ကျမ်းစာများ
မောဇိယ ၄


အခန်းကြီး ၄

ဗင်္ယာမိန်မင်းကြီးသည် မိန့်ခွန်းကို ဆက်၍​ဟော၏—အပြစ်ဖြေခြင်း​မင်္ဂလာကြောင့် ကယ်တင်ခြင်း ရောက်လာ၏—ကယ်တင်ခြင်းသို့ ရောက်ရခြင်းငှာ၊ ဘုရားသခင်ကို ယုံကြည်ကြလော့—သစ္စာ​ရှိခြင်း​အားဖြင့်၊ သင်တို့၏​အပြစ်များမှ​လွှတ်ခြင်းကို ထိန်းသိမ်းထားကြလော့—သင်တို့၏​ဥစ္စာများကို ဆင်းရဲသားများသို့ မျှ၍​ပေးကြလော့—ခပ်သိမ်းသော​အရာတို့ကို ဉာဏ်ပညာနှင့် အစီ​အစဉ်​တကျ ပြုကြလော့။ ဘီစီ ၁၂၄ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ဗင်္ယာမိန်​မင်းကြီးသည် သူ့အား ကိုယ်တော်ရှင်၏​ကောင်းကင်​တမန်​မြွက်ဆို​ထားလေသော​စကားများ​ပြောဆိုခြင်းကို လက်စသတ်၍၊ လူအစု​အဝေးကို မျှော်ကြည့်လျှင်၊ ထိုသူတို့​မြေကြီးသို့ လဲကျ​ကြသည်ကို မြင်၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်းသည် သူတို့​အပေါ် ကျရောက်လေ၏။

သူတို့​သည်လည်း မြေမှုန့်​ထက်ပင် နိမ့်ကျသော၊ လောကီဆိုင်ရာ​အခြေအနေ၌​ရှိကြောင်း သူတို့ကိုယ်​သူတို့ ဆင်ခြင်မိ​ကြလေ၏။ သူတို့​တစ်သံတည်းဖြင့် ကျယ်လောင်စွာ​အော်၍ ဟစ်ကြွေးကြသည်ကား၊ အို ကရုဏာထားတော်မူပါ၊ အကျွန်ုပ်တို့၏ အပြစ်များမှ ခွင့်လွှတ်ခြင်းကို​ရရှိနိုင်​စေခြင်းငှာနှင့် အကျွန်ုပ်တို့၏ စိတ်နှလုံးကို စင်ကြယ်နိုင်စေခြင်းငှာ၊ ခရစ်တော်၏ အပြစ်ဖြေရာ အသွေးတော်နှင့် ဖျန်းတော်မူပါ။ အကြောင်းမူကား၊ ကောင်းကင်နှင့် မြေကြီး၊ ထို့အတူ၊ ခပ်သိမ်းသော​အရာတို့ကို ဖန်ဆင်း​တော်မူခဲ့သော​သူ၊ လူသားတို့၌ ဆင်းလာတော်မူ​မည့်သူ၊ ဘုရားသခင်၏ သားတော်၊ ယေရှုခရစ်တော်ကို အကျွန်ုပ်တို့ ယုံကြည်ပါ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ဤစကားများကို ပြောလေပြီးနောက်၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်သည် သူတို့​အပေါ်​ကျရောက်​လာ၏။ သူတို့​သည်လည်း ဝမ်းမြောက်ခြင်းနှင့်​ပြည့်စုံပြီး၊ သူတို့၏အပြစ်များမှ​လွှတ်ခြင်းကို ရရှိကြ၏၊ သူတို့ကို ဗင်္ယာမိန်မင်းကြီး​ပြောထားလေသော စကားများ​အတိုင်း ကြွလာတော်မူမည့် ယေရှုခရစ်တော်၌ ထားရှိလေသည့် ကြီးစွာသော​ယုံကြည်ခြင်းကြောင့် ငြိမ်းချမ်းသော​အသိ​စိတ်ရှိကြ၏​။

