ကျမ်းစာများ
မောဇိယ ၇


အခန်းကြီး ၇

အမ္မုန်သည် လင်မဟိမင်းပြုရာ လေဟိ-နီဖိုင်းပြည်ကို တွေ့ရှိ၏—လင်မဟိ၏​လူမျိုးတို့သည် လာမန်​အမျိုးသားတို့၏​ကျွန်ပြုရာ၌ ရှိကြ၏—လင်မဟိသည် သူတို့၏​သမိုင်းကြောင်းကို ပြန်လည်​ပြောပြ၏—ခရစ်တော်သည် ဘုရားသခင်နှင့် အရာခပ်သိမ်းတို့၏ အဘ ဖြစ်တော်မူကြောင်းကို ပရောဖက်​တစ်ပါး၊ (အဘိနဒိ) က သက်သေခံ၏—အညစ်​အကြေးကို စိုက်သော​သူများသည် လေပွေကို​ရိတ်သိမ်းကြ၏၊ ကိုယ်တော်ရှင်ကို ကိုးစားသော​သူတို့သည် ကယ်လွှတ်​တော်မူခြင်းကို ခံရလိမ့်မည်။ ဘီစီ ၁၂၁ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ မောဇိယ​မင်းကြီးသည် သုံးနှစ်​ကြာအောင် အဆက်​မပြတ်​ငြိမ်းချမ်းခြင်းကို ရရှိလေပြီးနောက်၊ လေဟိ-နီဖိုင်းပြည် သို့မဟုတ်၊ လေဟိ-နီဖိုင်းမြို့၌ နေခြင်းငှာ ထွက်သွားကြသော​လူမျိုးတို့​အကြောင်းကို သိလိုလေ၏။ အကြောင်းမူကား၊ ဇရဟင်မလပြည်ကို ထိုသူတို့​စွန့်ခွာသည့်​အချိန်မှ​စ၍၊ ထိုသူတို့​ထံမှ အဘယ်​အရာကိုမျှ သူ၏​လူမျိုးတို့​မကြားရ။ ထို့ကြောင့်၊ သူ၏​လူမျိုးတို့သည် နှောင့်ယှက်ခြင်းများဖြင့် သူ့ကို ငြီးငွေ့စေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောဇိယ​မင်းကြီးသည် မိမိတို့၏​သန်မြန်​သူများထဲမှ တစ်ဆယ်​ခြောက်ယောက်ကို သူတို့​ညီအစ်ကိုတို့​အကြောင်းကို စုံစမ်းစေခြင်းငှာ လေဟိ-နီဖိုင်းပြည်သို့ တက်သွားခွင့်​ပေး၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် နက်ဖြန်နေ့၌ သွားရန်​အစပြုလျက်၊ အမ္မုန်ဟု​ခေါ်သည့် သန်မာပြီး​အားကြီးသူ၊ ဇရဟင်မလ၏​အမျိုး​အနွယ်ဖြစ်သူ​တစ်ဦးလည်း အတူ​ရှိ၏။ ထိုသူသည် သူတို့၏​အကြီး​အကဲလည်း​ဖြစ်၏။

ယခုမူကား၊ သူတို့သည် တောရိုင်းထဲ၌ လေဟိ-နီဖိုင်းပြည်သို့ တက်သွားသည့် လမ်းကြောင်းကို သိခြင်း​မရှိကြ။ ထို့ကြောင့်၊ သူတို့သည် တောရိုင်းထဲ၌ ရက်ပေါင်းများစွာ အရပ်ရပ်သို့​လည်ခဲ့ကြ၏၊ ရက်​လေးဆယ်​ကြာအောင်ပင် အရပ်ရပ်သို့​လည်ခဲ့ကြ၏။

သူတို့သည် ရက်​လေးဆယ်​ကြာအောင် အရပ်ရပ်သို့ လည်ခဲ့ကြ လေ​ပြီးနောက်၊ ရှိလုမ်​ပြည်၏​မြောက်​အရပ်၌​ရှိသည့် တောင်ကုန်းသို့ ရောက်၍၊ ထိုနေရာ၌ သူတို့၏​တဲများကို ဆောက်ကြ၏။

