ကျမ်းစာများ
မောဇိယ ၁၀


အခန်းကြီး ၁၀

လာမန်​မင်းကြီး သေ၏—သူ၏​လူမျိုးတို့သည် ရိုင်းစိုင်းပြီး၊ ရက်စက်၍၊ မှားယွင်းသည့်​နည်း​ဥပဒေသများကို ယုံကြည်ကြ၏—ဇေနိဖ်နှင့် သူ၏​လူမျိုးတို့က သူတို့ကို နိုင်ကြ၏။ ဘီစီ ၁၈၇–၁၆၀ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် နိုင်ငံကို တစ်ဖန်​တည်ထောင်​စပြု၍၊ ထိုပြည်ကို ငြိမ်းချမ်းစွာ တစ်ဖန်​ပိုင်ဆိုင်​စပြုကြ၏။ ငါသည် စစ်တိုက်ရာ​လက်နက်​အမျိုးမျိုးကို ပြုလုပ်စေ၍၊ ထိုကဲ့သို့​အားဖြင့်၊ ငါ၏​လူမျိုးတို့ကို လာမန်​အမျိုးသားတို့​စစ်တိုက်ခြင်းငှာ တစ်ဖန်​လာကြသော​အခါ၊ ငါ၏​လူမျိုးတို့​အတွက် ငါ့၌ လက်နက်များ​ရှိနိုင်မည်​ဖြစ်၏။

လာမန်​အမျိုးသားတို့ ငါတို့ကို တစ်ဖန်​အမှတ်​တမဲ့ မတိုက်ခိုက်၊ မဖျက်ဆီးနိုင်​ကြစေခြင်းငှာ၊ ထိုပြည်​တစ်ဝိုက်တွင် အစောင့်များကို ငါချထား၏။ ထိုကဲ့သို့​အားဖြင့် ငါ၏​လူမျိုးတို့နှင့် ငါ၏​သိုးစုတို့ကို ငါစောင့်၍၊ ငါတို့​ရန်သူများ၏​လက်ထဲသို့ ကျရောက်ခြင်းမှ ကာကွယ်​ထိန်းသိမ်း၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် ငါတို့​ဘိုးဘေးတို့၏​ပြည်ကို နှစ်ပေါင်းများစွာ​ကြာအောင်၊ အထူးသဖြင့် နှစ်ဆယ်နှစ်နှစ်​ကြာအောင် အမွေခံလေ၏။

ယောက်ျားတို့အား မြေကြီးကို ထွန်ယက်၍၊ အမျိုးမျိုးသော​စပါးနှင့် အမျိုးမျိုးသော အသီး​မှန်သမျှတို့ကို စိုက်ပျိုးစေ၏။

မိန်းမတို့ကိုလည်း ချည်ငင်ခြင်းကို​လည်းကောင်း၊ အလုပ်​လုပ်ကိုင်ခြင်းကို လည်းကောင်း၊ အမျိုးမျိုးသော ပိတ်ချောပြု​လုပ်ခြင်းကို​လည်းကောင်း၊ ငါတို့​အဝတ်​မရှိခြင်းကို အဝတ်​တန်ဆာ​ဆင်ခြင်းငှာ၊ အဝတ်​တန်ဆာ​အမျိုးမျိုး ပြုလုပ်ခြင်းကို​လည်းကောင်း ပြုစေ၏။ ထိုကဲ့သို့​အားဖြင့်လည်း ငါတို့သည် ထိုပြည်၌၊ အောင်မြင်ကြ၏—ထိုကဲ့သို့​အားဖြင့်၊ ငါတို့သည် ထိုပြည်၌ နှစ်ပေါင်း​နှစ်ဆယ်​ကြာအောင်၊ အဆက်​မပြတ် ငြိမ်းချမ်းခြင်းကို ရရှိကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​မင်းကြီးသေ၍၊ သူ၏​နေရာ၌၊ သူ၏​သားနန်းစံ​စပြု၏။ ငါ၏​လူမျိုးတို့ကို ဆန့်ကျင်၍ ပုန်ကန်ထကြွရန် သူ့လူမျိုးတို့ကို နှိုးဆော်​စပြု၏။ ထို့ကြောင့် သူတို့သည် စစ်တိုက်ခြင်း​အတွက်​ပြင်ဆင်ခြင်းနှင့် ငါ၏​လူမျိုးတို့ကို စစ်တိုက်ခြင်းငှာ အစပြု​ကြလေ၏။