ဗင်္ယာမိန်မင်းကြီး​သည်လည်း မိမိနှုတ်ကို တစ်ဖန်ဖွင့်၍၊ ဟောပြော​စပြုလေသည်ကား၊ ငါ၏ အဆွေ​ခင်ပွန်းများနှင့် ငါ၏​ညီအစ်ကိုများ၊ ငါ၏အမျိုးစုနှင့် ငါ၏​လူမျိုးတို့၊ သင်တို့သည် ငါဟောပြောမည့် ကျန်ကြွင်း​သေးသော​စကားများကို ကြားနာ၍၊ နားလည်နိုင်​စေခြင်းငှာ သတိမူ​ကြစေရန် ငါတစ်ဖန်​အလို​ရှိ၏။

အကြောင်းမူကား၊ ရှုလော့၊ ဤအချိန်၌ ဘုရားသခင်၏​ကောင်းမြတ်ခြင်းကို သိခြင်းက သင်တို့၏​အရေးမပါခြင်း၊ သင်တို့၏​မထိုက်တန်ခြင်းနှင့် ကျရှုံးသည့်​အခြေ​အနေတို့၏ အသိသို့ နှိုးဆော်လေလျှင်—

ငါဆိုသည်ကား၊ သင်တို့သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို​လည်းကောင်း၊ သူ၏​အတု​မရှိသော​တန်ခိုးတော်ကို​လည်းကောင်း၊ သူ၏ဉာဏ်ပညာတော်ကိုလည်းကောင်း၊ သူ၏သည်းခံတော်မူခြင်းကိုလည်းကောင်း၊ လူသားတို့​အပေါ် သူ၏​စိတ်ရှည်​တော်မူခြင်းကို​လည်းကောင်း၊ ထို့အတူ၊ ကမ္ဘာတည်​ကတည်းက ပြင်ဆင်ထား​တော်မူလေသော အပြစ်ဖြေခြင်းမင်္ဂလာ၊ ထိုမင်္ဂလာ​အားဖြင့်၊ ကိုယ်တော်ရှင်ကို ကိုးစား၍၊ သူ၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လဝီရိယ​ရှိလျက်၊ ထိုသူ၏​ဘဝ၊ ငါဆိုလိုသည်ကား၊ သေခြင်းရှိသော ဤကိုယ်ခန္ဓာ၏​ဘဝ​အဆုံး​တိုင်အောင်ပင်၊ ဆက်၍​ယုံကြည်မည့်​သူထံသို့ ကယ်တင်ခြင်း ရောက်ရှိနိုင်​ကြောင်းကို သိခြင်းသို့ ရောက်ကြလေလျှင်—

ငါဆိုသည်ကား၊ အာဒံ၏​ကျရှုံးခြင်း​ကာလမှ​စ၍၊ ရှိသမျှသော​သူများ၊ ယခု​ရှိကြသူများ ကမ္ဘာ​ကုန်သည့်တိုင်အောင်ပင် ရှိလိမ့်မည့်​သူမှန်သမျှတို့​ပင်ဖြစ်သည့် လူသား​အားလုံးတို့ အတွက် ကမ္ဘာတည် ကတည်းက ပြင်ဆင်ထားခဲ့​လေသော အပြစ်ဖြေခြင်းမင်္ဂလာ​အားဖြင့်၊ ကယ်တင်ခြင်းကို ရရှိသည့်​သူမှာ ဤလူဖြစ်၏။

ဤအရာမှာ၊ ကယ်တင်ခြင်း ရောက်လာရာ နည်းလမ်းဖြစ်၏။ ငါဟောပြော​ထားလေသည့် ဤနည်းလမ်း​မှတစ်ပါး အခြား​ကယ်တင်ခြင်း မရှိ။ သင်တို့ကို ငါပြောပြ​ထားလေသော အခြေ​အနေများ​မှတစ်ပါး လူသား​ကယ်တင်ခြင်းသို့ ရောက်နိုင်ရာ အဘယ်​အခြေ​အနေမျှ​မရှိ။

