၂၀၁၀-၂၀၁၉
သူကျွန်တော်တို့ကိုချစ်သည့်နည်းတူ အချင်းချင်းချစ်ကြလော့
အောက်တိုဘာလ ၂၀၁၇


သူကျွန်တော်တို့ကို ချစ်သည့်နည်းတူ အချင်းချင်း ချစ်ကြလော့

အခြားသောသူတို့ကို စစ်မှန်သောချစ်ခြင်းဖြင့် အစေခံခြင်းနှင့် ခွင့်လွှတ်ခြင်းတို့အားဖြင့် ကျွန်တော်တို့ဟာ အနာကင်းနိုင်ပြီး၊ မိမိတို့၏စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ ခွန်အားကို ရရှိနိုင်ကြပါတယ်။

နောက်ဆုံးညစာစားစဉ်အတွင်းမှာ ကယ်တင်ရှင်က သူ့ရဲ့တပည့်တော်တို့ကို ပညတ်တော်အသစ်တစ်ခုပေး၍ မိန့်တော်မူတာကတော့

“သင်တို့သည် အချင်းချင်းချစ်ကြလော့ဟူသော ပညတ်သစ်ကို ငါပေး၏။” သင်တို့ကိုငါ ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့။

သင်တို့သည် အချင်းချင်း ချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုချစ်ခြင်းကိုထောက်၍ သင်တို့သည် “ငါ၏တပည့်တော်များဖြစ်သည်ကို သိရကြလိမ့်မည်။” .”

ကယ်တင်ရှင်ရဲ့တပည့်တော်တို့အား သာ၍များတဲ့တစ်စုံတစ်ရာ၊ သာ၍ကြီးမားတဲ့တစ်စုံတစ်ရာ၊ သာ၍မြင့်မြတ်တဲ့တစ်စုံတစ်ရာကို ဆောင်ရွက်စေဖို့ ပညတ်တော်အသစ်တစ်ခုကို ပေးခဲ့ပါတယ်။

ချစ်ခြင်းဆိုတာ အပြုအမူဖြစ်ပါတယ်။ ချစ်ခြင်းဆိုတာ အစေခံခြင်းဖြစ်ပါတယ်။

“ချစ်ခြင်းဟာ အလေးထားမှု၊ စိတ်ဝင်စားမှုနဲ့ ခင်တွယ်မှုတို့ရဲ့ လေးနက်တဲ့ခံစားမှုဖြစ်ပါတယ်။ သူ့သားသမီးတွေအတွက် ဘုရားသခင်၏ချစ်ခြင်းရဲ့ အကြီးမားဆုံးပုံသက်သေကို ယေရှုခရစ်တော်၏ အတိုင်းမသိသော အပြစ်ဖြေခြင်းမင်္ဂလာမှာ တွေ့ရပါတယ်။”“ဘုရားသခင်သည် လောကကို အလွန်ချစ်တော်မူသောကြောင့်” ဆိုပြီးတော့ ရှင်ယောဟန်ရေးသားခဲ့သည်မှာ “သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ၊ ထာဝရအသက်ကိုရစေခြင်းငှာ သူ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။”“ဘုရားသခင်နဲ့ ကိုယ့်ရဲ့အပေါင်းအဖော်တွေကို ချစ်ခြင်းဆိုတာ ယေရှုခရစ်တော်၏တပည့်တော်များရဲ့ ထူးခြားတဲ့စရိုက်လက္ခဏာဖြစ်ပါတယ်။”

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက၊ ကျွန်တော်တို့ရဲ့ မြေးအကြီးဆုံး ဟိုဆေး လေးနှစ်အရွယ်မှာပေါ့၊ သူဟာ ကျွန်တော့ဇနီးနဲ့ ကစားလျက်ရှိပါတယ်။ သူတို့တတွေ ရယ်လိုက်မောလိုက်နဲ့ အတူတကွပျော်နေခိုက်မှာ ကျွန်တော်တို့ရဲ့မြေးက “အဘွား ကျွန်တော့ကိုချစ်သလား လို့ မေးပါတယ်။”