သို့ရာတွင်၊ ငါသည် သူတို့​တစ်ဖက်၌ ကြိုတင်​ကာကွယ်မှုကို​ပြု၍၊ ငါ၏​လူမျိုးတို့ကို သူတို့​လာ၍​မတိုက်ခိုက်​မဖျက်ဆီးနိုင်​စေခြင်းငှာ၊ သူတို့၏​ပြင်ဆင်ခြင်းများကို ရှာဖွေတွေ့​ရှိနိုင်စေခြင်းငှာ ငါ၏​သူလျှိုများကို ရှေမလုန်​ပြည်တစ်လျှောက်သို့ စေလွှတ်​ထားလေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် လေးများနှင့်၊ ထို့အတူ မြားများနှင့်၊ ထို့အတူ ဓားများနှင့်၊ ထို့အတူ ဓားကောက်များနှင့်၊ ထို့အတူ ကျောက်ခဲများနှင့်၊ ထို့အတူ လောက်လွှဲများနှင့် စွဲကိုင်ထားသည့်​လူများ​ပါဝင်သည့် သူတို့၏​အမြောက်​အမြားသော ဗိုလ်ခြေတို့ဖြင့်၊ ရှိလုမ်ပြည်၏​မြောက်ပိုင်းသို့ တက်လာခဲ့ကြ၏။ သူတို့သည် ဆံပင်ကို​လည်းရိတ်ထား၍၊ ခေါင်းတုံး​ပြောင်လေ၏။ သူတို့၏​ခါး၌လည်း သားရေခါးပန်းကို စည်းထားကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါသည် ငါ့လူမျိုးတို့၏ မိန်းမများနှင့် ကလေးများကို တောရိုင်းထဲ၌ ပုန်းကွယ်၍​နေကြစေ၏။ လက်နက်စွဲ​ကိုင်နိုင်သည့် ငါ၏​လူကြီးခပ်သိမ်းနှင့် လက်နက်​ကိုင်နိုင်​စွမ်းရှိသော ငါ၏​လူပျိုခပ်သိမ်းတို့ကိုလည်း လာမန်​အမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ သူတို့ကိုယ်​သူတို့ အတူ​တကွ​စုဝေးစေ၏။ သူတို့​အဆင့်​အလိုက် လူတိုင်းကို သူ့အသက်​အရွယ်​အတိုင်း နေရာချ​ပေးထား၏။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် လာမန်​အမျိုးသားတို့ကို စစ်တိုက်ရန် ထွက်ကြ၏။ ငါသည်၊ အမှန်စင်စစ်၊ အသက်​ကြီးသော​ငါသည်လည်း လာမန်​အမျိုးသားတို့ကို စစ်တိုက်ရန် ထွက်၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့သည် ကိုယ်တော်ရှင်၏ ခွန်​အားဖြင့် စစ်တိုက်ခြင်းငှာ ထွက်ကြ၏။

၁၁ ယခုတွင်၊ လာမန်​အမျိုးသားတို့သည် ကိုယ်တော်ရှင်​အကြောင်းကို​သော်လည်းကောင်း၊ ကိုယ်တော်ရှင်၏​ခွန်အားကို​သော်လည်းကောင်း အဘယ်​အရာကိုမျှ​မသိကြ။ ထို့ကြောင့်၊ သူတို့၏​ကိုယ်ပိုင်​ခွန်အားကို အားကိုးကြ၏။ သို့သော်လည်း၊ သူတို့သည် လူသားတို့၏​အင်အား​အရာ၌၊ ခွန်အား​ကြီးသော​လူမျိုးများ ဖြစ်ကြ၏။