အမ္မုန်သည်လည်း မိမိ​ညီအစ်ကို​သုံးယောက်ကို ခေါ်ယူခဲ့၏။ သူတို့​အမည်များမှာ၊ အာမလေခိ၊ ဟေလင်နှင့် ဟေမတို့ဖြစ်၏။ သူတို့သည်လည်း နီဖိုင်းပြည်​ထဲသို့ ဆင်းသွားကြ၏။

ရှုဦးလော့၊ သူတို့သည် နီဖိုင်းပြည်နှင့် ရှိလုမ်ပြည်၌​ရှိကြသော လူမျိုးတို့၏​ရှင်ဘုရင်ကို တွေ့ကြ၏။ သူတို့သည် ရှင်ဘုရင်၏​ကိုယ်ရံတော်များ​အားဖြင့် ဝိုင်းရံ​ဆောင်ယူ​သွားခံရ၏၊ ချည်နှောင်၍၊ ထောင်ထဲ၌​လှောင်ထားသည်ကိုလည်း ခံရကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထောင်ထဲ၌ နှစ်ရက်​ကြာပြီးနောက်၊ သူတို့ကို ရှင်ဘုရင်၏​ရှေ့သို့ ဆောင်ခဲ့ကြ၏။ ကြိုးများ​ပြေ၍၊ သူတို့သည်လည်း ရှင်ဘုရင်ရှေ့ ၌ ရပ်၍၊ သူတို့ကို မေးမည့် မေးခွန်းများကို ဖြေရန် အခွင့်ရကြ၏။ အမှန်စင်စစ်၊ အမိန့်ပေးသည်ကို ခံရကြ၏။

သူတို့ကို​ဆိုလေသည်ကား၊ ရှုလော့၊ ငါလင်မဟိသည် လူမျိုးတို့၏​မဲဆန္ဒဖြင့် ခန့်အပ်ထားသော၊ သူတို့​ဘိုးဘေးတို့၏​ပြည်ဖြစ်သည့် ဤပြည်ကို အမွေခံခြင်းငှာ ဇရဟင်မလပြည်မှ ထွက်လာခဲ့သော ဇေနိဖ်၏​သားဖြစ်သူ၊ နောဧ၏​သား ဖြစ်၏။

၁၀ ယခုမူကား၊ ငါကိုယ်တိုင်သည် ကိုယ်ရံ​တော်များနှင့် မြို့အပြင်၌ ရှိစဉ်တွင်၊ မြို့တံတိုင်းအနီးသို့ သင်တို့​ရဲရင့်စွာ​လာကြလေသည့်၊ ငါသိလိုသော အကြောင်းရင်းကား၊ အဘယ်နည်း။

၁၁ ယခုမူကား၊ ဤအကြောင်းကြောင့်၊ သင်တို့ကို ကာကွယ်​စောင့်မရန် ငါအခွင့်​ပေးသည်မှာ သင်တို့ကို သိရှိရန်​စုံစမ်းနိုင်ခြင်းငှာ​ဖြစ်၏။ ထိုသို့​မဟုတ်လျှင်၊ ငါသည် သင်တို့ကို ငါ၏​ကိုယ်ရံတော်များ​အားဖြင့် သတ်စေလိမ့်မည်။ သင်တို့စကားပြောရန် အခွင့်ရကြပေပြီ။

၁၂ ယခုမူကား၊ အမ္မုန်သည် စကားပြောရန် အခွင့်ရသည်ကို သိမြင်သော​အခါ၊ သွား၍၊ ရှင်ဘုရင်ရှေ့ ၌ ဦးညွှတ်၏၊ တစ်ဖန်​မော့၍၊ လျှောက်​ထားသည်ကား၊ အို မင်းကြီး၊ အကျွန်ုပ်သည် အသက်​ရှင်နေသေးလျက်​ရှိပြီး၊ လျှောက်ထားရန် အခွင့်​ရသဖြင့်၊ ဤနေ့တွင် ဘုရားသခင်ရှေ့ ၌ ကျေးဇူးတော်ကို အလွန် ချီးမွမ်းပါ၏။ အကျွန်ုပ်သည် ရဲရင့်စွာ လျှောက်ထားရန်​ကိုလည်း ကြိုးစား​အားထုတ်​ပါမည်။

