၂၀၁၀-၂၀၁၉
ခြေလျင်ခရီးရှည် ဆက်၍ရှိ၏
အောက်တိုဘာလ ၂၀၁၇


ခြေလျင်ခရီးရှည် ဆက်၍ရှိ၏

ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘထံသို့ ပြန်သွားရတဲ့ ခြေလျင်ခရီးရှည်ဟာ ကျွန်တော်တို့အသက်တာရဲ့ အရေးကြီးဆုံး ခြေလျင်ခရီးရှည်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာ့ခုနှစ်ဆယ်တုန်းက၊ ဘရင်ဂ်ဟမ် ယမ်းဂ်ဟာ ဆော့လိတ်တောင်ကြားတစ်လျှောက်ပထမဆုံးအကြိမ်ကြည့်ပြီးတော့၊ “ ဒီနေရာဟာ မှန်သောနေရာဖြစ်တယ်”လို့ ကြေညာခဲ့ပါတယ်။ ကိုယ်တော်ရှင်ဖော်ပြတော်မူခဲ့သောကြောင့် ထိုနရာကို သိခဲ့ရပါတယ်။

တစ်ထောင့်ရှစ်ရာခြောက်ဆယ့်ကိုးရောက်တော့၊ သန့်ရှင်းသူခုနစ်သောင်းကျော်တို့ဟာ အလားတူ ခြေလျင်ခရီးရှည်ကို လျှောက်ခဲ့ကြပြီးဖြစ်ပါတယ်။ သူတို့မှာ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့လူမျိုးစုတို့ များစွာခြားနားမှုရှိသော်လည်း၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၏ပြန်လည်ပြင်ဆင်ခြင်း၊ နောက်ပြီးတော့၊ ကယ်တင်ရှင်ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် ပြင်ဆင်ရာအဖြစ် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ အလှတရားတို့ရဲ့ နေရာဖြစ်တဲ့ ဇိအုန်မြို့ကိုတည်ဆောက်လိုသောဆန္ဒများကို ဝေငှခဲ့ကြပါတယ်။

ရုပ်ပုံ
ဂျိန်းမန်နင်းဂျိမ်းစ်

ယုတပြည်နယ်ကို ရောက်လာတဲ့ ပထမဦးဆုံးသန့်ရှင်းသူတွေထဲမှာ ဂျိန်းမန်နင်းဂျိမ်းစ်ဟာ လွတ်မြောက်သောကျွန်တစ်ဦးရဲ့သမီး၊ ပြန်လည်ပြင်ဆင်ထားတဲ့အသင်းတော်သို့ ပြောင်းလဲသူ၊ နောက်ပြီး၊ ခက်ခဲသောစိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့တဲ့ အထူးခြားအပြောင်မြောက်ဆုံးတပည့်တော်တစ်ဦးဖြစ်ပါတယ်။ ညီအစ်မဂျိမ်းစ်ဟာ သူသေဆုံးချိန် တစ်ထောင့်ကိုးရာ့ရှစ်ခုနှစ်အထိ၊ ဆက်၍သစ္စာရှိခဲ့တဲ့ နောက်ပိုင်းကာလသန့်ရှင်းသူတစ်ဦးဖြစ်ပါတယ်။

“ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၌ ကျွန်မ၏ယုံကြည်ခြင်းသည် ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်သွန်သင်ခဲ့သမျှလောက်သာ ဒီနေ့မှာ ခွန်အားကြီးသည်ဟုဆိုလျှင်၊ မဟုတ်ပါ။ ကျွန်မပထမဦးဆုံးနှစ်ခြင်းခံသောနေ့မှာထက် ပိုပြီးခွန်အားကြီးသည်ဟုဆိုလျှင် ဖြစ်နိုင်ကြောင်း ဒီနေရာမှာ ကျွန်မပြောလိုပါသည်။ ကျွန်မသည် ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများကိုပေး၍၊ ပညာရှိစကားကို စောင့်ထိန်းလျက်၊ စောစောအိပ်၍ စောစောထပြီး၊ အားလုံးအတွက် ပုံသက်သေကောင်းအဖြစ်ရှိဖို့ ကျွန်မ၏ချည့်နဲ့သောနည်းဖြင့် ကြိုးစားပါသည်။” လို့ သူမ ရေးသားခဲ့ပါတယ်။

