ကျမ်းစာများ
မောဇိယ ၁


မောဇိယကျမ်း

အခန်းကြီး ၁

ဗင်္ယာမိန်​မင်းကြီးသည် သူ၏​သားတို့အား မိမိတို့​ဘိုးဘေးတို့၏​ဘာသာစကားနှင့် ပရောဖက်ပြု​ဟောချက်များကို သွန်သင်၏—အမျိုးမျိုးသော​ပုရပိုက်ပြားများ​ပေါ်၌ ရေးထားသော မှတ်တမ်းများကြောင့် သူတို့၏​ဘာသာတရားနှင့် ယဉ်ကျေးမှုတို့ကို ထိန်းသိမ်း​စောင့်ရှောက် ထားလေ၏—မောဇိယသည် ရှင်ဘုရင်​တစ်ပါး​အဖြစ် ရွေးကောက်ခံရလျက်၊ မှတ်တမ်းများနှင့် အခြား​အရာများကို ထိန်းသိမ်း​စောင့်ရှောက်သူ​အဖြစ် ခန့်အပ်​ခံရ၏။ ဘီစီ ၁၃၀–၁၂၄ ခန့်။

ယခုမူကား၊ ဇရဟင်မလ​ပြည်​တစ်ခုလုံးရှိ၊ ဗင်္ယာမိန်​မင်းကြီးနှင့် ဆိုင်သော​လူမျိုး​အပါင်းတို့၌​တိုက်ခိုက်ခြင်း မရှိတော့၍၊ ဗင်္ယာမိန်​မင်းကြီးသည် သူ့ဘဝ၏​ကျန်ကြွင်းချိန် တစ်လျှောက်လုံး၌ အဆက်​မပြတ်​ငြိမ်းချမ်းခြင်းကို ရရှိလေ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့ ၌​သား​သုံးယောက်​ရှိ၏။ သူတို့​အမည်များကို မောဇိယ၊ ဟေလောရုံနှင့် ဟေလမန်ဟု​မှည့်၏။ သူတို့အား မိမိ​ဘိုးဘေးတို့၏ ခပ်သိမ်းသော​ဘာသာစကားကို သင်ယူ​စေသည်မှာ၊ ထိုကဲ့သို့​အားဖြင့် ဉာဏ်ကောင်းသော​သူများ​ဖြစ်လာနိုင်ကြ​စေကြောင်း၊ ကိုယ်တော်ရှင်၏​လက်တော်ဖြင့် ပေးအပ်​တော်မူသည့်​အရာတည်း​ဟူသော၊ သူတို့​ဘိုးဘေးတို့၏​နှုတ်ဖြင့်​ဟောသည့် ပရောဖက်ပြု​ဟောချက်များ​အကြောင်းကို သိနိုင်ကြ​စေကြောင်းတို့​ပင်တည်း။

ကြေးပုရပိုက်ပြားများ​ပေါ်၌ ရေးထွင်းထားသော မှတ်တမ်းများ​အကြောင်းကိုလည်း သူတို့ကို သွန်သင်ပေး၍ ဆိုလေသည်ကား၊ ငါ့သားတို့၊ ဤမှတ်တမ်းများနှင့် ဤပညတ်တော်များ​ပါရှိသော ဤပုရပိုက်ပြားများ မရှိခဲ့လေလျှင် ယခုမျက်မှောက်​ကာလ၌ပင်၊ ငါတို့သည် ဘုရားသခင်၏​နက်နဲသော​အရာတို့ကို မသိကြဘဲနှင့် အသိ​တရားမဲ့ခြင်း၌ ဆက်၍​ရှိနေရမည်ကို သင်တို့​သတိရကြ​စေရန် ငါ​အလို​ရှိ၏။