၁၃ အကြောင်းမူကား၊ အသင်သည် အကျွန်ုပ်ကို သိလေခဲ့လျှင်၊ အကျွန်ုပ်ကို ဤကြိုးများဖြင့်​ချည်လျက်ရှိရန် အခွင့်​ပေးမည်​မဟုတ်ကြောင်း အကျွန်ုပ်​စိတ်ချပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်​အမ္မုန်၊ ဇရဟင်မလ၏​အမျိုးအနွယ်သည် ဇရဟင်မလပြည်မှ ထွက်လာခဲ့​လေသည်မှာ၊ ဇေနိဖ်​ထိုပြည်မှ ခေါ်ဆောင်ခဲ့​လေသည့် အကျွန်ုပ်၏​ညီအစ်ကိုတို့​အကြောင်းကို စုံစမ်းခြင်းငှာ ဖြစ်ပါ၏။

၁၄ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ လင်မဟိသည် အမ္မုန်၏​စကားများကို ကြားပြီးနောက်၊ အလွန်ဝမ်းသာ၍ ဆိုလေသည်ကား၊ ဇရဟင်မလပြည်၌ ရှိလေသော ငါ၏​ညီအစ်ကိုတို့​အသက်ရှင်လျက်​ရှိကြသေးကြောင်း၊ ယခုတွင် ငါဧကန်အမှန်သိ၏။ ယခုမူကား၊ ငါသည် ရွှင်လန်း​ဝမ်းမြောက်မည်။ နက်ဖြန်နေ့တွင်၊ ငါ၏​လူမျိုးတို့ကိုလည်း ရွှင်လန်း​ဝမ်းမြောက်စေမည်။

၁၅ အကြောင်းမူကား၊ ရှုလော့၊ ငါတို့သည် လာမန်အမျိုးသားတို့၏ ကျွန်ပြုခြင်း၌ ရှိကြ၍၊ ထမ်းဆောင်ရန်​လေးလံသည့် အခွန်များကို ထမ်းဆောင်ရကြ၏။ ယခုမူကား၊ ရှုလော့၊ ငါတို့၏​ညီအစ်ကိုတို့သည် ငါတို့ကို၊ ကျွန်ပြုခံရခြင်းမှ၊ သို့မဟုတ်၊ ငါတို့​ရန်သူများ၏​လက်မှ ကယ်လွှတ်ကြမည်​ဖြစ်၍၊ ငါတို့သည် သူတို့၏​ကျွန်များ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့သည် နီဖိုင်း​အမျိုးသားတို့၏​ကျွန်များ ဖြစ်ရခြင်းမှာ၊ လာမန်​အမျိုးသားတို့၏​ရှင်ဘုရင်ကို အခွန်ပေး​ရခြင်းထက် သာ၍​ကောင်းမြတ်ပေ၏။

၁၆ ယခုမူကား၊ လင်မဟိမင်းကြီးသည် သူ၏​ကိုယ်ရံ​တော်များကို အမ္မုန်နှင့် သူ၏​ညီအစ်ကိုတို့အား မချည်နှောင်​စေတော့၊ ရှိလုမ်ပြည်၏ မြောက်အရပ်​ရှိတောင်​ကုန်သို့သာ သွားစေ၍၊ သူတို့၏​ညီအစ်ကိုများကို မြို့တွင်းသို့ ခေါ်ဆောင်ခဲ့​စေ၏၊ ထိုသို့အားဖြင့် စားနိုင်​သောက်နိုင်၍၊ သူတို့၏ ခရီးသွားခြင်း အလုပ်များမှ သူတို့ကိုယ်ကို နားစေကြ၏။ အကြောင်းမူကား၊ သူတို့သည် များစွာသော​အရာတို့ကို ခံစားရကြလေပြီ။ အစာ​ငတ်မွတ်ခြင်း၊ ရေငတ်ခြင်းနှင့် ပင်ပန်းခြင်းကို ခံစား​ရကြလေပြီ။