ညီအစ်မဂျိမ်းစ်ဟာ အလွန်များစွာသောအခြားနောက်ပိုင်းကာလသန့်ရှင်းသူများနည်းတူ၊ ဇိအုန်မြို့ကို သွေး၊ ချွေးနဲ့ မျက်ရည်တို့ဖြင့်တည်ဆောက်ရုံမျှမက၊ ရိုးသားစွာရှာသောသူအပေါင်းတို့၏ကြီးမြတ်သော ကုစားသူဖြစ်တဲ့ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကိုစွဲကိုင်ထားလျက်၊ ဧဝံဂေလိတရားတော်ကျင့်ဝတ်စည်းကမ်းများကို တတ်နိုင်သမျှအကောင်းဆုံးကျင့်သုံးခြင်းအားဖြင့် ကိုယ်တော်ရှင်၏ကောင်းကြီးမင်္ဂလာများကိုလည်း ရှာခဲ့ပါတယ်။

အစောပိုင်းသန့်ရှင်းသူများဟာ မစုံလင်ကြပါဘူး၊ ဒါပေမယ့် သူတို့ဟာအုတ်မြစ်တစ်ခုကို ချခဲ့ကြပြီး၊ အဲဒီအုတ်မြစ်အပေါ်မှာ ကျွန်တော်တို့ဟာ မိသားစုများကိုတည်ဆောက်လျက်၊ ယေရှုခရစ်တော်အပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်နဲ့ အနီးအဝေးမှာရှိတဲ့သူများကို ကူညီဖို့ ကျွန်တော်တို့ရဲ့ စေတနာကြိုးပမ်းမှုများကြောင့် အမျိုးမျိုးသော သတင်းဆောင်းပါးတွေမှာ အလေးထားခံရတဲ့၊ ချစ်တဲ့၊ ပဋိညာဉ်များကိုစောင့်ထိန်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်လျက်ရှိကြပါတယ်။

ဥက္ကဌအိုင်းရင်းခင်ဗျာ၊ သင့်ကို ချီးကျူးဂုဏ်ပြုသောအားဖြင့် တက္ကဆက်၊ မက္ကဆီကိုနဲ့ အခြားသောနေရာတွေမှာ အမှုဆောင်လျက်ရှိကြတဲ့၊ သောင်းပေါင်းများစွာသော အဝါရောင်ရှပ်အင်္ကျီဝတ်ကောင်းကင်တမန်များအတွက် လေးစားတန်ဖိုးထားမှုကို ကျွန်တော်ထပ်လောင်းပါရစေ။

ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ရဲ့ ကနဦးအဘိုးအဘွားတို့အပါအဝင်၊ ရှေ့မှ သွားနှင့်လေပြီးသောသူများနဲ့ ဆက်နွယ်မှုကို ဆုံးရှုံးမယ်ဆိုလျှင်၊ အလွန်အဖိုးထိုက်တန်တဲ့ရတနာကို ဆုံးရှုံးလိမ့်မယ်ဆိုတဲ့ လေးနက်သောခံယူချက် ကျွန်တော့မှာရှိပါတယ်။ “ခြေလှမ်းတိုင်း၌ ယုံကြည်ခြင်း” အကြောင်းကို အတိတ်မှာကျွန်တော်ပြောခဲ့သလို၊ အနာဂါတ်မှာလည်း ဆက်ပြီးပြောဦးမှာပါ။ ဘာကြောင့်လဲဆိုလျှင်၊ ကိုယ်တော်ရှင်ယေရှုခရစ်တော်နဲ့ သူ့ရဲ့ပြန်လည်ပြင်ဆင်ထားတဲ့ဧဝံဂေလိတရားတော်၌ အစောပိုင်းသန့်ရှင်းသူများရှိခဲ့သည်နှင့်တူသော ယုံကြည်ခြင်းမျိုး တက်လာတဲ့မျိုးဆက်တွေမှာရှိရမယ်ဆိုတာ ကျွန်တော်သိလို့ပါပဲ။

လက်တွန်းလှည်းကိုဆွဲ၊ လေးဘီးလှည်းကိုစီး၊ နောက်ပြီး လမ်းလျှောက်၍ ယုတပြည်သို့သွာခဲ့ကြတဲ့၊ သစ္စာရှိတဲ့ ကနဦးအခြေချသူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်ရဲ့ကနဦးအခြေချဘိုးဘွားများ ပါဝင်ပါတယ်။ သူတို့ဟာ၊ ညီအစ်မ ဂျိန်းမန်နင်းဂျိမ်းစ်ကဲ့သို့ပင်၊ သူတို့ကိုယ်တိုင်ရဲ့ ခြေလျင်ခရီးကိုလျှောက်ရာမှာ ခြေလှမ်းတိုင်း၌ လေးနက်သောယုံကြည်ခြင်း ရှိခဲ့ကြပါတယ်။

