၂၀၁၀-၂၀၁၉
ကျွန်တော်တို့ သူ့ကို ယုံကြည်စိတ်ချပါသလား။ အခက်အခဲသည် ကောင်းမြတ်၏
အောက်တိုဘာလ ၂၀၁၇


ကျွန်တော်တို့ သူ့ကို ယုံကြည်စိတ်ချပါသလား။ အခက်အခဲသည် ကောင်းမြတ်၏

ဘယ်လိုအကြောင်းအရာပဲဖြစ်ပါစေ၊ ယုံကြည်ခြင်းဖြင့်၊ ကိုယ်တော်ရှင်နှင့် သူ၏အကြံအစည်တော်ကို ယုံကြည်စိတ်ချခြင်းတို့ဖြင့် ရှေ့သို့တက်လှမ်းမည့်သူများအတွက် အခက်အခဲဆိုတာ ကောင်းမြတ်ခြင်းဖြစ်နိုင်ပါတယ်။

ကျွန်တော်မဟောပြောမီ၊ အားလုံးရဲ့ကိုယ်စားအနေနဲ့ လှိုက်လှဲသောလေစားတန်ဖိုးထားမှုကို ဖော်ပြလိုတာကတော့၊ လတ်တလောဖြစ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းများနဲ့ မြေငလျင်တို့၏ဖျက်ဆီးခြင်းတို့ကြောင့်၊ ထိခိုက်ခံစားခဲ့ရကြတဲ့ ကျွန်တော်တို့ကို အကူအညီနဲ့ မျှော်လင့်ခြင်းတို့ပေးခဲ့ကြတဲ့ ကူညီသောလက်များနဲ့ သူတို့ရဲ့ပံ့ပိုးသောသူအပေါင်းတို့ကို ပါပဲခင်ဗျာ။

၂၀၀၆ အောက်တိုဘာလမှာ၊ ကျွန်တော်၏ပထမဦးဆုံးအထွေထွေညီလာခံ မိန့်ခွန်းကို ဟောပြောခဲ့ပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာအသင်းတော်အတွက် အရေးကြီးသောအမှာစကားလို့ ကျွန်တော်ခံစားမိတဲ့ စကားမှာ “ ကျွန်တော်တို့ကို ကိုယ်တော်ရှင်ယုံကြည်စိတ်ချ၏” ဆိုတဲ့ အခိုင်အမာဆိုခြင်းကို ထည့်သွင်းဟောပြောခဲ့ပါတယ်။

သူဟာ ကျွန်တော်တို့ကို နည်းပေါင်းများစွာဖြင့် တကယ်ကို ယုံကြည်စိတ်ချပါတယ်။ ယခုသာသနာတော်ကာလအပိုင်းအခြားမှာ သူဟာ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အပြည့်အစုံကို ကျွန်တော်တို့အား ပေးတော်မူခဲ့ပါတယ်။ သူ၏ယဇ်ပုရောဟိတ်အခွင့်အာဏာကို သင့်တော်စွာအသုံးပြုဖို့ သော့ချက်အပြည့်အစုံနှင့်အတူ ကျွန်တော်တို့ထံ ယုံကြည်၍အပ်နှံပါတယ်။ အဲဒီတန်ခိုးအားဖြင့်၊ ကျွန်တော်တို့ဟာ ကောင်းကြီးပေးနိုင်၊ အစေခံနိုင်၊ ဘိသိက်မင်္ဂလာများကို လက်ခံရရှိနိုင်ပြီး၊ ပဋိညာဉ်များပြုနိုင်ကြပါတယ်။ သူဟာ သန့်ရှင်းသောဗိမာန်တော်အပါအဝင် သူ၏ပြန်လည်ပြင်ဆင်ထားသောအသင်းတော်ကို ကျွန်တော်တို့အား ယုံကြည်၍ လွှဲအပ်ပါတယ်။ မြေကြီးပေါ်မှာ စည်းနှောင်ပြီး၊ ကောင်းကင်ဘုံမှာလည်း စည်းနှောင်စေဖို့ သူဟာ ပေါင်းစည်းခြင်းတန်ခိုးကို သူ၏အမှုတော်ဆောင်တို့အား ယုံကြည်၍ လွှဲအပ်ပါတယ်။ သူဟာ ကျွန်တော်တို့အား သူ့သားသမီးများ၏လောကဆိုင်ရာမိဘများ၊ ဆရာများနဲ့ ကြည့်ရှုစောင့်ရှောက်သူများအဖြစ်တောင်မှ ယုံကြည်၍လွှဲအပ်တော်မူပါတယ်။

ကမ္ဘာ၏နေရာများစွာတို့၌ ဒီအထွေထွေအခွင့်အာဏာရှိအမှုတော်ဆောင်ခြင်း နှစ်များပြီးတဲ့နောက်၊ ကျွန်တော်တို့ကို သူယုံကြည်စိတ်ချတယ်ဆိုတာ ကျွန်တော်ပိုပြီးတော့သေချာစွာပင် ဟောပြောပါတယ်။