သူမကလည်း “ဟုတ်တောပေါ့ ဟိုဆေး မင်းကိုငါချစ်တယ်လို့” ဖြေပါတယ်။

အဲသည်နောက် သူက “အဘွားကျွန်တော့ကို ချစ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီးသိသလဲ” လို့ တခြားမေးခွန်းတစ်ခုကို မေးပါတယ်။

သူမကလည်း သူမရဲ့ခံစားချက်တွေကို ရှင်းပြပြီးတော့ သူမပြုခဲ့သမျှသောအရာတွေနဲ့ သူ့အတွက် ပြုဖို့ လိုလိုလားလားရှိတဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

နောက်တော့ ကျွန်တော့ဇနီးက ဟိုဆေးကို အဲဒီမေးခွန်းကိုပဲ အခုလို ထိရောက်တဲအမေးနဲ့ “မင်းငါ့ကို ချစ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီးသိသလဲလို့” မေးပါတယ်။

“ကျွန်တော့နှလုံးသားထဲမှာ ခံစားမိလို့ အဘွားကိုချစ်တာပေါ့”လို့ အပြစ်မဲ့ပြီး ရိုးသားတဲ့တုံ့ပြန်မှုနဲ့ သူကဖြေပါတယ်။ အဲဒီနေ့က ဟိုဆေးရဲ့ သူ့အဘွားအပေါ်ကိုချစ်ခြင်းအမူအကျင့်က အချစ်ဆိုတာ အပြုအမူများနဲ့အတူ၊ နက်စွာသောခံစားမှုများပေါင်းစပ်ထားခြင်းဆိုတာကို အမြဲအထင်အရှားပြပါတယ်။

“ရှုလော့၊ သင်တို့သည် ပညာကို သင်ယူကြစေခြင်းငှာလည်းကောင်း၊ သင်တို့အပေါင်းအဖော်များ၏အမှုကို ထမ်းဆောင်ခြင်း၌ ရှိသောအခါတွင် သင်တို့ဘုရားသခင်၏အမှုကို ထမ်းဆောင်ခြင်း၌ အမှန်ရှိကြကြောင်းကို သင်ယူကြစေခြင်းငှာလည်းကောင်း ဤအရာများကို သင်တို့အား ငါပြောပြပေ၏” ဟု ဗင်္ယာမိန်မင်းကြီးက သွန်သင်ခဲ့ပါတယ်။

အခြေအနေအမျိုးမျိုး ကြောင့် အလွန်များစွာဆင်းရဲဒုက္ခရှိတဲ့ ယနေ့လောကကြီးမှာ သတင်းစကားကို ရယ်စရာကောင်းတဲ့ စိတ်လှုပ်ရှားပုံလေးနဲ့အတူပို့ပေးတာတို့၊ ဒါမှမဟုတ် လှပတဲ့ဓာတ်ပုံကို “မင်းကိုငါချစ်တယ်” ဆိုတဲ့စကားတွေနဲ့အတူ စာတိုက်ကနေပို့ပေးတာတို့ဟာ ကောင်းလည်းကောင်း၊ တန်ဖိုးလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ပြုဖို့ လိုအပ်တာကတော့ ဆက်သွယ်ရေးကိရိယာတွေကို နောက်မှာထားခဲ့ပြီး၊ အရေးတကြီးလိုအပ်နေတဲ့ အခြားသူများကို ကျွန်တော်တို့ရဲ့ လက်တွေ၊ ခြေတွေနဲ့ ကူညီဖို့ပဲ ဖြစ်ပါတယ်။ အစေခံခြင်းကင်းတဲ့ အချစ်ဟာ အကျင့်ကင်းတဲ့ယုံကြည်ခြင်းနဲ့တူပါတယ်။ အမှန်ကတော့ အဲဒီအချစ်မျိုးဟာ အသေဖြစ်ပါတယ်။