သူတို့ရဲ့နေ့စဉ်မှတ်တမ်းတွေဟာ အခက်အခဲ၊ ငတ်မွတ်ခြင်း၊ ဖျားနာခြင်း၊ နောက်ပြီးတော့၊ ဘုရားသခင်နှင့် ယေရှုခရစ်တော်၏ပြန်လည်ပြင်ဆင်ထားသော ဧဝံဂေလိတရားတော်၌ သူတို့၏ယုံကြည်ခြင်းအကြောင်း ဖော်ပြချက်များဖြင့်လည်းပြည့်လျက်ရှိပါတယ်။

သူတို့မှာလောကီပစ္စည်းအနည်းငယ်သာရှိသော်လည်း ခရစ်တော်၏အသင်းတော်၌တွေ့ရတဲ့ ညီအစ်ကိုဘဝ၊ ညီအစ်မဘဝတို့မှကောင်းကြီးမင်္ဂလာမြောက်မြားစွာနဲ့ ပျော်မွေ့ကြပါတယ်။ သူတို့တတ်နိုင်တဲ့အခါမှာ၊ အဖိနှိပ်ခံရသောသူတို့ကို ကူမကြ၊ ဘုရားသခင်၏ယဇ်ပုရောဟိတ်အခွင့်အားဖြင့် တစ်ယောက်ကိုတစ်ယောက်အမှုဆောင်ခြင်းဖြင့် ဖျားနာသောသူများကို ကောင်းကြီးပေးခဲ့ကြပါတယ်။

ယုတပြည်နယ်၊ ခက်ရှ်တောင်ကြားမှာရှိတဲ့ ညီအစ်မများဟာ “လိုအပ်တဲ့သူများကို ကူညီဖို့စည်းလုံးစွာဖြင့်အလုပ်လုပ်၍” လူမှုသက်သာရေးစိတ်ဓာတ်ဖြင့် သန့်ရှင်းသူများကို အမှုဆောင်ခဲ့ကြပါတယ်။ ကျွန်တော့်အဘွား မာဂရက် အမ်စီနီးလ် ဘောလာ့ဒ်ဟာ ခင်ပွန်းဟင်နရီ လိုဂန်ဒုတိယရပ်ကွက်မှာ သင်းအုပ်အဖြစ် နှစ်ပေါင်းလေးဆယ်ဆောင်ရွက်စဉ်၊ ခင်ပွန်းနှင့်အတူ အမှုတော်ဆောင်ခဲ့ပါတယ်။ မာဂရက်ဟာ အဲဒီမှာ နှစ်ပေါင်းသုံးဆယ်ကြာအောင် လူမှုသက်သာရေးအဖွဲ့ဥက္ကဌဖြစ်ခဲ့ပါတယ်။ သူမဟာ ဆဲရဲသောသူများ၊ ဖျားနာသောသူများ၊ မုဆိုးမများနဲ့မိဘမဲ့ကလေးများကို အိမ်သို့ ဖိတ်ခေါ်ခဲ့ပြီး၊ သေသူများကို မိမိတို့ရဲ့ သန့်ရှင်းသောဗိမာန်တော်ဝတ်ရုံများကို ဝတ်ဆင်၍ပင်ပေးခဲ့ပါတယ်။

သမိုင်းတွင်တဲ့ဆယ့်ကိုးရာစု ကနဦးမော်မုန်တို့ရဲ ခြေလျင်ခရီးရှည်ကို သတိရဖို့ဟာ သင့်လျော်ပြီးအရေးကြီးသော်လည်း၊ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ “ခြေလှမ်းတိုင်း၌ ယုံကြည်ခြင်း”ကို သက်သေပြလျက်၊ ကျွန်တော်တို့တစ်ဦးချင်းစီအတွက် “အသက်တာတစ်လျှောက်ခြေလျင်ခရီးရှည် ဆက်ပြီးရှိနေ”တယ်ဆိုတာကို သတိရဖို့လိုအပ်ပါတယ်။

