၂၀၁၀-၂၀၁၉
မရှိမဖြစ်သောအမှန်တရားများ- ကျွန်ုပ်တို့၏ပြုမူရန်လိုအပ်ချက်
အောက်တိုဘာလ ၂၀၁၇


မရှိမဖြစ်သောအမှန်တရားများ- ကျွန်ုပ်တို့၏ပြုမူရန်လိုအပ်ချက်

ပထမရူပါရုံနဲ့ ပရောဖက်ဂျိုးဇက်စမစ်သည် ကျွန်တော်တို့ရဲ့ ယခုဘဝပျော်ရွှင်ခြင်းနဲ့ ချီးမြှောက်ခံရခြင်းအတွက် မရှိမဖြစ်လိုအပ်သောအသိဉာဏ်နဲ့ အမှန်တရားကို ဖော်ထုတ်ခဲ့ပါတယ်။

ကျွန်တော်ခုနစ်နှစ်အရွယ်တုန်းက ကျွန်တော့အမေကို “အမေနဲ့ကျွန်တော် သေပြီးကောင်းကင်ကိုသွားတဲ့အခါ၊ အမေက ကျွန်တော့အမေအဖြစ်ဆက်ရှိနေဦးမှာလား”လို့ မေးခဲ့ပါတယ်။ သူမက အဲဒီလိုမေးခွန်းမျိုးကို မျှော်လင့်မထားခဲ့ပါဘူး။ ဒါပေမယ့် သူသိသမျှနဲ့ပဲ “မဟုတ်ဘူး၊ ကောင်းကင်ဘုံမှာဆိုရင် ငါတို့တွေဟာာ ညီအစ်ကိုမောင်နှမတွေဖြစ်ကြမှာ။ ငါက မင်းရဲ့အမေဖြစ်မှာမဟုတ်ဘူး”လို့ ဖြေပါတယ်။ အဲဒါကတော့ ကျွန်တော်မျှော်လင့်နေတဲ့ အဖြေမဟုတ်ပါဘူး။

အဲဒီလိုပြောဆိုပြီးသိပ်မကြာမီမှာဘဲ လူငယ်နှစ်ယောက် ကျွန်တော်တို့အိမ်တံခါးပေါက်ကို ရောက်လာခဲ့ပါတယ်။ အံ့ဩဖွယ်ကောင်းတာကတော့၊ ကျွန်တော့အဖေက သူတို့ကို အိမ်ထဲဝင်ခွင့်ပြုခဲ့ပါတယ်။ သူတို့တတွေဟာ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်မှ သာသနာပြုများဖြစ်ကြောင်း ပြောကြပါတယ်။

အယ်လဒါများလို့ ကျွန်တော်တို့ခေါ်တဲ့သူများဟာ ကျွန်တော်တို့မိသားစုကို စပြီးသင်ကြားပေးကြပါတယ်။ ကျွန်တော်တို့အိမ်ကို သူတို့လာတဲ့အခါတိုင်း ပျော်ရွှင်ရ၊ စိတ်လှုပ်ရှားရတာတွေကို ကျွန်တော် ကောင်းကောင်း မှတ်မိပါတယ်။ လူငယ်တစ်ယောက်ဟာ ဘယ်အသင်းတော်မှန်ကန်ကြောင်း ဘုရားသခင်ကို မေးဖို့ တောအုပ်လေးထဲကို သွားခဲ့ပြီး၊ ဘုရားသခင်နဲ့ ယေရှုခရစ်တော်ကိုမြင်ခဲ့ကြောင်း သူတို့က ပြောပြခဲ့ပါတယ်။ အဲဒီရူပါရုံအကြောင်း သရုပ်ဖော်ပေါ်ပုံတစ်ခုကို အယ်လ်ဒါတွေက ကျွန်တော်တို့ကို ပြပါတယ်။ အဲဒါကိုမြင်ရတဲ့အခါမှာ၊ ဂျိုးဇက်စမစ်ဟာ အဘဘုရားသခင်နဲ့ ယေရှုခရစ်တော်ကို အသေအချာမြင်ခဲ့ကြောင်း ကျွန်တော်သိခဲ့ပါတယ်။ ဒီရူပါရုံကြောင့်၊ ယေရှုခရစ်တော်၏မှန်သောအသင်းတော်ဟာ မြေကြီးပေါ်မှာတစ်ဖန်ရှိလာကြောင်း သာသနာပြုတွေက ပြောကြပါတယ်။