၁၂ သူတို့သည် ရိုင်းစိုင်းပြီး၊ ရက်စက်၍၊ သွေးဆာသော​လူမျိုးများ ဖြစ်ကြ၏၊ သူတို့​ဘိုးဘေးတို့၏ နည်းဥပဒေသကို ယုံကြည်လျက်​ရှိကြ၏။ ဤအမှုမှာ—မိမိတို့​ဘိုးဘေးတို့၏​ဒုစရိုက်များကြောင့်၊ ယေရုရှလင်​နယ်မြေမှ နှင်ထုတ်ခံရပြီး၊ တောရိုင်းထဲ၌ မိမိတို့​ညီအစ်ကိုများ၏​ပြစ်မှားခြင်းကို ခံရ၍၊ ပင်လယ်ကို​ဖြတ်ကူးစဉ်၌​လည်း ပြစ်မှားခြင်းကို ခံရသည်ဟု ယုံကြည်နေကြ၏။

၁၃ ထိုမှတစ်ဖန်၊ သူတို့သည် ပင်လယ်ကို ဖြတ်ကူး​ကြပြီးနောက်၊ သူတို့၏ ပထမ​ဦးဆုံး​အမွေခံရာမြေ၌​ရှိစဉ်မှာလည်း ပြစ်မှားခံရ၏ဟု ယုံကြည်ကြ၏။ ခပ်သိမ်းသော​ဤအရာတို့​သည်ကား၊ နီဖိုင်းသည် ကိုယ်တော်ရှင်၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ ပို၍​သစ္စာရှိသောကြောင့်​ဖြစ်၏—ထို့ကြောင့်၊ သူသည် ကိုယ်တော်ရှင်၏​နှစ်သက်​တော်မူခြင်းကို ခံရ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူ၏​ဆုတောင်းခြင်းများကို ကြား၍ ဖြေကြားတော်မူ၏။ တောရိုင်းထဲ၌လည်း၊ သူတို့၏​လမ်းခရီးကို ဦးဆောင်၏။

၁၄ သူ၏​ညီအစ်ကိုတို့က သူ့ကို အမျက်ထွက်​ကြလေသည်ကား၊ သူတို့သည် ကိုယ်တော်ရှင်၏ အမှုတော်များကို နားလည်ခြင်း​မရှိကြသော​ကြောင့်ဖြစ်၏။ သူတို့သည် ကိုယ်တော်ရှင်ကို ဆန့်ကျင်၍ သူတို့​စိတ်နှလုံးကို မာကျောစေသောကြောင့်၊ ပင်လယ်ပေါ်၌လည်း သူ့ကို အမျက်ထွက်ကြ၏။

၁၅ ထိုမှတစ်ဖန်၊ ကတိတော်​မြေသို့ သူတို့​ရောက်ရှိလေသော​အခါတွင်၊ လူမျိုးတို့အား အုပ်စိုးခြင်း​အခွင့်ကို သူတို့လက်မှ ယူသွား​လေသည်ဟု ထင်မှတ်​ကြသောကြောင့်၊ သူ့ကို အမျက်​ထွက်ပြီး သတ်ရန်​ကြိုးစားအားထုတ်ကြ၏။

၁၆ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်​မိန့်တော်မူသည့်​အတိုင်း၊ သူသည် တောရိုင်းထဲသို့ ထွက်ခွာသွားပြီး၊ ကြေးပုရပိုက်ပြားများ​ပေါ်၌ ရေးထွင်း​ထားသော မှတ်တမ်းများကို ယူသွားသော​ကြောင့်လည်း သူ့ကို အမျက်ထွက်ကြ၏။ အကြောင်း​မူကား၊ ထိုအရာတို့ကို သူလုယူ​သွားသည်ဟု သူတို့​ထင်မှတ်ကြ၏။