အချစ်သည် ခွင့်လွှတ်ခြင်းဖြစ်၏။

ခရစ်တော်၏စင်ကြယ်သောအချစ်လို့ခေါ်တဲ့ မေတ္တာဟာ၊ ကျွန်တော်တို့တတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ပြုမူဖို့နဲ့အစေခံခြင်းပေးဖို့ကိုသာမကဘဲ ခွင့်လွှတ်နိုင်ခြင်းငှာ ခွန်အားရှိစေဖို့ကိုလည်း လမ်းပြလှုံ့ဆော်ပါတယ်။ ကျွန်တော့ဘဝကို သက်ရောက်မှုရှိပြီး ပြောင်းလဲစေခဲ့တဲ့ အတွေ့အကြုံတစ်ခုကို ဝေငှလိုပါတယ်။ တက်နဲ့ ရှာရုန်၊ နောက်ပြီး၊ ကူးပါ၏မိဘများက သူတို့မိသားစုမှာ လွန်ခဲ့တဲ့ကိုးနှစ်ကျော်က ဖြစ်ပျက်ခဲ့တဲ့အရာတစ်ခုကို ကျွန်တော်ဝေငှဖို့ ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ဒီအတွေ့အကြုံကို တက်၊ ကူးပါတို့ အဖေရဲ့ရှုထောင့်ကနေ ကျွန်တော်ပြောပြပါမယ်။

နှစ်ထောင့်ရှစ်ခု၊ ဩဂုတ်လ ၂၁ ရက်နေ့ဟာ ကျောင်းစဖွင့်တဲ့နေ့ဖြစ်ပြီး၊ ကူးပါရဲ့ အစ်ကိုသုံးယောက်ဖြစ်တဲ့ အီဗန်၊ ဂဲရက်နဲ့ လိုဂန်တို့အားလုံးဟာ ဘတ်စကားစီးဖို့ မှတ်တိုင်မှာ စောင့်နေကြပါတယ်။ လေး နှစ်အရွယ်ကူးပါကတော့ သူ့စက်ဘီးပေါ်ရောက်နေပါတယ်။ ကျွန်တော့ဇနီး ရှာရုန်က လမ်းလျှောက်လာခဲ့ပါတယ်။

ကျွန်တော့ဇနီးက လမ်းကိုဖြတ်ကူးပြီး၊ ကူးပါကိုလည်း ဖြတ်ကူးဖို့ ကိုယ်ဟန်လက်ဟန်ပြခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကားတစ်စီးက ဘယ်ဘက်ကိုဖြည်းဖြည်းကွေ့ပြီး ကူးပါရဲ့အပေါ်ကို လိမ့်သွားခဲ့ပါတယ်။

ကူးပါ ကားတိုက်ခံရတဲ့အကြောင်းကို အိမ်နီးချင်းတစ်ယောက်က ကျွန်တော်ကို ဖုန်းဆက်ပြီးပြောပြခဲ့ပါတယ်။ ကျွန်တော်လည်း သူ့ကိုကြည့်ရှုဖို့ ဘတ်စကားမှတ်တိုင်ကို အမြန်မောင်းလာခဲ့ပါတယ်။ ကူးပါဟာ မြက်ခင်းပေါ်မှာလဲနေပြီး၊ အသက်ရှူဖို့ ရုန်းကန်လျက်ရှိနေပါတယ်။ ဒါပေမယ့် မြင်ရတဲ့ဒဏ်ရာတော့မရှိပါဘူး။