ရုပ်ပုံ
ပထမရူပါရုံ

သာသနာပြုတွေဟာ ဘုရားသခင်ရဲ့ ပျော်ရွှင်ခြင်းအကြံအစည်တော်ကိုလည်း ကျွန်တော်တို့အား သင်ကြားပေးပြီး ဘာသာရေးအကြောင်း ကျွန်တော်တို့မိသားစုရဲ့မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။ မိသားစုများသည်၊ ယခုဘဝ၏နောက်၌ အဖေ၊ အမေ၊ နောက်ပြီးတော့ သားများနဲ့ သမီးများအဖြစ် အမှန်ပင် အတူတကွရှိနိုင်ကြောင်း သူတို့က ကျွန်တော်တို့ကို သင်ကြားပေးခဲ့ပါတယ်။

ကျွန်တော်တို့မိသားစု နှစ်ခြင်းခံခဲ့ကြပါတယ်။ အကျင့်ဟောင်းတွေကိုပြောင်းလဲခြင်း၊ ရိုးရာဓလေ့တွေကို စွန့်လွှတ်ခြင်းနဲ့ အသင်းတော်ရဲ့ တက်ကြွတဲ့အသင်းသားဖြစ်လာခြင်းတို့ရဲ့လမ်းဟာ အချိန်အတော်ကြာအောင် ခလုတ်ကန်သင်း များလှပါတယ်။ ဒါပေမယ့်လည်း ဘုရားသခင်ရဲ့ ကရုဏာတော်နဲ့ချစ်ခြင်းနှင့်အတူ၊ ကျွန်တော့ရဲ့ များစွာသောခေါင်းဆောင်များနဲ့ အသင်းသားများရဲ့အကူအညီနဲ့ ကျွန်တော်တို့ဟာ ပထမဦးဆုံးသော ခက်ခဲတဲ့နှစ်တွေကို ဖြတ်ကျော်ခဲ့ကြပါတယ်။

အသင်းတော်သို့ ဝင်ခဲ့ကြပြီးဖြစ်တဲ့ သန်းပေါင်းများစွာသောသူများကဲ့သို့ပင် ပြောင်းလဲ၍၊ သီတင်းပတ်တစ်ပတ်စီမှာ နှစ်ခြင်းခံလျက်ရှိကြတဲ့များစွာသောသူတို့ဟာ ပထမရူပါရုံအကြောင်းသက်သေခံချက်ကို ရရှိကြပြီးဖြစ်ပါတယ်။ ကျွန်တော်တို့တတွေဟာ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်၏ရိုးရှင်းသော အမှန်တရားများအတိုင်း နေထိုင်ဖို့ ကြိုးစားတာနဲ့အမျှ၊ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့တစ်ဦးချင်းစီသို့ ဒီသက်သေကို အကြိမ်ကြိမ် ထပ်ခါတလဲလဲ ပြတော်မူနိုင်ပါတယ်။

ပထမရူပါရုံနဲ့ ပရောဖက်ဂျိုးဇက်စမစ်သည် ကျွန်တော်တို့ရဲ့ ယခုဘဝပျော်ရွှင်ခြင်းနဲ့ ဘုရားသခင်၏မျက်မှောက်တော်မှာ ချီးမြှောက်ခံရခြင်းအတွက် မရှိမဖြစ်လိုအပ်သောထပ်ဆင့်အသိဉာဏ်နဲ့ အမှန်တရားကို ဖော်ထုတ်ခဲ့ပါတယ်။ လူငယ်လေးတစ်ယောက်ဒူးထောက်ပြီးရိုးသားစွာဆုတောင်းခြင်းကြောင့် ကျွန်တော်တို့ရရှိခဲ့ပြီး၊ ပြုမူရမယ့် အမှန်တရားများထဲမှ သုံးခုကို ဖော်ပြပါမယ်။

ဘုရားသခင်သည် ကျွန်တော်တို့ကို ဦးဆောင်လမ်းပြဖို့ ပရောဖက်များကို ဖိတ်ခေါ်တော်မူပါတယ်။