ဘုရားသခင်ကို ယုံကြည်ကြလော့၊ သူ​ရှိတော်မူပြီး၊ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံး၌ ခပ်သိမ်းသော​အရာတို့ကို ဖန်ဆင်း​တော်မူခဲ့​သည်ကို ယုံကြည်​ကြလော့။ သူ့တွင် ကောင်းကင်နှင့် မြေကြီး​နှစ်ခုလုံး၌ အလုံးစုံသော​ဉာဏ်ပညာနှင့် အလုံးစုံသော​တန်ခိုးတို့ ရှိတော်မူသည်ကို ယုံကြည်လော့။ ကိုယ်တော်ရှင် နားလည်​နိုင်တော်မူသည့် ခပ်သိမ်းသော​အရာတို့ကို လူသား နားမလည်ကြောင်း ယုံကြည် ကြလော့။

၁၀ ထိုမှတစ်ဖန်၊ သင်တို့သည် သင်တို့၏​အပြစ်များမှ နောင်တရပြီး၊ ထိုအရာတို့ကို စွန့်ပစ်ရမည့်​အကြောင်း ယုံကြည်ကြလော့။ သင်တို့ကိုယ်သင်တို့ ဘုရားသခင်ရှေ့ ၌ နှိမ့်ချကြလော့။ သင်တို့ကို သူခွင့်လွှတ်​တော်မူမည့်​အကြောင်း ရိုးသားသော​စိတ်နှလုံးဖြင့် တောင်းကြလော့။ ယခုမူကား၊ သင်တို့သည် ဤအရာခပ်သိမ်းတို့ကို ယုံကြည်လျှင်၊ ပြုကြလော့။

၁၁ ထိုမှတစ်ဖန်၊ သင်တို့သည် ဘုရားသခင်၏​ဘုန်းတော်ကို သိခြင်းသို့ ရောက်ကြလျှင်၊ သို့မဟုတ်၊ သင်တို့သည် သူ၏​ကောင်းမြတ်​တော်မူခြင်းကို သိလေ၍၊ သူ၏​ချစ်ခြင်းကို တွေ့ကြုံ​လေသဖြင့်၊ ထိုကဲ့သို့၊ အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်းကို ဖြစ်စေသည့် သင်တို့၏​အပြစ်များမှ​လွှတ်ခြင်းကို ရရှိကြလေပြီဟု ယခင်က ငါပြောထားလေသည့်​အတိုင်း၊ သင်တို့ကို ငါဆို၏။ ထိုကဲ့သို့ပင်၊ သင်တို့သည် ဘုရားသခင်၏​ကြီးမြတ်​တော်မူခြင်းနှင့်၊ သင်တို့ကိုယ်တိုင်၏ အရေး​မပါခြင်း၊ မထိုက်တန်သော အသင်လူ​သတ္တဝါတို့ထံ သူ၏​ကောင်းမြတ်​တော်မူခြင်းနှင့် စိတ်ရှည်​တော်မူခြင်းတို့ကို အောက်မေ့ကြခြင်းဖြင့် အစဉ်အမြဲ သတိရစေရန် ငါအလိုရှိ၏။ သင်တို့​ကိုယ်သင်တို့ နက်လှစွာ​နှိမ့်ချခြင်း​ဖြင့်ပင် နှိမ့်ချ၍၊ ကိုယ်တော်ရှင်၏​နာမတော်အား နေ့စဉ်​ပဌနာပြုလျက်၊ ကောင်းကင်​တမန်တို့၏​နှုတ်မှ မြွက်ဆိုထားခဲ့သည့် ကြွလာ​တော်မူမည့်​သူကို ယုံကြည်ခြင်း၌ မြဲမြံစွာ​ရပ်လျက်​နေကြလော့။