ယခုမှာ ဒီညီလာခံအဖို့ မေးခွန်းကတော့ ကျွန်တော်တို့ သူ့ကို ယုံကြည်စိတ်ချပါသလား ဆိုတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ သူ့ကို ယုံကြည်စိတ်ချပါသလားခင်ဗျာ။

ဥက္ကဌသောမတ်  အက်စ်၊ မုန်ဆင်က ကျွန်တော်တို့ကို မကြာခဏ သတိပေးတာကတော့” ကိုယ်တော်ရှင်ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။

“သွားလေရာရာ၌ သူ့ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။

“ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်” လို့ဖြစ်ပါတယ် (သုတ္တံ ၃း၅-၇) ။

သူ၏ပညတ်တော်များဟာ ကျွန်တော်တို့ကောင်းကျိုးအဖို့ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါသလား။ သူ၏ခေါင်းဆောင်များဟာ မစုံလင်ကြသော်လည်း၊ ကျွန်တော်တို့ကို ကောင်းစွာဦးဆောင်ကြပါသလား။ သူ၏ကတိတော်များဟာ သေချာပါရဲ့လား။ ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်တို့ဟာ ကျွန်တော်တို့ကို သိတော်မူကြပြီး၊ ကူညီလိုကြောင်းကို ကျွန်တော်တို့ ယုံကြည်စိတ်ချကြပါသလား။ စုံစမ်းခံရခြင်းများ၊ စိန်ခေါ်မှုများ၊ ခက်ခဲသောကာလများရဲ့အလယ်မှာတောင်မှ ကျွန်တော်တို့ သူ့ကို ယုံကြည်စိတ်ချလျက်ရှိကြပါသလားခင်ဗျာ။

အတိတ်ကို ပြန်သတိရလျက်၊ လူငယ်တစ်ယောက်အနေနဲ့ဖြစ်စေ၊ သာသနာပြုရာမှာဖြစ်စေ၊ အသက်မွေးမှုလုပ်ငန်းစတင်ရာမှာဖြစ်စေ၊ ကျွန်တော့အမှုတော်ဆောင်ခြင်းတာဝန်ကို တိုးမြှင့်ဆောင်ရွက်ရာမှာဖြစ်စေ၊ ကြီးမားတဲ့မိသားစုကို ထူထောင်ရာမှာဖြစ်စေ၊ သို့မဟုတ် ကိုယ်ထူကိုယ်ထဖြစ်ဖို့ ရုန်းကန်လှုပ်ရှားရာမှာဖြစ်စေ၊ ကျွန်တော်ဟာ အခက်ခဲဆုံးကာလတုန်းက အကောင်းဆုံးသင်ခန်းစာများကို ရခဲ့ပါတယ်။ “အခက်အခဲဟာ ကောင်းမြတ်တယ်”ဆိုတာ ထင်ရှားတဲ့လက္ခဏာရှိပါတယ်။

အခက်အခဲသည် ကောင်းမြတ်၏

အခက်အခဲဟာ ကျွန်တော်တို့ကို ပို၍ခွန်အားကြီးလာစေ၊ နှိမ့်ချလာစေပြီး၊ ကျွန်တော်တို့ကိုယ့်အစွမ်းကိုပြဖို့ အခွင့်အလမ်းကို ပေးပါတယ်။ လက်တွန်းလှည်းကိုတွန်းပြီးသွားခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ချစ်လှစွာသော ကနဦးအခြေချသူတို့ဟာသူတို့ရဲ့အလွန်ဆိုးရွားသောအခြေအနေမှာ ဘုရားသခင်ကို သိလာခဲ့ကြပါတယ်။ နီဖိုင်းနဲ့ သူ့ညီအစ်ကိုများအဖို့ ကြေးပုရပိုက်ပြားများကို ရယူရာမှာ အဘယ်ကြောင့် အခန်းကြီးနှစ်ခန်းစာကြာမြင့်ပြီးတော့၊ ဣရှေမလမိသားစုကို တောရိုင်းထဲသို့ သူတို့နဲ့အတူလိုက်ဖို့ သိမ်းသွင်းရာမှာ အပိုဒ်ငယ်နှစ်ပိုဒ်စာမျှသာကြာမြင့်ခဲ့ပါသလဲ။ ( ၁ နီဖိုင်း ၃-၇း၃-၅ တွင်ကြည့်ပါ) ။ ကိုယ်တော်ရှင်ဟာ နီဖိုင်းကို ပုရပိုက်ပြားများရယူရာမှာ ရုန်းကန်ခြင်းးဖြင့် ခွန်အားဖြည့်စေလိုတဲ့ လက္ခဏာရှိပါတယ်။