ပထမရူပါရုံနဲ့ ပရောဖက်ဂျိုးဇက်စမစ်ထံမှ ကျွန်တော်တို့ သိရတဲ့ မရှိမဖြစ်အမှန်တရားတစ်ခုကတော့ ဘုရားသခင်သည် ကျွန်တော်တို့ကို သွန်သင်ဖို့၊ လမ်းပြဖို့၊ သတိပေးဖို့နဲ့ ဦးဆောင်ဖို့ ပရောဖက်များ၊ မြင်သောသူများနဲ့ ဗျာဒိတ်ဟောသူများကို ဖိတ်ခေါ်တော်မူခြင်းဖြစ်ပါတယ်။ ဤလူများဟာ ကိုယ်တော်ရှင်၏နာမတော်ဖြင့် အခွင့်အာဏာနှင့် ဟောပြော၍ ဆောင်ရွက်ဖို့ ဘုရားသခင်၏ မြေကြီးပေါ်ရှိစကားပြောခွက်များဖြစ်ပါတယ်။သူတို့ရဲ့သွန်သင်ခြင်းကို တိကျစွာလိုက်လျှောက်ခြင်းအားဖြင့်၊ ကျွန်တော်တို့ဟာ ကာကွယ်ခံရပြီး၊ ဒီမြေကြီးပေါ်၌ ကျွန်တော်တို့ရဲ့လမ်းခရီးမှာ အကောင်းဆုံး ကောင်းကြီးမင်္ဂလာများကို ရရှိကြမှာဖြစ်ပါတယ်။

ဘရင်ဂ်ဟမ်ယယ်းတက္ကသိုယ်မှာ လူငယ်၊ လူပျို၊ သာသနာပြုခဲ့ပြီးသူတစ်ယောက်အဖြစ် ကျွန်တော်ပညာသင်ယူစဉ်က ဗိမာန်တော်ရင်ပြင်ရှိ ဘုရားဝတ်ပြုရာနေရာမှာ အထွေထွေညီလာခံ ယဇ်ပုရောဟိတ်ကဏ္ဍကို တက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက အသင်းတော်ရဲ့ဥက္ကဌဖြစ်တဲ့ ဥက္ကဌအီဇရာတပ်ဗင်ဆင်က သာသနာပြုခဲ့ပြီးသူတိုင်းအား အိမ်ထောင်ပြုခြင်းကို အလေးအနက်စဉ်းစားဖို့နဲ့ ဘဝမှာ ပထမဦးစားပေးအဖြစ်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီကဏ္ဍပြီးတဲ့နောက်မှာတော့၊ ကျွန်တော်ဟာ နောင်တရဖို့ ဖိတ်ခေါ်ခံရခြင်းနဲ့ ပရောဖက်ရဲ့ဩဝါဒအတိုင်း ဆောင်ရွက်ဖို့လိုအပ်ခြင်းတို့ကို သိခဲ့ရပါတယ်။

ဒီလိုနဲ့ ကျွန်တော်ဟာ ဇနီးရှာရန် နေရပ်နိုင်ငံဘရာဇီးလ်နိုင်ငံကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘရာဇီးလ်ကို မပြန်မီလက်တွေ့အသုံးချကာလနှစ်လမှာ ကျွန်တော်ဟာ ကျွန်တော့အမေနဲ့ သူငယ်ချင်းအချို့ကို ဖုန်းဆက်ပြီးတော့၊ ဇနီးဖြစ်ဖို့အလားအလာရှိတဲ့ မိန်းမပျို ဆယ်ယောက်လောက်ကို စာရင်းပြုခဲ့ပါတယ်။

ဘရာဇီးလ်ကိုရောက်တဲ့အခါ များစွာစဉ်းစားဆင်ခြင်ဆုတောင်းပြီးနောက်မှာတော့၊ ကျွန်တော်ဟာစာရင်းထဲမှာပါတဲ့မိန်းမပျိုတွေထဲက တစ်ယောက်ကိုတွေ့လို့ ချိန်းတွေ့၊ စေ့စပ်ကြောင်းလမ်းပြီး၊ လက်ထပ်မယ့်ရက်ကို သတ်မှတ်ခဲ့ပါတယ်။ အဲဒီလို ချိန်းတွေ့ပြီး စေ့စပ်ကြောင်းလမ်းခြင်းဟာ၊ ပရိုဗို၊ ယုတမှာရှိတဲ့ကျောင်းသားတွေကို စံချိန်ချိုးခြင်းမဟုတ်ပါဘူး။ ဒါပေမယ့် ဘရာဇီးစံနှုန်းအတွက်ကတော့ မြန်ဆန်လှပါတယ်။

လအနည်းငယ်ကြာပြီးနောက်၊ အယ်လိန်းကို ကျွန်တော် လက်ထပ်ခဲ့ပါတယ်။ သူမဟာ ကျွန်တော့ဘဝရဲ့အချစ်နဲ့ အကောင်းဆုံး ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။

လူတိုင်းကို အလားတူစာရင်းမျိုးပြုသင့်တယ်လို့ ကျွန်တော်အကြံမပြုလိုပါဘူး။ ဒါပေမယ့် ကျွန်တော်အကြံပြုချင်တာကတော့- အကြံပြုတာထက်ပိုချင်ပိုပါလိမ့်မယ်။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ အသက်ရှင်တဲ့ပရောဖက်ပြောတဲ့အခါ ကျွန်တော်တို့အမြဲတမ်း ဆောင်ရွက်ရကြပါမယ်။