အကြောင်းမူကား၊ ဤပုရပိုက်ပြားများ၏​အကူ​အညီ​မရှိ​လေလျှင်၊ ငါတို့​အဘ​လေဟိသည် ဤ​အရာခပ်သိမ်းတို့ကို သူ၏​သားသမီးတို့အား သွန်သင်ပေးရန် အောက်မေ့နိုင်ခဲ့ခြင်း ဖြစ်နိုင်​လေမည်​မဟုတ်။ သူသည် အဲဂုတ္တု​လူမျိုးတို့၏​ဘာသာစကားကို သင်ယူခဲ့​ရသဖြင့် ရေးထွင်း​ထားခြင်းများကို ဖတ်နိုင်၍၊ ထိုအရာများကို သူ၏​သားသမီးတို့အား သွန်သင်​ပေး၏၊ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည်လည်း မိမိတို့​သားသမီးများကို သွန်သင်​ပေးနိုင်ခဲ့၍၊ ယခုမျက်မှောက်ကာလ​အထိ​တိုင်အောင်ပင် ဘုရားသခင်၏​ပညတ်တော်များကို ပြီးပြည့်စုံ​စေလျက်​ရှိကြ၏။

ငါ့သားတို့၊ သင်တို့ကို ငါဆိုသည်ကား၊ ငါတို့​ဖတ်နိုင်၍ ဘုရားသခင်၏​နက်နဲ​တော်မူခြင်း​တို့ကို နားလည်၍၊ သူ၏​ပညတ်တော်တို့ကို ငါတို့​မျက်မှောက်၌ အစဉ်အမြဲ​ရှိနိုင်စေခြင်းငှာ၊ လက်တော်ဖြင့်​ထိန်းသိမ်း၍ ကာကွယ်​စောင့်မထားခဲ့သည့် ဤအရာတို့​မရှိလျှင်၊ ငါတို့​ဘိုးဘေးတို့​သည်ပင် ယုံကြည်မှု​လျော့ပါး ဆုတ်ယုတ်​လာခဲ့လေမည်။ ထို့အတူ သူတို့​ဘိုးဘေးတို့၏​မမှန်သော နည်းဥပဒေသများ ကြောင့်၊ ဤအရာတို့ အကြောင်း တစ်စုံ​တစ်ခုမျှ​မသိကြသော သို့မဟုတ်၊ သွန်သင်သော​အခါ၌ပင် မယုံကြည်ကြသော ငါတို့​ညီအစ်ကို​လာမန်​အမျိုးသားများ​ကဲ့သို့ ငါတို့​ဖြစ်ခဲ့ပေမည်။

အို ငါ့သားတို့၊ ဤအဆို​အမိန့်များ မှန်ကန်၍၊ ဤမှတ်တမ်းများ​သည်လည်း မှန်ကန်ကြောင်းကို သင်တို့ သတိရကြ​စေရန် ငါ​အလိုရှိ၏။ ရှုဦးလော့၊ ငါတို့​ဘိုးဘေးတို့ ယေရုရှလင်ကို စွန့်ခွာခဲ့သည့်​အချိန်မှ​စ၍ ယခု​တိုင်အောင်​ရှိသည့် သူတို့၏​မှတ်တမ်းများနှင့် အဆို​အမိန့်များ​ပါရှိသည့် နီဖိုင်း၏​ပုရပိုက်ပြားများ​သည်လည်း မှန်ကန်ကြ၏။ ငါတို့​မျက်မှောက်၌ ရှိလေသော​ကြောင့်၊ ထိုပုရပိုက်ပြားများ၏ ဧကန်​အမှန်ဖြစ်ခြင်းကို သိနိုင်​ကြပေ၏။

ယခုမူကား၊ ငါ့သားတို့၊ သင်တို့သည် ထိုအရာတို့ကို လုံ့လဝီရိယ​ထက်သန်စွာ စေ့စေ့​ဖတ်​ရှု၍၊ ထိုကဲ့သို့​အားဖြင့်၊ အကျိုး​ရှိနိုင်ကြောင်းကို သတိရကြ​စေရန် ငါ​အလိုရှိ၏။ ငါတို့၏​ဘိုးဘေးတို့ထံ ကိုယ်တော်ရှင်​ပြုထား​တော်မူ​ခဲ့သည့် ကတိတော်များ​အတိုင်း ထိုပြည်၌ သင်တို့​အောင်မြင်နိုင်ကြ​စေကြောင်း၊ ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းကြ​စေရန်လည်း ငါအလိုရှိ၏။