ကျွန်တော်တို့ရဲ့အသက်တာမှာ ခက်ခဲသောအရာတွေဟာ အံ့ဩစရာဖြစ်မနေသင့်ပါဘူး။ ကျွန်တော်တို့ ကိုယ်တော်ရှင်နဲ့ အစဦးဆုံးပြုတဲ့ ပဋိညာဉ်တွေထဲက တစ်ခုကတော့ စွန့်လွှတ်အနစ်နာခံခြင်းတရားကို ကျင့်သုံးဖို့ဖြစ်ပါတယ်။ စွန့်လွှတ်အနစ်နာခံခြင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ နှစ်လိုဖွယ်သောအရာတစ်စုံတစ်ခုကို စွန့်လွှတ်ခြင်းပါဝင်ပါတယ်။ နောက်ဖြစ်လာမယ့်ကောင်းကြီးမင်္ဂလာတွေနဲ့စာရင် အဲဒီစွန့်လွှတ်ခြင်းဟာ ပေးရသောအဖိုးအခ အနည်းငယ်သာဖြစ်ကြောင်း အတွေ့အကြုံအရ၊ကျွန်တော်တို့ နားလည်သဘောပေါက်ကြပါတယ်။ “အရာခပ်သိမ်းတို့ကို စွန့်လွှတ်အနစ်နာခံခြင်းမလိုအပ်သောဘာသာတရားမှာ အသက်နှင့် ကယ်တင်ခြင်းအတွက် လိုအပ်သော ယုံကြည်ခြင်းကို ဖြစ်ပွားစေဖို့ စွမ်းအားအလုံအလောက် အဘယ်တော့မျှမရှိ” လို့ ဂျိုးဇက်စမစ်၏ လမ်းညွှန်မှုအောက်မှာ ပြောစမှတ်ရှိခဲ့ပါတယ်။

ဘုရားဂုဏ်ဝင်တို့ဟာ ခက်ခဲသောအရာများနဲ့ ကျွမ်းဝင်ပြီးသားဖြစ်ကြပါတယ်။ လက်ဝါးကပ်တိုင်၌ကွပ်မျက်ခြင်းအားဖြင့် သေရခြင်းအပါအဝင်၊ အပြစ်ဖြေခြင်းမင်္ဂလာ၏ ကြောက်မက်ဖွယ်ကောင်းသော ဒုက္ခဝေဒနာခံစားခြင်းသို့ တစ်ပါးတည်းသောသားတော်ကို အဘဘုရားသခင်စွန့်လွှတ်အနစ်နာခံတော်မူခဲ့ပါတယ်။ ကျမ်းစာလာတာကတော့ ယေရှုခရစ်တော်ဟာ “သူခံစားရတဲ့ ဆင်းရဲဒုက္ခများအားဖြင့် နာခံခြင်းကို” သင်ယူတော်မူခဲ့ပါတယ်(ဟေဗြဲဩဝါဒစာ ၅း၈)။ သူဟာ အပြစ်ဖြေခြင်းမင်္ဂလာ၏ပြင်းစွာသောဝေဒနာကို စေတနာအလျောက် ခံစားတော်မူခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ ကျွန်တို့ကို တိုက်တွန်းဖို့၊ သတိပေးဖို့နဲ့ လမ်းညွှန်ဖို့ စိတ်ရှည်ရပါတယ်။ တစ်ခါတစ်ရံမှာ လစ်လျူရှုခံရ၊ အဓိပ္ပာယ်ကောက်အလွဲခံရ သို့မဟုတ်မော့လျော့တာခံရရုံပဲရှိပါတယ်။

အကြံအစည်၏တစ်စိတ်တစ်ပိုင်း

အခက်အခဲဟာ ဧဝံဂေလိတရားတော်အကြံအစည်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ယခုအသက်တာ၏ ရည်ရွယ်ချက်တွေထဲက တစ်ခုကတော့၊ ကျွန်တော်တို့အတွက် အထောက်အထားပြရဖို့ ဖြစ်ပါတယ် (အာဗြဟံ ၃း၂၅တွင်ကြည့်ပါ)။ အနည်းငယ်သောသူတို့သာ အယ်လမာရဲ့လူမျိုးတို့ထက် မထိုက်မတန်ပို၍ခံစားရကြပါတယ်။ သူတို့ဟာ ဆိုးညစ်တဲ့နောဧမင်းကြီးဆီက ထွက်ပြေးခဲ့သော်လည်း ၊ လာမန်အမျိုးသားတို့ဆီမှာ ကျွန်များဖြစ်လာရုံပဲရှိပါတယ်။ ထိုစုံစမ်းခံရခြင်းများတစ်လျှောက်၊ ကိုယ်တော်ရှင်ဟာ မိမိလူမျိုးတို့ကို ကျိုးနွံအောင်ဆုံးမတော်မူပြီး၊ “သူတို့ရဲ့ စိတ်ရှည်ခြင်းနဲ့ ယုံကြည်ခြင်းကို စမ်းသပ်တော်မူပါတယ်” (မိုဇိယ ၂၃း၂၁)။