ရုပ်ပုံ
ဥက္ကဌသောမတ် အက်စ်၊ မုန်ဆင်၏ပုံတူပန်းချီကား

ဘုရားသခင်၏ယနေ့ပရောဖက်ကတော့ ဥက္ကဌသောမတ် အက်စ်၊ မုန်ဆင်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့ဩဝါဒကို တိကျစွာလိုက်နာခြင်းအားဖြင့် ကောင်းကြီးခံစားရကြပါမယ်။

ဘုရားသခင်၏မှန်သောပကတိသဘောကိုသိခြင်း

ပထမရူပါရုံနဲ့ ပရောဖက်ဂျိုးဇက်စမစ်ကြောင့် ကျွန်တော်တို့ သိရတဲ့နောက်ထပ် အမှန်တရားတစ်ခုကတော့ ဘုရားသခင်၏မှန်သောပကတိသဘောပဲဖြစ်ပါတယ်။ ဘုရားသခင်သည် ကျွန်တော်တို့ကဲ့သို့ ထိကိုင်သိမြင်နိုင်သော အသားနဲ့အရိုးရှိတဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်တဲ့အကြောင်း၊ကျွန်တော်တို့နားလည်နိုင်တဲ့ဘုရားသခင်၊ သူကိုယ်တိုင်နဲ့ သူ့သားတော်ကို သူ့ပရောဖက်များ- ရှေးပရောဖက်များနှင့် ယခုနောက်ပိုင်းကာလပရောဖက်များတို့အား ဖော်ပြတော်မူသော၊ အမှန်ဖြစ်သောဘုရားသခင်ကို ကျွန်တော်တို့ ကိုးကွယ်နိုင်တဲ့အကြောင်း သိရခြင်းဟာ ဘယ်လောက်မင်္ဂလာရှိသလဲဆိုတာ တွေးကြည့်ပါလားခင်ဗျာ။ သူဟာ ကျွန်တော်တို့ရဲ့ဆုတောင်းချက်များကို ကြားတော်မူ၍ အဖြေပေးတော်မူသော ဘုရားသခင်၊ ၁၀အထက်ကောင်းကင်ဘုံမှနေ၍၁၁ကျွန်တော်တို့ကို ကြည့်ရှုစောင့်ရှောက်လျက် ကျွန်တော်တို့ရဲ့ဇာတိပကတိနဲ့ ဝိညာဉ်ပကတိကောင်းကျိုးကို အမြဲတမ်းအလေးထားသောဘုရားသခင်၊ သူ့နောက်ကိုလိုက်လျှောက်ဖို့နဲ့ သူ၏ပညတ်တော်များကိုနာခံဖို့ အကျပ်ကိုင်ခြင်းမရှိဘဲ ကျွန်တော်တို့ကိုယ်တိုင်ဆုံးဖြတ်ဖို့ ရွေးချယ်ပြုမူခွင့်ကိုပေးတော်မူခဲ့သောဘုရားသခင်၊၁၂ ကျွန်တော်တို့အား ကောင်းကြီးမင်္ဂလာများပေးတော်မူပြီး၊ ကျွန်တော်တို့ကြီးထွားလျက် သူလိုဖြစ်လာနိုင်စေခြင်းငှာ စုံစမ်းခံရခြင်းများကိုလည်း အခွင့်ပေးတော်မူသောဘုရားသခင် ဖြစ်ပါတယ်။

ယခုဘဝနဲ့ ထာဝရကာလမှာ ကျွန်တော်တို့ပျော်ရွှင်ခြင်းနဲ့ပျော်မွေ့နိုင်ရာ အကြံအစည်တော်ကို ပေးသနားတော်မူသည့် ချစ်သောဘုရားသခင်ဖြစ်ပါတယ်။

ယေရှုခရစ်တော်သည် ကျွန်တော်တို့၏ကယ်တင်ရှင်ဖြစ်၏။

ကျွန်တော်တို့ဘာသာတရား၏အခြေခံအုတ်မြစ်ဖြစ်သည့် ကိုယ်တော်ရှင်ယေရှုခရစ်တော်၏အမှန်ဖြစ်ခြင်းနှင့် သန့်ရှင်းမွန်မြတ်သောသာသနာပြုခြင်းအကြောင်း အသိဉာဏ်ကို ပထမရူပါရုံနှင့် ပရောဖက်ဂျိုးဇက်စမစ်ထံမှ ကျွန်တော်တို့ ရရှိခဲ့ကြပါတယ်။