၁၂ ရှုဦးလော့၊ ငါဆိုသည်ကား၊ သင်တို့သည် ဤအရာများကို ပြုကြလျှင်၊ အစဉ်ရွှင်​လန်းဝမ်း​မြောက်၍၊ ဘုရားသခင်၏​ချစ်ခြင်း​မေတ္တာတော်ဖြင့်​ပြည့်လျက်၊ သင်တို့၏​အပြစ်များမှ​လွှတ်ခြင်းကို အစဉ်​အမြဲထိန်းသိမ်းထားကြ၏။ သင်တို့ကို ဖန်ဆင်း​တော်မူခဲ့သည့်​သူ၏​ဘုန်းတော်​အကြောင်းကို သိခြင်းပညာ သို့မဟုတ်၊ ဖြောင့်မတ်​မှန်ကန်သည့်​သူ၏ အကြောင်းကို သိခြင်းပညာ၌ တိုးပွား​ကြလိမ့်မည်။

၁၃ သင်တို့သည် တစ်ယောက်ကို​တစ်ယောက် ထိခိုက်စေလိုစိတ်လည်း မရှိကြ၊ ငြိမ်းချမ်းစွာ​နေလိုစိတ်နှင့် လူသားမှန်သမျှတို့အား ရသင့်သည်​အတိုင်း ဆပ်ပေး​လိုစိတ်သာ ရှိကြလေ၏။

၁၄ သင်တို့၏ သားသမီးများကိုလည်း မွတ်သိပ်စေခြင်း၊ သို့မဟုတ် အဝတ်​မရှိခြင်းကို အခွင့်ပေးကြမည်​မဟုတ်။ ဘုရားသခင်၏​ပညတ်တရားများကို လွန်ကျူးစေခြင်း၊ ထို့အတူ အချင်းချင်း​တိုက်ခိုက်၍​ရန်ရှာခြင်း၊ ထို့အတူ အပြစ်တို့၏​သခင်ဖြစ်သူ သို့မဟုတ်၊ ငါတို့​ဘိုးဘေးတို့ ပြောထားလေသည့် မကောင်းသော​ဝိညာဉ်ဖြစ်သူ၊ အလုံးစုံသော​ဖြောင့်မတ်ခြင်းတို့၏​ရန်သူဖြစ်သော နတ်ဆိုးကို အစေခံခြင်း​ကိုလည်း အခွင့်​ပေးကြမည်​မဟုတ်။

၁၅ သို့ရာတွင်၊ သမ္မာတရားနှင့် တည်ကြည်​လေးနက်ခြင်းတို့၏​လမ်းများသို့​လိုက်ကြ​စေခြင်းငှာ သူတို့ကို သွန်သင်ပေးကြလိမ့်မည်။ တစ်ယောက်ကို​တစ်ယောက် ချစ်ကြရန်နှင့် တစ်ယောက်ကို​တစ်ယောက် အစေခံ​ကြရန် သွန်သင်ပေး​ကြလိမ့်မည်။

၁၆ သင်တို့​ကိုယ်တိုင်​သည်လည်း သင်တို့၏​မစခြင်းကို လိုအပ်လျက်​ရှိ​သူတို့ကို မစကြလိမ့်မည်။ လိုအပ်လျက်ရှိ​သူတို့အား သင်တို့၏​ဥစ္စာကို ပေးကြလိမ့်မည်။ သင့်တို့ထံသို့ တောင်းသည့်​သူတောင်းစား၏ အသနားခံခြင်းကို အချည်းနှီး​ဖြစ်စေရန် အခွင့်​ပေးမည်​မဟုတ်။ သူ့ကို​ပျက်စီးစေရန် မောင်းထုတ်​ကြမည်လည်း မဟုတ်။