လစ်ဘာတီအချုပ်ထဲဆိုးရွားသောနေ့များအတွင်း၊ ကိုယ်တော်ရှင်က ဂျိုးဇက်စမစ်အား “ထိုအမှုကို ကောင်းမွန်စွာကြံ့ကြံ့ခံ” ဖို့ သွန်သင်တော်မူခဲ့ပြီး (အယူ&ပဋိ ၁၂၁း၈)၊ သူထိုသို့ပြုလျှင်၊ “ ဤအရာခပ်သိမ်းတို့သည် သင့်အား အတွေ့အကြုံကိုပေး၍၊ သင်၏ကောင်းကျိုးအတွက်ဖြစ်လိမ့်မည်” လို့ ကတိထားတော်မူခဲ့ပါတယ် (အယူ&ပဋိ ၁၂၂း၇)။

“ ပို၍လွယ်သောအမှားအစား ပို၍ခက်ခဲသောအမှန်ကို ကျွန်တော်တို့ အမြဲရွေးချယ်ကြပါစို့” လို့ ဥက္ကဌသောမတ် အက်စ်၊ မောင်ဆင်က ပန်ကြားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဗိမာန်တော်များနဲ့စပ်လျဉ်းလို့ “ [ဗိမာန်တော်]ကောင်းကြီးမင်္ဂလာများကို လက်ခံရရှိဖို့ရာ မည်သည့်စွန့်လွှတ်အနစ်နာခံခြင်းမျှ အလွန်မကြီးမား၊ မည်သည့်အဖိုးအခမျှအလွန်မကြီးလေး၊ မည်သည့်ရုန်းကန်မှုမျှ အလွန်မခက်ခဲ” လို့ သူဖော်ပြခဲ့ပါတယ်။

သဘာဝလောကကြီးမှာ၊ အခက်အခဲဆိုတာ ဘဝသံသရာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကြက်ပေါက်စကလေးအဖို့ ဥအခွံအမာထဲက ဖောက်ထွက်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က အဲဒါကို လွယ်အောင်လုပ်ပေးမယ်ဆိုရင်၊ ကြက်ပေါက်ကလေးဟာ အသက်ရှင်ဖို့လိုအပ်တဲ့ခွန်အား မဖွံ့ဖြိုးတော့ပါဘူး။ အဲဒီလိုပဲ၊ လိပ်ပြာအတွက် ပိုးကောင်အိမ်မှ လွတ်မြောက်ဖို့ ရုန်းကန်လှုပ်ရှားခြင်းဟာ သူအသက်ရှင်သန်မယ့်ဘဝအတွက် ခွန်အားဖြည့်စေပါတယ်။

ဒီပုံသက်သေများအားဖြင့်၊ အခက်အခဲဆိုတာ မပြောင်းလဲသောအရာဖြစ်ကြောင်း ကျွန်တော်တို့တွေ့ရပါတယ်။ ကျွန်တော်တို့အားလုံးမှာ စိန်ခေါ်မှုတွေရှိကြပါတယ်။ ပြောင်းလဲနိုင်တဲ့အရာ ကတော့ အခက်အခဲကို ကျွန်တော်တို့ရဲ့တုံ့ပြန်ခြင်းပဲဖြစ်ပါတယ်။

တစ်နေရာမှာဆိုရင်၊ မော်မုန်ကျမ်းထဲကလူတွေဟာ “ကြီးစွာသောညှဉ်းဆဲခြင်းများ” နဲ့ “များစွာသောဆင်းရဲဒုက္ခများ” ကို ခံစားခဲ့ရကြပါတယ် “(ဟီလမန် ၃း၃၄)။ သူတို့ ဘယ်လိုတုံ့ပြန်ခဲ့ကြပါသလဲ။ “သူတို့သည် အကြိမ်ကြိမ်အစာရှောင်ပြီးဆုတောင်း၍ နှိမ့်ချခြင်း၌ ပို၍အားကြီးသည်ထက် အားကြီးလာလျက်၊ ခရစ်တော်၌ သူတို့၏ယုံကြည်ခြင်းသည် ခိုင်မြဲသည်ထက်ခိုင်မြဲလာခဲ့သည်မှာ၊ သူတို့စိတ်ဝိညာဉ်ကို ပျော်ရွှင်ခြင်း၊ သက်သာခြင်းတို့နှင့်ပြည့်ခြင်းသို့ရောက်သည့်တိုင်အောင်ပင်တည်း” (ဟီလမန် ၃း၃၅)။ တခြားပုံသက်သေတစ်ခုကတော့ စစ်ပွဲဖြစ်ရာနှစ်များပြီးမှ ဖြစ်ပေါ်ခဲ့ပါတယ်။ “နီဖိုင်းအမျိုးသားများနှင့် လာမန်အမျိုးသားများကြား၌ စစ်ပွဲ၏အလွန်တာရှည်သောအချိန်ကြောင့်၊ များစွာသောသူတို့သည် မာကျောလာခဲ့ကြလေ၏။ များစွာသောသူတို့သည် ဆင်းရဲဒုက္ခများကြောင့် ပျော့ပျောင်းလာခဲ့ကြလေသဖြင့်၊ ဘုရားသခင်၏ရှေ့၌ သူတို့ကိုယ်သူတို့ နှိမ့်ချခဲ့ကြ၏” (အယ်လမာ ၆၂း၄၁)။