လောကသို့ သေခြင်းဝင်ရောက်လာခဲ့သဖြင့်၊ ယခုကျွန်တော်တို့ အမှန်အသက်ရှင်သမျှ တစ်နေ့မှာသေရမှာပါ။ သေခြင်း၏အကျိုးဆက်တွေထဲမှ တစ်ခုကတော့၊ ကျွန်တော်တို့သဘာဝခန္ဓာ၏အစဉ်ဆုံးရှုံးခြင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ အဲဒီခန္ဓာကို ပြန်တောင်းဖို့ ဘာတစ်ခုမျှတတ်နိုင်မှာမဟုတ်ပါဘူး။ ထပ်၍ပြောရလျှင်၊ ကျွန်တော်တို့အားလုံး ဒီမြေကြီးပေါ်ရှိ လမ်းခရီးမှာ အပြစ်ပြုခဲ့ကြသောကြောင့်၊ ကောင်းကင်ဘုံရှင်အဘရဲ့မျက်မှောက်တော်ကို ဘယ်တော့မျှပြန်သွားနိုင်မည်မဟုတ်ပါ။

ဘုရားသခင်၏မျက်မှောက်တော်မှ ပယ်ရှားခံရပြီး ခန္ဓာကို ဘယ်တော့မျှပြန်မရခြင်းရဲ့အကျိုးဆက်တို့ကို ခင်ဗျားတို့တွေးနိုင်ပါသလား။

ကျွန်တော်တို့ကို သေခြင်းနဲ့အပြစ်တို့မှ လွတ်မြောက်ဖို့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်တော်မူသောအရှင် လိုအပ်ပါတယ်။ ကောင်းကင်ဘုံရှင်အဘ၏လမ်းညွှန်မှုအောက်၌ ယေရှုခရစ်တော်သည် မြေကြီးသို့ ကြွလာတော်မူခဲ့ပြီး၊ ကားတိုင်ပေါ်မှာသေ၍၊ရှင်ပြန်ထမြောက်ခဲ့ခြင်းဟာ ကျွန်တော်တို့လည်းပဲ ရိုးးသားသောနောင်တရခြင်းနှင့်အတူ၊ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်တို့ကိုပြု၍ စောင့်ထိန်းခြင်းအားဖြင့်ရှင်ပြန်ထမြောက်နိုင်ပြီး၊ ဘုရားသခင်၏မျက်မှောက်တော်ကို တစ်ဖန်ပြန်ရောက်ဖို့ဖြစ်ပါတယ်။

ယာကုပ်က “အို ဤကြောက်ရွံ့ဖွယ်ကောင်းသည့် ဘီလူး၏ဖမ်းဆီးဆုပ်ကိုင်ခြင်း၊ အထူးသဖြင့် ထိုဘီလူး၊ ကိုယ်ခန္ဓာ၏သေခြင်းနှင့် ဝိညာဉ်၏သေခြင်းဟုလည်း ငါခေါ်သည့် သေခြင်းနှင့် ငရဲမှ ငါတို့၏လွတ်မြောက်ခြင်းအတွက် နည်းလမ်းကို ပြင်ဆင်ပေးသူ ငါတို့ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်းကား ကြီးလှပေစွတကား”ဟု ရှင်းပြခဲ့ပါတယ်။၁၃

ရုပ်ပုံ
သင်္ချိုင်းတွင်းဘေးမှ ယေရှုနှင့် မာရိ

ယေရှုသည် ကတိထားတော်မူခဲ့သည့် မေရှိယ၊ ပညတ်တရားရှင်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသောဘုရား၊ ကျွန်တော်တို့၏ကိုယ်တော်ရှင်၊ ကျွန်တော်တို့၏ကယ်တင်ရှင်၊ ကျွန်တော်တို့၏ရွေးနှုတ်တော်မူသောအရှင်၊ ကျွန်တော်တို့၏ရှင်ဘုရင်၊ ကျွန်တော်တို့၏အလုံးစုံဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးသည် ဘုရားသခင်နဲ့ သူ၏ချစ်သားထံသို့ နာခံခြင်းကို ဆက်ကပ်ကြလျက် ဤမရှိမဖြစ်သောအမှန်တရားများနှင့် အသိဉာဏ်တို့အတိုင်း ဆောင်ရွက်နိုင်ကြပါစေ။ ယေရှုခရစ်တော်၏နာမတော်မြတ်၌၊ အာမင်။