ကျွန်တော်လည်း ကူးပါဘေးမှာ ဒူးထောက်ထိုင်ပြီး၊ “အဆင်ပြေသွားမှာပါ၊ အားတင်းထား” စသဖြင့် အားပေးစကားပြောခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ၊ ကျွန်တော့ယဇ်ပုရောဟိတ်မင်းအဖွဲ့ခေါင်းဆောင် နဿန်ဟာ သူ့ဇနီးနဲ့အတူ ရောက်လာခဲ့ပါတယ်။ ကျွန်တော်တို့ ကူးပါကို ယဇ်ပုရောဟိတ်ကောင်းကြီးပေးဖို့ အကြံပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကူးပါးရဲ့ခေါင်းပေါ်မှာ လက်တင်ခဲ့ပါတယ်။ ကောင်းကြီးပေးတုန်းက ကျွန်တော်ဘာပြောခဲ့တယ်ဆိုတာကို မမှတ်မိနိုင်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ပတ်လည်မှာ အခြားသောသူများ ရှိနေတာကိုတော့ ရှင်းလင်းစွာ မှတ်မိပါတယ်။ ကူးပါသေတော့မယ်ဆိုတာကို ကျွန်တော်သိခဲ့ရတာကတော့ အဲဒီအချိန်မှာပဲဖြစ်ပါတယ်။

ကူးပါကို ရဟတ်ယာဉ်နဲ့ ဆေးရုံကိုသယ်သွားခဲ့ပါတယ်။ သို့ပေမယ့်လည်း အမှန်တော့၊ သူသေသွားခဲ့ပါတယ်။ မြေကြီးပေါ်မှာ ကျွန်တော်၏ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ပြီးဆုံး၍၊ ကူးပါသည် သူ၏ကြည့်ရှုပြုစုခြင်းအောက်၌ရှိလေပြီဖြစ်ကြောင်း ကောင်းကင်ဘုံရှင်အဘက ကျွန်တော့အား မိန့်တော်မူလျက်ရှိတယ်လို့ ကျွန်တော်ခံစားခဲ့ရပါတယ်။

ကျွန်တော်တို့ဟာ ဆေးရုံပေါ်မှာ ကူးပါနဲ့အတူ အချိန်အတော်ကြာရှိနေနိုင်ခဲ့ပါတယ်။ အဲဒီမှာရှိတဲ့ လုပ်သားတွေက ကျွန်တော်တို့ သူ့ကိုထိတွေ့လျက်၊ နှုတ်ဆက်စကားပြောနိုင်ဖို့ ပြင်ဆင်ပေးခဲ့ပါတယ်။ ပြီးတော့ သူ့ကိုထိတွေ့လျက်၊ သူနဲ့အတူရှိနေဖို့ ကျွန်တော်တို့ အလိုရှိသလောက်အချိန်ကြာကြာ အခွင့်ပေးခဲ့ပါတယ်။

ဝမ်းနည်းပူဆွေးနေတဲ့ ကျွန်တော့ဇနီးနဲ့ ကျွန်တော်ဟာ အိမ်အပြန်လမ်းမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ကားမောင်းသူလူငယ်အကြောင်းကို ပြောစပြုခဲ့ပါတယ်။ သူဟာ ကျွန်တော်တို့ရပ်ကွက်နယ်နိမိတ်အတွင်း တစ်လမ်းကျော်မှာ နေခဲ့သော်လည်းပဲ သူ့ကို ကျွန်တော်တို့မသိခဲ့ပါဘူး။

နောက်တစ်နေ့မှာတော့၊ ကျွန်တော်တို့အားလုံးအားဟာ ဝမ်းနည်းပူဆွေးမှုဖြင့် လုံးဝမွန်းလျက်ရှိတာကြောင့် အလွန်ခက်ခဲလှပါတယ်။ ကျွန်တော်လည်း ဒူးထောက်ပြီး ကျွန်တော်ဆုတောင်းခဲ့လေဖူးသမျှထက် အရိုးသားဆုံး ဆုတောင်းခြင်းနဲ့ ဆုတောင်းခဲ့ပါတယ်။ ကောင်းကင်ဘုံရှင်အဘအား ကျွန်တော်၏မွန်းလျက်ရှိသောဝမ်းနည်းပူဆွေးမှုကို ပယ်ရှားပေးတော်မူဖို့ ကျွန်တော့ကယ်တင်ရှင်၏နာမတော်အားဖြင့် ဆုတောင်းခဲ့ပါတယ်။ သူက ပယ်ရှားပေးခဲ့ပါတယ်။