ကျွန်တော်တို့အယောက်တိုင်းဟာ အခက်ခဲဆီသို့ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုကို ရွေးချယ်ကြပါတယ်။

လွယ်ကူခြင်းကို သတိထားပါ။

ဒီအမှုတော်ဆောင်တာဝန်မတိုင်မီတုန်းက ကျွန်တော်ဟာ ဟူစတန်တက်ဆက်မှာ ငွေရေးကြေးရေးအတိုင်ပင်ခံတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့အလုပ်အများစုဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ငွေသန်းပေါင်းများစွာကြွယ်ဝသူတွေနဲ့ အလုပ်လုပ်ရတာဖြစ်ပါတယ်။ သူတို့အားလုံးနီးပါးဟာ ဘာမျှမရှိရာကနေ အလွန်အလုပ်ကြိုးစားခြင်းဖြင့် အောင်မြင်သောစီးပွားရေးကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော် ဝမ်းအနည်းဆုံးတစ်ခုကတော့၊ သူတို့အထဲမှ အချို့သူတွေဟာ သားသမီးတွေအတွက် အလွယ်တကူဖြစ်အောင် ပြုလုပ်လိုကြောင်းပြောတာကို ကြားရတာပါပဲ။ သားသမီးတွေကို သူတို့လိုမျိုး ဒုက္ခမခံစားစေချင်ကြပါဘူး။ တစ်နည်းအားဖြင့်၊ သူတို့ကိုအောင်မြင်စေခဲ့တဲ့ အဓိကလိုအပ်တဲ့အရာကို သားသမီးတွေပြုဖို့ ပိတ်ပင်ထားလိုကြတာပဲဖြစ်ပါတယ်။

ယှဉ်ကြည့်စရာအနေနဲ့၊ ထူးခြားတဲ့နည်းကို အသုံးပြုခဲ့တဲ့မိသားစုတစ်စုကို ကျွန်တော်တို့သိပါတယ်။ မိဘတွေဟာ ဂျေ၊  စီ၊ ပန်းနီရဲ့အဖေ ရှစ်နှစ်အရွယ်ရောက်တဲ့အခါ သူ့ကိုယ်ပိုင်ငွေနဲ့ရပ်တည်ခဲ့ကြောင်း ပြောပြခဲ့တဲ့ အတွေ့အကြုံအားဖြင့် လမ်းပြလှုံ့ဆော်မှုရခဲ့ကြပါတယ်။ သူတို့ကလည်း ကိုယ်ပိုင်ဟန်နဲ့ပါပဲ။ သူတို့ရဲ့သားသမီးတွေဟာ အထက်တန်းအောင်တဲ့အခါ ထပ်ဆင့်ပညာရေး( ကောလိပ်၊ ဘွဲ့လွန်ကျောင်း)နဲ့ သူတို့ရဲ့ ငွေရေးကြေးရေးထောက်ပံ့ခြင်း (တကယ့်ကိုယ်ထူကိုယ်ထ) အတွက် ကိုယ်ပိုင်ငွေနဲ့ ရပ်တည်ကြပါတယ် (အယူ&ပဋိ ၈၃း၄ တွင်ကြည့်ပါ)။ ပျော်ရွှင်စရာပါပဲ၊ သားသမီးတွေဟာ အမြော်အမြင်ရှိစွာ တုံ့ပြန်ကြပါတယ်။ သူတို့အားလုံးဟာ ကောလိပ်ဘွဲ့ရတွေဖြစ်ကြပြီး၊ အချို့ဟာ ဘွဲ့လွန်ကျောင်းကို ပြီးဆုံးခဲ့ကြပါတယ်။ အားလုံး ကိုယ့်အားကိုယ်ကိုးကြပါတယ်။ အဲဒါဟာ မလွယ်ပေမယ့်လည်း သူတို့လုပ်ခဲ့ကြတယ်။ ယုံကြည်မှုနဲ့ ရှေ့သို့တက်လှမ်းခဲ့ကြပါတယ်။

သူ့ကို ယုံကြည်စိတ်ချဖို့ ယုံကြည်ခြင်း

ကျွန်တော်တို့ သူ့ကို ယုံကြည်စိတ်ချကြပါသလားဆိုတဲ့မေးခွန်းကို၊ ကျွန်တော်တို့ သူ့ကို ယုံကြည်စိတ်ချဖို့ ယုံကြည်ခြင်းရှိကြပါသလားလို့ ဖော်ပြလျှင် ပို၍ကောင်းမှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ တိုးလာသောကိုးဆယ်ရာနှုန်းနဲ့ကိုယ်တော်ရှင်၏အကူအညီကိုပေါင်းခြင်းဖြင့်နေခြင်းဟာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ တစ်ရာရာနှုန်းဖြင့်နေခြင်းထက် ပို၍အဆင်ပြေပါတယ်ဆိုတဲ့ ဆယ်ဖို့တစ်ဖို့နဲ့စပ်လျဉ်းတဲ့ သူ၏ကတိတော်များကို ယုံကြည်စိတ်ချဖို့ ကျွန်တော်တို့မှာယုံကြည်ခြင်းရှိကြပါသလားခင်ဗျာ။