၁၇ သင်တို့​ပြောကောင်းပြောမည်မှာ၊ ထိုလူသည် မိမိ​ဝမ်းနည်း​ပူဆွေးမှုကို မိမိကိုယ်တိုင်​အားဖြင့် ဖြစ်စေလေ၏။ ထို့ကြောင့်၊ ငါ့လက်ကို ရုပ်သိမ်း၍၊ ငါ၏​စားစရာ​အချို့ကို သူ့အား မပေး၊ သူ​ဒုက္ခဝေဒနာ​မခံစားရစေရန်၊ ငါ့ဥစ္စာ​အချို့ကို မျှ၍လည်း ပေးလိမ့်မည်​မဟုတ်၊ အကြောင်းမူကား၊ သူ၏​အပြစ်ဒဏ်များသည် တရားမျှတ၏—

၁၈ သို့ရာတွင်၊ ငါဆိုသည်ကား၊ အို အချင်းလူ၊ ဤသို့​ပြုသူ​မှန်သမျှတို့သည် နောင်တရရန် ကြီးစွာသော​အကြောင်း ရှိ၏။ သူသည် ပြုလေသည့်​အရာမှ နောင်တမရလျှင်၊ ကာလ​အစဉ်အဆက် ပျက်စီး၍၊ ဘုရားသခင်၏​နိုင်ငံတော်၌ နေရာမရှိ။

၁၉ အကြောင်းမူကား၊ ရှုလော့၊ ငါတို့​အားလုံးသည် သူတောင်းစားများ မဟုတ်ကြလေသလော။ ငါတို့​အားလုံးသည် ငါတို့မှာ​ရှိသည့် ခပ်သိမ်းသော ဥစ္စာများ​အတွက်​သော်လည်းကောင်း၊ စားစရာနှင့် အဝတ် နှစ်ခုစလုံး​အတွက်​သော်လည်းကောင်း၊ ရွှေအတွက်​သော်လည်းကောင်း၊ ငွေ​အတွက်​သော်လည်းကောင်း၊ ငါတို့မှာ​ရှိသည့် အမျိုးမျိုးသော စည်းစိမ်​ဥစ္စာများ​အတွက်​သော်လည်းကောင်း တစ်ပါးတည်းသော ကိုယ်တော်၊ အကယ်စင်စစ်၊ ဘုရားသခင်ကို အားကိုးရ​ကြလေသည် မဟုတ်လော။

၂၀ ရှုဦးလော့၊ ဤအချိန်၌ပင်၊ သင်တို့သည် သူ၏​နာမတော်အား ပဌနာပြုလျက်၊ သင်တို့၏​အပြစ်များမှ​လွှတ်ခြင်းကို တောင်းခံ​နေကြ၏။ သူသည်လည်း သင်တို့​တောင်းခံသည်ကို အချည်းနှီး​ဖြစ်စေခြင်းငှာ အခွင့်ပေး​တော်မူသလော။ မဟုတ်ပေ။ သူ၏​ဝိညာဉ်တော်ကို သင်တို့​အပေါ်​သွန်းလောင်း၍၊ သင်တို့​စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့်​ပြည့်စုံစေပြီး၊ သင်တို့၏​နှုတ်ကိုပိတ်စေ​သဖြင့် စကား​မပြောနိုင်ကြဘဲ၊ သင်တို့၏​ဝမ်းမြောက်ခြင်းမှာ၊ အလွန်ကြီး၏။

၂၁ ယခုမူကား၊ သင်တို့ကို ဖန်ဆင်း​တော်မူလေသော​သူ၊ သင်တို့၏ အသက်အတွက်​သော်လည်းကောင်း၊ သင်တို့နှင့် သင်တို့မှာ​ရှိသမျှသော အရာခပ်သိမ်းတို့​အတွက် သော်လည်းကောင်း အားကိုး​ရလေသည့်​သူတည်းဟူသော ဘုရားသခင်သည် သင်တို့​ရရှိလိမ့်မည်​ဟု ယုံကြည်လျက်၊ ယုံကြည်ခြင်းဖြင့် တောင်းသမျှ​ဖြောင့်မှန်သည့်​အရာကို ပေးတော်မူ​လေလျှင်၊ အို ထိုသို့​ဆိုလျှင်၊ သင်တို့၌​ရှိသည့် ဥစ္စာများကို တစ်ယောက်ကို​တစ်ယောက် မျှ၍​ပေးသင့်​ပေစွတကား။

