နှေးဖို့ရွေးချယ်မိခဲ့၊ သို့မဟုတ် ကျွန်တော်ဟာခြွင်းချက်ရှိသူတစ်ယောက်ဖြစ်တယ်လို့ ဆုံးဖြတ်မိတဲ့အခါတိုင်းမှာ မိမိကိုယ်ကို ဒုက္ခရောက်ခြင်းရဲ့လမ်းသို့ရောက်စေခဲ့တို့အကြောင်း သိလာခဲ့ရပါတယ်။ ကျွန်တော်ဟာ ပရောဖက်များရဲ့ဩဝါဒကို နားထောင်ခဲ့တဲ့အခါတိုင်းမှာတော့၊ ဆုတောင်းခြင်း၌ အတည်ပြုပြီးနောက် လိုက်လျှောက်ခဲ့လို့၊ ဘေးကင်းရာဆီသို့ သွားခဲ့တယ်ဆိုတာ တွေ့ရပါတယ်”(“ ဩဝါဒ၌ ဘေးကင်းခြင်းကို ရှာဖွေခြင်း၊” အင်ဇိုင်း၊ မေ၊ ၁၉၉၇၊ ၂၅)။

  7. နီးလ် အယ်လ် အင်ဒါဆင်၊ “ပရောဖက်များကို ချစ်ဖို့ ကျွန်တော်တို့၏ကလေးများကို သွန်သင်ခြင်း၊” အင်ဇိုင်း၊ ဧပြီ၊ ၁၉၉၆၊ ၄၇။

  8. ဘွိုက် ကေ၊ ပက်ကာ တစ်ချိန်က ပြောခဲ့ပါတယ်။

    ဥက္ကဌ ဟဲရို့ ဘီ၊ လီးက ဗျာဒိတ်တော်ပါဝင်သောကိစ္စများအကြောင်းဖော်ပြချက်ကို ‘နက်ခင်းအစောပိုင်းအချိန်၌၊ ထိုအကြောင်းကို ကျွန်တော်နှလုံးသွင်းစဉ်းစားဆင်ခြင်စဉ်မှာ… ‘ စသောအတွေးဖြင့် အမှုများစွာကို စတင်ကြောင်း ကျွန်တော်ကြားခဲ့ရပါတယ်။ ဗျာဒိတ်တော်လိုအပ်သော အခက်အခဲများကို နံနက်စောစော လန်းဆန်းနိုးကြားသောအချိန်များ၌ ဖြေရှင်းဖို့ သူအလေ့အကျင့်လုပ်ခဲ့ပါတယ်။

    ‘လိုအပ်သည်ထက်ပို၍ကြာအောင်အိပ်ခြင်းကို ရပ်လော့၊ အိပ်ယာသို့ စောစောဝင်လော့၊ သင်သည် မမောပန်းပဲရှိနိုင်ပေ၏။ စောစောထလော့၊ သင့်ကိုယ်နှင့်စိတ်သည်အင်အားတိုးပွားနိုင်ပေ၏။’ဟု ကိုယ်တော်ရှင်သည် အယူဝါဒနှင့် ပဋိညာဉ်များကျမ်း၌ ညွှန်ကြားတော်မူစဉ်တွင် အရေးကြီးသည့်အရာကို သိတော်မူ၏။ (အယူ&ပဋိ ၈၈း၁၂၄။)...

    “စောစောအိပ် စောစောထ”ဟူသောဆိုရိုးစကား၏စွမ်းအားကို ကျွန်တော်သိခဲ့ရပါတယ်။ ကျွန်တော်သည် စိတ်ဖိစီးခံရသောအချိန်တွင်၊ ညဉ့်နက်ခံ၍အလုပ်လုပ်သည်ကို သင်တွေ့ရမည်မဟုတ်ပါ။ ကျွန်တော်သည် အိပ်ယာသို့သာ စောစောဝင်လိမ့်မည်ဖြစ်ပြီး၊ ဤအမှုတော်ကို လမ်းညွှန်တော်မူမည့်သူနှင့် သာ၍နီးနိုင်သော၊ သန်းကောင်ကျော်ပြီးနံနက်ခင်းအချိန်၌ အိပ်ယာမှထပါသည်။” (လုံ့လဝီရိယထက်သန်စွာဖြင့် သွန်သင်လော့ [၂၀၀၅]၊ ၂၄၄-၄၅)။

  9. နီးလ် အယ်လ်၊ အန်ဒါဆင်၊ “ သင် လုံလုံလောက်လောက်သိသည်၊” လီယာဟိုနာ၊ နို၊ ၂၀၀၈၊ ၁၃။

  10. သောမတ် အက်စ်၊ မုန်ဆင်၊ “ကျွန်တော်တို့တစ်ဖန်ပြန်တွေ့သည့်တိုင်၊”လီယာဟိုနာ၊မေ၊ ၂၀၁၄၊ ၁၁၅။

  11. သောမတ် အက်စ်၊ မုန်ဆင်၊ “ကျွန်တော်တို့တစ်ဖန်ပြန်တွေ့သည့်တိုင် ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူပါစေ၊”လီယာဟိုနာ၊ နို၊ ၂၀၁၂၊ ၁၁၀။