ကျွန်တော်တို့ဆင်းရဲဒုက္ခများဖြစ်နေချိန်၌ သူအကြည့်အရှုကြွတော်မူမည့်အကြောင်း (မိုဇိယ၂၄း၁၄ တွင်ကြည့်ပါ)၊ ကျွန်တော်တို့နဲ့ ရန်တွေ့သောသူများကို သူရန်တွေ့တော်မူမည့်အကြောင်း (ဟေရှာယ ၄၉း၂၅၂ နီဖိုင်း ၆း၁၇ တွင်ကြည့်ပါ) ၊ နောက်ပြီး ကျွန်တော်တို့ရဲ့ဆင်းရဲဒုက္ခများကို ကျွန်တော်တို့အကျိုးအတွက် သူရည်စူးတော်မူမည့်အကြောင်း (၂  နီဖိုင်း ၂း၂ တွင်ကြည့်ပါ) တို့ကို ယုံကြည်စိတ်ချဖို့ ကျွန်တော်တို့မှာ လုံလောက်သောယုံကြည်ခြင်းရှိကြပါပြီလားခင်ဗျာ။

ကျွန်တော်တို့ကို ဇာတိပကတိနဲ့ဝိညာဉ်ပကတိနှစ်ခုစလုံးမှာ သူကောင်းကြီးပေးနိုင်တော်မူမည့်အကြောင်း၊ သူ၏ပညတ်တော်များကို စောင့်ထိန်းဖို့လိုအပ်သောယုံကြည်ခြင်းကို ကျွန်တော်တို့ပြုကြမှာပါလား။ နောက်ပြီးတော့၊ ကျွန်တော်တို့ကို သူ့မျက်မှောက်တော်မှာ လက်ခံနိုင်တော်မူစေခြင်းငှာ ကျွန်တော်တို့အဆုံးတိုင်အောင် ဆက်၍သစ္စာရှိကြမှာပါလားခင်ဗျာ (မိုဇိယ ၂း၄၁ တွင်ကြည့်ပါ)။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာ သူ့ကို ယုံကြည်စိတ်ချဖို့ ယုံကြည်ခြင်းရှိနိုင်ကြပါတယ်။ သူဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်တဲ့အရာကို အလိုတော်ရှိပါတယ် (မောရှေ ၁း၃၉ တွင်ကြည့်ပါ)။ သူဟာကျွန်တော်တို့ရဲ့ဆုတောင်းချက်များကို အဖြေပေးတော်မူပါမယ် (အယူ&ပဋိ ၁၁၂း၁၀ တွင်ကြည့်ပါ)။ သူဟာ ကတိတော်များကို တည်တော်မူပါမယ်(အယူ&ပဋိ ၁း၃၈ တွင်ကြည့်ပါ)။ သူ့မှာ ထိုကတိတော်များကိုတည်ဖို့ တန်ခိုးတော်ရှိတော်မူပါတယ် (အယ်လမာ ၃၇း၁၆ တွင်ကြည့်ပါ)။ သူဟာ အရာတိုင်းကို သိတော်မူပါတယ်။ နောက်ပြီး၊ အရေးအကြီးဆုံးအဖြစ်၊ သူဟာအကောင်းဆုံးဖြစ်သောအရာကို သိတော်မူပါတယ် (ဟေရှာယ ၅၅း၈-၉တွင်ကြည့်ပါ)။

အန္တရာယ်ရှိသောလောက

ဒီနေ့ခေတ်ကျွန်တော်တို့ရဲ့လောကဟာ ခက်ခဲပါတယ်။ ကျွန်တော်တို့မှာ နေရာတိုင်းလိုလို၌ မကောင်းမှု၊ နိုင်ငံတိုင်းမှာ အကျင့်ပျက်မှု၊ လုံခြုံတဲ့နေရာတွေမှာတောင်ရောက်နေတဲ့အကြမ်းဖက်မှု၊ စီးပွားရေးပြိုလဲမှု၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အနာရောဂါ၊ သဘာဝဘေးအန္တရာယ်များ၊ ပြည်တွင်းစစ်များ၊ မတရားအုပ်စိုးသောခေါင်းဆောင်းများ စသဖြင့် ရှိကြပါတယ်။ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ။ ကျွန်တော်တို့ ထွက်ပြေးမှာလား၊ တိုက်မှာလား။ ဘယ်အရာက မှန်ကန်ပါသလဲ။ ဘယ်ရွေးချယ်မှုပဲဖြစ်ဖြစ် အန္တရာယ်ရှိနိုင်ပါတယ်။ ဂျော့ဝါရှင်တန်နဲ့ သူ့တပ်များအဖို့ တိုက်ခိုက်ဖို့ဆိုတာ အန္တရာယ်များပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ကနဦးအခြေချသောဘိုးဘေးတို့အဖို့လည်း ထွက်ပြေးဖို့ဆိုတာ အန္တရာယ်များပါတယ်။ နယ်လဆင်မင်ဒဲလားအဖို့ လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားဖို့ဆိုတာ အန္တရာယ်များပါတယ်။ မကောင်းမှုဘက်က အောင်နိုင်ဖို့လိုအပ်တာကတော့ ကောင်းသောလူများဘာမျှမလုပ်ဘဲနရုံမျှသာဖြစ်တယ်လို့ ဆိုထားတာရှိပါတယ်။