၁၇ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ နက်ဖြန်နေ့တွင်၊ လင်မဟိ​မင်းကြီးသည် မိမိလူမျိုး​ခပ်သိမ်းတို့၌ ကြေညာခြင်းကို​ပြု၍၊ ထိုသို့ပြုခြင်း​အားဖြင့်၊ သူတို့ကို ဟောပြောမည့် စကားများကို ကြားနာနိုင်ကြစေခြင်းငှာ ဗိမာန်တော်သို့ သူတို့ကိုယ်​သူတို့ အတူတကွ စုဝေးစေ၏။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​ကိုယ်သူတို့ အတူတကွ​စုဝေးကြလျှင်၊ သူက ဤသို့ဆို၏၊ အိုအသင်၊ ငါ၏​လူမျိုးတို့၊ သင်တို့၏​ဦးခေါင်းကို​မော့၍၊ သက်သာခြင်း​ရှိကြလော့။ အကြောင်းမူကား၊ ရှုလော့၊ အချည်းနှီး​သက်သက်​ဖြစ်လေသည့် ငါတို့၏​ရုန်းကန်ခြင်းများစွာ ရှိသော်​ငြားလည်း၊ ငါတို့​ရန်သူများ၏​ဩဇာခံ​မဟုတ်​တော့မည့်​အချိန်သည် နီးကပ်လာပေပြီ၊ သို့မဟုတ် အလွန်​မဝေးတော့။ သို့သော်လည်း၊ ထိရောက်သော​ရုန်းကန်ခြင်းကို ပြုရန်ရှိသေးကြောင်း၊ ငါ​ယုံကြည်၏။

၁၉ ထို့ကြောင့်၊ သင်တို့၏​ဦးခေါင်းကို​မော့ကြလော့၊ ထို့အတူ ရွှင်လန်း​ဝမ်းမြောက်ကြလော့၊ ဘုရားသခင်ကို၊ အာဗြဟံ၏​ဘုရားသခင်၊ ဣဇာက်၏​ဘုရားသခင်၊ ယာကုပ်၏​ဘုရားသခင်​ဖြစ်သော ထိုဘုရားသခင်ကို၊ ထို့အတူ၊ ဣသရေလ​အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့လေ၍၊ ဧဒုံပင်လယ်ကို ဖြတ်ရာ၌၊ ခြောက်သွေ့သော​မြေပါ်မှာ လျှေက်စေခဲ့ပြီး၊ တောရိုင်းထဲ၌ မပျက်စီးနိုင်ကြ စေကြောင်း၊ မန္နဖြင့် ကျွေးမွေး၍၊ သူတို့​အတွက် ပို၍​များစွာသော​အရာတို့ကို ပြုတော်မူခဲ့​လေသည့် ထိုဘုရားသခင်ကို သင်တို့​ကိုးစားကြလော့။

၂၀ ထိုမှတစ်ဖန်၊ ထိုမပြောင်းမလဲသောဘုရားသခင်သည် ငါတို့​ဘိုးဘေးတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်တော်မူလေပြီး၊ သူ၏​လူမျိုးတို့ကို ယခု​တိုင်အောင် ထိန်းသိမ်း၍ ကာကွယ်​စောင့်မတော်မူလေ၏။ ရှုဦးလော့၊ ငါတို့၏​ဒုစရိုက်များနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကြောင့်၊ သူသည် ငါတို့ကို ကျွန်ပြု​ခြင်းသို့ ဆောင်ယူလေ၏။

၂၁ ဤနေ့တွင်၊ သင်တို့​အားလုံး အသိ​သက်သေများ​ဖြစ်ကြသည်မှာ၊ ဇေနိဖ်သည် ဘိုးဘေးတို့၏​ပြည်ကို အမွေခံရန် အလွန်​အမင်း​စိတ်အား​ကြီးသော​ကြောင့်၊ ဤလူမျိုးတို့​အပေါ်​အုပ်စိုးသည့် ရှင်ဘုရင်​အဖြစ် ပြုလေသည့်​အကြောင်း​ပင်တည်း။ ထို့ကြောင့်၊ ဇေနိဖ်မင်းကြီးနှင့် သဘောတူ၍၊ ထိုပြည်၏​တစ်စိတ်​တစ်ပိုင်း သို့မဟုတ် လေဟိ-နီဖိုင်းမြို့ကိုပင် ပေးအပ်၍၊ ရှိလုမ်မြို့နှင့် ပတ်ဝန်းကျင်​ရှိ ပြည်ကို ပေးသည့် လာမန်​မင်းကြီး၏​စဉ်းလဲခြင်းနှင့်၊ ပရိယာယ်တို့၏​လှည့်စားခြင်းကို ခံရလေ၏—