၁၇ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် မိမိတို့​သားမြေးတို့အား၊ နီဖိုင်း၏​သားမြေးတို့ကို မုန်းတီးရမည့်​အကြောင်း၊ အသက်ကို သတ်ရမည့်​အကြောင်း၊ ခိုးယူ လုယက်ရမည့်​အကြောင်း၊ ဖျက်ဆီးရန် ပြုနိုင်သမျှ​ပြုရမည့်​အကြောင်းတို့ကို သွန်သင်​ပေးကြလေ၏။ ထို့ကြောင့်၊ သူတို့၌ နီဖိုင်း၏​သားမြေးတို့ကို ထာဝရ​မုန်းတီးခြင်း​ရှိလေ၏။

၁၈ ဤအကြောင်းကြောင့်​သာလျှင်၊ လာမန်​မင်းကြီးသည် သူ၏​စဉ်းလဲခြင်း၊ လှည့်ဖြားသော​ပရိယာယ်၊ သူ၏​နှစ်လိုဖွယ်သော​ကတိများအားဖြင့်၊ ငါ့ကို လှည့်စား၍၊ ငါသည် ငါ၏​လူမျိုးတို့ကို ဤပြည်သို့ ခေါ်ဆောင်ခဲ့လေသဖြင့်၊ သူတို့​ဖျက်ဆီးနိုင်​စေဖို့ရာ ဖြစ်ခဲ့၏။ ထိုမှတစ်ပါး၊ ငါတို့သည် ထိုပြည်၌ နှစ်ပေါင်းများစွာ​ကြာအောင် ဤအမှုများကို ခံစားရ​ကြလေ၏။

၁၉ ယခုမူကား၊ ငါဇေနိဖ်သည် လာမန်​အမျိုးသားတို့နှင့်​စပ်လျဉ်းသည့် ဤအရာခပ်သိမ်းတို့ကို ငါ၏​လူမျိုးတို့အား ပြောပြပြီးနောက်၊ သူတို့ကို ကိုယ်တော်ရှင်အား ကိုးစား၍၊ သူတို့၏​အစွမ်းသတ္တိ​ရှိသမျှနှင့် စစ်တိုက်​သွားကြစေခြင်းငှာ လှုံ့ဆော်၏။ ထို့ကြောင့်၊ ငါတို့သည် သူတို့နှင့် မျက်နှာချင်း​ဆိုင်၍ တိုက်ခိုက်ကြ၏။

၂၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့ကို ငါတို့ပြည်၏​အပြင်သို့ ငါတို့​တစ်ဖန်​နှင်ထုတ်ကြ၏။ သူတို့ကို ကြီးစွာသော​သိမ်းရုံး​သတ်ဖြတ်ခြင်း​ဖြင့်လည်း ကွပ်မျက်ရာ၊ မရေတွက်နိုင်​အောင်ပင် အလွန်များ​လှ၏။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါတို့နေရင်း​ပြည်သို့၊ ငါတို့​တစ်ဖန်​ပြန်လာကြ၍၊ ငါ၏​လူမျိုးတို့သည် မိမိတို့၏​သိုးစုများကို ကြည့်ရှု​စောင့်ရှောက်ရန်၊ မိမိတို့​မြေကြီးကို ထွန်ယက်ရန် တစ်ဖန် အစ​ပြုကြ၏။

၂၂ ယခုမူကား၊ ငါသည် အိုမင်း​လာ၍၊ ငါ၏​နိုင်ငံကို ငါ့သားများထဲမှ တစ်ယောက်ကို အပ်နှင်း၏။ ထိုကြောင့်၊ ငါမပြောတော့။ ကိုယ်တော်ရှင်​သည်လည်း ငါ၏လူမျိုးတို့ကို ကောင်းချီး​ပေးတော်မူပါစေ။ အာမင်။