၂၂ ပျက်စီးခြင်း​မရှိစေခြင်းငှာ၊ သင်တို့၏​ဥစ္စာကို အသနားခံသည့်​သူကို သင်တို့ တရားစီရင်၍၊ အပြစ်တင်ကြလျှင်၊ သင်တို့​မပိုင်၊ သင်တို့၏ ဘဝကို​ပိုင်သည့်သူတည်းဟူသော ဘုရားသခင်သာ​ပိုင်သည့် သင်တို့၏​ဥစ္စာကို မပေးဘဲ​ဆိုင်းငံ့​ထားခြင်း​အတွက်၊ သင်တို့ကို ပြစ်ဒဏ်​ချမှတ်ခြင်းသည်ကား၊ ပို၍​ပင်တရားမျှ​တပေလိမ့်မည်တကား။ သို့သော်လည်း၊ သင်တို့သည် အသနားခံခြင်း​မရှိကြ။ ပြုထားလေသော​အရာမှလည်း နောင်တမရကြ။

၂၃ ငါဆိုသည်ကား၊ ထိုသူသည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သူ၏​ဥစ္စာသည် သူနှင့်​အတူ ပျက်စီး​လိမ့်မည်။ ယခုမူကား၊ ဤလောကနှင့်​စပ်ဆိုင်သည့် အရာတို့၌ ကြွယ်ဝသော​သူတို့အား ဤအရာတို့ကို ငါပြော၏။

၂၄ ထိုမှတစ်ဖန်၊ ငါသည် ဆင်းရဲ​သားတို့ကို ဆိုသည်မှာ၊ မရှိသော်လည်း လုံလောက်၍ နေ့တိုင်း​မပြတ် အသက်ရှင်​ကျန်ရစ်သော အသင်တို့၊ ငါဆိုလိုသည်ကား၊ သင်တို့မှာ မရှိသောကြောင့် သူတောင်းစားကို​ပေးရန် ငြင်းဆိုသော​သင်တို့၊ ငါသည် မရှိသော​ကြောင့်မပေး၊ သို့ရာတွင် ငါ့မှာ​ရှိလေလျှင်၊ ပေးပေလိမ့်မည်ဟု သင်တို့၏​စိတ်နှလုံး၌ စဉ်းစားကြစေရန် ငါအလိုရှိ၏။

၂၅ ယခုမူကား၊ သင်တို့သည် စိတ်နှလုံး၌ ဤသို့​စဉ်းစားကြလျှင်၊ ဆက်၍​အပြစ်​ကင်း၏။ သို့မဟုတ်လျှင်၊ သင်တို့သည် ပြစ်ဒဏ်ချ​မှတ်ခံရ၍၊ ပြစ်ဒဏ်​သည်ကား၊ မရရှိလေသည့်​အရာကို တပ်မက်သော စိတ်ရှိသော​ကြောင့်​သာဖြစ်၏။

၂၆ ယခုမူကား၊ သင်တို့ကို ငါပြောလေပြီးသည့်​အရာများကြောင့်—ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်ရှေ့ ၌ အပြစ်​ကင်းစွာ​လျှောက်​လှမ်းနိုင်ကြစေခြင်းငှာ၊ သင်တို့၏​အပြစ်များမှ​လွှတ်ခြင်းကို နေ့တိုင်း​မပြတ် ထိန်းသိမ်းထားစေခြင်း​အတွက်—လူအသီးသီးတို့သည် မိမိတို့မှာ​ရှိသည့်​အတိုင်း၊ မွတ်သိပ်သူတို့ကို ကျွေးမွေးခြင်း၊ အဝတ်မရှိသော​သူတို့အား အဝတ်ပေးခြင်း၊ ဖျားနာသော​သူတို့အား အကြည့်​အရှုသွား၍၊ လိုအပ်ချက်​ရှိသည်အတိုင်း၊ ဝိညာဉ်ပကတိနှင့် ဇာတိပကတိ​နှစ်ခုစလုံးတို့၌ အကူအမ ပေးခြင်း စသည်ဖြင့်၊ သင်တို့၏​ဥစ္စာများကို ဆင်းရဲသားတို့အား မျှ၍​ပေးရမည်ကို ငါအလို​ရှိ၏။