အဲဒီနေ့ရဲ့ နောက်မှာတော့၊ ကျွန်တော်တို့ရဲ့ မြိုနယ်ဥက္ကဌအတိုင်ပင်ခံအဖွဲ့မှ တစ်ယောက်က ကျွန်တော်တို့ကို ကားမောင်းသူလူငယ်နဲ့အတူ၊ သူ့မိဘတွေနဲ့ အတိုင်ပင်ခံရဲ့အိမ်မှာတွေ့ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ရှာရုန်နဲ့ ကျွန်တော်လည်း လူငယ်နဲ့သူ့မိဘတွေရောက်အလာကို စောင့်နေခဲ့ပါတယ်။ တံခါးဖွင့်တဲ့အခါ၊ သူတို့ကို ပထမဦးဆုံးအကြိမ်တွေ့ခဲ့ပါတယ်။ ကျွန်တော့သင်းအုပ်က ကျွန်တော့နားနားကိုကပ်ပြီး “သူ့ဆီကိုသွား”လို့ တိုးတိုးပြောပါတယ်။ ရှာရုန်နဲ့ကျွန်တော်တို့ဟာ သူ့ကိုဝိုင်းပြီးတော့ ပွေ့ဖက်ကြပါတယ်။ ကျွန်တော်တို့ဟာ အချိန်အတော်ကြာအောင် အတူတကွ ငိုခဲ့ကြပါတယ်။ ဖျက်ပျက်ခဲ့သောအရာသည် မတော်တဆထိခိုက်မှုဖြစ်ကြောင်းကို ကျွန်တော်တို့သိတဲ့အကြောင်း သူ့ကိုပြောပြခဲ့ပါတယ်။

ကျွန်တော်တို့ပြုမူခဲ့ပုံကို ခံစားမိခြင်းနဲ့ ကျွန်တော်တို့ယခုတိုင်အောင်ပြုလျက်ရှိခြင်းနှစ်ခုစလုံးဟာ အလွန်တရာအံ့ဩဖွယ်ကောင်းလှပါတယ်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်၊ ကျွန်တော်တို့ဟာ ထိုကြီးမားတဲ့လမ်းခရီး၊ ထင်ရှားတဲ့လမ်းခရီး၊ တစ်ခုတည်းသောလမ်းခရီးကို လျှောက်နိုင်ခဲ့ကြပြီး၊ ဒီသဘောကောင်းသောလူငယ်ကို ချစ်နိုင်ခဲ့ကြပါတယ်။