ကြောက်ခြင်းမရှိနှင့်

ကျွန်တော်တို့ဟာ ဘာပဲလုပ်လုပ်၊ ကြောက်တတ်သောစိတ်သဘောကြောင့်၊ မဆုံးဖြတ်သင့်၊ မပြုလုပ်သင့်ပါဘူး။ အမှန်မှာတော့၊ “ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အားပေးတော်မူသည်မဟုတ်” (၂  တိ ၁း၇)။ (စံပြအမှု၌ “ကြောက်ခြင်းမရှိနှင့်” ဆိုတဲ့စကားစုကို တစ်ထောင့်လေးရာငါးဆယ့်ကိုးကြိမ်တွေ့ရတယ်ဆိုတာ သင်တို့သိပါသလား) စိတ်ပျက်အားလျှော့ခြင်းနဲ့ ကြောက်ခြင်းဟာ ရန်သူရဲ့လက်နက်များဖြစ်ကြောင်း ကိုယ်တော်ရှင်က ကျွန်တော့ကို သွန်သင်ခဲ့ပါတယ်။ ခက်ခဲသောအချိန်များအတွက် ကိုယ်တော်ရှင်ရဲ့အဖြေကတော့ ယုံကြည်ခြင်းဖြင့် ရှေ့သို့တက်လှမ်းခြင်းပဲဖြစ်ပါတယ်။

အခက်အခဲဆိုတာဘာလဲ

ကျွန်တော်တို့ အယောက်တိုင်းမှာ အခက်အခဲဆိုတာဘာလဲ ဆိုတာနဲ့ပတ်သက်လို့ ကွဲပြားသောထင်မြင်ချက်ရှိနိုင်ပါတယ်။ ငွေရေးကြေးရေးကျပ်တည်းတဲ့အခါ ဆယ်ဖို့တစ်ဖို့ကို ပေးဖို့ခက်ခဲတယ်လို့ အချို့က တွေးတောချင်တွေးတောကြပါလိမ့်မယ်။ ခေါင်းဆောင်များဟာ ဆင်းရဲသောသူများဆယ်ဖို့တစ်ဖို့ ပေးဖို့မျှော်လင့်ရတာ တစ်ခါတစ်ရံမှာ အခက်အခဲတွေ့ရကြပါတယ်။ ကျွန်တော်တို့အထဲမှ အချို့သောသူများအတွက်၊ လက်ထပ်ဖို့ရာ ယုံကြည်မှုဖြင့်ရှေ့သို့တက်လှမ်းဖို့၊ သို့မဟုတ် မိသားစုတစ်စုထူထောင်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ “သူတို့အား ကိုယ်တော်ရှင်ခန့်ခွဲတော်မူသောအရာတို့နဲ့ ကျေနပ်ဖို့ရာ” အခက်အခဲတွေ့ရသောသူတို့ ရှိကြပါတယ် ((အယ်လမာ ၂၉း၃)။ ကျွန်တော်တို့ရဲ့လက်ရှိ အမှုတော်ဆောင်တာဝန်နဲ့ ကျေနပ်ဖို့ရာ အခက်အခဲရှိနိုင်ပါတယ် (အယ်လမာ ၂၉း၆)။ အသင်းတော်စည်းကမ်းဟာ အလွန်ပြင်းထန်တဲ့လက္ခဏာရှိသော်လည်း၊ အချို့သောသူများအတွက်၊ မှန်သောနောင်တရခြင်း၏အစကို အမှတ်ပေးခြင်းဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရာပဲဖြစ်စေ၊ ယုံကြည်ခြင်းဖြင့်၊ ကိုယ်တော်ရှင်နှင့် သူ၏အကြံအစည်တော်ကို ယုံကြည်စိတ်ချခြင်းတို့ဖြင့် ရှေ့သို့တက်လှမ်းမည့်သူများအတွက် အခက်အခဲဆိုတာ ကောင်းမြတ်ခြင်းဖြစ်နိုင်ပါတယ်။