ဤကျမ်း၌ ရေးမထားသည့် သာ၍​များစွာသော​အရာများကိုလည်း ဗင်္ယာမိန်​မင်းကြီးသည် မိမိသားတို့ကို သွန်သင်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဗင်္ယာမိန်​မင်းကြီးသည် သူ့သားတို့အား သွန်သင်​ပေးခြင်းကို လက်​စသတ်​ပြီးနောက်၊ အိုမင်း​လာ၍ မြေကြီးပေါ်မှာ နေထိုင်သူ​ခပ်သိမ်းတို့၏​သွားရာလမ်းသို့ အလွန်​မကြာမြင့်မီ သွားရတော့မည်ကို သိမြင်၏။ ထို့ကြောင့်၊ နိုင်ငံကို သူ့သားများမှ တစ်ဦး​ထံအပ်နှင်းခြင်းမှာ သင့်လျော်သည်ဟု စဉ်းစား၏။

၁၀ ထို့ကြောင့်၊ သူသည် မောဇိယကို ရှေ့သို့ ခေါ်ခဲ့စေ၍၊ ပြောဆိုသော​စကားများ​မူကား၊ ငါ့သား၊ သင်သည် ဤပြည်​တစ်လျှောက်လုံးရှိ ဤလူမျိုးများ၊ သို့မဟုတ် ဤပြည်၌ နေကြသော ဇရဟင်မလလူမျိုးများနှင့် မောဇိယ၏ လူမျိုးများ၌ ကြေညာခြင်းကို​ပြု၍၊ ထိုကြေညာခြင်း​အားဖြင့် အတူတကွ​စုဝေးကြ​စေရန် ငါအလို​ရှိ၏။ အကြောင်းမူကား၊ ငါတို့၏​ဘုရားသခင်​ကိုယ်တော်ရှင် ပေးထား​တော်မူခဲ့သော ဤလူမျိုးတို့​အပေါ်၌ သင်သည် ရှင်ဘုရင်နှင့် အုပ်စိုး​သူဖြစ်​ကြောင်းကို နက်ဖြန်နေ့​တွင် ဤလူမျိုးတို့အား ငါ့နှုတ်ဖြင့်​ကြေညာမည်။

၁၁ ထို​မှတစ်ဖန်၊ ငါသည် ဤလူမျိုးတို့ကို ကိုယ်တော်ရှင်​ဘုရားသခင် ယေရုရှလင်​နယ်မြေမှ ဆောင်​တော်မူလေသည့်​လူမျိုး​ခပ်သိမ်းတို့နှင့် ခွဲခြား​သိနိုင်စေရန် အမည်​ပေးမည်။ ဤသို့​ငါပြုခြင်း​သည်ကား၊ သူတို့သည် ကိုယ်တော်ရှင်၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လဝီရိယ​ရှိသော လူမျိုးများ​ဖြစ်လေသော​ကြောင့်ပင်တည်း။

၁၂ လွန်ကျူးခြင်းကြောင့်​မှတစ်ပါး၊ ဘယ်သော​အခါမျှ ပယ်ဖျောက်​မခံရမည့်​အမည်​ကိုလည်း သူတို့ကို ငါပေး၏။

၁၃ ထိုမှတစ်ပါး၊ သင့်ကို ငါတစ်ဖန်​ဆိုသည်ကား၊ ကိုယ်တော်ရှင်​အလွန်​နှစ်သက်​တော်မူသည့် ဤလူမျိုးတို့သည် လွန်ကျူးခြင်း​ထဲသို့ လဲကျ၍၊ ဆိုးညစ်လျက်၊ သူ့သားမယားအား ပြစ်မှားသော လူမျိုးများ​ဖြစ်လာကြလျှင်၊ သူတို့ကို ကိုယ်တော်ရှင်​လက်လွှတ်၍၊ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် သူတို့​ညီအစ်ကိုများ​ကဲ့သို့ အားနည်းလာကြ၏။ သူသည်လည်း ယခင်က ငါတို့ဘိုးဘေးတို့ကို ကာကွယ်​စောင့်မတော်မူ​လေသကဲ့သို့၊ သူ၏​အတုမရှိ အံ့ဩဖွယ်​ကောင်းသော​တန်ခိုးတော်ဖြင့်၊ သူတို့ကို ကာကွယ်​စောင့်မမည် မဟုတ်တော့။