ရုပ်ပုံ
အသင်းသားများသည် မိမိတို့ဒေသခံလူထုသို့စုဝေးကြသည်။

ပြောင်းလဲသူအသစ်တို့ဟာ အမေရိကန်နိုင်ငံအနောက်ပိုင်းက ကနဦးအခြေချနေရပ်များသို့ မစုဝေးကြတော့ပါဘူး။ အဲဒီအစား၊ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘကို ယေရှုခရစ်တော်၏နာမတော်အားဖြင့် သန့်ရှင်းသူများကိုးကွယ်ရာ မိမိတို့ဒေသခံလူထုသို့ ပြောင်းလဲသူများစုဝေးကြပါတယ်။ ကမ္ဘာအနှံ့မှာ တည်ထောင်ထားတဲ့ သုံးသောင်းကျော်လူထုတို့ဟာ မိမိတို့ကိုယ်တိုင်ရဲ့ ဇိအုန်မြို့သို့ စုဝေးကြပါတယ်။ “စိတ်နှလုံးစင်ကြယ်သောသူတို့သည် ဇိအုန်မြို့ဖြစ်၏” ဆိုတဲ့ ကျမ်းစာလာတဲ့အတိုင်းပါပဲ။

ကျွန်တော်တို့ဟာအသက်တာရဲ့လမ်းကို လျှောက်ကြတာနဲ့အမျှ၊ “ကိုယ်တော်ရှင်မိန့်တော်မူခဲ့သောအရာအပေါင်းကို ဆောင်ရွက်ဖို့ အားထုတ်ခြင်းရှိမရှိ သိရဖို့ စမ်းသပ်တာကို ခံရကြပါတယ်။”

ကျွန်တော်တို့မှ များစွာသောသူတို့ဟာ အံ့ဩဖွယ်ရာတွေ့ရှိချက်ခရီးလမ်းများ၌ ရှိကြပါတယ်။ ကိုယ်တိုင်ကျေနပ်အားရမှုနဲ့ ဝိညာဉ်ပကတိဉာဏ်အမြင်ပွင့်လင်းမှုတို့ဆီသို့ ဦးတည်လျက်ရှိကြပါတယ်။ သို့သော်လည်း၊ အချို့ကတော့ ဝမ်းနည်းမှု၊ အပြစ်၊ ပြင်းစွာသောဝေဒနာနဲ့ စိတ်ပျက်မှုတို့ကို ဖြစ်စေတဲ့ ခြေလျင်ခရီးရှည်ပေါ်မှာ ရှိကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့၊ မိမိကိုယ်ကို ပြန်မေးပါ။ သင့်ရဲ့နောက်ဆုံးပန်းတိုင်က ဘာလဲ။ သင့်ရဲ့ခြေလှမ်းများက ဘယ်နေရာကိုသယ်သွားနေသလဲ။ သင့်ရဲ့ခရီးက ကယ်တင်ရှင်ကတိထားတော်မူတဲ့ ထို”ကောင်းကြီးမင်္ဂလာအမျိုးမျိုးဆီ”သို့ ပို့ဆောင်နေပါသလား။

ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘထံသို့ ပြန်သွားတဲ့ ခြေလျင်ခရီးရှည်ဟာ အသက်တာရဲ့ အရေးကြီးဆုံး ခြေလျင်ခရီးရှည်ဖြစ်ပြီး၊ ကျွန်တော်တို့ဟာ သူနဲ့ သူ့ရဲ့ချစ်သား ယေရှုခရစ်တော်အပေါ် ယုံကြည်ခြင်းကို တိုးပွားစေတာနဲ့အမျှ၊ အဲဒီခရီးက၊ နေ့တိုင်း၊ သီတင်းတိုင်း၊ လတိုင်း၊ နှစ်တိုင်းမှာ ဆက်၍ရှိနေပါတယ်။

ကျွန်တော်တို့ဟာ ကိုယ့်ခြေလှမ်းတွေက ဘယ်ကိုသယ်သွားသလဲဆိုတာသတိထားရပါမယ်။ “ကျွန်ုပ်တို့ကို ပြောပြပါလော့၊ အဘယ်ချိန်၌ ဤအမှုတို့ဖြစ်လိမ့်မည်နည်း။ ကိုယ်တော်၏ကြွလာတော်မူခြင်းနှင့် ကမ္ဘာကုန်ခြင်းတို့ရဲ့နိမိတ်လက္ခဏာသည် အဘယ်သို့ဖြစ်မည်နည်း” လို့မေးတဲ့ ဒီမေးခွန်းတွေကို ဖြေရင်းနဲ့ ယေရှုရဲ့ သူ့တပည့်တော်တို့ကိုပေးတဲ့ ဩဝါဒကို ကျွန်တော်တို့ ဂရုတစိုက်နားထောင်ရပါမယ်။