၂၂ ဤအရာ​ခပ်သိမ်းတို့ကို သူပြုသည်ကား၊ ဤလူမျိုးတို့ကို ဩဇာခံဖြစ်ခြင်း၊ သို့မဟုတ်၊ ကျွန်ပြုခြင်းထဲသို့ ဆောင်ယူခြင်းဟူသည့် တစ်ခုတည်းသော အကြံအစည်​အတွက်​ဖြစ်၏။ ရှုဦးလော့၊ ဤအချိန်တွင်၊ ငါတို့သည် လာမန်​အမျိုးသားတို့၏​ရှင်ဘုရင်အား၊ ငါတို့၏​ပြောင်းဖူး၊ ငါတို့၏​မုယော၊ ငါတို့၏​အမျိုးမျိုးသော စပါးတို့၏ပမာဏတစ်ဝက်ကို​လည်းကောင်း၊ ငါတို့၏​သိုးစုနှင့် ငါတို့၏​နွားစုတို့၏​တိုးပွားခြင်း​မှတစ်ဝက်ကို​လည်းကောင်း၊ အခွန်ပေး​ဆက်ရကြ၏။ ထို့အတူ၊ ငါတို့မှာ​ရှိသည့် သို့မဟုတ် ပိုင်ဆိုင်သည့်​အရာခပ်သိမ်းတို့၏ တစ်ဝက်ကို​ပင်သော်လည်းကောင်း၊ ငါတို့၏​အသက်​တာများကို​သော်လည်းကောင်း လာမန်​အမျိုးသားတို့၏ ရှင်ဘုရင်က တောင်းဆို၏။

၂၃ ယခုမူကား၊ ဤအရာသည် ထမ်းရန် မလေးလံသလော။ ငါတို့၏​ဤဆင်းရဲ​ဒုက္ခသည် မကြီးလေ​သလော။ ယခုတွင်၊ ရှုလော့၊ ငါတို့​ငိုကြွေး​မြည်တမ်းစရာ​အကြောင်းမှာ ကြီးပေစွ​တကား။

၂၄ ထိုမှတစ်ပါး၊ သင်တို့ကို ငါဆိုသည်ကား၊ ကြီးလှသည်မှာ ငါတို့မှာ​ရှိသည့် ငိုကြွေး​မြည်တမ်းစရာ​အကြောင်းများဖြစ်၏။ အကြောင်းမူကား၊ ရှုလော့၊ ငါတို့​ညီအစ်ကိုများစွာတို့သည် ကွပ်မျက်ခံရ၍၊ သူတို့၏​အသွေးကို အချည်းနှီး​သွန်ရကြလေပြီ။ အားလုံး​သည်လည်း ဒုစရိုက်ကြောင့်​ဖြစ်လေ၏။

၂၅ အကြောင်းမူကား၊ ဤလူမျိုးတို့သည် လွန်ကျူးခြင်း​ထဲသို့ မလဲကျလျှင်၊ ဤကြီးစွာသော မကောင်းမှု၊ သူတို့​အပေါ်​ကျရောက်သည်ကို ကိုယ်တော်ရှင်​အခွင့်​ပေးတော်မူ​ခဲ့လိမ့်မည်​မဟုတ်။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် သူ၏​နှုတ်ကပတ်တော်တို့ကို စေ့စေ့နားမထောင်လိုကြ။ သူတို့၌ ရန်တွေ့ခြင်းများသာ ဖြစ်ပေါ်လာ​လေသည်မှာ အချင်းချင်း များစွာ​အသွေး​သွန်းလောင်း​ကြသည်​အထိပင်တည်း။

၂၆ သူတို့သည် ကိုယ်တော်ရှင်၏​ပရောဖက်တစ်ပါးကို၊ အထူးသဖြင့်၊ သူတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို သူတို့အား ပြောပြပြီး၊ ဖြစ်လာမည့်​များစွာသော​အရာများ​အကြောင်း၊ အထူးသဖြင့်၊ ခရစ်တော်​ကြွလာတော်မူခြင်း အကြောင်းကိုပင် ပရောဖက်ပြု၍​ဟောသည့် ဘုရားသခင်​ရွေးကောက်​ထားတော်မူသော​လူကို ကွပ်မျက်ကြ​လေပြီ။