၂၇ ထို့အတူ၊ ဤအရာခပ်သိမ်းတို့ကို ဉာဏ်ပညာနှင့် အစီ​အစဉ်​တကျပြုရမည့်​အကြောင်း သတိပြုလော့။ အကြောင်းမူကား၊ လူသည် ခွန်အားရှိသည်ထက် ပို၍​လျှင်မြန်စွာ​ပြေးရန် မရှိမဖြစ်မလိုအပ်။ ထိုမှတစ်ဖန်၊ လုံ့လဝီရိယ​ရှိရမည်မှာ၊ မဖြစ်​မနေလို​အပ်၏။ ထိုသို့ပြုခြင်း​အားဖြင့်၊ ဆုကို ရနိုင်၏။ ထို့ကြောင့်၊ ခပ်သိမ်းသော​အရာတို့ကို အစီအစဉ်​တကျ​ပြုရပေမည်။

၂၈ သင်တို့၌ ကိုယ်နှင့်စပ်ဆိုင်သောသူထံမှ ချေးငှား​ယူသူ​မှန်သမျှသည် ချေးငှားယူသည့်​အရာကို သဘောတူ​ထားသည့်​အတိုင်း ပြန်ပေးရမည့်​အကြောင်း သင်တို့​သတိရ​ကြစေရန် ငါအလို​ရှိ၏။ သို့မဟုတ်လျှင်၊ သင်သည် အပြစ်​ကျူးလွန်၏။ ကိုယ်နှင့်စပ်ဆိုင်သောသူ​ကိုလည်း အပြစ်ကို ကျူးလွန်​ကောင်းကျူး​လွန်စေ​လိမ့်မည်။

၂၉ နောက်ဆုံး​အနေဖြင့်၊ သင်တို့​အပြစ်​ကျူးလွန်နိုင်သည့် ခပ်သိမ်းသော​အရာတို့ကို ငါမပြောပြနိုင်။ အကြောင်းမူကား၊ အထူးထူး​အပြားပြားသော​လမ်းများနှင့် နည်းလမ်းများ​ရှိ၏။ ထိုကဲ့သို့ပင်၊ အလွန်များ​သဖြင့် ၎င်းတို့ကို ငါမ​ရေတွက်နိုင်​။

၃၀ သို့ရာတွင်၊ ဤမျှအထိ သင်တို့ကို ငါပြော​ပြနိုင်သည်မှာ၊ သင်တို့သည် သင်တို့၏​ကိုယ်၊ ထို့အတူ သင်တို့၏​အတွေးများ၊ ထို့အတူ သင်တို့၏​စကားများ၊ သင်တို့၏​အကျင့်များကို သတိမပြုကြ၊ ဘုရားသခင်၏​ပညတ်တော်များ​ကိုလည်း မကျင့်စောင့်ကြဘဲ၊ သင်တို့​ကြားနာပြီး​လေသည့် ငါတို့၏​ကိုယ်တော်ရှင်​ကြွလာတော်မူခြင်း​အကြောင်းကို ဘဝ​အဆုံး​တိုင်အောင်ပင် ဆက်၍​မယုံကြည်ကြလျှင်၊ ပျက်စီး​ရပေမည်။ ယခုမူကား၊ အို အချင်းလူ၊ သတိရလော့။ ပျက်စီးခြင်း​မရှိစေနှင့်။