“သင်တို့ကို လှည့်စားသော ဘယ်ယောက်ျား၊ [မိန်းမ ဒါက ကျွန်တော်ဖြည့်ပြောတာပါ]ကိုမျှ နားမထောင်နှင့်ဟု ယေရှုကဖြေပါတယ်။”

အသင်းတော်ခေါင်းဆောင်များ၏အစောပိုင်းက ဩဝါဒကို ဒီနေ့ ကျွန်တော်ထပ်ပြောပါတယ်။

  • ညီအစ်ကိုမောင်နှမများခင်ဗျာ ခရစ်တော်ရဲ့အယူဝါဒကို စင်ကြယ်လျက်ရှိစေပါ၊ အယူဝါဒကိုဖျက်ဆီးသူများရဲ့ လှည့်စားခြင်းကို ဘယ်တော့မျှမခံရကြပါစေနှင့်။ ခမည်းတော်နှင့် သားတော်၏ဧဝံဂေလိတရားတော်ကို ဒီနောက်ဆုံးသာသနာတော်ကာလအပိုင်အခြား၏ပရောဖက် ဂျိုးဇက်စမစ်အားဖြင့် ပြန်လည်ပြင်ဆင်ထားပါတယ်။

  • အသင်းတော်အမှုတော်ဆောင်တာဝန်သို့ ခန့်အပ်ထားခြင်း သို့မဟုတ် ရွေးထားခြင်း ရှိလေသော၊ အသင်းတော်သားတို့အများသဘောတူ အသိအမှတ်ပြုထားခြင်းမရှိသောသူတို့ကို နားမထောင်ပါနှင့်။.၁၀

  • ယနေ့တမန်တော်များနဲ့ ပရောဖက်များမှာမရှိတဲ့ သို့မဟုတ် နားမလည်တဲ့၊ အယူဝါဒဆိုင်ရာမေးခွန်းများရဲ့ လျှို့ဝှက်သောအဖြေများကို တောင်းဆိုနေကြတဲ့ အဖွဲ့အစည်းများ၊ အုပ်စုများ သို့မဟုတ် တစ်ဦးချင်းတို့ကို သတိပြုကြပါ။

  • ချမ်းသာလာဖို့အကြံအစည်များဖြင့် သင်တို့ကို ဖြားယောင်းသောသူများကို နားမထောင်ပါနှင့်။ ကျွန်တော်တို့အသင်းသားများဟာ အလွန်များစွာသောငွေတွေဆုံးရှုံးရပြီးပါပြီ။ ဒါကြောင့်မို့၊ ဂရုစိုက်ကြပါ။

အချို့နေရာတွေမှာ၊ ကျွန်တော်တို့လူ အတော်များများဟာ ပန်းတုံးတိုင်ကို လွန်၍ကြည့်လျက်၊ ကုစားခြင်းနဲ့ အထောက်အမတို့ကို ဖြည့်ဆီးဖို့ ဈေးကြီးပြီး၊ သံသယဖြစ်ဖွယ်သောအလေ့အကျင့်တွေနဲ့ လျှို့ဝှက်အတတ်များကို ရှာနေကြပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကထုတ်ပြန်ခဲ့တဲ့ အသင်းတော်ရဲ့တရားဝင်ကြေငြာချက်မှာ ဖော်ပြတာကတော့ “ အပြန်အလှန်အားဖြင့် ငွေရမယ်၊ အလွန်တရာအံ့ဩဖွယ်ကုစားခြင်းသို့မဟုတ်၊ သင့်လျော်စွာခန့်အပ်ထားတဲ့ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများမဟုတ်ဘဲ ကုစားခြင်းတန်ခိုးရဖို့ရာ အထူးနည်းလမ်းများရှိရမယ်ဟုဆို၍ ကတိပေးကြသော မည်သည့်အုပ်စု၌ဖြစ်စေ ပါဝင်ခြင်းကို သတိထားကြဖို့ အသင်းသားများအား ကျွန်တော်တို့တိုက်တွန်းပါတယ်” လို့ဖြစ်ပါတယ်။၁၁