နှစ်များစွာတစ်လျှောက်မှာ ကျွန်တော်တို့ဟာ သူနဲ့သူ့မိသားစုကို အလွန်ရင်းနှီးလာခဲ့ကြပါတယ်။ သူကလည်း သူရဲ့အဖိုးတန်ဆုံးသမိုင်းမှတ်တိုင်ကာလတွေကို ကျွန်တော်တို့နဲ့ ဝေငှခဲ့ပါတယ်။ သူဟာ သာသနာပြုသွားဖို့ပြင်ဆင်ခဲ့လို့ ကျွန်တော်တို့တတွေ သူနဲ့အတူ ဗိမာန်တော်ကိုတောင် သွားခဲ့ကြပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘ ကျွန်တော်တို့ကို ချစ်တော်မူကြောင်း တက်က သံသယတစ်စုံတစ်ရာမရှိဘဲသိပါတယ်။ ခွင့်လွှတ်ဖို့နဲ့ ထိုနည်းအားဖြင့်ဝန်လေးခြင်းမှ သူ့ကိုယ်ကိုဖြေလျော့ဖို့ တတ်နိုင်ခြင်းသည် ခွင့်လွှတ်ခံရခြင်းကဲ့သို့ပင် ချိုမြိန်သည်ကိုလည်း သူသိပါတယ်။ ဤချိုမြိန်ခြင်းဟာ ကျွန်တော်တို့ရဲ့အကြီးမြတ်ဆုံးသော စံပြကိုယ်တော်၏ ပုံသက်သေနောက်သို့ လိုက်ခြင်းမှ ရောက်လာတာဖြစ်ပါတယ်။ မော်မုန်ကျမ်းထဲမှာ အယ်လမာက ကယ်တင်ရှင်၏အကြောင်းကို ဟောပြောခဲ့တာကတော့ “သူသည်လည်း နာကျင်မှုများ၊ ဆင်းရဲဒုက္ခများနှင့် စုံစမ်းနှောင့်ယှက်ခြင်းမှန်သမျှတို့ကို ခံစားလျက် ထွက်သွားလိမ့်မည်ဖြစ်၍၊ ဤအရာသည်ကား၊ သူ့လူမျိုးတို့၏နာကျင်မှုများနှင့် ဖျားနာခြင်းတို့ကို သူ့အပေါ်တွင် ခံယူလိမ့်မည်ဟု မိန့်တော်မူသော နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေခြင်းငှာပေတည်း” ဟု ဖြစ်ပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ စစ်မှန်သောချစ်ခြင်းနှင့် ခွင့်လွှတ်ခြင်းအကြောင်း ဘယ်လောက်အံ့ဩဖွယ်ကောင်းတဲ့ပုံပြင်ပါလဲခင်ဗျာ။ ကျွန်တော်တို့လည်း အခြားသူများကို အစေခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့အားဖြင့် ဝမ်းမြောက်ခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကို ရရှိနိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့မြေးတွေထဲက နောက်ထပ်တစ်ယောက်ဖြစ်တဲ့ ဂျော့ဂျီကတော့ “ကျွန်တော်တို့ဟာ ဘယ်လိုမိသားစုမျိုးဖြစ်ပါသလဲ”ဟု မကြာခဏမေးပြီး “ကျွန်တော်တို့ဟာ ပျော်ရွှင်သောမိသားစုဖြစ်ပါတယ်”ဟု တုံ့ပြန်လေ့ရှိပါတယ်။

ဥက္ကဌသောမတ် အက်စ်၊ မုန်ဆင်က ကျွန်တော်တို့ကို ဩဝါဒပေးခဲ့တာကတော့ “ကျွန်တော်တို့သည် ကျွန်တို့ဘဝကို စစ်ဆေး၍၊ ကြင်နာခြင်း၊ ချစ်ခြင်းနဲ့ မေတ္တာရှိခြင်းတို့အားဖြင့် ကယ်တင်ရှင်၏ပုံသက်သေနောက်သို့ လိုက်ဖို့ သန္နိဌာန်ချကြပါစို့ဟု ပြောပါတယ်။

ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘနဲ့ သူ၏သားတော်ယေရှုခရစ်တော်တို့ဟာ ကျွန်တော်တို့ကို ချစ်ကြပြီး၊ ကျွန်တော်တို့ကို သူတို့ချစ်သည့်နည်းတူ ကျွန်တော်တို့အချင်းချင်းချစ်၍ပြုမူစေဖို့ ကူညီခြင်းငှာ လိုလိုလားလားရှိကြပါတယ်။ အခြားသောသူတို့ကို စစ်မှန်သောချစ်ခြင်းဖြင့် အစေခံခြင်းနှင့် ခွင့်လွှတ်ခြင်းတို့အားဖြင့် ကျွန်တော်တို့ဟာ အနာကင်းနိုင်ပြီး၊ မိမိတို့၏စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ ခွန်အားကို ရရှိနိုင်ကြပါတယ်။ ထို့ကြောင့်၊ ယေရှုခရစ်တော်၏ နာမတော်အားဖြင့်ကျွန်တော်ဟောပြောပါ၏။ အာမင်။