ကျွန်တော်၏သက်သေ

ကျွန်တော့ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော့နောက်က ဒီခေါင်းဆောင်များကို ဘုရားသခင်ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ သူတို့ရဲ့အလိုဆန္ဒဟာ၊ ကိုယ်တော်ရှင်ကို ကောင်းစွာအစေခံဖို့နဲ့ ကျွန်တော်တို့စိတ်နှလုံးထဲ၌ ဧဝံဂေလိတရားတည်မြဲစေရာမှာ ကူညီဖို့ဖြစ်ပါတယ်။ ကျွန်တော် သူတို့ကို ချစ်ပါတယ်၊ ထောက်ခံပါတယ်။

ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်ကို ကျွန်တော်ချစ်ပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်တော်မူသောအရှင် ဖြစ်လာဖို့ ခမည်းတော်နဲ့ ကျွန်တော်တို့ကို လုံလုံလောက်ချစ်တဲ့အကြောင်း၊ အဲဒီလိုချစ်ခြင်းအားဖြင့်၊ သူ့အား” နာကျင်မှုကြောင့်တုန်လှုပ်ခြင်း၊ ချွေးပေါက်တိုင်းမှ သွေးထွက်ခြင်း၊ ထို့အတူ၊ ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်နှစ်ခုစလုံးခံစားရခြင်း”တို့ဖြစ်စေသည့်တိုင်အောင် သူခံစားရတဲ့အကြောင်းတို့ကို ကျွန်တော်အံ့ဩမိပါတယ် (အယူ&ပဋိ ၁၉း၁၈)။ သို့သော်လည်း၊ ဒီထိတ်လန့်ဖွယ်အလားအလာနဲ့ လိုအပ်ချက်ကို ရင်ဆိုင်လျက်၊ “အကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်” (လုကာ ၂၂း၄၂) လို့ ခမည်းတော်ထံသို့ သူအတည်ပြုခဲ့ပါတယ်။ “ သူသည် ဤအရပ်၌မရှိ၊ အကြောင်းမူကား ထမြောက်တော်မူလေပြီ” ဟုဆိုသော ကောင်းကင်တမန်၏စကားများ၌ ကျွန်တော်ဂုဏ်ယူဝမ်းမြောက်ပါတယ် (မဿဲ ၂၆း၈)။

သူ့ရဲ့ပုံသက်သေဟာ အမှန်ပင်” လမ်းခရီး၊ သမ္မတရားနဲ့ အသက်” ဖြစ်ပါတယ် (ယောဟန် ၁၄း၆)။ အဲဒီပုံသက်သေနောက်သို့ လိုက်လျှောက်ခြင်းအားဖြင့်သာလျှင်၊ ကျွန်တော်တို့ဟာ ”ဤလောက၌ ငြိမ်သက်ခြင်း၊ ထို့အတူ၊ နောင်လာမည့်လောက၌ ထာဝရအသက်ကို” ရှာတွေ့နိုင်ကြမှာဖြစ်ပါတယ် (အယူ&ပဋိ ၅၉း၂၃)။ ကျွန်တော်ဟာ သူ့ရဲ့ ပုံသက်သေနောက်ကို လိုက်လျှောက်ပြီးတော့၊ သူ့ရဲ့ သွန်သင်မှုများကို ကျင့်သုံးတဲ့တာနဲ့အမျှ၊ သူရဲ့ “အလွန်ကြီးမြတ်၍အဖိုးထိုက်သောကတိတော်တိုင်း” (၂ ပေ ၁း၄) မှန်ကန်တော်မူကြောင်းကို ကျွန်တော်ကိုယ်တိုင် သင်ယူခဲ့ရပါတယ်။

ကျွန်တော့ရဲ့အကြီးမားဆုံးအလိုဆန္ဒများကတော့၊ ယေရှုခရစ်တော်၏မှန်သောတပည့်တော်တစ်ယောက်အဖြစ် မော်မုန်နှင့်အတူ ရပ်တည်ဖို့ (၃ နီဖိုင်း ၅း၁၃) နဲ့ တစ်နေ့မှာ “သာဓု၊ သစ္စာရှိသောငယ်သားကောင်း” (မဿဲ ၂၅း၂၁) လို့ သူ့နှုတ်တော်ကစကားကို ကြားရဖို့ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ယုံကြည်ခြင်းအကြောင်း ဟောပြောချက်များ(၁၉၈၅)၊ ၆၉။

  2. သောမတ် အက်စ် မုန်ဆင်၊”ရွေးချယ်မှုများ၊” လီယာဟိုနာ၊ မေ ၂၀၁၆၊ ၈၆။

  3. သောမတ် အက်စ် မုန်ဆင်၊” သန့်ရှင်းသောဗိမာန်တော်- လောကအတွက် မီးပြတိုက်၊၊” လီယာဟိုနာ၊ မေ ၂၀၁၁၊ ၉၂။

  4. ဂျွန် စတုဝပ် မေးလ်၊ စိန့် အင်ဒရူးတက္ကသိုလ်၌ ဟောပြောခဲ့သည့် အခမ်းအနားဖွင့်လှစ်ပွဲမိန့်ခွန်း၊ ဖေ၊ ၁၊ ၁၈၆၇ (၁၈၆၇)၊ ၃၆။