“အသင်းသားများသည် စာရိတ္တနှင့်စပ်လျဉ်း၍၊ သို့မဟုတ် ဥပဒေနှင့်စပ်လျဉ်း၍ သံသယဖြစ်ဖွယ်သော ဆေးကုသခြင်းဆိုင်ရာ၊ သို့မဟုတ် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်များကို မကျင့်သုံးသင့်။ ဒေသခံခေါင်းဆောင်များသည် ကျန်းမာရေးပြဿနာရှိသော အသင်းသားတို့အား အရည်အချင်းရှိပြီးကျွမ်းကျင်သူ၊ အလုပ်နှင့်သက်ဆိုင်ရာနိုင်ငံများ၌ လိုင်စင်ရဆေးပညာရှင်တို့နှင့် တိုင်ပင်ရန် အကြံပေးသင့်သည်။” လို့ အသင်းတော်လက်စွဲစာအုပ် မှာ အကြံပြုထားပါတယ်။၁၂

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ အဲဒီလိုအလေ့အကျင့်တွေဟာ စိတ်ခံစားမှုနှစ်သက်ဖွယ်ဖြစ်နိုင်သော်လည်း နောက်ဆုံးမှာ ဝိညာဉ်ပကတိနဲ့ ရုပ်ပိုင်းဆိုင်ရာတို့မှာ ထိခိုက်နိုင်ကြောင်းကို အမြော်အမြင်ရှိရှိနဲ့ သတိထားကြပါ။

ကျွန်တော်တို့ရဲ့ ကနဦးဘိုးဘေးတို့အဖို့ အမှီအခိုကင်းခြင်းနဲ့ ကိုယ်ထူကိုယ်ထဖြစ်ခြင်းတို့ဟာ အသက်သွေးကြောဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့လူ့အဖွဲ့အစည်းအသိအမြင်ကလည်း အရေးကြီးပါတယ်။ သူတို့ဟာ အတူတူအလုပ်လုပ်ကြ၊ တစ်ဦးနှင့်တစ်ဦးကူညီ၍၊ သူတို့ခေတ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်လွှားခဲ့ကြပါတယ်။ အမျိုးသားများအတွက် ယဇ်ပုရောဟိတ်အခွင့်ဆောင်အဖွဲ့ရှိပါတယ်။ အမျိုးသမီးများကို လူမှုသက်သာရေးအဖွဲ့က အမှုဆောင်ခဲ့ပါတယ်။ ဒီရလဒ်တွေဟာ ကျွန်တော်တို့ခေတ်မှာ မပြောင်းလဲပါဘူး။

လူမှုသက်သာရေးအဖွဲ့နဲ့ ယဇ်ပုရောဟိတ်အခွင့်ဆောင်အဖွဲ့တို့က ကျွန်တော်တို့အသင်းသားများရဲ့ ဝိညာဉ်ပကတိနဲ့ ဇာတိပကတိကောင်းကျိုးတို့ကို ဖြည့်ဆည်းပေးပါတယ်။

“ခြေလှမ်းတိုင်း၌ ယုံကြည်ခြင်း”ရှိလျက် ဧဝံဂေလိတရားတော်လမ်းကြောင်းပေါ်မှာဆက်၍ရှိနေပါ။ ဒီလိုဆိုရင် ကောင်းကင်ဘုံရှင်အဘနဲ့ ကိုယ်တော်ရှင်ယေရှုခရစ်တော်၏မျက်မှောက်သို့ ပြန်သွားနိုင်ပါတယ်။ ကိုယ်တော်ရှင်ဟာ ကျွန်တော်တို့ရဲ့ အဖိုးထိုက်တဲ့ ကယ်တင်ရှင်ဖြစ်ပါတယ်။ လောကရဲ့ ရွေးနှုတ်တော်မူသောအရှင်ဖြစ်ပါတယ်။ ကျွန်တော်တို့ သူရဲ့သန့်ရှင်းမွန်မြတ်တဲ့နာမတော်ကို လေးစားရမှာပါ။ ဘယ်နည်းနဲ့မျှ အလွဲမသုံးရပါဘူး။ သူ့ရဲ့ပညတ်တော်များကို စောင့်ထိန်းဖို့ အမြဲကြိုးစားနေရမှာပါ။ အဲဒီလိုပြုလျှင်၊ သူဟာ ကျွန်တော်တို့ကို ကောင်းကြီးပေး၍၊ အိမ်တော်သို့ အန္တရာယ်ကင်းစွာပို့ဆောင်တော်မူမှာဖြစ်ပါတယ်။