  12. ယောဟန် ၁၀း၄

  13. ဟင်နရီ ဘီ၊ အိုင်းရင်း၊ ”ကောင်းမြတ်သည်ကိုပြုဖို့ ကြောက်ခြင်းမရှိနှင့်၊” လီယာဟိုနာ၊ နို၊ ၂၀၁၇၊ ၁၀၃။

  14. ဒီးတာ အက်၊ ဥဒို့ရ်ဖ်၊ “အိမ်သို့ပြန်လိုသောစိတ်၊” လီယာဟိုနာ၊ နို၊ ၂၀၁၇၊ ၂၂၊၂၄။

  15. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “မော်မုန်ကျမ်း၊ ထိုကျမ်းမရှိလျှင် သင်၏အသက်တာအဘယ်သို့ ဖြစ်မည်နည်းလီယာဟိုနာ၊ နို၊ ၂၀၁၇၊ ၆၃။

  16. ဒလျံ အိပ်ခ်ျ၊ အုတ်၊ “အကြံအစည်တော်နှင့် ကြေညာချက်၊” လီယာဟိုနာ၊ နို၊ ၂၀၁၇၊ ၃၀။

  17. အမ်၊ ရပ်ဆဲလ် ဘောလာ့ဒ်၊ “ခြေလျင်ခရီးရှည် ဆက်ပြီးရှိ၏ လီယာဟိုနာ၊ နို၊ ၂၀၁၇၊ ၁၀၆။

  18. စပင်ဆာ ဂျေ၊ ကွန်ဒီ၊ ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ အဖ၊ ခွဲစိတ်ကုဆရာ၊ တမန်တော်(၂၀၀၃)၊ ၂၁၅။

  19. စပင်ဆာ ဂျေ၊ ကွန်ဒီ၊ ရပ်ဆဲလ်  အမ်၊ နယ်လဆင်၊၂၁၅။

  20. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “ မော်မုန်ကျမ်း၊ ထိုကျမ်းမရှိလျှင် သင်၏အသက်တာအဘယ်သို့ ဖြစ်မည်နည်း” ၆၁။

  21. ဟင်နရီ ဘီ၊ အိုင်းရင်း၊  “ကောင်းမြတ်သည်ကိုပြုဖို့ ကြောက်ခြင်းမရှိနှင့်”၁၀၀။

  22. ဂေါ်ဒွန် ဘီ၊ ဟင်ကလီ တစ်ချိန်က ပြောခဲ့ပါတယ်။

    ဖော်ပြထားသော သွန်သင်ခြင်းတို့အား ကျင့်သုံးခြင်းအား စမ်းသပ်ခြင်း ကျရောက်လိမ့်မည်။ နောက်နောင်တွင် ကျွန်တော်တို့သည် အနည်းငယ်သာ၍ ကြင်နာကြလျှင်၊ အနည်းငယ်သာ၍ အိမ်နီးချင်းကောင်းစိတ်ရှိကြလျှင်၊ ကယ်တင်ရှင်၏သွန်သင်ခြင်းနှင့် ပုံသက်သေနောက်သို့ လိုက်လျှောက်ရန် သာ၍ခိုင်မြဲသောကတိပေးဆုံးဖြတ်ချက်နှင့် သူ့ထံသို့ ချဉ်းကပ်ကြလျှင်၊ ထို့နောက်တွင် ဤညီလာခံသည် အံ့ဩဖွယ်အောင်မြင်မှုဖြစ်ပေလိမ့်မည်။ တစ်ဖက်တွင်၊ ကျွန်တော်တို့၏အသက်တာ၌ တိုးတက်မှုမရှိလျှင်၊ ဟောပြောခဲ့သောသူတို့၌ ကြီးစွာဆုံးရှိုခြင်းဖြစ်ပေလိမ့်မည်။

    ထိုပြောင်းလဲမှုတို့ကို တစ်နေ့ သို့မဟုတ်၊ တစ်ပတ်၊ သို့မဟုတ် တစ်လအတွင်း၌ တိုင်းတာနိုင်လိမ့်မည်မဟုတ်။ ထိုကတိပေးဆုံးဖြတ်ချက်တို့ကို လျှင်မြန်စွာပြု၍၊ လျှင်မြန်စွာပင်မေ့လျော့ကြ၏။ သို့ရာတွင်၊ ယခုမှစ၍ တစ်နှစ်အတွင်း၊ ကျွန်တော်တို့သည် ယခင်ကထက် သာ၍ကောင်းမြတ်ကြလျှင်၊ ယနေ့ကြိုးပမ်းမှုများသည် အချည်းအနှီးဖြစ်လိမ့်မည်မဟုတ်” (“ နှိမ့်ချ၍ကြေကွဲသောနှလုံးသား၊” အင်ဇိုင်း၊နို၊ ၂၀၀၀၊၈၈)။

  23. သောမတ် အက်စ်၊ မုန်ဆင်၊ “နိဂုံးစကား၊” လီယာဟိုနာ၊ မေ ၂၀၁၀၊ ၁၁၃။