၂၇ ခရစ်တော်သည် ဘုရားသခင်၊ အရာ​ခပ်သိမ်းတို့၏​အဘ​ဖြစ်သည်​ဟုလည်း သူတို့ကို​ဆိုသောကြောင့်​လည်းကောင်း၊ သူ့အပေါ်၌ လူသား၏​ပုံသဏ္ဌာန်ကို​ခံယူ၍၊ ရှေးဦးစွာက လူသားကို ဖန်ဆင်းတော်မူခဲ့သည့်​ပုံသဏ္ဌာန်​အတိုင်း​ဖြစ်လိမ့်မည်ဟု ဆိုသောကြောင့်​လည်းကောင်း၊ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ လူသားကို ဘုရားသခင်၏​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်းထား​တော်မူ၍၊ ဘုရားသခင်သည် လူသားတို့၌ ဆင်းလာတော်မူပြီး၊ သူ့အပေါ်၌ အသားနှင့် အသွေးကို ခံယူ၍၊ မြေကြီး​မျက်နှာပြင်ပေါ်၌ သွားတော်မူ​လိမ့်မည်ဟု သူဆိုသောကြောင့်​လည်းကောင်း—

၂၈ ယခုမူကား၊ ဤသို့​ဆိုသောကြောင့် သူတို့က​အသေသတ်ကြ၏။ ထို့အတူ၊ ဘုရားသခင်၏​အမျက်တော်ကို သူတို့​အပေါ်ကျ​ရောက်စေသည့် နောက်ထပ်များစွာသော​အရာတို့ကို သူတို့​ပြုကြ၏။ ထို့ကြောင့်၊ ကျွန်ခံရာ၌ သူတို့​ရှိကြသည်ကို​လည်းကောင်း၊ သူတို့ကို ပြင်းထန်သော​ဆင်းရဲ​ဒုက္ခများနှင့် ဒဏ်ခတ်သည်ကို​လည်းကောင်း အဘယ်သူ အံ့ဩသနည်း။

၂၉ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ ငါ၏​လူမျိုးတို့ကို သူတို့​လွန်ကျူးခြင်း​ကာလ၌ ငါမစမည်​မဟုတ်။ သို့ရာတွင်၊ သူတို့​အောင်မြင်ခြင်း​မရှိစေခြင်းငှာ၊ သူတို့၏​လမ်းများကို ဆီးကာမည်။ သူတို့၏​အကျင့်များ​သည်လည်း သူတို့ရှေ့ ၌ ထိမိ၍လဲစရာတုံး​အဖြစ် ရှိလိမ့်မည်။

၃၀ ထိုမှတစ်ဖန်၊ မိန့်တော်မူ​သည်ကား၊ ငါ၏​လူမျိုးတို့သည် အညစ်အကြေးကို စိုက်လျှင်၊ လေပွေထဲ၌ အဖျင်းကို ရိတ်သိမ်း​ရကြမည်။ အကျိုးရ​လဒ်ကား၊ အဆိပ်​ဖြစ်၏။

၃၁ ထိုမှတစ်ဖန်၊ မိန့်တော်မူသည်ကား၊ ငါ၏​လူမျိုးတို့သည် အညစ်​အကြေးကို စိုက်လျှင်၊ ချက်ချင်း​ဖြစ်သော​ဖျက်ဆီးခြင်းကို ဆောင်လာသည့် အရှေ့လေကို ရိတ်သိမ်း​ရလိမ့်မည်။

၃၂ ယခုမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်၏​ကတိတော်ကို ပြီးပြည့်စုံ​စေပြီ။ သင်တို့​သည်လည်း ဒဏ်ခတ်​ခံရ၍၊ ဒုက္ခ​ရောက်ကြ၏။

၃၃ သို့ရာတွင်၊ သင်တို့သည် စိတ်နှလုံးမှ အကြွင်းမဲ့​ဆက်ကပ်ခြင်းဖြင့် ကိုယ်တော်ရှင်ထံသို့ ပြန်လာကြပြီး၊ သူ့ကို ကိုးစား၍၊ လုံ့လဝီရိယ​စိတ်ရှိသမျှနှင့် အစေခံကြလျှင်၊ ဤအမှုကို​ပြုကြလျှင်၊ သင်တို့ကို ကျွန်ခံရာမှ သူ၏​စိတ်အလိုဆန္ဒ​အတိုင်း ကယ်လွှတ်​တော်မူလိမ့်မည်။