ခြေလျင်ခရီးရှည်ကို ဒီနေ့လျှောက်နေကြတဲ့ ဘယ်သူ့ကိုမဆို၊ ခရီးဘယ်နေရာမှာပဲရောက်ရောက် ကြိုဆိုကြဖို့နဲ့ ပွေ့ဖက်ကြဖို့ အယောက်တိုင်းကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။

လက်ခံပြီး၊ ကျင့်သုံးတဲ့အခါ ထာဝရတည်မြဲတဲ့ ပျော်ရွှင်ခြင်းနဲ့ ငြိမ်သက်ခြင်း၊ ထာဝရအသက်ကိုပင် ကတိပေးတဲ့ ပြန်လည်ပြင်ဆင်ခြင်း၏သတင်းထက် ကြီးမြတ်သောကောင်းကြီးမင်္ဂလာကို ဘယ်သူမျှမဝေငှနိုင်ဘူးဆိုတာ ကျေးဇူးပြု၍ သတိရကြပါ။ ကျွန်တော်တို့ရဲ့စွမ်းအင်၊ ခွန်အားနဲ့ သက်သေခံချက်များကို ဘုရားသခင်၏သားသမီးများရဲ့နေ့စဉ်အသက်တာမှာ ဧဝံဂေလိတရားတော်အယူဝါဒ၏တန်ခိုးကလမ်းပြခြင်းကို ရရှိနိုင်စေခြင်းငှာ၊ ရှာဖွေပြီး၊ သွန်သင်၍၊ နှစ်ခြင်းပေးဖို့ ကျွန်တော်တို့ရဲ့သာသနာပြုများအား၊ ကူညီရာမှာ၊ အသုံးပြုကြပါစို့လားခင်ဗျာ။

ကျွန်တော်တို့ဟာ ဘရားသခင်၏သားသမီးများကို သနားကြင်နာစွာပွေ့ဖက်ဖို့ လိုအပ်ပါတယ်။ လူမျိုးခွဲခြားရေးဝါဒ၊ ကျားမ ခွဲခြားဆက်ဆံပြုမူခြင်းနဲ့ အမျိုးသားမာန်ကြီးခြင်းတို့အပါအဝင် အထင်အမြင်မှားခြင်းမှန်သမျှကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ယေရှုခရစ်တော်၏ ပြန်လည်ပြင်ဆင်ထားတဲ့ ဧဝံဂေလိတရားတော်၏ကောင်းကြီးမင်္ဂလာများဟာ ဘုရားသခင်၏သားသမီးတိုင်းအတွက် ဖြစ်တယ်ဆိုတာကျွန်တော်တို့တကယ် ယုံကြည်ကြတယ်လို့ အပြောခံရကြပါစေ။

“ခြေလျင်ခရီးရှည်ဆက်၍ရှိ၏” ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ နောက်ပြီး၊ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘနဲ့ သူ၏ချစ်သားကို တကယ်ချစ်သောသူအပေါင်းတို့အား အသင့်စောင့်နေတဲ့ “အမျိုးမျိုးသောကောင်းကြီးမင်္ဂလာများ”ကို လက်ခံရရှိနိုင်ဖို့ စည်းလုံးစွာဖြင့် ကျွန်တော်တို့ရဲ့စိတ်နှလုံးကို စင်ကြယ်နိုင်ကြစေပြီး၊ ကျွန်တော်တို့ရဲ့လက်များကို သန့်ရှင်းနိုင်ကြစေခြင်းငှာ ချစ်ခြင်းနဲ့ သနားကြင်နာခြင်းတို့ဖြင့် ဘုရားသခင်၏သားသမီးအပေါင်းတို့ထံသို့ အရောက်ဖြန့်ကြက်ခြင်းအားဖြင့် ရှေ့သို့ဆက်၍ကြိုးစားအားထုတ်လျက် ဧဝံဂေလိတရားတော်၏လမ်းကြောင်းပေါ်၌ ဆက်၍ရှိနေကြဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်၊ အဲဒီအတွက် ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော်ဆုတောင်းပါတယ်၊ အာမင်။