၁၄ ငါဆိုသည်ကား၊ ငါတို့​ဘိုးဘေးတို့ကို ကာကွယ်​စောင့်မတော်မူရာ၌ သူသည် လက်တော်ကို မဆန့်​လေလျှင်၊ သူတို့သည် လာမန်​အမျိုးသားတို့၏​လက်သို့ ကျရောက်​ရမည်​ဖြစ်၍၊ သူတို့၏ မုန်းတီးခြင်း​ခံရသူများ ဖြစ်လာရမည်။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဗင်္ယာမိန်​မင်းကြီးသည် သူ့သားအား ဤဟောပြောခြင်းတို့ကို လက်စသတ်​ပြီးနောက်၊ နိုင်ငံ၏​အမှု​အမျိုးမျိုးတို့နှင့်​စပ်လျဉ်း၍ တာဝန်​ပေး၏။

၁၆ ထိုမှတစ်ဖန်၊ ကြေးပုရပိုက်ပြားများ​ပေါ်၌ ရေးထွင်း​ထားသော​မှတ်တမ်းများ၊ ထို့အတူ နီဖိုင်း၏​ပုရပိုက်ပြားများ၊ ထို့အတူ လာဗန်၏​ဓား၊ ထို့အတူ ကိုယ်တော်ရှင်​အပေါ်​ထားသည့် ငါတို့​ဘိုးဘေးတို့၏​ပမာဏပြုခြင်းနှင့် လုံ့လဝီရိယတို့​အတိုင်း သူတို့​အယောက်တိုင်းကို လမ်းပြနိုင်​ခြင်းငှာ၊ လက်တော်ဖြင့် ပြင်ဆင်ထား​တော်မူခဲ့သည့်​အရာတည်း​ဟူသော၊ တောရိုင်း​တစ်လျှောက် လမ်းပြခဲ့သည့် အလုံး သို့မဟုတ် လမ်းညွှန်သည့်​အရာတို့နှင့်​စပ်လျဉ်း၍​လည်း သူ့ကို​တာဝန်​ပေးခဲ့၏။

၁၇ ထို့ကြောင့်၊ သူတို့သည် သစ္စာ​မရှိသော​အခါ၊ မအောင်မြင်ကြ၊ လမ်းခရီး၌​လည်း ရှေ့သို့​မတိုးနိုင်ဘဲ၊ နောက်ကို ပြန်၍ ရောက်၍၊ သူတို့​အပေါ်၌ ဘုရားသခင်၏ မကျေမနပ်​ဖြစ်ခြင်းကို ခံရကြ၏။ ထို့ကြောင့်၊ သူတို့၏တာဝန်​ကို အောက်မေ့စေရန် နှိုးဆော်ခြင်းငှာ ငတ်မွတ်​ခေါင်းပါးခြင်းဘေး၊ ပြင်းထန်သော​ဆင်းရဲ​ဒုက္ခများနှင့် ဒဏ်ခတ်​တော်မူခြင်းကိုလည်း ခံရကြ၏။

၁၈ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ မောဇိယသည် သူ့အဘမိန့်မှာသည့်​အတိုင်း သွား၍​ပြု၏၊ ဇရဟင်မလ​ပြည်ရှိ လူမျိုးခပ်သိမ်းတို့ကို ကြေညာ၍၊ ထိုကဲ့သို့​အားဖြင့် သူ့အဘ​ဟောပြောမည့် စကားများကို ကြားနာခြင်းငှာ၊ ဗိမာန်တော်သို့ တက်၍​သွားရန် သူတို့ကိုယ်​သူတို့ အတူ​တကွ​စုဝေးကြ၏။